← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 27 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 27 Ch. 375-376

အပိုင်း(၃၇၅)

နေမင်း ယုံကြည်မှုအဖွဲ့...

ယခင်က 'အမိုးခုံး ဘုရားကျောင်းတော်' ပိုင်ဆိုင်ခဲ့သော ဘုရားကျောင်းကို ဘာသာတရားသစ်က ပြန်လည် ပြုပြင်ခဲ့သည်။ သို့သော်လည်း... အမိုးခုံး ဘုရားကျောင်းတော်၏ အမှတ်အသားများကို 'နေမင်း' အဖြစ် ပြောင်းလဲလိုက်ခြင်းမှအပ အဆောက်အအုံ၏ ဖွဲ့စည်းပုံကိုမူ များစွာ မပြောင်းလဲပေ။

ပထမဆုံး ပုပ်ရဟန်းမင်းကြီး 'ဗင်းဆင့်' ၏ အဆိုအရ ဘာသာတရားသစ်မှာ ကနဦး အဆင့်မှာသာ ရှိသေးသဖြင့် လုပ်စရာများစွာ ရှိနေသေးသည်။ ထိုကဲ့သို့သော နေရာမျိုးတွင် ငွေကြေးနှင့် ပစ္စည်းများကို ဖြုန်းတီးမည့်အစား ဝတ်ပြုသူများနှင့် နောက်လိုက်များကိုသာ အဓိက အာရုံစိုက်ရန်မှာ ပို၍ အရေးကြီးသည်။

ထိုသို့သော ချဉ်းကပ်မှုက ချီးကျူးမှုများ ရရှိခဲ့သည်မှာ သဘာဝပင်။

ယခုအချိန်တွင် ဗင်းဆင့်သည် သူ၏ ခမ်းနားသော ရွှေရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ကာ ပုပ်ရဟန်းမင်းကြီး ထိုင်ခုံတွင် ထိုင်နေသည်။ သူ့ မျက်လုံးများကို အဝတ်စဖြင့် စည်းမထားတော့သော်လည်း မှိတ်ထားဆဲ ဖြစ်ပြီး အရှေ့မှ နောက်လိုက်များကို 'ငုံ့ကြည့်' နေသည်။

တမန်တော် တစ်ဦးက အစီရင်ခံစာ တင်ပြနေ၏။

"လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းတို့ တရားဝင် စစ်ဖြစ်နေပါပြီ... ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ လူတွေဟာ မျှော်စင်ကို ကူညီဖို့ တိုက်ပွဲထဲ ဝင်ပါသွားပါပြီ... လောလောဆယ်မှာ တိုက်ပွဲတွေက လမ်းမကြီး ၆၇ ကနေ ၇၁ ကြားမှာ ပြင်းထန်နေပြီး မီးလောင်မှုတွေကြောင့် ဒေသခံ အများစုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်"

ဗင်းဆင့်က ထိုင်ခုံလက်ရန်းကို တောက်တောက်တောက်နှင့် ခေါက်လိုက်ရင်း မေးလိုက်၏။

“အမှန်တရား အသင်းတော်ရော ဘာလုပ်နေလဲ..."

"အမှန်တရား အသင်းတော်ကတော့ မစ္စတာလင်ရဲ့ ဘေးကင်းလုံခြုံမှုကို အရင်ဆုံး အတည်ပြုရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကူအညီပေးဖို့ ငြင်းဆန်ထားပါတယ်"

ဗင်းဆင့် ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ 'မျက်လုံးများ' ပွင့်လာရာ ပေါက်ကွဲနေသော ချော်ရည်ပူများအလား အလင်းတန်းများ ပေါ်ထွက်လာ၏။

"နေမင်း အလိုရှိတာက 'တရားမျှတမှု' ပဲ... ယုတ်မာတဲ့ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို မြေလှန်ပြီး မီးရှို့ပစ်ရမယ်... အဲဒါက တရားမျှတမှုပဲ"

"ဒါကြောင့် အမှန်တရား အသင်းတော်ဟာ တရားမျှတမှုကို ပိတ်ပင်တားဆီးပြီး အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို တိတ်တဆိတ် ထောက်ခံနေတာပဲ... သူတို့ကိုပါ ရှင်းလင်းပစ်ဖို့ လိုအပ်တယ်"

...

ဖစ်ချ်၏ ဦးနှောက်မှာ ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ကြောင်တောင်တောင် မျက်နှာပေးဖြင့် လင်ကျဲကို ကြည့်လိုက်သည်။

"စာ... စာအုပ် ဟုတ်လား"

လင်ကျဲက ပုံမှန်အတိုင်းပင် ကြင်နာတတ်သော အပြုံးဖြင့် 'အထူအပါး နည်းဗျူဟာ' စာအုပ်ကို ဖစ်ချ်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ငါ စောစောက ပြောခဲ့သလိုပဲ... မွှေးကြိုင်တဲ့ ဝိုင်ဆိုတာ နက်မှောင်တဲ့ လမ်းကြားထဲမှာ ရှိနေရင်တောင် မွှေးနေတာပဲ... ငါရောင်းတဲ့ စာအုပ်တွေက ကောင်းနေသရွေ့ စာအုပ်မှာ ခေါင်းစဉ် ရှိမရှိ၊ ဆိုင်မှာ ဆိုင်းဘုတ် ရှိမရှိဆိုတာ တကယ်တော့ အရေးမကြီးပါဘူး"

ဖစ်ချ်မှာ မှင်သက်နေမိသဖြင့် တုံ့ပြန်မှု နှေးကွေးသွားပြီး စာအုပ်ကို မပြုတ်ကျအောင် အသည်းအသန် ဖမ်းကိုင်လိုက်ရသည်။ သူ နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးရန် ပြင်လိုက်စဉ် စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကို အဓိပ္ပာယ်ပါပါ ပြုံးပြနေသည်ကို သတိထားမိလိုက်၏။

"အခု မင်း ဒီစကားရဲ့ မှန်ကန်မှုကို ကိုယ်တိုင် သက်သေပြနိုင်ပြီ... ဒီစာအုပ်ကို ဖတ်ပြီးသွားရင် မင်းမှာ အခုရှိနေတဲ့ မေးခွန်းတွေက အလိုလို အဖြေထွက်လာလိမ့်မယ်"

လင်ကျဲက စာအုပ်ကို လက်ညှိုးညွှန်ပြရင်း ဆက်ပြောလိုက်သည်။

"ငါ့အမြင်မှာတော့ တခြားလူတွေက မင်းအကြိုက် လိုက်ပြောင်းလဲပေးလိမ့်မယ်လို့ မျှော်လင့်နေတာဟာ အိပ်မက်သက်သက်ပဲ... အဲဒီအစား မင်းရဲ့ ပန်းတိုင်တွေကို ကိုယ်တိုင်ရောက်အောင် ဘာလို့ မကြိုးစားကြည့်တာလဲ... မင်းရဲ့ နည်းဗျူဟာတွေနဲ့ လမ်းကြောင်းတွေကို ပြောင်းလဲလိုက်စမ်းပါ... မင်း လိုချင်တဲ့ ပတ်ဝန်းကျင်ကို မင်းကိုယ်တိုင် ဖန်တီးယူရမှာပေါ့၊ ဟုတ်တယ်မလား"

"ဒီလောကကြီးက တစ်ယောက်ကိုတစ်ယောက် ပြိုင်ဆိုင်နေကြတဲ့ နေရာပဲ... မျိုးစိတ်တွေ မတူရင် စားသောက်တာချင်း မတူလို့ ပြိုင်ဆိုင်မှုက သိပ်မပြင်းထန်ပေမဲ့၊ မျိုးစိတ်ချင်း နီးစပ်လေလေ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လေလေပဲ"

"မင်း လူအုပ်ထဲကနေ ထင်ထင်ရှားရှား ဖြစ်ချင်တယ်၊ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရချင်တယ်ဆိုရင်တော့ အမြင်သစ်တွေ လိုအပ်လိမ့်မယ်"

လူငယ်မှာ သူ့အနားသို့ ပိုတိုးလာသဖြင့် ဖစ်ချ် တစ်ယောက် ဝေဝါးသော ခံစားချက်တစ်ခု ရလာသည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာမှာ အရိပ်များအောက်တွင် တစ်ဝက်ခန့် ဖုံးကွယ်နေပြီး သူ၏ အရှိန်အဝါမှာ တစ်စတစ်စ ပို၍ ပြင်းထန်လာနေပုံ ရသည်။ သူသည် ပြုံးနေသော်လည်း ထိုမှောင်မိုက်သော မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းသော ချောက်နက်ကြီးတစ်ခုနှင့် တူနေသည်။

ဖစ်ချ် သူ့ ရင်ခွင်ထဲရှိ စာအုပ်ကို ငုံ့ကြည့်လိုက်ရာ သားရေမျက်နှာဖုံးပေါ်တွင် ထူးဆန်းသော စာလုံးပုံစံဖြင့် ‘မိစ္ဆာအသိုက်’ ဟူသော စကားလုံးများကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ၏ ပါးစပ်မှာ ခြောက်ကပ်သွားလေ၏။

‘ဒါ... ဒါက ဘယ်လို အဖြေမျိုးလဲ...’

‘ငါ ခုနက မေးခွန်း မေးခဲ့လို့လား... ဒါက ဆွေးနွေးမှုတစ်ခုထက်... ငါ တံခါးစောင့်ကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ စိတ်ထိန်းချုပ်မှု နည်းလမ်း မှားနေတယ်လို့ သူက လှောင်ပြောင်လိုက်တာနဲ့ တူနေတယ်...’

'မင်းရဲ့ နည်းလမ်းက မှားနေတယ် ဆိုတဲ့ စကားနဲ့ ရှေ့က တံခါးစောင့်ရဲ့ အကြောင်းကို ပြောသွားတာတွေက ဒီကိစ္စကိုပဲ တိုက်ရိုက် ရည်ညွှန်းနေတာ သေချာတယ်...’

‘ဆိုလိုတာက ဒီစာအုပ်ထဲမှာ 'မှန်ကန်တဲ့ နည်းလမ်း' ပါဝင်နေတာလား... ဒါပေမဲ့... ဒါက တကယ်ပဲ အဆင်ပြေပါ့မလား... ငါက သူ့ကို ဒုက္ခပေးဖို့ ဒီစွမ်းရည်ကို သုံးခဲ့တာတောင်၊ သူက အခု ငါ့ကို နည်းလမ်းမှန် သင်ပေးနေတာလား...’

ဖစ်ချ် တစ်ယောက် လက်ထဲရှိ စာအုပ်ကို ဇဝေဇဝါ မျက်နှာပေးဖြင့် စိုက်ကြည့်နေမိသည်။ သို့သော်လည်း... သူ နောက်ဆုံးတွင် အမှန်တရားတစ်ခုကို သဘောပေါက်သွား၏။ မိမိကိုယ်ကို "သာမန် စာအုပ်ဆိုင်ပိုင်ရှင်" ဟု ခေါ်ဆိုနေသူမှာ သူ့ကို နောက်ပြောင်နေခြင်းသာ ဖြစ်ရမည်။

သူသည် သာမန်မဟုတ်သကဲ့သို့ သူ၏ စာအုပ်ဆိုင်မှာလည်း သာမန် မဟုတ်သည်မှာ ထင်ရှားလှသည်။

ဖြစ်နိုင်သည်က သူ၏ လုပ်ငန်းမှာ သဘာဝလွန် စွမ်းအားရှင်များအတွက် စွမ်းအားများ ပါဝင်သော အထူးစာအုပ်များကို ရောင်းချခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ကျိပိုတုန်က သူ့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်နိုင်သည်။

ဖစ်ချ် တစ်ယောက် ဤအချက်ကို ရိပ်မိသွားသောအခါ နောင်တမရဘဲ မနေနိုင်တော့ပေ။ ပါတီပွဲတွင် သဘာဝလွန် စွမ်းအားရှင်များ တက်ရောက်မည်ကို သူ သိထားသော်လည်း အဝင်ဝမှာတင် ဤမျှ စွမ်းအားကြီးသူတစ်ဦးနှင့် ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် ဤလူသည် သူ့ထက် အဆပေါင်းများစွာ ပိုမို သန်မာပုံရသည်။ ဖစ်ချ်သည် လေ့ကျင့်ထားသော သဘာဝလွန် စွမ်းအားရှင်တစ်ဦးဟု မိမိကိုယ်ကို ယူဆနိုင်သော်လည်း သူ၏ စွမ်းအားမှာ မည်သည့်အဆင့်ရှိမှန်း မသိချေ။ သို့သော် သူ၏ စွမ်းရည်မှာ ပယ်ဖျက်ခြင်း ခံလိုက်ရသည်မှာ ငြင်းမရသော အမှန်တရားပင်။

၎င်းအပြင် သူသည် ရန်သူတစ်ဦး ဖန်တီးမိလုနီးပါး ဖြစ်ခဲ့သည်။ သူ၏ စွမ်းရည် အလုပ်မလုပ်ခဲ့ခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ဟု ဖစ်ချ် ခံစားလိုက်ရသည်။

ဖစ်ချ် တစ်ယောက် ဝမ်းသာနေစဉ်မှာပင် သံသယတစ်ခု ဝင်လာပြန်၏။

‘ဒါပေမဲ့ ဒီစာအုပ်တစ်အုပ်တည်းနဲ့... တကယ်ပဲ ငါ့ရဲ့ စွမ်းရည်ကို ပိုသန်မာအောင် လုပ်ပေးနိုင်မှာလား...’

ဖစ်ချ် အသုံးပြုသော စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မှာ သာမန်နည်းလမ်းဖြင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ အကယ်၍ သေချာ ပြင်ဆင်ထားမည်ဆိုပါက သတိမထားမိသော လူတစ်ဦးအပေါ်တွင် ငရဲဘုံ အဆင့် အထိ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု ပေးနိုင်သည်။ အကြိမ်ကြိမ် လွှမ်းမိုးပြီးနောက်တွင် ထိုသူ၏ သိမြင်မှုနှင့် အတွေးအခေါ်များကိုပါ ထာဝရ ပြောင်းလဲပစ်နိုင်သည်။

၎င်းကို ဖစ်ချ်ကိုယ်တိုင် စမ်းသပ်ခဲ့ပြီးဖြစ်ကာ ရလဒ်များကိုလည်း အလွန် ကျေနပ်ခဲ့သည်။

ဤမျှ ရိုးရှင်းသော်လည်း ဖျက်အားပြင်းသော စွမ်းရည်ကို အသုံးပြုရာတွင် 'မှန်ကန်သော နည်းလမ်း' ဆိုသည်မှာ တကယ် ရှိပါသလော။

ယခု အခြေအနေတွင်မူ ဖစ်ချ်၏ စွမ်းရည်မှာ လုံးဝ အသုံးမဝင်ခဲ့သလို သူ၏ အတွေးများကိုလည်း အကုန်အစင် အမြင်ခံလိုက်ရသည်။ အတိုချုပ်ပြောရလျှင် သူသည် ဤမျက်မြင်မရသော ထိပ်တိုက်တွေ့မှုတွင် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူသည် ကိုယ်ပိုင် စွမ်းရည်အပေါ် ယုံကြည်မှု ရှိနေဆဲပင်။ ဤစွမ်းရည်မှာ အခြားသော သဘာဝလွန် စွမ်းအားများကဲ့သို့ မဟုတ်ပေ။ ၎င်းမှာ မွေးရာပါ မဟုတ်သလို လေ့ကျင့်၍ ရရှိလာသော ကျွမ်းကျင်မှုလည်း မဟုတ်ချေ။

လွန်ခဲ့သော လအနည်းငယ်က သူသည် ဝမ်းစာရှာရန် လမ်းဘေးတွင် တီးခတ်နေရသော ခြေသလုံးအိမ်တိုင် တယောသမားလေးသာ ဖြစ်သည်။ သို့သော် တစ်ညတွင်မူ သူသည် လူပေါင်းများစွာ တောင့်တသော စွမ်းအားကို ရရှိခဲ့ပြီး တစ်ညအတွင်းမှာပင် ဂီတပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

အကြောင်းရင်းမှာ ရိုးရှင်းလှသည်။

တစ်ညတွင် ဖစ်ချ်သည် ဤလောကသစ်သို့ ဝင်ရောက်နိုင်မည့် 'လက်မှတ်' ကို ရရှိခဲ့သဖြင့် ဝမ်းသာနေစဉ်မှာပင် လူစိမ်းတစ်ဦး ပေါ်လာပြီး သူ့ကို ဆေးရည်တစ်ပုလင်း ပေးခဲ့သည်။ ထိုဆေးပုလင်းထဲတွင် အမှောင် ပုံဆောင်ခဲ မြူခိုးများ လည်ပတ်နေသည်။

ထိုလူ၏ အဆိုအရ ဤဆေးရည်မှာ သေဆုံးသွားသော သဘာဝလွန် စွမ်းအားရှင်တစ်ဦး၏ 'ဝိညာဉ်' ဖြစ်ပြီး ၎င်းကို သောက်သုံးပါက စိတ်ကို ထိန်းချုပ်နိုင်သည့် ပြင်းထန်သော စွမ်းရည်ကို ရရှိမည်ဖြစ်သည်။ သို့သော် အားနည်းချက်က... ထိုစွမ်းရည်မှာ ထပ်မံ တိုးတက်ရန် နေရာမရှိတော့ဘဲ မူလပိုင်ရှင် သေဆုံးချိန်က အဆင့်မှာပင် ထာဝရ ရပ်တန့်နေမည် ဖြစ်ကာ ထိုဝိညာဉ်၏ လွှမ်းမိုးမှုကိုလည်း ခံရမည် ဖြစ်သည်။

တန်ဖိုးကလား...။

ခြေသလုံးအိမ်တိုင် လှည့်လည်သူတစ်ဦးအဖို့ ဤနောက်ဆက်တွဲများကို ဂရုစိုက်နေစရာ မလိုပေ။ အန္တရာယ် ရှိသည်မှာ သေချာသော်လည်း ထိုအချိန်က ဖစ်ချ်မှာ ဘဝကို ပြောင်းလဲပေးနိုင်မည့် ကံကြမ္မာဟု ယူဆကာ မျက်စိမှိတ်၍ လက်ခံခဲ့ခြင်း ဖြစ်သည်။

‘ဒါဆိုရင်... ဒီလို အခြေအနေမျိုးမှာ သေဆုံးသွားတဲ့ ဝိညာဉ်ရဲ့ စွမ်းရည်ကို ဘယ်လို မြှင့်တင်မှာလဲ... ဘယ်လိုနည်းလမ်းကရော မှန်ကန်တဲ့ နည်းလမ်း ဖြစ်မှာလဲ...’

ဖစ်ချ်သည် စာအုပ်ကိုင်ထားသည့် လက်ကို အောက်သို့ ချလိုက်ပြီး အထဲသို့ စတင် ဝင်ရောက်နေပြီဖြစ်သော လင်ကျဲ၏ ကျောပြင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

"ဖတ်ကြည့်မှပဲ အဖြေကို သိရတော့မှာပေါ့... ဒီအရောင်းစကားတွေက တီဗွီထဲက ဇာတ်လမ်းတွဲတွေထက်တောင် ပိုပြီး ရင်ခုန်ဖို့ ကောင်းနေသေးတယ်"

သူ တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။

‘ဒါပေမဲ့...’

ဖစ်ချ် စိတ်ထဲတွင် သတိပေးချက်တစ်ခု ပေါ်လာသည်။ ထိုစာအုပ်က အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လင်ကျဲ၏ စကားလုံးများက သူ့ကို လှုပ်နှိုးသွားခဲ့ပြီ ဖြစ်သည်။

ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း ဆိုသော စကားမှာ အချက်ကျလှသည်။ ဖစ်ချ်၏ ရင်ထဲတွင် အရှိဆုံး ဆန္ဒမှာ အခြားသူများ၏ အထက်တွင် ရှိနေရန်၊ သူတို့ကို နင်းခြေ၍ မြင့်မားသော နေရာသို့ တက်လှမ်းရန်နှင့် လူအများ၏ အာရုံစိုက်မှုကို ရရှိရန် ဖြစ်သည်။ လမ်းဘေး ချောက်ထဲမှာ သေသွားလျှင်ပင် မည်သူမှ သတိရ မနေမည့်၊ သနားစရာကောင်းလှသည့် ဘဝမျိုးကို သူ ပြန်မသွားချင်ပေ။

စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုများ ပြုလုပ်ခြင်း သို့မဟုတ် ထိပ်တန်း ဂီတပညာရှင်များကို အနိုင်ယူခြင်း အားလုံးမှာ သူ၏ ဤမွေးရာပါ ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။

‘စိတ်ကို ထိန်းချုပ်ပြီး ငါ့ကိုယ်ငါ ဖြည့်ဆည်းတာက လူအများကြီး ပါဝင်လာတဲ့အခါ သိပ်ပြီး ထူးခြားတဲ့ ရလဒ် မထွက်ဘူး... ဒါ့အပြင်... အဲဒီလူ ပြောသလို ငါ့ရဲ့ စွမ်းရည်က ငရဲဘုံ အဆင့် မှာပဲ ထာဝရ ရပ်တန့်နေမှာ... ဒါပေမဲ့ ငါ လိုချင်တဲ့ အရာအတွက်တော့... ဒါတင် မလုံလောက်ဘူး...’

သူ လက်ထဲရှိ စာအုပ်ကို သေချာ ကြည့်လိုက်ပြီး လှန်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် လင်ကျဲက ဈေးနှုန်းကို မပြောရသေးသည်ကို သတိရသွားသည်။ ထို့ကြောင့် သူက လင်ကျဲနောက်သို့ အမီလိုက်ကာ အလျင်အမြန် မေးလိုက်သည်။

"မ... မစ္စတာလင်၊ ဒီစာအုပ်ကို ဘယ်လောက်နဲ့ ရောင်းတာလဲခင်ဗျာ"

နောက်မှ လိုက်လာသည်ကို သတိထားမိသောအခါ လင်ကျဲ ပြုံးလိုက်၏။ ငါးစာကို ဟပ်လိုက်သည့် အလားအလာရှိသော ဖောက်သည်တစ်ဦးကို သူ မိလိုက်ပြီ မဟုတ်ပါလော။ လင်ကျဲသည် လက်ကို နောက်ပစ်ကာ ချောင်းတစ်ချက် ဟန့်လျက် လှည့်ကြည့်လိုက်သည်။

"မင်းက ဒီပါတီပွဲမှာ ငါ ပထမဆုံး ဆုံဖူးတဲ့သူပဲ၊ ဒါကြောင့် ငါတို့ရဲ့ မိတ်ဆွေ ဖြစ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာအုပ်ကို လက်ဆောင် ပေးလိုက်မယ်"

‘နောက်ပြီး မင်းကို ကြည့်ရတာ သိပ်ချမ်းသာတဲ့ ပုံစံလည်း မပေါက်ဘူး... ဒါပေမဲ့ ဒီပါတီပွဲကို တက်နိုင်တယ်ဆိုရင်တော့ မင်းဟာ အလားအလာရှိတဲ့ ဖောက်သည် တစ်ယောက်ပဲ...’

ဖစ်ချ်မှာ ရွှေငါးတစ်ကောင်လို ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။ သို့သော် သူသည် ဝမ်းသာသွားခြင်း မရှိဘဲ ရင်လေးသွားခဲ့သည်။ 'သေဆုံးသွားသော ဝိညာဉ်' ကို သူ လက်ခံခဲ့စဉ်ကတည်းက ဤလောကတွင် အလကားရသော နေ့လယ်စာ မရှိကြောင်း သူ သိထားပြီးဖြစ်သည်။ ပိုက်ဆံမပေးရသော မည်သည့်အရာမဆို အမြဲတမ်း 'ဈေးအကြီးဆုံး တန်ဖိုး' ရှိတတ်သည်။

လင်ကျဲက ရယ်မောလိုက်၏။

"မင်းရဲ့ လက်ဖဝါးနဲ့ ခြေဖဝါးက အသားမာတွေဟာ ပိုပြီးတော့ပဲ ထူလာလိမ့်မယ်၊ ညစ်ပတ်နေတဲ့ ကျောက်မီးသွေးကို ဘယ်လောက်ပဲ ဆေးဆေး ပိုပြီးတော့ပဲ မည်းလာလိမ့်မယ်... ဒီစာအုပ်ထဲမှာ ရေးထားတဲ့ အခြေခံ သဘောတရားတွေကို မင်း အပြည့်အဝ နားလည်သဘောပေါက်ပြီး မင်းရဲ့ ကြိုးပမ်းမှုတွေမှာ အောင်မြင်ပါစေလို့ ငါ မျှော်လင့်ပါတယ်"

***

အပိုင်း(၃၇၆)

A16 ခြံဝင်းကြီးမှာ အလွန်ကျယ်ဝန်းသော်လည်း အဆောက်အအုံပုံစံမှာ စနစ်ကျလှသည်။ ထို့ပြင် ခြံဝင်းတစ်ခုလုံးတွင် အစေခံများကို နေရာအနှံ့ ဖြန့်ကျက်ထားပြီး ဧည့်သည်များ လမ်းမမှားစေရန်နှင့် လိုရာခရီးရောက်စေရန် လမ်းညွှန်ပေးနေကြသည်။

ညမှောင်ရီပျိုးစတွင် ဧည့်သည်များမှာ အဆက်မပြတ် စီးဝင်လာနေပြီး လမ်းညွှန်ချက်များအတိုင်း ခြံဝင်း၏ အလယ်ဗဟိုရှိ လင်းထိန်နေသော အဆောက်အအုံကြီးဆီသို့ စုရုံးလာကြသည်။ ဆီးနှင်းများမှာ ပိုမိုသည်းထန်စွာ ကျဆင်းလာနေပြီး အမိုးများပေါ်တွင် နှင်းခဲလွှာများ သိသိသာသာ တက်နေပြီဖြစ်သည်။

သို့သော်လည်း ဖိတ်ကြားခံရသည့် ဧည့်သည်တစ်ဦးတစ်ယောက်မျှ အအေးဒဏ်ကို အနည်းငယ်မျှပင် မခံစားရချေ။ မြေပြင်မှာလည်း ဆီးနှင်းများ အရည်ပျော်၍ ဖြစ်ပေါ်လာသော ရေစိုကွက်များမရှိဘဲ လုံးဝ ခြောက်သွေ့နေသည်။

ဤခြံဝင်းကို တည်ဆောက်စဉ်ကတည်းက ပိုင်ရှင်ဖြစ်သူသည် အသေးစိတ် စီစဉ်ထားခဲ့ကြောင်း ထင်ရှားသည်။ မြေပြင်တစ်ခုလုံးကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ထူးခြားသော မှော်အပူပေးကိရိယာများကို တပ်ဆင်ထားသည်။ လင်ကျဲ အကဲခတ်မိသလောက် မြေပြင်မှ အထက် ၂ မီတာခန့်အထိသာ အပူချိန်ကို မြှင့်တင်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ဆီးနှင်းများကို ချက်ချင်း အငွေ့ပျံသွားစေပြီး လေစီးကြောင်းဖြင့် ဖယ်ရှားပစ်ကာ ဧည့်သည်များအတွက် သန့်ရှင်းသက်သာစေရုံသာမက လှပသော နှင်းမြင်ကွင်းကိုလည်း ဆက်လက် ခံစားနိုင်စေသည်။

ဤမျှ အနုစိတ် ဒီဇိုင်းမဆွဲထားလျှင်ပင် ဤခြံဝင်း၏ မြေကွက်အကျယ်အဝန်း တစ်ခုတည်းနှင့်တင် တန်ဖိုးမှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်သည်။

‘ဟူး... ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ တကယ်ပဲ မျှော်လင့်ထားတဲ့အတိုင်းပါပဲ... အထဲကို ခြေတစ်လှမ်းတောင် မလှမ်းရသေးဘူး၊ ဒီလို လက်ဝါးကြီးအုပ် ကော်ပိုရေးရှင်းကြီးရဲ့ လွှမ်းမိုးမှုကို ခံစားနေရပြီ။ ဒါကိုပဲ 'ရွှေရောင်မြေ' လို့ ခေါ်ရမှာပေါ့...’

လင်ကျဲ စိတ်ထဲမှ တအံ့တဩ ရေရွတ်နေမိသည်။ သူသည် ဖစ်ချ်နှင့်အတူ လူအုပ်နောက်မှ လိုက်လာရင်း ကြီးမားသော နှင်းဆီဥယျာဉ်တစ်ခုကို ဖြတ်ကျော်ခဲ့သည်။ လမ်းလျှောက်ရင်း စကားပြောနေကြသော ဧည့်သည်များ၏ အဆိုအရ ဤနေရာမှာ ကျိကျစ်ရှို့၏ တောင်းဆိုချက်အရ အသစ်တည်ဆောက်ထားသော နေရာဖြစ်ပြီး သူမ အမြဲတမ်း ပန်လေ့ရှိသော နှင်းဆီပန်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ဆိုကြသည်။

‘ဟိုတစ်လောက ငါ့ဆိုင်ကနေ သူ ယူသွားတဲ့ ပန်းတော့ မဟုတ်ပါဘူးနော်... အင်း၊ အဲဒီနေ့က သူကို ငြင်းပယ်ခဲ့မိတာ ပြန်တွေးမိတိုင်း နည်းနည်းတော့ အားနာမိသား...’

ပထမတော့ လင်ကျဲ အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ကျိကျစ်ရှို့က နောက်တစ်ခါ ဆိုင်သို့ လာသည့်အခါ ပုံမှန်အတိုင်းပင် ရှိနေသဖြင့် သူ စိတ်အေးသွားခဲ့သည်။ သို့သော်လည်း... သူမက အိမ်တွင် ဤမျှ ကြီးမားသော နှင်းဆီစိုက်ခင်းကြီး တစ်ခုလုံး ပြုလုပ်ထားလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

ဝမ်းနည်းစရာ ကောင်းတာ တစ်ခုက... ဖြစ်ပြီးသမျှ ကိစ္စများအတွက် အချိန်ကို နောက်ပြန်လှည့်၍ ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

လင်ကျဲ ခေါင်းခါလိုက်ပြီး လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ လမ်းတွင် (ဘေးက ရုပ်မြင်သံကြားဆိုင်ကို ဖြတ်သွားတိုင်း ရံဖန်ရံခါ မြင်ဖူးသည့်) တီဗွီထဲမှ လူအချို့နှင့် ဆုံတွေ့ခဲ့သည်။ ထိုသူများထဲတွင် နယ်ပယ်အသီးသီးမှ နာမည်ကြီးသူများနှင့် အင်တာဗျူးသူများ ပါဝင်သည်။

ပါတီပွဲ၏ အဓိကနေရာမှာ ယခင်နှစ်များကဲ့သို့ပင် ကိုးထပ်မြင့်သော ဤအဆောက်အအုံကြီး၏ အောက်ဆုံး သုံးထပ်တွင် ဖြစ်သည်။ အလယ်သုံးထပ်တွင် ဧည့်သည်များ အချင်းချင်း တွေ့ဆုံနှုတ်ဆက်နိုင်ရန် ဖျော်ဖြေရေး နေရာမျိုးစုံ ရှိပြီး အပေါ်ဆုံး သုံးထပ်မှာမူ လာမည့် သုံးရက်တာအတွက် တည်းခိုရန် ဧည့်ခန်းများ ဖြစ်သည်။

ဤမျှ ကြီးမားလှသော စံအိမ်ကြီးများထဲတွင် မည်သို့အရာများ ထည့်သွင်း တည်ဆောက်ထားသလဲဟု လင်ကျဲ အမြဲ သိချင်ခဲ့ဖူးသည်။ အခန်းပေါင်းစုံ ရှိနေလျှင်ပင် အချိန်ကြာလာလျှင် ပျင်းစရာ မကောင်းပေဘူးလော။

ယခုမူ သူ အဖြေရသွားပြီ ဖြစ်သည်။ ဤအခန်းများ အားလုံးမှာ ပိုင်ရှင်များအတွက် မဟုတ်ဘဲ ဧည့်သည်များအတွက်သာ ဖြစ်သည်။

"ရောက်ပြီထင်တယ်၊ မစ္စတာလင်..."

ဖစ်ချ်က လင်ကျဲဘက်သို့ လှည့်ကာ အမူအရာပျက်ပျက်ဖြင့် ပြုံးပြရင်း ရှေ့မှ ခြံဝင်းတံခါးဆီသို့ ညွှန်ပြလိုက်၏။ လင်ကျဲ ပေးထားသော စာအုပ်ကို သူ၏ ဝတ်စုံအတွင်းရှိ အိတ်ကြီးထဲတွင် ထည့်ထားသည်။ တစ်ချက်ကြည့်လျှင် သာမန်အိတ်နှင့် မခြားသော်လည်း ဤလျှို့ဝှက်အိတ်ထဲတွင် အခြားသော မကောင်းသည့် ရည်ရွယ်ချက်များ ရှိနိုင်သည်ဟု လင်ကျဲ သံသယဝင်မိသည်။ သို့သော် သူ့တွင် သက်သေတော့ မရှိပေ။

မည်သို့ပင် ဆိုစေကာမူ... ဤနေရာသို့ လာသည့်လမ်းတွင် ဖစ်ချ်က သူ၏ အတိတ်အတွေ့အကြုံများကို အကုန်အစင် ပြောပြခဲ့ပြီးဖြစ်သည်။

ဤသနားစရာကောင်းသော တယောသမားလေးသည် သူစိမ်းများအား မည်သို့ ကာကွယ်ရမည်ကို သိပုံမရချေ။ လင်ကျဲက မေးခွန်းတစ်ခု မေးလိုက်တိုင်း သူက စိတ်အားထက်သန်စွာဖြင့် သူ၏ ရင်ထဲရှိ အကြောင်းအရာများကို အကုန် ဖွင့်ဟပြောပြလေ့ရှိသည်။

၎င်းက လင်ကျဲ၏ အတွေးကို ပို၍ ခိုင်မာစေသည်။

‘ဒီလူငယ်လေးက တကယ့်ကို လောကအကြောင်း မသိသေးတာပဲ၊ လမ်းပြပေးဖို့ တကယ် လိုအပ်တယ်... အထူအပါး နည်းဗျူဟာ စာအုပ်က သူ့အတွက် တကယ့်ကို သင့်တော်တာပဲ၊ ဟဲဟဲ...’

ဖစ်ချ်အား 'အထူအပါး နည်းဗျူဟာ' ကို ပေးခဲ့ခြင်းမှာ လူ့အသိုင်းအဝိုင်းအတွင်းရှိ လူများ မည်သို့ အလုပ်လုပ်ကြသည်ကို သူ ပိုမို နားလည်စေရန် ဖြစ်သည်။ ဖစ်ချ်အနေဖြင့် အခြားသူများက သူ့ကို လာရောက် ချီးကျူးမည်ကို မိုက်မဲစွာ စောင့်ဆိုင်းမနေစေလိုတော့ပေ။

ထို့အစား သူ အမှန်တကယ် နာမည်ကြီးချင်တယ်ဆိုလျှင် 'မျက်နှာဖုံး အထူကြီး' ထားပြီး 'နှလုံးသား အမည်းကြီး' ထားဖို့ လိုအပ်သည်။ ၎င်းမှာ စာအုပ်ထဲတွင် ရေးထားသည့်အတိုင်းပင် ဖြစ်သော်လည်း လက်တွေ့တွင် ကျင့်သုံးရန်မှာမူ ခက်ခဲလှပေလိမ့်မည်။

လင်ကျဲကတော့ ဖစ်ချ်ကို သာမန်လူတစ်ယောက်ကဲ့သို့သာ ဖြစ်စေချင်သည်။

သို့သော်လည်း ဖစ်ချ်၏ အတိတ်အကြောင်းများကို ကြားသိရပြီးနောက် လင်ကျဲ သူ့ကို လေးစားမိသွားသည်။ ဤတယောသမားလေးသည် ခြေသလုံးအိမ်တိုင် ဘဝတွင် အနှိမ်ခံခဲ့ရသော်လည်း သူစိမ်းများအပေါ် ထားရှိသော သူ၏ ကြင်နာမှုကိုမူ တစ်ခါမျှ လက်မလွှတ်ခဲ့ပေ။ ၎င်းမှာ ချီးကျူးစရာ ကောင်းလှသည်။

ဆက်လက် လမ်းလျှောက်လာရင်း လင်ကျဲသည် စံအိမ်အတွင်းသို့ ဝင်သည့် တံခါးများထဲမှ တစ်ခုတွင် ရပ်တန့်လိုက်သည်။ သူ ရပ်နေသည့် နေရာမှပင် အတွင်းဘက်ရှိ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို မြင်တွေ့နေရပြီဖြစ်သည်။

အပြင်ဘက်ရှိ မှောင်မိုက်ပြီး ဆီးနှင်းကျနေသော ညမြင်ကွင်းနှင့် ခြားနားစွာပင် အတွင်းဘက်မှာမူ လင်းထိန်နေသော မီးရောင်များဖြင့် ပြည့်နှက်နေသည်။ အလှဆုံး ဝတ်ဆင်ထားသော ဧည့်သည်အချို့မှာ ပွဲခန်းမထဲသို့ ဝင်ရောက်နေကြပြီး အချို့မှာ စကားလက်ဆုံ ကျနေကြသည်။ သူတို့၏ လှုပ်ရှားမှုများ၊ ဝတ်စုံများနှင့် ပုံရိပ်များမှာ ပြောင်လက်နေသော စကျင်ကျောက် ကြမ်းပြင်ပေါ်တွင် ထင်ဟပ်နေကာ အိပ်မက်ဆန်သော ထင်ယောင်ထင်မှား မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

"အင်း၊ ရောက်ပြီ။ အထဲဝင်ကြမယ်..."

လင်ကျဲသည် ဖစ်ချ်ကို ပြုံးပြလိုက်၏။

"ညက အစပျိုးရုံပဲ ရှိသေးတယ်"

ထိုသို့ ပြောပြီးနောက် သူက အရင်ဆုံး စတင် ဝင်ရောက်လိုက်သည်။ ဖစ်ချ်က အလျင်အမြန် ခေါင်းညိတ်ပြီး နောက်မှ လိုက်လာသည်။ ဘာကြောင့်မှန်း မသိသော်လည်း မှောင်မိုက်သော အပြင်ဘက်နှင့် လင်းထိန်နေသော အတွင်းဘက်ကို ခွဲခြားထားသည့် စည်းကို ဖြတ်ကျော်လိုက်သည့်အခါ ဆီးနှင်းများ တစ်နေရာရာမှ လွင့်စင်လာပြီး သူ၏ ဂုတ်ပေါ်တွင် ကပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအအေးဓာတ်ကြောင့် သူ၏ တစ်ကိုယ်လုံး တုန်ရီသွားခဲ့၏။

သူသည် မသိစိတ်ဖြင့် ခေါင်းကို မော့ကာ လည်ပင်းနောက်ဘက်ကို ပွတ်လိုက်မိ၏။ ထိုအချိန်တွင်ပင်... သူ၏ မျက်စိထောင့်မှ ရုတ်တရက် အလင်းတစ်ချက် လက်သွားသည်ကို မြင်လိုက်ရသည်။

ညကောင်းကင်ယံကို ဖြတ်သန်းသွားသော လျှပ်စီးကြောင်းကဲ့သို့ပင် ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ဝေးကွာသော နေရာမှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ဂျိန်း...

စံအိမ် အတွင်းရှိ ဧည့်သည်များ အားလုံး ထိတ်လန့်သွားခဲ့၏။ သူတို့သည် အဝေးကို လှမ်းကြည့်သူကကြည့်၊ ဆက်သွယ်ရေး ကိရိယာများကို ဖွင့်ကြည့်သူကဖွင့်နှင့် တစ်ခဏအတွင်းမှာပင် ဆူညံပွက်လောရိုက်သွားတော့သည်။

"အဲဒါ လျှပ်စီးလက်တာလား"

"မဟုတ်ဘူး... မဟုတ်ဘူး... မဖြစ်နိုင်တာ... အဲဒီ အလင်းတန်းက မြေပြင်ကနေ ကောင်းကင်ပေါ်ကို တက်သွားတာ ငါ အထင်အရှား မြင်လိုက်တာ... ပြီးတော့ မြေငလျင်တောင် လှုပ်သွားသေးတယ်... ဒါ အကြမ်းဖက်မှု နောက်တစ်ခုများလား"

"ဘုရားရေ... ဒီကာလမှာ ဖြစ်ပျက်နေတာတွေက များလှပြီ... ငါ ဘာလို့ အမြဲတမ်း ဒီလိုနေရာတွေမှာ ရှိနေရတာလဲ၊ တစ်ယောက်ယောက်က ငါ့ကို တကယ်ပဲ နှိပ်စက်ချင်နေတာလား"

"စိတ်အေးအေးထားပါ၊ ဗဟိုခရိုင်မှာ ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့... နောက်ပြီး ငါတို့က မစ္စတာကျိရဲ့ ပါတီပွဲမှာ ရှိနေတာ၊ သူက ငါတို့ထက်တောင် ပိုပြီး တိကျတဲ့ သတင်းကို မြန်မြန် ရဦးမှာပါ"

ဖစ်ချ်သည် ဆွေးနွေးနေကြသော ဧည့်သည်များကို အကဲခတ်ပြီးနောက် ဆီးနှင်းကျနေသော ညကောင်းကင်ယံကို ပြန်လည် ငေးကြည့်လိုက်၏။

သဘာဝလွန် စွမ်းအားရှင် တစ်ဦးအနေဖြင့် ထိုအလင်းတန်းမှာ အစီအရင် တစ်ခုဖြင့် ချိတ်ပိတ်ထားသော အီသာစွမ်းအင်များ ရုတ်တရက် လွတ်မြောက်လာပြီး ဝုန်းကနဲ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။

ထိုအချက်တစ်ခုတည်းဖြင့်ပင် မည်မျှ ကြီးကျယ်သော သဘာဝလွန် စွမ်းအားရှင် တိုက်ပွဲကြီး ဖြစ်ပွားနေသည်ကို သူ စိတ်ကူးကြည့်နိုင်ပေသည်။

သူ တံတွေးတစ်ချက် မျိုချလိုက်ပြီး လင်ကျဲဘက်သို့ လှည့်ကြည့်လိုက်၏။

"မစ္စတာလင်... ညက အစပျိုးရုံပဲ ရှိသေးတယ် ဆိုတာ ဒါကို ပြောတာလား"

လင်ကျဲက ဇဝေဇဝါ မျက်နှာပေးဖြင့် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပုခုံးတွန့်ပြလိုက်သည်။

"အဲ... အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ..."

***

All Chapters