ငရဲလမ်းကျင့်စဉ်
Vol. 2 Ch. 191
တစ္ဆေမျက်နှာနှင့် စစ်သူကြီးကို ရဲ့လျိုယွင် သတ်ဖြတ်လိုက်သည့် နောက်ပိုင်း အခြားသော နတ်ဆိုး စစ်သူကြီးများမှာ ရဲ့လျိုယွင်ကို ယှဉ်ပြိုင် တိုက်ခိုက်ရဲခြင်း မရှိကြတော့ပေ။ ထို့ပြင် ဟွမ်ချွမ် နတ်မိစ္ဆာ ဂိုဏ်းမှာလည်း ပရမ်းပတာ ဖြစ်နေလေရာ နီးရာဓား ကြောက်ရန်သာ ရှိတော့သည်။
နောက်ရက်များတွင်လည်း ရဲ့လျှိုယွင်သည် များစွာသော နတ်ဆိုး စစ်တပ်စခန်းများကို သိမ်းပိုက် လိုက်လေသည်။ အစပိုင်းတွင်တော့ စစ်တပ် စခန်းများက ခုခံကြသေးသော်လည်း နောက်ပိုင်းတွင်တော့ သွေးနီရောင် ပလ္လင်ထက်မှ နှင်းဖြူရောင် ဝတ်စုံရှင် လူငယ်၏ အစွမ်းကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားကြပြီး များစွာသော စစ်သူကြီးများမှာ သူ့လက်အောက်သို့ ခိုဝင် သွားကြလေတော့သည်။
စစ်သူကြီးများ၏ အတွေ့အကြုံအရ ရဲ့လျိုယွင်၏ တန်ခိုးစွမ်းအားမှာ ငရဲလမ်းကျင့်စဉ် တန်ခိုးစွမ်းအား ဖြစ်ကြောင်း သိရှိကြလေသည်။ ထူကျူအရှင်ဝူကျန့်ပင် ထိုကျင့်စဉ်ကို အမြင့်ဆုံးအဆင့် ရောက်အောင် ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။ ထိုတန်ခိုးစွမ်းအားမှာ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှ ပျောက်ဆုံး နေသည့် အသူရာ ကျမ်းစာထဲမှ ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှ ပထမဆုံး မျိုးဆက် ဂိုဏ်းချုပ်သည် အမှတ်မထင် မရဏဓား တစ်လက်ကို တွေ့ရှိခဲ့ပြီး ထိုဓားဖြင့် လူ့လောကနှင့် ကြယ်စင်များ အထိပါ ထိုးဖောက် ဝင်ရောက် ခဲ့လေသည်။ နဂါးငွေ့တန်းရှိ သက်ရှိ သိန်းပေါင်း တစ်ထောင်သည် ထိုဓားဖြင့် သတ်ဖြတ် ခံခဲ့ရပြီးသည့်နောက် ငရဲလမ်းကျင့်စဉ် တန်ခိုးစွမ်းအားကို ရရှိခဲ့လေသည်။
ထိုတန်ခိုးစွမ်းအားမှာ တိကျသည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းချုပ် တိုင်းတွင် ထိုတန်ခိုးစွမ်းအား ရှိကြလေသည်။ သို့သော် ထူကျူအရှင် ဝူကျန့်မှာ နောက်ဆုံး ဂိုဏ်းချုပ်ထံမှ ထိုပညာကို လက်ဆင့်ကမ်း ရရှိခဲ့ခြင်း မရှိပေ။
အရှင်ဝူကျန့်သည် တန်ခိုးစွမ်းအား ကြီးမားလွန်းသည့်တိုင် ငရဲလမ်းကျင့်စဉ်ကို မကျင့်ကြံခဲ့ရသည့် အပြင် အသူရာ ကျမ်းစာကိုလည်း ရရှိခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းချုပ် ပျောက်ကွယ်သွားပြီး သည့်နောက် အရှင်ဝူကျန့်မှာလည်း ထူကျူ အရှင်သုံးပါးတွင် စွမ်းအား အကြီးမားဆုံး ဖြစ်သည့်တိုင် ဂိုဏ်းချုပ် နေရာကို ဆက်ခံခွင့် မရခဲ့ရှာပေ။
အလွန် ဝေးကွာလှသည့် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းတွင် တန်ခိုးစွမ်းအားများ မြင့်မားနေသည့် ရဲ့လျိုယွင် အကြောင်းကိုသာ ဆန်းလျန် သိရပါက နားမလည်နိုင် ဖြစ်နေရမည် ဖြစ်လေသည်။
***
ဆန်းလျန်သည် ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း အသံ ခပ်တိုးတိုးဖြင့် မေးလိုက်သည်။
“ဂိုဏ်းတူအစ်မ၊ ဆရာဘွားဘွားရဲ့ ဒဏ်ရာ ဘယ်လို နေသေးလဲ”
ဆန်းလျန်၏ အမေးစကား ဆုံးသည်နှင့် မနီးမဝေး တစ်နေရာရှိ ငေါထွက်နေသည့် ကျောက်စောင် တစ်ခုထက်တွင် ကူးချိုင်ဝေ့ ပေါ်လာလေသည်။ သူမက အဝါနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဝတ်ရုံမှာ လေထဲတွင် လွင့်ပျံနေလေသည်။ သူမ၏ ပုံသဏ္ဌာန်မှာ လေထဲသို့ ပျံဝဲ ထွက်ခွာသွားတော့မည့် အလား ဖြစ်လေသည်။ သို့သော် သူမက ပျံဝဲ ထွက်ခွာသွားခြင်း မရှိပါ။
အသက်ဓာတ် စွမ်းအားများမှာ သူမဘေးတွင် ဝန်းရံ နေကြလေသည်။ သို့သော် ကူးချိုင်ဝေ့ဆီသို့ ရောက်မလာဘဲ မနီးမဝေးတွင် ဝန်းရံနေကြခြင်း ဖြစ်လေသည်။ ထိုသို့ ဖြစ်ရသည်မှာ ကူးချိုင်ဝေ့က ဝေးကွာစေရန် တားဆီးထားသည့် အတွက် ဖြစ်လေသည်။ ကျင့်စဉ်လမ်းကို နားလည်နေပြီ ဖြစ်သည့် ဆန်းလျန်က ကူးချိုင်ဝေ့မှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ “ပြီးပြည့်စုံသည့် ယွမ်မန်” အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလို က်လေသည်။ သို့သော် ကူးချိုင်ဝေ့ကတော့ သိရှိခြင်း မရှိသေးပေ။
စကြဝဠာနှင့် သူမကြားတွင် မမြင်ရသည့် အတားအဆီး တစ်ခု ခြားနေပြီး ထိုအတားအဆီးကို သူမ ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။ ကူးချိုင်ဝေ့ထက် ဆန်းလျန် သာသွားရသည့် အချက်မှာ သူ၏ ဝိညာဉ် စွမ်းအားကြောင့် ဖြစ်လေသည်။ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ ကျင့်စဉ်များက ဆန်းလျန်၏ ဝိညာဉ်စွမ်းအားကို အလွန် အားကောင်းစေပြီး စကြ၀ဋ္ဌာသို့ ထိုးဖောက်ရာ လမ်းကို သိမြင် နိုင်ခဲ့လေသည်။
သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသည့် မိန်းမပျိုသည် ကျင့်စဉ်လမ်း အဆင့် တက်ရောက်နိုင်ခြင်း မရှိသည့် အတွက် စိတ်ပျက် အားလျော့ခြင်း မရှိသလို စိတ်ဓာတ် ကျခြင်းလည်း ဖြစ်ပုံမပေါ်ပေ။ သူမသည် ကျောက်ရှောင်ယွီလောက် ဆွဲဆောင်မှု မရှိသည့်တိုင် သူမ၏ အလှက တစိမ့်စိမ့် ထိုင်ကြည့်လေ လှလေဆိုသည့် အကြည့်ခံသည့် အလှမျိုး ဖြစ်လေသည်။
သူမ ရုဟွအဆင့်မှ ရှေ့မဆက်နိုင် ဖြစ်နေသည်မှာ ချန်ကျန့်မေ ထက်ပင် ကြာနေပြီ ဖြစ်လေသည်။ သို့သော် သူမအသက်ကို မည်သူမျှ မခန့်မှန်းနိုင်လောက်အောင် နုပျိုငယ်ရွယ် လှပလေသည်။
ကူးချိုင်ဝေ့က ဆန်းလျန်ကို လှမ်းကြည့် လိုက်သည်။ သူမ နှစ်ပေါင်းများစွာ သင်ပြပေးခဲ့ရသည့် မောင်ငယ်လေးသည် ယခုတော့ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ပင် ဖြစ်နေခဲ့ပြီ။ ထိုလူငယ်လေးသည် စရိုက်လက္ခဏာမှာ ဆရာသခင် ကျန်းရော့ရွှီး၏ စရိုက်လက္ခဏာနှင့် တူလွန်းလှပြီး ကိစ္စရပ်တိုင်း အပေါ်တွင် ခန့်မှန်း တွက်ချက်နိုင်စွမ်း မြင့်မား လွန်းလှလေသည်။
“ဆရာဘွားဘွား ဒဏ်ရာ ရနေတာ မင်းဘယ်လို သိတာလဲ”
သူမက ပြန်မေးလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူမနှင့် ဆရာဘွားဘွား တွေ့ဆုံပြီးသည့် နောက်ပိုင်း ဆရာဘွားဘွား ဒဏ်ရာ ရထားသည်ကို သူမ သိခွင့်ရခဲ့သည်။ ထိုအကြောင်းကို သူမကလည်း ဆန်းလျန်ကို ပြောပြရန် ရည်ရွယ် ထားပါသည်။ ကျိလင်နတ်သမီး သို့မဟုတ် ချင်းရှောင်း နတ်သမီးသည် နတ်ဘုရားအဆင့်ကို နှစ်ဘဝတိုင်တိုင် အောင်မြင်အောင် တက်ရောက်နိုင်ခဲ့သူ ဖြစ်လေသည်။ ထိုသို့ တက်ရောက် နိုင်ရန်မှာ လွန်စွာမှ ခက်ခဲပြီး ရှားပါးသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်လေသည်။ သူမအနေဖြင့် အောင်ပွဲခံသင့်လေသည်။
သို့သော် သူမက ချင်းရွှမ် နတ်တံခါးသို့ ပြန်ရောက်သည်နှင့် ဆရာတစ်ယောက် တာဝန်ကျေစွာ ဆန်းလျန်ကို ထောက်ခံပေးခဲ့ပြီး ချက်ချင်းပင် တံခါးပိတ် ကျင့်စဉ်ကျင့်ရန် ဆုံးဖြတ်ခဲ့လေသည်။ အားလုံးက ကျိလင် နတ်သမီးမှာ လျှို့ဝှက်ကျင့်စဉ် တစ်ခုခု ကျင့်ကြံရန် တံခါးပိတ် လေ့ကျင့်သည်ဟုသာ ထင်မိကြပြီး မည်သူမျှ သူမကို ဒဏ်ရာ ရရှိထားသည်ဟု မသိကြပေ။
အဘယ်ကြောင့် ဆိုသော် သူမကဲ့သို့သော လူမျိုးကို ဒဏ်ရာရအောင် တိုက်ခိုက် နိုင်ရန်မှာ လွန်စွာမှ ခက်ခဲသောကြောင့် ဖြစ်လေသည်။
“ကျွန်တော်လည်း ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံနေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲလေ အစ်မရယ်၊ အဲဒီနေ့က ချင်းရွှမ် ခန်းမဆောင်ထဲမှာ ဆရာဘွားဘွားရဲ့ အသက်ရှူသံတွေက သိပ်ပြီး မတည်ငြိမ်ဘူး၊ ပြီးတာ့ ဆရာသခင် လူပြန်ဝင်စားလို့ ရအောင် ဗလာနယ်ဖျက်ဓားကို အသုံးပြုပြီး အသူရာချောက်ကို သွားတဲ့ဝင်ပေါက်ကို ဖွင့်ခဲ့တယ်၊ ဆရာဘွားဘွားရဲ့ ဓားသိုင်းက တကယ့်ကို အံ့သြစရာပါပဲ၊ ဒါပေမဲ့ ဒီဓားချက်ကို ကျွန်တော် ထျန်းတိကျန်းကနေ အသေးစိတ် ပြန်ကြည့်တဲ့ အခါမှာ ဗလာနယ်ဖျက်ဓား သုံးဖို့ ဆရာဘွားဘွား တော်တော် အားစိုက်ထားရတယ်၊ နတ်ဘုရားတစ်ပါး အနေနဲ့ဆိုရင် အဲဒီလောက် အားစိုက်စရာ မလိုဘူးလေ၊ ဆရာဘွားဘွား ဒဏ်ရာ အပြင်းအထန် ရခဲ့လို့သာ သူမရဲ့ တန်ခိုးစွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်း လောက်ပဲ သုံးရမယ့် ဓားသိုင်းကို အရမ်း အားစိုက် ထားရတာပေါ့”
ဆန်းလျန် ကပြန်ပြောလိုက်သည်။ ကူးချိုင်ဝေ့က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း….
“ဆရာသခင် ကျန်းရော့ရွှီးဟာ တကယ် လူရွေးမှန်တာပဲ၊ မင်းဟာ ဒီလောက်တောင်မှ အရာရာကို အသေးစိတ် ဂရုစိုက်တတ်တယ်၊ မင်းရဲ့လက်ထက်မှာ ချင်းရွှမ်ဟာ ပြန်လည် ဦးမော့လာနိုင်မယ် ထင်ပါရဲ့၊ ဒါပေမဲ့ ဆရာဘွားဘွား ဒဏ်ရာရတဲ့ ကိစ္စကိုတော့ လျှို့ဝှက် ထားသင့်တယ်၊ ခုချိန်က အရမ်း အန္တရာယ် များတဲ့အချိန် ဖြစ်နေတယ်လေ”
ဟု ပြောလိုက်လေသည်။
“အစ်မ၊ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူး၊ ကျွန်တော်တို့ လုပ်သင့်တာကို ဆက်လုပ်ကြတာပေါ့၊ ပြီးတော့ ဆရာဘွားဘွား နတ်ဘုရားအဆင့် မတက်ခင်ကလည်း ဒီလိုပဲ နေလာ ခဲ့ကြတာမလား၊ ဒါနဲ့ ဆရာဘွားဘွားကို ဒဏ်ရာရအောင် လုပ်နိုင်တာ ဘယ်သူများလဲ၊ အစ်မက ကျွန်တော့်ကို လျှို့ဝှက် ထားဦးမလို့လား၊ ဒါပေမဲ့ ကျွန်တော်သိပ်ပြီး သိချင်တာပဲ၊ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းက နတ်ဘုရား ငါးပါးထဲက ဘယ်နတ်ဘုရား လုပ်လိုက်တာလဲဟင်”
အခြားသော နတ်ဘုရား တစ်ပါးပါးဖြင့် ယှဉ်ပြိုင်ရင်း ထိုသို့ ဒဏ်ရာ ရလာခြင်း ဖြစ်လျှင် ဆန်းလျန်အနေဖြင့် ထိုမျှလောက် စဉ်းစားမည် မဟုတ်ပေ။ သို့သော် မည်သူမျှ နတ်ဘုရား တစ်ပါးကို အကြောင်းမရှိဘဲ တိုက်ခိုက်မည် မဟုတ်ပေ။ အထူးသဖြင့် နတ်ဘုရား တစ်ပါးကို သတ်ရန် မဖြစ်နိုင်မှန်း သိရက်ဖြင့် မည်သူမျှ ထိုသို့ အဓိပ္ပာယ်မဲ့ လုပ်ရပ်ကို လုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ဆရာဘွားဘွားကို ဒဏ်ရာရစေသူမှာ စည်းစောင့်ခြင်း မရှိသည့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လောကနတ်ဘုရား ငါးပါးသာ ရှိလေသည်။ ထို့ပြင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါးမှာ ရန်သူတွေ ဖြစ်သွားပြီမှာ သိသာ ထင်ရှားနေပြီ ဖြစ်သည်။
ကူးချိုင်ဝေ့က အတန်ကြာ တိတ်ဆိတ် နေပြီးမှ ပြောလိုက်သည်။
“ဆရာဘွားဘွားကို တိုက်ခိုက်တဲ့သူက တာအိုဆရာ တုန်းဖုန်းပဲ၊ ဆရာဘွားဘွားက သူ့ရဲ့ ထိုက်ယွဲ့သဏ္ဌာန် မှန်ပညာနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တာ၊ အတော်လေး ပြင်းထန်တယ် ထင်တယ်၊ ပြန်ကောင်းဖို့ အတွက် ဆယ်နှစ်လောက်တော့ ကြာလိမ့်မယ်၊ အစ်မလည်း အဲဒီကိစ္စတွေ မင်းကို ပြောပြဖို့ ရောက်လာတာပါ၊ ခုဆို ဆရာဘွားဘွားက ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်ရဲ့ အနက်ရှိုင်းဆုံး အဆင့်ကို စပြီး လေ့ကျင့်နေပြီ၊ သူတံခါးပိတ် လေ့ကျင့်တာ မပြီးမချင်း အစ်မတို့သူ့ကို နှောင့်ယှက်လို့ မဖြစ်ဘူး”
ထိုက်ရွှီး အနက်ရှိုင်းဆုံး အဆင့်မှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ ထူးခြားသည့် အဆင့်တစ်ခု ဖြစ်လေသည်။ နတ်ဘုရား တစ်ပါး ဖြစ်ပြီးမှသာလျှင် ထိုကျင့်စဉ်ကို ကျင့်၍ရနိုင်မည် ဖြစ်သည်။ ထိုအဆင့် အောင်မြင်သည်နှင့် မိုးနှင့်မြေတွင် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါး ဖြစ်သွားမည် ဖြစ်လေသည်။
ထိုကျင့်စဉ် အောင်မြင်သည်နှင့် အမှီအခို ကင်းသွားပြီ ဖြစ်ပြီး အသစ်သော စကြ၀ဋ္ဌာများကိုလည်း တွေ့ရှိလာနိုင်မည် ဖြစ်သည်။ အဆုံးမရှိသည့် စကြ၀ဋ္ဌာများထဲသို့ အကန့်အသတ် မရှိ သွားလာနိုင်ပြီး အသက်ဓာတ် စွမ်းအားကိုလည်း အကန့်အသတ်မရှိ ထိန်းချုပ် ထားနိုင်မည် ဖြစ်လေသည်။
သို့သော် ကျိလင် နတ်သမီးသည် ဒဏ်ရာ ပြန်လည် သက်သာလာရန် အတွက် အနက်ရှိုင်းဆုံး ထိုက်ရွှီးအဆင့်မှ စွမ်းအားများကို စုပ်ယူရန် လိုသေးသည်။
“ကွမ်းချင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရား ငါးပါးထဲမှာ တာအိုဆရာ တုန်းဖုန်းက အရမ်း တန်ခိုးစွမ်းအား မြင့်မားတဲ့ နတ်ဘုရား တစ်ပါးထဲမှာတော့ မပါဘူး၊ သူက ဆရာဘွားဘွားနဲ့သာ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ဆရာဘွားဘွားကို နိုင်စရာ အကြောင်းမရှိဘူး”
ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း တိုးတိတ်စွာ ဆိုသည်။
ဆန်းလျန်၏ စကားကြောင့် ကူးချိုင်ဝေ့ရင်ထဲတွင် နင့်သွားရလေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဆရာသခင်များသည် ချင်းရွှမ်နတ်တံခါး ယခုကဲ့သို့ ဆုတ်ယုတ် ကျဆင်းသွားမည့် အခြေအနေကို မည်သည့် အချိန်ကတည်းက စောင့်ကြည့် နေကြပါသနည်း။ သူတို့စိတ်ထဲတွင် မည်သည့် လှည့်ကွက်များကို ကြံစည် နေကြပါသနည်း။
သူမ အတွေးများဖြင့် ပျောက်ဆုံးနေစဉ်မှာပင် ဆန်းလျန်မှာ ထိုက်ယီတောင်ထိပ်မှ ထွက်ခွာသွားပြီ ဖြစ်လေသည်။ သူက ကျီဖူတောင်ထိပ်ရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ ထွက်ခွာသွားခြင်း ဖြစ်လေသည်။
ဂိုဏ်းချုပ်ဖြစ်ပြီးမှ ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ ဆန်းလျန် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က ကျီဖူတောင်ထိပ်သို့ ပျံသန်းသွားခြင်း မဟုတ်ပါ။ လမ်းလျှောက်ကာ တက်သွားခြင်း ဖြစ်လေသည်။ ကောင်းကင်ကို ဖြတ်ကာ လေကိုစီးပြီး ပျံသန်းရသည်မှာ စိတ်ကြည်နူးစရာ ကောင်းပါသည်။ သို့သော် အမြဲတမ်းတော့ ပျံသန်းနေစရာ မလိုပေ။ တစ်ခါတစ်ရံတွင်တော့ မြေဆွဲအားကို ခံစားရင်း မြေပြင်ထက်တွင် လမ်းလျှောက်ရသည်က ပို၍ ကောင်းလေသည်။
မိုးကောင်းကင်မှာ တန်ခိုးစွမ်းအားနှင့် ပြည့်ဝလေသည်။ ထို့ကြောင့် စွမ်းအားရှိသည့် ယောကျ်ားကောင်းသည် မမောမပန်း လမ်းလျှောက် နိုင်လေသည်။ မြေပြင်မှာလည်း စွမ်းအား မြင့်မားသည့် အတွက် ယောကျ်ားကောင်းသည် ကျယ်ပြန့်သည့် လောက တစ်ခုလုံးတွင် စိတ်ထင်တိုင်း ခြေဆန့်နိုင်လေသည်။
ယနေ့ ဆန်းလျန် ကျီဖူတောင်ထိပ်သို့ လမ်းလျှောက် တက်သွားသည်မှာ ရင်ထဲမှ လေးလံနေမှုများကို သက်သာသွားစေရန် ဖြစ်လေသည်။ ထိုအတွေ့အကြုံ မျိုးကို သူ့ဘဝတွင် ယခင်က မခံစားဘူးပေ။ တောင်ပေါ်သို့ တက်သည့် ခရီးရှည်ကို ဆန်းလျန် စိတ်ဝင်တစားဖြင့်ပင် ခရီး နှင်လာခဲ့လေသည်။
ထိုက်ဝေ့ ခန်းမဆောင်ကြီးမှာ ကျီဖူတောင်ထိပ်တွင် ထီးထီးမားမားကြီး တည်ရှိနေပြီး ကမ္ဘာမြေ အပြင်ဘက်တွင် လွတ်လပ်စွာ တည်ရှိနေသည့် အလား ခမ်းနား လွန်းလေသည်။ လွန်စွာမှ စွဲဆောင်မှု ရှိလှသည့် ခန်းမဆောင်ကြီးကို ဆန်းလျန် ငေးကြည့် လိုက်မိလေတော့သည်။
***