← Chapters

ပုံတူပန်းချီကားချပ်များ

Vol. 2 Ch. 193

ပုံတူပန်းချီကားချပ်များ

Vol. 2 Ch. 193

ဆန်းလျန် ထိုက်ဝေ့ထိုင် ခန်းမအတွင်းသို့ ရောက်ဖူးသည်မှာ ပထမအကြိမ် မဟုတ်ပေ။ သို့သော် ဒုတိယထပ်ကိုတော့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ဟိုင်သန်းအဆင့် ကျင့်ကြံသူများသာ ဒုတိယထပ်သို့ တက်ခွင့် ရကြသောကြောင့် ဖြစ်လေသည်။

သူငယ်စဉ်တုန်းက ဒုတိယထပ်ကို မည်သို့ တက်ရမည်လည်း မသိပါ။ သို့သော် ယခုတော့ သူသိသွားပြီ ဖြစ်လေသည်။

ထိုက်ဝေ့ထိုင် ဒုတိယထပ်သို့ တက်ရောက်သည့် နည်းလမ်းမှာ ရိုးရှင်းပါသည်။ ဒုတိယထပ်သို့ တက်မည်ဟု ရိုးရိုးလေး တွေးလိုက်ရုံမျှဖြင့် ဒုတိယထပ်သို့ ရောက်သွားမည် ဖြစ်လေသည်။ စိတ်စွမ်းအင်ကို ရိုးရှင်းစွာ အသုံးပြုရခြင်းပင် ဖြစ်လေသည်။

ထိုက်ဝေ့ထိုင် ဒုတိယထပ်မှာ ဆန်းလျန် နားလည်နိုင်စွမ်း မရှိသည့် အချိန်နှင့်နေရာ၏ နက်နဲသိမ်မွေ့မှုများဖြင့် ဖန်တီးထားသည့် ထူးခြားသည့် နေရာတစ်ခု ဖြစ်လေသည်။ ဆန်းလျန် တစ်ချက်တွေးလိုက်မိသည်။ သူသာ ကျင့်စဉ်လမ်း အောင်မြင်ပြီး တရားအလင်းရသွားသည့်တစ်နေ့တွင် အချိန်နှင့်နေရာ နက်နဲသိမ်မွေ့မှုများကို သိရှိသွားနိုင်ပြီး သူလာခဲ့သည့် ခေတ်ပေါ်လောကသို့ ပြန်သွားနိုင်မည်လား ဆိုသည့်အတွေး ဖြစ်လေသည်။

စိတ်လေးတစ်ချက် အာရုံစိုက်လိုက်ရုံမျှဖြင့် ထိုက်ဝေ့ထိုင် ဒုတိယထပ်သို့ ရောက်လာနိုင်သကဲ့သို့ သူလာခဲ့သည့် အခြားသော လောကသို့ ပြန်လည် ရောက်ရှိနိုမည်လား။

သို့သော် ထိုအတွေးမှာ သိပ်မကြာမီ ပျောက်ကွယ်သွားလေသည်။

သူက ထိုအတွေးကို သိပ်ပြီး အာရုံမထားဘဲ ဒုတိယထပ် တစ်ခုလုံးကို လှည့်ပတ် ကြည့်ရှု နေလိုက်သည်။

ဒုတိယထပ်မှာ အလုံပိတ်ထားသည့် နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာတွင် မီးတုတ်များ မီးတိုင်များ ထွန်းညှိထားခြင်း မရှိသည့်တိုင် အလင်းရောင် ထွက်ပေါ်နေလေသည်။ သို့သော် ထိုအလင်းရောင် မည်သည့် နေရာက လာသည်ကို မသိရှိရပေ။ ဆန်းလျန်က အလင်းရောင် လာသည့် နေရာကို စိတ်ဝင်တစား လိုက်ရှာကြည့်သည့်တိုင် မည်သည့်နေရာမှ ထွက်ပေါ်နေမှန်း မသိရပေ။

အခန်းထောင့်တိုင်းတွင် အလင်းရောင် လင်းနေပြီး အရိပ်ထင်ခြင်း မရှိပေ။ အမှန်ဆိုလျှင် အလင်းရောင်နှင့် အရိပ်သည် ယှဉ်တွဲနေရမည် ဖြစ်လေသည်။ သို့သော် ဤနေရာတွင်တော့ အလင်းရောင်သာလျှင် ရှိလေသည်။

ဒုတိယထပ်နေရာမှာ ကျယ်ပြန့်လွန်းပြီး များစွာသော ကျောက်စိမ်း စာလိပ်များဖြင့် ပြည့်နေလေသည်။ ဆန်းလျန်က ကျောက်စိမ်း စာလိပ်တစ်ခုကို ကောက်ကိုင်လိုက်သည်။ ထိုသို့ ကိုင်လိုက်သည်နှင့် ကျောက်စိမ်း စာလိပ်ထဲတွင် ရေးသားထားသော ကျင့်စဉ်သည် သူ့ဦးနှောက်တွင်းသို့ ချက်ချင်း စီးဝင်လာလေသည်။ ထိုကျင့်စဉ်မှာ ထိုက်စန့်ယန်ချီ ပညာ ဖြစ်လေသည်။

ဆန်းလျန်က လက်ထဲမှ ကျောက်စိမ်း စာလိပ်လေးကို ဆုပ်ကိုင်ထားမှု လွှတ်လိုက်သည်နှင့် ထိုစာလိပ်က လေထဲတွင် လွင့်မျောကာ သူ့နေရာသို့ ပြန်ရောက်သွားလေသည်။ သူ့ခေါင်းထဲသို့ ဝင်လာသည့် ကျင့်စဉ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

ထိုကျင့်စဉ်မှာ မထူးဆန်းပါ။ ဖန်ဆင်းခြင်းနှင့် ဖြစ်တည်မှု အကြောင်းကို ပြောပြထားသည့် ကျင့်စဉ် တစ်ခုသာ ဖြစ်လေသည်။

ကူးချိုင်ဝေ့မှာ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ် ပထမအဆင့်သာ ကျင့်ကြံ အောင်မြင်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်ကို ဆက်လက် သင်ပြပေးနိုင်မည် မဟုတ်တော့ပေ။

ဒုတိယထပ်မှ ကျောက်စိမ်း စာလိပ်များမှာလည်း အပြင်သို့ ယူခွင့်မရှိပေ။ ပထမအချက် အနေဖြင့် ထိုသို့ ယူခွင့်မရှိဟု စည်းကမ်း ထုတ်ထားသောကြောင့် ဖြစ်လေသည်။ ဒုတိယ အချက် အနေဖြင့် ထိုကျောက်စိမ်း စာလိပ်များမှာ တကယ့် အစစ်အမှန် အရာဝတ္ထုများ မဟုတ်ပေ။ ကျင့်စဉ်များကို မှတ်တမ်း တင်ထားသည့် သဘောဖြင့် ဖန်တီး ထားခြင်းသာ ဖြစ်လေသည်။

ထိုကျင့်စဉ် ကျမ်းများကို သေသေချာချာ နားမလည်ဘဲ မည်သို့မှ ပြန်လည် လေ့ကျင့်နိုင်မည် မဟုတ်ပေ။

ထိုက်ဝေ့ထိုင် ဒုတိယထပ်ရှိ ကျောက်စိမ်း စာလိပ်များတွင် မှတ်တမ်း တင်ထားသည့် ကျင့်စဉ်နှင့် တန်ခိုးစွမ်းအားများကို လေ့လာမည် ဆိုလျှင် အပေါ်ယံသာ သိရှိနိုင်မည် ဖြစ်လေသည်။

သို့သော် ထိုကျင့်စဉ်များကို အသေးစိတ် သေသေချာချာ လေ့လာကျင့်ကြံမည် ဆိုလျှင်တော့ ထိုကျင့်စဉ်များကို ကျေကျေညက်ညက် အလွတ်ရအောင် မှတ်သားထားရန် လိုအပ်လေသည်။

ကျင့်ကြံသူ တစ်ယောက်အတွက် အချိန်ဆိုသည်မှာ ရှည်လျားလွန်းသလို ယာယီမျှသာလည်း ဖြစ်လေသည်။ မှတ်တမ်း တင်ထားသည့် ကျင့်စဉ်များမှာ ထူးခြားဆန်းကျယ်ပြီး တစ်ကြိမ်တည်း ဖတ်ရုံဖြင့် နားလည်နိုင်မည် မဟုတ်ပေ။ ပါရမီရှင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြေင့် ကျင့်စဉ်များ အားလုံးကို တစ်အုပ်ချင်း ကောင်းကောင်း မှတ်မိနေပြီး ကျင့်ကြံမည် ဆိုလျှင်တောင်မှ ထိုကျင့်စဉ်များကို ကျင့်ကြံရန် အတွက် စွမ်းအားများစွာ အသုံးပြုရမည် ဖြစ်လေသည်။

သာမန် ကျင့်စဉ်များကိုလည်း အထင်မသေးသင့်ပေ။ ထိုသာမန် ကျင့်စဉ်လေးများ ပေါင်းစပ် ကျင့်ကြံရင်း ကိုယ်ပိုင် ကျင့်စဉ် လမ်းကြောင်းတစ်ခု ဖောက်ကောင်း ဖောက်နိုင်မည် ဖြစ်လေသည်။

လောကတွင် အကောင်းဆုံး ကျင့်စဉ်ဟူ၍ မရှိပေ။ ကိုယ်နှင့် သင့်တော်သည့် ကျင့်စဉ်သာ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လေသည်။

လူတိုင်း၏ အရည်အချင်းနှင့် ဉာဏ်ရည်မှာ တူညီမှု မရှိနိုင်ပေ။ လူတစ်ယောက်က ကျင့်စဉ်တစ်ခုကို မြန်မြန်ဆန်ဆန် ကျင့်ကြံ အောင်မြင်သွားသည့်တိုင် နောက်တစ်ယောက်ကတော့ နှေးကွေးချင် နှေးကွေးနေမည် ဖြစ်လေသည်။ နောက်ဆုံး အောင်မြင်မှု ရလဒ်ကတော့ ခပ်ပါးပါးလေး ကွဲပြားနိုင်မည် ဖြစ်လေသည်။

တာအိုကျင့်စဉ် ဆိုသည်က မျိုးစေ့မျှသာ ဖြစ်လေသည်။ မည်သည့် အပင် ပေါက်လာမလဲ ဆိုသည်ကတော့ စောင့်ကြည့်ရမည် ဖြစ်လေသည်။

သစ်ပင်နှစ်ပင်သည် မည်သည့် နည်းနှင့်မျှ ပုံသဏ္ဌာန် တစ်ထပ်တည်း တူညီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တာအိုကျင့်စဉ် တစ်ခုတည်းကို ကျင့်ကြံသည့် လူနှစ်ဦးမှာလည်း အခြေခံသဘော သဘာဝ တူညီသည့်တိုင် အသေးစိတ်တွင်တော့ ကွဲပြားမှု ရှိမည်သာ ဖြစ်လေသည်။

ဆန်းလျန်သည် ထိုက်ဝေ့ထိုင် ဒုတိယထပ်ကို သဘော ကျနေမိသည်။ သူ၏ ကျင့်စဉ်လမ်းမှာ မြင့်မားနေပြီ ဖြစ်သည့် အတွက် သာမန်ကျင့်စဉ် ကျမ်းများကို ကိုင်ကြည့်ယုံမျှဖြင့် နားလည် သဘောပေါက် သွားရလေသည်။ သို့သော် ထိုသာမန် ကျင့်စဉ်များကို မြန်မြန်ဆန်ဆန် သင်ယူနေသည့်တိုင် သူ့အတွက် သိပ်ပြီး အကျိုးမရှိလှပေ။

သင်္ချာပါရဂူ တစ်ယောက်သည် အခြေခံ သင်္ချာပညာကို လေ့လာနေသကဲ့သို့ ဖြစ်နေလေသည်။ စိတ်ပေါ့ပေါ့ပါးပါးနှင့် သင်ယူနေသည့်တိုင် ပျော်စရာတော့ သိပ်မကောင်းလှပေ။

ဆန်းလျန် ကျောက်စိမ်းစာလိပ်များကို သိပ်ပြီး အာရုံမစိုက်မိတော့ပေ။ သူက ကျောက်စိမ်းသား နံရံထက်တွင် ချိတ်ထားသည့် ပုံတူ ပန်းချီကားချပ်များ ဆီသို့ အာရုံ ရောက်သွားလေသည်။ ပုံတူ ပန်းချီကားချပ် တစ်ခုတိုင်းတွင် လူတစ်ယောက်ပုံကို ရေးဆွဲထားလေသည်။

အချို့မှာ ကွန်ဖြူးရှပ်ဝါဒ စာပေသမား ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ အချို့ကာတော့ ဓားကို ကိုင်ထားကြသည်။ အချို့ကတော့ ခေါင်းစည်း ပုဝါစည်းထားကြသည်။ အချို့ကတော့ တောတောင် ရေမြေတွင် ပျော်ရွှင်နေပုံရပြီး အချို့မှာလည်း အရက်ခွက်များကို ကိုင်ထားကြလေသည်။ တစ်ပုံနှင့်တစ်ပုံ တူညီခြင်း မရှိကြပေ။

သို့သော် ပုံတူ ပန်းချီကားချပ်တိုင်းတွင် ဆွဲဆောင်မှု တစ်ခုစီရှိလေသည်။

ထိုပုံတူ ပန်းချီကားချပ်များမှာ ချင်းရွှမ်နတ်တံခါးမှ နတ်ဘုရားအဖြစ် တက်ရောက် အောင်မြင်ခဲ့ကြသည့် နတ်ဘုရား အပါးလေးဆယ်၏ ပုံတူများ ဖြစ်လေသည်။

ဆန်းလျန် သူ၏ ဆရာဘွားဘွားဖြစ်သူ ကျိလင်နတ်သမီး၏ ပုံတူပန်းချီကိုလည်း တွေ့မြင်ရလေသည်။ သို့သော် ပန်းချီကားထဲတွင် ပုံတူနှစ်ခုကို ရေးဆွဲထားလေသည်။ တစ်ပုံမှာ အစိမ်းရောင် ဝတ်ဆင်ထားပြီး နောက်တစ်ပုံမှာ ခရမ်းရောင် ဝတ်ဆင်ထားလေသည်။ မျက်နှာ ပုံသဏ္ဌာန်မှာ တူညီသော်လည်း မျက်နှာ အမူအရာကတော့ ကွဲပြား နေလေသည်။

အစိမ်းရောင် ဝတ်ဆင်ထားသည့် တစ်ယောက်က အကြည့်များ အေးစက်နေပြီး ခရမ်းရောင် ဝတ်ဆင်ထားသည့် တစ်ယောက်ကတော့ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးနေကာ မထီမဲ့မြင် ပုံစံဖြင့် ပြုံးနေလေသည်။

ထိုက်ဝေ့ ထိုင်ခန်းမထဲမှ နတ်ဘုရား အဘိုးအို၏ ပုံတူပန်းချီကိုလည်း တွေ့ရလေသည်။ အမှန်တော့ သူ့ပုံစံ မရေမရာ ဖြစ်လေသည်။ လိပ်ပြာ ပုံသဏ္ဌာန် ကဲ့သို့ ပျံသန်းနေသည့် သိမ်မွေ့သည့် တာအိုဆရာ အဘိုးအို၏ ပုံဖြစ်လေသည်။ ပန်းချီကားထဲမှ ပျံသန်းပြီး အပြင်သို့ ထွက်လာတော့မည့် အလားပင်။

ဆန်းလျန် စာပိုဒ်လေးတစ်ပိုဒ်ကိုပင် သတိရလိုက်မိသည်။

"ဟိုးအရင်တုန်းက ကျုပ် ကျွမ်းကျိုးဟာ လိပ်ပြာလေးတစ်ကောင် ဖြစ်သွားတယ်လို့ အိပ်မက် မက်ခဲ့တယ်၊ တကယ့်လိပ်ပြာတစ်ကောင်လို အတောင်ပံ တဖျတ်ဖျတ်ခတ်ရင်း ပျံသန်းလို့ပေါ့၊ ကျုပ် အရမ်းပျော်ရွှင်နေခဲ့တယ်၊ ဘယ်သူကမှလည်း ကျုပ်နာမည် ကျွမ်းကျိုးဆိုတာ မသိကြဘူးလေ၊ ဒါပေမဲ့ ကျုပ် ရုတ်တရက် အိပ်မက်ကနေ လန့်နိုးသွားတယ်၊ ကျုပ် ကျွမ်းကျိုး ပြန်ဖြစ်သွားတာကိုတောင် အံ့သြနေမိတယ်၊ လိပ်ပြာလေးက ကျွမ်းကျိုးအဖြစ် အိပ်မက်မက်နေတာလား၊ ကျွမ်းကျိုးက လိပ်ပြာလေးအဖြစ်အိပ်မက်မက်နေတာလား၊ ကျွမ်းကျိုးနဲ့ လိပ်ပြာလေးဟာ တူတော့မတူဘူးပေါ့၊ ဒါပေမယ့် ဒီမတူညီမှုကိုပဲ ပုံသဏ္ဌာန်  ပြောင်းလဲခြင်းလို့ ပြောလို့ ရပါတယ်"

ထိုစာပိုဒ်ထဲမှ စာသားများမှာ တာအိုဆရာ အဘိုးအို၏ အကြည့်တစ်ချက်ဖြင့် ဆန်းလျန် ခူကောင်လေးဘဝ ပြောင်းလဲသွားရခြင်းနှင့် အဖြစ်အပျက် ဆင်တူလေသည်။ သို့သော် မတူညီမှုများလည်း ရှိပါသည်။

တာအိုဆရာအဘိုးအိုမှာ ဆန်းလျန်၏ အသွင်သဏ္ဌာန် ပြောင်းလဲခြင်းကို အမှန်တကယ် ဖန်ဆင်းပြခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ သူ၏ဖန်ဆင်းပြမှုကြောင့် ပိုပြီး အသိတရား ရသွားခဲ့ပြီး သူကိုယ်တိုင်၏ ဖြစ်တည်မှုကိုပင် သိပ်ပြီး တွယ်တာခြင်း မရှိတော့ပေ။

နတ်ဘုရားများ၏ ပုံတူပန်းချီကားတိုင်းမှာ စွဲဆောင်မှု ရှိလှလေသည်။ သူတို့၏ ပုံသဏ္ဌာန် များကို ကြည့်ပြီး ဆန်းလျန်မှာ ပျော်ရွှင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရယ်မောခြင်းနှင့် ဒေါသတကြီး ဖြစ်ခြင်းများကို ခံစားရလေသည်။

အချိန်ခဏလေး အတွင်းမှာပင် သူ့ရင်ထဲ တိုးဝင်လာသည့် ခံစားချက်ပေါင်းများစွာကို ခံစားလိုက်ရပြီး ဆန်းလျန်မှာ ချွေးများပင် ထွက်လာလေသည်။ သူ၏ စိတ်နှင့် စိတ်ဝိညာဉ်မှာလည်း မောပန်းနွမ်းနယ်လာရလေသည်။ အိပ်မက်မှ နိုးထလာသူတစ်ယောက်ပမာ ခံစားနေရလေတော့သည်။

နောက်ဆုံး ပန်းချီကားချပ် အနားတွင် ဆန်းလျန်မှာ မဟန်နိုင်တော့ဘဲ ယိုင်လဲကျသွားရသည်။ နောက်ဆုံး ပန်းချီကားမှာ မိန်းမပျို တစ်ယောက်၏ ပုံတူပန်းချီကား ဖြစ်လေသည်။ သာမန်မျှ ကြည့်လျှင်တော့ သိပ်ပြီး မထူးခြားသည့် ပန်းချီကား တစ်ချပ်ဖြစ်လေသည်။ သို့သော် သေချာကြည့်မည် ဆိုလျှင်တော့ ထောင်ပေါင်းများစွာသော ပုံသဏ္ဌာန် မျိုးစုံ ကွဲပြားနေသည်ဟု ခံစားရမည် ဖြစ်လေသည်။

ထိုပန်းချီကားမှာ ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ်ကို စတင် ဖန်တီးခဲ့သည့် တည်ထောင်သူ ဆရာဘွားဘွား လီချင်းဆွေ သို့မဟုတ် ချင်းဆွေပင် ဖြစ်လေသည်။

အရင်က ထိုက်ရွှီး နည်းဗျူဟာ စတင်လေ့ကျင့်ရန် ကူးချိုင်ဝေ့က သူ့ကို ဆရာသခင် ကိုယ်စား တပည့်အဖြစ် လက်ခံပေးခဲ့စဉ်က ပန်းချီကားတစ်ချပ်၏ အဓိပ္ပာယ်ကို မေးခဲ့ဖူးသည်။ လွင့်မျောနေသည့် တိမ်တိုက်များ တည်ငြိမ်နေသည့် ရေကန်တွင် အရိပ်ထင်နေသည့် ပန်းချီကား တစ်ချပ် ဖြစ်လေသည်။ ဆရာဘွားဘွား လီချင်းဆွေ၏ ပုံတူပန်းချီနှင့် ထို ရှုခင်းပုံ ပန်းချီကားမှာ သဘောသဘာဝ ဆင်တူသည်ဟု ဆန်းလျန် ခံစားလိုက်ရသည်။

တိမ်ဆိုသည်က ထောင်ပေါင်းများစွာသော ပုံသဏ္ဌာန် ကွဲပြားမှုများ ရှိသလို တည်ငြိမ်နေသည့် ကန်ရေပြင်တွင် တိမ်များ အရိပ် ထင်နေခြင်းက ပုံတူပန်းချီကားထဲမှ မိန်းမပျို ကဲ့သို့ပင် ဖြစ်လေသည်။

ပထမတစ်ကြိမ် ကြည့်ရုံမျှဖြင့် သတိထားမိနိုင်မည် မဟုတ်ပါ။ တစိမ့်စိမ့်ကြည့်လေ တိမ်တိုင်များကဲ့သို့ ပြောင်းလဲနေသည့် ပုံသဏ္ဌာန် များကို ခံစားရလေ ဖြစ်လေသည်။ ကျင့်စဉ်လမ်းက ပုံသဏ္ဌာန် တစ်ခုကို မွေးဖွားပေးသည်။ ပုံသဏ္ဌာန် တစ်ခုက နှစ်ခု ဖြစ်တည်လာပြီး ပုံသဏ္ဌာန် နှစ်ခုက သုံးခု ဖြစ်တည် လာသည်။ ပုံသဏ္ဌာန် သုံးခုက ပုံသဏ္ဌာန် တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်း သွားလေသည်။

ဆရာဘွားဘွား လီချင်းဆွေ၏ ပုံတူ ပန်းချီကားချပ်ကို ကြည့်ရင်း ဆန်းလျန်၏ စိတ်အစဉ်မှာ ပြန်လည် တည်ငြိမ် အေးချမ်း လာရသည်။

"မြေပြင်ထက်တွင် လဲလျောင်းရင်း ကောင်းကင်ထက်မှ တိမ်များ ရွေ့လျားနေသည်ကို ငေးကြည့်ရင်း တိမ်တိုက်များမှာ မိမိနှင့်အတူ အရှေ့ဆီသို့ ရွေးလျားနေသည်"

ဆိုသည့် စာပိုဒ်ကဲ့သို့ စိတ်ကြည်နူး နှစ်သက်ခြင်းကို ခံစားရလေသည်။

အမှန်တော့ ဆန်းလျန်တစ်ယောက် နတ်ဘုရား ပန်းချီကားချပ် လေးဆယ်လုံးကို တစ်ကြိမ်တည်းဖြင့် အကုန် ကြည့်လိုက်သည်ကို ချင်းရွှမ်နတ်တံခါးမှ လူများသာ သိလျှင် အံ့သြ တုန်လှုပ် သွားကြမည် ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် ချင်းရွှမ်နတ်တံခါးမှ မထွက်ခွာမီ ထိုက်ဝေ့ထိုင် ဒုတိယထပ်သို့ ရောက်လာသည့် ချန်ကျန့်မေပင်လျှင် သဏ္ဌာန်မဲ့ ဓားပညာ၏ တည်ထောင်သူ ဆရာဘိုးဘိုး၏ ပုံတူကိုသာ ကြည့်ပြီး ဂါရဝပြုသွားခဲ့ခြင်း ဖြစ်လေသည်။

ဟိုင်သန်းအဆင့်ကျင့်ကြံသူများသည် ကိုယ်နှင့် သက်ဆိုင်သည့် ကျင့်စဉ်လမ်းဆိုင်ရာ တည်ထောင်သူ ဆရာသခင်များကိုသာ လာရောက် ကြည့်ရှုလေ့ ရှိကြလေသည်။ နတ်ဘုရားများ အားလုံးကို စိတ်ဝင်တစား ကြည့်ရှုရန် ကြိုးစားသည့် ကျင့်ကြံသူများလည်း ရှိပါသည်။ သို့သော် ပန်းချီကား နှစ်ဆယ်ပြည့်အောင်ပင် မကြည့်နိုင်ကြပေ။ စွမ်းအားများ ကုန်ခမ်းကာ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ပြီး ဆက်ကြည့်နိုင်ခြင်း မရှိကြတော့ပေ။

ပန်းချီကားများထဲမှာ နတ်ဘုရား အားလုံး၏ တန်ခိုးစွမ်းအား ဒဏ်ကို ခံနိုင်ရန် ခဲယဉ်း လွန်းလှပေသည်။

သို့သော် ... ဆန်းလျန်ကတော့ နတ်ဘုရားများ၏ ပုံတူပန်းချီကား လေးဆယ်လုံးကို တစ်ကြိမ်တည်းဖြင့် ကြည့်လိုက်နိုင်လေသည်။ အခြားသော ဟိုင်သန်း အဆင့် ကျင့်ကြံသူများထဲတွင် သူ့လောက် ဝိညာဉ်စွမ်းအား ကောင်းသူမရှိပေ။

ဆန်းလျန် ကိုယ်တိုင်ပင်လျှင် သူ၏ ဝိညာဉ်စွမ်းအား မည်မျှအထိ မြင့်မားပြီး မည်မျှအထိ အကန့်အသတ် ရှိသည်ကို သိရှိခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ ကျင့်စဉ်များကို ကျင့်ကြံလေ ဝိညာဉ်စွမ်းအားက တိုးတက်လာလေ ဖြစ်သောကြောင့်ပင်။ ယခုအချိန်ထိ သူကျင့်ကြံနေသည့် ကျင့်စဉ်နှစ်ခု၏ တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားသည့် ဆုံချက်ကို သူ မတွေ့ရှိ ရသေးပေ။

***

All Chapters