အခန်း (၁၈၅)
Vol. 19 Ch. 185
အခန်း။ ၁၈၅
“လောလောဆယ်တော့ မရှိသေးပါဘူး”
လုံယီ၏ အဖြေကို ကြားလိုက်ရသောအခါ အခမ်းအနားရှိ လူအတော်များများ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားကြတော့သည်။
“ကျွန်တော့်သမီးလေးက အသက် ၁၆ နှစ်ရှိပြီ။ အလွန်ယဉ်ကျေးသိမ်မွေ့တဲ့ ကောင်မလေးပါ။ သူက ဂိုဏ်းချုပ်လုံရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို ကြားကတည်းက အလွန်အမင်း အထင်ကြီးလေးစားနေပြီး တွေ့ခွင့်ရဖို့လည်း အမြဲမျှော်လင့်နေတာ...”
မြေပိုင်ရှင်ကြီးလုံက ပထမဆုံး ကမ်းလှမ်းမှုကို စတင်လိုက်သည်။
မြေပိုင်ရှင်ကြီးလုံသည် မြို့ထဲတွင် နာမည်ကြီးသော သူဌေးကြီးဖြစ်ပြီး စိုက်ပျိုးမြေ ဧကသောင်းချီ ပိုင်ဆိုင်သူဖြစ်သည်။ သူ၌ တစ်ဦးတည်းသော သမီးရှိပြီး ထိုသမီးမှာ အမြဲတမ်း မျက်နှာမြင့်ကာ သူဌေးသားများစွာကို ငြင်းပယ်ခဲ့သူဖြစ်သော်လည်း ယခုအခါ လုံယီကိုမူ အလွန်အမင်း သဘောကျနေခြင်းဖြစ်သည်။
ဒါကို တွေးမိရင်း သူတို့ဖခင်များနောက်ကို လိုက်လာကြသော သူဌေးသားလူငယ်အချို့မှာ မနာလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
ငါက ဒီလုံယီလောက် မချောလို့လား မဟုတ်ဘူး... ငါက သူ့လောက် မတော်တာပဲ ဖြစ်မှာပါ။
“ကျွန်တော့်တူမလေးကလည်း မဆိုးပါဘူး။ အတတ်ပညာမျိုးစုံမှာ ကျွမ်းကျင်သူပါ။ ဂိုဏ်းချုပ်လုံ... မနက်ဖြန် ကျွန်တော့်အိမ်ကို လာလည်ဖို့ အားမလားခင်ဗျာ”
ယွမ်မိသားစုခေါင်းဆောင်ကလည်း ရယ်မောရင်း ဖိတ်ခေါ်လိုက်ပြန်သည်။
ယွမ်မိသားစုမှာ ထိုင်ဝမ်မြို့၏ နံပါတ်တစ် ပိုးထည်လုပ်ငန်းရှင်ဖြစ်ပြီး ကုန်သွယ်မှုမှာ အလယ်
ပိုင်းလွင်ပြင်အထိ ပေါက်ရောက်သည်။ သူတို့၏ ဩဇာအာဏာမှာ ယခင်က အစွန်းရောက်လက်သီးဂိုဏ်းထက်ပင် ပိုမိုမြင့်မားသည်။ သူတို့နှင့် မဟာမိတ်ဖွဲ့နိုင်လျှင် အစွန်းရောက်လက်သီးဂိုဏ်း၏ အင်အားမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားမည်ဖြစ်သည်။
ယွမ်မိသားစု၏ ဖိတ်ခေါ်မှုကို ကြားရသောအခါ ဝေယိုသောက်နှင့် ကျိုးပုဖုန်းတို့၏ မျက်လုံးများမှာလည်း တောက်ပသွားကြသည်။ သို့သော် သူတို့သည် လုံယီ၏ ကိုယ်စား ဆုံးဖြတ်ချက်ချပေးမည် မဟုတ်ဘဲ လုံယီ၏ ဆန္ဒအပေါ်တွင်သာ မူတည်သည်။
“ငါနဲ့ လာမပြိုင်ကြနဲ့။ ငါက ညီအစ်ကိုလုံကို အရင်ကတည်းက မျက်စိကျထားတာ။ သူက ငါတို့ ချိုးမိသားစုရဲ့ သမက်ဖြစ်ဖို့ ကံပါလာပြီးသား”
လက်နက်သွန်းလုပ်သည့် ချိုးမိသားစုမှာ အမြဲတမ်း လူမသိအောင် နေထိုင်တတ်ကြသော်လည်း ထိုင်ဝမ်မြို့၏ အင်အားကြီးအဖွဲ့အစည်းများမှာမူ သူတို့ကို လျှော့မတွက်ရဲကြချေ။
“ဖယ်စမ်း... မင်းတို့ တခြားသွားဆော့ကြ”
ချိုးမိသားစုခေါင်းဆောင်နှင့် ရင်းနှီးသော အခြားမိသားစုခေါင်းဆောင်တစ်ဦးကလည်း ပေါ့ပေါ့ပါးပါးပင် စကားပြောရင်း ပြိုင်ပွဲထဲသို့ ဝင်လာပြန်သည်။ လူအုပ်ကြီးမှာ ရုတ်တရက် စိတ်အားထက်သန်လာကြသဖြင့် လုံယီမှာပင် ဘာပြန်ပြောရမှန်းမသိဘဲ အခြေအနေမဲ့သွားရသည်။
တစ်ချိန်တည်းမှာပင် လုံယီသည် သူ၏ကျောပြင်သို့ ဆူးနှစ်ချောင်းဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ပြင်းထန်သော အကြည့်နှစ်ခုကို အာရုံခံမိလိုက်တော့သည်။
လုံယီက အလျင်အမြန်ပင် ငြင်းဆိုလိုက်ရသည်။
“အားလုံးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က သိုင်းပညာကိုပဲ အာရုံစိုက်နေတာမို့လို့ နောက်နှစ်အနည်းငယ်အထိတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး ခင်ဗျာ”
ထိုစကားကို ကြားလိုက်ရမှသာ သူ့ကျောပြင်ကို ထိုးစိုက်နေသော ပြင်းထန်သည့် အကြည့်နှစ်ခုမှာ ပြန်လည် ဆုတ်ခွာသွားတော့သည်။
“ဒါဆို ပိုတောင်ကောင်းသေးတာပေါ့။ နောက်နှစ်အနည်းငယ်ဆိုရင် ကျွန်တော့်သမီးလေးကလည်း အရွယ်ရောက်ပြီဆိုတော့ အိမ်ထောင်ပြုဖို့ အချိန်ကိုက်ပဲ”
တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လိုက်သဖြင့် လုံယီမှာ ချွေးစေးများပင် ထွက်လာရသည်။
စားပွဲသောက်သောက်ပွဲကြီးမှာ ညဉ့်နက်သည်အထိ ဆက်လက်ကျင်းပနေပြီး နောက်ဆုံးတွင်မှ လူအုပ်ကြီးမှာ တဖြည်းဖြည်းချင်း လူစုကွဲသွားတော့သည်။ လုံယီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိုင်းဆရာကြီးတစ်ဦးနှင့် ယှဉ်နိုင်သော်လည်း လူအများ၏ ဝိုင်းဝန်းတိုက်ကျွေးသော အရက်ဒဏ်ကိုမူ မခံနိုင်တော့ဘဲ ခေါင်းတွေမူးနောက်ကာ တစ်နေရာရာတွင် လှဲအိပ်လိုက်ချင်စိတ်သာ ရှိတော့သည်။
မြို့အတွင်းရှိ အင်အားကြီးအဖွဲ့အစည်းများစွာထဲတွင် ရွှီမိသားစုတစ်ခုတည်းသာ ဂုဏ်ပြုရန် လူမလွှတ်ခဲ့ချေ။ အပြင်လူများကမူ ရွှီမိသားစုသည် သူတို့ကိုယ်သူတို့ အလွန်အမင်း အထင်ကြီးနေသဖြင့် အစွန်းရောက်လက်သီးဂိုဏ်းကို အဖက်မလုပ်ခြင်းဖြစ်သည်ဟု ထင်မြင်ကြလိမ့်မည်။ သို့သော် လုံယီကမူ ရွှီမိသားစုသည် သူတို့ကြားမှ ယခင်ပဋိပက္ခများကို ကောင်းကောင်းသိထားကြောင်း နားလည်သည်။ ယနေ့ သူတို့မလာခြင်းမှာ သူတို့၏ ရပ်တည်ချက်ကို ပြသလိုက်ခြင်းဖြစ်ပြီး နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းကြား ရင်ဆိုင်မှုများရှိလာဦးမည်ဟူသော အဓိပ္ပာယ်ပင်။
ဧည့်ခံပွဲပြီးဆုံးသွားသော်လည်း ဖူးလင်လုံခြုံရေးအေဂျင်စီမှ အဖွဲ့ခေါင်းဆောင်ချိုင်မှာ ပြန်မသွားသေးဘဲ ကိစ္စရပ်တစ်ခု ဆွေးနွေးရန် တောင်းဆိုလာသည်။ ယနေ့ သူယူဆောင်လာသော ရက်ရက်ရောရော လက်ဆောင်များကို ထောက်ထား၍ ဂိုဏ်းချုပ် ဝေယိုသောက်၊ ဒုတိယဂိုဏ်းချုပ် လုံယီနှင့် မဟာအကြီးအကဲ ကျိုးပုဖုန်းတို့က သူ့ကို တိုင်ပင်ဆွေးနွေးရာ ခန်းမသို့ ခေါ်ဆောင်သွားပြီး လေးစားစွာ ဧည့်ခံလိုက်ကြသည်။
သို့သော် သူ၏ ရည်ရွယ်ချက်ကို သိလိုက်ရသောအခါ သုံးဦးစလုံး၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“ဘာ... လေးလံသောဓားဂိုဏ်းရဲ့ ခြံဝင်းကို ဖယ်ပေးဖို့ ပြောတာလား”
ကျိုးပုဖုန်း၏ မျက်နှာမှာ မနှစ်မြို့ဟန် ပေါ်လာပြီး “ခေါင်းဆောင်ချိုင်... ခင်ဗျား အရက်တွေများသွားပြီ ထင်တယ်”
“အကြီးအကဲကျိုး... ကျွန်တော်တို့ အေဂျင်စီလက်ထဲမှာ လေးလံသောဓားဂိုဏ်းရဲ့ ခြံဝင်းပိုင်
ဆိုင်မှု စာချုပ်အစစ်အမှန် ရှိနေလို့ပါ။ ကျွန်တော်တို့က တမင်တကာ ပြဿနာလာရှာတာ မဟုတ်ပါဘူး”
“ဒီစာချုပ်က ဘယ်ကနေ ရောက်လာတာလဲဆိုတာ မေးလို့ရမလား”
ဝေယိုသောက်က ရုတ်တရက် ဝင်မေးလိုက်သည်။
ခေါင်းဆောင်ချိုင်က ပြုံးလိုက်ရင်း “ဂိုဏ်းချုပ်ဝေအနေနဲ့ အဲဒါကို စိတ်ပူစရာမလိုပါဘူး။ ဒါဝေနိုင်ငံရဲ့ ဥပဒေအရ စာချုပ်လက်ဝယ်ရှိသူဟာ ခြံဝင်းကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိတာပဲ မဟုတ်လား”
“ငါတို့ဂိုဏ်းက စာချုပ်ကို ခိုးယူသွားတဲ့ လေးလံသောဓားဂိုဏ်းက အကြီးအကဲမာကို လိုက်ရှာနေတာ။ ခင်ဗျားတို့ ရထားတဲ့ စာချုပ်က သူပေးတဲ့ လက်ဆောင်တော့ မဟုတ်ဘူးမလား”
ဝေယိုသောက်က အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ချိုင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။
၎င်းကို မြင်လိုက်ရသည့် လုံယီမှာ ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် တည်ကြည်လေးနက်သော မျက်နှာထားသို့ ပြောင်းလဲလိုက်သည်။
“ခင်ဗျားတို့က ငါတို့ဂိုဏ်းရဲ့ ရန်သူကို ခိုလှုံခွင့်ပေးထားရုံတင်မကဘူး။ အခု ငါတို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်နိုင်ပစ္စည်းတွေကိုပါ သိမ်းပိုက်ဖို့ ကြံစည်နေတာပေါ့
ခေါင်းဆောင်ချိုင်... ခင်ဗျားကို ငါ အကြံပေးပါရစေ။ အကြီးအကဲမာနဲ့ အဲဒီစာချုပ်ကို အမြန်ဆုံး လာပြန်ပေးတာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ နောက်ပိုင်းမှာ ငါတို့ကြား ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ်”
လုံယီ၏ ပွင့်လင်းလွန်းသော ခြိမ်းခြောက်မှုကို ကြားလိုက်ရသဖြင့် ချိုင်၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သို့သော် သူသည် လုံယီ၏ ရှေ့မှောက်တွင် မည်သည့် ရန်စစကားမျိုးကိုမျှ ပြန်မပြောရဲချေ။
သူ့ရှေ့တွင် ရှိနေသူမှာ သိုင်းဆရာကြီးတစ်ဦးကိုပင် သတ်ဖြတ်နိုင်သူ၊ ကြောက်မက်ဖွယ် ကောင်းလှသည့် ပုဂ္ဂိုလ်ဖြစ်သည်။ တကယ်လို့ လုံယီက အရက်မူးမူးနှင့် သူ့ကို သတ်ပစ်လိုက်လျှင် သူသည် မည်သည့်နေရာတွင်မှ တရားစွဲဆိုနိုင်မည် မဟုတ်ပေ။
“ကျွန်တော်... ကျွန်တော် ပြန်သွားပြီး ဂိုဏ်းချုပ်ကြီးနဲ့ တိုင်ပင်လိုက်ပါဦးမယ်”
“သွားတော့”
ခေါင်းဆောင်ချိုင်၏ တောင့်တင်းနေသော ကျောပြင်ကို ကြည့်ရင်း လုံယီတို့ ကျန်ရစ်ခဲ့သည်။
ဝေယိုသောက်က အေးစက်စွာ ရယ်မောလိုက်ပြီး “ငါလည်း တွေးနေတာ၊ သူတို့က ဘာဖြစ်လို့ ဒီလောက် လက်ဆောင်ကြီးကြီးမားမား ပေးတာလဲလို့။ သူတို့က ဘာမှမလုပ်ဘဲ အကျိုးအမြတ် လိုချင်နေတာကိုး။ ငွေ အနည်းငယ်လောက်နဲ့ လေးလံသောဓားဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို အလွယ်တကူ ရယူချင်နေတာ။ တကယ်ကို စိတ်ကူးယဉ်ဆန်တဲ့ အကြံအစည်ပဲ”
“သူတို့ပေးတဲ့ လက်ဆောင်တွေကို ပြန်ပေးရမလား”
လုံယီက မေးလိုက်သည်။
“ဘာမှ ပြန်မပေးနဲ့”
ဝေယိုသောက်က လက်ကာပြလိုက်သည်။
“အဲဒါကို သူတို့ရဲ့ တောင်းပန်မှုလို့ပဲ မှတ်ယူလိုက်”
ဖူးလင် လုံခြုံရေးအေဂျင်စီအတွင်း ခေါင်းဆောင်ချိုင်သည် ဖူးလင်အေဂျင်စီသို့ ပြန်
ရောက်သောအခါ ယနေ့ဖြစ်ပျက်သမျှကို အုပ်ချုပ်သူ ဂိုဏ်းချုပ်လင်းထံ အသေးစိတ် တင်ပြလိုက်သည်။
ဂိုဏ်းချုပ်လင်းသည် ထိုစကားများကို ကြားလိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်
လိုက်တော့သည်။
“ဘာလဲ... ဒီလောက်အထိ ရဲတင်းတဲ့ ကောင်စုတ်လေးပါလား။ အဆင့်တက်ခါစ သိုင်းသမားတစ်ယောက်ကို နိုင်သွားရုံနဲ့ ငါကပဲ သူ့ကို မနိုင်တော့မယ့်အတိုင်း အောက်မေ့နေတာလား”
ဂိုဏ်းချုပ်လင်းသည် သူ၏ ပြိုင်ဘက်ကင်း နတ်ဘုရားလှံကြောင့် ကျော်ကြားသူဖြစ်ပြီး သိုင်းလောကအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်သည်။ ဝမ်ကျန်းခရိုင်၏ သိုင်းလောကတွင် သူ့ကို မသိသူ မရှိသလောက်ပင်။
ထိုင်ဝမ်မြို့ရှိ အချို့သောသူများက ဂိုဏ်းချုပ်လင်၏ အစွမ်းမှာ ရွှီအဘိုးကြီးနှင့်ပင် ရင်ဘောင်တန်းနိုင်သည်ဟု ယုံကြည်ကြသည်။
“ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ အရေးယူရတော့မလား”
ချိုင်က မသုတ်မသင်္ကာသော အမူအရာဖြင့် မေးလိုက်သည်။ ယနေ့ကြုံတွေ့ခဲ့ရသော အရှက်ရမှုများကြောင့် သူသည် အစွန်းရောက်လက်သီးဂိုဏ်းအပေါ် အလွန်အမင်း နာကျည်းနေမိသည်။
“အလောတကြီး လုပ်စရာမလိုသေးဘူး။ အခုက အလွန်အမင်း တင်းမာနေတဲ့ အချိန်ဆိုတော့ မြို့စားမင်းလီရဲ့ ဒေါသကို မဆွတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ ရွှီမိသားစုက သူတို့နဲ့ အဆင်မပြေဖြစ်နေတယ်လို့ ငါကြားတယ်။ အဲဒါ အမှန်လားဆိုတာ သွားစုံစမ်းချေ။ တကယ်လို့ ဟုတ်ခဲ့ရင်တော့ ရွှီမိသားစုနဲ့ ပူးပေါင်းပြီး သူတို့ကို တစ်ခါတည်း အမြစ်ဖြတ်ပစ်ရမယ်”
ဂိုဏ်းချုပ်လင်၏ အသံမှာ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
သူ၏အမြင်တွင် ရန်သူဟု သတ်မှတ်ပြီးပါက အပြီးတိုင် ချေမှုန်းပစ်ရမည် ဖြစ်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ”
ချိုင်က ရိုသေစွာ ပြန်ထူးလိုက်သည်။
နှစ်ရက်အကြာတွင်...
သားရဲတပ်ဖွဲ့ကြီးသည် နောက်ဆုံးတွင် ထိုင်ဝမ်မြို့၏ မိုင် ၅၀ အကွာသို့ ဆိုက်ရောက်လာတော့သည်။ ယခုသွားနှုန်းအရဆိုလျှင် နောက်တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း မြို့တံခါးဝသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ကျိုင်းကောင်အုပ်ကြီးကဲ့သို့သော သားရဲအုပ်ကြီးသည် လမ်းတစ်လျှောက်ရှိ မြင်သမျှအရာအားလုံးကို ဖျက်ဆီးလာခဲ့သည်။ လူနှင့် တိရစ္ဆာန်များကို ဝါးမြိုပစ်ကြပြီး အိမ်များကို မြေလှန်ကာ စိုက်ပျိုးခင်းများကိုလည်း အပျက်အစီးများ ဖြစ်အောင် နင်းခြေလာခဲ့ကြသည်။
မြင့်မားသော နေရာတစ်ခုမှ ကြည့်လျှင် မျက်စိတစ်ဆုံး မြင်နေရသော အနက်ရောင် ရေလှိုင်းကြီးတစ်ခုကဲ့သို့ သားရဲအုပ်ကြီးမှာ ထိုင်ဝမ်မြို့ဆီသို့ မရပ်မနား တိုးဝင်လာနေသည်။
ချက်ချင်းပင် ထိုင်ဝမ်မြို့အား အရေးပေါ် အခြေအနေကြေညာလိုက်တော့သည်။ မြို့စားမင်းအိမ်တော်သည်လည်း အုပ်ချုပ်ရေးယန္တရားကို အရှိန်အဟုန်ဖြင့် မောင်းနှင်ကာ အောက်ပါ အမိန့်များကို ထုတ်ပြန်လိုက်သည်။
[ညဈေးတန်းများကို ပိတ်သိမ်းရမည်။ လူတိုင်း ညဘက်တွင် အိမ်ထဲ၌သာ နေရမည်ဖြစ်ပြီး အပြင်ထွက်ပါက ချက်ချင်း ဖမ်းဆီးအရေးယူမည်။ မြို့တွင်း၌ မည်သည့် ရန်ပွဲ၊ တိုက်ပွဲကိုမျှ မပြုလုပ်ရ။ ဖောက်ဖျက်ပါက မြို့စားမင်းအိမ်တော်မှ မျက်မှောက်၌ပင် ကွပ်မျက်ပိုင်ခွင့်ရှိသည်။
လူ ၁၀ ဦးထက် ပိုမစုရပေ။ ဖောက်ဖျက်သူများကို ပုန်ကန်သူအဖြစ် သတ်မှတ်မည်။
အသက် ၂၀ မှ ၄၀ ကြား အမျိုးသားများသည် မြို့ရိုးကာကွယ်ရန် စာရင်းပေးသွင်းနိုင်သည်။ အရေးကြုံလာပါက မြို့စားမင်းအိမ်တော်မှ အတင်းအဓမ္မ စုဆောင်းမည်ဖြစ်ပြီး ငြင်းပယ်ပိုင်
ခွင့်မရှိပေ]
ဤအမိန့်များကြောင့် တစ်မြို့လုံးတွင် တင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သာမန်ပြည်သူများအတွက်မူ ဤသည်မှာ ကန့်သတ်ချက်များ ဖြစ်သော်လည်း မြို့အတွင်းရှိ သိုင်းခန်းမများနှင့် မြင့်မြတ်သော မိသားစုများအတွက်မူ မြို့ရိုးကာကွယ်ရန် လူအင်အား ထုတ်ပေးရမည့် တာဝန်ပင်။ ရန်သူက လက်တစ်ကမ်းသို့ ရောက်နေပြီဖြစ်ရာ မည်သူမျှ မရှောင်လွှဲရဲကြဘဲ အင်အားစုအားလုံးက လူအင်အားများ အသီးသီး ထုတ်ပေးကြရတော့သည်။
အစွန်းရောက်လက်သီးဂိုဏ်းသည်လည်း မြို့၏ အဓိကအင်အားစုတစ်ခု ဖြစ်လာသည်နှင့်အညီ မြို့ရိုး၏ အရေးကြီးသော ကဏ္ဍတစ်ခုကို တာဝန်ယူရမည်ပင်။