အခန်း (၁၉၇၁-၁၉၇၂)
Vol. 141 Ch. 1971-1972
အပိုင်း(၁၉၇၁)
စိတ်သက်သာရာရမှု အနည်းငယ်ဖြင့် သခင်လေးရှန့်က ဆက်ပြောလိုက်၏။
"အဲဒါ အမှန်ဆိုရင်တော့ အရေးကြီးတာတစ်ခု ငါပြောပြမယ်... ဒီကောင်းကင်ဘုံ ဖြစ်တည်မှု၊ ကောင်းကင်ဘုံရဲ့ အပိုင်းအစဟာ ယင်ဓာတ် ဖြစ်နေတာက မင်းအတွက် အများကြီး အားသာချက်ရှိတယ်... အကယ်၍ မင်းသာ သူ မွေးဖွားခါစ အခြေအနေမှာတင် နှစ်ကိုယ်တူ ကျင့်ကြံမယ် ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေက ပြောမပြနိုင်အောင် ကြီးမားလိမ့်မယ်... သူ့ရဲ့ စွမ်းအားတွေ သူ့ဘာသာသူ အခြေကျသွားပြီး အသွင်ပြောင်းလဲမှု ပြီးဆုံးသွားအောင် စောင့်လိုက်ရင်တော့ မင်းရမယ့် အကျိုးက နည်းသွားလိမ့်မယ်... မူလယင် လိုမျိုးပေါ့"
"ဘာလို့ လူသားပုံစံလဲ ဆိုတာကတော့... လူသားတွေဟာ ကောင်းကင်ဘုံနဲ့ အနီးစပ်ဆုံး လမ်းကြောင်းကို ကျင့်ကြံကြပြီး သားရဲတွေကတော့ သူတို့ရဲ့ မျိုးရိုးဗီဇအတိုင်း ကျင့်ကြံကြလို့ ဖြစ်လိမ့်မယ်... ငါလည်း အသေအချာတော့ မသိဘူး၊ ဒါပေမဲ့ ဒါက ငါ့ရဲ့ အကောင်းဆုံး ခန့်မှန်းချက်ပဲ... ဒါပေမဲ့ ဒါက မင်းအတွက်တော့ အကောင်းဆုံးပဲ မဟုတ်လား... မင်းလည်း နွားတွေ၊ ခွေးတွေနဲ့တော့ နှစ်ပါးသွား မကျင့်ကြံချင်ဘူး မဟုတ်လား..."
“...”
သွေးဆောင်ဖျားယောင်းမှု...။
သခင်လေးရှန့်၏ နှုတ်ဖျားမှ ထွက်လာသော စကားလုံးတိုင်းမှာ သွေးဆောင်မှုများ ဖြစ်နေသည်ကို ဝေ့ဝူယင် ခံစားနေရသည်။ သူ၏ ငတ်မွတ်မှုကို လှုံ့ဆော်ပေးနေသည့် နည်းလမ်းတစ်ခုပင်။ အန္တရာယ်များ ရှိနေသော်လည်း ထိုငတ်မွတ်မှုက သူ့ကို အခွင့်အရေးများ ရှာဖွေရန် တွန်းအားပေးနေသည်။ သူ၏ ကျင့်ကြံခြင်း နှလုံးသားကို ထိန်းသိမ်းပေးသော ငတ်မွတ်မှု၊ ကောင်းကင်ဘုံ၊ ငရဲနှင့် နတ်ဘုရားများ၏ အရာအားလုံးကို ဆန့်ကျင်တိုက်ခိုက်ရန် သူ၏ အစစ်အမှန် ဝိညာဉ် ကို လှုံ့ဆော်ပေးသော ငတ်မွတ်မှုပင် ဖြစ်သည်။
ဗွမ်း...
ရွှေရောင်ပိုးအိမ်ကြီးမှာ ရေကန်ထဲမှ လေထဲသို့ တဖြည်းဖြည်း ကြွတက်လာ၏။ ထိုပိုးအိမ်မှာ သိပ်မကြီးလှဘဲ သာမန်လူသုံးဦးခန့် ကောင်းကောင်းဝင်ဆံ့နိုင်သော အရွယ်အစားသာ ရှိသည်။ ပိုးအိမ်အတွင်း၌မူ နွဲ့နှောင်းပြီး မိန်းကလေးဆန်သော ကိုယ်လုံးကိုယ်ပေါက် အရိပ်အယောင်ကို ဝေဝါးစွာ မြင်တွေ့နေရ၏။ သခင်လေးရှန့်မှာ ငေးမောရင်း သွားရည်ပင် ကျလုမတတ် ဖြစ်နေရသည်။ ထိုမြင်ကွင်းကို ကြည့်ရုံမျှဖြင့် သူ၏ရင်ခုန်သံများမှာ အလွန်အမင်း မြန်ဆန်လာပြီး ပတ်ဝန်းကျင်ရှိ စွမ်းအင်များကိုပင် ရုန်းရင်းဆန်ခတ် ဖြစ်စေသည်။
ရွှေရောင်ရေကန်မှာ အလင်းရောင် အနည်းငယ် မှိန်ဖျော့သွားသော်လည်း အပြာရောင်သို့ ပြန်မပြောင်းတော့ပေ။ ရွှေရောင်ပိုးအိမ်၏ အော်ရာများ လွှမ်းမိုးသွားမှုကြောင့် ဤရေကန်သည် မူလအခြေအနေသို့ မည်သည့်အခါမျှ ပြန်မရောက်နိုင်တော့ပေ။ ဝေ့ဝူယင်သည် "ကောင်းကင်ဘုံ၏ ရေစင်နှင့် မြေကြီး၏ ရတနာ" ဟူသော စကားစုလေးကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ထိုစကားစု၏ ပထမတစ်ဝက်ဖြစ်သော အဓိပ္ပာယ်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင်။
"မလှုပ်နဲ့..."
ဝေ့ဝူယင်က လက်ကို ဆန့်ထုတ်ကာ သခင်လေးရှန့်၏ ရင်ဘတ်ကို ဖိထားလိုက်ရင်း ပိုးအိမ်ဆီသို့ ခုန်အုပ်ရန် ပြင်နေသော သူ့ စွမ်းအင်များကို ဖြတ်တောက်ပစ်လိုက်သည်။ ထိုလုပ်ရပ်က ရိုးရှင်းသော်လည်း သခင်လေးရှန့်ကို ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ဖြစ်စေပြီး မိန်းမောနေမှုအတွင်းမှ နိုးထလာစေသည်။
"ငါ... ငါ ဘာဖြစ်သွားတာလဲ"
သခင်လေးရှန့် တစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော သူ့ ဝိုင်အိတ်ကို ကြည့်ရင်း မျက်တောင်ခတ်လိုက်မိသည်။ သူ၏ ဝိညာဉ်မှာလည်း တပ်မက်မှုများဖြင့် ပြင်းထန်စွာ တုန်လှုပ်နေသည်။ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်တိုင်းက ထိုပိုးအိမ်ကို အမိအရ ဖမ်းဆုပ်ရန် တိုက်တွန်းနေသည်။ ဝေ့ဝူယင်၏ ကြောက်မက်ဖွယ် ခွန်အားကို သိနေသည့်တိုင်အောင် ပင်ကိုယ်ရှင်သန်လိုစိတ်ကိုပင် ကျော်လွန်ကာ ရုန်းကန်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
"ငါ့ကို ရိုက်နှက်ပြီး သတိမေ့အောင် လုပ်ပေးပါလား"
သခင်လေးရှန့်က တောင်းပန်လိုက်သည်။ သူ့ ဝိညာဉ်ထဲတွင် ခံစားနေရသော ထိုခံစားချက်မှာ အလွန်အမင်း သက်တောင့်သက်သာမရှိဘဲ နာကျင်မှုကိုပင် ဖြစ်စေသည်။
ခရက်...
ဝေ့ဝူယင် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ပိုးအိမ်ကြီးမှာ အနည်းငယ် အပုတ်ခံလိုက်ရသော ကြက်ဥပြုတ်ကဲ့သို့ အက်ကွဲလာ၏။ အက်ကြောင်းများကြားမှ တောက်ပသော ရွှေရောင်အလင်းတန်းများနှင့် မြင့်မြတ်သော ရနံ့များ လွင့်ပျံလာရာ သခင်လေးရှန့် တစ်ယောက် မိမိကိုယ်မိမိ မနည်း ထိန်းချုပ်နေရသည်။ ထို့နောက်...
ဘုန်း...
ပိုးအိမ်ကြီး ပေါက်ကွဲသွားပြီး အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွား၏။ ထိုအပိုင်းအစများမှာ ပေရာဂဏန်းမျှသာ လွင့်စင်နိုင်ပြီး မမြင်ရသော အာကာသ လက်များ၏ ဖမ်းဆုပ်မှုကို ခံလိုက်ရသည်။ ထိုအရာအားလုံးကို ဝေ့ဝူယင်က တစ်ခုမကျန် ဖမ်းယူလိုက်ခြင်းပင်။
"ဘုရားရေ..."
သခင်လေးရှန့်၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားခဲ့၏။ ပိုးအိမ်အတွင်းမှ ပုံရိပ်မှာ အတိုင်းသား ပေါ်ထွက်လာပြီဖြစ်သည်။ သူမသည် လေထုထဲတွင် ဝတ်ပြုကိုးကွယ်ခံရမည့် နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြည်းညှင်းစွာ ပျံလွင့်နေသည်။ သူမ၏ ခါးမှာ နွဲ့နှောင်းလှပသော်လည်း သိမ်ဖျဉ်းလွန်းခြင်း မရှိပေ။ အသားအရေမှာလည်း အလွန်ဖြူလွန်းခြင်း၊ ညိုလွန်းခြင်း မရှိဘဲ စိုပြေနေသည်။ ရင်သားမှာလည်း အရွယ်အစားနှင့် ပုံသဏ္ဌာန်မှာ အချိုးအစားကျလွန်းလှသည်။ သူမ၏ မျက်နှာမှာလည်း နတ်ဘုရားများ ကိုယ်တိုင် ထုဆစ်ထားသည့်နှယ် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။
သူမ၏ နှုတ်ခမ်းများမှာ ထူလွန်းခြင်း၊ ပါးလွန်းခြင်း မရှိ။ နှာတံမှာလည်း ကြီးလွန်းခြင်း၊ ချွန်လွန်းခြင်း သို့မဟုတ် လုံးလွန်းခြင်း မရှိဘဲ အချိုးကျလှသည်။ ခြေထောက်၊ လက်မောင်း၊ ဝမ်းဗိုက်နှင့် လည်ပိုင်တို့မှာလည်း ကြွက်သားနှင့် အဆီဓာတ်မှာ လိုတာထက် မပိုဘဲ စံပြအချိုးအစားအတိုင်း ရှိနေကာ မည်သည့် အနာအဆာမျှ မရှိပေ။ ဆံပင်မှာလည်း အရှည်မှာ အတော်ပင်ဖြစ်ပြီး စီးဖြာကျနေသည့် ရွှေရောင်ဆံနွယ်များမှာ အလွန်တောက်လွန်းခြင်း၊ မှိန်လွန်းခြင်း မရှိပေ။
မိန်းကလေး၏ ရုပ်ပိုင်းဆိုင်ရာ အလှတရားမှာ အလွန်အမင်း ပိုလျှံလွန်းလှသဖြင့် "အချိုးကျလွန်းသည်" ဟူသော စကားလုံးမှလွဲ၍ အခြားမည်သည့် စကားလုံးနှင့်မျှ ဖော်ပြရန် ခက်ခဲလှသည်။ အကယ်၍ ပြီးပြည့်စုံမှု၏ ပြယုဂ်ဆိုသည်မှာ ခန္ဓာကိုယ်အဖြစ် တည်ရှိနိုင်လျှင် သူမသည် ထိုအရာပင် ဖြစ်ပေလိမ့်မည်။
ထိုခံစားချက်မျိုးကို ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့ နှစ်ဦးစလုံး ခံစားနေရသည်။ သခင်လေးရှန့်၏ နှလုံးသားမှာ ချက်ချင်းပင် စွဲလမ်းမှု အတွင်း နစ်မြုပ် သွားခဲ့၏။ ဝေ့ဝူယင်ကို ဆန့်ကျင်တိုက်ခိုက်၍ပင် ဤမိန်းကလေးကို ရယူလိုသော အလိုဆန္ဒများ တားမရဆီးမရ ဖြစ်ပေါ်လာသည်။
သူမ၏ မျက်ခွံများ လှုပ်ခတ်လာပြီး မျက်လုံးများ ပွင့်လာသည့်အခါ၊ ကောင်းကင်ဘုံတစ်ခုလုံး ကိန်းအောင်းနေသည့်နှယ် လှပသော ရွှေရောင်မျက်ဝန်းများကို မြင်တွေ့လိုက်ရ၏။ သူမ၏ သူငယ်အိမ် အလယ်တွင်တော့ အဆုံးမရှိ လည်ပတ်နေသော တောက်ပသည့် ကြယ်တာရာ ဂလက်ဆီတစ်ခု ရှိနေသကဲ့သို့ပင်။
"မင်း ဘာကို မြင်နေရသလဲ"
ထိုစကားလုံး လေးလုံးက သခင်လေးရှန့်၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ အသိစိတ်ကို ခေတ္တ ပြန်လည်ရရှိစေသည်။ သို့သော်လည်း... သူ၏ အသက်ရှူသံများမှာ အလွန်အမင်း ပြင်းထန်နေဆဲဖြစ်သည်။ သူ၏ ကြွက်သားများ တင်းမာနေပြီး ကျင့်ကြံခြင်း အခြေခံကလည်း အစွမ်းကုန် လည်ပတ်ရန် တွန်းအားပေးနေသည်။ သူသည် အရာအားလုံးကို လောင်းကြေးထပ်ပြီး တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်နေသည်။
"ဟင်..."
ထိုပြီးပြည့်စုံသော မိန်းကလေးကို ကြည့်ရင်း သူ့ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်မှုများ ချက်ချင်း ဖုံးလွှမ်းသွား၏။ ရုတ်တရက် သူ၏ အကြည့်များတွင် ထိတ်လန့်မှုများ ပြည့်သွားပြီး အော်ဟစ်လိုက်သည်။
"နေဦး တစ်ခုခုတော့ မှားနေပြီ..."
တစ်ဖက်တွင်မူ ဝေ့ဝူယင်မှာလည်း ဘာမှ မစဉ်းစားနိုင်အောင် ဖြစ်နေရသည်။ ဤမိန်းကလေးမှာ စကားလုံး၏ အစစ်အမှန် အဓိပ္ပာယ်အတိုင်း အပြစ်အနာအဆာကင်းသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်၊ အထူးသဖြင့် ခန္ဓာ အောက်ပိုင်းမှာ ဤမိန်းကလေး သို့မဟုတ် ယင်ဓာတ်ရှိသည့် ကောင်းကင်ဘုံ ဖြစ်တည်မှုကို ရယူရန် အော်ဟစ်နေသည်။ သခင်လေးရှန့် အော်ဟစ်လိုက်သည့် အခါမှသာ ဝေ့ဝူယင်၏ နှလုံးသားထဲတွင် ထိတ်လန့်မှု တစ်ခု ဖြစ်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ"
ထိုအခိုက်၌ သူသည် ရွှေရောင်ဆံပင်နှင့် ရွှေရောင်မျက်ဝန်းပိုင်ရှင် မိန်းကလေးနှင့် ပေအနည်းငယ်သာ ကွာဝေးတော့သည်။ သူမကို ဖမ်းဆုပ်ရန် လက်ကမ်းလိုက်လုနီးနီး ဖြစ်သော်လည်း သူ့ ဘဝတစ်လျှောက်လုံး လေ့ကျင့်လာခဲ့သော သတိထားတတ်မှုက သူ၏လက်ကို ချက်ချင်း ရပ်တန့်စေသည်။
မိန်းကလေး၏ အကြည့်ထဲတွင် ဂလက်ဆီတစ်ခုလုံး ရှိနေသကဲ့သို့ ဖြစ်ပြီး သူမသည် နေမင်းကြီး၏ နွေးထွေးမှုကဲ့သို့ သဘာဝကျလှသော နွေးထွေးသည့် အမူအရာဖြင့် ဝေ့ဝူယင်ကို ငေးကြည့်နေသည်။
သခင်လေးရှန့်သည် ဝေ့ဝူယင်နှင့် သူမ မည်မျှ နီးကပ်နေသည်ကို ကြည့်ရင်း ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော မသက်သာမှုကို ခံစားလိုက်ရသည်။ သို့သော်လည်း... သူ၏စိတ်ထဲတွင် ကောင်းကင်ဘုံက ပဲ့တင်ထပ်နေသကဲ့သို့ ထိုစကားလုံး လေးလုံးက ထပ်တလဲလဲ ဖြစ်ပေါ်နေသဖြင့် ပင်ကိုယ် အသိစိတ်ကို ထိန်းသိမ်းကာ လောဘကို ချိုးနှိမ်ထားလိုက်သည်။
"သူ့ရဲ့ ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘူး... မင်းလည်း အာရုံခံမိတယ် မဟုတ်လား"
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံး များက ရှေ့မှ မိန်းကလေးပေါ်သို့ စုစည်း ကျရောက်သွား၏။ စက္ကန့်ဝက်အတွင်းမှာပင် သူ့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ထို့နောက် မိန်းကလေး၏ ခန္ဓာကိုယ်မှာ အရပ်မျက်နှာအနှံ့သို့ လူးလွန့်လာသည်။ သူမ အကြောဆွဲလာခြင်းပင်။ သူမ၏ မျက်ဝန်းထဲမှ နွေးထွေးမှုများမှာ ပြင်းထန်ပြီး သနားစရာကောင်းသော နာကျင်မှုများအဖြစ် ပြောင်းလဲသွားသည်။
ဝေ့ဝူယင်၏ လက်များ အနည်းငယ် နောက်ဆုတ်သွား၏။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ သူ မေးခွန်းထုတ်နေစဉ်မှာပင် သခင်လေးရှန့်၏ ထိတ်လန့်တကြား အော်ဟစ်သံက အချိန်ကိုက် ထွက်ပေါ်လာသည်။
"သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က မပြည့်စုံဘူး... သူက ယန်ဓာတ် အကုန်လုံး လိုအပ်နေတာပဲ"
သခင်လေးရှန့်က အရေးတကြီး အော်ပြောလိုက်၏။
"ဘာ..."
ဝေ့ဝူယင်သည်လည်း ဤပြီးပြည့်စုံလုနီးပါး မိန်းကလေးတွင် ချို့ယွင်းချက်တစ်ခု ရှိနေသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။ သူမတွင် ယင် စွမ်းအင်များသာ ရှိနေပြီး ယန်စွမ်းအင် အစအနမျှ မရှိပေ။
သခင်လေးရှန့်က အကြောင်းရင်းနှင့် ဖြေရှင်းနည်းကို တစ်ခဏချင်းအတွင်း စဉ်းစားမိသွားဟန်ဖြင့် အံကို တင်းတင်းကြိတ်လိုက်သည်။
"သူ့ရဲ့ အသွင်ပြောင်းလဲမှုမှာ တစ်ခုခု မှားယွင်းသွားတာ ဖြစ်ရမယ်... ဒီဂလက်ဆီရဲ့ တားမြစ်ချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ်၊ သူ့ကို ဝိညာဉ်ချင်း ပေါင်းစပ်မှုကတစ်ဆင့် သန့်စင်တဲ့ ယန်ဓာတ်ကို မပေးနိုင်ရင် သူ သေလိမ့်မယ်"
ထိုသို့ ပြောပြီးနောက် သူ၏ မျက်ဝန်းထဲတွင် နောင်တရိပ်များ လျှပ်ခနဲ ပေါ်သွားသည်။ သူသည် လူပျိုစစ်စစ် မဟုတ်သဖြင့် သူ၏ မူလယန်မှာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်အောင် မသန့်စင်ပေ။ သို့သော်လည်း... ဤအချက်က ချစ်သူများစွာ ရှိသော ဝေ့ဝူယင်မှာလည်း သူမကို ကူညီရန် အရည်အချင်း မပြည့်မီတော့ဟု ဆိုလိုခြင်းပင်။
သူ့လက်အောက်ငယ်သားတွေထဲမှာများ လူပျိုစစ်စစ်များ ရှိမလား...။ သခင်လေးရှန့် လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်ဖဝါးမှ သွေးများပင် စိမ့်ထွက်လာသည်။ တစ်ယောက်တည်းနှင့်ပင် လုံလောက်မည် မဟုတ်ပေ။
သခင်လေးရှန့် မသိသည့် အရာတစ်ခုက ဝေ့ဝူယင်မှာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကြောင့် လူပျိုစစ်စစ် တစ်ဦး ကဲ့သို့ အသန့်စင်ဆုံးသော မူလယန်ဓာတ်များကို ပိုင်ဆိုင်ထားခြင်းပင်။ ၎င်းမှာ သူဖော်စပ်ခဲ့သော ပါရဂွန် ထုဆစ်ခြင်း ဆေးလုံး ထဲတွင် ထည့်သွင်းထားသည့် ပြန်လည် ပြည့်ဖြိုးမြဲ ယန်အမတေ ကြောင့် ဖြစ်သည်။ အမှန်စင်စစ် သူသည် အခြားသူများထက်ပင် ပိုမို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ သူသည် အကန့်အသတ်မရှိသော သန့်စင်သည့် ယန်အမတေများကို ပေးစွမ်းနိုင်သည်။
ပြောရလျှင်.. သူသည် သူမ၏ မမျှတမှုကို ပြုပြင်ပေးရန် အသင့်တော်ဆုံး ပုဂ္ဂိုလ်ပင်။ သူသည်... ဤကောင်းကင် နှလုံးသား ဂလက်ဆီ တစ်ခုလုံးတွင် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူ ဖြစ်သည်။
ထို့အပြင်... သူသာ အလွန်အမင်း သန့်စင်သော ယင်ဓာတ်ရှိသည့် ဤမိန်းကလေးနှင့် နှစ်ပါးသွား ကျင့်ကြံမည်ဆိုပါက ရရှိမည့် အကျိုးကျေးဇူးများမှာ...
မိန်းကလေး၏ အကြောဆွဲမှုများမှာ ပိုမို ပြင်းထန်လာသည်။
သခင်လေးရှန့် ဝေ့ဝူယင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ ဝေ့ဝူယင် ဘာဆက်လုပ်မည်နည်း။
***
အပိုင်း(၁၉၇၂)
‘ငါက ဘယ်ရောက်နေတာလဲ... ငါ့ကို ဘာလို့ ဒီလိုနွေးထွေးတဲ့ အလင်းတန်းတွေက ဝန်းရံထားရတာလဲ... ငါက... ဘယ်သူလဲ...’
နွေးထွေးသော အလင်းတန်းများအကြား၊ ယှက်နွယ်နေသော စွမ်းအင်လွှာများ၏ အလယ်တွင် ထိုပြီးပြည့်စုံသော မိန်းကလေး၏ ပထမဆုံးသော အတွေးစများ စတင်ပေါ်ပေါက်လာသည်။ ထိုအတွေးများသည် အသိဉာဏ်ရှိပြီး စူးစမ်းလိုစိတ် ပြင်းပြနေကာ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နေသည့် ပုံစံမျိုးပင်။ သူမသည် သူမ၏ အစစ်အမှန် ဝိညာဉ် ထံမှ ထိုအဖြေများကို တောင်းဆိုနေသကဲ့သို့ ရှိသည်။
သူမသည် အသစ်စက်စက် မွေးဖွားလာသူ ဖြစ်သော်လည်း အသိဉာဏ်၊ သတိတရား၊ ပညာနှင့် ဗီဇတို့ ကင်းမဲ့နေသူ မဟုတ်ပေ။ သူမတွင် ထိုအချက်လေးချက်စလုံး ရှိနေသည်။ မိန်းကလေး၏ အတွေးများသည် မေးခွန်းထုတ်ခြင်းနှင့် ရှာဖွေတွေ့ရှိခြင်း ဖြစ်စဉ်များမှတစ်ဆင့် ခိုင်မာသော အသိတစ်ခုအဖြစ် စုစည်းသွားသည်။
လောကတွင် ပြိုင်ဘက်ကင်းမည့် မြင့်မြတ်သော ရနံ့တစ်ခုကို သူမ ရရှိလိုက်သည်။ သူမ၏ နှုတ်ခမ်းများ စုသွားကာ လျှာဖြင့် လျက်လိုက်မိသည်အထိ ချိုမြိန်လွန်းသော ဝတ်ရည်အရသာကို သူမ ခံစားလိုက်ရသည်။ မှန်မှန်နှင့် အားကောင်းမောင်းသန် လှုပ်ခတ်နေသော ကိုယ်ပိုင်နှလုံးခုန်သံကို သူမ ကြားလိုက်ရသည်။ လောက၏ အသန့်စင်ဆုံးသော နွေးထွေးမှုနှင့် ဝိညာဉ်၏ တည်ရှိမှုကို သူမ ခံစားလိုက်ရသည်။
သူမ မျက်လုံးများ မှိတ်ထားသော်လည်း ကောင်းကင်ဘုံ၏ တောက်ပမှုမှာ မျက်ခွံများကို ထိုးဖောက်ဝင်ရောက်လာရာ စကြာဝဠာကြီးကို အနီးကပ်ဆုံး မြင်ကွင်းဖြင့် ကြည့်ရှုခွင့် ရစေသည်။
ဤခံစားမှု အာရုံများအားလုံးသည် သူမ၏ အစစ်အမှန် ဝိညာဉ် ထဲတွင် သက်ရှိထင်ရှား ဖြစ်တည်မှုတစ်ခုအဖြစ် ကမ္ဗည်းတင်သွားသည်။ သူမသည် ကောင်းကင်ဘုံ၏ အသိပညာများ၊ လောကအပေါ် ထိုးထွင်းသိမြင်မှုများနှင့် မဟာတာအိုများအပေါ် နားလည်မှုများကို ပင်ကိုယ်ဗီဇအရ လက်ဆောင်ရရှိထားပြီးသား ဖြစ်သည်။
‘တစ်ခုခုတော့ မှားနေပြီ... ငါ့မှာ တစ်ခုခု မှားနေပြီ...’
လောကကြီးနှင့် အသားကျအောင် ညှိယူပြီးနောက် သူမ ခံစားလိုက်ရသည်။ ၎င်းမှာ အရေးကြီးသော လိုအပ်ချက်တစ်ခုပင်။ အစပိုင်းတွင် သူမအတွက် ဖော်ပြရန် သို့မဟုတ် နားလည်ရန် ခက်ခဲသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ... လုံးဝဥဿုံ မပြည့်စုံသေးကြောင်း သူမ ခံစားရသည်။ အစစ်အမှန် သက်ရှိတစ်ခု ဖြစ်တည်ရန်အတွက် အရေးကြီးသော အရာတစ်ခုခု လိုအပ်နေသည်။
‘ငါ မွေးဖွားလာနိုင်ပါ့မလား... ငါ မွေးဖွားချင်တယ်၊ ငါ... တည်ရှိချင်တယ်...’
ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးက မိခင်၏ နွေးထွေးမှုကို ဖက်တွယ်ထားသကဲ့သို့ သူမသည် အသက်ဇီဝကို ဖက်တွယ်ထားသည်။ ၎င်းမှာ လောကတွင် အသန့်စင်ဆုံးနှင့် အညစ်အကြေးအကင်းဆုံးသော ခံစားချက်ပင် ဖြစ်သည်။ ကောင်းကင်ဘုံ၏ ယှက်နွယ်နေသော စွမ်းအင်ပိုးအိမ်... သူမ၏ ဥခွံ... အပြင်ဘက်မှ သတ္တဝါနှစ်ဦး၏ အသံကို သူမ ကြားလိုက်ရသည်။
‘အဖိုတွေလား... ယောက်ျားတွေလား... သူတို့က ယောက်ျားတွေပဲ...’
သူမ၏ ပင်ကိုယ်အသိပညာက ထိုသူတို့၏ အသံဩဇာမှတစ်ဆင့် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိစေသည်။
‘ငါကရော... ငါက အမလား... မိန်းကလေးလား...’
သူမ၏ အတွေးထဲတွင် မိမိကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုများ ရှင်သန်နေစဉ် ရွှေရောင်ပိုးအိမ်မှာ အနည်းငယ် တုန်ခါလာ၏။ ၎င်းမှာ ပိုးအိမ်ကွဲအက်တော့မည့်၊ သူမ ဤလောကထဲသို့ မွေးဖွားလာတော့မည့် အရိပ်အယောင်ပင်။
သူမအနေဖြင့် ထိုဖြစ်စဉ်ကို ရပ်တန့်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် ဘာမှမတတ်နိုင်ပေ။ သူမ မွေးဖွားလာတော့မည်။
‘ဒါပေမဲ့ ငါ့မှာ တစ်ခုခု လိုအပ်နေသေးတယ်... ငါက ဘာဖြစ်လာမှာလဲ... ငါ အသက်ရှင်နိုင်ပါ့မလား... ငါ... သေသွားမှာလား’
ပိုးအိမ်သည် ရေကန်ပေါ်သို့ ကြွတက်လာပြီး အတွင်းရှိ ချိုမြိန်သော ဝတ်ရည်များမှာ ခန္ဓာကိုယ်အဖြစ် အလုံးစုံ ခဲသွားတော့မည့်အလား နွေးထွေးမှုမှာ ယခင်ကထက် ပိုမို တင်းကျပ်လာ၏။ ၎င်းမှာ သူမ၏ အသားနှင့် သွေးတို့ကို နောက်ဆုံးမိနစ်တွင် အခိုင်အမာ သွန်းလုပ်ရန် ပြင်ဆင်နေခြင်းပင်။
...
‘ငါ မသေချင်ဘူး... ငါ မသေချင်ဘူး... ငါ မသေချင်ဘူး...’
ပိုးအိမ် ပေါက်ကွဲသွားပြီး အကာအကွယ်ခွံအတွင်းမှ လွတ်မြောက်ကာ လောက၏ အခြေခံစွမ်းအင်ဖြစ်သော မန်နာနှင့် ထိတွေ့လိုက်ရသည်အထိ ထိုအတွေးများမှာ တတွတ်တွတ် ပဲ့တင်ထပ်နေသည်။
မန်နာ ဆိုသည်မှာ လောကကြီးကို ကော်ကဲ့သို့ စုစည်းထားပေးပြီး အရာအားလုံးကို ထိန်းညှိကာ အရာအားလုံးတွင် ကိန်းအောင်းနေသည့် အရာပင်။ သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုစွမ်းအင်များ စီးဝင်လာပြီး ရေကန်ဖြစ်စေ၊ ဂလက်ဆီဖြစ်စေ လောကတစ်ခုလုံးနှင့် အသားကျစေရန် ဆင့်ကဲပြောင်းလဲလာသည်။
မိန်းကလေးမှာ မျက်လုံးများ မှိတ်ထားသော်လည်း လောကကြီးကို အလွန်ထင်ရှားသော အဆင့်တစ်ခုအထိ အာရုံခံ နိုင်သည်။ သူမသည် ဝိညာဉ်အာရုံ ပုံစံမျိုးကို ဗီဇအရ သိရှိသွားသည်။ ၎င်းမှာ စစ်မှန်သည့် ဝိညာဉ်အာရုံ မဟုတ်သော်လည်း နတ်ဆိုးများက မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ကို သိရှိနိုင်ရန် အသုံးပြုသည့် အာရုံမျိုး ဖြစ်သည်။ ၎င်းက ကလေးငယ်တစ်ဦးထံ အောက်ဆီဂျင်နှင့် အဟာရများ ပို့ဆောင်ပေးသည့် ချက်ကြိုးကဲ့သို့ပင် အထောက်အကူပြုသည်။ ဤအာရုံသာ မရှိပါက သစ်ရွက်တစ်ရွက်၊ တောင်တစ်လုံး သို့မဟုတ် ရေတစ်စက်တို့သည် သူတို့က ဘယ်သူလဲ၊ ဘာလဲဆိုသည်ကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
သူတို့နှင့် သူမကြားမှ တစ်ခုတည်းသော ခြားနားချက်မှာ ပင်ကိုယ်အသိပညာပင် ဖြစ်သည်။ ကောင်းကင်ဘုံ ဖယ်ခွာခြင်းကို အောင်မြင်စွာ ရရှိထားသော ဖြစ်တည်မှုတစ်ခုအနေဖြင့် သူမသည် မွေးဖွားလာသည့် အခိုက်အတန့်မှာပင် အသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် ဉာဏ်ပညာမျိုးစုံကို ရရှိထားပြီးသား ဖြစ်သည်။ ထိုအရာများသည် သူမ၏ ဝိညာဉ်ပေါ်တွင် ပုံနှိပ်ထားပြီး သူမ၏ မူလယင် ထဲတွင် ထင်ဟပ်နေသည်။
ထိုအသိပညာများနှင့် ပါရမီစွမ်းရည်များမှာ အမြဲတမ်းအဖြစ် ကမ္ဗည်းမတင်ရသေးပေ။ အကယ်၍ တစ်စုံတစ်ဦးက သူမ မွေးဖွားချိန်တွင်သာ ဤအဖိုးတန်ရတနာကို သိမ်းပိုက်နိုင်ခဲ့လျှင် သူမ၏ ပင်ကိုယ်လက်ဆောင်များအားလုံးကို ရရှိသွားပေလိမ့်မည်။ ကောင်းကင်ဘုံ၏ အသိပညာ၊ လောက၏ ထိုးထွင်းသိမြင်မှုနှင့် တာအိုများအပေါ် နားလည်မှု... ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ကျင့်ကြံခြင်း ရတနာများထဲတွင် အဖိုးထိုက်ဆုံး ရတနာပင်။
တွန်းလှန်ရန် မဖြစ်နိုင်သော အရာပင်။
သူမ၏ ဝိညာဉ်မှာ တုန်လှုပ်သွား၏။ အဖြူရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို သူမ၏ အာရုံထဲတွင် မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်နှင့် အသက်ဇီဝအပေါ် သူ၏ ပြင်းထန်သော တပ်မက်မှုကို သူမ အာရုံခံမိသည်။ ဗီဇအရ သူ၏ ရည်ရွယ်ချက်နှင့် အလိုဆန္ဒများကို သူမ ခံစားနိုင်သည်။ သူမကို ပိုင်ဆိုင်ရန်၊ ဖျက်ဆီးရန်နှင့် သူမ မွေးဖွားစကတည်းက ရရှိထားသော ကောင်းချီးအားလုံးကို လုယူရန်မှာ သူ၏ အလိုဆန္ဒများ ဖြစ်သည်။ အထူးသဖြင့် ဖျက်ဆီးလိုစိတ်ပင်...။ သူမ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသော မျက်ဝန်းများသည် ထိန်းမနိုင်သိမ်းမရသော ကာမရာဂစိတ်များဖြင့် လောင်မြိုက်နေသည်။ သူသည် ထိုအရာကို ဖုံးကွယ်ရန် မကြိုးစားသလို ဖုံးကွယ်ရန်လည်း ခက်ခဲလှသည်။
‘ငါ မလိုချင်ဘူး...’
သူမသည် ယင်နှင့် ယန် ကိစ္စများ၊ ဆက်ဆံခြင်း ကိစ္စများကို သိရှိထားသည်။ ရေတစ်စက် သို့မဟုတ် နေမင်းကြီးမှ မွေးဖွားလာသော နတ်ဆိုးများပင်လျှင် ကလေးရနိုင်သေးလျှင်၊ ယင်ဓာတ်ရှိသော နေရာမှ လူသားပုံစံဖြင့် မွေးဖွားလာသော သူမအတွက်မူ ဆိုဖွယ်ရာ မရှိပေ။
‘ငါ မလိုချင်ဘူး...’
ပတ်ဝန်းကျင်ရှိ မန်နာ စွမ်းအင်များက သူမကို မြှောက်တင်ပေးကာ ပြီးပြည့်စုံသော အသားကျမှုအတွက် ခန္ဓာကိုယ်ထဲသို့ စီးဝင်နေစဉ် သူမ ဘာမှမတတ်နိုင်ပေ။ သူမတွင် ကျင့်ကြံခြင်း အခြေခံမရှိဘဲ အသိပညာသာ ရှိသည်။ သူမသည် လူသားရင်ခွင်ပိုက် ကလေးငယ်တစ်ဦးကဲ့သို့ နုနယ်လှသည်။ သူမ၏ ဝိညာဉ်မှာလည်း သေမျိုးတစ်ဦး၏ ဝိညာဉ်သာ ဖြစ်နေပြီး သေမျိုးတာအိုက သူမ၏ အသားကျမှုကို ကြီးကြပ်နေစဉ် အခြားသော မဟာတာအိုများကလည်း သူမကို အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
‘မလုပ်ပါနဲ့...’
ရုတ်တရက် သူမ၏ ခန္ဓာကိုယ်မှာ အကြောဆွဲလာ၏။
‘ငါ့မှာ တစ်ခုခု မှားနေပြီ... နာလိုက်တာ... ဒါက နာကျင်မှုလား... ဘာလို့ နာတာလဲ... အရမ်းနာတာပဲ...’
အဖြူရောင်ဝတ်စုံဝတ် လူငယ်က သေမျိုးစကားဖြင့် ပြောလိုက်ရာ သူမအနေဖြင့် ထိုစကားများကို တဖြည်းဖြည်း နားလည်လာသည်။ သူ၏ စကားများမှတစ်ဆင့် သူမ၏ ပြဿနာကို သူမ သိရှိလိုက်ရသည်။
‘ငါ့မှာ ယန်ဓာတ် လိုအပ်နေတာလား... အော်... ဟုတ်သားပဲ၊ ငါ့မှာ မရှိဘူးပဲ...’
သူမ၏ အသံတွင် သွေးအေးတည်ငြိမ်မှုများ ရှိနေသော်လည်း မိမိ ရင်ဆိုင်နေရသော အခြေအနေကိုမူ သေချာစွာ တွက်ဆနေမိသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၏ ရောဂါရှာဖွေချက်မှာ မှန်ကန်ကြောင်း သူမ အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် သူမတွင်ရှိသော တာအိုဆိုင်ရာ အသိအမြင်များကြောင့် မွေးဖွားခြင်းဖြစ်စဉ်တွင် ယင် သို့မဟုတ် ယန် တစ်မျိုးမျိုး ချို့တဲ့ခြင်း၏ ဆိုးကျိုးကို ကောင်းစွာ နားလည်ထားသည်။
၎င်းသည် မည်သည့်အခါမျှ ပြီးပြည့်စုံနိုင်တော့မည့် မွေးဖွားခြင်းမျိုး မဟုတ်တော့ဘဲ ပျက်စီးခြင်းသို့ ဦးတည်နေသော လမ်းစဉ်တစ်ခုပင်။ လူသားဖြစ်စေ၊ ကျောက်ခဲဖြစ်စေ၊ နေမင်းကြီးဖြစ်စေ အရာအားလုံးတွင် ယင်နှင့် ယန် ပေါင်းစပ်မှုသည် အခြေခံအကျဆုံး နိယာမဖြစ်သည်။ အချိုးအစား ကွဲပြားနိုင်သော်လည်း ဒွန်တွဲတည်ရှိနေရမည်သာ ဖြစ်သည်။
ယင်ခန္ဓာ ပိုင်ရှင်များပင်လျှင် ခန္ဓာတည်ဆောက်မှုအကြားတွင် ကြီးထွားမှုကို ဖြစ်စေသည့် ယန်ဓာတ် ကိန်းအောင်းနေရသည်။ ခန္ဓာတည်ဆောက်မှုမရှိဘဲ ကြီးထွားမှု မည်သို့ရှိနိုင်မည်နည်း။ ကြီးထွားမှုမရှိလျှင်လည်း ခန္ဓာတည်ဆောက်မှုက ဘာအဓိပ္ပာယ် ရှိမည်နည်း။
အသက်ဇီဝ စက္ကန့်ပိုင်းမျှသာ ရှိသေးသော ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမ ထိတ်လန့်သွားရသည်။
‘ယန်ဓာတ်ကို ငါဘယ်လို ရနိုင်မှာလဲ... ငါ့မှာ ဘာလို့ ယန်ဓာတ် မရှိတာလဲ...’
သို့သော်လည်း... သူမ နားမလည်နိုင်သည့် အရာ တစ်ခု ရှိသည်။။ ယန်ဓာတ်မရှိဘဲ သူမ မည်သို့ မွေးဖွားလာနိုင်သနည်း။ ကြီးထွားလာနိုင်သည့် အလားအလာရော ရှိနိုင်ပါမည်လော။ ကလေးငယ်တစ်ဦးလော... မဟုတ်ပါ။ သူမသည် အရွယ်ရောက်ပြီးသူ တစ်ဦးဖြစ်နေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ကြီးထွားပြီးသား ဖြစ်နေသည်ကို သူမ တွေ့ရှိလိုက်ရသည်။ ခန္ဓာကိုယ်တွင်းရှိ ယန်ဓာတ်များမှာ သန္ဓေတည်နေစဉ် ကာလအတွင်းမှာပင် လိုအပ်သည်ထက်စော၍ ကုန်ခမ်းသွားခဲ့ဟန်တူသည်။ သူမ၏ အသိဉာဏ်၊ သတိတရားနှင့် ခန္ဓာကိုယ် ကြီးထွားမှုတို့မှာ ထိုယန်ဓာတ်များကို အဆမတန် အသုံးပြုလိုက်ရမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
‘မဖြစ်ဘူး ငါ မသေချင်ဘူး ငါ... အသက်ရှင်ချင်တယ်...’
သူမ၏ အာရုံထဲတွင် ဒုတိယမြောက် အမျိုးသား၏ တည်ရှိမှုကို ဖမ်းယူရမိလိုက်သည်။ သူသည် ဟင်းလင်းပြင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ သူမ၏ အာရုံထဲမှ ပျောက်ကွယ်နေခဲ့ပြီး ယခုမှသာ ပေါ်ထွက်လာခြင်းဖြစ်သည်။
အကယ်၍ သူမသည် အလှအပတွင် ပြိုင်ဘက်ကင်းသည်ဆိုလျှင်၊ သူမရှေ့မှ အမျိုးသားမှာလည်း တစ်လောကလုံးတွင် တုနှိုင်းမဲ့ ဖြစ်တည်မှုမျိုးဟု သူမ၏ ဗီဇက ပြောပြနေသည်။ သူသည် ပြီးပြည့်စုံမှုကို ရှာဖွေနေသူဖြစ်ပြီး အသက်ရှူတိုင်း၊ ခြေလှမ်းတိုင်းတွင် အောင်မြင်နေသူ ဖြစ်သည်။ ၎င်းမှာ အံ့မခန်းဖွယ်ရာပင်။
သို့သော်လည်း... သူမ၏ ခန္ဓာကိုယ်မှာ ပိုမိုပြင်းထန်စွာ အကြောဆွဲလာပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။ ဝေ့ဝူယင်၏ ရုပ်ရည်နှင့် အော်ရာများမှာ သူမ သိထားသမျှထက် သာလွန်နေသော်လည်း သူမ၏ အရာအားလုံးကို မည်သူ့ကိုမျှ မပေးလိုပေ။
ထိုလူငယ်၏ မျက်ဝန်းထဲတွင်လည်း တပ်မက်မှုနှင့် ငတ်မွတ်မှု အရိပ်အယောင်များကို သူမ မြင်တွေ့နေရသည်။ ကောင်းကင်ဘုံက သူမအပေါ် ပြသခဲ့သော ကြင်နာမှုမျိုးမဟုတ်ဘဲ အတ္တဆန်သော လိုချင်တပ်မက်မှုများသာ ဖြစ်သည်။
‘ငါ ငြင်းပယ်တယ်...’
ယန်အနှစ်သာရများ မရရှိလျှင် သူမ သေဆုံးရတော့မည်ကို သိသော်လည်း၊ အပေါ်ယံ အမြင်တစ်ခုတည်းနှင့် သူမ၏ ခန္ဓာကိုယ်ကို ပေးအပ်ရန် သူမ ငြင်းဆန်သည်။ သူမ၏ ဝိညာဉ်တစ်ခုလုံးဖြင့် ကန့်ကွက်နေမိသည်။
‘မလုပ်နဲ့ ဒါပေမဲ့... ငါ မသေချင်ဘူး ငါ ဘာလုပ်နိုင်မှာလဲ...’
***