← Chapters

ဒေါသထွက်လုနီးပါး ဖြစ်သွားခြင်း

Vol. 34 Ch. 363

ဒေါသထွက်လုနီးပါး ဖြစ်သွားခြင်း

Vol. 34 Ch. 363

စည်းကမ်းထိန်းသိမ်းရေးခန်းမ

၎င်း၏ အမည်မှာ ခန်းမဟု ဆိုသော်လည်း အမှန်စင်စစ် ထျန်းဖူနန်းတော်၏ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ချုပ် တည်ရှိရာ နေရာဖြစ်ပြီး အလွန်ပင် ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခု ဖြစ်၏။

တောင်တန်းမှာ အလွန်မမြင့်သော်လည်း လွင်ပြင် ကျယ်ကြီးပေါ်တွင် ခန့်ညားထည်ဝါစွာ တည်ရှိနေပေသည်။

ထန်ထျန်းက ဤနေရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်၏။

ပထမအကြိမ်မှာတော့ သူ စစ်ဆေးခံရစဉ်ကပင် ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် သူ သိခဲ့ရသည်မှာ ဤနေရာက အပြစ်ပေးစီရင်ရန် သက်သက်အတွက်သာ မဟုတ်ဘဲ ထျန်းဖူနန်းတော်၏ အများဆိုင်ရာ ကိစ္စရပ်များနှင့် လက်အောက်ခံ အင်အားစုများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကိုပါ ဖြေရှင်းပေးရာ တရားဝင် နေရာတစ်ခု ဖြစ်ပေသည်။

ရောက်ရှိပြီးနောက် ထန်ထျန်းက လန်တင်းအင်မော်တယ်အရှင် ပေးထားသော လမ်းညွှန်ချက်အတိုင်း အေးချမ်းဆိတ်ငြိမ်သော အဆောက်အဦးတစ်ခုသို့ ရောက်လာခဲ့၏။

သူ အထဲသို့ ဝင်လိုက်သည့်အခါ လန်တင်းအင်မော်တယ်အရှင်မှာ သူ့ထက် အရင် ရောက်နှင့်နေပြီး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

"ထန်ထျန်း... လာ၊ ထိုင်"

လန်တင်းအင်မော်တယ်အရှင်က နွေးထွေးစွာ နှုတ်ဆက်၏။

ထန်ထျန်းက အမြန်ပင် ရှေ့သို့တိုးကာ တစ်ဖက်လူနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

"မင်းကောင်စုတ်လေးက... နောက်ထပ် ဘယ်လို ထူးခြားဆန်းပြားတာတွေ လုပ်ဦးမလို့လဲ"

လန်တင်းအင်မော်တယ်အရှင်က လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြုံး ကာ မေးလိုက်၏။

သူက တိုက်ရိုက်ပင် မေးလိုက်ခြင်း ဖြစ်သည်။

ထန်ထျန်းမှာ နှာခေါင်းကို အသာပွတ်ရင်း တစ်ဖက်လူ၏ မျက်လုံးထဲတွင် သူက အေးအေးဆေးဆေး မနေတတ်သူတစ်ဦးအဖြစ် ပုံဖော်ခံထားရကြောင်း သိလိုက်ရ၏။

"အရှင်ချီကလည်း နောက်နေပြန်ပြီ၊ တပည့်က သာမန်တပည့်တစ်ယောက်ပဲဟာကို... ဘာတွေ ထူးဆန်းတာ လုပ်နိုင်မှာလဲဗျာ"

ဤကဲ့သို့ အာဏာရှိသော အဆင့်မြင့်ပုဂ္ဂိုလ်ရှေ့တွင် သူက နိမ့်ချစွာပင် ပြောလိုက်သည်။

လန်တင်းအင်မော်တယ်အရှင်က နှုတ်ခမ်းမဲ့ရင်း "မင်း လုပ်ခဲ့သမျှ ဘယ်တုန်းက သေးလို့လဲ"

"အခုဆို ထျန်းဖူနန်းတော် တစ်ခုလုံးမှာ မင်းရဲ့နာမည်ကို မကြားဖူးတဲ့သူ မရှိသလောက်ပဲ။"

" ကဲ... ပြောစမ်းပါဦး၊ ဒီတစ်ခါ ငါ့ကိုလာရှာတာ ဘာကိစ္စရှိလို့လဲ"

ထန်ထျန်းက ခဏမျှ စဉ်းစားပြီးနောက် "ဒီကိစ္စက တကယ်တော့ အရင်တစ်ခေါက်က အရှင့်ကို ပြောပြဖူးပါတယ်။"

" တပည့်ရဲ့ ကုန်သွယ်ရေးအသင်းက အခုဆို ပြင်ဆင်တာတွေ အတော်လေး ပြီးစီးနေပြီမို့ ထျန်းဖူနန်းတော်ထဲမှာ လာပြီး ခြေကုပ်ယူချင်လို့ပါ"

"ဪ... မင်းရဲ့ ထျန်းရှထုန် ကို ပြောတာလား"

လန်တင်းအင်မော်တယ်အရှင်က ခေါင်းညိတ်ရင်း "တကယ်တော့ မင်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ဆိုရင် အဲဒီ ကုန်သွယ်ရေးအသင်းကို ချင်းယွဲ့ဂိုဏ်းမှာပဲ ထားထားတာက တကယ်ကို နှမြောစရာပဲ။ "

"ဒါပေမဲ့ အရင်တစ်ခေါက်က ငါ ခွင့်ပြုပေးပြီးသား မဟုတ်လား မင်း ကြိုက်တဲ့အချိန် ခေါ် လာလို့ ရပါတယ်။ "

"ဘာလဲ... ငါ့ဆီကနေ တရားဝင် စာရွက်စာတမ်း ထပ်လိုချင်သေးလို့လား"

သူ စနောက်ကာ မေးလိုက်၏။

ထန်ထျန်းက အမြန်ပင် လက်ယမ်းပြရင်း "မဟုတ်ရပါဘူး... အရှင့်ရဲ့ စကားတစ်ခွန်းရှိရင်တင် လုံလောက်ပါပြီ။ "

"ဒါပေမဲ့ နောက်ပိုင်းမှာ တပည့် စုံစမ်းကြည့်တော့ ကုန်သွယ်ရေးအသင်းတစ်ခုက ထျန်းဖူနန်းတော်မှာ ကောင်းကောင်း ကြီးထွားချင်တယ်ဆိုရင် ဝမ်ပေါင်ရေကန် ထဲကို ဝင်ရမယ်လို့ သိရပါတယ်။ "

"အဲဒီမှာ နေရာယူဖို့ဆိုရင်တော့ ထျန်းဖူနန်းတော်ရဲ့ ခွင့်ပြုချက် လိုအပ်တာကြောင့် အရှင့်ဆီကို ရောက်လာရတာပါ"

သူက ကိစ္စအရပ်ရပ်ကို အစအဆုံး ရှင်းပြလိုက်၏။

လန်တင်းအင်မော်တယ်အရှင်က နားထောင်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။

"မင်းက တကယ်ကို အားစိုက်ထားတာပဲ၊ ရည်မှန်းချက်လည်း ကြီးသားပဲ။ "

"ဟုတ်တယ်... ကုန်သွယ်ရေးအသင်းတစ်ခု ကြီးထွားဖို့ဆိုရင် ဝမ်ပေါင်ရေကန်က ရှောင်လွှဲလို့ မရဘူး။ "

"ဒါပေမဲ့ ဒီကိစ္စကို တာဝန်ယူတဲ့သူတွေ သီးသန့်ရှိတယ်၊ မင်း သူတို့ကို ရှာပြီး ပုံမှန်အတိုင်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရင် ရတာပဲလေ"

ပြောရင်းနှင့် လန်တင်းအင်မော်တယ်အရှင်က စကားသံကို ပြောင်းလိုက်ကာ "ဒါပေမဲ့ မင်းက သူတို့ဆီ မသွားဘဲ ငါ့ဆီ တိုက်ရိုက်လာတယ်ဆိုတော့... "

"မင်း မျက်စိကျနေတဲ့ နေရာက သာမန်စီမံသူတွေ မဆုံးဖြတ်နိုင်တဲ့ နေရာမျိုး ဖြစ်နေလို့ပေါ့"

"ဒါဆိုရင်တော့..."

"ရှင့်ပေါင် ကျွန်း လား"

စကားအနည်းငယ် ပြောရုံဖြင့် လန်တင်းအင်မော်တယ်အရှင်က ထန်ထျန်း၏ အကြံအစည်ကို သိသွားခဲ့၏။

ထန်ထျန်းလည်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်... ရှင့်ပေါင် ကျွန်း ပါပဲ"

လန်တင်းအင်မော်တယ်အရှင်က အကျယ်ကြီး ရယ်လိုက်ပြီး "ဟားဟား... မင်းက ဘာမှ မလုပ်ဘူးလို့ ပြောနေသေးတယ်နော်။"

" မရွှေ့ ရသေးခင်မှာတင် ထျန်းဖူနန်းတော်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး အချက်အချာ အကျဆုံးနေရာဖြစ်တဲ့ ရှင့်ပေါင် ကျွန်းကို မျက်စိကျနေတာပဲ။"

" မင်းက တစ်လုပ်တည်းနဲ့ ဝချင်နေတာပဲ"

ထန်ထျန်းက ပြုံးရင်း "အဲလိုလည်း မဟုတ်ပါဘူး၊ တပည့်က ခဏခဏ နေရာမပြောင်းချင်လို့ပါ။ "

"ကျင့်ကြံခြင်းကို ထိခိုက်မှာ စိုးလို့... "

"တစ်ခါတည်းနဲ့ အပြီး ဖြေရှင်းထားချင်ရုံပါ"

လန်တင်းအင်မော်တယ်အရှင်က ခေါင်းယမ်းကာ ရယ်၏။ "မင်းကတော့လေ...။ "

"ကဲ... "

"မင်း ပြောတာလည်း အကြောင်းပြချက် ရှိတာပါပဲ။ ဒါနဲ့ ဘယ်နေရာကို မျက်စိကျနေတာလဲ ပြောစမ်းပါဦး"

ထန်ထျန်းက စကားမပြောဘဲ မနေ့က ရေးဆွဲထားသော မြေပုံငယ်လေးကို လန်တင်းအင်မော်တယ်အရှင်၏ ရှေ့သို့ ချပြလိုက်၏။

ထိုမြေပုံပေါ်တွင် သူ၏ ကုန်သွယ်ရေးအသင်းအတွက် အခြေစိုက်စခန်း ပြုလုပ်မည့် နေရာကို မှတ်သားထားပေသည်။

မြေပုံပေါ်ရှိ မှတ်သားထားသော နေရာကို မြင်လိုက်ရသည့်အခါ လန်တင်းအင်မော်တယ်အရှင်၏ လက်ဖက်ရည်ခွက် ကိုင်ထားသော လက်မှာ လေထဲတွင် ရပ်တန့်သွားခဲ့၏။

အတော်ကြာမှ သူက ထန်ထျန်းကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။"မင်း တကယ် ပြောနေတာလား"

ထန်ထျန်းက ခေါင်းညိတ်ပြ၏။ "ဟုတ်ပါတယ်... "

"ဒါက တပည့် သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ"

လန်တင်းအင်မော်တယ်အရှင်က လက်ဖက်ရည်ခွက်ကို ချလိုက်ရာ ဖိတ်စင်သွားသော ရေများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကုလားထိုင်နောက်ကျောကို မှီကာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

"မင်းကတော့ ငါ မြင်ဖူးသမျှထဲမှာ သတ္တိအရှိဆုံး လူငယ်ပဲ"

သူက ရှေ့သို့ ပြန်တိုးကာ ထန်ထျန်းကို စိုက်ကြည့်ရင်း မြေပုံပေါ်ရှိ နေရာကို လက်ညှိုးထိုးကာ ပြော၏။ "ဒီနေရာက ရွှမ်ယွင်မျှော်စင် ရဲ့ ဘေးကပ်လျက်ဆိုတာ မင်း သိလား။ "

"မင်းရဲ့ ထျန်းရှထုန် ကို ရွှမ်ယွင်မျှော်စင် ရဲ့ ဘေးမှာ သွားဖွင့်မလို့လား"

"မင်း... မင်း..."

လန်တင်းအင်မော်တယ်အရှင်က နဖူးကို လက်ဖြင့် အသာအယာ အုပ်လိုက်မိ၏။ သူ ဘာပြောရမှန်းပင် မသိတော့ပေ။

ဤတပည့်လေး ၏ လုပ်ရပ်မှန်သမျှမှာ ပုံမှန် ကျိုးကြောင်းဆင်ခြင်မှု နယ်ပယ်ကို ကျော်လွန်နေသလို သူ နားလည်နိုင်စွမ်းကိုလည်း ကျော်လွန်နေပေသည်။

ဒီလိုမျိုး သေတွင်းထဲ သွားတိုးတာမျိုးတော့ မရှိသင့်ပေ။

တကယ်လို့ ရွှမ်ယွင်မျှော်စင် ရဲ့ နေရာကို စိန်ခေါ်ချင်တယ်ဆိုရင်တောင် တဖြည်းဖြည်းချင်း အဆင့်ဆင့် လုပ်ရမည် မဟုတ်လား။

အခုတော့ စစချင်းမှာတင် ထိပ်တိုက် သွားတိုးနေသည်မှာ ဘာကြောင့်နည်း။

ထန်ထျန်းကတော့ ရူးသွားပြီဟု သူ ထင်မိ၏။

သို့သော် အေးအေးဆေးဆေး ရှိနေသော ထန်ထျန်းကို ကြည့်ရင်း အခုအချိန်မှာ ရူးနေသူမှာ သူကိုယ်တိုင်ပင် ဖြစ်နေသလို ခံစားနေရသည်။

"အရှင်... စိတ်အေးအေးထားပါ"

ထန်ထျန်းက ပြော ၏။

လန်တင်းအင်မော်တယ်အရှင် : "..."

"ငါက စိတ်အေးရမှာလား။"

" ငါက ဘာလို့ စိတ်အေးရမှာလဲ။ "

"ကိုယ့်ဖာသာ သေတွင်းထဲ သွားတိုးနေတာ ငါမှ မဟုတ်တာ... ငါက ဘာလို့ စိတ်ပူနေရမှာလဲ။ "

"ငါ အခု စိတ်ပူနေလို့လား"

" ငါ့ပုံစံက စိတ် ပူနေတဲ့ ပုံစံ ပေါက်နေလား"

သူ၏ စကားပြောသံမှာ ပို၍ မြင့်တက်လာခဲ့၏။

ထန်ထျန်း : "..."

"အရှင် စိတ်မပူပါဘူး... တပည့်ပဲ စိတ်ပူနေတာပါ"

အေးဆေးနေဆဲ ဖြစ်သော ထန်ထျန်းကို ကြည့်ရင်း လန်တင်းအင်မော်တယ်အရှင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် နဖူးကို ဖိရင်း ဆိုသည်။ "ကောင်းပြီ... ငါ စိတ်ပူမိသွားတာကို ဝန်ခံပါတယ်။"

" ငါက မင်းကို အလကား သေသွားမှာ စိုးလို့ပါ။ "

"ရွှမ်ယွင်မျှော်စင် ဆိုတာ ဘာလဲ သိလား။ အဲဒါ ထျန်းဖူနန်းတော်မှာ အစွမ်းအထက်ဆုံး အင်အားစုတွေထဲက တစ်ခုပဲ၊ ချမ်းသာကြွယ်ဝမှုအပိုင်းမှာဆိုရင်လည်း နံပါတ်တစ်ပဲ။"

" အလယ်အလတ်နဲ့ အဆင့်မြင့် လုပ်ငန်းတွေရဲ့ တစ်ဝက်ကျော်ကို သူတို့ကပဲ ပိုင်ဆိုင်ထားတာ။"

" မင်းက... သူတို့ကို ဘာနဲ့ သွားပြီး ယှဉ်မလို့လဲ"

ထန်ထျန်းက နှာခေါင်းကို အသာအယာ ပွတ်လိုက်သည်။

"ယှဉ်မှာကတော့..."

"ဖြူစင်တဲ့ စိတ်ရင်းလေးနဲ့ပါ"

လန်တင်းအင်မော်တယ်အရှင် မှင်တက်သွား၏။

ထို့နောက် သူက ကုလားထိုင်နောက်ကို ပြန်မှီကာ နဖူးကို လက်ဖြင့် အုပ်ရင်း အသက်ကို ပြင်းပြင်းရှူနေတော့သည်။ ဒေါသထွက်လွန်း၍ သေတော့မည့် ပုံစံမျိုး ဖြစ်နေပေသည်။

ထန်ထျန်းလည်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။ သူ၏ အစီအစဉ်နှင့် ဝှက်ဖဲတွေကို အကုန်လုံး ထုတ်ပြဖို့ကလည်း မဖြစ်နိုင်သေးပေ။

ခေါင်းဆောင်က စိတ်ထားကောင်းလွန်းလျှင်လည်း ဤကဲ့သို့ အားနည်းချက် အနည်းငယ် ရှိတတ်သည်ပင်။

အတော်ကြာသွားပြီးနောက် ထန်ထျန်းပင် ထိုင်ရခက်လာသည့် အချိန်ရောက်မှ လန်တင်းအင်မော်တယ်အရှင်က အားအင်မရှိသလို လက်ကာပြလိုက်၏။

"ကောင်းပြီလေ..."

" မင်း သဘောပဲ"

"မင်း ကြိုက်သလိုသာ လုပ်တော့၊ ငါလည်း မင်းကို ဘယ်တုန်းကမှ နားလည်ခဲ့တာ မဟုတ်ဘူး။ "

"အဲဒီနေရာက တကယ်တော့ ပိုင်ရှင်မရှိတဲ့ နေရာပါပဲ။ ငါ မင်းကို အမိန့်စာ တစ်ခု ပေးလိုက်မယ်၊ မင်း တိုက်ရိုက် သွားလိုက်တော့။ ကြိုက်သလိုသာ လျှောက်လုပ်တော့"

"မြေငှားခလည်း ငါ မယူတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မင်း အဲဒီမှာ ကြာကြာ နေရမှာ မဟုတ်ဘူး"

လန်တင်းအင်မော်တယ်အရှင်က နောက်ဆုံးတွင်တော့ သဘောတူလိုက်၏။ သူ ထပ်ပြီး မတားတော့ဘဲ မင်းဖြစ်ချင်တာ ဖြစ်တော့ ဆိုသည့် ပုံစံမျိုး ဖြစ်သွားခြင်းပင်။

သို့သော် ထန်ထျန်း၏ နောက်ထပ် စကားတစ်ခွန်းက သူ့ကို သွေးတက်သွားစေပြန်သည်။

"မြေငှားခ မယူဘူးလား... "

"အဲဒါတော့ မဖြစ်ဘူးလေ"

"ဒီမြေငှားခကို... တပည့် အသေအချာ ပေးရပါလိမ့်မယ်"

ထန်ထျန်းက ခိုင်မာစွာ ပြောလိုက်လေတော့သည်။

All Chapters