← Chapters

ကမ္ဘာ့မူလ စွမ်းအား

Vol. 34 Ch. 369

ကမ္ဘာ့မူလ စွမ်းအား

Vol. 34 Ch. 369

ယခင် နှစ်ကြိမ်က အတွေ့အကြုံများ ရှိထားသဖြင့် ထန်ထျန်းက နောက်ဆုံးကျန်ရှိသော ဤ "ကမ္ဘာ့မူလ" အပေါ် ပေါ့ဆသော စိတ် လုံးဝမရှိတော့ပေ။

ဤအမြင့်ဆုံး ရတနာများမှာ အပေါ်ယံကြည့်လျှင် သာမန်ကာလျှံကာဟု ထင်ရသော်လည်း လက်တွေ့တွင်မူ လူကို လန့်သေစေနိုင်လောက်သည့် စွမ်းရည်များ ရှိကြပေသည်။

တာအိုကျောက်စိမ်း သန်း ၁၀၀ ဖြင့် လဲလှယ်နိုင်သည်မှာ အမှန်တကယ်ပင် များစွာ မြတ်လှ၏။

ထန်ထျန်းက မြေတွင်းနက်ကြီး၏ ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ စိတ်ကို အဆင်သင့် ပြင်ပြီးနောက် နောက်ဆုံးတစ်ကြိမ် လဲလှယ်မှုကို လုပ်လိုက်သည်။

"ကမ္ဘာ့မူလ လဲလှယ်မှု အောင်မြင်ပါသည်"

ရင်းနှီးနေသော စနစ်အသိပေးသံ ထွက်ပေါ်လာ၏။

ယခင်ကဲ့သို့ပင် ထူးခြားဆန်းပြားသည့် ဖြစ်စဉ်မျိုး လုံးဝ မရှိပေ။

ထန်ထျန်း ငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်ဖဝါးပေါ်တွင် လက်သီးဆုပ်ခန့်ရှိပြီး မီးခိုးရောင် သန်းနေသော အလင်းလုံးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မည်သည့် ထူးခြားဖြစ်စဉ်မှ မရှိပေ။

မည်သည့် အငွေ့အသက်မှ မရှိသလို မည်သည့် အရှိန်အဝါမျိုးလည်း မရှိပေ။

"ဒီလိုမျိုးပဲ ထပ်ဖြစ်ပြန်ပြီလား"

ထန်ထျန်း စိတ်နည်းနည်း ပင်ပန်းသွားသလို ခံစားလိုက်ရ၏။

သူ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများအရ သူ့ကိုယ်သူ အမြင်ကျယ်သူတစ်ယောက်ဟု ထင်ခဲ့မိသည်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့် ပုဂ္ဂိုလ်ကြီးဖြစ်သော လအင်မော်တယ် ၏ အိပ်ခန်းထဲအထိပင် သူ ရောက်ဖူးခဲ့သည် မဟုတ်ပါလား။

သို့သော် ယနေ့ ဤအမြင့်ဆုံး ရတနာ သုံးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ လုံးဝ အားကိုးရာမဲ့သွားခဲ့ရ၏။

တစ်ခုကိုမှ သူ နားမလည်ပေ

ဤကမ္ဘာ့မူလကိုမူ သူ သာမန်အတိုင်း လေ့လာရန်ပင် မဖြစ်နိုင်ပေ။

၎င်း၏ အသေးစိတ် အခြေအနေကို သိလိုပါက ယခင်က ကမ္ဘာ့ကံကြမ္မာကို စမ်းသပ်ခဲ့သလို ကျပန်း စမ်းသပ်ချက်တစ်ခု လုပ်ကြည့်မှသာ ရပေလိမ့်မည်။

သို့သော် ထန်ထျန်း ထိုမျှအထိ ပေါ့ပေါ့ဆဆ မလုပ်လိုပေ။

ဘာပဲဖြစ်ဖြစ် တာအိုကျောက်စိမ်း သန်း ၁၀၀ ပေးခဲ့ရသည် မဟုတ်ပါလား။

ရှေ့မှ မီးခိုးရောင် အလင်းလုံးကို ကြည့်ရင်း ထန်ထျန်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိ၏။

ရုတ်တရက် သူ၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။

"ငါ မသိပေမဲ့ ကြောင်လေး မသိဘူးလို့ မပြောနိုင်ဘူးလေ"

"သူက ကမ္ဘာ့ဝိညာဉ်ပဲဟာ၊ ဒီလိုမျိုး ကမ္ဘာ့အမြင့်ဆုံး ရတနာတွေနဲ့ ပတ်သက်ရင် သူ သေချာပေါက် သိမှာပဲ"

ထန်ထျန်း သူ့နဖူးကို သူ ပြန်ရိုက်လိုက်မိ၏။

စနစ်နှင့် ပတ်သက်သော ကိစ္စများမှာ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သဖြင့် လဲလှယ်ခြင်း သို့မဟုတ် လေ့လာ လုပ်ခြင်းများကို သူ တစ်ယောက်တည်းသာ လျှို့ဝှက် လုပ်လေ့ ရှိသည်။

၎င်းမှာ အန္တရာယ်ကင်းစေရန် ဖြစ်၏။

သို့သော် ယခုမူ ကမ္ဘာ့မူလကို လဲလှယ်ပြီးသား ဖြစ်သဖြင့် ယုံကြည်ရသော သူတစ်ဦးထံတွင် သွားရောက် မေးမြန်းရန်သာ လိုတော့ပေသည်။

"တကယ်ပါပဲ"

"ဒီလိုမှန်းသိရင် စောစောက ကမ္ဘာ့ကံကြမ္မာကို အလဟဿ အကုန်မခံပါဘူး"

ထန်ထျန်းက ကမ္ဘာ့ကံကြမ္မာကို ဖြုန်းတီးလိုက်မိသည့် သူ၏ လုပ်ရပ်အပေါ် နောင်တရနေဆဲ ဖြစ်သည်။

သူ့ကိုယ်သူ ပြန်လည် ဝေဖန်ပြီးနောက် သူက ထူးဆန်းသော ဥအတွင်းရှိ နေရာလွတ် ထဲသို့ ချက်ချင်း ဝင်လိုက်၏။

မကြာမီမှာပင် သူက ခရစ်စတယ် ရုပ်တုနှင့် မလှမ်းမကမ်းတွင် တစ်ကိုယ်တည်း ဆော့ကစားနေသော ကြောင်လေးကို တွေ့လိုက်ရသည်။

"ဟေး... အဘိုးကြီးထန်"

"မင်း ငါ့ကို အခုတလော ခဏခဏ လာရှာနေပါလား"

"မင်း ငါ့ကို ချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်"

ကြောင်လေးက ပေါ့ပျက်ပျက်နှင့် ပြောရင်း ထန်ထျန်းထံသို့ ခုန်အုပ်လိုက်၏။

သို့သော် ထန်ထျန်းနှင့် မီတာအနည်းငယ်အကွာသို့ ရောက်သည့်အခါ ၎င်းက လေထဲတွင်ပင် ရုတ်တရက် ရပ်တန့်သွားပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ဟာ... မင်း..."

"မင်း ဘာတွေ လုပ်လိုက်တာလဲ?"

"မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာလို့ နိယာမတွေ ရှိနေရတာလဲ"

ကြောင်လေးက သရဲမြင်သကဲ့သို့ မျက်လုံးအပြူးသားဖြင့် အော်ဟစ်လိုက်၏။

၎င်း၏ တုံ့ပြန်မှုကို ကြည့်ပြီး ထန်ထျန်းက ညင်သာစွာ ပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤကောင်လေးမှာ ကမ္ဘာ့အမြင့်ဆုံး ရတနာများနှင့် ပတ်သက်လျှင် အလွန် အာရုံခံနိုင်စွမ်း မြင့်မားလှပေသည်။

"မင်း သိသွားပြီလား"

ထန်ထျန်းက ပြုံး၍ မေးလိုက်၏။

ကြောင်လေးက ခေါင်းညိတ်ပြပြီးနောက် ထန်ထျန်းအနီးသို့ သတိထားကာ ချဉ်းကပ်လာပြီး ပတ်ပတ်လည်ကို နမ်းကြည့်ကာ လှည့်ပတ်ကြည့်နေပေသည်။

သို့သော် ၎င်း၏ မျက်နှာမှာ ပို၍ ပို၍ ဇဝေဇဝါ ဖြစ်လာခဲ့၏။

"မဟုတ်သေးဘူး"

"ဒါ မဖြစ်နိုင်ဘူးလေ"

၎င်းက ခေါင်းကို တရစပ် ခါယမ်းနေမိသည်။

ထန်ထျန်းလည်း စပ်စုလိုစိတ် ပေါ်လာပြီး "ဘာဖြစ်လို့လဲ"

ကြောင်လေးက ထန်ထျန်းကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ "မင်းက တကယ်ပဲ နိယာမ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသလိုပဲ"

"ဒါပေမဲ့ မင်းလို အဆင့်နိမ့်တဲ့ ကျင့်ကြံသူလေးက ဘယ်လိုလုပ်ပြီး အဲဒီလို အဆင့်ရှိတဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ"

ထန်ထျန်း : ...

"အဆင့်နိမ့်တဲ့ ကျင့်ကြံသူ" ဟူသော ခေါ်ဝေါ်မှုကို သူ အလွန် မကျေမနပ် ဖြစ်သွားခဲ့၏။

ကြောင်လေးက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး "ဒီလိုရှိတယ်"

"အခုတလော ငါ ကြီးထွားလာတာနဲ့အမျှ ငါ့ရဲ့ မှတ်ဉာဏ်တွေကလည်း ပိုပြီး နိုးထလာတယ်"

"အဲဒီ မှတ်ဉာဏ် အပိုင်းအစတွေထဲမှာ လောကသားတွေကို ငုံ့ကြည့်နိုင်တဲ့ အထူး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို ငါ မြင်ခဲ့ရတယ်"

"အဲဒီလို ပုဂ္ဂိုလ်ကြီးတွေက ခြေတစ်ချက် ဆောင့်လိုက်ရုံနဲ့ ကမ္ဘာကြီးကို တုန်ခါသွားစေနိုင်တာ။ "

"သူတို့ရဲ့ သန်မာမှုက မင်း မြင်ဖူးဖို့နေနေသာသာ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အဆင့်မှာ ရှိတာ"

ထန်ထျန်း မေးစေ့ကို ပွတ်လိုက်ရင်း "လအင်မော်တယ် ထက်တောင် သန်မာတာလား"

ကြောင်လေး၏ မျက်နှာ ချက်ချင်း ပျက်သွားခဲ့သည်။ "မင်းကလည်း မဆိုင်တာတွေ ပြောပြန်ပြီ"

"ငါ ပြောချင်တာက အဲဒီလို အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေမှသာ စစ်မှန်တဲ့ ကမ္ဘာ့နိယာမကို ထိန်းချုပ်နိုင်စွမ်း ရှိတာ"

"မင်းကတော့..."

"ငါ မင်းကို နှိမ်ပြောတာ မဟုတ်ဘူးနော်။ အင်မော်တယ် အဆင့်ရှိတဲ့ ကျင့်ကြံသူတွေက အဲဒီလို အရာတွေနဲ့ ထိတွေ့ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အင်မော်တယ်ဧကရာဇ် တောင်မှ အဲဒီအတွက် ဝေးလွန်းနေသေးတာ"

"အဲဒါကြောင့် ငါ ဘာလို့ ဒီလောက် အံ့သြသွားလဲဆိုတာ မင်း နားလည်ပြီလား"

ထန်ထျန်းက ပခုံးတွန့်လိုက်၏။ အမှန်တကယ်တော့ ကြောင်လေး ပြောသည်မှာ မမှားပေ။

သူက လက်ညှိုးထိပ်မှ ခွန်အားနိယာမကို ပိုင်ဆိုင်ထားသော်လည်း ၎င်း၏ အနှစ်သာရကိုမူ အစအနပင် မသိသေးပေ။

၎င်းက ကမ္ဘာကြီးကို မည်သို့ ပြောင်းလဲစေသည်ဆိုသည်ကိုပင် သူ မသိပေ။

ယခု သူ၏ အခြေအနေမှာ ရှေးခေတ် လူတစ်ယောက်က စွမ်းအားမြင့် လျှပ်စစ်သံလိုက် အမြောက်ကြီး တစ်ခုကို မတော်တဆ ရရှိထားသကဲ့သို့ပင်။

မည်သို့ အသုံးပြုရမည်ကို သိသော်လည်း ၎င်း၏ နိယာမကိုမူ မသိပေ။

သို့သော် ထန်ထျန်း ထိုအချက်ကို စိတ်မပူပေ။ နောက်ပိုင်းတွင် သူ ပို၍ သန်မာလာပါက အလိုအလျောက် နားလည်လာလိမ့်မည် ဖြစ်၏။

ယခု သူ ပို၍ သိချင်နေသည်မှာ ဤ "ကမ္ဘာ့မူလ" ဆိုသည်မှာ အဘယ်အရာ ဖြစ်သလဲ ဆိုသည်ပင်။

"ဒါတွေကို ခဏထားလိုက်ဦး၊ ငါ မင်းကို ပစ္စည်းတစ်ခု စစ်ဆေးခိုင်းမလို့ လာခဲ့တာ"

ထန်ထျန်းက ပြောလိုက်၏။

"အိုး... ဒီကမ္ဘာမှာ မင်း မသိတဲ့ အရာ ရှိနေသေးတာလား"

ကြောင်လေးက ဟန်ဆောင်ပန်ဆောင် အံ့သြပြလိုက်၏။

ထန်ထျန်းက ၎င်းကို ဂရုမစိုက်ဘဲ မီးခိုးရောင် အလင်းလုံးကို ထုတ်ပြလိုက်သည်။

ကြောင်လေးက အစတွင် အရေးမလုပ်ဟန် ပြသော်လည်း ထန်ထျန်း၏ လက်ဖဝါးပေါ်ရှိ အရာကို သေချာ မြင်လိုက်ရသည့်အခါ လန့်ပြီး ခုန်တက်သွားကာ တစ်ကိုယ်လုံးရှိ အမွှေးများမှာလည်း ထောင်ထသွားခဲ့တော့သည်။

"ဟာ သွားပြီ"

"မူလ စွမ်းအား လား"

၎င်း၏ အသံပင် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။

"မင်း ဒါကို သိတာလား"

ထန်ထျန်းက ပြုံးလိုက်၏။ လူရှာမှန်သွားပြီဟု သူ သိလိုက်သည်။

ကြောင်လေးက ကြောင်တောင်တောင်နှင့် ခေါင်းညိတ်ပြပြီးနောက် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ထန်ထျန်းကို ကြည့်လိုက်၏။

"အစ်ကိုကြီး... မင်း ဒါကို ဘယ်ကနေ ရလာတာလဲ"

"နိယာမ စွမ်းအား၊ ပြီးတော့ မူလ စွမ်းအား"

"ဒါတွေက ကမ္ဘာကြီးရဲ့ အခြေခံအကျဆုံး ဗဟိုချက် စွမ်းအားတွေပဲလေ"

"မင်းရဲ့ အခု အဆင့်နဲ့ ဒါတွေကို ဘယ်လိုလုပ်ပြီး ထိတွေ့နိုင်ရတာလဲ"

"ဒါက အဆင့်ကျော်တာ များလွန်းနေပြီ"

ကြောင်လေးမှာ အသက်ကို လုရှူနေရပြီး မွန်းကျပ်နေသကဲ့သို့ပင် ဖြစ်နေ၏။

ကမ္ဘာ့မူလ စွမ်းအားကို မြင်တွေ့ရသည့် ၎င်း၏ တုံ့ပြန်မှုမှာ စောစောက နိယာမ စွမ်းအားကို မြင်ရစဉ်ကထက်ပင် ပို၍ ပြင်းထန်လှပေသည်။

"ဒါက ဘာအတွက် သုံးတာလဲ"

ထန်ထျန်းက မေးလိုက်၏။

ကြောင်လေးက ကမ္ဘာ့မူလကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ သတိပြန်ဝင်လာကာ အသံတုန်တုန်နှင့် ပြောလိုက်သည်။ "တစ်နည်းအားဖြင့် ပြောရရင်"

"ဒါဟာ... ကမ္ဘာကြီးပဲ"

ထန်ထျန်းမှာ မှင်တက်သွား၏။

"ကမ္ဘာကြီးလား"

ကြောင်လေး တစ်ခုခု လျှောက်ပြောနေသည်ဟု သူ ခံစားလိုက်ရသည်။

မည်မျှပင် အစွမ်းထက်ပါစေ၊ စွမ်းအား တစ်မျိုးသာ ဖြစ်သင့်သည် မဟုတ်ပါလား။

သို့သော် ကြောင်လေးကမူ နောက်ပြောင်နေသည့် အရိပ်အယောင် လုံးဝ မရှိပေ။

"ဟုတ်တယ်"

"ဒါ ရှိမှ ကမ္ဘာဆိုတာ ရှိလာတာ။ "

"ဒါ မရှိရင် ကမ္ဘာဆိုတာလည်း တည်ရှိမှာ မဟုတ်ဘူး"

"မူလ စွမ်းအားဆိုတာ ကမ္ဘာကြီးရဲ့ ကိုယ်ထည်ကိုယ်တိုင်ပဲလို့ ပြောလို့ရတယ်။ "

"ကမ္ဘာထဲမှာ ရှိသမျှ ဘယ်အရာကိုမဆို သူက ပြောင်းလဲပေးနိုင်တယ်။ အင်မော်တယ် စွမ်းအား၊ နတ်ဆေး ၊ မွေးရာပါ ရတနာ၊ ဝိညာဉ် အထိတောင် သူက ဖန်တီးပေးနိုင်တယ်"

ကြောင်လေးက မီးခိုးရောင် အလင်းလုံးကို ကြည့်ရင်း ပြောလိုက်သည်။ "ဒီလောက် သေးငယ်တဲ့ အစက်လေးကိုသာ ငါ စားလိုက်ရမယ်ဆိုရင် ဒီ လျိုလီကမ္ဘာ ရဲ့ ဧရိယာက ချက်ချင်းကို အဆအများကြီး ကျယ်ပြန့်သွားလိမ့်မယ်"

"ငါလည်း အဆင့်တက်ဖို့အတွက် အချိန်တွေ၊ အားအင်တွေ အများကြီး သက်သာသွားလိမ့်မယ်"

ထန်ထျန်း အနည်းငယ် အံ့သြသွား၏။

ဪ... ဤကဲ့သို့သော စွမ်းရည်မျိုး ရှိသည်ကိုး။

ကြည့်ရသည်မှာ ကြောင်လေးအတွက် ပို၍ အသုံးဝင်ပုံရပေသည်။

"တကယ်လား"

"ဒါဆို ငါ နောက်ပိုင်းမှာ မင်းအတွက် စားစရာတွေ လိုက်ရှာပေးနေရတဲ့ ဒုက္ခကနေ ကင်းသွားပြီပေါ့"

ထန်ထျန်းက နောက်ပြောင်လိုက်၏။

သို့သော် ကြောင်လေး၏ မျက်နှာမှာမူ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပေသည်။

"မူလ စွမ်းအားက ငါ့ကို အဆင့်တက်စေဖို့ အကောင်းဆုံး အရာဖြစ်တာ မှန်ပေမဲ့"

"ငါ့မှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိတယ်"

၎င်း၏ အကြည့်မှာ ထူးဆန်းသော ဥအတွင်းရှိ နေရာလွတ် ထဲတွင် အသစ်ပေါ်ပေါက်လာသော "မူလ တိုက်ကြီး" ဆီသို့ ရောက်ရှိသွားခဲ့သည်။

All Chapters