အခန်း (၁၉၆၉-၁၉၇၀)
Vol. 141 Ch. 1969-1970
အပိုင်း(၁၉၆၉)
"ငါ နားလည်ပြီ"
ဝေ့ဝူယင်သည် အခြေအနေကို သေချာစဉ်းစားလိုက်၏။ စူးစမ်းရသလောက် ဤကန်ထဲရှိ ရွှေရောင်ပိုးအိမ်သည် ဥပဒေသများနှင့် ပတ်သက်မှု ရှိနေပြီး ၎င်းတို့ကို အခြေခံအဆင့်မှ သက်ရောက်နေခြင်း ဖြစ်သည်။ ၎င်းမှတစ်ဆင့် သူ၏ ဝိညာဉ်ကို ထိခိုက်စေကာ မခုခံနိုင်သော လှုံ့ဆော်မှုဖြင့် ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဝေ့ဝူယင် အတော်လေး တည်ငြိမ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။
ထိုခြေတစ်လှမ်း ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်ပိုးအိမ်၏ စိတ်အာရုံ လွှမ်းမိုးမှုအားလုံး ပျောက်ကွယ်သွားသယောင် ရှိသည်။ ဝေ့ဝူယင်သည် သူ၏ စိတ်၊ ကိုယ်၊ ဝိညာဉ်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ ဥပဒေသများမှာလည်း ပုံမှန်ထက် ပိုမို သိသာစွာ နာခံလာကြသည်။ စိတ်ဆန္ဒ အာဏာကြောင့် ၎င်းတို့မှာ တင်းကျပ်သော မိဘ၏ ထိန်းကျောင်းမှုအောက်သို့ ရောက်သွားသကဲ့သို့ နောက်ထပ် ပြဿနာ မရှာဝံ့ကြတော့ပေ။
အကယ်၍ သခင်လေးရှန့်သာ ပတ်ဝန်းကျင်ကို သတိထားမိပြီး ဤမြင်ကွင်းကို မြင်လိုက်ရလျှင်... ဝေ့ဝူယင်၏ ဝိညာဉ်နှင့် ပတ်သက်သမျှအပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွန်အမင်း တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်သည် ချီပစ်ခဲခြင်း အဆင့်မှာ ကတည်းက ဝိညာဉ်ကို အာရုံခံနိုင်ရန်နှင့် ဆက်သွယ်နိုင်ရန် သင်ယူခဲ့ပြီး ကောင်းကင် နှလုံးသားချီနည်းလမ်းကို အပြည့်အဝ ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူ ဖြစ်သည်။ ထို့အပြင်... သူ၏ ဝိညာဉ်မှာ ငရဲဘုံ၏ ဓားချက်များနှင့် မီးလျှံများကြားတွင် အကြိမ်ကြိမ် နှိပ်စက်စမ်းသပ်မှု ခံယူခဲ့ပြီး ဖြစ်သည်။
"နက် အဆင်ပြေရဲ့လား..."
ကောင်းကင်စစ်ဝိညာဉ်မှာ အံ့အားသင့်သွား၏။ ဝေ့ဝူယင်က ရွှေရောင်ပိုးအိမ်၏ လွှမ်းမိုးမှုကို ဤမျှ လွယ်လွယ်ကူကူနှင့် ဖယ်ရှားပစ်လိုက်နိုင်သည်လော။ ထိုအရာက တကယ် ဖြစ်နိုင်ပါ၏လော။
သို့သော် ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်၊ သေမျိုးဘဝဖြင့် လောက အဂ္ဂိရတ် ရှန့်ထို ဖြစ်နေခြင်းနှင့် ၊ ဖီဆန်နေကြယ်အား ဖန်တီးနိုင်ခဲ့မှုတို့ အပါအဝင် အားလုံးကို ပြန်စဉ်းစားမိသောအခါ သူမ မအံ့ဩတော့ပေ။ ဝေ့ဝူယင်နှင့် ပတ်သက်လာလျှင် အံ့ဩစရာ ဘာရှိဦးမည်နည်း။
"ပြေပါတယ်"
ဝေ့ဝူယင်က ပြန်ဖြေလိုက်၏။ သူ သခင်လေးရှန့်၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားပြီး လူငယ် ဦးခေါင်းပေါ်သို့ လက်တင်ကာ အဂ္ဂိရတ် ဧဒင် ကြယ်အင်အားများကို အသိစိတ်ပင်လယ်ထဲသို့ စီးဝင်စေလိုက်သည်။ ၎င်းက သခင်လေးရှန့်၏ ကျိန်စာစွမ်းအားကို မြှင့်တင်ပေးလိုက်သဖြင့် ရွှေရောင်ပိုးအိမ်၏ လွှမ်းမိုးမှုမှ လွတ်မြောက်သွားတော့သည်။
"ဟမ်..."
သခင်လေးရှန့် တစ်ယောက် သူ၏ လက်သည်းများက လက်ဖဝါး အသားများထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေသဖြင့် သွေးများထွက်ကာ အရေပြားများ ပေါက်ပြဲနေသည်ကို သတိပြုမိပြီး မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။
"ဘာဖြစ်သွားတာလဲ"
သူ ဝေ့ဝူယင်ကို ကြည့်လိုက်ရာ နွေးထွေးသော လက်တစ်ဖက်က သူ့ ဦးခေါင်းပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံသူ အများစုအတွက်မူ ဤသည်မှာ အလွန် စိုးရိမ်ရသော အနေအထား ဖြစ်သော်လည်း သူသည် ဝေ့ဝူယင်အပေါ် မည်သည့် ကြောက်ရွံ့မှုမျှ မရှိပေ။
အကယ်၍ ဤသေမျိုး လူငယ်လေးက သူ့ကို သတ်ချင်လျှင် သို့မဟုတ် ဒုက္ခပေးချင်လျှင် ဟိုးယခင်တည်းက လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။
"ကန်ထဲက ရွှေရောင်ပိုးအိမ်က ငါတို့ရဲ့ စိတ်နဲ့ ဝိညာဉ်အပေါ် ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပုံရတယ်... မင်း အဲဒါကို ခုခံနေခဲ့တာလေ... အခုတော့ ဒီလိုပဲပေါ့"
ထိုသို့ ရှင်းပြပြီးနောက် ဝေ့ဝူယင်က ကန်ရေပြင်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
"ဩော်..."
သခင်လေးရှန့်မှာ ပြန်လည် သတိရသွားခဲ့၏။
"ဟုတ်သားပဲ..."
သူ၏ ဒဏ်ရာများမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည် သက်သာသွားခဲ့သည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်မှ ဝိုင်ဘူးမှာ သူ၏ လက်ထဲသို့ ဝေ့ဝူယင်ပင် အနည်းငယ် အံ့ဩရလောက်သော နည်းလမ်းဖြင့် ရောက်ရှိလာသည်။
"အဲဒီဟာက..."
သူ ဝိုင်တစ်ကျိုက် သောက်လိုက်၏။
"ယောက်ဖ... မင်းက ငါ့ရဲ့ စိတ်ကျိန်စာကို အတော်လေး မြှင့်တင်ပေးလိုက်တာပဲ... မင်းမှာ တကယ့်ကို အံ့ဩစရာ နည်းလမ်းတွေ ရှိတာပဲ"
သခင်လေးရှန့်က ပွင့်လင်းစွာ ချီးကျူးလိုက်သည်။ ထို့နောက် သူက ထို့ပိဟန်ကို ကြည့်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။
"ဒါကြောင့်ကိုး..."
သေမျိုးဖြစ်သော ထို့ပိဟန်မှာ ဥပဒေသ မရှိသဖြင့် ထိခိုက်ခြင်း မရှိပေ။ သို့သော် သခင်လေးရှန့်နှင့် ဝေ့ဝူယင်မှာမူ မတူညီပေ။
"ဒါဆိုရင် ဒီနေ့က မင်းအတွက်တော့ ကံကောင်းခြင်းတွေ အများကြီး ရမယ့်နေ့ပဲ... အကယ်၍ မင်းသာ ကံကောင်းရင် နောက်ထပ် ဇနီးတစ်ယောက်တောင် ရနိုင်တယ်"
သခင်လေးရှန့်မှာ ဤကံကောင်းခြင်းကို ဝေ့ဝူယင်နှင့် ယှဉ်ပြိုင်ရန် စိတ်ကူးမရှိသဖြင့် ရယ်မောကာ ဆိုလိုက်သည်။
"အသေးစိတ် ရှင်းပြဦး..."
ဝေ့ဝူယင်က တောင်းဆိုလိုက်သည်။ ကောင်းကင်စစ်ဝိညာဉ်မှာ သူမ၏ မှတ်ဉာဏ်အစအနများမှနေ၍ ရွှေရောင်ပိုးအိမ် အကြောင်းကို ရှင်းပြရန် ကြိုးစားနေသော်လည်း အပေါ်ယံမျှသာ ဖြစ်ပေသည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ အစအန တစ်ခု ဖြစ်သည်ဟုသာ သူမ ပြောနိုင်ခဲ့သည်။
ထို့အပြင်... ကောင်းကင်တာအိုက သူ့အား သခင်လေးရှန့်ကို တစ်ပါတည်း ခေါ်လာရန် တိုက်တွန်းခဲ့သဖြင့်၊ ဤအပြစ်သား ထုံးတမ်း အတွက် သခင်လေးရှန့်၏ ရှင်းပြချက်မှာ လိုအပ်နေပုံရသည်။
"ဟုတ်ပြီ"
သခင်လေးရှန့်က ဝိုင်ကို အနည်းငယ် ထပ်သောက်လိုက်၏။ ရင်ဘတ်ထဲတွင် ပူနွေးမှုကို ခံစားရပြီး စိတ်အာရုံများ ကြည်လင်လာသည်။ ဝိုင်ကောင်းကောင်းရှိလျှင် စိတ်ပူပင်မှုမှန်သမျှ ဆေးကြောပစ်နိုင်ပေသည်။
"အဲဒီဟာက... တစ်လောကလုံးမှာရှိတဲ့ ဂလက်ဆီတွေကြား စစ်ပွဲတွေ ဖြစ်ပွားစေနိုင်တဲ့ ကောင်းကင်ဘုံ ရတနာ တစ်ခုပဲ... သံသယဖြစ်စရာ မရှိဘူး... ကောင်းကင်ဘုံကို တားမြစ်ထားတဲ့ ကမ္ဘာမျိုးမှာ ဒီလိုအရာ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... တကယ့်ကို ထူးဆန်းတယ်နော်၊ ဟုတ်လား"
"ယောက်ဖ... မင်း ကောင်းကင်ဘုံ ဖယ်ခွာခြင်း အကြောင်းကိုတော့ ကြားဖူးနားဝ ရှိတယ်မလား"
သခင်လေးရှန့်က မေးခွန်းထုတ်လိုက်သော်လည်း သူကိုယ်တိုင်ပင် ဆက်၍ ဖြေကြားလိုက်သည်။
"ဒါဟာ သာမန်နည်းလမ်းတွေထက် ကျော်လွန်ပြီး ထူးဆန်းတဲ့ သက်ရှိတွေ မွေးဖွားလာတဲ့ ဖြစ်စဉ်တစ်ခုပဲ... သက်မဲ့အရာဝတ္ထု တစ်ခုခုပေါ်ကို ဝိညာဉ်တစ်ခု အပ်နှင်းလိုက်တာမျိုးပေါ့... အဲဒီအရာဝတ္ထုဟာ သွေးတစ်စက် ဖြစ်နိုင်သလို၊ ရွှံ့ညွန်တစ်စက်၊ သစ်ပင်တစ်ပင် ဒါမှမဟုတ် ဂြိုဟ်တစ်ခုလုံးလည်း ဖြစ်နိုင်တယ်... သူတို့ကို နတ်ဆိုးတွေလို့ ခေါ်ကြတယ်... တချို့ လူ့အဖွဲ့အစည်းတွေမှာတော့ သူတို့ကို ကောင်းကင်ဘုံရဲ့ ချို့ယွင်းချက် ဒါမှမဟုတ် ရွံရှာဖွယ်ရာ အဖျင်းအမှိုက်တွေလို့ သတ်မှတ်ကြတာပေါ့... အထူးသဖြင့် ဒီနတ်ဆိုးတွေဟာ သဘာဝနိယာမတွေကို ဆန့်ကျင်ပြီး ကူးစက်တတ်တဲ့၊ ပုပ်သိုးစေတတ်တဲ့၊ ဖောက်ပြန်ပြောင်းလဲစေတတ်တဲ့ ပင်ကိုယ်စွမ်းအားတွေကို ကျင့်ကြံကြတာကြောင့်ပဲ ဖြစ်တယ်"
"တချို့ ကျင့်ကြံသူတွေ၊ ဂြိုဟ်တွေ၊ နယ်မြေတွေ၊ နောက်ဆုံး ကောင်းကင်ခန္ဓာတွေတောင်မှ ဒီဖြစ်စဉ်ကြောင့် အဂတိလိုက်စား ဖောက်ပြန်သွားပြီး နတ်ဆိုးတွေ ဖြစ်ကုန်ကြတယ်... မင်းတို့ ကြားဖူးလား... လောကမှာ အကြီးဆုံးဖြစ်တဲ့ နေမင်းကြီးကိုယ်တိုင်ကနေ နတ်ဆိုး အဖြစ် မွေးဖွားလာခဲ့တဲ့ အင်မော်တယ် နေနတ်ဆိုး အကြောင်းကိုလေ... အဲဒီ ဒဏ္ဍာရီထဲမှာတော့ အဲဒီနေနတ်ဆိုးကနေ မီးဓာတ်ခံရှိတဲ့ သားရဲအုပ်ကြီးကို မွေးဖွားပေးခဲ့တယ်လို့ အကြမ်းဖျင်း ဖော်ပြထားတယ်"
"မီးဖီးနစ် လိုမျိုးလား..."
ဝေ့ဝူယင်၏ မျက်ခုံးများမှာ ပင့်တက်သွား၏။ သူသိထားသော အနန္တ ကုန်းမြေတိုက်ကြီးနှင့် ရှေးဟောင်း ချိပ်ပိတ်နယ်မြေတို့မှ ဒဏ္ဍာရီများအရ မီးဖီးနစ် ဆိုသည်မှာ ငှက်မျိုးနွယ်အားလုံး၏ မူလအစနှင့် အကြီးဆုံးသော နေမင်းကြီးဖြစ်သည့် အင်မော်တယ် နေနတ်ဆိုးတို့ ပေါင်းစပ်ရာမှ ဆင်းသက်လာသူ ဖြစ်သည်။ ထို့နောက် မီးဖီးနစ်သည် အင်မော်တယ် နယ်မြေ ၏ နွေရာသီတွင်သာ ပွင့်လေ့ရှိသော ထူးဆန်းသည့် ပန်းနတ်ဆိုးတစ်ကောင်နှင့် ထပ်မံပေါင်းစပ်ခဲ့ရာမှ ဗာမီလီယန်ငှက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သခင်လေးရှန့်က ခေါင်းညိတ်ပြလိုက်၏။
"မှန်တာပေါ့၊ မီးဖီးနစ် လိုမျိုးပေါ့... အင်မော်တယ် နေနတ်ဆိုးနဲ့ ပတ်သက်တဲ့ ပုံပြင်တွေ အများကြီး ရှိသေးတယ်... ဒါပေမဲ့ ဒါတွေကို ခဏထားဦး၊ ကောင်းကင်ဘုံ ဖယ်ခွာခြင်း ဆိုတာ သက်ရှိဖန်တီးတဲ့ ဖြစ်စဉ်တွေကို ဖြတ်သန်းစရာမလိုဘဲ အသက်ဇီဝကို ဖန်တီးပေးနိုင်တဲ့ အံ့မခန်း ဖြစ်ရပ်ကြီးတစ်ခုပဲ... အခုမြင်နေရတဲ့ ရွှေရောင်ပိုးအိမ်ဟာလည်း အဲဒီဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောနိုင်ပေမဲ့ အနည်းငယ်တော့ ကွဲပြားတယ်"
"ဘာတွေ ကွဲပြားလို့လဲ"
ဘေးနားမှ နားထောင်နေသော ထို့ပိဟန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
သခင်လေးရှန့်က ခေါင်းညိတ်လိုက်၏။
"ကွဲပြားတာပေါ့... ဒါကို ကောင်းကင်ဘုံ ဆင်းသက်ခြင်းလို့ ခေါ်နိုင်တယ်... ဒါပေမဲ့ မင်းတို့ကိုယ်မင်းတို့ ပြန်မေးကြည့်ဦး၊ ဝိညာဉ်မရှိတဲ့ သက်မဲ့အရာတွေကို အသက်ဇီဝ ဖန်တီးနိုင်စွမ်းရှိတဲ့ ဒီလောက် အံ့ဖွယ်ကောင်းတဲ့ အသက်ဓာတ်တွေ ပေးဖို့ စွမ်းအားတွေက ဘယ်ကနေ လာတာလဲဆိုတာကိုပေါ့..."
"ကောင်းကင်ဘုံက လာတာပေါ့"
ထို့ပိဟန်က ချက်ချင်း ဖြေလိုက်သည်။
ဖျောက်...
သခင်လေးရှန့်က လက်ဖျောက်တစ်ချက် တီးလိုက်၏။ ထို့နောက် ထို့ပိဟန်ကို လက်ညှိုးထိုးကာ...
"မှန်တယ်၊ ဒါပေမဲ့ ဘယ်ကောင်းကင်ဘုံလဲ..."
"ဘယ်ကောင်းကင်ဘုံ ဟုတ်လား"
ထို့ပိဟန် တစ်ယောက် အဖြေမပေးနိုင်တော့ပေ။ ထိုစကားက ဘာကို ဆိုလိုသနည်း။ အခြား ကောင်းကင်ဘုံ ရှိနေသေးသည်လား။
"လောကသုံးထောင်လား... ဟိုးရှေးက ကောင်းကင်ရှန့်ထိုတွေ တုံ့ပြန်ဆက်သွယ်ခဲ့တဲ့ လောကသုံးထောင်လား"
ဝေ့ဝူယင်သည် ကောင်းကင်စစ်ဝိညာဉ် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွားသည်။ ဤရွှေရောင်ပိုးအိမ်သည် ကောင်းကင်ဘုံ၏ အပိုင်းအစတစ်ခု ဖြစ်သည်ဟူသော စကားပင်။ သူသည် ကနဦးက ကောင်းကင်တာအို ကိုသာ စဉ်းစားမိခဲ့သော်လည်း၊ ကောင်းကင်တာအိုနှင့် ကောင်းကင်ဘုံ ဆိုသည်မှာ လူအများ မှားယွင်းတတ်ကြသည့် ကွဲပြားသော အရာနှစ်ခုဖြစ်ကြောင်း သူသိရှိထားသည်။ အသိဉာဏ်နည်းပါးသော ဗေဒင်ဆရာများ၊ နတ်ဆရာများနှင့် ကျင့်ကြံသူများက လောကကြီးနှင့် ကောင်းကင်တာအို ကို ရောထွေးနေသကဲ့သို့ပင်။
ဥပမာအားဖြင့် ကောင်းကင်ဘုံသည် မဟာတာအိုများအားလုံးနှင့် သက်ရှိအားလုံးကို လွှမ်းခြုံထားသည်။ တစ်ဖက်တွင်မူ ကောင်းကင်တာအိုသည် ကြီးကြပ် ကွပ်ကဲသူနှင့် ကြိုးကိုင်သူအဖြစ်သာ တည်ရှိသည်။ ကောင်းကင်တာအို၏ လုပ်ဆောင်ချက်များသည် လောက၏ လားရာကို ပြောင်းလဲနိုင်သော်လည်း၊ လောကကြီးကမူ ကောင်းကင်တာအိုကို ပြန်လည် မပြောင်းလဲနိုင်ပေ။
‘ဒါဆိုရင် ဒါက စန်းယွန်းလီ ပိုင်ဆိုင်ထားတဲ့ ကောင်းကင်တာအို အပိုင်းအစနဲ့ မတူဘူးပေါ့...’
ဝေ့ဝူယင်က ရေကန်ကို အနီးကပ်ကြည့်ရင်း တွေးလိုက်၏။ ၎င်းသည် ကောင်းကင်ဘုံက အုပ်ချုပ်သော ဥပဒေသ နယ်မြေသုံးထောင် ၏ အပိုင်းအစတစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ကောင်းကင်ဘုံက ဝိညာဉ်တွေကို အပ်နှင်းပေးတယ်... အဲဒီဝိညာဉ်တွေက များသောအားဖြင့် ဥပဒေသ စွမ်းအားတွေရဲ့ အပိုင်းအစတွေပဲ... အဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်းတွေမှာ နတ်ဆိုးတွေကို ဘာလို့ ရှားရှားပါးပါးပဲ တွေ့ရလဲ မင်းတို့သိလား... ဘာလို့လဲဆိုတော့ သူတို့ကို ကျင့်ကြံခြင်း အရင်းအမြစ်တွေအဖြစ်၊ အထူးသဖြင့် မျိုးဆက်သစ်တွေအတွက် အသုံးပြုကြလို့ပဲ... ပြီးတော့ ကောင်းကင်ဘုံရဲ့ စွမ်းအားတွေ မကုန်ခမ်းစေဖို့နဲ့ နယ်မြေသုံးထောင်ရဲ့ ကောင်းကင်တုံ့ပြန်မှု ကို မနှောင့်ယှက်မိစေဖို့အတွက် သူတို့ မွေးဖွားလာနိုင်တဲ့ နေရာတွေကို စနစ်တကျ ထိန်းချုပ်ထားကြတယ်... ငါတစ်ခု ပြောပြမယ်၊ မင်းရဲ့ စရိုက်နဲ့ မူဝါဒတွေကို ငါနည်းနည်းတော့ နားလည်ထားလို့ ဒါကို မင်းသဘောကျမှာ မဟုတ်ပေမဲ့... ရတနာချိုင့်ဝှမ်း ဂလက်ဆီမှာတော့ နတ်ဆိုးတွေဟာ အစေခံတွေ၊ ကျေးကျွန်တွေလိုပါပဲ၊ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေအဖြစ် လုယူကြတာ... မင်းတို့ရဲ့ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ ကတော့ သူတော်စင်တွေတောင် လုယူကြမယ့် မင်းတို့ဘေးနားမှာ လမ်းလျှောက်နေတဲ့ ရတနာတွေရဲ့ တန်ဖိုးကို နားမလည်ကြသေးဘူး"
"မင်းတို့လောကက သူတော်စင်တွေကလည်း ထိန်ကျန်းဝမ်ကို ရှေးဟောင်း ချိပ်ပိတ် နယ်မြေထဲက နတ်ဆိုးတစ်ကောင်ကိုမှ မယူဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်... သူတို့က တန်ဖိုးကို သိကြပေမဲ့ အခြေအနေအရ အကုန်လုံးကို သိမ်းကျုံး မသိမ်းပိုက်နိုင်သေးတာ ဖြစ်လိမ့်မယ်... အစစ်အမှန် သူတော်စင် အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ကျင့်ကြံခြင်း အခြေခံမရှိဘဲ နတ်ဆိုးတွေကို ကျင့်ကြံခြင်း အရင်းအမြစ်အဖြစ် သုံးဖို့က မလွယ်ကူလှဘူး... ဒါတောင်မှ မင်းတို့ရဲ့ ကြယ်စုတန်းထဲမှာ သူတို့ကို အနိမ့်တန်းစား မျိုးနွယ်တွေအဖြစ်ပဲ သတ်မှတ်ထားကြတုန်းပဲ"
"..."
ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြ၏။ ထိန်ကျန်းဝမ်၏ မှတ်ဉာဏ်များကို ရရှိထားသော ဝေ့ဝူယင်အတွက် ဤအရာမှာ သတင်းအသစ်မဟုတ်ချေ။ သို့သော်လည်း... ဤရွှေရောင်ပိုးအိမ်၏ အရေးပါမှုကို သူ တဖြည်းဖြည်း နားလည်လာသည်။ သို့သော်လည်း... သူနားမလည်နိုင်သည့် အရာက ထိုအရာမှာ အဘယ်ကြောင့် ရမ္မက် အပြစ် အတွက် သူ၏ အပြစ်သား ထုံးတမ်း ဖြစ်နေရသနည်း ဟူသောအချက်ပင်။
နေဦး...
"စောစောက မင်းပြောတာ... နောက်ထပ် ဇနီးသည်တစ်ယောက် ဆိုတာ ဘာလို့လဲ"
***
အပိုင်း(၁၉၇၀)
"စောစောက မင်းပြောတာ... နောက်ထပ် ဇနီးသည်တစ်ယောက် ဆိုတာ ဘာလို့လဲ"
ဝေ့ဝူယင် ရွှေရောင်ပိုးအိမ် အတွင်းပိုင်းကို သဲသဲကွဲကွဲ မမြင်ရပေ။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့်ပင် ဝေဝါးသော အရိပ်တစ်ခုကိုသာ မြင်ရသည်။ ထိုအရိပ်ကပင် သူ၏ နှလုံးသားကို သိသိသာသာ လှုပ်ခတ်စေသည်။
"အေးလေ... ငါပြောသလိုပဲ ကောင်းကင်ဘုံက ဝိညာဉ်တွေကို အရာဝတ္ထုတွေဆီ အပ်နှင်းတတ်တယ်... ဒါပေမဲ့ ဒါက မူလရည်ရွယ်ချက် မဟုတ်ဘူး... တစ်ခါတရံမှာ ကောင်းကင်ဘုံက ကွက်တိကျကျ ဖန်တီးမိသွားတဲ့အခါ၊ အဲဒီဝိညာဉ်နဲ့ လိုက်ဖက်ညီတဲ့ ကောင်းကင်ဘုံရဲ့ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုမယ့် ပြီးပြည့်စုံတဲ့ ကိုယ်ထည် ကို ရှာတွေ့သွားတတ်တယ်... အဲဒီအခါမှာ ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ သက်ရှိတစ်ခု မွေးဖွားလာတာပဲ... ဥပဒေသ စွမ်းအားတွေနဲ့ သီးသန့်သွန်းလုပ်ထားတဲ့ လူသားခန္ဓာကိုယ်နဲ့ ဟန်ချက်ညီတဲ့ ဝိညာဉ်အပြည့်အစုံပေါ့... ပြီးပြည့်စုံတဲ့ သက်ရှိတစ်ဦးပေါ့... တချို့က ကောင်းကင်ဘုံ၏ အပိုင်းအစ လို့ ခေါ်ကြသလို၊ တချို့ကလည်း ကောင်းကင်ဘုံရဲ့ ရင်သွေးငယ်တွေလို့ ခေါ်ကြတယ်"
"သူက ယင်ဓာတ်ရှိတဲ့ ရေကန်ထဲမှာ မွေးဖွားလာတာဆိုတော့ ကျိန်းသေတယ်... မိန်းကလေးပဲ ဖြစ်မှာပါ... အော်... ဟုတ်သားပဲ"
သခင်လေးရှန့်က သူ့နဖူးကို ရိုက်လိုက်သည်။ ထိုအချိန်တွင်ပင် ဝေ့ဝူယင် လေထုထဲတွင် ကောင်းကင်တာအို၏ လွှမ်းမိုးမှုကို အနည်းငယ် ခံစားလိုက်ရသည်။
"တခြား လူ့အဖွဲ့အစည်း အတော်များများက သူ့ကို ခေါ်တဲ့ နာမည်တစ်ခု ရှိသေးတယ်... အဲဒါကတော့ ပထမဆုံး ပန်းသီး တဲ့"
"..."
ဝေ့ဝူယင်၏ ရင်ခုန်သံများ မြန်ဆန်လာ၏။ ဘဝမှတ်တိုင်များက မျက်စိထဲတွင် လျှပ်ခနဲ ပေါ်လာသည်။
"မင်း ဗိုက်ဆာနေလား"
"မင်း ဗိုက်ဆာနေလား"
"မင်း ဗိုက်ဆာနေလား"
ငယ်စဉ်ကတည်းက အလိုအလျောက် ပြောခဲ့မိသော စကားများ။ ထိုမေးခွန်းကို ပြောလိုက်တိုင်း ပထမဆုံးသော ကမ်းလှမ်းမှုအဖြစ် ပန်းသီး များကိုသာ သူ အသုံးပြုခဲ့ဖူးသည်။ ဝေ့ဝူယင် မသိစိတ်ဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိ၏။
"ယောက်ဖ... မင်းသာ ကောင်းကင်ဘုံ ရင်သွေး တစ်ယောက်နဲ့ နှစ်ကိုယ်တူ ကျင့်ကြံမယ် ဆိုရင် ကောင်းကင်ဘုံနဲ့ ထိတွေ့ဆက်ဆံရမယ့် မင်းရဲ့ လမ်းကြောင်းဟာ ထာဝရ တည်မြဲသွားလိမ့်မယ်... အစစ်အမှန် ဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ လမ်းစကလည်း အသေအချာပဲ... ပဲ့တင်သံ ဝိညာဉ် အဆင့်ကို ရောက်ရင်တောင် အနည်းဆုံးတော့ ဥပဒေသတွေနဲ့ ပတ်သက်ရင် မင်းအတွက် အတားအဆီးမဲ့တဲ့၊ အပြစ်အနာအဆာကင်းတဲ့ လမ်းကြောင်း ဖြစ်သွားလိမ့်မယ်... ပြီးတော့ ကောင်းကင်ဘုံရဲ့ ရင်သွေးတိုင်းဟာ နတ်ဘုရားတွေကိုတောင် ဖမ်းစားနိုင်ပြီး သူတော်စင် နတ်မိမယ်တွေကိုတောင် မနာလိုဖြစ်စေမယ့် အလှအပ၊ ခန့်ညားမှုတွေ ရှိကြတယ်လို့ ဆိုကြတယ်"
သူ၏ နောက်ဆုံးစကားလုံး အဆုံးတွင်ပင်၊ အချိန်ကိုက် ဆိုသကဲ့သို့ ရေကန်ထဲမှ တုန်ခါနေသော အသံဗလံများ တရစပ် ထွက်ပေါ်လာတော့သည်။
"ပိုးအိမ်က ခန္ဓာကိုယ် တည်ဆောက်လို့ ပြီးသွားပြီ"
သခင်လေးရှန့်က အာမေဍိတ်သံဖြင့် ပြောလိုက်လေတော့သည်။
...
ဟူး... ဟူး...
ရေကန်တစ်ခုလုံးသည် မြင့်မြတ်လှသော ရွှေရောင်အလင်းတန်းများဖြင့် စတင်ဖုံးလွှမ်းလာ၏။ ကောင်းကင်ဘုံ၏ အပိုင်းအစ သို့မဟုတ် ပထမဆုံး ပန်းသီး ဟု ခေါ်ဆိုအပ်သော ထိုအရာသည် မွေးဖွားခြင်းဖြစ်စဉ် ပြီးဆုံးလုနီးပြီဖြစ်ရာ ရေကန်ထဲမှ ဖြည်းညှင်းစွာ ကြွတက်လာနေပြီ ဖြစ်သည်။
"မင်းပြောတာ လူသားပုံစံလို့ ပြောလိုက်တာလား..."
ဝေ့ဝူယင်၏ ချက်ချင်းတုံ့ပြန်လိုက်သော စကားကြောင့် သခင်လေးရှန့် အံ့အားသင့်သွားသည်။ ဥပဒေသများ၏ အထွတ်အထိပ် ကောင်းချီးဟု သတ်မှတ်နိုင်သော ဤမြင့်မြတ်သည့် ဖြစ်တည်မှုနှင့် ပတ်သက်၍ အခြားအချက်အလက်များစွာ ရှိပါလျက်နှင့် ဝေ့ဝူယင်က ဤမေးခွန်းကို မေးလိမ့်မည်ဟု သူ မထင်မှတ်ထားမိပေ။
ဝေ့ဝူယင်၏ ဘေးတိုက်မျက်နှာသွင်ပြင်ကို ကြည့်ရင်း သခင်လေးရှန့်သည် ထူးဆန်းသော တည်ငြိမ်မှုကို သတိပြုမိလိုက်သည်။ ဝေ့ဝူယင်၏ မျက်နှာတွင် လောဘ၊ ရမ္မတ် သို့မဟုတ် စိတ်လှုပ်ရှားမှုဟူ၍ အစအနမျှ မရှိဘဲ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
အနည်းဆုံးတော့ သူ့ ငွေရောင်မျက်ဝန်းများနှင့် နက်မှောင်သော သူငယ်အိမ်ထဲတွင် သတိကြီးစွာ ထားရှိမှုနှင့် အတွေးနက်နေမှုကိုသာ မြင်တွေ့ရသည်။ သခင်လေးရှန့်မှာ တစ်ခုခုကို အာရုံခံမိသလိုဖြင့် ထို့ပိဟန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထို့ပိဟန်မှာ မတ်တပ်ရပ်လျက် အနေအထားဖြင့်ပင် အသိစိတ်လွတ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အကြည့်များမှာ အဝေးသို့ ရောက်ရှိနေပြီး အတွေးများမှာလည်း ရပ်တန့်နေ၏။ ဤသည်မှာ ဝေ့ဝူယင်၏ လက်ချက်ဖြစ်သည်မှာ သိသာလှပေသည်။ မည်မျှ သတိကြီးလိုက်သနည်း။
သခင်လေးရှန့် သက်ပြင်းတိုးတိုးချကာ ဝိုင်တစ်ငုံ သောက်လိုက်သည်။ ဝေ့ဝူယင်၏ ယခုကဲ့သို့ တည်ငြိမ်နေမှုမှာ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး ဖြစ်နေလေမလား၊ မေးခွန်းများအားလုံးကို ဖြေပြီးသည်နှင့် သူ့ကို အဆုံးစီရင်တော့မည်လားဟု တွေးတောနေမိသည်။
ဤကောင်းကင်ဘုံ ဖြစ်တည်မှု၏ တန်ဖိုးကို တွေးကြည့်လျှင် ထိုသို့ သတ်ဖြတ်ခြင်းမှာသာ တစ်ခုတည်းသော ရလဒ် ဖြစ်ပေလိမ့်မည်။ သူ၏ ဝိုင်သောက်မှုမှာ တဖြည်းဖြည်း မြန်ဆန်လာပြီး ရင်ဘတ်နှင့် လည်ချောင်းထဲတွင် ပျံ့နှံ့နေသော နွေးထွေးမှုဖြင့် သူ၏ ကြောက်ရွံ့မှုများကို နစ်မြှုပ်ပစ်နေသကဲ့သို့ ရှိသည်။
"ဘာလို့ လူသားပုံစံလဲ လို့ မင်းသိချင်နေတာ မလား..."
သခင်လေးရှန့်က ကျေနပ်အားရစွာဖြင့် နှုတ်ခမ်းကို သုတ်လိုက်ပြီး ဤသီးခြားကမ္ဘာ၏ အပြင်ဘက်ရှိ ကြယ်တာရာများကို မော့ကြည့်လိုက်သည်။
"မင်းက လူသားတွေဟာ တခြားသက်ရှိတွေထက် သာလွန်တယ်လို့ ထင်နေလို့လား"
"မဟုတ်ဘူး"
ဝေ့ဝူယင်က တိုတိုတုတ်တုတ်ပင် ဖြေလိုက်သည်။ လူသားမျိုးနွယ်သည် အခြားမျိုးနွယ်များထက် ထူးခြားသော အားသာချက်ရှိသည်ဟု သူ မယုံကြည်ပေ။ သို့သော် သူ သတိပြုမိသည်မှာ... ကောင်းချီးခံ အများစုမှာ လူသားမျိုးနွယ် သို့မဟုတ် ကပြားများသာ ဖြစ်နေခြင်းပင်။
"ငါလည်း အဲဒါကို မငြင်းပါဘူး... ဒါပေမဲ့ လူသားမျိုးနွယ်... မဟုတ်ဘူး၊ လူသားပုံသဏ္ဌာန်ဟာ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ တစ်သားတည်းကျနေတဲ့ အနှစ်သာရ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်... ဒါဟာ လူသားတွေက တိုင်းတာလို့မရတဲ့ စံနှုန်းတွေနဲ့ သာလွန်နေတာမျိုး၊ ဒါမှမဟုတ် ဥပဒေသတွေကို ကျင့်ကြံတဲ့နေရာမှာ သိသိသာသာ အားသာချက်ရှိနေတာမျိုး မဟုတ်ဘူး... ဒါပေမဲ့ ကောင်းကင်မျိုးနွယ်၊ တိုက်တန်မျိုးနွယ် နဲ့ အဘိဿဲလ်မျိုးနွယ် တွေ အပါအဝင် သတ္တဝါအတော်များများဟာ လူသားပုံသဏ္ဌာန် ရှိကြတယ်..."
"အပိုစကားတွေ ဆက်မပြောနဲ့တော့"
ဝေ့ဝူယင်က စကားကို ဖြတ်ပြောလိုက်သည်။
"မင်းပြောချင်တာက ငါတို့က ပုံသဏ္ဌာန်အမျိုးမျိုးရှိတဲ့ သားရဲတွေကို သားရဲ လို့ စုပေါင်းခေါ်သလိုမျိုး၊ လူသားပုံသဏ္ဌာန်ရှိတဲ့ မျိုးနွယ်တွေကို လူသား လို့ပဲ ယေဘုယျ သုံးနှုန်းတယ်လို့ မလား... အဲဒါဆိုရင် ပတ်ချွဲနပ်ချွဲ ပြောနေတာတွေကို ရပ်လိုက်ပါတော့"
"..."
သခင်လေးရှန့် မျက်တောင်ခတ်လိုက်သော်လည်း သူ၏ အကြည့်မှာ ကမ္ဘာပြင်ပမှ ကြယ်များဆီမှ ခွာမသွားပေ။ ရတနာချိုင့်ဝှမ်း ဂလက်ဆီမှ ကောင်းချီးခံ ယီအင်ပါယာကို လွမ်းဆွတ်တမ်းတနေသကဲ့သို့ သူ့ မျက်ဝန်းများတွင် အရောင်များ လျှပ်ခနဲ ပေါ်လာပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေသည်။
"မင်းသိလား... သေခြင်းတရားက မင်းရဲ့ အနီးနားကို ရောက်လာပြီလို့ သိလိုက်ရတဲ့အခါ ဝိညာဉ်ထဲမှာ လက်ခံဖို့ အရမ်းခက်ခဲတာပဲ... ငါ နောက်ထပ် စက္ကန့်အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် မတိုက်ခိုက်နိုင်တော့ဘူးလား...လမ်းကို နည်းနည်းလောက် ပိုရှည်အောင် လျှောက်လို့မရဘူးလား... ဝိုင် နောက်ထပ် တစ်ငုံလောက် ပိုသောက်ခွင့် မရှိတော့ဘူးလား"
သူ ဝိုင်အိတ်ထဲမှ ဝိုင်ကို တစ်ငုံထပ်သောက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဝေ့ဝူယင်က သခင်လေးရှန့်ကို ဘေးတိုက်ကြည့်လိုက်သည်။ ဤအရက်သမားလေးကတော့ တကယ့်ကိုပင်...။
"ငါ့မှာ မင်းကို သတ်ဖို့ အစီအစဉ် မရှိဘူး"
ဝေ့ဝူယင်က ပြတ်သားစွာ ပြောလိုက်သည်။ သခင်လေးရှန့်မှာ တွန့်ခနဲ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် ဝေ့ဝူယင်၏ တည်ငြိမ်သော ပုံရိပ်ကို စိုက်ကြည့်နေမိ၏။
"ဘာ... ဘာလို့လဲ"
သခင်လေးရှန့်မှာ အခြေအနေအရ သံသယဖြစ်နေမိသည်။ အကယ်၍ ဝေ့ဝူယင်က သူ့ကို သတ်လိုက်လျှင် ဤကောင်းကင်ဘုံ၏ ရတနာကို လျှို့ဝှက်ထားနိုင်မည့်အပြင် ကမ္ဘာကျော် အလှပိုင်ရှင်ကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ သူ၏ ပါရမီနှင့်ဆိုလျှင် အနာဂတ်တွင် မှန်းဆ၍မရသော အဆင့်အထိ ရောက်ရှိသွားပေလိမ့်မည်။
"မင်းက ငါ့မိန်းမရဲ့ မောင်ပဲလေ"
ဝေ့ဝူယင်က ပြုံးကာ ခေါင်းခါရင်း ပြောလိုက်သည်။ ဤသည်မှာ သူ၏ စိတ်ရင်းမှန်ပင် ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် ဤနေရာရှိ လူအားလုံးကို နှုတ်ပိတ်ပြီး ကံကောင်းမှုကို လုယူရန် ရည်ရွယ်ချက် မရှိပေ။ ဤသည်မှာ သူ စောင့်ထိန်းသည့် ကျင့်ဝတ်စည်းကမ်းလည်း ဖြစ်သည်။
"ဒါ... ဒါပေမဲ့ မင်း ငါ့ကို မသတ်ရင် ဒီကောင်းကင်ဘုံ ဖြစ်တည်မှုက ကျိန်းသေပေါက် လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်... ငါကလည်း ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါ့မယ်လို့ ကတိသစ္စာ မပြုနိုင်ဘူး... ပြီးတော့ ငါ့ရဲ့ မှတ်ဉာဏ် ဒါမှမဟုတ် ငါ့ရဲ့ အသိစိတ်ပင်လယ်ကို ထိခိုက်အောင် လုပ်ရင်လည်း မင်းကိုပဲ ပြန်ပြီး အန္တရာယ်ပြုလိမ့်မယ်... ငါ့မှာ ပင်ကိုယ် ကာကွယ်မှုတွေ ရှိတာ မင်းသိမှာပါ... နောက်ပြီး ငါ ပြန်ရောက်သွားရင် လူတချို့ကို အမှန်အတိုင်း ပြောပြပါ့မယ်လို့ သစ္စာပြုထားပြီးသား ရှိနေတယ်၊ အဲဒါကို ဆန့်ကျင်တဲ့ သစ္စာကိုလည်း ငါ ထပ်ပြီး မပြုနိုင်ဘူး... သေခြင်းတရားကသာ ဒီရတနာရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ အသေချာဆုံး နည်းလမ်းပဲ"
သခင်လေးရှန့် တစ်ယောက် နားမလည်နိုင် ဖြစ်နေခဲ့၏။
"..."
ဝေ့ဝူယင် ရေကန်အစပ်သို့ လမ်းလျှောက်သွားသည်။ ထို့နောက်... ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံး များကို အစွမ်းကုန် ဖွင့်လိုက်ကာ ရေကန်ထဲသို့ စိုက်ကြည့်လိုက်သည်။ ရေကန်၏ ရွှေရောင်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရေကန်တစ်ခုလုံးမှာ အရည်ပျော်နေသော ရွှေများကဲ့သို့ ဖြစ်နေသည်။
"နေဦး ငါ့ရဲ့ သစ္စာဆိုမှုကို ဖျက်ဆီးဖို့လည်း မစဉ်းစားနဲ့... အဲဒီအတွက် တန်ပြန်မှုတွေ အများကြီး ရှိတယ်၊ မင်း အဲဒါကို လုပ်လိုက်တာနဲ့ ဒီက ကောင်းကင်ဘုံ၏ အပိုင်းအစ နဲ့အတူ မင်းပါ ချက်ချင်း လူသိရှင်ကြား ဖြစ်သွားလိမ့်မယ်လို့ ငါ အာမခံတယ်"
ဖြစ်နိုင်ခြေရှိသော အခြေအနေများကို စဉ်းစားပြီးနောက် ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ်ပညာဖြင့် သစ္စာဆိုမှုများကို ဖြေဖျက်နိုင်မည်ဟု ယုံကြည်နေသည်ဟု သခင်လေးရှန့်က ထင်နေမိသည်။
"မင်း ငါ့ရဲ့ အရည်အချင်းကို အထင်ကြီးလွန်းနေပြီ"
ဝေ့ဝူယင်က ရယ်မောရင်း ပြောလိုက်သည်။ ဝေ့ဝူယင်ထံတွင် လျှို့ဝှက်ကျိန်စာများကို ဖြေဖျက်နိုင်သော နည်းလမ်းများ ရှိသော်လည်း ပဲ့တင်သံ ဝိညာဉ် အဆင့် ကျင့်ကြံသူများထံတွင် အဂ္ဂိရတ်ပညာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် သစ္စာဖျက်ခြင်းကို ကာကွယ်ရန် ထူးခြားသော နည်းလမ်းများ ရှိနေမည်သာ ဖြစ်သည်။ သာမန် သစ္စာဆိုမှုများနှင့် ခြားနားစွာပင်... ဤသစ္စာဆိုမှုများသည် ပိုမိုခိုင်မာစေရန်အတွက် တန်ဖိုးတစ်ခု ပေးဆပ်ထားရသည်မှာ သေချာသည်။
"..."
သခင်လေးရှန့်မှာ သံသယရှိနေဆဲဖြစ်ကာ အသိစိတ်လွတ်နေသော ထို့ပိဟန်ကို တစ်ချက်လှည့်ကြည့်လိုက်၏။ သူ တကယ်ပဲ အမှန်အတိုင်း ပြောနေသည်လား။ သူ ဝေ့ဝူယင်ကို အမှန်တကယ် နားမလည်နိုင်တော့ပေ။
***