အခန်း (၁၉၆၅-၁၉၆၆)
Vol. 141 Ch. 1965-1966
အပိုင်း(၁၉၆၅)
"ဆရာကြီး... ဒီမှာ ခင်ဗျား စိတ်ဝင်စားလောက်မယ့် အရာတစ်ခု ရှိနေတယ်ဗျ... ကျွန်တော် အဲဒါကို ခင်ဗျားဆီ ယူလာပေးရမလား"
အမည်နာမများကို အမျိုးမျိုး ပြောင်းလဲခေါ်ဝေါ်တတ်သော ထိုအဖိုးကြီး၏ လေသံထဲတွင် အနည်းငယ် အနေရခက်မှု၊ မသေချာမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသည်။ ပုံမှန်ဆိုလျှင် ဤသည်မှာ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိမ့်မည် ဖြစ်သော်လည်း ယခုမူ သတိကိုသာ မြင့်တက်စေသည်။
သူ ဘယ်ဘက်လက်မောင်းကို ကြည့်ရင်း၊ ကောင်းကင်တာအို၏ လွှမ်းမိုးလိုသော ဆန္ဒကို ခံစားရင်း... ၎င်းက သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာစေချင်နေကြောင်း သူ သိလိုက်သည်။
သာမန် ‘အမြတ်ထုတ် ကောင်းချီးခံ' တစ်ဦးဆိုလျှင် ဤသည်မှာ ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်သည့် အခွင့်အရေးဟု မြင်ကာ နောက်ဆံမငင်ဘဲ ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။ မည်သည့် အပြစ်သား သွေးမျိုးဆက် အမွေခံမဆိုလည်း ထို့အတူပင် ဖြစ်လိမ့်မည်။ သူတို့သည် မည်သည့်အရာကိုမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း... ဝေ့ဝူယင်မှာမူ တက်တူးကို ဖတ်နိုင်သူ ဖြစ်သည်။ ထို့ပြင် သူသည် စမ်းသပ်မှုကို အောင်မြင်ခါစ အတွေ့အကြုံမရှိသူ မဟုတ်ဘဲ ဝါရင့်သူတစ်ဦး ဖြစ်သည်။ ဤအချက်ကြောင့်ပင် သူ၏ စိတ်ထဲ၌ ဝေခွဲမရဖြစ်မှုများစွာ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် ဤမျှအထိ ဝေခွဲမရ ဖြစ်နေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း နောက်ဆုံးတွင်မူ ဤသည်မှာ ထွက်ပြေးရုံဖြင့် သို့မဟုတ် အချိန်ဆွဲ စဉ်းစားနေရုံဖြင့် လွတ်မြောက်နိုင်မည့် သို့မဟုတ် ဖြေရှင်းနိုင်မည့် စိန်ခေါ်မှုမျိုး မဟုတ်ပေ။ အထူးသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်တာအို၏ တိုက်တွန်းချက်များမှာ ပိုမိုပြင်းထန်လာသောကြောင့် ဖြစ်သည်။
ဝုန်း... ဝုန်း... ဝုန်း...
ဦးနှောက်တစ်ခုလုံး ကွဲကြေတော့မည့်အလား ခံစားရသော ထိုထုနှက်ချက်မှာ ပြင်းထန်လွန်းလှသည်။ အပြစ်သား သွေးမျိုးဆက်၏ ကြည်လင်ပြတ်သားသော အသိတရားသာ မရှိပါက ဤလွှမ်းမိုးမှုမှာ သူ့ စိတ်အာရုံကို တိုက်ရိုက်ထိန်းချုပ်ခြင်းမျိုးနှင့်ပင် မခြားတော့ပေ။
ထို့အပြင် အပြစ်သား သွေးမျိုးဆက်သည် ဤဘေးထွက်ဆိုးကျိုးများကို တားဆီးရန် ငြင်းဆန်နေပုံရပြီး တစ်ဖက်တစ်လမ်းမှပင် အားပေးအားမြှောက် ပြုနေသယောင် ရှိသည်။
သူ ထို့ပိဟန်ထံသို့ ပြန်စာတစ်စောင် ပေးပို့လိုက်၏။
"အဲဒီမှာပဲ စောင့်နေပါ... ကျုပ် လာခဲ့မယ်"
ထိုစကားလုံးများကို ဆိုလိုက်သည်နှင့် တပြိုင်နက် လုပ်ငန်းတာဝန် ပြီးဆုံးသွားသည့်အလား ဝေဒနာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ အပြစ်သား သွေးမျိုးဆက်သည်လည်း ကောင်းကင်တာအိုကို ၎င်း၏ လွှမ်းမိုးမှုများဖြင့် ထပ်မံသောင်းကျန်းခွင့် မပြုတော့ပေ။
သခင်လေးရှန့်သည် ဝေ့ဝူယင်၏ ကိုယ်ဟန်အနေအထား သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားပြီး သံသယဖြင့် လှမ်းကြည့်ကာ မေးလိုက်၏။
"အဆင်ပြေရဲ့လား"
ဝေ့ဝူယင်က ပြုံးလျက် ပြန်ကြည့်သည်။
"ငါတို့ အထဲကို သွားကြမယ်"
ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ သင်္ဘောကုန်းပတ်ပေါ်မှ လက်မအနည်းငယ်မျှ ကြွတက်လာပြီး လက်ကို ဝှေ့ယမ်းကာ အီလီဆီယမ် အသေးစားကို ရှန့်ထိုလက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
“...”
သခင်လေးရှန့်မှာ အံ့အားသင့်သွားခဲ့၏။ သူ ဘာမှပြန်မပြောနိုင်မီမှာပင် ဝေ့ဝူယင်သည် ကောင်းကင်နှလုံးသား ဂလက်ဆီဆီသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။ သူ၏ ဝတ်ရုံစများမှာ အမှောင်ဟင်းလင်းပြင်အတွင်း လွင့်ပျံနေ၏။ ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများမှာ သူ၏ ကိုယ်ခန္ဓာကို အနည်းငယ်မျှပင် မထိခိုက်နိုင်ချေ။
"ဒီလောက်တောင် ရုတ်တရက်ကြီးလား"
သခင်လေးရှန့်မှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အလျောက် တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ သူက လျှို့ဝှက် အော်ရာကို ချက်ချင်း လှ့ည်ပတ်လိုက်ကာ မူလ အဆင့် မန်နာလွှမ်းမိုးမှုကို အသုံးပြုလိုက်သည်။ ထို့နောက် 'ဝုန်း' ခနဲ မြည်ဟည်းသံနှင့်အတူ ဝေ့ဝူယင်နောက်သို့ လိုက်ပါသွားတော့၏။
ဝေ့ဝူယင်အပေါ် ကောင်းကင်တာအို၏ လွှမ်းမိုးမှုမှာ ဂလက်ဆီအတွင်းသို့ ဝင်ရောက်ရန်သာမက သခင်လေးရှန့်ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် အတင်းအကျပ် တိုက်တွန်းနေလေရာ ဝေ့ဝူယင်အတွက် ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။ ထို့ပြင် ထို့ပိဟန်ထံမှ အသေးစိတ် အချက်အလက်များကို မမေးဘဲ စူးစမ်းလိုစိတ်ဖြင့်သာ ရှေ့ဆက်ရန် ထပ်ခါတလဲလဲ တွန်းအားပေးနေသည်။
ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့ နှစ်ဦးစလုံးမှာ မိမိတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းအရ လူငယ်များ ဖြစ်ကြသော်လည်း မြေကြီးရှန့်ထို အဆင့်ရှိ ပုဂ္ဂိုလ်များထက်ပင် ပိုမိုမြန်ဆန်စွာ ရွေ့လျားနေကြသည်။ ထို့ပိဟန်သည် သားရဲတို့၏ လွှမ်းမိုးမှု အနည်းဆုံးဖြစ်သော ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အစွန်ဆုံးနေရာကို ရွေးချယ်ထားသဖြင့် သူတို့အနေဖြင့် ဟင်းလင်းပြင် တံခါးများကို အသုံးပြုရန်ပင် မလိုခဲ့ပေ။
ဤနေရာတွင် နေ့လယ်စာအဖြစ် ကြယ်တာရာကို ဝါးမြိုနေသော ဧရာမ ဟိုက်အီနာကြီးများကို မတွေ့ရသလို မည်သည့် ရည်ရွယ်ချက်ဖြင့်မှန်းမသိ ရှို့ရန်မျိုးနွယ်စုများကို ပြုစုပျိုးထောင်နေသော အကြေးခွံရှိ ငါးကြီးများကို မတွေ့ရပေ။ သားပေါက်များအတွက် ဂြိုဟ်များကို အမဲလိုက်ကွင်းအဖြစ် အသုံးပြုနေသော ရော့ငှက်ကြီးများနှင့် သေမျိုးများကို ကစားစရာအလား မှတ်ယူထားသော ချိုပါသည့် ယုန်များလည်း မရှိကြချေ။ ဤနေရာမှာ သားရဲမဟုတ်သော အခြား အင်အားကြီး မျိုးနွယ်စုအချို့ ရှိနေသည့် အထီးကျန် နယ်မြေတစ်ခုသာ ဖြစ်သည်။
ထိုနေရာမှာ လူသားတို့၏ လွှမ်းမိုးမှု အရှိဆုံးနေရာ ဖြစ်သလို တစ်ချိန်တည်းမှာပင် နေကြယ်များနှင့် အဝေးဆုံး၊ နေရောင်ခြည် အမတေနှင့် အလင်းရောင် အနည်းဆုံး၊ တစ်နည်းဆိုရသော်... အဆိုးဝါးဆုံး လူနေမှုဘဝ ရှိသည့် နေရာပင်။
ဤနယ်မြေ၏ သမိုင်းကြောင်းမှာ ဂြိုဟ်များပေါ်တွင် အသက်ရှင်ရန် ရုန်းကန်နေရသော သတ္တဝါများထက်ပင် ပို၍ သနားစရာ ကောင်းလှသည်။ ကောင်းကင်နှလုံးသား ဂလက်ဆီ၏ အကာအကွယ် အလွှာနှင့် ဂလက်ဆီများကြားရှိ ဟင်းလင်းပြင် နေရာလွတ်တို့၏ နယ်စပ်ဖြစ်နေခြင်းကသာ ဤနေရာကို ဘေးကင်းစေသည့် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်ပေသည်။
"ယောက်ဖ... ငါတို့ ဘယ်ကို သွားနေတာလဲ"
သခင်လေးရှန့်က အမှီလိုက်လာရင်း မေးလိုက်၏။ ဝေ့ဝူယင်အနေဖြင့် ကြယ်တာရာစွမ်းအား၊ လျှို့ဝှက်စွမ်းအား သို့မဟုတ် လျှို့ဝှက် အမြုတေအဆင့် ပညာရှင်များ၏ ထူးခြားသော စွမ်းအားများကို အနည်းငယ်မျှ အသုံးမပြုဘဲ ပတ်ဝန်းကျင်ရှိ မန်နာကို ထိန်းချုပ်ရုံမျှဖြင့် ဤမျှ မြန်ဆန်နေခြင်းကို မြင်ကာ သူ အံ့အားသင့်နေခဲ့သည်။ ထို့အပြင်... ဝေ့ဝူယင်ထံမှ ဥပဒေသ အော်ရာများ ထွက်ပေါ်လာခြင်းပင် မရှိချေ။
ဝေ့ဝူယင်သည် မန်နာလွှမ်းမိုးမှု တစ်ခုတည်းကိုသာ အသုံးပြုပြီး မြေကြီးရှန့်ထို အများစုထက် သာလွန်သော အရှိန်နှုန်းကို ရရှိနေခြင်း ဖြစ်သည်။ ဤသည်မှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော စွမ်းရည်မျိုးပင်။ ဝေ့ဝူယင်သည် ထူးခြားသော နည်းလမ်းများကို ပိုင်ဆိုင်ထားပြီး အလွန်အမင်း အစွမ်းထက်သည်ကို သူ သိသည်။ သို့သော်လည်း... ထိုသေမျိုး၏ အကန့်အသတ်မှာ မည်သည့်နေရာတွင် ရှိနေသနည်း။
"မင်းနဲ့ ရင်းနှီးပြီးသား နေရာဖြစ်မှာပါ... အရင်က တစ်ခါ ရောက်ဖူးတယ်မလား"
ဝေ့ဝူယင်က ပြန်ဖြေသည်။
"ငါ ရောက်ဖူးတယ် ဟုတ်လား..."
သခင်လေးရှန့်သည် ကောင်းကင်နှလုံးသား ဂလက်ဆီကို ကြည့်လိုက်ရင်း တစ်ခုခုကို သတိရသွားကာ မေးလိုက်သည်။
"ဟို ဟန်ပြ နိဗ္ဗာန်ဘုံလား... မွေးမြူရေးခြံအသွင် ဖုံးကွယ်ထားတဲ့ အဲဒီနေရာလား"
ဝေ့ဝူယင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟမ့်..."
သခင်လေးရှန့်က နှုတ်ခမ်းကို မဲ့လိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။ ထို 'ဟန်ပြ နိဗ္ဗာန်ဘုံ' ဆိုသည်မှာ လူသားမျိုးနွယ်မှ ပညာရှင်များ ဖန်တီးထားသော လောကနယ်မြေဆီသို့ သွားရာ တံခါးပေါက်သဖွယ် ဖြစ်နေသော ဂြိုဟ်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် ရှို့ရန်များနှင့် သွေးနှော နတ်ဆိုးများကို ဝင်ခွင့်မပြုပေ။ ၎င်းသည် လူသားတို့အတွက် ဘေးကင်းရာ နယ်မြေဖြစ်သလို၊ တစ်ဖက်တွင်လည်း သားရဲများက သူတို့၏ စားနပ်ရိက္ခာနှင့် ကျင့်ကြံခြင်း အရင်းအမြစ်ဖြစ်သော လူသားများ မျိုးတုံးမသွားစေရန် တညီတညွတ်တည်း သဘောတူ သတ်မှတ်ထားသော နေရာလည်း ဖြစ်သည်။
သို့သော် လူသားများအတွက်မူ ဤနေရာသည် ဂလက်ဆီတစ်ခုလုံးတွင် သတင်းမွှေးနေသော ဒဏ္ဍာရီလာ နိဗ္ဗာန်ဘုံ ဖြစ်နေသည်။ အသိဉာဏ် မြင့်မားသော သားရဲများက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေထားသော ပုံပြင်များကြောင့် လူသားတို့ အရှာဖွေဆုံးနှင့် သူတို့၏ ကယ်တင်ရှင်ဟု ယုံကြည်နေကြသော နေရာပင်။
စဉ်းစားကြည့်လျှင် အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။ သားရဲများ စိုးမိုးရာ ကမ္ဘာတွင် နှိပ်စက်ညှဉ်းပန်းမှုများ ကြားမှ သူတို့ ရှင်သန်နိုင်ရန် ရှိသမျှ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဤနေရာသာ ဖြစ်သည်။
လူသားများ၊ ကောင်းကင်မျိုးနွယ်များနှင့် တိုက်တန်များက မွေးမြူထားသော တိရစ္ဆာန်များအကြောင်းကို ပြန်လည် စဉ်းစားကြည့်လျှင် မိမိကိုယ်ကို အရေခြုံများဟု ခံစားရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ထိန်ကျန်းဝမ်က သူတို့ကို ကယ်တင်ရန် မကြိုးစားပါနှင့်ဟု သူ့ကို ပြောခဲ့ဖူးခြင်း ဖြစ်သည်။ တားမြစ်ချက်များ ရှိနေသရွေ့ အင်အားကြီး သားရဲများကို အနိုင်ယူရန် မဖြစ်နိုင်သလို၊ ဤလောကရှိ အင်အားအကြီးဆုံး သားရဲများ အားလုံးမှာလည်း ဤစနစ်ကို လက်ခံထားကြပြီး ထွက်ပြေးရန် ကြိုးစားမှုမှန်သမျှကို ဟန့်တားကြလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ ဦးတည်ချက်ကို သိလိုက်ရသောအခါ သခင်လေးရှန့်သည် ဝေ့ဝူယင်အနေဖြင့် သားရဲများ စိုးမိုးရာ ဤကမ္ဘာ၏ ရှုပ်ထွေးလှသော လုပ်ဆောင်ချက်များကို သိရှိပြီးဖြစ်ကြောင်း သေချာသွားသည်။ သူသည် ပျံသန်းရင်း ဝိုင်ကို အငမ်းမရ သောက်လိုက်မိ၏။
လူသားတစ်ဦးအနေဖြင့် ဤကဲ့သို့ ဆက်ဆံခံရမှုအပေါ် မည်ကဲ့သို့ စိတ်မရှိပဲ နေနိုင်ပါမည်နည်း။ သူက ဝေ့ဝူယင် မဟုတ်ပေ။ နှင်းဆီတစ်ပွင့်၊ ငှက်တစ်ကောင်နှင့် လူသားတစ်ဦး၏ အသက်ကို တန်ဖိုးချင်း တူညီသည့် 'သက်ရှိ' အဖြစ် ရှုမြင်နိုင်လောက်အောင် သူ မရင့်ကျက်သေးချေ။ ပြောရလျှင် သူ ကျင်လည်ခဲ့သော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင်ပင် ဝေ့ဝူယင်လိုမျိုး လူမျိုးရေး တန်းတူညီမျှမှု အမြင်မျိုး ရှိသူမှာ ရှားပါးလှပေသည်။
"ဒီနေရာကို ဖန်တီးတဲ့သူတွေေထဲမှာ လူသားတွေလည်း ပါဝင်ပတ်သက်နေတာပဲ... ကျိန်စာသင့်တဲ့ ကောင်တွေ"
သခင်လေးရှန့်က တိုးတိုးလေး ကျိန်ဆဲလိုက်၏။ အမှောင်ဟင်းလင်းပြင်၏ လေဟာနယ်ကြောင့် ထိုအသံမှာ မည်သည့်နေရာသို့မျှ မရောက်ရှိနိုင်သော်လည်း ဝေ့ဝူယင်ကမူ ကြားဖြစ်အောင် ကြားလိုက်သည်။ သို့သော် သူ ဘာမှ ပြန်မပြောခဲ့ပေ။
နောက်ဆုံးတွင် သူတို့သည် အညိုရောင်နှင့် မြေသားများ ဖုံးလွှမ်းနေကာ သေဆုံးနေသည့်အလား ထင်ရသော ဂြိုဟ်ပျက်တစ်ခုကို တွေ့ရှိလိုက်ကြသည်။ သက်ရှိအရိပ်အယောင် လုံးဝ မရှိသလို မည်သည့် ဝိညာဉ်ကိုမျှ မတွေ့ရပေ။ ၎င်းမှာ လူသားများ၏ ပျမ်းမျှ အရွယ်အစားနှင့် နေထိုင်ရာ နေရာကို တွက်ချက်လျှင် ထရီလျံနှင့်ချီ၍ နေထိုင်နိုင်လောက်အောင် ကြီးမားသော ဂြိုဟ်ဖြစ်သည်။ သို့သော်လည်း... သူတို့နှစ်ဦး ဆင်းသက်လိုက်ချိန်တွင် မြင်ကွင်းဆုံးသည်အထိ ခြောက်ကပ်နေသော အခင်းအကျင်းကိုသာ တွေ့ရသည်။
ဝေ့ဝူယင်သည် ထိုခြောက်သွေ့နေသော ကမ္ဘာကို စူးစိုက်ကြည့်ရင်း သက်ရှိအငွေ့အသက်များကို စုပ်ယူနေသည့် အပျက်အစီး မြေကြီး ရည်ရွယ်ချက်ကို ခံစားလိုက်ရသည်။ ဤနေရာသည် စီတ အတွက် ကောင်းမွန်သော ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်ပေလိမ့်မည်။
စီတမှာ မွေးရာပါ မျက်မမြင် ဖြစ်သော်လည်း ထိုချို့ယွင်းချက်ကို အရင်းပြုကာ ဝိညာဉ်အာရုံကို မြှင့်တင်ပေးနိုင်သည့် ထူးခြားသော ဝိညာဉ်ကျင့်စဉ်ကို ကျင့်ကြံခဲ့သည်။ ထိုနည်းဖြင့် သူမသည် နတ်ဘုရားဟု ခေါ်ဆိုသူများနှင့် နီးကပ်စွာ ဆက်သွယ်နိုင်ခဲ့သည်။ ဝေ့ဝူယင် ထိုအလှပဂေးလေး စီတ သတိရ လွမ်းဆွတ်သွားမိ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ထင်ရာစိုင်းခဲ့ပုံများက သူ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ရှင်သန်လာခဲ့လေသည်။
"ဟိုမှာ ဂိတ်တံခါး"
သခင်လေးရှန့်က ဝိုင်တစ်ကျိုက် သောက်ရင်း ညွှန်ပြလိုက်သည်။ သူသည် သူ၏ ဝမ်းနည်းမှုများကို ဝိုင်ဖြင့် ဖြေဖျောက်နေပုံရသည်။
ဝေ့ဝူယင် လျှောက်သွားလိုက်၏။ ထို့နောက် တွန့်ဆုတ်မနေဘဲ အာကာသ တံခါးပေါက်ကို ထိတွေ့ကာ ဖွင့်လိုက်တော့သည်။ ချက်ချင်းပင် သက်ရှိများ၏ အငွေ့အသက်နှင့် ဆူညံလှုပ်ရှားသံများမှာ တံခါးပေါက်မှတစ်ဆင့် လွင့်ပျံလာသည်။
သခင်လေးရှန့်သည် သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
"သွားကြမယ်"
ဝေ့ဝူယင် တံခါးအတွင်းသို့ ဝင်သွားသည်။ သခင်လေးရှန့်လည်း လိုက်ပါသွားရုံမှတစ်ပါး အခြားမရှိပေ။ ဝေ့ဝူယင်က ဤစိတ်ဓာတ်ကျစရာ ကောင်းသော နေရာတွင် မည်သည့်အရာကို အလိုရှိနေပါသနည်း။ ဤသည်မှာ ဉာဏ်အလင်းရ သူတော်စင် (အစစ်အမှန် ဝိညာဉ် အဆင့်) တစ်ယောက်၏ အစီအစဉ်များနှင့် မပတ်သက်သည်ကို သူ သိသည်။ သို့ဆိုလျှင် ဘာဖြစ်နိုင်မည်နည်း။
ဤလူသားများကို ကယ်တင်ပေးပြီး အာရုဏ်ဦး အင်ပါယာအတွင်းသို့ ခေါ်ဆောင်သွားအောင် ဝေ့ဝူယင်ထံ တောင်းဆိုဖို့ အတွေးတစ်ခု သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။ ဖြစ်နိုင်လျှင် ဝေ့ဝူယင် အနေဖြင့် ဤဂလက်ဆီကိုပါ သိမ်းပိုက်ပြီး သူ၏ အင်ပါယာ ဥပဒေသ ကျင့်ကြံခြင်းကို အထောက်အကူ ပြုစေချင်သည်။
သို့သော်လည်း... သခင်လေးရှန့်မှာ မိမိကိုယ်တိုင် ကြိုးစားနိုင်ပါလျက်နှင့် သူတစ်ပါးကို တောင်းဆိုနေခြင်းက အတ္တဆန်လွန်းသည်ဟု ဆင်ခြင်မိသွားပြီး ဝိုင်တစ်ကျိုက်သောက်ကာ ဂိတ်တံခါး အတွင်းသို့ လှမ်းဝင် လိုက်လေတော့သည်။ အကယ်၍ ဝေ့ဝူယင်က ထိုသို့လုပ်ရန် ဆုံးဖြတ်ခဲ့လျှင်လည်း ၎င်းမှာ ဝေ့ဝူယင်ကိုယ်တိုင်၏ ဆန္ဒအရ ဖြစ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
***
အပိုင်း(၁၉၆၆)
နေရောင်ခြည် လွှမ်းခြုံထားသည့် ကောင်းကင်ယံအောက်ရှိ မြေပြင်မှာ တင့်တယ် လှပနေသည်။ သိပ်မကြီးသည့် အဝါရောင် နေကြယ်တစ်စင်းသည် ဤသီးခြား အာကာသတံတိုင်းများ ဝန်းရံထားသော လှပသည့် ကုန်းမြေတိုက်ကြီး၏ ကောင်းကင်အလွှာ ၁၂ လွှာပေါ်သို့ အလင်းရောင်များ လွှတ်ထုတ်နေသည်။ ဤနေရာရှိ မြေပြင်မှာ မြက်ခင်းစိမ်းများ ဖုံးလွှမ်းနေပြီး တစ်ခါတစ်ရံ မညီမညာ ဖြစ်နေတတ်သည်။ ကောင်းကင်ကို ထိုးဖောက်နေသည့် တောင်ကြီးများ သို့မဟုတ် နက်ရှိုင်းလှသော ချောက်ကြီးများ မရှိဘဲ ခပ်နိမ့်နိမ့် မြေကုန်းလေးများသာ ရှိပေသည်။
ဝှစ်... ဝှစ်...
ထိုနယ်မြေအတွင်းသို့ လူရိပ်နှစ်ခု ဝင်ရောက်လာသည်။ သူတို့သည် အနည်းငယ် တွန့်လိမ်နေသော အာကာသ ဂိတ်တံခါးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များတွင် ပင့်ကူမျှင်ကဲ့သို့ နုနယ်သော အာကာသ စွမ်းအင်များ ရစ်ပတ်နေပြီး ပတ်ဝန်းကျင် လောကနှင့် တစ်သားတည်း ဖြစ်နေသည့်အလား လျှို့ဝှက်ဆန်းပြားသော အသွင်ကို ဆောင်နှင်းပေးထားသည်။
"ဘယ်လို ခံစားရလဲ"
လူရိပ်နှစ်ခုထဲမှ တစ်ဦးက မေးလိုက်၏။ ပြီးနောက်တွင်မှ သူ၏ မေးခွန်းမှာ ဝေဝါးနေသည်ကို သတိပြုမိသွားသည့်အလား ခေတ္တရပ်ကာ ဝိုင်တစ်ကျိုက် သောက်လိုက်ပြီး ကျေနပ်သော သက်ပြင်းနှင့်အတူ ထပ်လောင်းမေးလိုက်သည်။
"ဟို တားမြစ်ချက်လေ... မင်းအတွက် ဘယ်လို ခံစားရလဲ"
မေးမြန်းသူမှာ အခြားသူမဟုတ်၊ သခင်လေးရှန့်ပင် ဖြစ်သည်။ သူတို့ ကောင်းကင်နှလုံးသား ဂလက်ဆီထဲသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာစဉ် ဝေ့ဝူယင်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်ရသဖြင့် သခင်လေးရှန့်၏ စူးစမ်းလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အစစ်အမှန် သူတော်စင် ဖြစ်သူ ထိန်ကျန်းဝမ်ပင်လျှင် ထိုဖိနှိပ်မှုအောက်တွင် မျက်နှာပျက်ခဲ့ရသည် မဟုတ်ပါလော။ ကြောက်မက်ဖွယ်ကောင်းသည့် ဥပဒေသ သာမည အာဏာ အနည်းဆုံး နှစ်ခုကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်မှာမူ ပို၍ပင် ပြင်းထန်သည့် တုံ့ပြန်မှု ရှိသင့်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဝေ့ဝူယင်မှာ သေမျိုးတစ်ဦးသာ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အစစ်အမှန် သူတော်စင်တစ်ဦးကဲ့သို့ သာမည ဥပဒေသများနှင့် တစ်သားတည်း ပေါင်းစပ်သွားခြင်း မရှိသေးပေ။ ထိုဥပဒေသများမှာ အစစ်အမှန် ဝိညာဉ် နှင့် ကြယ်တာရာ ဝိညာဉ်များ၏ ပြင်ပတွင်သာ တည်ရှိနေကြသည်။ ထို့ကြောင့် ဥပဒေသများမှာ အနည်းငယ် တုန်ခါသွားသော်လည်း သူနှင့် သူ၏ ကြယ်တာရာ ဝိညာဉ်များမှာမူ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မခံစားရပေ။
ဝေ့ဝူယင်က ဂရုမစိုက်သလို ပုခုံးတွန့်ပြလိုက်၏။ ထိုမေးခွန်းအတွက် သူ့ထံတွင် ပေးစရာ အဖြေကောင်းကောင်း မရှိချေ။ သခင်လေးရှန့်က မကျေနပ်သလို ခေါင်းခါလိုက်သော်လည်း ဝေ့ဝူယင်၏ မူမမှန်သော စွမ်းအားများအပေါ် တစ်ဖန် အံ့ဩလေးစားသွားရပြန်သည်။
ဝုန်း...
"မင်းတို့ ဘယ်သူတွေလဲ... ဒီကို ဘယ်လို ရောက်လာတာလဲ"
ရုတ်တရက်... အော်ရာများမှာ ကောင်းကင်ယံတွင် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က ပတ်ဝန်းကျင်ရှိ မန်နာများကို လွှမ်းမိုးကာ ကောင်းကင်နှင့် မြေကြီးအောက်ရှိ အရာအားလုံးကို ချုပ်နှောင်ဖို့ ကြိုးစားလာသည်။
ကောင်းကင်ဖိအား...
သို့သော်လည်း... ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့မှာမူ ထိုပြင်းထန်သော ဖိအားဒဏ်ကို အနည်းငယ်မျှပင် မခံစားရပေ။ ကြယ်တာရာ အမြုတေ အဆင့်လေး၊ အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများ ဆိုလျှင် ထိုဖိအားကြောင့် အသက်ရှူကျပ်ကာ ဒူးထောက်သွားနိုင်သော်လည်း ဤသူနှစ်ဦးအတွက်မူ လေပြေညင်းလေး တိုက်ခတ်သွားသကဲ့သို့သာ ရှိသည်။
တဒင်္ဂ အတွင်းမှာပင် အော်ရာပိုင်ရှင်များမှာ သူတို့ကို ဝန်းရံလိုက်ကြပြီ ဖြစ်သည်။ သူတို့က စုစုပေါင်း လေးဦး ဖြစ်ကာ လက်ရာမြောက် ပန်းကနုတ်များဖြင့် ထွင်းထုထားသည့် သစ်သားလှံများကို ကိုင်ဆောင်ထားကြ၏။ အမှန်စင်စစ်... ထိုပန်းကနုတ်များမှာ ကြယ်တာရာအဆင့် သင်္ကေတများပင် ဖြစ်ကြသည်။ ဤသည်မှာ ပြင်ပ လူ့အဖွဲ့အစည်းများတွင် အဆင့်မြင့် ဓား၊ လှံ လက်နက်များ၌ အသုံးပြုနေသော သင်္ကေတ ရေးထိုးခြင်း ပညာရပ်ထက် များစွာ ခေတ်နောက်ကျနေသော 'သင်္ကေတ ပုံဖော်ခြင်း' ဟု ခေါ်သည့် ရှေးဟောင်း နည်းလမ်း ဖြစ်သည်။
ဝေ့ဝူယင်သည် ဤအချက်ကို ကြည့်ခြင်းဖြင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ခန့်မှန်းမိသွားသည်။ အစောင့်များ၏ ဝတ်စုံများမှာလည်း သူတို့၏ လက်နက်များကဲ့သို့ပင် ရှေးကျရိုးရှင်းလှသည်။ အပင်မှရသည့် သားရေကဲ့သို့သော ပစ္စည်းများနှင့် သစ်ခေါက်မာများကို ချပ်ဝတ်တန်ဆာအဖြစ် ပြုလုပ်ထားကြသည်။ ထိုဝတ်စုံများထံမှ မဟော်ဂနီနံ့ သင်းသင်းလေး ထွက်ပေါ်နေ၏။ သူတို့၏ လှံထိပ်ဖျားများကိုပင် ချွန်ထက်သော ကျောက်ခဲများဖြင့်သာ ပြုလုပ်ထားပြီး သတ္တုအသုံးအဆောင် အရိပ်အယောင် လုံးဝ မတွေ့ရပေ။
အစောင့်များသည် နေရောင်ခြည် အမြဲထိတွေ့နေရသဖြင့် အသားညိုကြသည်။ သူတို့အားလုံးမှာ လူသားမျိုးနွယ်များ ဖြစ်ကြသည်။ ပြောရလျှင်... သွေးမနှောသည့် လူသားများပင် ဖြစ်သည်။ သူတို့၏ ခြေထောက်နှင့် လက်မောင်း ကြွက်သားများ ထွားကျိုင်းသန်မာနေသော်လည်း ကိုယ်ခန္ဓာ စွမ်းအင်များ၏ သန့်စင်မှုမှာမူ များစွာ လိုအပ်နေသေးသည်။ ရှင်းရှင်းဆိုရသော်... အရည်အသွေးမရှိသော အပေါ်ယံ သဏ္ဌာန်မျှသာ ဖြစ်သည်။
ဤအချက်က သူတို့ထံတွင် နည်းစနစ် ကျနသည့် ကျင့်ကြံခြင်း နည်းလမ်းများ၊ အထူးသဖြင့် ကိုယ်ခံပညာရပ်များ မရှိခြင်းကို ပိုမို ထင်ရှားစေသည်။ သူတို့၏ အော်ရာများမှာလည်း ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားသော်လည်း၊ အညစ်အကြေး ကင်းစင်မှုနှင့် သန့်စင်မှု အဆင့်အတန်းတွင်မူ အနန္တ ဧကရာဇ်ဂိုဏ်းထက်ပင် အနည်းငယ် နိမ့်ကျနေသည်။ ဤသည်မှာ ထိုလောကတွင် အဆင့်မြင့် အရင်းအမြစ်များ ကင်းမဲ့နေသည့် လက္ခဏာများပင် ဖြစ်သည်။
ဝေ့ဝူယင် ကောင်းကင်ရှိ သေးငယ်သော နေမင်းကို မော့ကြည့်လိုက်၏။ ၎င်း၏ နေရောင်ခြည် အမတေ ထုတ်လွှတ်မှုမှာ ဤသီးခြားကမ္ဘာ၏ အချို့သော နယ်မြေများသို့သာ ရည်ရွယ်ချက်ရှိရှိ လွှဲပြောင်းပေးထားသည်ကို ခံစားလိုက်ရသည်။
သခင်လေးရှန့်ကတော့ သူတို့ကို လေးဘက်လေးတန်မှ ဝိုင်းရံထားသော အစောင့်များကို ကြည့်ရင်း ဝိုင်တစ်ကျိုက် သောက်လိုက်၏။ အစောင့်များ၏ လှံဖျားများမှာ သူတို့ထံသို့ ဦးတည်ထားသည်။ မျက်လုံးများက စူးရှကာ ရင်ခုန်သံများ မြန်ဆန်နေကြ၏။ သူတို့အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။ သခင်လေးရှန့်သည် ပထမတစ်ကြိမ် ဤနေရာသို့ ရောက်ခဲ့စဉ်က စူးစမ်းလိုစိတ်ဖြင့် ကယ်တင်ခြင်း ရှာဖွေသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ခိုးဝင်ခဲ့ဖူးသည်။ ထိုဟန်ဆောင်မှုကြောင့်ပင် သူသည် ဤလောကက လူသစ်များနှင့် လူသားများအပေါ် မည်သို့ ဆက်ဆံသည်ကို တိုက်ရိုက် သိရှိခဲ့ရပြီး ဒေသခံများ၏ သနားစောင့်ရှောက်မှုများကိုသာ ရရှိခဲ့သည်။
"မင်းတို့ ဘယ်သူလဲဆိုတာ ပြောစမ်း... မဟုတ်ရင် ငါတို့ဘက်က အသက်အန္တရာယ်ဖြစ်စေမယ့် ခွန်အားကို အသုံးပြုရလိမ့်မယ်" အ
စောင့်လေးဦး၏ ခေါင်းဆောင်ဟု ထင်ရသူက လှံကို တင်းတင်းဆုပ်ကိုင်ရင်း ရဲရဲဝံ့ဝံ့ အော်ဟစ်လိုက်သည်။ သူတို့၏ ကောင်းကင်ဖိအားမှာ တစ်ဖက်လူ နှစ်ဦးစလုံးအပေါ် မည်သို့မျှ သက်ရောက်မှု မရှိသည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။ ထို့ပြင် တစ်ဦးမှာ အလွန်အမင်း ခန့်မှန်းရခက်ပြီး နောက်တစ်ဦးမှာ ဟင်းလင်းပြင်ကြီးကဲ့သို့ နက်နဲလှသော ထူးခြားသည့် အော်ရာများကို ထုတ်လွှတ်နေသည်။ အစောင့်မှာ သူ၏ တာဝန်ကို ထမ်းဆောင်နိုင်ရန် စိုးစဉ်းမျှသော သတ္တိကို မွေးမြူပြီး ဟိန်းဟောက်နေရခြင်းသာ ဖြစ်သည်။
သခင်လေးရှန့်က ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်၏။
"ကျုပ်တို့က ဧည့်သည်တွေပါ"
သူက ထိုဒေသ၏ ဒေသန္တရ လေယူလေသိမ်းဖြင့် ပြန်ဖြေလိုက်ရာ အစောင့်များမှာ ချက်ချင်းပင် အံ့အားသင့်သွားကြ၏။ ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့၏ ဝတ်စုံများမှာ သူတို့၏ ဇာစ်မြစ်ကို ခန့်မှန်းရန် ခက်ခဲသဖြင့် ယခုလိုမျိုး ဒေသစကားကို ပြောလာလိမ့်မည်ဟု သူတို့ မျှော်လင့် မထားခဲ့ပေ။
ဝေ့ဝူယင်ကတော့ သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် ဒေသစကားကို နားလည်သွားပြီး တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
"ကျုပ်က အာရုဏ်ဦး အင်ပါယာရဲ့ ဧကရာဇ် ဝေ့ဝူယင်ပဲ... ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေကို သွားပြောလိုက်ပါ... ကျုပ် ဒီကို ခေတ္တခဏပဲ လာတာဖြစ်တာကြောင့် ဘာဆူညံမှုမှ မဖြစ်စေချင်ဘူး... အကယ်၍ သူတို့ တွေ့ချင်တယ်ဆိုရင် ကျုပ်ဆီကို လာရှာနိုင်တယ်... ကျုပ် ခင်ဗျားတို့ရဲ့ နယ်မြေထဲမှာ ကျုပ်ရဲ့ အော်ရာကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး... ပြီးတော့ ကျုပ်ရဲ့ ကျူးကျော်မှုအတွက် လျော်ကြေးကိုလည်း နောက်မှ ပေးအပ်ပါ့မယ်"
ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့ နှစ်ယောက်မှာ အစောင့်များ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အဝေးသို့ လျှောက်သွားလိုက်ကြ၏။ အစောင့်များမှာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အကျန်ရစ်ခဲ့လေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဝေခွဲမရဖြစ်မှုများသာ တိုးပွားလာ၏။
သူတို့ လေးယောက် အတူတကွ ပူးပေါင်းထားသော ကောင်းကင်ဖိအားအောက်တွင် ထိုသူနှစ်ဦးက အေးအေးဆေးဆေး လျှောက်သွားလေရာ သေတွင်းထဲသို့ ခုန်ဆင်းရလောက်အောင် သူတို့ မိုက်မဲခြင်း မရှိကြပေ။
သူတို့ လုပ်နိုင်တာ တစ်ခုသာ ရှိသည်။ အထက်လူကြီးများထံသို့ အလျှင်အမြန် သတင်းပို့ရန်ပင်။
***