← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 27 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 27 Ch. 377-378

အပိုင်း(၃၇၇)

‘ခင်ဗျားနဲ့ ဘာမှမဆိုင်သလို လုပ်မနေနဲ့ဦးလေ...

အရာအားလုံးက ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုပဲ... ညက အစပျိုးရုံပဲ ရှိသေးတယ်လို့ ခင်ဗျားပြောလိုက်တဲ့ အချိန်မှာတင် အပြင်ဘက်မှာ အကုန်လုံး ပေါက်ကွဲကုန်တာလေ...

နောက်ပြီး အနိမ့်ဆုံးအဆင့် သဘာဝလွန် စွမ်းအားရှင် တစ်ယောက်တောင်မှ ခုနက အလင်းတန်းကနေ ထွက်ပေါ်လာတဲ့ အီသာ လှိုင်းတွေကို ခံစားမိမှာ သေချာတယ်... ဘာမှမသိသလို ဟန်ဆောင်မနေပါနဲ့တော့...’

ဖစ်ချ် တစ်ယောက် စိတ်ထဲမှသာ အော်ဟစ်နေမိပြီး အပြင်သို့ ထွက်မပြောမိအောင် အသည်းအသန် ထိန်းထားရသည်။ မည်သို့ပင် ဆိုစေကာမူ... လင်ကျဲ၏ အပြစ်ကင်းစင်ဟန် ပေါက်နေသော မျက်နှာကို ကြည့်လိုက်ရုံနှင့်ပင် ထောင်ချောက်ထဲသို့ တစ်ဆင့်ချင်း မည်သို့ ဆွဲခေါ်ခြင်း ခံခဲ့ရသည်ကို ပြန်လည် အမှတ်ရမိစေသည်။

ဖစ်ချ် တစ်ယောက် လင်ကျဲထံတွင် အရုပ်တစ်ရုပ်လို ကစားခံခဲ့ရရုံသာမက သူ၏ မောက်မာမှုများမှာလည်း အပိုင်းပိုင်း အစအန ဖြစ်ခဲ့ရသည်။ ဤပုဂ္ဂိုလ်သည် လူတို့၏ စိတ်နှလုံးအား ကစားကာ ကြောက်ရွံ့မှုကို ဖြန့်ကျက်ရခြင်းအား ဝါသနာပါသော နတ်ဆိုးတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

လင်ကျဲကမူ ပုခုံးတွန့်ပြကာ အမှန်တကယ်ပင် အပြစ်ကင်းစင်ကြောင်း ပြသလိုက်၏။

သူသည် ရံဖန်ရံခါတွင် 'စုန်းထီး' တစ်ကောင်လို ဖြစ်တတ်သည်မှာ မှန်ပါသည်။ (ဥပမာ- ဒိုရစ် လာလည်စဉ်က အားလုံး အဆင်ပြေသွားမှာပါဟု သူပြောလိုက်ပြီး နောက်တစ်နေ့တွင် လမ်းတစ်ဝက်ခန့်မှာ ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခြင်းမျိုး)။

သို့သော် ဤကဲ့သို့သော အရာမျိုးမှာ အမြဲတမ်း ဖြစ်လေ့ဖြစ်ထ မရှိသဖြင့် ယခင်က ဖြစ်ရပ်မှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ယူဆထားသည်။

"ငါက ရံဖန်ရံခါ နမိတ်မကောင်းတာမျိုး ရှိတတ်ပေမဲ့... ဒီလျှပ်စီးလက်တာကတော့ သဘာဝ ရာသီဥတု ဖြစ်စဉ်သက်သက်ပါပဲ... အခု လျှပ်စီးလက်တာက မိုးလေဝသ အခြေအနေကြောင့် ဖြစ်ရတာပါ... နောက်ပြီး အဲဒီနေရာက ငါတို့နဲ့ မိုင်ချီ ဝေးနေတာပဲကို... ငါပြောလိုက်တဲ့ စကားတစ်ခွန်းတည်းနဲ့ ငါ့ကို လာပြီး အပြစ်ပုံချလို့ မရဘူးလေ... မဟုတ်ရင်တော့ အသရေဖျက်မှုနဲ့ တရားစွဲရလိမ့်မယ်"

“...”

ဖစ်ချ် ဆွံ့အသွား၏။ သူ ပြောချင်သော စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့ပြီး အားနာသလို ရယ်လိုက်မိသည်။

"တောင်းပန်ပါတယ်... ခင်ဗျားပြောတာ မှန်ပါတယ်... ဒါပေမဲ့ အရာအားလုံးက အရမ်း တိုက်ဆိုင်နေလို့ ကျွန်တော်က နောက်ပြောင်ပြီး ပြောမိသွားတာပါ..."

‘ကြည့်ရတာ... မစ္စတာလင်က နောက်ကွယ်ကနေ ကြိုးကိုင်ရတာကို နှစ်သက်ပြီး အရာအားလုံးကို တွက်ချက်ထားပုံပဲ...’

ဖစ်ချ် သူ့ကို ဆက်ပြီး မနှောင့်ယှက်သင့်တော့ဟု ခံစားလိုက်ရသည်။

‘A16 ခြံဝင်း ပါတီပွဲမှာ ဖုံးကွယ်ထားတဲ့ ပါရမီရှင်တွေ အများကြီးထဲကမှ ငါက ဘာလို့ သူ့ကိုမှ သွားပြီး စပ်စုမိရတာလဲ...’

ဖစ်ချ် တစ်ယောက် မိမိကိုယ်ကိုသာ ကျိန်ဆဲနေမိတော့သည်။

"ရပါတယ်... ငါပြောပြီးတာနဲ့ လျှပ်စီးလက်လာတာကတော့ တကယ်ကို တိုက်ဆိုင်လွန်းပါတယ်...ကံကောင်းလို့ ငါက ညအကြောင်းပဲ ပြောလိုက်မိတာ၊ ကျိန်ဆဲတဲ့ စကားတွေ မပြောမိလို့ တော်သေးတာပေါ့"

လင်ကျဲက လက်ကာပြရင်း ပြောလိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆူညံမှုများ ငြိမ်သက်သွားပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား အချို့ ပေါ်လာသည်ကို သူ သတိထားမိလိုက်သည်။

"ဒါပေမဲ့ ဒီဖြစ်ရပ်ပြီးသွားရင်တော့ မစ္စတာကျိ မကြာခင် ထွက်လာတော့မယ် ထင်တယ်... ဒါက ပါတီပွဲရဲ့ အိမ်ရှင်အနေနဲ့ ပေါ်လာဖို့ အကောင်းဆုံး အချိန်ပဲလေ"

"ဟုတ်တယ်..."

ဖစ်ချ်က ခေါင်းညိတ် ထောက်ခံလိုက်စဉ်မှာပင် အနီရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ဆံပင်ညိုရောင်နှင့် အမျိုးသမီးတစ်ဦး သူတို့အနားသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်၏။

"လျှပ်စီးလား... ရှင်တို့နှစ်ယောက်လုံးက ဒါကို တကယ်ပဲ လျှပ်စီးလို့ ထင်နေတာလား"

‘မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား....’

ဖစ်ချ်က စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒါပေမဲ့ ငါ့ရှေ့က သာမန် စာအုပ်ဆိုင်ပိုင်ရှင်က ဒါကို လျှပ်စီးလို့ ပြောနေရင်တော့ အဲဒါက လျှပ်စီးပဲ ဖြစ်ရမယ်...’

သူ မည်သည့်ဘက်တွင် ရှိနေကြောင်း ပြသရန်အတွက် ဖစ်ချ်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"လျှပ်စီးမဟုတ်ရင် ဘာဖြစ်ရမှာလဲ... တီဗွီတွေ ရုပ်ရှင်တွေထဲမှာ မြင်ရသလို သဘာဝလွန် စွမ်းအားရှင်တွေရဲ့ တိုက်ပွဲကြီးလို့တော့ မပြောနဲ့ဦးနော်"

သူက လက်ဟန်ခြေဟန်များဖြင့် “ဝူး ဝူး ဝါး ဝါး” အသံများပါ လုပ်ပြကာ "ဒီလိုမျိုးလား" ဟု မေးလိုက်သည်။ ဖစ်ချ်၏ လက်ရှိ ပန်းတိုင်မှာ အခြားသော သဘာဝလွန် အားရှင်များကို ရှာဖွေရန်နှင့် အဖွဲ့အစည်းတစ်ခုခုသို့ ဝင်ရောက်ရန် ဖြစ်သော်လည်း သူ မည်ကဲ့သို့သော လူမျိုးများနှင့် ဆုံရမည်ကို မသိနိုင်သဖြင့် 'လင်ကျဲ' ကဲ့သို့သော အခြေအနေမျိုး ထပ်မကြုံရစေရန် သေချာ စောင့်ကြည့်ပြီးမှ လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။

အမျိုးသမီးက တခိခိ ရယ်လိုက်ပြီးမှ ဟန်ဆောင်ကာ ပြန်လည် တည်ငြိမ်သွား၏။ သူမက တည်ငြိမ်သော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ကျွန်မ အထင်အရှား မြင်လိုက်တာပါ၊ အဲဒီ 'လျှပ်စီး' က မြေပြင်ကနေ ကောင်းကင်ပေါ်ကို တက်သွားတာ... ပြီးတော့ အဲဒါက မြှားတစ်စင်းလို ဖြောင့်စင်းနေတာပဲ... လျှပ်စီးနဲ့ မတူဘဲ... ဓားအလင်းတန်း နဲ့ ပိုတူနေတယ်"

သူမက မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။

"ဒါက ခဏလေးအတွင်းမှာ ဖြစ်သွားတာ ဆိုပေမဲ့ ကျွန်မ မမှားပါဘူး... ပြီးတော့ မြေငလျင်ကလည်း တစ်ပြိုင်တည်း လှုပ်သွားတာ... ဒီဖြစ်ရပ် နှစ်ခုက သေချာပေါက် ဆက်စပ်နေတယ်..."

"ဒါက... သဘာဝလွန် စွမ်းအားရှင်တွေရဲ့ တိုက်ပွဲ မဟုတ်နိုင်ရင်တောင်"

သူမက ခဏရပ်ကာ အနည်းငယ် ပြုံးလျက်...

"အဟမ်း အဟမ်း... ဒါပေမဲ့ တစ်ခုခုတော့ ထူးခြားနေတာ သေချာတယ်"

‘ဒီအမျိုးသမီးက အတော်လေး မျက်စိလျင်တာပဲ... နော်ဇင်မှာ အမြဲတမ်းဖြစ်နေတဲ့ 'ဂတ်စ်ပေါက်ကွဲမှု' ဆိုတာတွေက သဘာဝလွန် စွမ်းအားရှင်တွေကြောင့်ပဲ ဖြစ်တာလေ... သူ့လို မျက်မြင်သက်သေတွေက အဲဒီလိုအရာတွေကို သတိထားမိကြတာပဲ’

ဖစ်ချ်က စိတ်ထဲမှ တွေးလိုက်သည်။ သူသည် စိတ်ဝင်စားလာကာ သဘာဝလွန် စွမ်းအားရှင်များအနေဖြင့် ဤအခြေအနေကို မည်သို့ ကိုင်တွယ်မည်ကို သိချင်လာသည်။

ထိုအချိန်တွင် လင်ကျဲ စကားပြောလာသည်ကို ဖစ်ချ် ကြားလိုက်ရ၏။

"မဟုတ်ပါဘူးဗျ... ဒါက ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး... ထိတ်လန့်နေစရာ မလိုပါဘူး"

အမျိုးသမီးက အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သူမက ယဉ်ကျေးပျူငှာပြီး တည်ငြိမ်နေသော လူငယ်လေးဘက်သို့ လှည့်လိုက်သည်။

"ဟုတ်လား... ဘာလို့ အဲဒီလို ပြောတာလဲ... လူတွေ အများကြီး မြင်လိုက်တာလေ..."

လင်ကျဲက ခေါင်းခါလိုက်သည်။ ရှင်းပြချက်ကို ရိုးရှင်းအောင် ပြောပြရန် လိုအပ်ကြောင်း သူ သိလိုက်သည်။ သူသည် မိုးလေဝသ ပညာရပ်ကို အကြီးအကျယ် မလေ့လာခဲ့ဖူးသော်လည်း ဤအခြေခံ သဘာဝဖြစ်စဉ်ကိုတော့ သိထားသည်။

"ပုံမှန်အားဖြင့် လျှပ်စီးဟာ ကောင်းကင်ကနေ မြေပြင်ကို ဆင်းတတ်တာ မှန်ပါတယ်... ဒါပေမဲ့ လျှပ်စီး အမျိုးအစားအားလုံးက အဲဒီလို မဟုတ်ပါဘူး"

သူက အနည်းငယ် ပြုံးလျက် ရှင်းပြလိုက်သည်။

"တစ်ချို့ အခြေအနေတွေမှာ လျှပ်စီးဟာ မိုးတိမ်တွေရဲ့ အပေါ်ပိုင်းကနေ လေထုအပေါ်လွှာဆီကို ပစ်တက်သွားတတ်ပါတယ်... အဲဒါကို 'ပြောင်းပြန် လျှပ်စီး' လို့ ခေါ်ပါတယ်။ အခု ကျွန်တော်တို့ မြင်လိုက်ရသလိုပဲ မြေပြင်ကနေ ကောင်းကင်ပေါ်ကို တက်သွားသလို မြင်ရတာမျိုးပေါ့..."

"ဒါ့အပြင် ဒီလို လျှပ်စီးမျိုးက သာမန်လျှပ်စီးထက် ပိုပြီး စွမ်းအားပြင်းပါတယ်... စွမ်းအင်တွေ အများကြီးကို ထုတ်လွှတ်လိုက်တာမို့လို့ သာမန် လျှပ်စီးတွေလို ဘေးကို ဖြာမထွက်ဘဲ အလင်းတန်း တစ်ခုလို ဖြောင့်ဖြောင့်တန်းတန်း မြင်ရတာပါ..."

လင်ကျဲက ပုခုံးတွန့်ပြလိုက်သည်။

"ဒါကြောင့် ဒါဟာ သဘာဝလွန် စွမ်းအားရှင်တွေရဲ့ တိုက်ပွဲဆိုတာမျိုးနဲ့ မဆိုင်ပါဘူး... ဒါက မိုးသက်မုန်တိုင်း လာတော့မယ်ဆိုတာကို ပြသနေတာမို့လို့ အပြင်က အဝတ်အစားတွေကို အိမ်ထဲကို သိမ်းဖို့ပဲ လိုပါတယ်"

“...”

ဖစ်ချ်နှင့် ထိုအမျိုးသမီးမှာ မှင်သက်သွားကြ၏။

“ဒါက...”

သူတို့နှစ်ဦးလုံးမှာ ဤကိစ္စနှင့် ပတ်သက်၍ ဗဟုသုတ မရှိကြသော်လည်း လင်ကျဲ၏ ယုံကြည်မှုအပြည့်နှင့် ရှင်းပြပုံကြောင့် လက်ခံရန်သာ ရှိတော့သည်။

၎င်းမှာ ကလေးငယ်များက ဆရာ၏ ရှင်းပြချက်ကို မည်သည့် သံသယမျှမရှိဘဲ နားထောင်နေကြရသကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် ဤသီအိုရီ၏ ယုတ္တိမှာလည်း အလွန်ပင် ခိုင်မာလှသည်။

အမျိုးသမီးမှာ အနည်းငယ် တွေဝေသွားပြီးမှ ပြန်လည် ငြင်းဆန်ရန် ကြိုးစားလိုက်၏။

"ဒါဆို... အဲဒီ မြေငလျင်ကရော..."

"အဲဒါကလည်း ရိုးရှင်းတဲ့ ရှင်းပြချက် ရှိပါတယ်... အခုနက ပြောတဲ့ ပြောင်းပြန်လျှပ်စီး ဖြစ်ပေါ်ဖို့ဆိုရင် မုန်တိုင်းဟာ အစောပိုင်း အဆင့်မှာ မဟုတ်တော့ပါဘူး... အဲဒီအစား မုန်တိုင်းက တော်တော်လေး ကြာနေပြီဖြစ်တဲ့ စူပါမုန်တိုင်းမျိုး ဖြစ်ရပါမယ်... မိုးရေတွေ မြေကြီးထဲကို အများကြီး စိမ့်ဝင်သွားတဲ့အခါ မြေသားဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး မြေမျက်နှာပြင် အပေါ်ယံလွှာကို လျော့ရဲစေကာ တုန်ခါမှုတွေ ဖြစ်စေတာပါ..."

"..."

အမျိုးသမီးမှာ လုံးဝ ဆွံ့အသွားတော့၏။ သူမသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ အားမလိုအားမရ ပြုံးလျက် သက်ပြင်းချလိုက်သည်။

"ရှင်က တကယ်ပဲ ဗဟုသုတ ကြွယ်ဝတာပဲ... A16 ခြံဝင်း ပါတီပွဲကို ရောက်နေတာ မဆန်းပါဘူး... ကျွန်မ အကုန်လုံးကို နားမလည်ပေမဲ့ ရှင်ပြောတာတွေက တော်တော်လေး ယုတ္တိရှိပါတယ်"

သူမက လင်ကျဲထံသို့ လက်ကမ်းလိုက်သည်။

"ယက်ဒါ အယ်လီနော်ပါ... ယက်ဒါလို့ပဲ ခေါ်နိုင်ပါတယ်"

လင်ကျဲက ကမ်းပေးသောလက်ကို ဆုပ်ကိုင်လိုက်သည်။

"လင်ကျဲပါ..."

ဖစ်ချ်ကလည်း သူ၏ နာမည်ကို ပြောလိုက်ရာ ယက်ဒါမှာ အနည်းငယ် အံ့အားသင့်သွားပြီး နောက်တစ်ကြိမ်ပင် ပြန်ကြည့်မိသွား၏။ 'ခြေသလုံးအိမ်တိုင် ပါရမီရှင်' ဆိုသော အမည်မှာ နောက်ဆုံးတော့ အသုံးဝင်လာပြီ ဖြစ်သည်။

သူတို့ စကားဆက်ပြောကြရာ...အယ်လီနော်မှာ မျိုးရိုးစဉ်ဆက် တော်ဝင်မျိုးနွယ်များကို အလုပ်အကျွေးပြုခဲ့သော ငွေထည်ပစ္စည်း ထုတ်လုပ်သည့် မိသားစုမှ ဖြစ်ကြောင်း လင်ကျဲ သိလိုက်ရသည်။ လတ်တလောတွင် သူတို့သည် အနုစိတ်သော သတ္တု အသုံးအဆောင်များ၊ အဆင်တန်ဆာများနှင့် အမှတ်တရ ပစ္စည်းများကိုလည်း ထုတ်လုပ်နေကြသည်။ ယနေ့တွင် သူမသည် နေမကောင်းဖြစ်နေသော သူမ၏ မိခင်ကိုယ်စား မိသားစုကိုယ်စားလှယ်အဖြစ် တက်ရောက်လာခြင်း ဖြစ်သည်။

သူတို့ စကားပြောနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဆူညံသံများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ခန်းမဆောင်ကြီး၏ ရှေ့ဘက်ရှိ ဘယ်ဘက် ခရုပတ်လှေကားမှ အနက်ရောင် ဝတ်စုံဝတ် လူကြီးတစ်ဦး ဆင်းလာသည်။ အသက်အရွယ်အရ အနက်ရောင် ဆံပင်များထဲတွင် ဆံပင်ဖြူအချို့ ရောနှောနေသော်လည်း သမီးဖြစ်သူကဲ့သို့ပင် သူ၏ သံမဏိမီးခိုးရောင် မျက်လုံးများမှာမူ ထက်မြက်လှပြီး လူတိုင်းကို အပေါ်မှနေ၍ အကဲခတ်နေသည်။

ပါတီပွဲ၏ အိမ်ရှင်၊ A16 ခြံဝင်း၏ ပိုင်ရှင်၊ နော်ဇင်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း၏ အကြီးအကဲ—ကျိပိုတုန် နောက်ဆုံးတွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

သူသည် လူအုပ်ကြီးကို ရင်ဆိုင်ကာ ခန်းမဆောင်ကြီး၏ အလယ်ဗဟိုသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

"စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော် အခုလေးတင် သတင်းအချို့ ရရှိထားပါတယ်။ လူတိုင်း စိတ်အေးအေးထားကြပါ"

သူက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက်... လမ်းလျှောက်တုတ်ကို အနည်းငယ် မြှောက်ကာ အဝေးသို့ ညွှန်ပြလိုက်၏။

"လောလောဆယ် မုန်တိုင်းတစ်ခုက ဖြစ်နေပါတယ်... ကျွန်တော့်ရဲ့ မိုးလေဝသ ပညာရှင် အဖွဲ့က အရင်က တစ်ခါမှ မှတ်တမ်းမတင်ဖူးတဲ့ ထူးခြားတဲ့ သဘာဝဖြစ်စဉ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်... အဲဒါကို 'ပြောင်းပြန် လျှပ်စီး' လို့ အမည်ပေးမှာပါ... တစ်ပြိုင်တည်းမှာပဲ ဒီမိုးသက်မုန်တိုင်းကြောင့် မြေသားအချို့ လှုပ်ခတ်သွားခဲ့ပြီး ကျွန်တော်တို့ အခုလေးတင် ခံစားလိုက်ရတဲ့ တုန်ခါမှုတွေ ဖြစ်ပေါ်ခဲ့တာပါ"

"ပါတီပွဲကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပပါမယ်... အားလုံးပဲ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ"

ကျိပိုတုန်၏ အသံမှာ လက်ခုပ်သံများအောက်တွင် ပျောက်ကွယ်သွားသော်လည်း ဖစ်ချ်နှင့် ယက်ဒါတို့မှာမူ မှင်သက်နေမိတော့သည်။

***

အပိုင်း(၃၇၈)

ကျိပိုတုန် ပြောလိုက်သည့် စကားများသည် လင်ကျဲ၏ ရှင်းပြချက်နှင့် တစ်သဝေမတိမ်း ထပ်တူကျနေသည်။ ဖစ်ချ်နှင့် ယက်ဒါတို့ နှစ်ဦးစလုံးမှာ အခြားအချက်တစ်ခုကို သတိထားမိလောက်အောင် ထက်မြက်ကြသည်။

ကျိပိုတုန်၏ အဆိုအရ 'ပြောင်းပြန်လျှပ်စီး' ဟု အမည်ပေးထားသော ထိုမိုးလေဝသဖြစ်စဉ်မှာ 'ယခင်က တစ်ခါမှ မှတ်တမ်းမတင်ဖူးသည့် ရှားပါးဖြစ်စဉ်ဖြစ်ပြီး ယခုလေးတင်မှ အမည်ပေးလိုက်ခြင်း' ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းမှာ ယခုမှသာ မြင်တွေ့ဖူးသဖြင့် အမည်သစ် ရရှိသွားခြင်း ဖြစ်သည်။

ထိုနေရာတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။ ကျိပိုတုန် မကြေညာမီကတည်းက စာအုပ်ဆိုင်ပိုင်ရှင် လင်ကျဲသည် ၎င်းကို 'ပြောင်းပြန်လျှပ်စီး' ဟု ခေါ်ရမည်မှန်း ဘယ်လိုလုပ် သိနေသနည်း။

နော်ဇင်၏ ဈေးကွက်တွင် 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' ၏ လက်ဝါးကြီးအုပ်နိုင်မှုမှာ မည်သူ့ကိုမျှ အံ့ဩစရာ မဟုတ်ပေ။ မြို့တော်၏ အဓိက စက်မှုလုပ်ငန်းအားလုံးနီးပါးကို စီရင်ပိုင်ခွင့်ရှိသော ဤကုမ္ပဏီကြီးသည် သတင်းအချက်အလက် အပါအဝင် အကန့်အသတ်မဲ့သော အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။

ယခု ပါတီပွဲတွင် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသူ အများအပြား ရှိနေသော်လည်း မည်သူကမျှ အခြေအနေကို စုံစမ်းရန် သူတို့၏ လူများကို မလွှတ်ကြဘဲ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သတင်းရယူနိုင်စွမ်းမှာ ရိုးလ်ကုမ္ပဏီကို မည်သည့်အခါမျှ မမီနိုင်ကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။

သာမန်လူများ၏ အမြင်တွင် ကျိပိုတုန်သည် နေရာတကာတွင် မျက်စိနှင့် နားရှိနေသူ တစ်ဦးပင်။ သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာမှုဖြင့်သာ ဆုံးဖြတ်နိုင်သော ဖြစ်စဉ်အသစ်ကို စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်က အရင် ဦးအောင် ပြောသွားနိုင်ခဲ့သည်။

‘နေဦး... ဒါက အဓိပ္ပာယ် မရှိဘူး...’

ယက်ဒါ စိတ်အေးအေးထားပြီး စဉ်းစားရန် ကြိုးစားလိုက်သည်။

‘ဖြစ်နိုင်တာက ဒီစာအုပ်ဆိုင်ပိုင်ရှင်မှာ လျှို့ဝှက် အဆက်အသွယ်တွေ ရှိနေပြီးတော့ ကျိပိုတုန်က မိုးလေဝသ ပညာရှင်တွေနဲ့ ဆွေးနွေးနေတုန်းမှာ သတင်းကို ကြိုရလိုက်တာလား... ဒါဆိုရင်တော့ ကျိပိုတုန် ထွက်မလာခင်မှာ သူက သတင်းကို အရင် ဖောက်သည်ချလိုက်နိုင်တာပေါ့...’

သို့သော် လင်ကျဲမှာ အစောပိုင်းကတည်းက သူတို့နှင့် စကားပြောနေခြင်း ဖြစ်ပြီး အခြား မည်သူနှင့်မျှ စကားမပြောခဲ့ပေ။ ဆိုလိုသည်က ဤယူဆချက်မှာ မဖြစ်နိုင်ပေ။

‘ဒါမှမဟုတ်ရင်... သူ့မှာ ကြိုတင် ဗဟုသုတတွေ ရှိနေပြီး မိုးလေဝသ ပညာရှင်တွေရဲ့ ကောက်ချက်တွေကို ကြိုတင် ခန့်မှန်းနိုင်တာလား...’

ယက်ဒါ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျောချမ်းသလို ခံစားလိုက်ရသည်။ မိသားစုကိုယ်စားလှယ်အဖြစ် ဤပါတီပွဲကို တက်ရောက်ခွင့်ရသော ယက်ဒါမှာ သာမန်ဦးနှောက် ပိုင်ရှင် တစ်ယောက် မဟုတ်ပေ။ သူမသည် လက်ရှိ အခြေအနေကို ဝေဖန်ပိုင်းခြားပြီး ဆုံးဖြတ်နိုင်စွမ်း ရှိသည်။

စိတ်ထဲ၌ အတွေးများမှာ အလွန်ပင် လျင်မြန်နေသော်လည်း မိန်းကလေးမှာ မျက်နှာပေါ်မှ ထူးဆန်းသော အမူအရာကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ သူမ ဘေးနားရှိ စားပွဲရှည်ပေါ်မှ ဝိုင်ဖန်ခွက်ကို အလျင်အမြန် ကောက်ယူကာ တစ်ငုံသောက်ရင်း ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

ဤ 'သာမန်' စာအုပ်ဆိုင်ပိုင်ရှင်၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။ အထက်ပါ ဖြစ်နိုင်ခြေများက 'ပြောင်းပြန်လျှပ်စီး' ဆိုသည်မှာ မိုးလေဝသဖြစ်စဉ် သက်သက် မဟုတ်ဘဲ လျှို့ဝှက်ချက် တစ်ခုခု ရှိနေကြောင်း ညွှန်ပြနေသည်။

အကယ်၍ ပထမ ဖြစ်နိုင်ခြေသာ မှန်ကန်မည်ဆိုပါက လင်ကျဲ... ဟုခေါ်သော မိမိကိုယ်ကို သာမန်ဆိုင်ပိုင်ရှင်ဟု ဆိုသူ၏ နောက်ကွယ်တွင် ထူးခြားသော စွမ်းအားတစ်ခု ရှိနေသည်မှာ သေချာသည်။ ဤ 'ပြောင်းပြန်လျှပ်စီး' နှင့် မိုးလေဝသ ပညာရှင်များ အားလုံးမှာ သူ၏ စီစဉ်မှုအောက်တွင် ရှိနေခြင်း ဖြစ်ရမည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည် 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' ကုမ္ပဏီကြီးကိုပင် လှည့်ဖြားနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်...

‘ဒါဟာ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အံ့ဩဖို့ကောင်းတဲ့ ယူဆချက်ပဲ...’

အကယ်၍ ဒုတိယ ဖြစ်နိုင်ခြေသာ မှန်ခဲ့မည်ဆိုလျှင် လင်ကျဲ ပြောခဲ့သော စကားများမှာ အပိုများသာ ဖြစ်လိမ့်မည်။ သူသည် တိုက်ပွဲတွင် အသံပေါင်းစုံ ဖန်တီးနိုင်သော သဘာဝလွန် စွမ်းအားရှင် တစ်ဦးလည်း ဖြစ်နိုင်ပေသည်။ 'လျှပ်စီး' နှင့် ပတ်သက်၍မူ ယက်ဒါ၏ အာရုံခံစားမှုအရ ၎င်းမှာ ဓားအလင်းတန်း ဖြစ်ဖို့ များသည်။

မည်သို့ပင်ဖြစ်စေ... သူမရှေ့တွင် ရပ်နေသော ဤလူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် စွမ်းအားမှာ မြင်ရသည်ထက် များစွာ ပိုမို နက်ရှိုင်းနေသည်မှာ သေချာပေသည်။

‘သူက သာမန် စာအုပ်ဆိုင်ပိုင်ရှင် မဟုတ်တာတော့ ရာနှုန်းပြည့် သေချာတယ်...’

ယက်ဒါ၏ နှလုံးမှာ အရှိန်အဟုန်ဖြင့် ခုန်နေ၏။ သူမသည် ပါတီပွဲရှိ အခြားသူများ မမြင်နိုင်သော အမှန်တရားကို မြင်တွေ့နိုင်ရန် နီးစပ်နေပြီဟုပင် ခံစားလိုက်ရသည်။

ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဧည့်သည်များမှာ တည်ငြိမ်သွားကြပြီ ဖြစ်ပြီး ပါတီပွဲ၏ ပထမပိုင်းဖြစ်သော ကပွဲအတွက် အဖော်ရှာရန် စကားလက်ဆုံ ကျနေကြသည်။ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' က လူအများစုကို မျက်စိမှိတ် လှည့်ဖြားထားနိုင်ခဲ့သော်လည်း ရွေးချယ်ခံရသူ အနည်းငယ်သာ အမှန်တရားကို သိနိုင်ကြသည်။

သူမသည် ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။

‘ဒီလျှို့ဝှက်ဆန်းကြယ်ပြီး ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ မစ္စတာလင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ရိုးလ်ကုမ္ပဏီနဲ့ သူနဲ့ ဘယ်လို ပတ်သက်နေတာလဲ...’

ယက်ဒါ၏ စိတ်ထဲတွင် မေးခွန်းများစွာ ထွက်ပေါ်နေသည်။

အခြားတစ်ဖက်တွင်မူ ဖစ်ချ်သည် ဤအခြေအနေကို ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း အံ့ဩတုန်လှုပ်နေဆဲပင် ဖြစ်သည်။ 'အခြေအနေကို သိရှိသူ' တစ်ဦးအနေဖြင့် လင်ကျဲ ပြောခဲ့သော စကားများမှာ အဓိပ္ပာယ်မရှိသည့် စကားများသာ ဖြစ်ကြောင်း သူ သိထားသည်။ သို့သော် ထိုအဓိပ္ပာယ်မရှိသော စကားများကို ကျိပိုတုန်ကိုယ်တိုင်က 'တရားဝင် အတည်ပြု' ပေးလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ဖစ်ချ်အတွက်မူ လင်ကျဲက သူ၏ စွမ်းအားကို အသုံးပြုခဲ့သည်ဟူသော ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ၎င်းမှာ မည်ကဲ့သို့သော စွမ်းအားမျိုး ဆိုသည်ကိုမူ ဖစ်ချ် မသိသေးပေ။

သို့သော် ဖစ်ချ်မှာ ဤစာအုပ်ဆိုင်ပိုင်ရှင်၏ အစွမ်းကို ရင်ဆိုင်ဖူးသည့် အတွေ့အကြုံ ရှိထားသဖြင့် သူက ထိုမိုးလေဝသ ပညာရှင်များ၏ အတွေးများကို ထိန်းချုပ်ပြီး ၎င်းတို့မှတစ်ဆင့် ကျိပိုတုန်ထံသို့ ထိုသတင်းအချက်အလက်များကို ပေးပို့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။

ထို့အပြင်... ဖစ်ချ် မတွေးရဲသော အခြား ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။ ထိုပြောင်းပြန်လျှပ်စီးမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ 'အမိန့်' ကြောင့် ဖြစ်ပေါ်လာခြင်းလော။

ဖစ်ချ်မှာ အတွေ့အကြုံ နည်းပါးသူ ဖြစ်သော်လည်း 'ဖျက်ဆီးခြင်း အဆင့်' ၏ အထွတ်အထိပ် သို့မဟုတ် ‘အခရာ အဆင့်’ နှင့် နီးစပ်သူများသာလျှင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ကြောင်း သူ သိထားသည်။

‘တကယ်လို့ အဲဒီနောက်ဆုံး ဖြစ်နိုင်ခြေသာ မှန်ခဲ့ရင် ငါ့လက်ထဲက စာအုပ်က...’

ဖစ်ချ် တံတွေးတစ်ချက် မျိုချလိုက်မိ၏။ သူ၏ အင်္ကျီအတွင်းအိတ်မှာ ရုတ်တရက် ပို၍ လေးလံလာသကဲ့သို့ပင် ခံစားလိုက်ရသည်။

ခန်းမဆောင်အတွင်း လေထုမှာ သက်ဝင်လှုပ်ရှားနေပြီး လူအုပ်ကြီးမှာလည်း စည်ကားနေသည်။ ခန်းမ၏ ထောင့်သေးသေးလေး တစ်ခုတွင်မူ အနီရောင် ဝတ်စုံဝတ် ဆံပင်ညိုရောင် အမျိုးသမီးက ဝိုင်ကို ငေးကြည့်နေပြီး ပိန်ပိန်ပါးပါး တယောသမားလေးကတော့ စိုးရိမ်ပူပန်နေပုံ ရသည်။

သူတို့၏ ခေါင်းထဲသို့ ဤအတွေးများအား ထည့်သွင်းပေးခဲ့သော 'တရားခံ' လင်ကျဲမှာမူ...

...

ကျိပိုတုန် ပေါ်လာသည့် အခါတွင် လင်ကျဲမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။ အိမ်ရှင်ဖြစ်သူ လှေကားမှ ဆင်းလာစဉ် လင်ကျဲ တစ်ယောက် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆက်လက် ထိန်းသိမ်းထားပြီး သဘာဝကျကျ ဖြစ်အောင် ကြိုးစားရင်း နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ကာ လူအုပ်ထဲသို့ အမြန်ဆုံး ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

သူ မျက်နှာကို ဖုံးကွယ်ရန် ဝိုင်ဖန်ခွက်ကို အလျင်အမြန် ကောက်ယူလိုက်ပြီး ကျိပိုတုန် သူ့ကို မကြည့်တော့မှ သို့မဟုတ် သူ့ဘက်သို့ မျက်နှာမမူတော့မှသာ လင်ကျဲ တစ်ယောက် သူ၏ နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်နိုင်သည်။

မစ္စတာလင် တစ်ယောက် အပြင်ပန်းတွင် တည်ငြိမ်နေသကဲ့သို့ ရှိသော်လည်း ရင်ထဲတွင်မူ ပျာယာခတ်နေပြီဖြစ်သည်။

‘ဘာတွေလဲကွာ...’

‘ကျိကျစ်ရှို့နဲ့အတူ စာအုပ်ဆိုင်ကို လိုက်လာတဲ့ ကားဆရာကြီးက သူရဲ့ အဖေ၊ ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီရဲ့ အကြီးအကဲ ကျိပိုတုန် ဖြစ်နေတာလား...’

လင်ကျဲသည် ဖန်ခွက်ထဲမှ ဝိုင်ကို စိုက်ကြည့်ရင်း ကျိကျစ်ရှို့ကို သူမ၏ အဖေရှေ့မှာတင် မည်သို့ သိက္ခာချခဲ့မိသည်ကို ပြန်လည် အမှတ်ရနေမိသည်။

ဈေးကြီးသော လက်ဆောင်များကို လက်ခံခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ မွေးနေ့ပွဲ တက်ရောက်ရန် သဘောတူခြင်း၊ ကျိပိုတုန်ကို ကိုယ်တိုင် ဝေဖန်ခြင်းနှင့်... ကျိကျစ်ရှို့၏ ခံစားချက်များကို လိမ္မာပါးနပ်စွာ ငြင်းပယ်ခြင်း... လင်ကျဲ ထိုအရာအားလုံးကို ပြန်တွေးမိပြီး နှုတ်ခမ်းများမှာ မသိစိတ်ဖြင့် တုန်ရီလာသည်။

‘လူကြီးလူကောင်းကြီးတွေ အားလုံးက ဒီလို ထူးဆန်းတဲ့ ဟာသဥာဏ်မျိုး ရှိကြတာလား...

သူက ဘာလို့ ကျိကျစ်ရှို့ရဲ့ ကားဆရာ လိုမျိုး ဟန်ဆောင်နေရတာလဲ... ဒါမှမဟုတ် သူ့ရဲ့ နုနယ်တဲ့ သမီးလေးကို တခြားသူတွေ ထပ်ပြီး မလှည့်စားနိုင်အောင် ကာကွယ်ပေးနေတဲ့ အဖေတစ်ယောက်ရဲ့ လုပ်ရပ်လား...’

ဤအခြေအနေကို ပြန်လည် မြင်ယောင်ကြည့်လိုက်ရုံနှင့် လင်ကျဲမှာ ပို၍ပင် အနေရခက်လာသည်။ တစ်နည်းအားဖြင့်... အဖေရှေ့မှာတင် လက်ဆောင်ကို လက်ခံပြီး သမီး၏ ခံစားချက်ကို ငြင်းပယ်လိုက်ခြင်း... ၎င်းက မိန်းကလေး၏ ခံစားချက်နှင့် စည်းစိမ်ကို ကစားနေသည့် လူယုတ်မာ တစ်ယောက်ကဲ့သို့ မဖြစ်သွားပေဘူးလော။

သိုသော်လည်း... ပို၍ အနေရခက်စေသည်က လင်ကျဲ ယခု ဤနေရာသို့ ရောက်နေပြီ ဖြစ်ခြင်းပင်...။

‘မစ္စတာကျိက ငါ့ကို ပြေးလမ်းမရှိအောင် ထောင်ချောက်ဆင်ထားတာတော့ မဟုတ်ပါဘူးနော်...’

လင်ကျဲ တစ်ယောက် ထိုကဲ့သို့ အတွေးများဖြင့် စိုးရိမ်နေစဉ်မှာပင် မသိစိတ်ဖြင့် ကျိပိုတုန်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုသူ၏ အကြည့်နှင့် မထင်မှတ်ဘဲ ဆုံမိသွားလေတော့သည်။

***

All Chapters