လက်ညှိုးထိပ်မှ ခွန်အားနိယာမ
Vol. 34 Ch. 368
ထန်ထျန်း၏ စောင့်ကြည့်မှုအောက်တွင် ရွှေငါးလေးက အုတ်မြစ်ချခြင်း အဆင့်သို့ အောင်မြင်စွာ ချိုးဖျက် တက်လှမ်းသွားပြီးနောက် ရေကန်၏ ပိုမိုနက်ရှိုင်းသော နေရာသို့ ကူးခတ်သွားခဲ့၏။
ခြံဝင်းငယ်လေးအတွင်းရှိ ဤရေကန်မှာ သေးငယ်သည်မဟုတ်ဘဲ အနက် ဆယ်ဂဏန်းခန့် ရှိပေသည်။
အတွင်းရှိ ရေနေသတ္တဝါနှင့် အပင်အမျိုးမျိုးမှာ ထျန်းဖူနန်းတော်၏ နေ့စဉ် လွှမ်းမိုးမှုကြောင့် ခွန်အားကြီးမားသော ဝိညာဉ်သားရဲများနှင့် နတ်ဆိုးသားရဲများစွာ ရှိနေပေ၏။
၎င်းတို့အနက် အစွမ်းထက်ဆုံး အကောင်မှာ တက်လှမ်းခြင်း အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကာ မကြာမီ နတ်ဆိုးအင်မော်တယ်အဖြစ် ပြောင်းလဲတော့မည် ဖြစ်သည်။
ဤနေရာ၏ ပတ်ဝန်းကျင်မှာ အမှန်တကယ်ပင် သေးငယ်သော ကျင့်ကြံခြင်း ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေပြီး နိယာမများ၊ အဆင့်အတန်း ခွဲခြားမှုများမှာ အလွန်ပင် ပြည့်စုံလှပေသည်။
နောက်ပိုင်းတွင် ရွှေငါးလေးမှာ ဤကမ္ဘာငယ်လေးအတွင်း၌ သူ၏ ကံကြမ္မာ ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းရပေဦးမည်။
"ကံကြမ္မာရဲ့ သားတော်ပဲ"
ဤအရာအားလုံးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ထန်ထျန်းမှာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။
ဆန်စေ့ခန့်သာ ရှိသော ကမ္ဘာ့ကံကြမ္မာ အနည်းငယ်က သာမန်ငါးတစ်ကောင်ကို ဤမျှ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ပြောင်းလဲသွားစေနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျင့်ကြံခြင်း အဆင့် မြင့်မားလာသည်နှင့်အမျှ နှိုင်းယှဉ်ချက်အရ ကံကြမ္မာ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်း လျော့နည်းသွားနိုင်သော်လည်း ယခု အာနိသင်မှာပင် အလွန် ကမ္ဘာပျက်လောက်အောင် ပြင်းထန်လှပြီ ဖြစ်သည်။
တကယ်၍ ၎င်းကို လီဟုန်၏ ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုခဲ့လျှင် သူသည်လည်း လမ်းကြောင်းတိုင်းတွင် အဆင်ပြေချောမွေ့နေသော အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် လုံလောက်ပေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ နောက်တစ်ကြိမ်ကျမှသာ စဉ်းစားရတော့မည် ဖြစ်၏။
ကျန်ရှိနေသော သုံးစွဲမှုအမှတ်များဖြင့် ကျန်ရှိသည့် အမြင့်ဆုံး ရတနာ နှစ်မျိုးကို သူ ထပ်မံ ကြည့်ချင်သေးပေသည်။
စိတ်ကို ပြန်လည် စုစည်းပြီးနောက် ထန်ထျန်းက ဒုတိယမြောက် အမြင့်ဆုံး ရတနာကို အာရုံစိုက်လိုက်၏။
၎င်းမှာ "ကမ္ဘာ့နိယာမ" ပင် ဖြစ်သည်။
ထန်ထျန်းက စိတ်ကို တည်ငြိမ်အောင် ထားပြီး တိုက်ရိုက် လဲလှယ်လိုက်၏။
"ကမ္ဘာ့နိယာမ လဲလှယ်မှု အောင်မြင်ပါသည်"
စနစ်အသိပေးသံ ထွက်ပေါ်လာသည့်အခါ ယခင် လဲလှယ်မှုကဲ့သို့ပင် ထူးခြားသည့် ကမ္ဘာပျက်မည့် ဖြစ်စဉ်မျိုး ပေါ်မလာပေ။
သို့သော် ယခုတစ်ကြိမ်တွင် ထန်ထျန်းက ပတ်ဝန်းကျင် ကမ္ဘာကြီး၌ သေးငယ်သော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်ကို အသေအချာ ခံစားလိုက်ရသည်။
ဤပြောင်းလဲမှုမှာ အလွန် သိမ်မွေ့လှသော်လည်း ထန်ထျန်းကမူ လျင်မြန်စွာ ဖမ်းဆွဲနိုင်ခဲ့၏။
ကမ္ဘာ့နိယာမ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုမှာ သူ့ထံသို့ လက်ကမ်းလာသကဲ့သို့ပင်။
အနန္တတာအိုနိယာမ နယ်ပယ်ကို ဖြန့်ကြက်လိုက်သည့်အခါ ထိုသိမ်မွေ့သော အချက်ကို ဖမ်းဆွဲရန် ထန်ထျန်းအတွက် အလွန် လွယ်ကူသွားခဲ့သည်။
ထို့နောက် သူ၏ အကြည့်မှာ သူ့ လက်ညှိုးထိပ်တွင် ရပ်တန့်သွား၏။
"လက်ညှိုးထိပ်နဲ့ ပတ်သက်တဲ့ နိယာမ တစ်ခုလား"
"ဒီအခြေအနေအရဆိုရင်... ခွန်အားနဲ့ ပတ်သက်တဲ့ နိယာမ ဖြစ်ပုံရတယ်"
ထန်ထျန်း၏ မျက်လုံးများထဲတွင် စပ်စုလိုစိတ်နှင့် သံသယများ ပြည့်နှက်နေပေသည်။
ဤသည်မှာ သူ ကမ္ဘာ့နိယာမနှင့် အမှန်တကယ် ပထမဆုံးအကြိမ် ထိတွေ့ရခြင်း ဖြစ်၏။
ကမ္ဘာကြီးတစ်ခုလုံးတွင် နိယာမပေါင်း များစွာ တည်ရှိနေပေသည်။
ထန်ထျန်း၏ ခွဲခြမ်းစိတ်ဖြာချက်အရ သူ လဲလှယ်လိုက်သော နိယာမမှာ ခွန်အားနိယာမ အတွင်းရှိ အစိတ်အပိုင်း တစ်ခု ဖြစ်ဟန်တူ၏။
၎င်း၏ ပုံသဏ္ဌာန်မှာ လက်ညှိုးထိပ်ပင် ဖြစ်ပေလိမ့်မည်။
"ကြည့်ရတာ... သိပ်ပြီးတော့လည်း ထူးထူးခြားခြား မရှိသလိုပဲ"
သူ့ လက်ညှိုးထိပ်ကို ကြည့်ရင်း ထန်ထျန်းမှာ ထူးခြားသော ခံစားချက်မျိုး မရရှိပေ။
သို့သော် အစွမ်းရှိမရှိ ဆိုသည်မှာ စမ်းသပ်ကြည့်မှသာ သိနိုင်မည် မဟုတ်ပါလား။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ကြမ်းပြင်ကို အာရုံစိုက်ကာ လက်ညှိုးဖြင့် တစ်ချက် ထိုးလိုက်၏။
မည်သည့် ထူးခြားဖြစ်စဉ်မျှ ဖြစ်မလာပေ။
မည်သည့် တာအိုပညာရပ် လှိုင်းအငွေ့အသက်မျှလည်း ထွက်မလာသလို အင်မော်တယ် စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများမှာလည်း ငြိမ်သက်နေဆဲပင်။
သာမန်လူတစ်ယောက်က ကြမ်းပြင်ကို လက်ညှိုးဖြင့် ကျပန်း ထိုးလိုက်သကဲ့သို့သာ ဖြစ်၏။
သို့သော် နောက်ပိုင်းတွင် ဖြစ်ပျက်လာသော အရာကမူ ထန်ထျန်းကို တစ်ဖန် မျက်လုံးအပြူးသား ဖြစ်သွားစေခဲ့ပြန်သည်။
သူ၏ လက်ညှိုးထိုးချက်မှာ သာမန်ကာလျှံကာ ဖြစ်ပြီး မည်သည့် ထူးခြားမှုကိုမျှ မမြင်ရသော်လည်း ကျင့်ကြံခြင်းအခန်းရှိ ကျောက်ပြား ကြမ်းပြင်မှာမူ မည်သည့် ရှေ့ပြေးနိမိတ်မျှ မရှိဘဲ ရုတ်တရက် ပြိုကျသွားခဲ့၏။
"ဘုန်း"
တိုးညှင်းသော အသံနှင့်အတူ မြေကြီးမှာ တုန်ခါသွားခဲ့သည်။
မီတာအနည်းငယ် ကျယ်သော စက်ဝိုင်းပုံ ကျင်းကြီးတစ်ခုမှာ ထန်ထျန်း၏ လက်ညှိုးကြောင့် ချက်ချင်း ပေါ်ပေါက်လာပြီး မြေအောက် အနက်ပိုင်းသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန့်နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမရှိသော မှောင်မည်းသည့် တွင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့တော့သည်။
ထန်ထျန်းမှာ နေရာတင် မှင်တက်သွား၏။
အဘယ်ကြောင့်ဆိုသော် ဤဖြစ်စဉ်တစ်ခုလုံးတွင် သူက အင်မော်တယ် စွမ်းအား တစ်စက်မျှ မသုံးခဲ့သလို ဝိညာဉ်အစွမ်းကိုလည်း အသုံးမပြုခဲ့သောကြောင့် ဖြစ်သည်။
သာမန်အတိုင်း ကြမ်းပြင်ကို လက်ညှိုးဖြင့် ထိုးလိုက်ရုံသာ ရှိသေး၏။
သို့သော် ထိုမျှနှင့်ပင် အစီအရင်ပေါင်း ဆယ်ဂဏန်းခန့်ဖြင့် အားဖြည့်ထားသော ကျင့်ကြံခြင်းအခန်း ကြမ်းပြင်မှာ တိုက်ရိုက် ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။
ထျန်းဖူတောင်ပင်လျှင် ဤအရှိန်အဝါကို မတားဆီးနိုင်ဘဲ ရေမြှုပ်ကဲ့သို့ တိုက်ရိုက် ထိုးဖောက်ခံလိုက်ရ၏။
အသက်ရှူသံ အနည်းငယ် ကုန်လွန်သွားချိန်တွင် ထိုမြေတွင်းမှာ အဆုံးမရှိ နက်ရှိုင်းသွားခဲ့ရာ ၎င်းက မည်သည့်နေရာအထိ ရောက်သွားသည်ကို ထန်ထျန်းပင် မသိနိုင်တော့ပေ။
အခန်းတစ်ခုလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော ခွန်အားဒဏ်ကို မခံနိုင်တော့ဘဲ ပြိုလဲလုနီးပါး ဖြစ်လာသည့် အချိန်မှသာ ထန်ထျန်းမှာ သတိဝင်လာပြီး သူ၏ လက်ညှိုးကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ရသည်။
မီတာ တစ်ထောင်ခန့် နက်ရှိုင်းမည်ဟု ခန့်မှန်းရသော မြေတွင်းကြီးကို ကြည့်ရင်း ထန်ထျန်းမှာ စကားမရှိ ဖြစ်နေမိ၏။
ဤအရာက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်။
ဤသို့သော နည်းလမ်းမျိုးမှာ အင်မော်တယ် အဆင့်ရှိ ကျင့်ကြံသူများ၏ အစွမ်းထက်မှုကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။
အင်မော်တယ်အရှင်ကို ထားလိုက်ပါတော့၊ အင်မော်တယ်ဧကရာဇ် ကိုယ်တိုင် ရောက်လာလျှင်ပင် ဤအရာ၏ ရှေ့တွင် ပေါ့ပေါ့ဆဆ နေဝံ့လိမ့်မည် မဟုတ်ပေ
ဒါက ကမ္ဘာ့နိယာမရဲ့ စွမ်းရည်လား
ထန်ထျန်းမှာ နေရာတွင်ပင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်နေမိ၏။
ခွန်အားနိယာမ၏ သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုတည်းကပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဆိုလျှင် စစ်မှန်ပြီး ပြည့်စုံသော ခွန်အားနိယာမကြီးမှာ မည်သို့သော အခြေအနေမျိုး ရှိမည်နည်း။
သူ အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း ပုံဖော်ရန်ပင် မဖြစ်နိုင်သည်ကို တွေ့လိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် စစ်မှန်သော ကမ္ဘာ့နိယာမ ဟူသည်မှာ သူ၏ သိနားလည်နိုင်စွမ်း နယ်ပယ်ကို လုံးဝ ကျော်လွန်နေသောကြောင့် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ အင်မော်တယ်ဧကရာဇ်ထက် မြင့်မားသော တည်ရှိမှုမျိုး ဖြစ်လာမှသာ ၎င်းကို အမှန်တကယ် နားလည်နိုင်ပေလိမ့်မည်။
ဤအချက်ကို သဘောပေါက်သွားပြီးနောက် ထန်ထျန်းမှာ ပို၍ စိတ်ပေါ့ပါးသွားခဲ့၏။
မည်သို့ပင်ဆိုစေ ဤနိယာမမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အမှန်တကယ် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် နိယာမ စွမ်းအားမှာ ဝိညာဉ်စွမ်းအား မလိုသလို အင်မော်တယ် စွမ်းအား လည်း မလိုအပ်ပေ။
စိတ်က ရည်ရွယ်သည်နှင့် စွမ်းအားက ရောက်ရှိလာပေသည်။
ဤနည်းလမ်းမှာ ယခုအဆင့်တွင် အနန္တတာအိုနိယာမ နယ်ပယ်ကိုပင် ကျော်လွန်ကာ သူ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက် ဖြစ်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။
လက်ညှိုးထိပ်မှ ခွန်အားနိယာမအောက်တွင် အင်မော်တယ်ဧကရာဇ်ပင်လျှင် တားဆီးနိုင်လိမ့်မည် မဟုတ်ဟု ထန်ထျန်း ယုံကြည်ပေသည်။
"ပစ္စည်းကောင်းပဲ"
"စောစောက ကံကြမ္မာထက်စာရင် ဒါက ပိုပြီး လက်တွေ့ကျတယ်"
ထန်ထျန်း စိတ်ထဲမှ ရေရွတ်လိုက်၏။
သို့သော် ကမ္ဘာ့ကံကြမ္မာသည်လည်း အလွန် ထူးခြားသည့် အရာဖြစ်သည်ကို သူ သိပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အရာများကို စုဆောင်း၍ ရသောကြောင့် ဖြစ်၏။
ဆန်စေ့ခန့်ရှိသော ကမ္ဘာ့ကံကြမ္မာ တစ်ခုတည်းကပင် နာရီဝက်အတွင်း သာမန် ရွှေငါးလေးတစ်ကောင်၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်ခဲ့သည်။
တကယ်၍ ပိုများလာလျှင်ကော
အခု တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း ဆိုလျှင်ကော
ထိုမျှ များပြားသော ကမ္ဘာ့ကံကြမ္မာက မည်သို့သော ကမ္ဘာပျက်မည့် ရလဒ်မျိုးကို ဖန်တီးပေးမည်ဆိုသည်ကို ထန်ထျန်း စိတ်ပင် မကူးနိုင်တော့ပေ။
ထို့ပြင် ထိုမျှ များပြားသော သုံးစွဲမှုအမှတ်များကို သူ စုဆောင်းနိုင်မည်ဟုလည်း ယုံကြည်ချက် ရှိပေသည်။
"ဟူး..."
လက်ညှိုးထိပ်မှ ခွန်အားနိယာမကို စမ်းသပ်ပြီးနောက် ထန်ထျန်းက ရှေ့ရှိ မီတာတစ်ထောင်နက်သော မြေတွင်းကြီးကို ကြည့်ကာ အခက်တွေ့နေမိ၏။
ကြည့်ရသည်မှာ ဤနေရာကို တခြားသူများ ဝင်ခွင့်ပေး၍ မဖြစ်တော့ပေ။
မဟုတ်ပါက သူတို့က မြေတွင်း၏ ထူးခြားချက်ကို သေချာပေါက် သိရှိသွားကြပေလိမ့်မည်။
ထိုအခါ ပြဿနာများ ရောက်လာနိုင်ပေသည်။
ကံကောင်းသည်မှာ သူ ထျန်းဖူနန်းတော်တွင် ရှိနေသမျှ ကာလပတ်လုံး သူ၏ ဤကျင့်ကြံခြင်းအခန်းအတွင်းသို့ မည်သူမျှ ပေါ့ပေါ့ဆဆ ဝင်လာလိမ့်မည် မဟုတ်ပေ။
"လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ရမှာပဲ"
"တစ်နေ့ကျမှ အကြောင်းပြချက် တစ်ခုခုရှာပြီး ပြန်ဖို့လိုက်မယ်"
ထန်ထျန်းက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားပြီးနောက် စနစ်အတွင်းရှိ နောက်ဆုံး အမြင့်ဆုံး ရတနာကို ကြည့်လိုက်၏။
၎င်းမှာ "ကမ္ဘာ့မူလ" ပင် ဖြစ်သည်။