အခန်း (၁၈၄)
Vol. 19 Ch. 184
အခန်း။ ၁၈၄
ဤနေ့တွင် အစွန်းရောက်လက်သီးဂိုဏ်းတစ်ခုလုံး လူအုပ်ကြီးဖြင့် ပြည့်နှက်နေတော့သည်။
ဧည့်သည်တော်များအတွက် အမိုးအကာများမှာ တစ်မိုင်ခန့်အထိ ရှည်လျားစွာ တည်ဆောက်ထားသည်။ သစ်သားစားပွဲများပေါ်တွင် ဆန်ပြုတ်၊ အသားပြုတ်၊ ပေါက်စီနှင့် မုန့်ပြားများအပြင် ရံဖန်ရံခါတွင် ကြက်သားနှင့် နံရိုးကဲ့သို့သော ဟင်းလျာကြီးများကိုပါ ထည့်သွင်းကျွေးမွေးထားသည်။ မြို့သူမြို့သားများမှာ ထိုကျွေးမွေးဧည့်ခံမှုကို စားသုံးရန် ဆယ်မိုင်ခန့်အထိ တန်းစီစောင့်ဆိုင်းနေကြသည်။
ယခုကာလတွင် ဆန်ဈေးနှုန်းများမှာ တရိပ်ရိပ်တက်နေပြီး ချမ်းသာသော အိမ်တော်ကြီးများပင် ချွေတာသုံးစွဲနေရချိန်ဖြစ်ရာ အစွန်းရောက်လက်သီးဂိုဏ်းကဲ့သို့ ရက်ရက်ရောရော ကျွေးမွေးသူမှာ ရှားပါးလှသည်။ အမှန်စင်စစ် ဤသည်မှာ လေးလံသောဓားဂိုဏ်းကို သိမ်းပိုက်ပြီးနောက် ရရှိလာသော ကြွယ်ဝမှုများကြောင့်ဖြစ်ပြီး ဂိုဏ်း၏ ဂုဏ်သတင်းကို မြှင့်
တင်ရန်အတွက် ယခုကဲ့သို့ ခမ်းနားစွာ စီစဉ်ထားခြင်းပင်။
အတွင်းဘက်တွင်မူ အနီရောင်ပုဆိုးများ ခင်းထားသည့် ဝိုင်းကြီးများပေါ်၌ ဝက်သားနီချက်၊ ငါးချဉ်စပ်၊ ဗုဒ္ဓနံရံကျော်ဟင်းလျာ၊ ဝက်သားလုံးဟင်းနှင့် ကြက်သွန်ဖြူ ပုစွန်ကြာဇံချက် စသည့် အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။
ဂိုဏ်း၏အဝင်ဝတွင် လုံယီနှင့် အကြီးအကဲကျန်းတို့မှာ ဝတ်စုံနီအသစ်စက်စက်များကို ဝတ်ဆင်ကာ ရောက်ရှိလာသော ဧည့်သည်များကို ကြိုဆိုနေကြသည်။
“ဂုဏ်ယူပါတယ်... ဂိုဏ်းချုပ်လုံ”
“ဟွမ်မိသားစု ခေါင်းဆောင်ကြီး ရောက်ရှိလာတာ ကျွန်တော်တို့ရဲ့ အိမ်ဂေဟာလေးအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ”
“ဂိုဏ်းချုပ်လုံဟာ လူငယ်သူရဲကောင်းပီပီ ဝမ်ကျန်းတစ်ခွင်မှာ နာမည်ကြီးနေတာပဲဗျို့”
“မြေပိုင်ရှင်ကြီးလုံ... ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်က ဒီလောက်အထိ မဟုတ်ပါဘူး”
တံခါးဝရှိ ဧည့်ကြို၏ လက်ဆောင်စာရင်း ဖတ်ကြားသံမှာလည်း မပြတ်တမ်း ထွက်ပေါ်နေတော့သည်။
“ဟွမ်မိသားစုမှ ဂိုဏ်းချုပ်လုံ ရာထူးတက်ခြင်းအတွက် ငွေ တစ်ထောင်၊ အဆင့်မြင့် ကျောက်စိမ်းသော့ ၈ စုံ၊ အဆင့်မြင့် ပိုးထည် အလိပ်တစ်ရာ... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
“မြေပိုင်ရှင်ကြီးလုံနှင့် မိသားစုမှ ငွေ ငါးရာ၊ အဆင့်မြင့် ဝိညာဉ်သားရဲအသား ပေါင်နှစ်ရာ... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
“ယွမ်မိသားစုမှ ငွေ တစ်ထောင်... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
အစွန်းရောက်လက်သီးဂိုဏ်း၏ အပြင်ဘက်တွင် စောင့်ကြည့်နေသော မြို့သူမြို့သားများမှာ ထိုလက်ဆောင်စာရင်းများကို နားထောင်ရင်း သူတို့တစ်သက် မမြင်ဖူးသော ကြွယ်ဝမှုများကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
“ဒုတိယဂိုဏ်းချုပ်ဖြစ်တာတင် ဒီလောက် လက်ဆောင်တွေ အထုပ်အပိုးလိုက် ရနေရင် နောက်ထပ် ဒုတိယဂိုဏ်းချုပ် နှစ်ယောက်လောက် ထပ်ခန့်ပြီး အခမ်းအနားတွေ ခဏခဏလုပ်ရင် ငါတို့ သူဌေးဖြစ်တော့မှာပဲ မဟုတ်လား”
“မင်းကတော့ ရူးနေတာပဲ။ ဒုတိယဂိုဏ်းချုပ်တိုင်းက လုံယီလို ပါရမီမျိုး ရှိမယ်များ မှတ်နေလား”
“ဟုတ်ပဗျာ ဂိုဏ်းချုပ်လုံသာ အဲဒီလောက်အထိ အံ့ဩစရာ မကောင်းခဲ့ရင် အရွယ်မတိုင်ခင်မှာတင် ဒဏ္ဍာရီထဲက ပုဂ္ဂိုလ်တွေလို သိုင်းဆရာကြီးတစ်ယောက်ကို အနိုင်မယူခဲ့ရင် ဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်းတွေက လာပြီး ထောက်ခံအားပေးကြပါ့မလား”
လူအများ ဝိုင်းဝန်းဆွေးနွေးနေကြစဉ် တံခါးစောင့်၏ လက်ဆောင်ကြေညာသံမှာ ဆက်လက်
ထွက်ပေါ်နေဆဲပင်။
“ကျန်းမိသားစုအိမ်တော်သခင်နှင့် သားဖြစ်သူမှ ဂိုဏ်းချုပ်လုံ ရာထူးတက်ခြင်းအတွက် ငွေ တစ်သောင်း၊ အဆင့်မြင့် ပိုးထည် အလိပ်ရှစ်ရာ... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
“ဟား...”
ကျန်းမိသားစု၏ လက်ဆောင်စာရင်းကို ကြားလိုက်ရသည့်အခါ လူတိုင်း အသက်ရှူမှားမတတ် အံ့ဩသွားကြသည်။ ငွေတစ်သောင်းဆိုသည့် ပမာဏမှာ မြို့စားမင်း၏ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲတွင်ပင် ဤမျှ ခမ်းနားကြီးကျယ်မှုမျိုး တစ်ခါဖူးမျှ မမြင်ဖူးခဲ့ကြချေ။
“ဂိုဏ်းချုပ်လုံ... ဂိုဏ်းချုပ်ရာထူး လက်ခံရရှိတာ ဂုဏ်ယူပါတယ်ကွယ်။ မင်းတို့ဂိုဏ်းနဲ့ ငါတို့ကျန်းမိသားစုတို့ ထာဝရ မိတ်ဖက်ဖြစ်ကြပါစေ”
ကျန်းမိသားစုခေါင်းဆောင်သည် သားဖြစ်သူ ကျန်းဝေချုန်းနှင့်အတူ လုံယီကို လာရောက်ဂုဏ်ပြုသည်။
“ရက်ရက်ရောရော လက်ဆောင်ပေးတဲ့အတွက် ဦးလေးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်မိပါတယ်”
တစ်ဖက်လူက လွန်ခဲ့သောတစ်ခေါက် သူကူညီခဲ့သည်ကို ကျေးဇူးတင်သည့်အနေဖြင့်ရော ကျန်းဝေတနှင့် သူ၏ ထူးခြားသော ဆက်ဆံရေးကြောင့်ပါ ယခုကဲ့သို့ ရက်ရက်ရောရော ပေးခြင်းဖြစ်ကြောင်း လုံယီ နားလည်လိုက်သည်။
“ရှီမိသားစု အပေါင်ဆိုင်မှ ဂိုဏ်းချုပ်လုံ ရာထူးတက်ခြင်းအတွက် ငွေ တစ်ထောင်...”
မကြာမီမှာပင် အဖိုးအိုရှီသည် ရှီချိုင်ဖုန်းနှင့်အတူ ဂုဏ်ပြုရန် ရောက်ရှိလာသည်။ ရှီချိုင်ဖုန်းမှာ ယခင်ကနှင့်မတူဘဲ တောက်ပသော အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ နှုတ်ခမ်းနီရဲရဲ၊ မျက်နှာအပြင်အဆင်နှင့် သူမ၏ အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်တို့ ပေါင်းစပ်လိုက်သည့်အခါ လုံယီပင် ခဏမျှ ငေးမောသွားရသည်။
သူမ၏ဘေးတွင် အဖိုးအိုရှီက လုံယီကို ကျေနပ်အားရစွာ ကြည့်နေသဖြင့် လုံယီမှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားရသည်။
အဖိုးအိုရှီက သူ့ကို သမက်အဖြစ် ဖမ်းခေါ်ဖို့ စိတ်ကူးရှိနေတုန်းလား။
သို့သော် လုံယီ၏ ခွန်အားမှာ ယခုအခါ လုံးဝပြောင်းလဲသွားပြီဖြစ်ရာ အဖိုးအိုရှီအနေဖြင့် သူ့ကို အနိုင်ယူရန် လွယ်ကူတော့မည်မဟုတ်ပေ။
“စူးမိသားစုမှ ဂိုဏ်းချုပ်လုံကို ဂုဏ်ပြုပါတယ်...”
စူးမိသားစုရောက်လာသည်ကို မြင်သောအခါ အကြီးအကဲကျန်းနှင့် လုံယီတို့မှာ ရှေ့သို့တက်၍ ဆီးကြိုလိုက်ကြသည်။
ထိုင်ဝမ်မြို့၏ ပထမတန်းစား အင်အားစုများထဲမှ တစ်ခုဖြစ်သော စူးမိသားစုသည် အစွန်းရောက်လက်သီးဂိုဏ်းနှင့် ဆက်ဆံရေး အလွန်နည်းပါးလှသည်။ ထို့ကြောင့် သူတို့၏ လာရောက်မှုမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။
“သခင်ကြီးစူး... မတွေ့ရတာ ကြာပြီနော်”
“အကြီးအကဲကျန်း... ခင်ဗျားတို့ဂိုဏ်းကတော့ ဒီတစ်ခါ တကယ့်ကို ဂုဏ်ရောင်ပြောင်နေတာပဲ။ ဒါက လူငယ်သူငယ်ချင်း လုံယီ ထင်တယ်။ တကယ့်ကို ပါရမီရှင် လူငယ်လေးပဲ ကြားဖူးတာထက် မြင်ဖူးတာက ပိုခိုင်မာတယ် ဆိုတာ ဒါမျိုးပေါ့”
“သခင်ကြီးစူးကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ကဲ... အတွင်းကို ကြွပါဦး”
လုံယီသည် ယဉ်ကျေးပျူငှာသော စကားများကို ပြောဆိုနေသော်လည်း သူ၏မျက်လုံးများမှာမူ သခင်ကြီးစူး၏ နောက်ကွယ်မှ အမျိုးသမီးတစ်ဦးထံတွင်သာ နားခိုနေမိသည်။
သူမသည် အဝါနုရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ပိုးသားခါးပတ်ဖြူလေးကို စည်းထားရာ သူမ၏ သွယ်လျသော ခါးလေးမှာ လက်တစ်ဖက်တည်းနှင့်ပင် ဖမ်းဆုပ်ထားနိုင်မည့်အလား ထင်မှတ်ရသည်။ သူမ၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ပြီး နှာတံမှာ ကျောက်စိမ်းကဲ့သို့ စင်းနေကာ မျက်ဝန်းများမှာ ဆောင်းဦးရေစီးကြောင်းကဲ့သို့ ကြည်လင်တောက်ပနေသည်။ သူမကို ကြည့်မိသူတိုင်းမှာ ရင်သပ်ရှုမော မဖြစ်ဘဲ မနေနိုင်ချေ။
ထိုသူကား ထျန်းစူးမှတစ်ပါး အခြားသူ မရှိနိုင်ပေ။
လုံယီ၏ စူးရှပြီး ရဲတင်းသော အကြည့်များကို မြင်သောအခါ ထျန်းစူး၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး သူ့ကို အပြစ်တင်သည့်အလား တစ်ချက်ကြည့်လိုက်သည်။ သူမသည် စကားတစ်လုံးမျှ မဆိုဘဲ လူကြီးဖြစ်သူ သခင်ကြီးစူး၏ နောက်မှနေ၍ အိမ်တော်အတွင်းသို့ လိုက်ပါသွားတော့သည်။
ဧည့်သည်တော်များအားလုံး စုံလင်သလောက် ရှိသွားပြီဖြစ်ရာ အိမ်တော်အတွင်းရှိ တရားဝင် အခမ်းအနားကို စတင်လိုက်သည်။
ဒေါင်... ဒေါင်... ဒေါင်...
ခေါင်းလောင်းသံ သုံးကြိမ် မြည်ဟည်းသွားသည်။
စင်မြင့်ထက်တွင် ဂိုဏ်းချုပ်ဟောင်း ဝေယိုသောက်သည် လရောင်ရောင် ဝတ်စုံရှည်ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး တည်ငြိမ်လေးနက်သော မျက်နှာထားရှိနေသည်။ ထို့နောက် သူသည် ဧည့်သည်တော်များရှေ့တွင် နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူကာ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သေတ္တာအတွင်း၌ ငွေရောင်သတ္တု လက်ကာတစ်စုံ ရှိနေသည်။
“ငါတို့ဂိုဏ်းရဲ့ တည်ထောင်သူ ဆရာကြီး ကျန်းယွီက သိုင်းလောကတစ်ခွင်မှာ ပြိုင်ဘက်ကင်းတဲ့ သံလက်သီးတွေနဲ့ ကျော်ကြားခဲ့သူပါ။ သူ့ရဲ့ ဘဝတစ်လျှောက် အရေးအကြီးဆုံး လက်နက်တွေထဲမှာ တစ်ခုကတော့ အခု ငါ့လက်ထဲမှာရှိတဲ့ ပြိုင်ဘက်ကင်း လက်သီးစွပ်ဖြစ်ပြီး နောက်တစ်ခုကတော့ လျှို့ဝှက်သံရိုင်းနဲ့ ငွေင်တို့နဲ့ သွန်းလုပ်ထားတဲ့ လပြည့်ဝန်း လက်ကာပဲ”
“ဒီနေ့မှာတော့ ဒီလက်ကာတစ်စုံကို တပည့်ဖြစ်သူ လုံယီကို အပ်နှင်းပြီး ဒုတိယဂိုဏ်းချုပ် အဖြစ် ခန့်အပ်လိုက်တယ်။ မင်းအနေနဲ့ သိုင်းပညာရှင်တို့ရဲ့ ကျင့်ဝတ်ကို ရှေးရှုဖို့ ဂိုဏ်းကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ တည်ထောင်သူ ဆရာကြီးရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ငါမျှော်လင့်ပါတယ်”
“တပည့်တစ်ယောက်အနေနဲ့ ဒီစကားတွေကို ထာဝရ နှလုံးသွင်းထားပါ့မယ်”
လုံယီက ရိုသေစွာ ဦးညွှတ်လိုက်ပြီး လက်ကာများကို လက်ခံကာ ဝတ်ဆင်လိုက်သည်။
“ဂုဏ်ယူပါတယ်”
“ဂိုဏ်းချုပ်သစ်အတွက် အားလုံးပဲ ခွက်မြှောက်ပြီး ဂုဏ်ပြုကြရအောင်”
ရုတ်တရက်ဆိုသလို ဟိုးဟိုးကျော်အောင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဂိုဏ်းသားများနှင့် ဧည့်သည်တော်များအားလုံး ထရပ်ကာ သူတို့၏ ခွက်များကို မြှောက်၍ အောင်ပွဲခံကြတော့သည်။
ထိုစဉ် တံခါးဝမှ ကျယ်လောင်သော အသံတစ်ခု ထပ်မံဟိန်းထွက်လာပြန်သည်။
“မြို့စားမင်းလီမှ ဂိုဏ်းချုပ်လုံ ရာထူးတက်ခြင်းအတွက် ငွေ တစ်ထောင်၊ အဆင့်မြင့် ကြွေထည် ၈ စုံ၊ ပညာရှိလေးပါး အသုံးအဆောင် ၂ စုံ... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
ထို့နောက် ရယ်မောသံတစ်ခုနှင့်အတူ “ငါ နောက်မကျသေးဘူးမလား”
ရောက်ရှိလာသူမှာ လေးထောင့်ကျသော မျက်နှာ၊ ထူထဲသော မျက်ခုံးနှင့် နွေးထွေးသော အပြုံးရှိသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း မြို့စားမင်း၏ အားကိုးရဆုံးလူဖြစ်သူ ဗိုလ်မှူးဝမ်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
“ဗိုလ်မှူးဝမ်... ကြွပါ ထိုင်ပါဦး”
“မြို့စားမင်းက အစိုးရကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်တိုင်မလာနိုင်ပေမယ့် ငါ့ကို သူ့ကိုယ်စား ဂုဏ်ပြုဖို့ လွှတ်လိုက်တာပါ”
ဗိုလ်မှူးဝမ်က လုံယီကို ကြည့်ကာ “မင်းက ညီငယ်လုံ ဖြစ်ရမယ်။ တကယ့်ကို ထူးချွန်တဲ့ လူရည်ချွန်လေးပဲ”
“ဗိုလ်မှူးဝမ်က မြှောက်ပင့်လွန်းနေပါပြီ”
လုံယီသည် မပေါ့ဆရဲဘဲ ရှေ့သို့တက်ကာ အရက်ခွက်ဖြင့် ဂါရဝပြုလိုက်သည်။
ဗိုလ်မှူးဝမ်၏ သိုင်းပညာခွန်အားမှာ သာမန်မျှသာ ဖြစ်သော်လည်း သူသည် မြို့စားမင်းအိမ်တော် သို့မဟုတ် အစိုးရယန္တရားကို ကိုယ်စားပြုသူဖြစ်သည်။ မြို့စားမင်းအိမ်တော်မှ လူလွှတ်၍ ဂုဏ်ပြုသည်ကို မြင်ရသောအခါ ဧည့်သည်များမှာလည်း အံ့အားသင့်သွားကြရသည်။ လက်ဆောင်ပမာဏမှာ များပြားလှသည်မဟုတ်သော်လည်း မြို့စားမင်းသည် အစွန်းရောက်လက်သီးဂိုဏ်း၏ ဂိုဏ်းချုပ်သစ်ကို အသိအမှတ်ပြု တန်ဖိုးထားသည်ဟူသော သဘောထားကို ထင်ရှားစွာ ပြသလိုက်ခြင်းပင်။
“ဖူးလင်လုံခြုံရေးအေဂျင်စီမှ ဂိုဏ်းချုပ်လုံ ရာထူးတက်ခြင်းအတွက် ငွေ လေးထောင်၊ အဆင့်မြင့် ကျောက်စိမ်းခြင်္သေ့တစ်စုံ... တို့ကို လက်ဆောင်ပေးအပ်ပါတယ်”
ဆက်တိုက်ဆိုသလိုပင် ဖူးလင်အေဂျင်စီမှ အဖွဲ့ခေါင်းဆောင်ချိုင်ကိုယ်တိုင် ရောက်ရှိလာသည်။ ပေးအပ်သော လက်ဆောင်ပမာဏမှာ ကျန်းမိသားစုပြီးလျှင် ဒုတိယအများဆုံးဖြစ်သဖြင့် အတော်လေး ခမ်းနားလှသည်။
ငါတို့ဂိုဏ်းက ဖူးလင်အေဂျင်စီနဲ့ ဘယ်တုန်းက ဒီလောက် ရင်းနှီးသွားတာလဲ။
အစွန်းရောက်လက်သီးဂိုဏ်းသားအချို့မှာ အနည်းငယ် ထူးဆန်းသလို ခံစားရသော်လည်း သိပ်တော့ အလေးမထားမိကြချေ။
စားပွဲဝိုင်းများပေါ်တွင် စားသောက်သံ၊ ခွက်ချင်းတိုက်သံများဖြင့် လေထုမှာ တဖြည်းဖြည်း အရှိန်တက်လာတော့သည်။
“ဂိုဏ်းချုပ်လုံ... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာဆိုတော့ လက်ထပ်ဖို့ စေ့စပ်ထားတာမျိုးကော ရှိပြီလား”
အစိမ်းရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားသည့် ဝဝဖိုင်ဖိုင် မြေပိုင်ရှင်ကြီးလုံက အရက်နံ့များ ထွက်နေသော လေချဉ်တက်ရင်း မေးလိုက်သည်။