ကောင်းကင်ယံမှ ဆင်းသက်လာသော လက်ဝါးသိုင်း
Vol. 13 Ch. 136
"မင်းက ဒီကိစ္စကို ဝင်ပါချင်တယ်ပေါ့..."
ယန်တယ်ချွမ်က ချန်ဖေးကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။ သူ၏ စကားသံအဆုံးတွင် ပတ်ဝန်းကျင် အပူချိန်မှာ ရုတ်ခြည်း အေးခဲသွားသယောင် ရှိ၏။
"ပျက်စီးစမ်း..."
ချန်ဖေးက ဟိန်းဟောက်လိုက်ရာ သူ့ပတ်ဝန်းကျင်၌ စုစည်းနေသော လေထုမှာ ရုတ်ခြည်း ကွဲအက်သွားသည်။
ပြန်ကြည့်လိုက်သောအခါ အပူချိန် ကျဆင်းခြင်း မရှိပေ။
ယခုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ စိတ်ယောင်ထင်မှား ဖြစ်မှုများသာ ဖြစ်သည်။
ယန်တယ်ချွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ဤသို့ လူတစ်ယောက်ကို အသံတိတ် လှည့်စားခြင်းမှာ သူတို့ မိစ္ဆာခုခံခြင်း မျိုးဆက်၏ အထွတ်အထိပ် ပညာရပ်တစ်ခု ဖြစ်သည်။ ချန်ဖေးက အစီအရင် အသက်မဝင်ခင်မှာပင် ချိုးဖျက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
"မင်းက ဒီလောက်တောင် ဝင်ပါချင်နေမှတော့ သေလိုက်တော့..."
ယန်တယ်ချွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့နောက်ကျောဘက်တွင် တစ္ဆေလက်ဝါး ရာပေါင်းများစွာ ပေါ်ထွက်လာ၏။
ယန်တယ်ချွမ်က ညာလက်ဖြင့် ရှေ့သို့ ညွှန်လိုက်သည်နှင့် တစ္ဆေလက်ဝါးများ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်တွင် ထိုလက်ဝါးများက ချန်ဖေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ဖြစ်နေ၏။
ချန်ဖေး၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။ စစ်ယွမ်ဟိုင်သည်လည်း ယခင်က ဤတိုက်ကွက်ကို သုံးဖူးသည်။ ထိုစဉ်က သူသည် ရှီရွှဲ့ချင်ကို ဖမ်းချုပ်ရန် ဤနည်းလမ်းကို သုံးခဲ့ပြီး ချန်ဖေး တိုက်ခိုက်ရန် အခွင့်အရေး ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ယခု ကိုယ်တိုင် ကြုံတွေ့လိုက်ရသောအခါ ပတ်ဝန်းကျင်မှ အေးစက်သော အရှိန်အဝါက ဝိညာဉ်ကိုပါ ခဲသွားစေနိုင်ကြောင်း ခံစားလိုက်ရသည်။
ယခင် လှည့်စားမှုများနှင့် မတူဘဲ ဤတစ်ကြိမ် အေးစက်မှုမှာ အစစ်အမှန် ဖြစ်သည်။ ချန်ဖေးသည် သူ့သွေးများ ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အရေပြား၊ အသား၊ အရိုးနှင့် ကြွက်သားများအကြား ချိတ်ဆက်မှုများမှာ တောင့်တင်းလာ၏။
အကယ်၍ မတားဆီးနိုင်လျှင် ရှီရွှဲ့ချင်ကဲ့သို့ ရေခဲရုပ်တု အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဆူးဓားဒိုင်း…
ချန်ဖေး၏ လက်ထဲမှ ဓားရှည်မှာ ပျောက်ကွယ်သွားပြီး ဓားဒိုင်းများအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်သည်။
တစ္ဆေလက်ဝါးများ တိုးကပ်လာသည်နှင့် ဓားဒိုင်းက ပိတ်ဆို့ထားလိုက်ရာ ပြန်ကန်အားကြောင့် ထိုလက်ဝါးများ လွင့်စင်ထွက်သွားကြ၏။
ထိလိုက်သည်နှင့် ပျက်စီးသွားသော ယခင် တစ္ဆေလက်ဝါးများနှင့် ယှဉ်လျှင် ယခုလက်ဝါးများက သေချာပေါက် ပိုမို သန်မာပေသည်။
သို့သော်လည်း ဆူးဓားဒိုင်းနှင့် ရိုက်မိပြီးနောက် တစ္ဆေလက်ဝါးများမှာ ခေတ္တမျှ ရပ်တန့်သွားပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။
လက်ဝါးတိုင်း ထိုကဲ့သို့ပင် ဖြစ်နေ၏။
ချက်ချင်း ပြန်လည် ပြုပြင်လိုက်သော်လည်း ပြီးပြည့်စုံနေသော ဖမ်းချုပ်မှု အစီအရင်၌ ဟာကွက် ပေါ်လာခဲ့ပြီ ဖြစ်သည်။
ချန်ဖေး၏ ပုံရိပ်က ရိပ်ခနဲ ဖြစ်သွားပြီး တစ္ဆေလက်ဝါး ရာပေါင်းများစွာကြားမှ ဟာကွက်ကို ရှာဖွေကာ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ယန်တယ်ချွမ်၏ ရှေ့သို့ ရောက်သည်နှင့် လက်ထဲမှ ဓားဖြင့် ထိုးစိုက်လိုက်၏။
ဓား ၆ ကွက်…
ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် ဓား ၆ ကွက်မှာ ချန်ဖေးအတွက် ပုံမှန် တိုက်ကွက်တစ်ခု ဖြစ်လာခဲ့သည်။ ယခင်ကကဲ့သို့ ခန္ဓာကိုယ် ပြိုလဲမတတ် ဖြစ်မသွားတော့ဘဲ လွယ်ကူစွာ ထုတ်သုံးနိုင်ပြီ ဖြစ်သည်။
ချွင်…
သတ္တုချင်း ရိုက်ခတ်သံနှင့်အတူ ဓားသွားက ကြီးမားသော တစ္ဆေလက်ဝါးကြီး တစ်ခုပေါ်သို့ စိုက်ဝင်သွားသည်။ ပြန်ကန်အားကြောင့် ချန်ဖေး ခြေတစ်လှမ်း ဆုတ်လိုက်ရပြီး တစ္ဆေလက်ဝါးကြီးပေါ်တွင်လည်း အပေါက်ကြီး တစ်ခု ဖြစ်သွား၏။
"ဝေါင်း..."
နာကျင်သွားသည့်အလား တစ္ဆေလက်ဝါးကြီးက ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ချန်ဖေး၏ ဆံပင်များ လေနောက်သို့ လွင့်ပါသွား၏။
ကျင်ယွမ်ကျင့်စဉ်က သူ့စိတ်ထဲတွင် လျင်မြန်စွာ လည်ပတ်သွားပြီး ထိုဟိန်းဟောက်သံ၏ သက်ရောက်မှုကို ပိတ်ဆို့ထားလိုက်သည်။
ထိုသို့ တုံ့ဆိုင်းသွားသည့် အခိုက်အတန့်တွင်ပင် တစ္ဆေလက်ဝါး ရာပေါင်းများစွာက ချန်ဖေးထံသို့ ပြန်လည် ပျံသန်းလာပြီး ဝိုင်းရံရန် ကြိုးစားလိုက်ကြသည်။
ချန်ဖေး၏ ပုံရိပ်က တဖျပ်ဖျပ် လှုပ်ရှားသွားသည်။ ခြံဝန်းထဲတွင် ချန်ဖေးများစွာ ရှိနေသကဲ့သို့ ဖြစ်သွား၏။ ခြံစည်းရိုး တံတိုင်းပေါ်၊ ခေါင်မိုးစွန်းပေါ်နှင့် ကျောက်ဆောင်တုများပေါ်တွင် ချန်ဖေး အများအပြား ရောက်ရှိနေသည်။
တစ္ဆေလက်ဝါးများမှာ ခေတ္တမျှ ကြောင်သွားပြီး မည်သည့်အရာက ချန်ဖေးအစစ် ဖြစ်ကြောင်း ချက်ချင်း မခွဲခြားနိုင် ဖြစ်သွားကြ၏။
ယန်တယ်ချွမ် မျက်မှောင်ကြုတ်လိုက်သည်။
ခြင်ဆီသန့်စင်ခြင်း အဆင့်သာ ရှိသေးသော ဤသိုင်းပညာရှင်မှာ ဖြေရှင်းရန် အလွန် ခက်ခဲလှပေသည်။ တစ္ဆေလက်ဝါး ရာပေါင်းများစွာ၏ ပိတ်ဆို့မှုကိုပင် ဖောက်ထွက်၍ သူ့ရှေ့သို့ ရောက်လာနိုင်ခဲ့သည်။
အကယ်၍ သူ့ပတ်ဝန်းကျင်တွင် အကာအကွယ်သာ မရှိခဲ့လျှင် ယန်တယ်ချွမ် အန္တရာယ် ရှိနိုင်ပေသည်။
ဓား ၇ ကွက်…
ယန်တယ်ချွမ်၏ ဘေးတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ဓားအလင်းတန်းတစ်ခုက ယုံကြည်နိုင်စရာ မရှိလောက်အောင် လျင်မြန်သော အရှိန်ဖြင့် ယန်တယ်ချွမ်ထံသို့ ထိုးစိုက်လာ၏။
"ဖိနှိပ်စမ်း..."
ဓားအလင်းတန်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို မြင်လိုက်ရသဖြင့် ယန်တယ်ချွမ်က လက်နှစ်ဖက်ဖြင့် မုဒြာဖော်လိုက်သည်။ ယန်တယ်ချွမ်၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ချန်ဖေး၏ ဓားက အေးစက်သော အရှိန်အဝါကို ထိုးခွင်းဝင်ရောက်သွားသော်လည်း ရှေ့ဆက်တိုးလေလေ ထိုးဖောက်ရန် ခက်ခဲလေလေ ဖြစ်လာသည်။
ချန်ဖေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လက်ထဲမှ ဓားရှည်က ရုတ်တရက် ပေါက်ကွဲသွားပြီး ဓားအလင်းစများ အဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ရှိ အေးစက်မှုများကို ဖြိုခွင်းပစ်လိုက်သည်။
ချန်ဖေးက ခြေတစ်လှမ်း နောက်ဆုတ်၍ အေးစက်သော အရှိန်အဝါများကြားမှ တိုးထွက်လိုက်၏။ ရုတ်တရက် သူ့လက်ထဲတွင် နောက်ထပ် ဓားတစ်လက် ပေါ်လာပြီး ရှေ့သို့ ထိုးစိုက်လိုက်ပြန်သည်။
ဘုန်း…
ကြီးမားသော တစ္ဆေလက်ဝါးကြီး တစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး ချန်ဖေး ရပ်နေသည့်နေရာကို ရိုက်ချလိုက်သည်။ ခြံဝန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။
တစ္ဆေလက်ဝါး ပြန်ကြွတက်သွားချိန်တွင် အောက်၌ မည်သူမျှ ရှိမနေတော့ပေ။
အရေးကြီးသော အခိုက်အတန့်တွင် ချန်ဖေးက ရှောင်တိမ်းလိုက်ပြီး ဖြစ်ရာ ခြံဝန်း၏ ထောင့်တစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချန်ဖေးက ယန်တယ်ချွမ်ကို စိုက်ကြည့်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ယခု တိုက်ပွဲမှာ ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း မျက်တောင်တစ်ခတ် အတွင်း ပြီးဆုံးသွားခြင်း ဖြစ်သည်။
စစ်ယွမ်ဟိုင်နှင့် ယှဉ်လျှင် ဤယန်တယ်ချွမ်က အဆင့်တစ်ခုမက ပိုမို စွမ်းအားကြီးမားသည်။ ဆန်းကြယ်သော နည်းလမ်းပေါင်းစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေ၏။
ချန်ဖေးအနေဖြင့် တစ်ဖက်လူနှင့် အနီးကပ် ထိတွေ့ရန် အလွန် ခက်ခဲလှသည်။
သို့သော်လည်း ယန်တယ်ချွမ် အနေဖြင့် ချန်ဖေးကို သတ်ဖြတ်နိုင်ရန်မှာလည်း မလွယ်ကူလှပေ။
တစ္ဆေလက်ဝါးကြီး၏ စွမ်းအားမှာ တုန်လှုပ်ဖွယ် ကောင်းသော်လည်း ချန်ဖေးအတွက်မူ အနည်းငယ် နှေးကွေးနေသေးသည်။
တစ္ဆေလက်ဝါး ရာပေါင်းများစွာ၏ ပိတ်ဆို့မှုကိုလည်း ဆူးဓားဒိုင်းဖြင့် ကာကွယ်ထားနိုင်သဖြင့် ချန်ဖေးမှာ ပြီးပြည့်စုံနေဆဲ ဖြစ်သည်။
သို့သော်လည်း ချန်ဖေးကဲ့သို့ပင် ယန်တယ်ချွမ်၌ ထုတ်မသုံးရသေးသော ဝှက်ဖဲ ရှိနေသေးကြောင်း ချန်ဖေး အာရုံခံမိသည်။
နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် အနည်းငယ် စိုးရွံ့နေကြ၏။
အကယ်၍ ဆက်တိုက်ခိုက်ကြလျှင် သေရေးရှင်ရေး တိုက်ပွဲ ဖြစ်လာနိုင်ပြီး မည်သူနိုင်မည်ကို မသိနိုင်ပေ။
ချန်ဖေး အနည်းငယ် စိတ်လှုပ်ရှားလာသည်။
ထာဝရအခိုက်အတန့်ကို ထုတ်သုံးသင့်သလား။ ယန်တယ်ချွမ်ကို တစ်ခဏမျှ ထိန်းချုပ်ထားနိုင်လျှင် ခေါင်းဖြတ်သတ်နိုင်မည်ဟု ချန်ဖေး ယုံကြည်သည်။
သို့သော် ထာဝရအခိုက်အတန့်တွင် အားနည်းချက်တစ်ခု ရှိသည်။ စိတ်စွမ်းအား အလွန်ကောင်းမွန်သူများကို အသုံးပြုလျှင် ပြန်ကန်အား သက်ရောက်မှု ရှိနိုင်ပေသည်။
ချန်ဖေး၏ လေ့လာချက်အရ ဤမိစ္ဆာခုခံခြင်း မျိုးဆက်သည် နှလုံးသားစိတ်စွမ်းအားကို အဓိကထား ကျင့်ကြံကြသူများ ဖြစ်သည်။ သို့မဟုတ်လျှင် သူတို့ခန္ဓာကိုယ်ထဲမှ ထူးဆန်းမှုများကို ချိတ်ပိတ်ထားနိုင်မည် မဟုတ်ပေ။
အကယ်၍ ချန်ဖေး၏ စိတ်စွမ်းအား တိုက်ခိုက်မှုက မအောင်မြင်ခဲ့လျှင် ယန်တယ်ချွမ်အတွက် အချိန်သိပ်မရနိုင်သော်လည်း ချန်ဖေးကိုယ်တိုင် တောင့်တင်းသွားနိုင်သည်။
ထိုအချိန်ကျလျှင် ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"မင်း ဘယ်ဂိုဏ်းကလဲ..."
ယန်တယ်ချွမ်ကလည်း ချန်ဖေးကို အနည်းငယ် စိုးရွံ့စွာဖြင့် ကြည့်လိုက်သည်။ ချန်ဖေး ခန့်မှန်းထားသကဲ့သို့ပင် ယန်တယ်ချွမ်၌ ဝှက်ဖဲအချို့ ကျန်ရှိနေသေးသည်။ အကယ်၍ ၎င်းတို့ကို မှန်ကန်စွာ အသုံးပြုနိုင်လျှင် သူ အသာစီး ရနိုင်သည်။
သို့သော် ချန်ဖေး၏ ကိုယ်ဖော့ပညာမှာ လျင်မြန်လွန်းလှသဖြင့် အခွင့်အရေးရှာရန် မလွယ်ကူပေ။ ယန်တယ်ချွမ်သည် ချန်ဖေးကို သတ်မှတ်ထားသော အကွာအဝေးတစ်ခုအတွင်း ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးသဖြင့် သူ၏ အရန်နည်းလမ်းများမှာ လုံးဝ အသုံးမဝင် ဖြစ်နေသည်။
သို့သော်လည်း ယန်တယ်ချွမ်သည် ဤအတိုင်း လက်မလျှော့ချင်ပေ။
စစ်ယွမ်ဟိုင်ကို ရှာဖွေရန် ယန်တယ်ချွမ်သည် မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ရသည်။ ယခု အောင်မြင်မှုက လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်ရာ မည်သို့ လက်လျှော့နိုင်မည်နည်း။
"နတ်တိမ်ဓားဂိုဏ်း... မကြာခင် ငါ့ရဲ့ ဂိုဏ်းတူတွေ ရောက်လာတော့မယ်... မင်း ပြေးလို့ လွတ်မလား ကြည့်ကြတာပေါ့..."
ချန်ဖေးက ခေါင်းမော့၍ မောက်မာစွာ ပြောလိုက်၏။
ယန်တယ်ချွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ခြင်ဆီသန့်စင်ခြင်း အဆင့်ဖြင့် ဤမျှ တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ သာမန် လှည့်လည်သွားလာနေသော သိုင်းပညာရှင် မဖြစ်နိုင်ပေ။ အနီးအနားရှိ အင်အားကြီး ဂိုဏ်းဖြစ်သော နတ်တိမ်ဓားဂိုဏ်းကသာ ဤကဲ့သို့ တပည့်မျိုးကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
နတ်တိမ်ဓားဂိုဏ်း၏ ကြီးစိုးမောက်မာမှုကို တွေးမိပြီး ယန်တယ်ချွမ် စိုးရိမ်သွားသည်။ နတ်တိမ်မြို့သို့ သူ ယခုမှ ရောက်ရှိလာခြင်း ဖြစ်သော်လည်း သတင်းရယူသည့် လမ်းကြောင်းအချို့တော့ ရှိထားပြီး ဖြစ်သည်။
နတ်တိမ်ဓားဂိုဏ်း၏ အပြောင်းအလဲများနှင့် ပတ်သက်သော ကိစ္စရပ်များကို ယန်တယ်ချွမ် ကြားသိထားသည်။
အကယ်၍ နတ်တိမ်ဓားဂိုဏ်းမှ အခြားလူများ ရောက်လာလျှင် ကိစ္စမရှိသော်လည်း ချန်ဖေးကဲ့သို့ လူမျိုး ထပ်ရောက်လာပါက ယန်တယ်ချွမ် ပြေးချင်ရင်တောင် ပြေးလို့ရမည် မဟုတ်ပေ။
"ဒါက ငါ့ဂိုဏ်းရဲ့ အတွင်းရေးကိစ္စပါ... မင်း ဝင်မပါဖို့ မျှော်လင့်ပါတယ်..."
ယန်တယ်ချွမ်က သူ၏ တပည့်နှစ်ဦးကို ဆွဲမ၍ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။ သူ ဆက်နေရဲတော့ခြင်း မရှိပေ။ သို့သော်လည်း ဤကိစ္စ ပြီးဆုံးသွားပြီဟု မဆိုလိုသေးချေ။
နတ်တိမ်ဓားဂိုဏ်း၏ အမည်နာမကို အသုံးပြုကာ ချောက်လှန့်လိုက်ခြင်းကြောင့် ထိုသူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ချန်ဖေးမှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဤအင်အားကြီး အဖွဲ့အစည်း၏ ဂုဏ်သတင်းမှာ အမှန်တကယ်ပင် ကျော်ကြားလှပေ၏။
ချန်ဖေးသည် ထိုနေရာမှ ခုန်ထွက်ခဲ့ပြီး စစ်ယီနန်၏ ခြေရာနောက်သို့ လိုက်ပါသွားသည်။
စစ်ယီနန်သည် စစ်ယွမ်ဟိုင်ကို ထမ်းပိုး၍ အလောတကြီး ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ရာ ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး အနေဖြင့် သူမ၏ ခြေရာများကို မည်သို့ ဖုံးကွယ်ရမည်ကို မသိနားမလည်ပေ။
ချန်ဖေး၏ ကျင်ယွမ်ကျင့်စဉ်မှာ အဆင့်တက်ထားပြီးဖြစ်သဖြင့် အရာဝတ္ထုများကို အသေးစိတ် အာရုံခံနိုင်စွမ်းမှာ ပိုမိုထက်မြက်လာခဲ့သည်။
သူသည် ချန်ထားခဲ့သော ခြေရာများကို အခြေခံ၍ အိမ်ဝန်းတစ်ခုအတွင်းသို့ လိုက်ပါသွားနိုင်ခဲ့၏။
သူသည် အိမ်ဝန်းတံတိုင်းပေါ်သို့ ခုန်တက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင် တစ်ပြင်လုံး၌ ငှက်ကလေးများ မြည်ကျူးနေပြီး ပန်းရနံ့များ သင်းပျံ့နေသည့် သာယာလှပသော နတ်ဘုရားဘုံတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင်။
ချန်ဖေး၏ မျက်လုံးများအတွင်း အလင်းတစ်ချက် လက်သွားပြီးနောက် ရှေ့မှ မြင်ကွင်းများမှာ တိတ်ဆိတ်စွာပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။
စစ်ယီနန်သည် လက်ထဲတွင် ဓားမြှောင်တစ်စင်းကို ကိုင်ဆောင်ကာ သူ့ကို သတ်ဖြတ်ရန် ပြင်ဆင်နေသော်လည်း ချန်ဖေး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာများမှာ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။
"အစ်ကိုကြီးချန်..."
"စကား မပြောနဲ့ဦး... တခြားနေရာကို အရင်ပြောင်းရအောင်..."
ချန်ဖေးက လက်ယမ်းပြလိုက်ပြီး အိမ်ထဲသို့ လှမ်းဝင်ကာ စစ်ယွမ်ဟိုင်ကို ကျောပိုးလိုက်သည်။ ထို့နောက် စစ်ယီနန်၏ လက်ကို ဆွဲ၍ ထိုအိမ်ဝန်းအတွင်းမှ တစ်ဟုန်ထိုး ထွက်ခွာခဲ့တော့သည်။
ချန်ဖေးသည် ချန်ထားခဲ့သော ခြေရာများကို အခြေခံ၍ လိုက်လာနိုင်သည်ဆိုလျှင် ယန်တယ်ချွမ်သည်လည်း ထိုသို့ပင် လုပ်ဆောင်နိုင်ပေလိမ့်မည်။
ထို့ပြင် နတ်တိမ်မြို့၏ ကင်းလှည့်တပ်ဖွဲ့များမှာလည်း ထိုနေရာမှ ဆူညံသံများကို ကြားပြီးနောက် လိုက်လာနိုင်သဖြင့် ထိုနေရာသည် မလုံခြုံတော့ပေ။
တစ်ခဏအကြာတွင် ချန်ဖေးနှင့် အခြားနှစ်ဦးမှာ အိမ်ဝန်းတစ်ခုအတွင်းသို့ ရောက်ရှိလာကြသည်။ ဤအိမ်ဝန်းမှာ ချန်ဖေး လတ်တလော ငှားရမ်းထားသည့် ခြံဝန်းပင် ဖြစ်၏။
ချန်ဖေးသည် စစ်ယွမ်ဟိုင်ကို ကုတင်ပေါ်သို့ တင်လိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ နှလုံးသားပုတီးစေ့ အပိုင်းအစများကို ထုတ်ယူ၍ ကုတင်၏ ထောင့်လေးထောင့်တွင် ချထားလိုက်သည်။
နှလုံးသားနယ်ပယ်အတွင်း၌ ဤပုတီးစေ့ အပိုင်းအစများသည် တစ်ဦးတစ်ယောက်၏ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည့် အစွမ်းရှိကြောင်း သက်သေပြပြီးသား ဖြစ်သည်။
ယန်တယ်ချွမ်သည် စစ်ယွမ်ဟိုင်ကို မည်သည့်နည်းလမ်းဖြင့် လိုက်လံ ရှာဖွေနေသည်ကို ချန်ဖေး မသိသော်လည်း ဤသို့ အရှိန်အဝါကို အနည်းငယ် ဖုံးကွယ်ထားလိုက်ခြင်းက ရန်သူ ရှာမတွေ့နိုင်အောင် အချိန်ဆွဲပေးနိုင်ပေလိမ့်မည်။
"ဒါကို ယူထားလိုက်..."
ချန်ဖေးသည် ပုတီးစေ့ အပိုင်းအစ အချို့ကို စစ်ယီနန်ထံ ပေးလိုက်သည်။ စစ်ယီနန်က ထိုအရာကို လက်ခံယူလိုက်ပြီး နှလုံးသားနယ်ပယ်အတွင်း အသုံးပြုခဲ့သည့် အရာဖြစ်ကြောင်း မှတ်မိသွား၏။
သူမက ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်သော်လည်း စစ်ယွမ်ဟိုင်၏ အခြေအနေကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားပြန်သည်။
ယန်တယ်ချွမ်၏ ပြဿနာကို ခေတ္တ ဖြေရှင်းနိုင်ခဲ့သော်လည်း စစ်ယွမ်ဟိုင်ကို ကယ်တင်မည့် အစီအစဉ်မှာ အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။ နှလုံးသားနယ်ပယ်သို့ သွားရောက်နိုင်သည့် နောက်ဆုံး အခွင့်အရေးမှာလည်း ဤအတိုင်း အချည်းနှီး ဖြစ်သွားခဲ့ရပြီ။
အကယ်၍ အချိန်လုံလောက်ခဲ့လျှင် သူမသည် နှလုံးသားနယ်ပယ်သို့ ဆက်လက် သွားရောက်နိုင်ပေလိမ့်မည်။ သို့သော်လည်း စစ်ယွမ်ဟိုင်မှာ အသက်အန္တရာယ် အလွန် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီး မနက်ဖြန် သို့မဟုတ် သန်ဘက်ခါတွင် သေဆုံးသွားနိုင်ပေသည်။
ချန်ဖေးသည် စစ်ယီနန်၏ ပခုံးကို ပုတ်၍ နှစ်သိမ့်လိုက်ပြီး ကုတင်ပေါ်မှ နွမ်းနယ်နေသော စစ်ယွမ်ဟိုင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ နောက်ထပ် ဘာဆက်လုပ်သင့်သနည်း။
"မင့်မှာ အခွင့်အရေး သုံးကြိမ် ရှိတယ်လို့ ပြောခဲ့တယ်... ဘာဖြစ်လို့ သုံးကြိမ်ပဲ ရှိတာလဲ..." ချန်ဖေးက စစ်ယီနန်ကို ကြည့်၍ အသံတိုးတိုးဖြင့် မေးလိုက်၏။
"ကျောက်စိမ်းကို ထိန်းချုပ်ဖို့ ကျွန်မရဲ့ အားအင်တွေ လိုအပ်တယ်... ဒါပေမဲ့ အခု ကျွန်မက အားနည်းလွန်းနေလို့ အဲဒါကို မထိန်းချုပ်နိုင်တော့ဘူး..." စစ်ယီနန်က ချန်ဖေးကို မော့ကြည့်၍ ကျောက်စိမ်းကို ကမ်းပေးလိုက်သည်။
"ဒီကျောက်စိမ်းကို လှုပ်ရှားအောင် မင်းက ဘယ်လို အားအင်မျိုးကို သုံးတာလဲ..."
ချန်ဖေးသည် လက်ထဲမှ ကျောက်စိမ်းကို ကြည့်လိုက်သော်လည်း ၎င်းမှာ သာမန် ကျောက်စိမ်းနှင့် မခြားနားလှပေ။