နေရာလွတ်၏ ဖြစ်နိုင်ခြေများ
Vol. 34 Ch. 361
"ဒါနဲ့ပဲ ပြီးပြီလား"
"ဒါပဲလား"
ရှောင်မောက်၏ တုံ့ပြန်မှုမှာ ထန်ထျန်း ထင်မှတ်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့၏။
သူကတော့ ပင်လယ်ရေကို အစွမ်းကုန် စုပ်ယူမိသွားသဖြင့် လျူလီကမ္ဘာ၏ မျှခြေကို ထိခိုက်သွားစေပြီး ရှောင်မောက်ကို လန့်သွားစေမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှောင်မောက်က ဘာမှမဖြစ်သလို ပုံစံမျိုးအပြင် သူ၏ အပြုအမူကိုပင် အထင်သေးနေသည့် အရိပ်အယောင် ပြနေပေသေးသည်။
"ဒါက မင်းပြောတဲ့ လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမယ့် အရာလား" ဟု ပြောနေသလိုပင်။
ရှောင်မောက်၏ ပုံစံကို ကြည့်ပြီး ထန်ထျန်း အံ့သြသွားမိ၏။
"တစ်ခုခု ထိခိုက်မှု မရှိနိုင်ဘူးလား"
သူက စိတ်မချသေးသဖြင့် ထပ်မေးလိုက်သည်။
ရှောင်မောက်က ခြေသည်းလေးများကို ဖြန့်ပြရင်း ထူးဆန်းသလို ကြည့်ကာ ပြော၏။ "ဘာတွေ ထိခိုက်မှာလဲ"
"ငါ ပြောပြီးသားပဲလေ၊ ဒီကမ္ဘာမှာ တခြားအရာတွေ မရှိရင် ရှိမယ်၊ ဝိညာဉ်စွမ်းအားနဲ့ အင်မော်တယ်စွမ်းအားကတော့ အပြည့်ပဲလို့။ "
"မင်း မြင်သမျှ အရာအားလုံးက အခြေခံအားဖြင့် ဝိညာဉ်စွမ်းအားနဲ့ အင်မော်တယ်စွမ်းအားတွေနဲ့ တည်ဆောက်ထားတာ"
"မင်း ပင်လယ်တစ်ခုလုံးကို ခန်းခြောက်သွားအောင် စုပ်ယူလိုက်ရင်တောင် ကမ္ဘာ့မျှခြေကို မထိခိုက်စေဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်ဆိုတာ ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်း သေးသေးလေးပဲလေ။ "
"နောက်ပြီးတော့..."
ပြောရင်းနှင့် ရှောင်မောက်က ခြေသည်းလေးကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခု ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
ထို့နောက် ထန်ထျန်း မျက်လုံးအပြူးသား ဖြစ်သွားရ၏။
အဆုံးမဲ့သော ဝိညာဉ်စွမ်းအားနှင့် အင်မော်တယ်စွမ်းအားများက ထိုအက်ကွဲကြောင်းထဲမှ တိုးထွက်လာပြီး အောက်ဘက်ရှိ လျူလီပင်လယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားခဲ့သည်။
သိပ်မကြာလိုက်မီမှာပင် ပင်လယ်ရေမျက်နှာပြင်မှာ ပြန်လည် မြင့်တက်လာခဲ့၏။
ဤအရှိန်အတိုင်းဆိုလျှင် ထန်ထျန်း စုပ်ယူလိုက်သော ပမာဏကို ပြန်လည် ဖြည့်တင်းရန် လေးငါးရက်ခန့်သာ ကြာပေလိမ့်မည်။
"လျူလီကမ္ဘာက ဒီလောက်အထိ ကြီးထွားလာတာဟာ မူလဟင်းလင်းပြင် ခေါင်းလောင်းရဲ့ စွမ်းအားတွေကို အလိုအလျောက် စုပ်ယူနေရုံပဲ ရှိသေးတာ။ "
"တကယ်လို့ ငါကသာ တက်တက်ကြွကြွ စုပ်ယူမယ်ဆိုရင် ဒီထက်မက အဆပေါင်းများစွာ ကြီးမားနေမှာ သေချာတယ်။"
" ဒါပေမဲ့ နိယာမတွေက မပြည့်စုံသေးတော့ ဧရိယာ အရမ်းကျယ်တာက ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာစိုးလို့ ငါ မစုပ်ယူသေးတာ။ "
"မဟုတ်ရင်တော့ ဝိညာဉ်စွမ်းအားနဲ့ အင်မော်တယ်စွမ်းအားဆိုတာ မင်းလိုချင်သလောက် ရှိတယ်"
ရှောင်မောက်က သူ၏ ခြေသည်းကို ပြန်ရုပ်သိမ်းလိုက်ရာ ကောင်းကင်ထက်က အက်ကွဲကြောင်းကြီးမှာလည်း ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ထန်ထျန်းမှာ အတော်ကြာအောင် တိတ်ဆိတ်သွားမိ၏။
သူ့ဘေးနားတွင် အကန့်အသတ်မရှိ ထွက်ရှိနေသော အင်မော်တယ် ထုတ်ကုန်ကြီး တစ်ခုကို အမြဲတမ်း သယ်ဆောင်ထားသည်ဆိုသည့် အချက်က ထန်ထျန်းကို အတော်လေး ရိုက်ခတ်သွားစေသည်။
သို့သော် ရှောင်မောက်ကတော့ ဤအရာများကို သိပ်ပြီး အရေးကြီးသည်ဟု မယူဆပေ။
ထန်ထျန်း၏ အမူအရာကို ကြည့်ပြီး ၎င်းက နှာခေါင်းရှုံ့ကာ ပြော၏။ "ဒါတွေက သိပ်ပြီး အသုံးမဝင်လှဘူး။ "
"နိယာမတွေကသာ အရေးကြီးဆုံးပဲ။ နိယာမ မရှိရင် စွမ်းအားတွေဆိုတာ အဓိပ္ပာယ် မရှိဘူး"
"တကယ်တော့ ငါက လျူလီကမ္ဘာကို မင်းရဲ့ အဲဒီ နေရာလွတ် ထဲကို ပြောင်းရွှေ့ချင်တာ။ ဒါပေမဲ့ မင်းရဲ့ နေရာလွတ် ထဲမှာ နိယာမတွေ မရှိတော့ တကယ်လို့ ပြောင်းလိုက်ရင်လည်း စစ်မှန်တဲ့ ကမ္ဘာတစ်ခုအဖြစ် အကောင်အထည် ဖော်လို့ မရဘူး။ "
"နှမြောစရာပဲ... တကယ်လို့ ပြောင်းလို့ရမယ်ဆိုရင် ငါက အဲဒီနေရာကို စည်ကားလှတဲ့ စစ်မှန်တဲ့ ကမ္ဘာတစ်ခုအဖြစ် အမြန်ဆုံး ဖန်တီးပစ်မှာ"
ရှောင်မောက်က သက်ပြင်းချရင်း ပြော ၏။
ထန်ထျန်းက မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။ "ဒါဆို အဲဒီထဲမှာ နိယာမတွေ ဖြစ်ပေါ်လာအောင် လုပ်လို့ရမယ့် နည်းလမ်း ရှိလား"
ရှောင်မောက်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ "အရမ်းခက်တယ်... "
"မဖြစ်နိုင်သလောက်ပဲ"
"ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ကမ္ဘာကို ဖန်တီးနိုင်တဲ့ နတ်ဘုရား ရတနာ အချို့ကသာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ ကမ္ဘာတစ်ခုကို နိယာမတွေ ယူဆောင်လာပေးနိုင်တာ။"
" ဒါပေမဲ့ အဲဒီ ရတနာတွေကို စုံအောင် ရှာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ"
ထန်ထျန်း၏ စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွား၏။
ရှောင်မောက်ပြောသည့် ရတနာဆိုသည်မှာ မူလဟင်းလင်းပြင် ခေါင်းလောင်း၏ မှတ်ဉာဏ် အပိုင်းအစများထဲတွင် သူမြင်ခဲ့ရသော မူလ ရတနာ ငါးပါးကို ဆိုလိုခြင်း ဖြစ်နိုင်မလား။
အကယ်၍ ထိုအရာများသာ ဆိုလျှင်တော့ အမှန်တကယ်ပင် မဖြစ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ ပျောက်ကွယ်သွားပြီ သို့မဟုတ် ပျက်စီးသွားကြပြီ ဖြစ်သောကြောင့်ပင်။
"ဒုတိယ နည်းလမ်းကတော့ မိခင်ကမ္ဘာကြီးထဲကနေ ရှိပြီးသား နိယာမ အချို့ကို ယူပြီး မင်းရဲ့ ကမ္ဘာထဲကို ထည့်လိုက်ဖို့ပဲ။ "
"ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ဆိုရင် မင်းက အနည်းဆုံးတော့ နိယာမတွေကို ထိန်းချုပ်နိုင်တဲ့ အဆင့်ကို အရင်ရောက်ရမယ်။"
" နောက်ပြီး မိခင်ကမ္ဘာရဲ့ ကောင်းကင်ဘုံ နိယာမကလည်း မင်းကို နိယာမတွေ ယူသွားခွင့် ပြုမှာ မဟုတ်ဘူး။ "
"ဒါကြောင့် ဒီနည်းလမ်းက ရတနာတွေ ရှာတာထက်တောင် ပိုပြီး ခက်ခဲဦးမယ်"
ပြောရင်းနှင့် ရှောင်မောက်က ခေါင်းကို ထပ်ခါထပ်ခါ ယမ်းလိုက်ပြန်၏။ "ငါတို့ လက်ရှိ အခြေအနေကိုပဲ လက်ခံလိုက်ကြရအောင်။"
" လျူလီကမ္ဘာ တကယ် ကြီးထွားလာတဲ့အခါကျရင် ငါ ထူးခြားတဲ့ နည်းလမ်းတွေ သုံးပြီး နိယာမတွေကို အဲဒီဘက်ကို ပြောင်းနိုင် အောင် လုပ်ပေးလို့ ရတယ်။"
" အဲဒီအချိန်ကျရင်လည်း ကမ္ဘာငယ်လေး တစ်ခုအဖြစ် သုံးလို့ ရတာပဲ။"
" လျူလီကမ္ဘာ မပျက်စီးသရွေ့ နိယာမတွေက ရှိနေမှာပဲလေ"
ရှောင်မောက်က ထန်ထျန်းကို အားပေးနေသည်လား သို့မဟုတ် သူ့ကိုယ်သူ အားပေးနေသည်လား မသိပေ။
ဘာပဲဖြစ်ဖြစ် ၎င်းက နေရာလွတ် နှင့် ပတ်သက်ပြီး ထူးခြားသော သံယောဇဉ် ရှိနေသဖြင့် ၎င်းကို ပိုပြီး ကောင်းမွန်စေချင်နေသည်မှာတော့ အမှန်ပင် ဖြစ်၏။
သို့သော် ထန်ထျန်း၏ စိတ်ထဲတွင်မူ အခြား အစီအစဉ်တစ်ခု ရှိနေသည်။
မိခင်ကမ္ဘာ၏ နိယာမတွေ လိုအပ်တာလား။
သူက စနစ်၏ စာမျက်နှာကို ဖွင့်ကြည့်လိုက်၏။
ကမ္ဘာ့ နိယာမ တစ်ခုလျှင် သုံးစွဲမှုအမှတ် တစ်ထရီလီယံ ။
အကယ်၍ ရှန့်ထန်းတာအိုကျောက်စိမ်း နှင့် တွက်မည်ဆိုလျှင် သန်း တစ်ရာလောက် ရှိပေလိမ့်မည်။
သူ၏ အစီအစဉ်အရ နောက်တစ်ကြိမ် အကြွေးဆပ်ပြီးလျှင် ဤပမာဏကို ရောက်ရှိနိုင်ပေသည်။
ဤသို့ဆိုလျှင်...
"ငါ့ရဲ့ အဲဒီကမ္ဘာကို ပုံမှန် လည်ပတ်နိုင်အောင် လုပ်ဖို့ဆိုရင် မိခင်ကမ္ဘာရဲ့ နိယာမ ဘယ်လောက်လောက် ထည့်ပေးဖို့ လိုမလဲ"
ထန်ထျန်းက မေးလိုက်သည်။
ရှောင်မောက်က မှင်တက်သွားရင်း "မင်း တကယ်ကြီး လုပ်ဖို့ ကြံနေတာလား။ "
"ငါက အလကား ပြောလိုက်တာပါ"
ထန်ထျန်းက တကယ် အလေးအနက် မေးနေခြင်း ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ရှောင်မောက်မှာ အံ့အားသင့်သွားရ၏။
"ဘယ်လောက် လိုမလဲသာ ပြော"
ထန်ထျန်းက ထပ်ပြောလိုက်သည်။
ရှောင်မောက်က ထန်ထျန်းကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ခေါင်းယမ်းလိုက်၏။ "မင်းကို ဒီအကြောင်း ပြောပြလိုက်မိတာ နည်းနည်းတောင် နောင်တရချင်လာပြီကွာ။"
" ကောင်းပြီလေ... မင်း ဒီလောက်တောင် သိချင်နေမှတော့ ငါ ပြောပြမယ်။"
" အဲဒီကမ္ဘာကို လည်ပတ်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ နိယာမငယ် သုံးထောင်နဲ့ နိယာမကြီး တစ်ရာလောက် လိုလိမ့်မယ်။ "
"အဲဒီ နိယာမကြီးတွေကိုတော့ ဟင်းလင်းပြင် နိယာမတွေလို့ ခေါ်တယ်"
ထန်ထျန်း မျက်မှောင်အသာ ကြုတ်လိုက်မိ၏။
တွက်ကြည့်မည်ဆိုလျှင် တကယ်ကို မနည်းလှပေ။
ဟင်းလင်းပြင် နိယာမ တစ်ခုကို လဲလှယ်ရန်အတွက် သုံးစွဲမှုအမှတ် အမြောက်အမြား လိုအပ်ပေလိမ့်မည်။
"အထူး နိယာမတွေ ရှိဖို့ လိုလား၊ ဒါမှမဟုတ် အရေအတွက် ပြည့်ရင် ရပြီလား"
ထန်ထျန်းက ထပ်မေးပြန်၏။
ရှောင်မောက်က "အခြေခံအားဖြင့်တော့ လိုအပ်ချက် သိပ်မရှိဘူး။"
" ဒါပေမဲ့ နိယာမကြီးတွေထဲမှာတော့ အချိန်၊ ဟင်းလင်းပြင် နဲ့ အသက် ဆိုတဲ့ အခြေခံ နိယာမ သုံးခုကတော့ မရှိမဖြစ် ပါရမယ်။ "
"မဟုတ်ရင်တော့ အခွံအလွတ်ကြီးပဲ ဖြစ်နေမှာ"
ထန်ထျန်းက အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။
သူက နိယာမတွေကို မလဲလှယ်ဖူးသေးသဖြင့် ၎င်းတို့က ကျပန်း ဖြစ်ပေါ်လာမည်လား သို့မဟုတ် ရွေးချယ်၍ ရမည်လားဆိုတာ မသိသေးပေ။
အကယ်၍ ကျပန်းဆိုလျှင်တော့ သူ ထင်ထားသလောက် မလွယ်ကူလှပေ။
သို့သော်.....
ရှောင်မောက်က ဤအိပ်မက်ကို မက်နေပြီး သူကိုယ်တိုင်ကလည်း လုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ ဤကိစ္စကို သူ အနှေးနဲ့အမြန် လုပ်သွားမည်သာ ဖြစ်၏။
"ကဲ... အလှမ်းဝေးတဲ့ အရာတွေကို ခဏ ထားလိုက်ပါဦး"
ထန်ထျန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ရှောင်မောက်က သူ လက်လျှော့လိုက်ပြီဟု ထင်ကာ မေးလိုက်၏။ "ဘာလဲ... ပုတီးစေ့တွေ ထပ်လုပ်ဦးမလား။"
" စိတ်ကြိုက်သာ စုပ်ယူစမ်းပါ"
ထန်ထျန်းက ခေါင်းယမ်းလိုက်သည်။
အကန့်အသတ်မရှိ ပြုလုပ်နိုင်သည် ဆိုသော်လည်း ယခု ပမာဏမှာ လုံလောက်နေပြီ ဖြစ်၏။
ဤမျှ များပြားလှသော ဝိညာဉ်စုစည်းပုတီးစေ့နှင့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့များကို ထျန်းဖူနန်းတော် တစ်ခုတည်းက ကုန်အောင် သုံးနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူ့မှာ နောက်ဆုံး ထုတ်ကုန်ဖြစ်သည့် ကြယ်တာရာ ခရစ်စတယ် တွေလည်း ရှိနေသေးသည် မဟုတ်လား။
ထျန်းရှထုန် ကုန်သွယ်ရေးအသင်းကို ခြေကုပ်မြဲစေပြီး ကြီးပွားတိုးတက်စေရန် ဤအရာများက လုံးဝ လုံလောက်ပေလိမ့်မည်။