← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

အပိုင်း(၃၆၇)

ကောင်းကင်ယံမှ ပထမဆုံးသော နှင်းပွင့်လေး ကြွေကျလာချိန်တွင် လင်ကျဲသည် သူ၏ စာအုပ်ဆိုင်ကို ပိတ်ရန် ပြင်ဆင်ပြီး ဖြစ်သည်။ ဖိတ်စာတွင် ဖော်ပြထားသည့်အတိုင်း ဆိုလျှင် ဤကြီးကျယ်ခမ်းနားသော ပါတီပွဲကြီးသည် သုံးရက်တိုင်တိုင် ကြာမြင့်မည်ဖြစ်ပြီး စားသောက်စရိတ်နှင့် တည်းခိုစရိတ် အားလုံးကို အိမ်ရှင် ကျိပိုတုန်က တာဝန်ယူမည် ဖြစ်သည်။

လင်ကျဲသည် ကျိကျစ်ရှို့ထံမှ ထိုပွဲနှင့်ပတ်သက်သော သတင်းအချက်အလက်အချို့ကို မေးမြန်းကြည့်ခဲ့သည်။ ဧည့်သည်တော်ပေါင်း တစ်ထောင်ကျော် တက်ရောက်မည်ဟု သိရသည်။ သူမ၏ ပြောပြချက်အရ လူမှုနယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများအပြင် နော်ဇင် ဗဟိုခရိုင်မှ အာဏာရှိ ပုဂ္ဂိုလ်ကြီးများပင် တက်ရောက်လာနိုင်ခြေ ရှိသည်။

သာမန် စားသောက်ပွဲမျိုး မဟုတ်သည်မှာ သေချာသဖြင့် ဤပွဲ၏ ခမ်းနားထည်ဝါမှုကို စိတ်ကူးကြည့်ရုံနှင့်ပင် သိနိုင်သည်။ သို့သော် ကျိပိုတုန်သည် 'ရိုးလ် အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး' အဖွဲ့၏ ထိပ်သီးပုဂ္ဂိုလ် ဖြစ်သဖြင့် ယခုကဲ့သို့ ပွဲကြီးပွဲကောင်း ပြုလုပ်ခြင်းမှာ သဘာဝကျလှသည်။

လင်ကျဲကမူ သူသည် သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့် ဤဖိတ်စာကို ရရှိခဲ့ခြင်းဟု ခံစားရပြီး သုံးရက်တိုင်တိုင် အလကား သွားစားနိုင်မည့် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

မဟုတ်သေး... သခင်မလေးကျိ ကိုယ်တိုင် ဖိတ်စာလာပေးခြင်းဖြစ်သဖြင့် အလကားစားခြင်းဟု မခေါ်နိုင်ပေ။ ဤသည်မှာ ဦးနှောက်သုံး၍ အလုပ်လုပ်ပေးခြင်းအတွက် ထိုက်တန်သော အခကြေးငွေ ရရှိခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လင်ကျဲသည် သုံးရက်တိုင်တိုင် အပြင်သွားရမည် ဖြစ်သည်။ ထိုအတောအတွင်း စာအုပ်ဆိုင်ကို ဆက်ဖွင့်ထားရန်နှင့် ပိုက်ဆံရှာရန်မှာ သူ၏ ချစ်စရာ လက်ထောက်မလေး မွန်း၏ ပုခုံးပေါ်သို့ ကျရောက်လာတော့သည်။

အရေးကြီးသည့် အချက်အလက်အားလုံးကို မွန်းအား မှာကြားပြီး ဖြစ်သော်လည်း လင်ကျဲသည် မထွက်ခွာမီ နောက်ဆုံးတစ်ခေါက် ထပ်မံမှာကြားနေမိပြန်သည်။

စကားများနေသည်ဟု ထင်ရသော်လည်း လင်ကျဲအဖို့ ဤကမ္ဘာသို့ ရောက်ရှိလာသည့် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အဝေးသို့ ခရီးထွက်ခြင်းဖြစ်သဖြင့် ထပ်ခါတလဲလဲ မှာကြားနေရခြင်း ဖြစ်သည်။ သူသည် ယခင်က နေ့စဉ်သုံးပစ္စည်းများ ဝယ်ရန်လောက်သာ အပြင်ထွက်လေ့ရှိပြီး အဝေးဆုံးသွားဖူးသည်မှာ ဘလက်ကီ၏ အကူအညီဖြင့် ဝယ်လ်၏ အိမ်သို့ သွားခဲ့ခြင်းသာ ဖြစ်သည်။

ထို့အပြင် ယခုတစ်ခေါက်မှာ စာအုပ်ဆိုင်တွင် မရှိသည်မှာ သုံးရက်တိုင်တိုင် ကြာမည်ဖြစ်ရာ သုံးနှစ်လုံးလုံး ဆိုင်ထဲမှာပဲ အောင်းနေခဲ့သည့် လင်ကျဲအဖို့ ထူးဆန်းသော အတွေ့အကြုံတစ်ခု ဖြစ်နေသည်။

"စင်ပေါ်က စာအုပ်တွေကို အမျိုးအစားအလိုက် ခွဲထားတယ်... ဘယ်ဘက်ကနေ ညာဘက်ကို... ဒဿနိကဗေဒ၊ ဘာသာရေး၊ စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံ၊ အနုပညာ၊ နက္ခတ္တဗေဒ..."

စိတ်ကူးရုံနှင့် စာအုပ်များကို အလိုအလျောက် အသစ်လဲလှယ်ပေးနိုင်သည့် မူလစာအုပ်စင်ကို လင်ကျဲ တစ်ဦးတည်းသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် မွန်း ရှာရလွယ်ကူပြီး ရောင်းရလွယ်စေရန် လင်ကျဲက စာအုပ်များကို အမျိုးအစားအလိုက် ခေတ္တ ခွဲခြားထားပေးခဲ့ခြင်း ဖြစ်သည်။

လင်ကျဲသည် များသောအားဖြင့် စာအုပ်တစ်သုတ်ကို ကုန်အောင် ဖတ်ပြီးမှ စင်ပေါ်က စာအုပ်များကို အသစ်လဲလေ့ရှိသည်။ ကံကောင်းစွာဖြင့် သူ စာအုပ်မလဲသည်မှာ ကြာပြီဖြစ်၍ စာအုပ်စင်ကို အမြဲသန့်ရှင်းရေး လုပ်ပေးနေသည့် မွန်းအဖို့ ထိုစာအုပ်များနှင့် ရင်းနှီးနေပြီး ဘာစာအုပ်တွေလဲဆိုသည်ကို သိနေပေလိမ့်မည်။

"တကယ်လို့ တစ်ယောက်ယောက်က လာဝယ်ရင် သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲ ရောင်းလိုက်၊ ဘယ်သူ့ကိုမှ ဈေးဆစ်ခွင့် မပေးနဲ့..."

လင်ကျဲက ဤအချက်ကို အလေးပေး မှာကြားလိုက်သည်။ ထို့နောက် အခြား စာအုပ်စင်တစ်ခုကို ညွှန်ပြကာ...

"တကယ်လို့ တစ်ယောက်ယောက်က လာငှားရင် ဒီစင်ကစာအုပ်တွေကို ပေးလိုက်... တစ်အုပ်ကို အာမခံကြေး ၁၀ ဒေါ်လာ ယူ၊ တစ်ယောက်ကို အများဆုံး သုံးအုပ်ပဲ ငှားလို့ရမယ်... သူတို့ရဲ့ အချက်အလက် အပြည့်အစုံကို ရေးခိုင်းဖို့ မမေ့နဲ့ဦး... ဘာတွေ လိုအပ်လဲဆိုတာ မှတ်မိတယ် မဟုတ်လား"

မွန်းက ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့... နာမည်၊ မှတ်ပုံတင်၊ လိပ်စာ၊ ဆက်သွယ်ဖို့ နည်းလမ်း..."

"ကောင်းတယ်..."

လင်ကျဲက သဘောကျစွာ ခေါင်းညိတ်လိုက်၏။

"ပြဿနာ တစ်ခုခု ကြုံရရင် အရင်ဆုံး ရဲကို ဖုန်းဆက်ဖို့ မမေ့နဲ့... မွန်းလေး... မင်းက တိုက်ခိုက်ရေးမှာ တော်တယ်ဆိုတာ ငါသိပေမဲ့ ခွန်အားက အရာအားလုံးရဲ့ အဖြေမဟုတ်တဲ့ အချိန်တွေ ရှိတတ်တယ်၊ ကိုယ့်ဘေးကင်းရေးအတွက် ဦးနှောက်ကို သုံးတတ်ဖို့ လိုတယ်"

မွန်းက လေးနက်စွာ ခေါင်းညိတ်ပြပြီးမှ တစ်ခုခုကို စဉ်းစားဟန်ဖြင့် ခေါင်းစောင်းကာ မေးလိုက်သည်။

"တကယ်လို့ ခွန်အားနဲ့ ဖြေရှင်းလို့ ရနေရင်ရော..."

"..."

လင်ကျဲ...။

'ဒီရဲဘော်လေးရဲ့ ပြဿနာ ဖြေရှင်းပုံ တွေးတောပုံကတော့ တကယ်ကို ဆန်းကြယ်တာပဲ...'

လင်ကျဲ မျက်နှာသေဖြင့် မွန်း၏ ခေါင်းကို ခပ်ကြမ်းကြမ်းလေး ပွတ်လိုက်သည်။

"ဖြေရှင်းလို့ ရရင်တောင် ရဲကိုပဲ ခေါ်ရမယ်... ဘေးကင်းတာက အကောင်းဆုံးပဲ... မင်း တစ်ခုခု ဖြစ်သွားရင် ငါက နောက်ထပ် လက်ထောက် တစ်ယောက် ဘယ်က သွားရှာရမလဲ"

မွန်း၏ မျက်လုံးလေးများက တောက်ပလာပြီး ဘော့စ်ဖြစ်သူကို မေးလိုက်၏။

"ဒါဆို ကျွန်မက အစားထိုးလို့ မရတဲ့ တစ်ဦးတည်းသော လက်ထောက်ပေါ့ ဟုတ်လား..."

လင်ကျဲသည် မွန်း၏ အရေးမပါသော အချက်ကို အာရုံစိုက်တတ်သည့် အလေ့အကျင့်ကြောင့် စကားအရာတွင် အမြဲတမ်းလိုလို ရှုံးနိမ့်ရသည်။ သူက သက်ပြင်းချလိုက်ပြီး သူမ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်၏။

"အေးပါကွာ... မင်းက တစ်ဦးတည်းသော လက်ထောက်ပါ... ငါ့ရဲ့ ဆင်းရဲတဲ့ အခြေအနေကိုလည်း ကြည့်ဦးလေ၊ နောက်တစ်ယောက် ရှာဖို့ ငါ့မှာ ဘယ်လိုမှ မတတ်နိုင်ဘူး"

မွန်းက လေးနက်စွာ ခေါင်းညိတ်သည်။

"မှန်ပါတယ်..."

"..."

လင်ကျဲ သက်ပြင်းချလိုက်မိသည်။

'ငါလို စေတနာကောင်းတဲ့ ဘော့စ်မျိုးနဲ့ ဆုံရတာ မင်းအတွက် တကယ့်ကို ကံကောင်းတာပဲ'

"ကဲ... လုပ်ရမှာတွေ အကုန် ရှင်းသွားပြီ ထင်တယ်... ဪ... ပြီးတော့ ကြောင်ကို အစာကျွေးဖို့ မမေ့နဲ့ဦး..."

လင်ကျဲက လက်ဟန်ပြလိုက်ရာ အဖြူလေးမှာ ချက်ချင်း ပြေးလာပြီး သူ့ ရင်ခွင်ထဲသို့ ခုန်တက်လာသည်။ ကြောင်လေး၏ ဗိုက်ကို ပွတ်ပေးပြီးနောက် သူ မွန်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

"ဒီကောင်ကြီးက တစ်နေ့ထက်တစ်နေ့ ပိုဝလာပြီ... အရင်တုန်းက ချိုးငှက်ကို လိုက်ဖမ်းခိုင်းမိတာကို ငါ တကယ် နောင်တရတယ်... ချိုးငှက် အသိုက်ထဲ ရောက်သွားပြီး ဝအောင် စားခဲ့တာများလား မသိဘူး"

မွန်းက ဘာမှမသိသလိုဖြင့် ကြောင်နားရွက်လေးကို ဆွဲလိုက်သည်။ သူမကိုယ်တိုင်ပင် ထိုစဉ်က ရန်သူ့စခန်းထဲအထိ ရောက်ခဲ့ခြင်း ဖြစ်သဖြင့် ဆရာက သူမ ဝလာသည်ဟု သွယ်ဝိုက်ပြောနေခြင်းလောဟု တွေးမိသည်။ ဖလော်ဆိုဖာ ကျောက်တုံး အသစ်ကို အသုံးပြုပြီးကတည်းက တကယ်လည်း သူမ အစားပိုစားလာမိသည်။

လင်ကျဲက စာအုပ်ဆိုင် တံခါးကို တွန်းဖွင့်လိုက်ရာ မြေပြင်ပေါ်တွင် နှင်းလွှာပါးပါးလေး ဖုံးလွှမ်းနေသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။ လမ်းမပေါ်တွင်လည်း လမ်းသွားလမ်းလာများ၏ ခြေရာများမှာ နှင်းထဲတွင် ထင်ကျန်နေသည်။

နှင်းပွင့်လေးများမှာ ကောင်းကင်ယံတွင် ဝေ့ဝဲနေပြီး ဆောင်းရာသီ တရားဝင် ရောက်ရှိလာခြင်းကို ကြေညာနေသည်။

လင်ကျဲ လက်ကို ဆန့်ထုတ်ကာ ကျဆင်းလာသော နှင်းပွင့်လေးတစ်ပွင့်ကို ဖမ်းလိုက်၏။ လက်ဖဝါးပေါ်မှ အေးစက်စက် ခံစားချက်ကြောင့် သူ၏ တောင်ပိုင်းသား စိတ်ဓာတ်က လှုပ်ရှားသွားသည်။

"ဟူး... ဒါမှ ဆောင်းရာသီနဲ့ တူတာ..."

နော်ဇင်တွင် သုံးနှစ်တိုင်တိုင် နေထိုင်ခဲ့သော်လည်း ဤနေရာ၏ ရာသီဥတုမှာ ပူနွေးသည်။ လွန်ခဲ့သော သုံးနှစ်လုံး၌ အအေးဆုံးအချိန်၌ပင် နှင်းပါးပါးလေးသာ ကျခဲ့သော်လည်း ယခုနှစ်တွင်မူ နှင်းများက စောစီးစွာ ကျရောက်လာခဲ့သည်။

"ဒီနှစ်မှာ နှင်းတွေ အများကြီး ကျမယ့်ပုံပဲ"

လင်ကျဲ တိုးတိုးလေး ရေရွတ်လိုက်ပြီးမှ မွန်းကို လှည့်ပြုံးပြလိုက်သည်။

"ဒါဆို ငါ သွားတော့မယ်... ငါ မရှိတုန်း အဖြူလေးကိုလည်း ဂရုစိုက်၊ ဆိုင်ကိုလည်း ကောင်းကောင်း ထိန်းထားဦးနော်..."

မွန်းက ဝဝတုတ်တုတ် ဖက်တီး ကြောင်လေးကို ပွတ်ရင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်... ဝတ်စုံအပြည့်နှင့် မစ္စတာလင် နှင်းထဲတွင် ခြေရာများ ချန်ထားခဲ့ကာ လမ်းကြားထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို သူမ ကြည့်နေမိတော့သည်။

***

အပိုင်း(၃၆၈)

သောမတ်စ်...

သောမတ်စ်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်လှမ်းရေး ဌာနခွဲမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူသည် ထုံးစံအတိုင်း လမ်းထောင့်ရှိ အိမ်တစ်အိမ်၏ ပြတင်းပေါက်တွင် ထိုင်ကာ လက်ဖက်ရည် သောက်ရင်း ထူးဆန်းသော စာအုပ်ဆိုင်ကို စောင့်ကြည့်နေခဲ့သည်။

ဤစာအုပ်ဆိုင်ကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က သတိထား စောင့်ကြည့်ရမည့် နေရာအဖြစ် သတ်မှတ်ပြီးကတည်းက ထောက်လှမ်းရေး ဌာနခွဲတွင် အထူးစောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယနေ့မှာ သောမတ်စ်၏ တာဝန်ကျချိန် ဖြစ်သည်။

သူသည် ဤအလုပ်ကို အအေးဆေးဆုံး အလုပ်ဟု အမြဲထင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်ဆိုင်ပိုင်ရှင်၏ နေ့စဉ်အချိန်ဇယားမှာ အလွန်ပင် သာမန်ဆန်လွန်းလှသဖြင့် သောမတ်စ်က ထိုသူကို အလွန်အမင်း ပျင်းရိသူဟုပင် ထင်မှတ်ထားသည်။

ထိုလူက အိမ်ထဲကနေ အပြင်ကို လုံးဝ မထွက်ချေ...။

"ဟူး... တစ်ခါတလေ ဒီလို သာမန်လူတစ်ယောက်က တကယ်ပဲ 'အခရာ အဆင့်' ဟုတ်ရဲ့လားလို့ ငါ တွေးမိတယ်"

သောမတ်စ် လက်ဖက်ရည် တစ်ငုံသောက်ကာ စာအုပ်ဆိုင် တံခါးဝကို ထုံးစံအတိုင်း တစ်ချက် ကြည့်လိုက်သည်။ ရုတ်တရက်... သူ အံ့ဩလွန်းလှသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။

အနက်ရောင် ဆံပင်နှင့် လူငယ်လေးသည် ဝတ်စုံအပြည့်ဖြင့် သူ၏ လက်ထောက်မလေးအား နှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက်... သူသည် တစ်ခါမှ မသွားဖူးသော လမ်းဘက်သို့ လျှောက်သွားတော့သည်။

"ဖူး..."

သောမတ်စ် လက်ဖက်ရည်များကို အကုန် ပြန်မှုတ်ထုတ်လိုက်မိပြီး အလောတကြီး ထရပ်လိုက်ရာ စားပွဲကိုပင် တိုက်မိသွားသည်။ သူ ချက်ချင်းပင် အိမ်ထဲမှ အပြေးအလွှား ထွက်လာရင်း ဆက်သွယ်ရေးကိရိယာကို ဆွဲထုတ်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

"သတိပေးချက်... အဖွဲ့ဝင် အားလုံး သတိထားပါ... အရေးပေါ် အခြေအနေ... သူ... သူ စာအုပ်ဆိုင်ကနေ ထွက်သွားပြီ... သူ စာအုပ်ဆိုင်ကနေ ထွက်သွားပြီ..."

…

ဆက်သွယ်ရေးကိရိယာ၏ အခြားတစ်ဖက်ရှိ အသံမှာ ခဏတာ ဆွံ့အသွားပြီးနောက် ထိတ်လန့်တကြား ပြန်လည်အော်ဟစ်လိုက်၏။

"သူ စာအုပ်ဆိုင်ကနေ ထွက်သွားပြီ... ဌာနအားလုံး သတိထား... သူ စာအုပ်ဆိုင်ကနေ ထွက်သွားပြီ..."

"ချီးပဲ... သူက ဘာလို့ ရုတ်တရက်ကြီး စာအုပ်ဆိုင်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တာလဲ..."

"ပြဿနာတစ်ခုခု ပေါ်လာနေလို့လား..."

"နှာခေါင်းသွေးထွက်အောင် ဆိုးတာပဲ... ထောက်လှမ်းရေးဌာနက လူတွေ ဘာတွေ လုပ်နေကြတာလဲ..."

ရှေ့တစ်ဝက်မှာ အခြားသူများကို အသိပေးခြင်းဖြစ်ပြီး နောက်တစ်ဝက်မှာမူ ထိတ်လန့်တကြား ရောင်ရမ်းပြောဆိုနေခြင်း ဖြစ်သည်။ သို့သော်လည်း ထောက်လှမ်းရေးဌာနမှာ ဂျိုးဇက်၊ မေလီဆာတို့ ကိစ္စကြောင့် အလွန်ပင် အလုပ်ရှုပ်နေပြီး စာအုပ်ဆိုင်ကိစ္စကို ကိုင်တွယ်ရန် အင်အားအလုံအလောက် မရှိနိုင်ကြောင်း လူတိုင်း သိကြသည်။

သူတို့ ကြိုတင် ပြင်ဆင်ထားခြင်း မရှိခဲ့သည့် အခြားအကြောင်းရင်းတစ်ခုကတော့ စာအုပ်ဆိုင်ပိုင်ရှင်မှာ အလွန်ပင် တည်ငြိမ်လွန်းနေခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် လပိုင်းအတွင်း သူ့ထံသို့ လာရောက်သေတိုက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သလို စာအုပ်ဆိုင်ပိုင်ရှင်ကိုယ်တိုင်လည်း လှုပ်ခတ်မှုဖြစ်စေမည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။

အရာအားလုံးမှာ အေးချမ်းနေခဲ့သည်။

ဤအတောအတွင်း မှတ်သားလောက်စရာ ကိစ္စသုံးခုသာ ရှိခဲ့သည်။ ပထမတစ်ခု... ကျိကျစ်ရှို့ လက်ဆောင်များဖြင့် ထပ်မံ လာရောက်ခြင်း ဖြစ်သော်လည်း သူမမှာ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သဖြင့် ထူးခြားမှုမရှိပေ။ သူမသည် နောက်ထပ် အကြိမ်အနည်းငယ် လာရောက်ခဲ့သော်လည်း စာအုပ်များယူ၍သာ ပြန်သွားခဲ့သဖြင့် ပုံမှန်စာအုပ်ဝယ်ခြင်း သို့မဟုတ် ငှားခြင်းဟုသာ ယူဆခဲ့ကြသည်။

ဒုတိယနှင့် တတိယ ကိစ္စများမှာ တစ်ချိန်တည်းမှာပင် ဖြစ်ပွားခဲ့သည်။ လမ်းတစ်ဖက်တစ်ချက်ရှိ တစ်ပတ်ရစ်စာအုပ်ဆိုင်ပိုင်ရှင်က မစ္စတာလင်ထံသို့ ထူးဆန်းသော စာအုပ်တစ်အုပ် ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းမှာလည်း ပုံမှန်ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်သည်။

တစ်ချိန်တည်းမှာပင် စာအုပ်ဆိုင်ပိုင်ရှင်၏ ကြောင် (၎င်း၏ မူလအသွင်မှာ မသေချာသေးသော်လည်း 'နေမင်း ယုံကြည်မှုအဖွဲ့' ၏ အဆိုအရ 'အမိုးခုံး ဘုရားကျောင်းတော်' က ချန်ထားခဲ့သော 'လဆန်းရင်သွေး' ဖြစ်နိုင်ခြေရှိသည်) နှင့် လက်ထောက်မလေး မွန်းတို့မှာ တစ်ချိန်တည်းနီးပါး အပြင်သို့ ထွက်သွားခဲ့ကြသည်။

ထိုအချိန် တာဝန်ကျဝန်ထမ်းများ၏ အဆိုအရ သူတို့မှာ ချိုးငှက်ဖမ်းရန် ထွက်သွားခြင်းသာ ဖြစ်သည်... ၎င်းမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ ဖျော်ဖြေရေးအတွက်လားဆိုသည်ကတော့ မသေချာပေ။

ဤငြိမ်သက်နေသော အခြေအနေနှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း တို့အကြား ပိုမိုပြင်းထန်လာသော ပဋိပက္ခများကြောင့် လူတိုင်း၏ အာရုံမှာ ဂျိုးဇက်နှင့် ဝယ်လ်တို့အပေါ်သို့သာ ရောက်ရှိနေခဲ့သည်။

ထို့ကြောင့်... ဤနေရာမှ ထောက်လှမ်းရေး ဌာန တာဝန်ကျဝန်ထမ်းများပင်လျှင် ပေါ့ဆသွားခဲ့ကြသည်။

ရလဒ်အနေဖြင့် စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သူမျှ မမျှော်လင့်ထားဘဲ ရုတ်တရက်ကြီး အပြင်ထွက်ခြင်းဆိုသည့် ကြီးမားသော လှုပ်ရှားမှုကို ပြုလုပ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

ဤသည်မှာ နော်ဇင်တစ်ခုလုံးအတွက် 'အီသာ ဖျက်ဆီးရေး အမြောက်' ဖြင့် အပစ်ခံရသကဲ့သို့ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

သောမတ်စ်သည် အိမ်တံခါးမကြီးကို ဝုန်းခနဲ ဖွင့်ကာ ထွက်လာ၏။ လက်ချောင်းများနှင့် တံခါးအထွက်တွင် ပွတ်တိုက်မိသဖြင့် ဒဏ်ရာပင် ရသွားသည်။ သူသည် အပြင်သို့ လဲကျလုနီးပါး ပြေးထွက်လာခဲ့၏။

ဆက်သွယ်ရေးကိရိယာ၏ အခြားတစ်ဖက်မှ ပြတ်သားသော အသံတစ်ခုက အရေးတကြီး မေးလိုက်သည်။

"သောမတ်စ်... စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လက်ရှိ တည်နေရာနဲ့ သူသွားနေတဲ့ လမ်းကြောင်းကို ချက်ချင်း အစီရင်ခံစမ်း... မင်းသာ သူ့ကို မျက်ခြေပြတ်သွားရင် မင်းရဲ့ သူရဲကောင်းဘွဲ့ကို ပြန်သိမ်းပစ်မယ်..."

သောမတ်စ် တတ်နိုင်သမျှ အမြန်ဆုံး ပြန်အော်ပြောလိုက်၏။

"ကျွန်တော် နောက်က လိုက်နေပါပြီ... အခုပဲ သူက လမ်းကြားအမှတ် (၁၆) ထဲကို ကွေ့ဝင်သွားပြီ၊ (၂၄) လမ်းမကြီးဘက်ကို ဦးတည်နေပုံရတယ်... ဒါက သူ အရင်က သွားနေကျ လမ်းကြောင်း မဟုတ်တာတော့ သေချာတယ်..."

စာအုပ်ဆိုင်ကို စောင့်ကြည့်ရန် တာဝန်ကျသော ထောက်လှမ်းရေး ဌာန ဝန်ထမ်းတစ်ဦးအနေဖြင့် အရေးကြီးဆုံး အချက်နှစ်ချက်မှာ လျင်မြန်သည့် တုံ့ပြန်မှုနှင့် နယ်မြေကျွမ်းကျင်မှုတို့ပင် ဖြစ်သည်။ သောမတ်စ်သည် ဤလမ်း၏ အနေအထားကို မိမိလက်ဖဝါးကဲ့သို့ ကျွမ်းကျင်သဖြင့် စာအုပ်ဆိုင်ပိုင်ရှင် နောက်ထပ် မည်သည့်နေရာသို့ သွားမည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ ထို့ကြောင့် သူသည် အသက်လုကာ အပြေးလိုက်နေခြင်း ဖြစ်သည်။

အနီးအနားတွင် စူပါမားကတ်နှင့် ကုန်စုံဆိုင်တစ်ခုသာ ရှိသော်လည်း ဤလမ်းကြောင်းမှာ ထိုနေရာများဆီသို့ မဟုတ်ကြောင်း သောမတ်စ် ချက်ချင်း ကောက်ချက်ချလိုက်သည်။ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' အဖွဲ့၏ စီးပွားရေးစင်တာအသစ်မှာ ဤလမ်းကြားနှင့် ကပ်လျက်တွင် ရှိသော်လည်း တရားဝင် မဖွင့်လှစ်ရသေးပေ။ ရှေ့နားတွင်မူ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ၏ ယာယီကင်းစခန်းတစ်ခု ရှိပြီး ထိုနေရာတွင် ‘ထူးခြား အဆင့်' သုံးယောက်နှင့် 'ငရဲဘုံ အဆင့်' တစ်ယောက် ရှိနေသည်။

‘စာအုပ်ဆိုင်ပိုင်ရှင်က ဒီလို ငါးပိကောင်လေးတွေကို နှိမ်ဖို့ ကိုယ်တိုင် ကိုယ်ကျ အပြင်ထွက်တာလား...’

‘မဖြစ်နိုင်ဘူး...’

သောမတ်စ်က ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။

‘ထပ်ပြီး စဉ်းစားကြည့်ရအောင်... ဒီလမ်းကြားကနေ မျဉ်းဖြောင့်အတိုင်း ဆွဲလိုက်ရင် ဘယ်နေရာကို ဖြတ်သွားမလဲ...’

သူ၏ မျက်စိရှေ့တွင် နံရံများနှင့် အမိုးများမှာ ဖြတ်ခနဲ ဖြတ်ခနဲ ကျန်ရစ်ခဲ့သော်လည်း သူ၏ မျက်လုံးများမှာမူ စာအုပ်ဆိုင်ပိုင်ရှင်နှင့် သူ၏ အရိပ်ပေါ်မှ လုံးဝ မခွာပေ။

သောမတ်စ်သည် သူ ရှင်သန် နေထိုင်ခဲ့သည့် အသက် ၃၂ နှစ်တာ ကာလအတွင်း တစ်ခါမှ ဤမျှ မြန်မြန် မပြေးဖူးကြောင်း ကျိန်ဆိုရဲသည်။ စစ်မြေပြင်တစ်ခုတွင် အန္တရာယ်ရှိသော အိပ်မက်သားရဲတစ်ကောင်နှင့် တစ်မီတာပင် မဝေးတော့သည့် အချိန်မှာတောင် ဤမျှ မပြေးခဲ့ဖူးပေ။

'(၂၄) လမ်းမကြီးကနေ သွားလို့ရတဲ့ နေရာတွေ အများကြီး ရှိတယ်... သူ ဘယ်သွားမလဲဆိုတာ အတည်ပြုဖို့ နည်းလမ်းမရှိဘူး... သူ ဘာကြောင့် ထွက်လာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မသိရရင် ငါတို့ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး...'

သောမတ်စ် ခေါင်မိုးပေါ်တွင် ဝပ်လျက် လင်ကျဲ၏ နောက်ကျောကို စိုက်ကြည့်ရင်း စိတ်ထဲမှ အော်ဟစ်နေမိ၏။

ထူးဆန်းသည့် စာအုပ်ဆိုင်ပိုင်ရှင်မှာမူ လုံဝ မရပ်ပဲ တည့်တည့်သာ လျှောက်သွားနေပြီး လမ်းကွေ့ရန်လည်း မကြိုးစားပေ။ ရှေ့တွင်မူ လမ်းကြား၏ အဆုံး၊ လမ်းပိတ်နေသည့် နေရာသာ ရှိတော့သည်။

***

All Chapters