← Chapters

အခန်း (၁၉၆၁-၁၉၆၂)

Vol. 141 Ch. 1961-1962

အခန်း (၁၉၆၁-၁၉၆၂)

Vol. 141 Ch. 1961-1962

အပိုင်း(၁၉၆၁)

ဝေ့စီကတော့ စိတ်ဝင်တစားဖြaင့် မျက်တောင် တဖျပ်ဖျပ် ခတ်နေမိ၏။ ကြယ်တာရာများကို ဝါးမြိုနေသည့် ထိုသားရဲကြီးမှာ အလွန်တရာ ကြီးမား ထူးခြားလှသော်လည်း ဝေ့စီ၏ ဦးနှောက်ကမူ ထိုသားရဲ၏ မျိုးရိုးဗီဇကိုသာ ဖော်ထုတ်ရန် အားခဲနေခဲ့သည်။ သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ဟူ၍ မြူတစ်မှုန်မျှပင် မရှိချေ။

ယွီစွန်းလီမှာမူ ထိုသားရဲကြီး၏ အရှိန်အဝါအောက်တွင် နစ်မွန်းနေခဲ့သည်။ အံ့ဩမှင်သက်မှုကြောင့် ခေတ္တမျှ ရပ်တန့်သွားသော ဝင်သက်ထွက်သက်များ အဆုပ်အတွင်း ပြန်လည် စီးဝင်လာပြီးနောက် သူမ၏ ရင်အစုံမှာ တောင်စဉ်တောင်တန်းများ နိမ့်ချည်မြင့်ချည် ဖြစ်နေသကဲ့သို့ လှုပ်ခတ်နေတော့သည်။ မိန်းကလေးမှာ အသက်ကို မှန်မှန် ပြန်ရှူလိုက်သည့်အခါမှ စိတ်တည်ငြိမ်သွားပြီး မျက်ဝန်းအစုံ၌ ပြတ်သားသော အရိပ်အယောင်တို့ ဝင်းလက်လာသည်။

“ဝေ့ဝူယင် အစောက ပြောခဲ့တယ်... ကောင်းကင်နှလုံးသား ဂလက်ဆီကို စိုးမိုးထားတဲ့ သားရဲ သုံးမျိုး ရှိတယ်တဲ့... ရော့ ငှက်တွေ၊ အယ်လ်မီရက် ယုန်တွေနဲ့ ဟိုက်အီးနားတွေပဲ... ငါ့အထင်တော့ ဒါက ဟိုက်အီးနား တစ်ကောင်ပဲ ဖြစ်ရမယ်”

“ဟိုက်အီးနား ဟုတ်လား...”

ဝေ့စီနှင့် ချင်ချူးမူတို့မှာ အံ့အားသင့်သွားကြ၏။ အထူးသဖြင့် ချင်ချူးမူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်လာသည်။ မိန်းကလေးမှာ ခွန်အားဖြည့်တင်းထားသော အာရုံခံစွမ်းအားဖြင့် ထိုသားရဲကြီးကို ထပ်မံ အကဲခတ်ကြည့်သောအခါမှ သူမ ဖတ်မှတ်ဖူးသော စာပေကျမ်းဂန်များထဲရှိ ဟိုက်အီးနားတို့၏ ဖော်ပြချက်နှင့် များစွာ ဆင်တူနေကြောင်း တွေ့လိုက်ရသည်။

“ခွေးနဲ့လည်းမတူ၊ ကြောင်နဲ့လည်းမတူတဲ့ တည်ရှိမှု... ကမ္ဘာဦးကာလက ထူးဆန်းတဲ့ ဗီဇပြောင်းလဲခြင်းကနေ ဆင်းသက်လာတဲ့ မျိုးရိုး... ရယ်မောခြင်း နတ်ဘုရားရဲ့ ကောင်းချီးကို ရရှိထားပြီး ငတ်မွတ်ခြင်း နတ်ဘုရားရဲ့ ကျိန်စာကို ခံထားရတဲ့ ကောင်တွေ...”

ချင်ချူးမူသည် အံ့ဩတုန်လှုပ်မှု အပြည့်ဖြင့် ကျမ်းဂန်များထဲမှ စာသားများကို ရေရွတ်လိုက်၏။ ကျမ်းဂန်များထဲတွင် တင်စားချက်များ၊ အပိုအလွန် ရေးသားချက်များ ပါဝင်နေသော်လည်း အနန္တ ကုန်းမြေတိုက်ကြီးရှိ စာပေများ ဖော်ပြလေ့ရှိသော သိမ်မွေ့သည့် အမှန်တရားများကိုမူ လျစ်လျူရှု၍ မရနိုင်ချေ။ ထိုနည်းတူပင် မီးဖီးနစ် တစ်ကောင် မွေးဖွားခြင်းနှင့် ပတ်သက်သည့် ပုံပြင်များမှာလည်း အလွန် ခမ်းနားလှပြီး ဗာမီလီယန်များနှင့်လည်း သိသိသာသာ ဆက်နွှယ်မှု ရှိနေသည် မဟုတ်ပါလား။

တစ်ဖက်တွင်မူ ဝေ့စီမှာ သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံး တစ်နေရာမှ အသိပညာများကို ထုတ်ယူနေသကဲ့သို့ ငေးမောနေမိသည်။ စပါတန် မျိုးရိုးမှာ ထူးခြားလှပြီး သူတို့၏ အမွေအနှစ်ထဲတွင် နက်ရှိုင်းလှသော အသိပညာများ ကိန်းအောင်းနေသည်။ သို့သော်လည်း သင့်လျော်သော နိုးထမှု မပြုလုပ်ရသေးသော စပါတန်တို့အဖို့ ထိုအသိပညာအားလုံးကို ရယူနိုင်ရန်မှာ မလွယ်ကူလှဘဲ မိမိတို့၏ နေရပ်သို့ ပြန်ရန် လိုအပ်ပေသည်။ ဝေ့စီမှာ အစ်ကိုဝမ်းကွဲနှင့်အတူ ကြယ်တာရာများအကြား ခရီးလှည့်လည်ရန်အတွက် ထိုကိစ္စကို ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ ရွေးချယ်မှုအတွက်လည်း ယနေ့ထက်တိုင် နောင်တမရခဲ့ပေ။

“ဟိုက်အီးနား... ထောင်ထျဲ့...”

သူ၏ စိတ်ထဲတွင် မပြည့်စုံသော်လည်း သေချာသည့် လျှို့ဝှက်ချက် တစ်ခု ပေါ်ထွက်လာသည်။

“ထောင်ထျဲ့ ဟုတ်လား...”

ချင်ချူးမူသည် ငေးမောနေရာမှ နိုးထလာ၏။ အကယ်၍ အနန္တ ကုန်းမြေတိုက်ကြီးရှိ စာပေများထဲတွင် ငတ်မွတ်ခြင်း နတ်ဘုရားဟု တင်စားနိုင်သော တည်ရှိမှု တစ်ခု ရှိခဲ့လျှင် ထောင်ထျဲ့ မှာ အသင့်တော်ဆုံးပင် ဖြစ်ပေလိမ့်မည်။

ယွီစွန်းလီမှာမူ ထိုအမည်နှစ်ခုစလုံးကို မသိနားမလည်သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကမူ တစ်ခုခု လုပ်ဆောင်ရန် တိုက်တွန်းနေသည်။

သူမသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ရာ ဝေ့စီက သတိဝင်လာပြီး သူမကို စိုက်ကြည့်လိုက်၏။

“မမစွန်းလီ... အခုလောလောဆယ်တော့ အဝေးမှာပဲ နေတာ ပိုကောင်းမယ် ထင်တယ်”

သို့သော်လည်း... ယွီစွန်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ကြယ်တာရာ မြူတိမ်တိုက်ပေါ်တွင် လဲလျောင်းကာ စားသောက်နေသည့် ဟိုက်အီးနားကြီးထံမှ အကြည့်မခွာချေ။

“ငါ သွားမှ ဖြစ်မယ်...”

သူမက လျှို့ဝှက်စွမ်းအားကို လည်ပတ်လိုက်ရင်း ဥက္ကာခဲပေါ်မှ ခုန်ထွက်ကာ ဟိုက်အီးနားကြီးရှိရာသို့ ပျံသန်းသွားလေတော့သည်။

“နေဦး...”

ဝေ့စီက သူမကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း မမြင်ရသော လက်တစ်ဖက်က သူ့ကို တားဆီးလိုက်သည်။

ယွီစွန်းလီက နောက်သို့ လှည့်ကြည့်ကာ စိတ်အေးစေသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

“မမ အဆင်ပြေမှာပါ”

ထို့နောက် သူမသည် သူတို့ကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ အစားအသောက်ကို မြိန်ရည်ယှက်ရည် စားနေသည့် ဧရာမ ဟိုက်အီးနားကြီးကို ပြန်ကြည့်လိုက်လေသည်။ မိန်းကလေးမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လျှို့ဝှက်အော်ရာများ ပေါက်ကွဲထွက်ပေါ်လာကာ ဟိုက်အီးနားကြီးဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။

တစ်ဖက်တွင်လည်း... ဝေ့စီသည် သူ၏ လက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ထပ်မံ ဝင်ရောက် မတားဆီးတော့ပေ။

“အဲဒီ သတ္တဝါကြီးက ဘယ်လောက်တောင် သန်မာမယ် ထင်သလဲ”

ချင်ချူးမူက မေးလိုက်သည်။ သူမ ထိုသတ္တဝါကြီး၏ ခွန်အားကို ခန့်မှန်းနိုင်စွမ်း မရှိချေ။ အရွယ်အစားကြီးမားခြင်းက ခွန်အားနှင့် တိုက်ရိုက် မပတ်သက်ကြောင်းကိုလည်း သူမ ကောင်းကောင်း သိထားသည်။

လျှို့ဝှက် အာဏာရှင် အဆင့်ရှိသူများအဖို့ နေကြယ် တစ်စင်းကို စားသုံးခြင်းမှာ အလွန်အမင်း အံ့ဩစရာ မဟုတ်ပေ။ သူတို့သည် နေကြယ်များကို လွယ်ကူစွာ ဖျက်ဆီးနိုင်သလို ပြန်လည် ဖန်တီးနိုင်စွမ်းလည်း ရှိကြသည်။ သေမျိုးတစ်ဦး၏ မျက်လုံးတွင်မူ လျှို့ဝှက် အာဏာရှင်များမှာ စိတ်ကူးပင် မယဉ်နိုင်သော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားများကဲ့သို့ပင်။

ယွီစွန်းလီ၏ ကျင့်ကြံခြင်း အခြေခံမှာ လျှို့ဝှက် ဝိညာဉ်အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်မရွေး သေမျိုးတစ်ပိုင်း အရှင်အဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း... ဝေ့ဝူယင်က ခိုင်မာတည်ငြိမ်သည့် အခြေခံအုတ်မြစ် တည်ဆောက်ရန် အကြိမ်ကြိမ် တိုက်တွန်းမှုကြောင့်သာ သူမ ထိန်းထားခြင်းဖြစ်သည်။ သူမသည် အဆင့်တက်နိုင်သော်လည်း အမှန်တကယ်တွင် သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ အားနည်းနေသေးသည်။

အစစ်အမှန် မွေးဖွားခြင်း၏ ဖမ်းဆီးခြင်း ခံရစဉ်က သူတို့သည် သူမကို ကျင့်ကြံခြင်း အခြေခံခိုင်မာအောင် လုပ်ခိုင်းရမည့်အစား အဆင့်တက်ရန်သာ တိုက်တွန်းခဲ့ကြသည်။ သူမသည် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ပျမ်းမျှ လျှို့ဝှက်ဝိညာဉ်အဆင့် ကျင့်ကြံသူထက် အနည်းငယ် သန်မာခဲ့သော်လည်း အပြောကျယ်လှသော ကျင့်ကြံခြင်း လောကကြီးတွင်မူ ထိုခွန်အားမှာ ပြောပလောက်စရာ မရှိချေ။

အမှန်စင်စစ် အဇူရာ မူလ ဂလက်ဆီဇုံ၏ စံနှုန်းဖြင့် တိုင်းတာမည်ဆိုပါက သူမ၏ ခွန်အားမှာ ပျမ်းမျှအောက်တွင်သာ ရှိပြီး အမှိုက်ထက် အနည်းငယ်သာ သာပေလိမ့်မည်။ စွမ်းဆောင်ရည် သို့မဟုတ် နည်းပညာများအရ ကြည့်လျှင်လည်း အဖက်လုပ်ကြည့်စရာပင် မလိုချေ။ ၎င်းမှာ သူမကို အကျဉ်းထောင်မှ ထွက်ပြေးဖို့ အခွင့်အရေး မရစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်း ဖြစ်သည်။

ယခုအခါ ယွီစွန်းလီ၏ ခွန်အားမှာ ယခင်ကထက် များစွာ သာလွန်လာခဲ့ပြီ ဖြစ်သည်။ သို့သော်... သာလွန်လာသည်ဆိုစေဦးတော့၊ သူမ၏ နုနယ်ချည့်နဲ့လှသော သေမျိုးအခြေခံကို ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် သူမမှာ အဇူရာ မူလ ဂလက်ဆီဇုံ မှ ရွေးချယ်ခံ များထက် နိမ့်ကျနေဆဲ ဖြစ်သည်။ ပျမ်းမျှထက် အနည်းငယ် သာပေလိမ့်မည်။ သာမန် သေမျိုးတစ်ပိုင်း အဆင့်များကို အနိုင်မယူနိုင်ဟု မဆိုနိုင်သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် မြေကြီးရှန့်ထိုများကိုမူ အနိုင်တိုက်ရန် ခက်ခဲပေလိမ့်မည်။

ကံကောင်းသည်က... ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် တာအိုကို လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် အဆင့်တွင် အခြေချထားနိုင်ခြင်းပင်။ သူသည် ထိုသို့ ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သော ဆေးဝါးများကို ဖော်စပ်ပေးနိုင်သည်။

သို့သော်လည်း... ယခုမှာမူ သူမ၏ နှစ်နှစ်တာ ချိန်းတွေ့မှု အချိန်ကာလ ဖြစ်သည်။ အဖြူရောင် အဘိဿဲလ် ကဲ့သို့သော နေရာများတွင် ဝေ့ဝူယင် တိုက်ရိုက်ပေးအပ်သည့် ကျင့်ကြံခြင်း အကျိုးကျေးဇူးများကို ရယူနေခြင်းမှလွဲ၍ သူမသည် အံ့ဩဖွယ်ရာ ရှုခင်းများကို ကြည့်ရှုခြင်း၊ အပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်းနှင့် ချင်ချူးမူနှင့်အတူ ပန်းချီဆွဲခြင်းတို့ကိုသာ အဓိက အာရုံစိုက်နေခဲ့သည်။

ဝေ့စီမှာ စပါတန် တစ်ဦး ဖြစ်သည့်အတွက် ချင်ချူးမူအနေဖြင့် မည်သည့် မျိုးရိုး၊ လူမျိုးစု၏ ခွန်အားကိုမဆို ခန့်မှန်းရန် သူ့ကို မေးမြန်းခြင်းမှာ အလွန် မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။ သူမသည် ဝေ့စီ၏ မျိုးရိုးကို မသိသော်လည်း စပါတန်တို့တွင် မည်သည့် သတ္တဝါမျိုး၏ ခွန်အားကိုမဆို ဆဌမအာရုံဖြင့် သိရှိနိုင်သော စွမ်းအားမျိုး ရှိကြသည်။ ၎င်းမှာ မက်ဂီများပင် မယှဉ်နိုင်သော စွမ်းအား ဖြစ်ပြီး သာမန် အသိတရားနှင့် စံနှုန်းများကို ဖီဆန်နေသည့် ဝေ့ဝူယင် သို့မဟုတ် စုမေ့ ကဲ့သို့သော တည်ရှိမှုများသာ ကင်းလွတ်ခွင့် ရပေလိမ့်မည်။

“သန်မာသလား... ကျွန်တော် ပြောရမယ်ဆိုရင်တော့...”

သူက ခဏမျှ ရပ်ကာ ဟိုက်အီးနားကြီးကို အကဲခတ်လိုက်သည်။ ခဏအကြာတွင် သူ၏ မျက်လုံးအစုံမှာ ဝင်းလက်သွား၏။

“မမ စွေ့ဖုန်းရဲ့ အစေခံလောက်နီးပါး သန်မာမယ်... ဒါမှမဟုတ် နည်းနည်းလေး ပိုအားနည်းမယ် ထင်တယ်...”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်ချူးမူမှာ အသက်ပင် ရှူနိုင်စွမ်း မရှိတော့ချေ။ မီးခိုးရောင် နှင်းဆီမှာ လျှို့ဝှက် အရှင်သခင် တစ်ဦး ဖြစ်ပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့် ခုနစ်၊ သို့မဟုတ် အာဏာရှင် ရှန့်ထို အဆင့်၌ ရှိနေသော တည်ရှိမှု တစ်ခုပင်။

လျှို့ဝှက် အာဏာရှင် အဆင့်၏ ဒုတိယအဆင့်ဖြစ်သော လျှို့ဝှက် ဝိညာဉ် အဆင့် နှင့် သတ္တမအဆင့်ဖြစ်သော အာဏာရှင် ရှန့်ထို အဆင့်ကို နှိုင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသလို ပုရွက်ဆိတ်တစ်ကောင်နှင့် နတ်ဘုရားတစ်ပါးကဲ့သို့ ကွာခြားလှသည်ဟု ဆိုလျှင်ပင် မှားမည်မဟုတ်ချေ။

ထိုကွာခြားချက်မှာ ကိုယ်ခံပညာ အသစ်စသင်သူတစ်ဦးနှင့် ထိုပညာရပ်ကိုပင် ကျွမ်းကျင်နှံ့စပ်နေသော ဆရာကြီးတစ်ဦးကို နှိုင်းယှဉ်နေသကဲ့သို့ပင်။

ပထမတစ်ဦးမှာ လျှို့ဝှက် တာအို ထဲသို့ ခြေစုံပစ် မဝင်ရသေးဘဲ အနားသတ်ကိုသာ ထိတွေ့နေရသူ ဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ ထိုတာအိုကို အဆင့်မြင့်မားစွာ ထိန်းချုပ်နိုင်သူ ဖြစ်သည်။

ယွီစွန်းလီ အဝေးသို့ ပို၍ ပျံသန်းသွားသည်နှင့်အမျှ ချင်ချူးမူမှာ သူမအတွက် စိုးရိမ်လာမိ၏။ သို့သော်လည်း... ဝေ့ဝူယင်၏ စကားများကို ပြန်လည် ကြားယောင်မိသောအခါမှ သူမ၏ အသက်ရှူသံမှာ ပြန်လည် မှန်ကန်သွားတော့သည်။ ခဏကြာပြီးနောက်... သူမ၏ စိုးရိမ်ပူပန်မှုအားလုံး ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ ယခင်က အဖော်များနှင့်အတူ ခရီးသွားစဉ်တွင် ဤသို့သော ခံစားချက်မျိုးကို သူမ တစ်ခါမျှ မရရှိခဲ့ဖူးချေ။

ယခုက ‘ဘာပဲဖြစ်ဖြစ် အရာအားလုံး အဆင်ပြေသွားလိမ့်မည်’ ဟူသော ယုံကြည်ချက်မျိုးပင်။ ဤသည်မှာ မည်သည့် အမျိုးသား၊ အမျိုးသမီးမဆို မနာလိုဖြစ်ရလောက်သော လုံခြုံမှု ခံစားချက်ပင် ဖြစ်လေတော့သည်။

“ကံကောင်းပါစေ...”

ချင်ချူးမူက တိုးတိုးလေး ရေရွတ်လိုက်လေ၏။

***

အပိုင်း(၁၉၆၂)

ဝေ့ဝူယင်၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ယွီစွန်းလီ၏ လုပ်ရပ်မှာ အတင့်ရဲလွန်းလှသော်လည်း၊ ထိုဆုံးဖြတ်ချက်မှာ လောဘကြောင့် မဟုတ်သလို နယ်မြေသိမ်းပိုက်လိုစိတ်သက်သက် မဟုတ်ကြောင်း သူ ခံစားမိသည်။ သူမ၏ ဝိညာဉ်အတွင်းမှ တစ်စုံတစ်ရာက တောင်းဆိုနေသကဲ့သို့ပင်။

ဤခံစားချက်မျိုးမှာ ဝေ့ဝူယင် အမြဲသတိထားမိနေကျ၊ ကြုံတွေ့နေကျဖြစ်ပြီး အသေအချာ လေ့လာထားခဲ့သော 'ကောင်းကင်တာအို၏ လွှမ်းမိုးမှု' ပင် ဖြစ်လေသည်။

သူ ညာဘက်လက်အင်္ကျီကို မတင်လိုက်ရာ သခင်လေးရှန့်က နားမလည်နိုင်သလို လှမ်းကြည့်နေမိ၏။ ဝေ့ဝူယင်မှာ ဘယ်ဘက်လက်မောင်းကိုသာ အမြဲအာရုံစိုက်နေခဲ့သဖြင့် ညာဘက်ကို ကြည့်လိုက်ခြင်းမှာ ထူးဆန်းနေပေသည်။

[ညာဘက်လက်မောင်း]

ကမ္မ တန်ဖိုး - ၂၁၂,၅၃၀.၅ → ၁၆၇,၈၂၄.၂

ပထမကပ်ဘေး - ရှင်သန်ခြင်း (၇/၇)

ဒုတိယကပ်ဘေး - အောင်မြင်ခြင်း (၁/၁)

တတိယကပ်ဘေး - အောင်မြင်ခြင်း (၃/၃)

စတုတ္ထကပ်ဘေး - တားဆီးခြင်း (၁ နှစ်)

ဝေ့ဝူယင်၏ ဘယ်ဘက်မျက်တောင်မှာ အနည်းငယ် လှုပ်ခတ်သွား၏။ အလွန် များပြားလှသော ပမာဏမျိုးပင်။ ဤသည်မှာ အဂ္ဂိရတ် ကုန်စည်ပြပွဲတုန်းကထက်ပင် နှစ်ဆကျော် ပိုများနေသည်။

၄၄,၇၀၆.၃...

ရုတ်ခြည်းဆိုသလိုပင် ဝေ့ဝူယင်သည် ကောင်းကင်တာအို၏ လက်တစ်စုံက သူ၏ ကံကြမ္မာကို ဆုပ်ကိုင်လိုက်ပြီး 'ကောင်းကင်နှလုံးသား ဂလက်ဆီ' ဆီသို့၊ အထူးသဖြင့် ယွီစွန်းလီ ဆီသို့ သဘာဝအတိုင်း စီးဆင်းသွားစေသည်ကို အထင်းသား ခံစားလိုက်ရသည်။ ကောင်းကင်တာအို၏ အော်ရာများမှာ သိသိသာသာပင် နိုးထလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ အဂ္ဂိရတ် ကုန်စည်ပြပွဲမှာတုန်းက အခြေအနေမှာ လှိုင်းလုံးကလေးတစ်ခုဆိုလျှင် ယခုအခြေအနေမှာမူ အရှိန်အဟုန်ပြင်းစွာ စီးကျလာသော ရေတံခွန်ကြီးတစ်ခုကဲ့သို့ပင်။ သူ၏ အာရုံခံစားမှုတွင် အလွန်ပြင်းထန်လှပြီး ရှင်းလင်းလှပေသည်။

ကုန်ကျစရိတ် များပြားသည်ကို ခဏထားဦးတော့၊ သူ၏ ကမ္မ အမှတ်များ နောက်ဆုံးတွင် အလုပ်လုပ်လာခဲ့သည့်အတွက် ဝေ့ဝူယင် ဝမ်းမြောက်မိသည်။

သို့သော် ဤအခွင့်အရေးအတွက် ကုန်ကျစရိတ်ကို ခန့်မှန်းကြည့်ရင်းမှ ကောင်းကင်တာအိုမှာ သူ့အတွက် အဘယ်ကြောင့် သင့်တော်သည့် အခွင့်အရေးမျိုး ရှာမပေးနိုင်ခဲ့သည်ကို သူ စတင်သဘောပေါက်လာတော့သည်။

ကြယ်တာရာ ဝါးမြိုသူမျိုးနွယ်နှင့် ဆင်တူသော သွေးမျိုးဆက်ပါဝင်သည့် ဤဟိုင်အီးနား သားရဲမှာ 'လျှို့ဝှက်အရှင်' အဆင့်မျှသာ ရှိသေးသည်။ လက်ရှိတွင် သူ၏ 'သာမည အာဏာ' များနှင့် သူ၏ အဂ္ဂိရတ်တာအို အဆင့်အတန်းအရ သူ့အတွက် သင့်တော်သော အခွင့်အရေးမျိုးမှာ 'အစစ်အမှန် သူတော်စင်' အဆင့် သို့မဟုတ် ထို့ထက်သာလွန်သော ကံကောင်းမှုမျိုးမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးမှာ သူရောက်ရှိသည့် နယ်မြေများတွင် အလွန်ရှားပါးလှသလို၊ ကောင်းကင်တာအို အနေဖြင့်လည်း ကြိုတင်၍ အကွက်ချစီမံမှုများစွာ ပြုလုပ်ထားရန် လိုအပ်ပေလိမ့်မည်။

သူသည် ‘ဥပဒေသ' ခြောက်ခုကို အပြည့်အဝ နားလည်ထားပြီး သာမည ဥပဒေသများကိုပင် ပိုင်ဆိုင်ထားသူဖြစ်ရာ 'အမိန့်တော် မျိုးစေ့' များသည်ပင် သူ့အတွက် လုံလောက်သော အကျိုးကျေးဇူး မပေးနိုင်တော့ချေ။

"ကံကောင်းပါစေ... ငါ့ရဲ့ ပန်းချီဆရာမလေး"

ဝေ့ဝူယင်က တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင်မူ ကောင်းကင်တာအို၏ ကောင်းချီးပေးခြင်းများကို ခံယူထားလျက် ဟိုက်အီးနား သားရဲဆီသို့ ပျံသန်းသွားသော ယွီစွန်းလီ၏ ပုံရိပ်မှာ ထင်ဟပ်နေလေတော့သည်။

...

မင်ရှုဖုန်းသည် ကောင်းကင်ယံကို လှမ်းကြည့်ရင်း သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ တစ်နေရာရာတွင် ကောင်းကင်ဘုံ၏ အလိုဆန္ဒများ သက်ဆင်းလာသည်ကို သူမ အထင်းသား ခံစားနေရသည်။ ၎င်းမှာ အလွန်ကြီးမားလှသလို၊ အလွန်အလှမ်းဝေးသော နေရာမှလည်း ဖြစ်သည်။ သူမသည် နှုတ်ခမ်းလေးကို စူလိုက်မိ၏။ အကယ်၍သာ အနီးအနားမှာဆိုလျှင် အမြတ်ထုတ်ဖို့ ကြိုးစားကြည့်ဦးမည်။

...

"ဟား ဟား... ငါ့ ကြည့်ပါဦး... ဟီးဟီး..."

သားရဲနားရွက်များနှင့် အမြီးရှည်ကြီးပါသော ကောင်လေးတစ်ဦးသည် 'ရှောင်ပိုင်' ၏ ကျောပေါ်မှာစီးရင်း ရယ်မောနေ၏။ ထိုကောင်လေး၏ မျက်နှာမှာ ထောင့်ကျကျရှိပြီး ရွှေအိုရောင် ဆံပင်နုနုများ ရှိသည်။ သူ၏ လက်မောင်း၊ လက်ဖမိုးနှင့် ခြေထောက်တို့တွင် အမွှေးအမျှင်များ ရှိနေပြီး မျက်လုံးများမှာမူ ဟိုက်အီနာ တစ်ကောင်ကဲ့သို့ ကြီးမားကာ နက်မှောင်နေသည်။

တစ်ချိန်တည်း၌ ရုပ်ရည်ချင်း ဆင်တူသည့် အခြားကလေးများမှာလည်း ရှောင်ပိုင်ကို ဝိုင်းအုံကြည့်ရှုနေကြပြီး အတောင်ပံများကို အံ့ဩတကြီး ထိတွေ့နေကြသည်။

"အရမ်းနူးညံ့တာပဲ..."

မိန်းကလေးငယ်တစ်ဦးက အော်ဟစ်လိုက်သည်။ သူတို့သည် သာမန်သေမျိုး စကားကို ပြောဆိုနေကြခြင်း မဟုတ်ဘဲ၊ ရယ်သံများ၊ ညည်းသံများနှင့် လျှာခတ်သံများ ရောနှောနေသည့် ဘာသာစကားတစ်ခုကို ပြောဆိုနေကြခြင်း ဖြစ်သည်။ သို့သော်လည်း... မင်ရှုဖုန်းနှင့် စုမေ့တို့မှာ ဝိညာဉ်ကျင့်စဉ်တစ်ခုကို အသုံးပြုထားသဖြင့် ထိုဘာသာစကားကို အလွယ်တကူ နားလည်နေကြသည်။

စုမေ့၊ မင်ရှုဖုန်းနှင့် ရှောင်ပိုင်တို့မှာ ဟိုက်အီးနား မျိုးနွယ်ဝင် ရှို့ရန် များ နေထိုင်သည့် ဂြိုဟ်တစ်ခုပေါ်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ ထိုသူတို့၏ ကျင့်ကြံခြင်းမှာ အဆင့်မမြင့်လှချေ။ သူတို့၏ ရွာငယ်လေးများကိုလည်း သစ်သားခြောက်များနှင့် လူသားပုံသဏ္ဌာန် အရိုးစုများဖြင့် တည်ဆောက်ထားကြသည်။ အစပိုင်းတွင် သူတို့က ခြောက်လှန့်ခဲ့သော်လည်း သူတို့၏ ဘာသာစကားဖြင့် ပြောဆိုလိုက်သောအခါ သူတို့မှာ မထင်မှတ်ထားလောက်အောင်ပင် ကြင်နာမှုနှင့် ယုံကြည်မှုကို ပြသခဲ့ကြသည်။

ဖြစ်နိုင်သည်က... သူတို့မှာ မင်ရှုဖုန်းတို့ကို မယှဉ်နိုင်မှန်း သိသည့်အပြင် ရန်လိုသည့် စိတ်မရှိမှန်း သိသွားကြခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။

မင်ရှုဖုန်းက မျက်မှောင်ကြုတ်လျက် စုမေ့ဆီသို့ လျှောက်သွားလိုက်၏။

"လူသားတွေ တွေ့သေးလား..."

သူမက မေးလိုက်သည်။ ပုံမှန်အားဖြင့် သားရဲမျိုးနွယ်တစ်ခုမှ ဆင်းသက်လာသော ရှို့ရန်များရှိလျှင် ထိုမျိုးနွယ်မှာ အများစုဖြစ်ပြီး လူသားများ အနည်းစု အဖြစ် ရှိတတ်သည်။ သို့သော် ဤရွာတစ်ခုလုံးမှာ ရှို့ရန်များသာ ဖြစ်နေပြီး သူတို့၏ သွေးမျိုးဆက် အော်ရာများမှာလည်း သားရဲဘက်သို့ အလွန်အမင်း တိမ်းညွတ်နေကြသည်။ ဤသည်က သူတို့အားလုံးမှာ ပထမ သို့မဟုတ် ဒုတိယမျိုးဆက် ရှို့ရန်များ ဖြစ်နေကြောင်း သက်သေပြနေသည်။

"..."

စုမေ့က အတွေးနက်စွာဖြင့် စောင့်ကြည့်နေမိ၏။ ရုတ်တရက်ဆိုသလိုပင် ရှို့ရန်များအားလုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြကုန်သည်။

"အမေ လာနေပြီ..."

ကလေးများက အော်ဟစ်လိုက်ကြလေ၏။

...

"အမေ လာပြီဟေ့... အမေ လာပြီ..."

ကလေးငယ်များ၏ တက်ကြွလှုပ်ရှားသော အော်ဟစ်သံများသည် ကျေးရွာအလယ်ဗဟိုသို့ ပျံ့လွင့်သွားလေ၏။ ထိုကလေးငယ်များသည် ငယ်ရွယ်နုပျိုပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကြသော်လည်း အံ့ဩဖွယ်ရာ လျင်မြန်ဖြတ်လတ်ကြရာ သူတို့၏ ကိုယ်ခန္ဓာအတွင်း၌ သားရဲတို့၏ ခွန်အားနှင့် အရည်အသွေးများ ကိန်းအောင်းနေသည်မှာ ထင်ရှားလှသည်။

တစ်ဖက်တွင်လည်း ရွာရှိ လူကြီးပိုင်းများမှာမူ ပိုမိုတည်ငြိမ်ရင့်ကျက်ကြသော်လည်း ဖျတ်လတ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ရွာအတွင်းပိုင်းသို့ ဦးတည်သွားနေကြသည်။

စုမေ့၊ မင်ရှုဖုန်းနှင့် ရှောင်ပိုင်တို့သည် ဤထူးခြားသော ဖြစ်စဉ်ကို အကဲခတ်ရင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စုမေ့သည် အခြေအနေကို ပိုမိုသိရှိနိုင်ရန် ဝိညာဉ်အာရုံကို တိတ်တဆိတ် ထုတ်လွှင့်လိုက်သော်လည်း ကောင်းကင်ယံမှ ဆင်းသက်လာမည့် အရိပ်အယောင်ဖြစ်စေ၊ အဝေးမှ ချဉ်းကပ်လာသည့် အငွေ့အသက်ဖြစ်စေ လုံးဝ အာရုံမရရှိခဲ့ပေ။

အမြဲတစေ သတိကြီးစွာ ထားတတ်သော မင်ရှုဖုန်းမှာမူ လက်ဟန်ချိပ်စည်းအချို့ကို ဖော်ဆောင်လိုက်ရာ သူမ၏ ပတ်ဝန်းကျင်တွင် တောက်ပသော ကြယ်တာရာများအလား ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်ပြီးနောက် မင်ရှုဖုန်းသည် မျက်လုံးများကို ရုတ်ခြည်းဖွင့်လိုက်သည်။

"သွားမှဖြစ်တော့မယ်..."

သူမက အရေးတကြီး အော်ဟစ်လိုက်သည်။ သို့သော်လည်း.. သူမ၏ အော်ဟစ်သံ မဆုံးမီမှာပင် ဆုံးဖြတ်ချက်ပြတ်သားလှသော စုမေ့သည် မင်ရှုဖုန်း၏ ခါးကို လှမ်းဖက်ကာ ရှောင်ပိုင်၏ ကျောပေါ်သို့ ဆွဲတင်လိုက်လေသည်။ ရှောင်ပိုင်သည်လည်း အချိန်ဆွဲမနေဘဲ လှပသော အတောင်ပံဖြူကြီးများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်လိုက်၏။

အာဏာရှင် ရှန့်ထိုတစ်ဦး၏ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်အလွှာကို ဖြတ်ကျော်ကာ အမှောင်ဟင်းလင်းပြင်အတွင်းသို့ မိုင်ပေါင်းသောင်းချီ ခရီးနှင်သွားခဲ့တော့သည်။

သူတို့ သုံးဦးသည် ဂြိုဟ်ကို စူးစိုက်ကြည့်လိုက်ကြ၏။ ထိုဂြိုဟ်သည် အလွန်အမင်း ကြီးမားခြင်း သို့မဟုတ် သေးငယ်ခြင်းမရှိဘဲ သတ္တဝါပေါင်း ကုဋေကုဋာ ချောင်ချောင်ချိချိ နေထိုင်နိုင်မည့် အလတ်စား အရွယ်အစားသာ ရှိသည်။ ထို့ပြင် ပတ်ဝန်းကျင် အခြေအနေမှာလည်း မဆိုးလှဘဲ ဇီဝဂေဟစနစ် ကောင်းမွန်သဖြင့် သက်ရှိမျိုးစုံကို ထောက်ပံ့ပေးနိုင်သည်။ အဆင့်အတန်းအားဖြင့် ကြယ်တာရာအဆင့်သို့ မပြည့်မီသော်လည်း သာမန်သက်ရှိများ နေထိုင်ရန်အတွက်မူ လုံလောက်လှပေသည်။

ဂြိုဟ်၏ မျက်နှာပြင်ကို အနီးကပ် ကြည့်ရှုမည် ဆိုလျှင် ရှို့ရန် ရွာလေးများကို တစ်ရွာပြီးတစ်ရွာ တွေ့ရှိရမည် ဖြစ်သည်။ လူသားတစ်ဦးတစ်ယောက်မျှ မရှိသလို နတ်ဆိုးတစ်ကောင်မျှပင် မတွေ့ရပေ။ သို့သော်လည်း... ရွာတိုင်းမှာ ပုံစံတူညီကြပြီး အချို့မှာ သေးငယ်ကာ အချို့မှာ မြို့ကြီးများအလား ကြီးမားကြသည်။ သူတို့၏ နေထိုင်မှုပုံစံမှာ ရိုးရှင်းလှပြီး နည်းပညာ သို့မဟုတ် ပညာရေးကဲ့သို့ မြင့်မားသည့် စနစ်များ မရှိဘဲ အပြန်အလှန် ဖလှယ်ခြင်းနှင့် အမဲလိုက်ခြင်းတို့ဖြင့်သာ အသက်မွေးကြသည်။

သူတို့သည် ရှင်သန်ကြသည်၊ အလုပ်လုပ်ကြသည်၊ စားသောက်ကြသည်၊ စွန့်ပစ်ကြသည်၊ အိပ်စက်ကြသည်။ ထိုသံသရာကိုပင် ထပ်ခါတလဲလဲ ဖြတ်သန်းနေကြခြင်း ဖြစ်သည်။

စုမေ့နှင့် မင်ရှုဖုန်းတို့သည် ဤရိုးရှင်းလွန်းသော အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိကြသည်။ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အဝတ်အစား ဝတ်ဆင်ရမည်ဟူသော အခြေခံ အသိတရားပင် မရှိကြပေ။ သူတို့ထံတွင် အမိုးအကာနှင့် အခြေခံ အဆောက်အအုံကဲ့သို့သော လူသားတို့၏ ရှင်သန်မှု ဗီဇအချို့ ပါဝင်နေသော်လည်း ဗလာကျင်းလျက် လွတ်လပ်စွာဖြင့် တိရစ္ဆာန်များကဲ့သို့ နေထိုင်ကြသည်။

ဂြိုဟ်၏ ကောင်းကင်အလွှာနှင့် အနည်းငယ်ကွာဝေးသော နေရာ၌ ရပ်တန့်နေစဉ် စုမေ့သည် သူမနှင့် ထိကပ်နေသော မင်ရှုဖုန်း၏ ရင်ခုန်သံများ မြန်ဆန်လှုပ်ရှားနေသည်ကို ခံစားလိုက်ရသည်။ အခြေအနေတစ်ခုလုံးမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းနေသဖြင့် သူမ အလျှင်အမြန် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ အကြောင်းကား ဤသည်မှာ သားရဲတို့ စိုးမိုးရာ ကြယ်ကွင်းပြင် ဖြစ်နေသောကြောင့်တည်း။

***

All Chapters