အခန်း (၃၆၉-၃၇၀)
Vol. 27 Ch. 369-370
အပိုင်း(၃၆၉)
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၊ ထောက်ပံ့ရေး ဌာန...
ပုံမှန်အားဖြင့် အေးဆေးငြိမ်သက်နေတတ်သည့် ဤဌာနမှာ ယခုအခါ ဖရိုဖရဲ ဖြစ်နေသည်။
"အကြီးအကဲများ ကောင်စီကို အစီရင်ခံစမ်း၊ အပြင်ဘက် ဌာနတွေကို အကြောင်းကြား၊ အထူးသဖြင့် ထောက်လှမ်းရေးဌာနကို... အမှန်တရား အသင်းတော်ကို ဆက်သွယ်... မြန်မြန် လုပ်ကြစမ်း..."
"ချက်ချင်း တိုက်ပွဲဝင် အသင့်အနေအထား ပြင်ဆင်... အကဲဖြတ်တဲ့သူတွေ ဘယ်မှာလဲ..."
"အခု ဘာတွေ ဖြစ်နေလဲဆိုတာ ငါ့ကို ဘယ်သူ ရှင်းပြမလဲ..."
"ဒီရက်ပိုင်းအတွင်းမှာ တကယ်ပဲ ဘာတွေ ဖြစ်သွားခဲ့တာလဲ..."
ထောက်ပံ့ရေး ဌာနခွဲမှူးအဖြစ် ရာထူးတိုးသွားသော 'ကယ်ရိုလိုင်း' သည် စားပွဲကို လက်ဖြင့် ရိုက်ကာ သူမ၏ လက်အောက်ငယ်သားများကို ငေါက်ငမ်းနေ၏။
တစ်ဦးက ချက်ချင်း ရှေ့ထွက်ကာ အစီရင်ခံသည်။
"အဖွဲ့အစည်း အားလုံးကို အကြောင်းကြားပြီးပါပြီ... အထက်က အမိန့်ကတော့ အရင်ဆုံး စောင့်ကြည့်ဖို့နဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အသင့်ပြင်ထားဖို့ပါပဲ... တိုက်ခိုက်ရေးဌာနကို စတင် လှုပ်ရှားခိုင်းလိုက်ပါပြီ... အမှန်တရား အသင်းတော်က 'အီသာ စောင့်ကြည့်ရေး' စနစ်ကို ဖွင့်လိုက်ပြီး အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်၊ ပြီးတော့ 'သံမဏိ နယ်နိမိတ်' ကိုလည်း ပြင်ဆင်ထားပါတယ်... ထောက်လှမ်းရေးဌာနကတော့..."
သူက ခဏမျှ တုံ့ဆိုင်းသွားပြီး တုန်ရီသော အသံဖြင့် ဆက်ပြောလိုက်သည်။
"ထောက်လှမ်းရေးဌာနမှာ ပြဿနာတစ်ခု ဖြစ်နေလို့ သတင်းအချက်အလက် မရသေးပါဘူး..."
ကယ်ရိုလိုင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘာပြဿနာလဲ... ဒီထက် ပိုအရေးကြီးတဲ့ အရာက ဘာရှိလို့လဲ... ဂျိုးဇက်ကော... သူက မစ္စတာလင်ရဲ့ အစီရင်ခံစာတွေကို တစ်တောက်လျောက် တာဝန်ယူထားတဲ့သူ မဟုတ်လား"
အစီရင်ခံနေသည့် ဝန်ထမ်းမှာ တံတွေးတစ်ချက် မျိုချလိုက်ပြီး မျက်နှာ ပျက်သွား၏။
"အဲဒါက... ဆရာဂျိုးဇက်... သူ့သမီး မေလီဆာက အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်တဲ့ မစ်ရှင်မှာ ပါဝင်ဖို့ လှည့်စားခံလိုက်ရပါတယ်... ထောက်လှမ်းရေး သတင်းတွေအရ ဝယ်လ်ရဲ့ လက်ရုံး ညဉ့်သိမ်းငှက်ဟာ မစ္စဗီဗီယန်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်"
"အဲဒါကြောင့် ဆရာဂျိုးဇက်ဟာ မျှော်စင်ကနေ အပြေးအလွှား ထွက်သွားပြီး စစ်မြေပြင်ဆီကို ဦးတည်သွားပါပြီ..."
ကယ်ရိုလိုင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ ပါးစပ်ဟောင်းလောင်းဖြင့် ဘာစကားမှ ထွက်မလာတော့ပေ။
ဂျိုးဇက်မှာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းနှင့် တိုက်ပွဲထဲကို တိုက်ရိုက် ဝင်သွားပြီ ဖြစ်သည်။ ၎င်းမှာ လက်ရည်စမ်းခြမ်း အဆင့်ကို ကျော်လွန်ကာ စစ်ပွဲ တစ်ခုထံ တိုက်ရိုက် ဦးတည်လိုက်ခြင်း ဖြစ်သည်။
‘ဒီလို အချိန်မျိုးမှာမှ ဘာလို့ ဒါတွေ ဖြစ်ရတာလဲ... ဂျိုးဇက် ထွက်သွားတယ် ဆိုတာက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အနေနဲ့ အင်အားအကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက် ဆုံးရှုံးသွားရတာပဲ... ပြီးတော့ ဒီအချိန်မှာမှ မစ္စတာလင်က စာအုပ်ဆိုင်ထဲကနေ ထွက်လာတယ်တဲ့’
ထိုအချိန်မှာပင် နောက်တစ်ဦး အပြေးအလွှား ရောက်လာပြန်သည်။
"ထောက်လှမ်းရေးဌာနက နောက်ဆုံးရ သတင်းနဲ့ အစီရင်ခံစာ ရောက်လာပါပြီ..."
ကယ်ရိုလိုင်း စိတ်ကို ပြန်အေးအောင် ထားလိုက်ပြီး အချက်ပြလိုက်သည်။
"အစီရင်ခံစမ်း..."
"လွန်ခဲ့တဲ့ တစ်မိနစ်က ၆၉ လမ်းမရဲ့ နယ်နိမိတ် အပြင်ဘက်မှာ ဝယ်လ် ပေါ်လာပါတယ်... သူ့နောက်မှာတော့ သူ့ လက်ရုံးနှစ်ဦးဖြစ်တဲ့ နဂါးပျံနဲ့ စာဂျပိုးတို့ ပါလာသလို ကောင်းကင် ဝံပုလွေ ဂရေဒီ ခေါ်လာတဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင် အမြောက်အမြားလည်း ပါဝင်ပါတယ်"
"ကျွန်တော်တို့ရဲ့ ကင်းစခန်း သုံးပုံနှစ်ပုံဟာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းရဲ့ တစ်ပြိုင်နက် တိုက်ခိုက်ခြင်းကို ခံနေရပြီး လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေပါတယ်... အခုအချိန်အထိ ကင်းစခန်း ၇ ခု ကျဆုံးသွားပါပြီ..."
"စစ်ပွဲက အပြည့်အဝ ပေါက်ကွဲသွားပါပြီ..."
"တိုက်ခိုက်ရေးဌာနက စစ်ကူတွေ လွှတ်လိုက်ပါပြီ၊ နေမင်း ယုံကြည်မှုအဖွဲ့ကလည်း 'တမန်တော်' တွေကို စေလွှတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်... ဒါပေမဲ့ အမှန်တရား အသင်းတော်ကတော့ ကျွန်တာ်တို့ရဲ့ အကူအညီ တောင်းခံမှုကို ငြင်းပယ်လိုက်ပါတယ်၊ စာအုပ်ဆိုင်ပိုင်ရှင် ဘေးကင်းဖို့ကို အရင်ဆုံး သေချာအောင် လုပ်ရမယ်လို့ ပြောပါတယ်"
ထိုခဏတွင် ထောက်ပံ့ရေး ဌာန တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"နောက်ထပ် ဘာရှိသေးလဲ"
ကယ်ရိုလိုင်းက မေးလိုက်သည်။
ထိုလူက ဆက်ပြောလိုက်၏။
"ရရှိထားတဲ့ သတင်းတွေအရ စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လှုပ်ရှားမှုဟာ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' အဖွဲ့က ကျင်းပတဲ့ ပါတီပွဲနဲ့ ပတ်သက်နေနိုင်ခြေ များပါတယ်..."
….
"ပါတီပွဲ ဟုတ်လား..."
လက်ရှိ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' အဖွဲ့၏ အကြီးအကဲ 'ကျိပိုတုန်' သည် နှစ်စဉ်နှစ်တိုင်း A16 ခြံဝင်းအတွင်း၌ ကြီးကျယ်ခမ်းနားသော ပါတီပွဲကြီး တစ်ခုကို ကျင်းပလေ့ရှိကြောင်း ကယ်ရိုလိုင်း ရုတ်တရက် သတိရသွားသည်။
ထို့နောက် သူမသည် ဤကိစ္စမှာ အဓိပ္ပာယ်မရှိသလို ယုံရခက်လွန်းလှသည်ဟု ခံစားလိုက်ရသည်။
‘မစ္စတာလင်က ကျိပိုတုန် ကျင်းပတဲ့ ပါတီပွဲကို သွားနေတာလား... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
ကယ်ရိုလိုင်း သံသယဖြစ်မိသည်။ သာမန်လူသားများ၏ အမြင်တွင် 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' အဖွဲ့မှာ ကြီးမားသော လက်ဝါးကြီးအုပ် လုပ်ငန်းစုကြီး ဖြစ်သော်လည်း သဘာဝလွန် စွမ်းအားရှင် လောကတွင်မူ၊ အထူးသဖြင့် 'အမှန်တရား အသင်းတော်' နှင့် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' တို့၏ အမြင်တွင်မူ ထိုကုမ္ပဏီမှာ ပိုက်ဆံရှာရန် အသုံးချခံ ကိရိယာ သက်သက်သာ ဖြစ်သည်။
အဆင့်အတန်းအရဆိုလျှင် ဒရူးဝှစ်များ ထိန်းချုပ်ထားသည့် 'အက်ရှ် ကုန်သည်ကြီးများအသင်း' ကိုပင် မမီပေ။ ထိုအသင်းမှာ အနည်းဆုံးတော့ အထက်ပါ သဘာဝလွန် အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်သည့် အခွင့်အရေး ရှိသည်။ ဥပမာအားဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်လှမ်းရေးဌာနအတွက် အပိုဆောင်း ရန်ပုံငွေများကို အက်ရှ် ကုန်သည်ကြီးများအသင်းက ထောက်ပံ့ပေးထားသဖြင့် ဂျိုးဇက်ပင်လျှင် သူတို့ကို မျက်နှာသာပေးရသည်။
'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' မှာမူ သတ္တုတွင်း တူးဖော်ရေး ကိရိယာ သက်သက်သာ ဖြစ်သည်။ သူတို့ ပိုက်ဆံ ဘယ်လောက်ပဲ ရှာရှာ၊ ထိုပိုက်ဆံများမှာ သဘာဝလွန် စွမ်းအားရှင် လောကမှ လာခြင်းဖြစ်သည်။ ထိုစည်းစိမ်ကို သုံးပြီး ညှိနှိုင်းဖို့ ကြိုးစားခြင်းမှာ ရယ်စရာပင် မဟုတ်ပါလော။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျိပိုတုန်မှာ ရုပ်သေးရုပ် သက်သက်သာ ဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူများမှာ ဗဟိုခရိုင်မှ အာဏာပိုင်များ၊ အမှန်တရား အသင်းတော်၏ ထိပ်တန်း ပညာရှင်များနှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အကြီးအကဲများ ကောင်စီတို့သာ ဖြစ်သည်။
ကျိပိုတုန် သာမန်လူသား တစ်ဦးသာ ဖြစ်နေခြင်းက သူ၏ အကြီးမားဆုံး အပြစ်ပင်။ ဤအချက်ကပင် သူနှင့် သူ့ အဖွဲ့အစည်းကို သဘာဝလွန် စွမ်းအားရှင် လောက၏ စင်မြင့်ထက်တွင် နေရာတစ်နေရာ မရနိုင်ရန် ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်သည်။ အထက်လူကြီးများကလည်း ဤအစီအစဉ်ကို သေချာ စနစ်တကျ ပြုလုပ်ထားခြင်း ဖြစ်သည်။ 'ရိုးလ်' ထိန်းချုပ်ထားသော အရာများမှာ အလွန် အရေးကြီးလွန်းသဖြင့် အကယ်၍ သဘာဝလွန် စွမ်းအားရှင် တစ်ဦးဦး၏ လက်ထဲ ရောက်သွားပါက ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်သည်။
သို့သော် စွမ်းရည်မရှိသော သာမန်လူသား တစ်ဦး၏ လက်ထဲတွင် ရှိနေချိန်တွင်မူ သူ မည်သည့် အတွေးမျိုး ရှိနေပါစေ၊ လက်တွေ့ အကောင်အထည် ဖော်နိုင်မည် မဟုတ်သဖြင့် ပြဿနာ မရှိပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုလူကြီးမင်းများ တွက်ချက်မှု မှားယွင်းသွားပုံ ရသည်။
အချိန်အတော်ကြာအောင် ပြင်ဆင်လာခဲ့သည့် စစ်ပွဲကြီး ပေါက်ကွဲချိန်မှာပင် 'ရိုးလ်' သည် တိတ်တဆိတ် အောင်ပွဲခံရန် ကြိုးစားနေပြီး မယုံနိုင်စရာ ကောင်းလောက်အောင် အောင်မြင်နေပုံရသည်။
ဤသို့ တွေးမိလိုက်သည်နှင့် ကယ်ရိုလိုင်းမှာ ထိတ်လန့်သွားရပြီး သူမ၏ ခိုင်မာသော အယူအဆများမှာ စတင် လှုပ်ခတ်လာခဲ့တော့သည်။
'သာမန် သုံးသပ်ချက်အရဆိုရင် ကျိပိုတုန်ဟာ မစ္စတာလင်ကို လှုပ်ရှားအောင် လုပ်နိုင်စရာ အကြောင်းမရှိဘူး... ဒါပေမဲ့ ဒါဟာ သာမန်အမြင်အရပဲ... မစ္စတာလင်က သာမန်လူမျိုးလား... လုံးဝ မဟုတ်ဘူး...'
'သူဟာ ဒီညီမျှခြင်းရဲ့ အကြီးမားဆုံးသော ကိန်းရှင်ပဲ... သူက မကောင်းတဲ့သူ မဟုတ်ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်ပဲ အလုပ်လုပ်တာ... အခု သူက ဖျော်ဖြေပွဲတစ်ခုကို ကြည့်ချင်နေတာဆိုရင်... သာမန်လူသားတွေက သဘာဝလွန် စွမ်းအားရှင်တွေကို အနိုင်ယူပြတဲ့ ပွဲမျိုးဆိုရင် ကျိပိုတုန်ဟာ အကောင်းဆုံး ရွေးချယ်မှုပဲပေါ့...'
ကယ်ရိုလိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ မစ္စတာလင်၏ စိတ်ထဲတွင် ဘာရှိနေသည်ကို သူမ ချက်ချင်း သဘောပေါက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လက်ရှိ ဖြစ်ပျက်နေသမျှနှင့် နှိုင်းယှဉ်ကြည့်ပါက ဤအဓိပ္ပာယ်မရှိသော ဖြစ်နိုင်ခြေမှာ ပိုမို ခိုင်မာလာတော့သည်။
သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေ၏။ အစီရင်ခံနေသည့် လက်အောက်ငယ်သားကို ကြည့်လိုက်ရင်း...
"ဆက်ပြောစမ်း... ထောက်လှမ်းရေးဌာနက ဒီသီအိုရီကို ထောက်ခံတဲ့ တခြား ဘာအချက်အလက်တွေ ရှိသေးလဲ"
ထိုသူက ခေါင်းညိတ်ကာ ဆက်လက် အစီရင်ခံသည်။
"ပထမအချက်ကတော့ ကျိပိုတုန်ရဲ့ သမီး ကျိကျစ်ရှို့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက သားရေလက်ဆွဲအိတ် တစ်လုံးနဲ့ စာအုပ်ဆိုင်ကို လာခဲ့ပါတယ်... အဲဒီအချိန်က ထောက်လှမ်းရေးဌာနရဲ့ အီသာ စောင့်ကြည့်မှုအရ ပုံမှန် အတိုင်းအတာအတွင်းမှာပဲ ရှိနေပေမဲ့ နောက်ပိုင်းမှာ အနည်းငယ် ထူးဆန်းတဲ့ လှိုင်းနှုန်းတွေကို ဖမ်းယူရရှိခဲ့ပါတယ်... ဒါပေမဲ့ ကြီးကြီးမားမား မဟုတ်လို့ မှတ်တမ်းပဲ တင်ထားခဲ့တာပါ..."
"လက်ဆွဲအိတ်မှာ ပြဿနာ ရှိနေတာလား"
ကယ်ရိုလိုင်းက မေးသည်။
"ဖြစ်နိုင်ခြေ များပါတယ်... ကျိကျစ်ရှို့ဟာ စာအုပ်ဆိုင်ပိုင်ရှင်ထံ တစ်စုံတစ်ခု တောင်းဆိုခဲ့တာ ဖြစ်နိုင်ပါတယ်..."
"ဒုတိယအချက်ကတော့ အဲဒီအချိန်မှာ ကျိကျစ်ရှို့ဟာ စာအုပ်ဆိုင်ကို လမ်းလျှောက်မလာဘဲ ကားနဲ့ လာခဲ့တာပါ... အဲဒီ ခရီးစဉ်မှာ ကားဒရိုင်ဘာကလည်း သူမနောက်ကို လိုက်ပြီး ဆိုင်ထဲ ဝင်သွားခဲ့တယ်... ကျွန်တော်တို့ အခုပဲ မှတ်တမ်းတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီဒရိုင်ဘာဟာ ကျိမိသားစုမှာရော၊ ရိုးလ် အဖွဲ့အစည်းမှာရော အလုပ်လုပ်နေတဲ့သူ မဟုတ်ကြောင်း တွေ့ရပါတယ်..."
"ဒါကြောင့် အဲဒီအချိန်က ဒရိုင်ဘာဟာ ကျိပိုတုန် ကိုယ်တိုင် ဖြစ်နိုင်ခြေ ရှိပါတယ်..."
ထိုအချက်ကို ကြားလိုက်ရပြီး စာဖြင့် ရေးထားသော အစီရင်ခံစာကိုလည်း ကိုယ်တိုင် ဖတ်ကြည့်လိုက်သည့်အခါ ကယ်ရိုလိုင်း၏ ဦးနှောက်မှာ လျှပ်စစ်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။
‘ဒါပဲပေါ့... တကယ်ကို ဒီလို ဖြစ်နေတာပဲ...’
***
အပိုင်း(၃၇၀)
‘ဒီလိုဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ...’
ကယ်ရိုလိုင်း အရာအားလုံးကို သဘောပေါက်သွားသည်။
‘ကျိကျစ်ရှို့က မစ္စတာလင်ဆီ အရင် လာခဲ့တယ်... ပြီးမှ ဝယ်လ်က မစ္စတာလင်ကို ပေးထားတဲ့ ဂါဂွိုင်းရုပ်ကို ပြန်လည် ပြုပြင်ချင်လို့ ဂျိုးဇက်နဲ့ ထိပ်တိုက်တွေ့တဲ့ ကိစ္စ ပေါ်လာတယ်.... ဒါဟာ မစ္စတာလင်က တောင်းဆိုမှုကို လက်ခံလိုက်ပြီး ပဋိပက္ခကို အရှိန်မြှင့်ပေးလိုက်တဲ့ သက်သေပဲလား’
‘ပြီးတော့ အဲဒီ မတိုင်ခင်နဲ့ နောက်ပိုင်းရက်တွေမှာ အမှန်တရား အသင်းတော်ရဲ့ ဒုတိယဥက္ကဋ္ဌ အင်ဒရူးကလည်း စာအုပ်ဆိုင်ကို လာခဲ့သေးတယ်... ဒါကြောင့် အခုလို အရေးကြီးတဲ့ အချိန်မှာ အမှန်တရား အသင်းတော်က လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို အကူအညီ မပေးချင်တာလား...’
‘တကယ်လို့ ဒါတွေ အားလုံးက မှန်နေမယ်ဆိုရင် အခု ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မစ္စတာလင်ရဲ့ အစီအစဉ်ထဲမှာ ရှိနေပြီးသား ဖြစ်ရမယ်...’
‘ဒါဆိုရင် ဝယ်လ်နဲ့ ဂျိုးဇက်တို့ရဲ့ တိုက်ပွဲကို အသုံးချပြီး အမှန်တရား အသင်းတော်နဲ့ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ရဲ့ အာရုံကို လွှဲလိုက်တာပေါ့... တခြား တစ်ဖက်မှာ ဖြစ်နေတဲ့ ကိစ္စကို သတိမထားမိအောင်လို့...’
‘ခြံဝင်း A16 ရဲ့ ပါတီပွဲ၊ သာမန်လူသားတွေရဲ့ စင်မြင့်ထက်မှာ... သူ့ရဲ့ ပျော်ရွှင်မှုအတွက် အပြည့်အဝ ဖန်တီးပေးထားတာပဲ...’
ကယ်ရိုလိုင်း နားထင်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။ အခုအချိန်တွင် သူမ ဘာများ လုပ်နိုင်ဦးမည်နည်း။
“စာအုပ်ဆိုင်ကို စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေး ဌာန ဝန်ထမ်းဆီကရော... ဘာအကြောင်းပြန်ချက်မှ မရှိတော့ဘူးလား"
"သူ အခုပဲ ပြန်ဖြေပါတယ်၊ ဒါပေမဲ့..."
ကယ်ရိုလိုင်း၏ စိတ်မှာ တင်းခနဲ ဖြစ်သွားပြီး နှလုံးမှာ လည်ပင်းနားအထိ တက်လာသကဲ့သို့ ခံစားရ၏။
"ဘာဖြစ်လို့လဲ"
လက်အောက်ငယ်သားမှာ တုံ့ဆိုင်းနေပြီးမှ...
"ဒီနေ့ တာဝန်ကျတဲ့ သောမတ်စ်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တစ်ခုခု ဖြစ်နေပုံရပါတယ်... သူက အစမှာ စာအုပ်ဆိုင်ပိုင်ရှင် ပျောက်ကွယ်သွားပြီလို့ ပြောတယ်၊ ပြီးတော့ စကားတွေ လျှောက်ပြောပြီး ရယ်နေတော့တာပဲ... နံရံက တံခါးဖြစ်သွားပြီ၊ အရိပ်တွေက နက်ရှိုင်းတဲ့ ချောက်ကြီးဖြစ်သွားပြီ၊ ပြီးတော့ ရှေးဟောင်း စကြာဝဠာဆိုတာတွေလည်း ပြောနေပါတယ်..."
ကယ်ရိုလိုင်း သက်ပြင်းချကာ လက်ဟန်ပြလိုက်သည်။
"ဒါ သဘာဝကျပါတယ်... သူ့ကို ပြန်ခေါ်လာခဲ့ပြီး အမဲလိုက်သမားတွေကို လုပ်ပေးနေကျ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ လုပ်ပေးလိုက်ပါ"
ထို့နောက် သူမသည် ခြံဝင်း A16 အနီးရှိ ကင်းစခန်းကို စစ်ဆေးခိုင်းလိုက်၏။ အမှန်တကယ်ပင် မစ္စတာလင်ကို ထိုနေရာတွင် တွေ့ရှိရကြောင်း အစီရင်ခံစာ ရောက်ရှိလာသဖြင့် သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အကယ်၍ ထိုအရာများကို မစ္စတာလင် ကိုယ်တိုင် စီစဉ်ထားတာဆိုလျှင် သူတို့က ဘယ်သူမို့ သွားတားရမည်နည်း။ တားခဲ့လျှင်ရော မစ္စတာလင်ကို မည်ကဲ့သို့ မျက်နှာချင်းဆိုင်မည်နည်း။ သူ့စွမ်းအားကို မည်သူက ရင်ဆိုင်ရဲမည်နည်း။
တားလို့ မရနိုင်တော့မှတော့ စာအုပ်ဆိုင်ပိုင်ရှင် ပွဲကို အေးအေးဆေးဆေး ကြည့်နေပါစေလို့သာ ဆုတောင်းရတော့မည်။ မည်သို့ပင် ဆိုစေကာမူ... သူတို့ထံတွင် ထိုနေရာကို အာရုံစိုက်ဖို့ အင်အား မရှိတော့ပေ...။ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းက လှုပ်ရှားနေပြီး 'ဖျက်ဆီးခြင်း အဆင့်' နှစ်ဦး၏ တိုက်ပွဲက နော်ဇင်ကို လွှမ်းမိုးတော့မည် မဟုတ်ပါလော။
ထိုကဲ့သို့ ပရမ်းပတာ အခြေအနေမျိုးတွင် တရားခံ အစစ်ကတော့ သာမန်လူသားများ၏ ပါတီပွဲကို အေးအေးဆေးဆေး တက်ရောက်နေခဲ့သည်။ ၎င်းက တကယ့်ကို မစ္စတာလင်၏ စတိုင်ပင်။
...
ထိုအချိန် အမှန်တရား အသင်းတော်၌...
အင်ဒရူးသည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အကူအညီ တောင်းခံမှုအား လာရောက် အကြောင်းကြားသော ပညာရှင်ကို ပြန်လွှတ်လိုက်သည်။ သူက ခပ်ပြုံးပြုံးဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
'အရှင်သခင်ရဲ့ ပါတီပွဲကို နှောင့်ယှက်ချင်နေတာလား... ခင်ဗျားတို့ အရမ်း စောလွန်းသေးတယ်... ဂျိုးဇက်... မင်းရဲ့ မစင်ကြယ်မှုအတွက် မင်း ပေးဆပ်ရလိမ့်မယ်...'
....
အင်ဒရူး၏ အမြင်တွင် ဂျိုးဇက်သည် 'မစင်ကြယ်သူ' ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂျိုးဇက်သည် စာအုပ်ဆိုင်၏ 'အကျိုးခံစားခွင့်ရသူ' တစ်ဦးမျှသာ ဖြစ်သောကြောင့်ပင်။
ဂျိုးဇက်သည် မစ္စတာလင်အပေါ် ကျေးဇူးတင်ရှိမှုနှင့် ရိုသေလေးစားမှုကို ပြသခဲ့သည်မှာ အမှန်ပင်။ သို့သော် အခြေခံအားဖြင့်မူ သူတို့နှင့် လုံးဝ ကွဲပြားနေသည်။ သူသည် စာအုပ်ဆိုင်၏ နောက်လိုက်တစ်ဦး မဟုတ်သလို စာအုပ်ဆိုင်မှ မြစ်ဖျားခံလာသည့် ဘာသာတရားတစ်ခုကို သက်ဝင်ယုံကြည်သူလည်း မဟုတ်ပေ။
'ဉာဏ်ပညာ ရှာဖွေသူများ' ဖြစ်စေ၊ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ် ဖြစ်စေ၊ 'နေမင်း ယုံကြည်မှုအဖွဲ့' ပင် ဖြစ်စေ... အမှန်တရားမှာ ထိုအဖွဲ့အားလုံးသည် ရေသောက်မြစ် တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ဂိုဏ်းဂဏတိုင်းသည် စာအုပ်ဆိုင်၏ လွှမ်းမိုးမှုအောက်တွင် တည်ထောင်ခဲ့ကြခြင်း ဖြစ်ပြီး အားလုံးသည် မစ္စတာလင်၏ အလိုဆန္ဒနှင့် စကားလုံးများကို နာခံကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် မူလအရင်းအမြစ်တစ်ခုတည်းအပေါ် ကွဲပြားသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိကြသော်လည်း အနှစ်သာရအားဖြင့် တူညီကြသည်ဟု ဆိုနိုင်သည်။ သူတို့နှင့် မတူဘဲ ကွဲထွက်နေသူများမှာ ဂျိုးဇက်နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တို့သာ ဖြစ်သည်။
အင်ဒရူးသည် အရာအားလုံးကို အထင်အရှား မြင်နေရသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အကြီးအကဲများ ကောင်စီအတွင်း၌ ကြောက်ရွံ့မှု၊ ထိတ်လန့်မှုများ ရှိနေသကဲ့သို့ ကြိုးကိုင်လိုစိတ်၊ လောဘနှင့် ရည်မှန်းချက် အလွဲများက ပို၍ပင် ကြီးစိုးနေသည်။ သူတို့သည် သာမန်လူသားများနှင့် မခြားပေ။ သူတို့၏ မိုက်မဲမှုမှာ အတိုင်းအဆ မရှိပေ။ သူတို့၌ သဒ္ဓါတရားရှိသော ဝတ်ပြုကိုးကွယ်သူများ ဖြစ်လာရန် အရည်အချင်းရော၊ အသွင်အပြင်ပါ မရှိကြချေ။
ဂျိုးဇက်နှင့် ပတ်သက်၍မူ ထိုသူရဲကောင်းကြီးမှာ ပြိုလဲရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
သို့သော် ဂျိုးဇက်သည် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို ဝယ်လ်တစ်ယောက်တည်းက ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ မစ္စတာလင်၏ အလိုဆန္ဒအရ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းကိုမူ ရိပ်မိသွားပုံ ရသည်။ ဝယ်လ် ကျူးလွန်ခဲ့သမျှ မကောင်းမှုတိုင်းကို မစ္စတာလင်က တိတ်တဆိတ် ခွင့်ပြုထားခဲ့သည်။ ဆိုလိုသည်က... ဂျိုးဇက် မည်မျှပင် ရုန်းကန်ပါစေ၊ အဆုံးသတ်တွင် သူသည် အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် မစ္စတာလင်က သူ့ကို နတ်ဆိုးဓား၏ အမှောင်တွင်းထဲမှ ဆွဲထုတ်ပေးခဲ့သည့် ကျေးဇူးရှိသော်လည်း ဂျိုးဇက်၏ မွေးရာပါ တရားမျှတမှု စိတ်ဓာတ်မှာ စာအုပ်ဆိုင်အပေါ် သစ္စာစောင့်သိမှုထက် ပို၍ အားကောင်းနေဆဲ ဖြစ်သည်။
ဂျိုးဇက်သည် နောက်ဆုံးတွင် စာအုပ်ဆိုင်၏ ရန်သူ ဖြစ်လာလိမ့်မည်ဟု အင်ဒရူး အခိုင်အမာ ယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် မကောင်းမှုဟူသမျှကို ရွံရှာစက်ဆုပ်သော၊ မယိမ်းယိုင်သော သန့်စင်သည့် မီးလျှံ ဂျိုးဇက်၏ စစ်မှန်သော မူလအသွင် ဖြစ်သောကြောင့်ပင်။
တစ်ဖက်တွင်လည်း မစ္စတာလင်သည် အင်ဒရူး၏ အမြင်ကို ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။ ဤမြင်ကွင်းအားလုံးကို စောင့်ကြည့်နေသော မစ္စတာလင်သည်လည်း ဤအခြေအနေကို မြင်တွေ့ရလျှင် ကျေနပ်နေမည်မှာ သေချာသည်။
အင်ဒရူးသည် ဤအချက်များကို တိတ်ဆိတ်စွာ တွေးတောနေမိ၏။ ထို့နောက် လက်အောက်ငယ်သားများကို ဆုတ်ခွာရန် အချက်ပြလိုက်ပြီး သူါ ညာဘက်ရှိ ရာဇီယယ်ဘက်သို့ လှည့်လိုက်သည်။
"ကျွန်တော်တို့ ခုနက စကားကို ပြန်ဆက်လို့ ရပါပြီ... 'အမှန်တရား အသင်းတော်' ကို ပြန်လည် ကြီးကျယ်အောင် လုပ်ဖို့ဆိုတာ ခင်ဗျားရဲ့ အတွေးအခေါ် ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေက ထပ်တူကျနေတယ်လို့ ယုံကြည်ပါတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကလိုပဲ ခင်ဗျားကို ပညာရှင်တွေရဲ့ ခေါင်းဆောင်အဖြစ် ပြန်လည် မြင်တွေ့ရပြီး ကမ္ဘာလောကရှေ့မှာ ခင်ဗျားရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ပြန်လည် ထုတ်ဖော်ပြသဖို့ ကျွန်တော် စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်"
အင်ဒရူး၏ အကြည့်မှာ ပြတ်သားနေပြီး လေသံမှာလည်း တည်ငြိမ်နေသည်။ သူတို့သည် အကြွင်းမဲ့ သဘောတူညီမှု ရရှိထားသည့်အလား စကားပြောနေကြသော်လည်း အမှန်တကယ်တွင်မူ အင်ဒရူးသည် 'အီမာ' ၏ အတွေးများကို စဉ်ဆက်မပြတ် 'ခန့်မှန်း' နေခြင်းသာ ဖြစ်သည်။
အင်ဒရူးက 'ခန့်မှန်းချက်' သို့မဟုတ် 'ယူဆချက်' တစ်ခုကို ထုတ်ဖော်လိုက်တိုင်း ရာဇီယယ်က သူ့စိတ်ထဲတွင် ထိုသို့သော အတွေးမျိုး ရှိနေကြောင်း သဘောတူညီခဲ့သည်။ အင်ဒရူးသည် ထူးဆန်းသော ခန့်မှန်းချက်များကို ထပ်ခါတလဲလဲ အကြံပြုခြင်းဖြင့် စမ်းသပ်စစ်ဆေးကာ သူ၏ စိတ်ကူးဉာဏ်မှ ပေါက်ဖွားလာသော အတွေးအမြင်များကို အတည်ပြုနိုင်ခဲ့သည်။
မိနစ် ၃၀ ကြာ အပြန်အလှန် ဆက်ဆံပြီးနောက်တွင် ထိုသူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အပြည့်အဝ နားလည်သော ရင်းနှီးသည့် ရဲဘော်ရဲဘက်များ ဖြစ်သွားကြပြီ ဖြစ်သည်။ ရာဇီယယ်က သူ၏ မျက်မှန်ကို အသာပင့်တင်ကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... အမှန်တရား အသင်းတော်ကို ငါကိုယ်တိုင် တည်ထောင်ခဲ့တာ... ဒါပေမဲ့ ဒီနေ့မှာတော့ သူ့ရဲ့ အတိတ်က ဂုဏ်သိက္ခာတွေ ပျောက်ကွယ်ကုန်ပြီ"
သူပ ထိုင်ရာမှ ထလိုက်ပြီး ရုံးခန်း၏ ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်တံခါးကြီးဆီသို့ အေးအေးလူလူ လျှောက်သွားလိုက်သည်။ ဆန့်ကျင်ဘက် စင်္ကြံတစ်လျှောက် အလျင်အမြန် သွားလာနေကြသော အေးစက်ပြီး မောက်မာသည့် ပညာရှင်များကို ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ငါ မက်ရှင်းလုထဲမှာ ရှိနေတုန်းကလည်း အမှန်တရား အသင်းတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲ စောင့်ကြည့်နေခဲ့တာ... ဒီဘက်ခေတ် ပညာရှင်တွေက မောက်မာဖို့နဲ့ ခေါင်းမာဖို့ပဲ တတ်ကြပုံရတယ်... အဲဒါကလွဲရင် တိုးတက်မှု ဒါမှမဟုတ် တီထွင်ဆန်းသစ်မှုဆိုတာ အစအနတောင် မတွေ့ရဘူး... ငါ ဖောက်ပေးခဲ့တဲ့ လမ်းကနေ ဘယ်သူမှ ခွဲထွက်ပြီး မလျှောက်လှမ်းနိုင်ကြဘူး"
ထို့နောက် သူက 'အီသာ ဖျက်ဆီးရေး အမြောက်' ရှိရာဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ဒီလက်နက်ရဲ့ အခြေခံ တည်ဆောက်ပုံကိုတောင် ငါကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာ၊ ဒါပေမဲ့ ဘယ်သူမှ အဲဒါကို ပြုပြင်ပြောင်းလဲဖို့ မစဉ်းစားခဲ့ကြဘူး"
အင်ဒရူးက ထရပ်လိုက်ပြီး ရာဇီယယ်ကို ကြည့်လိုက်၏။
"ဒါကြောင့် ခင်ဗျား ဒေါသထွက်နေတာပေါ့"
***