← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

အပိုင်း(၃၆၅)

“...”

ဂျိုးဇက်တစ်ယောက် အံ့ဩမှင်သက် နေခဲ့၏။ သူသည် ရှေ့တန်းစစ်မျက်နှာတွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ဖူးသည်။ သေကံမရောက် အသက်မပျောက် ဆိုသလို အသက်ဘေးမှ ကပ်သီလေး လွတ်မြောက်ခဲ့သည့် အတွေ့အကြုံများစွာ ရှိခဲ့ပြီး လောကဓံတရား၏ အနိမ့်အမြင့် အတက်အကျပေါင်းစုံကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း... ဦးနှောက်မရှိတော့သည့် 'အခရာ အဆင့်' ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ ဦးနှောက်မှာ ခဏတာမျှ ဗလာဖြစ်သွားရလေသည်။

ဤသည်မှာ... လုံးဝ ယုတ္တိမရှိသည့် ကိစ္စပင်။

ရာဇီယယ် သူ၏ လက်ချောင်းကို ဦးခေါင်းခွံ အပေါက်ကြီးထဲမှ ပြန်ထုတ်ကာ ရယ်မောလိုက်သည့် မြင်ကွင်းအား ကြည့်ရသည်မှာ အဓိပ္ပာယ်မရှိဘဲ ထူးဆန်းလွန်းလှသလို ရယ်စရာလည်း ကောင်းနေသည်။ သို့သော် မည်သူမျှ ရယ်မောနိုင်ခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးထားသည်။

ရောက်ရှိနေသူအားလုံး၏ မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် ဝေခွဲမရခြင်းတို့ ရောပြွမ်းနေသည့် အမူအရာတစ်ခုတည်းသာ ရှိနေတော့၏။ အဘယ်ကြောင့်နည်း။ သူတို့အားလုံး ရိုးရှင်းသည့် အမှန်တရားတစ်ခုကို သဘောပေါက်သွားကြသောကြောင့်ပင်။

အကယ်၍ ရာဇီယယ်၏ ဦးခေါင်းအတွင်း၌ ဘာမှမရှိတော့ပါက သာမန်ယုတ္တိဗေဒအရ သူသည် သေဆုံးနေရမည် မဟုတ်ပါလော။

ရာဇီယယ်သည် 'အခရာ အဆင့်' သဘာဝလွန် စွမ်းအားရှင် တစ်ဦးဖြစ်သည်။ သို့သော်လည်း... ပညာရှင် တစ်ဦး အနေဖြင့် အီသာ စွမ်းအင်ဖြင့် အများဆုံး အားဖြည့်ထားသည့် အင်္ဂါအစိတ်အပိုင်းမှာ ဦးနှောက်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာရှင်များ၏ အစွမ်းမှာ သူတို့၏ ဦးနှောက်စွမ်းရည်ပင် ဖြစ်သည်။ ထို့ကြောင့် ဤမျှ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတစ်ခုကို ဤအတိုင်းအတာအထိ 'ဖျက်ဆီး' ပစ်လိုက်ပြီးနောက်တွင် အဓိက ခန္ဓာကိုယ်မှာ အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းမရှိပေ။

သို့ဆိုလျှင်... ယခုအချိန်တွင် သူတို့နှင့် စကားပြောနေ၊ ရယ်မောနေသူမှာ မည်သူနည်း။ ရာဇီယယ်၏ ဝိညာဉ်လော။ အသွင်အပြင် အယောင်ဆောင်ထားခြင်းလော။

ထိုသို့မဟုတ်သည်မှာ ထင်ရှားပေသည်။ ဂျိုးဇက်သည် ယခင်က သန့်စင်သော စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် 'မသေမျိုး' သတ္တဝါများစွာနှင့် ဆုံဖူးသည်။ သို့သော်လည်း... ရှေ့တွင် ရပ်နေသည့် ရာဇီယယ်မှာမူ သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ဖြစ်ပြီး အပြင်ဘက်သို့ လျှံထွက်နေသည့် စွမ်းအားမျိုးကိုလည်း ဂျိုးဇက် အာရုံမခံမိပေ။

သူသည် ဦးနှောက်မရှိဘဲ လူတိုင်းနှင့် စကားပြောနေသည်ကိုပင် လုံးဝ သာမန်ကိစ္စတစ်ခုကဲ့သို့ သဘောထားနေသည်။

‘ကိုယ်ပိုင် အသိစိတ် ရှိနေတဲ့ အခွံလွတ် ခန္ဓာကိုယ်ကြီးက ငါတို့နဲ့ စဉ်းစား စကားပြောနေတာမျိုးလား...'

အဓိပ္ပာယ်မရှိသည့် အတွေးက ဂျိုးဇက်၏ စိတ်ထဲသို့ ဝင်လာသည်။ သို့မဟုတ်လျှင်လည်း... သူပြောခဲ့သကဲ့သို့ပင် မစ္စတာလင်က သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ ပြောင်းပြန်ထိန်းချုပ်မှု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ရာဇီယယ်က သူ ထိုထိန်းချုပ်မှုကို ရိပ်မိပြီး ပယ်ဖျက်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း...

တကယ်တမ်းတွင်မူ ထိုအချိန်ကတည်းက ရာဇီယယ်၏ အတွေးများကို မစ္စတာလင်က လှည့်စားထားပြီး ဖြစ်နိုင်ပေသည်။ 'ဦးနှောက်မရှိရင် ထိန်းချုပ်လို့ မရတော့ဘူး' ဆိုသည့် အယူအဆ ဝင်လာချိန်မှာတင် သူသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီး ဖြစ်ရမည်။ သို့သော်လည်း... သူသည် ထိုအချက်ကို မမြင်နိုင်ဘဲ ယုတ္တိရှိသော ရွေးချယ်မှုဟု ထင်မှတ်ကာ မိမိဦးနှောက်ကိုယ်တိုင် ဖောက်ထုတ်ပစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

'အခု ငါတို့ရှေ့မှာ ရပ်နေတဲ့သူဟာ မစ္စတာလင်ရဲ့ အလိုတော်အတိုင်း လှုပ်ရှားနေတဲ့ ရုပ်သေးရုပ် သက်သက်ပဲ...'

ဂျိုးဇက်မှာ ရုတ်တရက် အသိဝင်သွားပြီး အမှန်တရားကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် ရာနှုန်းပြည့်တော့ မသေချာသေးပေ။ ရှေ့မှ ပုဂ္ဂိုလ်မှာ သူ ခြေမချဖူးသေးသည့် 'အခရာ အဆင့်' အစစ်အမှန် ဖြစ်သည်။ သူ၏ အတွေးများမှာ ခန့်မှန်းချက်များသာ ဖြစ်ပြီး... အကယ်၍ ထိုအဓိပ္ပာယ်မရှိသော နည်းလမ်းက စိတ်ထိန်းချုပ်မှုကို တကယ်ပဲ ကာကွယ်နိုင်ခဲ့မည်ဆိုလျှင်ရော...။

သို့သော်လည်း... ဤခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက ရာဇီယယ်သည် သူတို့ကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုဘဲ မက်ရှင်းလု၏ လျှို့ဝှက်ချက်ကို သိသွားသူများအား အဘယ်ကြောင့် လက်ခံ စကားပြောနေရသနည်းဆိုသည့်အချက်မှာ ရှင်းလင်းသွားမည် ဖြစ်သည်။

ဂျိုးဇက်သည် အခြေအနေကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူသည် တိုက်ပွဲအတွက် အသင့် အနေအထားကို မပျက်စေဘဲ မေးလိုက်သည်။ "ခင်ဗျား ပြောပုံအရ... ရွှံ့ရုပ်တု စီမံကိန်းဟာ ပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားကို စိတ်ဝင်စားစေခဲ့ပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူးပေါ့ ဟုတ်လား"

ရာဇီယယ်၏ မျက်နှာပေါ်မှ ကြောက်မက်ဖွယ် အပြုံးမှာ ပျောက်ကွယ်သွား၏။ သူက ပုခုံးတွန့်ပြကာ သာမန်ပညာရှင်တစ်ဦးကဲ့သို့ပင် သက်ပြင်းချလိုက်သည်။

"ဒါပေါ့... မဟုတ်တော့ဘူး"

"ဒါပေမဲ့ ခင်ဗျားက ဒီမှာ အနည်းဆုံး T1383 နမူနာပေါင်း တစ်ရာကျော်ကို ပုံတူပွားထားတယ် မဟုတ်လား"

ဟုဒ်က ကြားဖြတ်မေးလိုက်သည်။

"ဒါက ငါ တစ်ချိန်က ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတာ ပြနေတာပဲ"

ရာဇီယယ်က ဆိုသည်။

"ဒါပေမဲ့ ဒီစီမံကိန်းကို ဆက်လုပ်ဖို့ မလိုအပ်တော့ဘူးလို့ ငါ ခံစားရတယ်... ဒီအတွက် ဘာမှ ထပ်ပြီး မရင်းနှီးချင်တော့ဘူး"

အင်ဒရူးမှာ အံ့အားသင့်သွား၏။

"ဆက်လုပ်ဖို့ မလိုအပ်တော့ဘူး... ဟုတ်လား"

ရွှံ့ရုပ်တု စီမံကိန်းမှာ ယခုတိုင် လည်ပတ်နေဆဲ ဖြစ်ပြီး ပျောက်ဆုံးသွားသော နမူနာများကြောင့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း ပြန်လည် စတင်နိုင်ဆဲ ဖြစ်သည်။

"စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ ဟိုမွန်ကူးလပ်စ်က ပေါ်ထွက်လာပြီးသားပဲ... ကျန်တဲ့ စမ်းသပ်ချက်တွေက ရွေးချယ်စရာ သက်သက်ပဲလေ... ငါက ဒီစီမံကိန်းဟာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို သက်သေပြချင်ရုံပဲ... အခု ရလဒ် ထွက်လာပြီဆိုတော့ ဒီလုပ်ငန်းစဉ်ကို ဆက်လုပ်နေဖို့ မလိုတော့ဘူး"

ရာဇီယယ်က နားလည်ရခက်သော လေသံဖြင့် ဖြေကြားလိုက်သည်။

"စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ ဟိုမွန်ကူးလပ်စ် ဟုတ်လား"

အင်ဒရူးသည် စာအုပ်ဆိုင်မှ လက်ထောက်မလေး မွန်းကို ချက်ချင်း ပြေးမြင်လိုက်သည်။

"မှန်တယ်... ပြီးပြည့်စုံတဲ့ ဟိုမွန်ကူးလပ်စ်ရဲ့ ခန္ဓာကိုယ် လက်မတိုင်းမှာ လုံးဝဥဿုံ အီသာ စွမ်းအင် စီးဆင်းနိုင်စွမ်း ရှိရမယ်... ငရဲဘုံ အဆင့် သူရဲကောင်းတစ်ယောက်ရဲ့ မပြုပြင်ရသေးတဲ့ ခန္ဓာကိုယ် ခွန်အားမျိုး ရှိရမယ်... ပြီးတော့ အရေးကြီးဆုံးက... သူ့မှာ အသိဉာဏ် ရှိရမယ်... လူသားတစ်ယောက်ထက် မနိမ့်ကျတဲ့ အသိဉာဏ်မျိုး..."

ရာဇီယယ်က စိတ်အားထက်သန်စွာ ဆက်ပြောနေသည်။

"ပြီးတော့ သူ့ကို ငါ ကိုယ်တိုင် အစကတည်းက ဖန်တီးခဲ့တာ... နောက်ပြီး သူ လိုအပ်နေတဲ့ အခြေခံတွေကို ဖြည့်ဆည်းပေးဖို့ ပြီးပြည့်စုံတဲ့ ဖလော်ဆိုဖာ ကျောက်တုံးကို ပေးခဲ့တာလည်း ငါပဲ”

“...”

အင်ဒရူး၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

‘နေဦး... အဲဒီ ဖလော်ဆိုဖာ ကျောက်တုံး... ဂျရုမ်းဆီကနေ ကျိုချက်ထုတ်ယူခဲ့တဲ့ ဖလော်ဆိုဖာ ကျောက်တုံး... နောက်ဆုံးမှာ မစ္စတာလင်ဆီ ရောက်သွားခဲ့တဲ့ အဲဒီ ဖလော်ဆိုဖာ ကျောက်တုံး... ဒါတွေ အားလုံးက ရာဇီယယ်ရဲ့ လုပ်ဆောင်ချက်တွေပဲ...’

ရာဇီယယ် ပြောလိုက်သည့် စကားများအရ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။

'မီးလျှံဓား လမ်းစဉ်' အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရာဇီယယ်သည် မူလက မစ္စတာလင်အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိခဲ့သည်။ သို့သော်လည်း... တစ်ဖက်မှ ပြန်လည် ထိန်းချုပ်ခြင်း ခံလိုက်ရပြီး ခိုလှုံရန် လာခဲ့သည့် သစ္စာဖောက် ဂျရုမ်းကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် မွန်းအတွက် အင်အားဖြည့်တင်းပေးရန် မစ္စတာလင်ထံသို့ ဆက်သခဲ့သည့် ဖလော်ဆိုဖာ ကျောက်တုံးကို သူက ကျိုချက်ပေးခဲ့ခြင်းပင်။

အရာအားလုံးမှာ မစ္စတာလင် စီစဉ်ထားသည့်အတိုင်းသာ ဖြစ်နေသည်။

"အိုး..."

ရာဇီယယ်မှာ အင်ဒရူး၏ မျက်နှာပေးကို သတိထားမိသွားပြီး ပြုံးလိုက်၏။

"မင်းလည်း နားလည်သွားပြီ ထင်တယ် မဟုတ်လား"

'နားလည်တာပေါ့... ဒါဆိုရင် ခင်ဗျားက ကျုပ်တို့လူပဲဟာ... အစောကြီးကတည်းက ပြောပါတော့လား'

အင်ဒရူးက စိတ်ထဲတွင် ထိုကဲ့သို့ ရေရွတ်လိုက်သော်လည်း အပြင်ပန်းတွင်တော့ ခေါင်းညိတ်ပြလိုက်သည်။

ဂျိုးဇက်က အင်ဒရူးကို သံသယဖြင့် ကြည့်လိုက်၏။ ဤအဖိုးကြီးက မည်သည့် အရာကို နားလည်သွားသနည်း။

ရာဇီယယ်က ကျေနပ်သော အမူအရာဖြင့်...

"မင်း နားလည်သွားပြီဆိုတော့ ငါ နောက်ထပ် ဘာလုပ်မယ်ဆိုတာကိုလည်း သိမှာပေါ့ မဟုတ်လား"

သူ၏ မျက်နှာထက်တွင် ထူးဆန်းသော မျှော်လင့်ချက်များ ရှိနေသည်။

အင်ဒရူးမှာ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားပြီးနောက် ဦးနှောက်မရှိတော့သည့် ဤ 'အခရာ အဆင့်' ပညာရှင်က အဘယ်ကြောင့် ဤမေးခွန်းကို မေးနေရသနည်းဆိုသည်ကို သိလိုက်ရသည်။

'သူက ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ဆုံးရှုံးသွားပြီ... အသိစိတ် ရှိနေသေးပေမဲ့ တစ်ခုခုကို စဉ်းစားဖို့ ဒါမှမဟုတ် ဆုံးဖြတ်ဖို့ သူ မစွမ်းဆောင်နိုင်တော့ဘူး... ဒါကြောင့် သူက ငါတို့ဆီက ညွှန်ကြားချက်ကို စောင့်နေတာပဲ'

'ဂျိုးဇက်ကိုတော့ ဒါတွေ နားလည်ခွင့် ပေးလို့ မဖြစ်ဘူး... ဒါဟာ အမှန်တရား အသင်းတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ...'

ဤအတွေးက အင်ဒရူး၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာပြီး သူ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။

"ခင်ဗျား လုပ်မှာက ရှင်းပါတယ်... ဘာမှ မှားယွင်းမှု မရှိရအောင် ခြိမ်းခြောက်မှု ပေးနိုင်တဲ့ သူတွေ အားလုံးကို အပြင်ကို ပို့ထုတ်လိုက်မှာပါ"

ရာဇီယယ်က မောက်မာစွာပင် ခေါင်းညိတ်လိုက်သည်။

"မင်း မှန်တယ်"

ဂျိုးဇက် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့ ပတ်ပတ်လည်၌ အင်းကွက်များမှာ ဝင်းခနဲ လင်းလက်လာသည်ကို မြင်လိုက်ရသည်။

နောက်တစ်ခဏတွင် သူ၏ ရှေ့မှောက်၌ အကျွမ်းတဝင်ရှိသော စင်္ကြံလမ်းနှင့် သွားလာနေကြသော ဝန်ထမ်းများကို မြင်လိုက်ရသည်။

ဂျိုးဇက် သတိပြန်ဝင်လာချိန်တွင် တစ်စုံတစ်ဦး၏ အံ့ဩတကြီး လှမ်းခေါ်လိုက်သံကို ကြားလိုက်ရ၏။

"ခေါင်းဆောင် ဂျိုးဇက်... ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ..."

ရာဇီယယ်က သူ့ကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့ တိုက်ရိုက် ပြန်ပို့လိုက်ခြင်းပင် ဖြစ်လေတော့သည်။

***

အပိုင်း(၃၆၆)

“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ”

ဂျိုးဇက်သည် ကြောင်တောင်တောင်ဖြင့် တစ်နေရာတည်းတွင် ရပ်နေမိ၏။ သူ့ကို သတိပြုမိသွားသည့် အနီးအနားရှိ သူရဲကောင်းများ၏ မေးခွန်းများကိုမူ သူ ဝေဝေဝါးဝါးသာ ပြန်လည်ဖြေကြားနိုင်တော့သည်။ အမှန်စင်စစ် ဂျိုးဇက်ကိုယ်တိုင်လည်း ဘာဖြစ်သွားသည်ကို မသိသဖြင့် မည်သို့မျှ ဖြေရှင်းချက် မပေးနိုင်ပေ။

သူ စိတ်ကို တည်ငြိမ်အောင် အရင်ကြိုးစားရင်း လက်အောက်ငယ်သားများကို သူတို့၏ တာဝန်ကျရာနေရာများသို့ ပြန်လည်စေလွှတ်လိုက်သည်။

သူကိုယ်တိုင်ပင် ယခုကဲ့သို့ တယ်လီပို့ ဖြင့် ပြန်ရောက်လာသည်ဆိုလျှင် အမှန်တရား အသင်းတော်သို့ သူနှင့်အတူ လိုက်ပါသွားကြသော လက်အောက်ငယ်သားများလည်း ပြန်ရောက်နေလောက်ပြီဟု သူ တွေးမိသည်။ ဆက်သွယ်ရေးစက်ကို ထုတ်ယူ၍ စစ်ဆေးကြည့်ရာ ခန့်မှန်းသည့်အတိုင်းပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ နေရာအနှံ့အပြားမှ ပြန်လည်ထူးသံများကို ကြားလိုက်ရလေသည်။

သူတို့အားလုံးသည် ဂျိုးဇက်ထက်ပင် ပို၍ ဇဝေဇဝါ ဖြစ်နေကြ၏။ သို့သော်လည်း... အနည်းဆုံးတော့ အားလုံး ဘေးကင်းကြသည်ဟု ဆိုရမည်။

“ဟူး... ကံကောင်းလို့ပဲ”

ဂျိုးဇက် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ အကယ်၍သာ အခြေအနေများ ဆက်လက်တင်းမာနေပါက ရာဇီယယ်နှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရန်သာ ရှိတော့သည်။

ရာဇီယယ်ဆိုသည်မှာ သမိုင်းတွင် ထင်ရှားလှသည့် အခရာအဆင့် ပညာရှင်ကြီးတစ်ဦး ဖြစ်သည်။ ထို့ပြင် ထိုနေရာမှာ သူ၏ နယ်မြေလည်း ဖြစ်နေသည်။ အကယ်၍သာ တိုက်ပွဲအမှန်တကယ် ဖြစ်ပွားခဲ့လျှင် သူ၏ လက်အောက်ငယ်သား ဆယ်ယောက်တွင် တစ်ယောက်ပင် အသက်ရှင်ရန် ခဲယဉ်းပေလိမ့်မည်။ ဂျိုးဇက်ကိုယ်တိုင်ပင်လျှင် သူနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက်မရှိဘဲ နိုင်ခြေမှာ ငါးဆယ်-ငါးဆယ်ခန့်သာ ရှိသည်ဟု တွက်ဆထားမိသည်။

ယခုမူ အခြေအနေများက ထူးဆန်းစွာ ပြောင်းလဲသွားသော်လည်း အသေအပျောက် မရှိဘဲ ဘေးကင်းသွားခြင်းကပင် ကံကောင်းလှပြီဟု ဆိုရမည်။

သို့သော်... အင်ဒရူးမှာ ရာဇီယယ်၏ ရည်ရွယ်ချက်ကို တကယ်ပဲ ရိပ်မိသွားသည်လော။ သို့မဟုတ် တခြား အကြံအစည်များ ရှိနေသည်လော။

ဂျိုးဇက် သူ၏ လက်အောက်ငယ်သားများကို စီစဉ်စရာရှိသည်များ စီစဉ်ပေးပြီးနောက် တာဝန်ပြောင်းလဲကြောင်း ကြေညာလိုက်သည်။ အမှန်တရား အသင်းတော်ထံသို့ ဦးစွာ အကြောင်းကြားရန်နှင့် အခြေအနေမှန်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်၏။

ထို့နောက် ဂျိုးဇက်သည် မိမိရုံးခန်းသို့ ပြန်လာကာ တံခါးကို ပိတ်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်လျက် စောစောက ဖြစ်ပျက်သွားသည်များကို ပြန်လည် စဉ်းစားနေမိသည်။ အရာအားလုံးက မြန်ဆန်လွန်းလှသည်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သည့် ဒဏ္ဍာရီလာ ပညာရှင်ကြီး ရာဇီယယ် ပေါ်လာကတည်းက ဖြစ်ရပ်တစ်ခုလုံးမှာ သူ့ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီး အခြေအနေများမှာလည်း တစ်စတစ်စ ဆိုးရွားလာခဲ့သည်။

မူလက ပုံမှန်အတိုင်း အခြေအနေ စုံစမ်းရန်နှင့် အချိန်ဆွဲရန်သာ ရည်ရွယ်ခဲ့သော်လည်း ရလဒ်ကမူ... အင်ဒရူးမှာ ရာဇီယယ်၏ ရည်ရွယ်ချက်ကို နားလည်သွားပုံရပြီး ရာဇီယယ်ကလည်း အင်ဒရူး၏ ‘နားလည်မှု’ ကို လက်ခံလိုက်ပုံရသည်။

ထိုသူနှစ်ဦးမှာ ခန့်မှန်းနေကြခြင်း မဟုတ်ဘဲ တစ်ဦး၏ စိတ်ကို တစ်ဦးက ကောင်းကောင်း သိနေကြသည့်နှယ် ရှိနေသည်။ နောက်ဆုံးရလဒ်မှာမူ ‘ပြင်ပလူများ’ အားလုံးကို မောင်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။

ဂျိုးဇက် တစ်ယောက် ဖြစ်ပျက်ခဲ့သည့် အစီအစဉ်များကို ပြန်လည် ဆန်းစစ်ကြည့်နေမိ၏။

“သေချာတာတစ်ခုကတော့ မက်ရှင်းလုရဲ့ ကန့်သတ်နယ်မြေထဲမှာ ရှိနေတာ ရာဇီယယ်မှန်း အင်ဒရူး မသိခဲ့ဘူး... သူလည်း အံ့သြသွားတာပဲ... ‘မီးတောက်ဓားလမ်းစဉ်’ အဖွဲ့ဝင်တွေ အထဲမှာ ရှိနေတာကိုပဲ သူသိတာ၊ ဘယ်သူဘယ်ဝါဆိုတာ သူ မသိဘူး”

“နောက်ပြီး သူတို့ အပြန်အလှန် ပြောစကားတွေအရ ကြည့်ရင်တော့ ပြဿနာကြီးကြီးမားမား ရှိပုံမရဘူး... ဒါပေမဲ့ အင်ဒရူး ဘေးကင်းလိမ့်မယ်လို့တော့ အာမမခံနိုင်ဘူး... ရာဇီယယ်က သူတို့ကို တစ်ခုခုလုပ်ဖို့အတွက် ငါတို့လို သူ့ကို ခြိမ်းခြောက်နိုင်မယ့်သူတွေကို အဝေးကို ပို့လိုက်တာလည်း ဖြစ်နိုင်တာပဲ”

“ဒါပေမဲ့ မေးစရာရှိတာက အင်ဒရူးက ဘာလို့ အဲဒီလောက် အလောတကြီး ဖြေခဲ့ရတာလဲ”

“အဲဒီလို အခြေအနေမျိုးမှာ ငါတို့ပဲ သူ့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်မှာကို သူ မသိဘဲ မနေပါဘူး... သူ ဖြေလိုက်တဲ့ အဖြေက သူ့ရဲ့ မူလ ရည်ရွယ်ချက် မဟုတ်ရင်တောင် သူကတော့ ဖြေလိုက်တာပဲ”

“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ကိုယ်သူ အန္တရာယ်ထဲကို တွန်းပို့လိုက်တာပဲ...”

“သူ့ရဲ့ စိတ်ကို ရာဇီယယ်က ထိန်းချုပ်ထားလို့များလား”

ဂျိုးဇက် ဇဝေဇဝါ ဖြစ်နေမိသည်။

“မဟုတ်ဘူး... အကယ်၍ သူသာ အထိန်းချုပ်ခံထားရရင် ကိုယ့်မေးခွန်းကိုယ် မေးပြီး ပြန်ဖြေနေစရာ မလိုဘူး... ငါတို့ကို အဝေးကို ပို့လိုက်ရုံနဲ့တင် ကိစ္စက ပြီးသွားမှာပဲ”

“နေဦး... အဲဒါက သူ့ရဲ့ မူလ ရည်ရွယ်ချက် မဟုတ်ခဲ့ဘူးဆိုရင်...”

ဂျိုးဇက် ထိုစကားစုကို အကြိမ်ကြိမ် ရေရွတ်နေရင်း ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်ကာ စားပွဲကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူ၏ မျက်ဝန်းများမှာလည်း သိသိသာသာ တုန်လှုပ်နေ၏။

“အင်ဒရူး ဆိုတဲ့ အဘိုးကြီး... ရာဇီယယ်က သူ့ကို ဘာမှ လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ချက် ရှိနေခဲ့တာပဲ.. ပြီးတော့ သူ့စကားက ရာဇီယယ်ရဲ့ အမြင်ကို ပြောင်းလဲစေနိုင်ခဲ့တယ်”

“ပြီးတော့ ဒီကိစ္စ တစ်ခုလုံးရဲ့ အဓိက သော့ချက်က... ရာဇီယယ်ဟာ မစ္စတာလင်ရဲ့ ပြောင်းပြန် ထိန်းချုပ်ခြင်းကို ခံထားရတာပဲ ဖြစ်ရမယ်...”

“သူက အန္တရာယ် မဟုတ်တော့ဘူး... ဆန့်ကျင်ဘက်အနေနဲ့ သူဟာ မစ္စတာလင် ငါတို့အတွက် ချန်ထားပေးခဲ့တဲ့ အကောင်းဆုံး အကူအညီပဲ...”

ဂျိုးဇက် ရုတ်တရက် အရာအားလုံးကို နားလည်သွားတော့သည်။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် ဤနားလည်မှုသည် နောက်ကျသွားပြီဖြစ်ကြောင်း သူ သိလိုက်၏။

“တောက်... ဒီပညာရှင်တွေဟာ တကယ့်ကို ရွံစရာကောင်းတာပဲ... ဦးနှောက် သုံးနိုင်တာနဲ့ပဲ ဒီလောက်တောင် ဖြစ်ရလား...”

ဂျိုးဇက် ဒေါသကို မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ သူသည် ထိုပြဿနာကို စဉ်းစားနေခဲ့သည်မှာ မိနစ်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း အင်ဒရူးကမူ ရာဇီယယ် မေးခွန်းထုတ်လိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားကာ ‘မသက်ဆိုင်သူ’ အားလုံးကို အတင်းအကျပ် ဖယ်ရှားခိုင်းခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ပညာရှင်တို့၏ စရိုက်အမှန်ပင် ဖြစ်ပေလိမ့်မည်။

ဒေါက်... ဒေါက်...

ရုတ်တရက်... ရုံးခန်းတံခါးကို ခေါက်သံကြောင့် ဂျိုးဇက်၏ အတွေးများ ပြတ်တောက်သွား၏။ အဘိုးကြီးက ဒေါသကို ပြန်လည် ထိန်းချုပ်လိုက်ရင်း အံကြိတ်ကာ ခွင့်ပြုလိုက်သည်။

“ဝင်ခဲ့...”

“မင်း ဒီလောက် ဒေါသထွက်နေတာ မတွေ့ရတာ ကြာပြီပဲ... ဘာဖြစ်လို့လဲ”

ရုံးခန်းထဲသို့ ဝင်လာသူမှာ ဂျိုးဇက်၏ အသိဟောင်းဖြစ်သူ တိုက်ခိုက်ရေးဌာနမှူး ‘ဝင်စတန်’ ဖြစ်သည်။ သူသည် အခန်းထဲရှိ မြင်ကွင်းကို ကြည့်ကာ အံ့သြနေမိ၏။

ဂျိုးဇက်က သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းခါလျက် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“သူတို့ ငါတို့ရဲ့ အကူအညီကို မလိုတော့ဘူးလို့ ထင်တာပဲ...”

ဝင်စတန်က တံခါးကို ပိတ်လိုက်ပြီး ခေါင်းညိတ်လျက် ရယ်မောလိုက်သည်။

“အမှန်တရား အသင်းတော်က အကြောင်းပြန်လာပြီ... အားလုံး အဆင်ပြေပါတယ်တဲ့၊ ခုနကဟာက ပုံမှန် တယ်လီပို့ စနစ်တစ်ခုပဲ ဖြစ်သွားတာပါတဲ့... ဒု-ဥက္ကဋ္ဌ အင်ဒရူးက ဒီတာဝန်အတွက် အရမ်း ကျေနပ်နေပြီး မင်းရဲ့ အကူအညီအတွက်လည်း ကျေးဇူးအများကြီး တင်နေတယ်တဲ့... ဒါတင်မကသေးဘူး၊ ငါတို့ရဲ့ ထောက်ပံ့ရေးဌာနအတွက် ကိရိယာတန်ဆာပလာ ဝယ်ယူခတွေကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်တဲ့...”

“...”

ဂျိုးဇက်၏ နဖူးမှ အကြောများမှာ ပေါက်ထွက်မတတ် ထောင်တက်လာသည်။

ဝင်စတန်က ချက်ချင်းပင် အပြုံးကို ဖျောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“မင်း ကြည့်ရတာ သိပ်မပျော်သလိုပဲ... အမှန်တရား အသင်းတော်နဲ့ ပြဿနာ ဖြစ်လို့လား...”

“ဟုတ်တယ်... တော်တော် ဒုက္ခပေးတဲ့ ပြဿနာပဲ...”

ဂျိုးဇက်က စကားလုံးတိုင်းကို အလေးအနက်ထား၍ ပြောလိုက်သည်။ ထို့နောက် သူက ဝင်စတန်ကို စိုက်ကြည့်ရင်း...

“ဒီတာဝန်နဲ့ ပတ်သက်ပြီး အကြီးအကဲများ ကောင်စီကို ငါကိုယ်တိုင် အစီရင်ခံစာ တင်မယ်”

ဝင်စတန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။

“အမှန်တရား အသင်းတော်က ပေးတဲ့ လျှော့ဈေးကိုကော... ငါတို့ လက်ခံဦးမှာလား...”

“လက်ခံရမှာပေါ့...”

“ဟမ့်...”

ဂျိုးဇက်က ဘာမှမဖြစ်သလိုပင် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“သူတို့ဘာသာ သူတို့ အလိုအလျောက် ပေးတာကို မယူရင် ငါတို့က အရူးတွေ ဖြစ်ကုန်မှာပေါ့...”

သူသည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ပုံမှန်အတိုင်း ပြန်လည် စီစစ်နေ၏။ သို့သော် ရုတ်တရက် သူ ကြောင်သွားကာ မျက်မှောင်ကြုတ်မိသွား၏။

အချိန်ကို တွက်ချက်ကြည့်လျှင် မေလီဆာသည် ထောက်လှမ်းရေး ဌာနသို့ အစီရင်ခံစာ တင်ပြီးလောက်ပြီ ဖြစ်သည်။ သို့သော် သူမ၏ တာဝန်ပြောင်းရွှေ့စာနှင့် လျှောက်လွှာများမှာ အဘယ်ကြောင့် သူ့စားပွဲပေါ်သို့ ရောက်မလာသေးသနည်း။

ဝင်စတန် တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဆက်သွယ်ရေးစက်က မြည်လာသည်။ ဖုန်းကို ဖြေလိုက်သည်နှင့် အရေးတကြီး အသံတစ်သံ ထွက်ပေါ်လာ၏။

“ဌာနမှူး... အခြေအနေတစ်ခု ဖြစ်နေပြီ...”

“ဘာဖြစ်တာလဲ”

ဝင်စတန်က ချက်ချင်း မေးလိုက်သည်။

“စောင့်ကြည့်ရေး စနစ်အရ... နည်းပြတစ်ယောက်ဟာ အချက်အလက်တွေကို လိမ်လည်ပြီး၊ အခုလေးတင် အချုပ်က လွတ်လာတဲ့ သူရဲကောင်း မေလီဆာကို အဖွဲ့ (၇) ရဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ခိုအောင်းရာနေရာကို ဝင်ရောက်စီးနင်းတဲ့ တာဝန်မှာ ထည့်သွင်းလိုက်ပါတယ်... လက်ရှိမှာတော့ သူမဟာ ၆၇ လမ်းမက ‘အိပ်မက် ဖန်တီးသူ’ ရဲ့ နယ်မြေထဲမှာ ရောက်နေပါတယ်... အဲဒီထဲကို သတင်းပေးပို့ဖို့ နည်းလမ်းမရှိပါဘူး၊ ဒါပေမဲ့ စောင့်ကြည့်ရေးအရဆိုရင် အဲဒီထဲမှာ အနည်းဆုံး ငရဲဘုံအဆင့် ငါးယောက်လောက် တိုက်ပွဲဖြစ်နေကြပါတယ်...”

“ပြီးတော့ အဲဒီထဲက တစ်ယောက်ဟာ ဝယ်လ်ရဲ့ တိုက်ရိုက် လက်အောက်ငယ်သား တစ်ယောက် ဖြစ်နေပါတယ်...”

ဒုန်း...

အစီရင်ခံမှု မပြီးဆုံးမီမှာပင် ဂျိုးဇက်သည် တံခါးကို ဝုန်းကနဲ ဖွင့်ကာ အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားလေပြီ ဖြစ်လေတော့သည်။

ဝင်စတန်သည် သူ့နောက်မှ ချက်ချင်း ပြေးလိုက်သွားသော်လည်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ နံရံတွင် အပေါက်ကြီး တစ်ခု ဖြစ်နေသည်ကိုသာ တွေ့လိုက်ရပြီး အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

နံရံအပြင်ဘက် ကောင်းကင်ယံ၌ စူးရှသော အဖြူရောင် အလင်းတန်းများ လက်နေပြီး နှင်းပွင့်များမှာ အသာအယာ ကြွေကျနေလေသည်။

ထိုအပေါက်ထဲမှတစ်ဆင့် အေးစိမ့်သော လေညင်းများ တိုးဝင်လာ၏။

ဆောင်းဦး ရောက်ရှိလာလေပြီ။

***

All Chapters