← Chapters

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း (၁၈၇)

Vol. 19 Ch. 187

အခန်း။ ၁၈၇

"မသေမျိုး ဆရာကြီးဆိုတာ ဘာလဲ"

လုံယီသည် သူ၏ စိတ်ထဲမှ သံသယများကို ထိန်းချုပ်ထားသော်လည်း ဤမေးခွန်းကို မမေးဘဲ မနေနိုင်ခဲ့ချေ။

“မသေမျိုး ဆရာကြီးဆိုတာ မသေမျိုး ကျင့်စဉ်တွေကို ကျင့်ကြံတဲ့သူတွေပါ။ သူတို့ဟာ မြေ၊ ရေ၊ လေ၊ မီး ဒြပ်လေးပါးကို စိတ်ကြိုက် လှည့်ပတ်နိုင်ပြီး ပုပ်သိုးပျက်စီးခြင်းကနေ မှော်ဆန်တဲ့အရာတွေ ဖြစ်လာအောင် ဖန်တီးနိုင်တဲ့ နတ်ဘုရားသဖွယ် စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတယ်။ သိုင်းပညာရှင် တစ်ယောက်က သူတို့ရှေ့မှာဆိုရင် သာမန် ပုရွက်ဆိတ်ထက် အနည်းငယ် ပိုကြီးတဲ့ အကောင်လေးတစ်ကောင်သာသာပဲ ရှိတာ”

ဗိုလ်မှူးဝမ်၏ မျက်လုံးများထဲတွင် ထိုစွမ်းအားများကို တောင့်တနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

“အရေးကြီးဆုံးအချက်ကတော့... အချို့သော မသေမျိုး ဆရာကြီးတွေဟာ အလွန်အမင်း အသက်ရှည်ကြတာပဲ။ မြို့စားမင်း ပြောပြတာ ကျွန်တော်ကြားဖူးတာကတော့ တော်ဝင်မိသားစုထဲမှာ အသက် နှစ်ရာကျော်တဲ့အထိ အသက်ရှင်နေတဲ့ မသေမျိုး ဆရာကြီး တစ်ပါး ရှိတယ်ဆိုပဲ”

ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယီ၏ မျက်လုံးများမှာ တောက်ပသွားပြီး သူ၏ ရင်ထဲတွင် ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ခံစားချက်များ ဝေစီလာတော့သည်။

သူ ဘာကြောင့် သိုင်းပညာကို ကျင့်ကြံနေတာလဲ။

အဓိကအားဖြင့် အသက်ရှည်ဖို့ မဟုတ်ဘူးလား။

သိုင်းပညာရှင်တစ်ဦးဖြစ်လာခြင်းက ထိုရည်မှန်းချက်ကို တစ်စိတ်တစ်ပိုင်း အောင်မြင်စေသည်မှာ အမှန်ပင်။ သိုင်းပညာရှင်များသည် သာမန်လူများထက် အသက်ပိုရှည်ကြသော်လည်း ယနေ့အထိ အခြေခံကျကျ အောင်မြင်မှုမျိုးမရရှိသေးချေ။ သိုင်းပညာရှင်များထဲတွင် အသက် ၁၂၀ ကျော်သည်အထိ နေရသူကို မကြားဖူးသလောက်ပင်။

တကယ်လို့ မသေမျိုး ဆရာကြီးတွေက အသက် ၂၀ဝ ကျော်အထိ နေနိုင်တယ်ဆိုရင်... ငါ့မှာကစွမ်းရည်ပြမျက်နှာပြင် ရှိနေတာပဲ။ ငါသာ မသေမျိုးကျင့်စဉ်တွေကို သင်ယူခွင့်ရမယ်ဆိုရင် သူကော အဲဒီလောက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး အသက်မရှည်နိုင်ဘူးလား။

ဘယ်သူက အသက်ပိုမရှည်ချင်ဘဲ နေမလဲ။ ဘယ်သူကရော မသေမျိုး မဖြစ်ချင်ဘဲ နေမလဲ။

ဤသို့တွေးမိရုံနှင့် တည်ငြိမ်လှသော လုံယီပင်လျှင် ရင်ထဲတွင် လှိုင်းထန်သွားရသည်။

“ဗိုလ်မှူးဝမ်... အဲဒီ မသေမျိုး ဆရာကြီးတွေနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိပါသလား သူတို့က တပည့်တွေလာခေါ်တတ်လား...”

လုံယီ၏ အမေးများကို ကြားသောအခါ ဗိုလ်မှူးဝမ်က ခေါင်းယမ်းရင်း ရယ်လိုက်ကာ “ကျွန်တော်လည်း မသေမျိုး ဆရာကြီးတွေအကြောင်း မြို့စားမင်း ပြောပြတာလောက်ပဲ သိတာပါ။ ဂိုဏ်းချုပ်လုံအနေနဲ့ အခွင့်အရေးရရင် မြို့စားမင်းကို ကိုယ်တိုင် မေးကြည့်တာ ပိုကောင်းမယ်”

“မသေမျိုး ဆရာကြီးတွေက တပည့်လက်ခံတတ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တွေက အလွန် တင်းကျပ်လွန်းတော့ လူတစ်ထောင်မှာ တစ်ယောက် ရွေးခံရဖို့တောင် မလွယ်ဘူး။ ပြီးတော့ သူတို့က ဝမ်ကျန်းခရိုင်ဘက်ကို တပည့်လာခေါ်လေ့ မရှိဘူး။ အဲဒါ ဘာကြောင့်လဲဆိုတာကို မြို့စားမင်းကိုယ်တိုင်တောင် မသိဘူးတဲ့”

ဗိုလ်မှူးဝမ်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။

“အလယ်ပိုင်းလွင်ပြင် အပြင်ဘက်မှာဆိုရင်တော့ လုံကျန်းမြစ်တစ်ဖက်ကမ်းမှာလည်း မသေမျိုး ဆရာကြီးတွေ ရှိနိုင်တယ်လို့ ကြားဖူးတယ်”

ဝမ်ကျန်းခရိုင်သည် ဝေနိုင်ငံ၏ အရှေ့တောင်ဘက် အစွန်းတွင် တည်ရှိပြီး အလယ်ပိုင်းလွင်ပြင်နှင့် သားရဲတစ်သောင်းတောင်တန်းတို့ဖြင့် ခြားနားထားသည်။ အခြားသော နယ်နိမိတ်တစ်ခုမှာမူ ကျယ်ပြောလှသော လုံကျန်းမြစ်ကြီးဖြင့် ဝန်းရံထားခြင်း ဖြစ်သည်။

ဝမ်ကျန်းခရိုင်မှ လှမ်းကြည့်လျှင် မြင်ရသော မြစ်ကြီးမှာ လုံကျန်းမြစ်ပင်။ ထိုမြစ်ကြီး၏ တစ်ဖက်ကမ်းမှာမူ မည်သူမျှ မသိနိုင်သော နယ်မြေတစ်ခု ဖြစ်နေတော့သည်။ လုံကျန်းမြစ်သည် အလွန်ပင် ကျယ်ပြောလှသဖြင့် မျက်စိတစ်ဆုံး ကြည့်လျှင်ပင် အဆုံးအစကို မမြင်နိုင်ချေ။

လုံကျန်းမြစ်အတွင်း၌ သားရဲတစ်သောင်းတောင်တန်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဆိုးများစွာ ရှိနေသောကြောင့် မြစ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူဟူ၍ မရှိသလောက်ပင်။ ထို့ကြောင့် ဝမ်ကျန်းခရိုင်ရှိ လူများမှာ မြစ်တစ်ဖက်ကမ်းမှ အကြောင်းအရာများကို လုံးဝ မသိရှိကြချေ။

လုံယီနှင့် ဗိုလ်မှူးဝမ်တို့ စကားပြောနေစဉ်မှာပင် ကျုံး၏ အပြင်ဘက်ရှိ သားရဲဒီရေလှိုင်းမှာ ထူးခြားသော လှုပ်ရှားမှုများ ပြသလာသည်။

“ဝူး...”

မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဝုန်း... ဝုန်း

ချက်ချင်းဆိုသလိုပင် မြေကမ္ဘာတုန်ခါပြီး တောင်တောင်တွေ ပြိုကျတော့မည့်အလား မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့သည်။ ရှေ့တန်းမှ ခွေးသားရဲအုပ်ကြီးမှာ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်လန့်နေသကဲ့သို့ ဘေးတစ်ဖက်တစ်ချက်သို့ ပြာပြာသလဲ ဖယ်ပေးလိုက်ကြရသည်။

မြို့ရိုးပေါ်ရှိ လူများမှာလည်း မျက်လုံးအပြူးသားဖြင့် ကြည့်နေမိကြတော့သည်။

“အဲဒါ... အဲဒါ ဘာကြီးလဲ”

ဟိုးအဝေးမှ မီးခိုးရောင် အရိပ်ကြီးများမှာ အနက်ရောင် သားရဲအုပ်ကြီးကို ဖြတ်ကျော်ကာ ရှေ့တန်းသို့ ရောက်ရှိလာသည်။ ၎င်းတို့မှာ အလျား ၁၅ ပေကျော်ခန့်ရှိသော ကြီးမားထွားကျိုင်းသည့် သတ္တဝါကြီးများ ဖြစ်ကြသည်။ ခြေလက်များမှာ တိုပြီး တုတ်ခိုင်ကာ ခေါင်းကြီးမှာ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။ မျက်လုံးငယ်သော်လည်း ပါးစပ်မှာမူ အလွန်ပင် ကျယ်ပြန့်လှသည်။

သူတို့၏ မီးခိုးညိုရောင် အရေခွံပေါ်တွင် မာကျောသော အဖုအထစ်များ ရှိနေသဖြင့် မည်မျှ မာကျောမည်ကို ခန့်မှန်းရုံနှင့်ပင် သိနိုင်သည်။

“အဲဒါ... ရေမြင်းဝိညာဉ်တွေလား”

“ဟား... ဝိညာဉ်သတ္တဝါ မဟုတ်ရင်တောင် ဒီလောက် ကိုယ်လုံးကိုယ်ပေါက်ကြီးနဲ့ဆိုရင် ထူးမခြားနားပါပဲ”

“ဒါတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ”

မြို့ရိုးပေါ်မှ လူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို လျစ်လျူရှုကာ ရာနှင့်ချီသော ရေမြင်းကြီးများသည် ထိုကြောက်မက်ဖွယ် ဟိန်းဟောက်သံကြောင့် ကျုံးအတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် ခုန်ဆင်းသွားကြတော့သည်။

ဗလွမ်း... ဗလွမ်း... ဗလွမ်း

အဖြူရောင် ရေပန်းကြီးများမှာ ကောင်းကင်သို့ ပန်းထွက်သွားကြသည်။ ချက်ချင်းဆိုသလိုပင် ကျုံး၏ မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် အသားတံတားများမှာ တစ်စုံနှင့်တစ်စုံ ဆက်စပ်၍ ပေါ်ပေါက်လာတော့သည်။ ဤနှုန်းအတိုင်းဆိုလျှင် သူတို့သည် ကျုံးကြီးကို မကြာမီ ဖြတ်ကျော်နိုင်တော့မည် ဖြစ်သည်။

“မကောင်းတော့ဘူး သူတို့ကို အမြန်တားကြ”

ဗိုလ်မှူးကြီးကောင်းက အော်ဟစ်လိုက်သည်။

သူ၏စကားအဆုံးမှာပင်

ရှုး... ရှုး... ရှုး... ရှုး

ရာနှင့်ချီသော မြားများသည် ကောင်းကင်ယံကို ဖြတ်သန်းကာ တံတားသဖွယ် ခင်းပေးနေသော ရေမြင်းကြီးများ၏ ကျောပြင်ပေါ်သို့ ပျံသန်းသွားကြသည်။ သို့သော် အာနိသင်မှာ အလွန်နည်းပါးလှသည်။ ရေမြင်းကြီးများ၏ အရေခွံမှာ အလွန်ထူထဲမာကျောပြီး၊ အကွာအဝေးမှာလည်း ဝေးလွန်းသဖြင့် မြားများမှာ အရေခွံကို မဖောက်နိုင်ဘဲ မြစ်ထဲသို့သာ လွင့်စင်ကျကုန်သည်။

“ကျောက်တုံးပစ်စက်တွေကို သုံး”

ဗိုလ်မှူးကြီးကောင်းက ဆက်လက် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အဝါရောင်သစ်မာများဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ကျောက်တုံးပစ်စက်များကို မြို့ရိုးပေါ်သို့ ဆွဲထုတ်လာကြသည်။ သိုင်းပညာရှင်အဆင့်ရှိ မြားသမား အနည်းဆုံး သုံးဦးခန့်မှာ သူတို့၏ ခွန်အားအားလုံးကို အသုံးချကာ ဝန်ချီစက်ကို လှည့်၍ ကြိုးများကို တင်းနေအောင် ဆွဲကြရသည်။

ဂျိ... ဂျိ...

ကြိုးများမှာ ပြတ်တော့မည့်အလား တင်းကျပ်လာပြီးနောက် အရှိန်ဖြင့် လွှတ်လိုက်သောအခါ

ဝုန်း...

ကြိတ်ဆုံခဲအရွယ်အစားရှိသော ကျောက်တုံးကြီးမှာ ကောင်းကင်သို့ ပျံတက်သွားပြီး မြှားတံကွေးပုံသဏ္ဌာန်ဖြင့် ရေမြင်းကြီးများရှိရာသို့ ဒိန်းခနဲ ကျဆင်းသွားတော့သည်။ ပထမဆုံးအသုတ်တွင် အချို့သာ ထိမှန်သော်လည်း မြားသမားများက လမ်းကြောင်းကို အဆက်မပြတ် ချိန်ညှိလိုက်သောအခါ တိကျမှုမှာ သိသိသာသာ တိုးတက်လာသည်။

“ဝေါင်း...”

“ဝေါင်း...”

ရေမြင်းကြီးများ၏ နာကျင်စွာ အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ မည်မျှပင် မာကျောပါစေ အမြင့်မှ ကျလာသော ကျောက်တုံးကြီးများ၏ ဒဏ်ကိုမူ မခံနိုင်ဘဲ တစ်ခဏအတွင်းမှာပင် ကျုံးထဲရှိ ရေမြင်းတစ်ဝက်ခန့်မှာ ရေထဲသို့ နစ်မြုပ်သွားကြရတော့သည်။

သွေးများက မြစ်ရေကို နီရဲသွားစေပြီး ကျုံးကြီးတစ်ခုလုံး သွေးမြစ်အဖြစ် ပြောင်းလဲသွားတော့သည်။

သို့သော် မြို့ရိုးပေါ်ရှိ လူများ အောင်ပွဲမခံနိုင်ခင်မှာပင် ရေမြင်းများ၊ တောကျွဲများနှင့် ဆင်များကဲ့သို့ ကြီးမားသော သတ္တဝါကြီးများမှာ ကျုံးထဲသို့ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် တိုးဝင်လာကြပြန်သည်။ ကျောက်တုံးပစ်စက်များ၏ သုတ်သင်နှုန်းမှာ တိုးပွားလာသော သားရဲများ၏ အရေအတွက်ကို မမှီတော့ချေ။

ထို့ပြင် သေဆုံးသွားသော သို့မဟုတ် အသက်ငင်နေသော ရေမြင်းနှင့် ကျွဲကြီးများ၏ ခန္ဓာကိုယ်များက မြစ်ကြမ်းပြင်ကို တဖြည်းဖြည်း ပြည့်နှက်လာစေသည်။ ကျုံးကြီး တစ်ခုလုံး သားရဲအလောင်းများနှင့် ဖုံးလွှမ်းသွားဖို့မှာ အချိန်ကိစ္စသာ ဖြစ်တော့သည်။

“ဝေါင်း...”

သေရမှာကို မကြောက်သော သားရဲကြီးများသည် လှိုင်းလုံးများပမာ ကျုံးထဲသို့ အဆက်မပြတ် တိုးဝင်လာကြသည်။ ဤမြင်ကွင်းက မြို့ရိုးပေါ်ရှိ လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေသည်။

“ဆက်ပစ်ကြ”

ဗိုလ်မှူးကြီးကောင်းက ပြင်းထန်စွာ အမိန့်ပေးသည်။

သို့ဖြစ်၍ ကျောက်တုံးပစ်စက်များမှာ နားချိန်မရှိ အလုပ်လုပ်နေရတော့သည်။ မြားသမားများ နုံးချိလာသောအခါ ဂိုဏ်းဝင်များနှင့် မိသားစုဝင်များက အလှည့်ကျ ဝင်ရောက်ကူညီကြရသည်။ ကျောက်တုံးကြီးများကို ပစ်လွှတ်နိုင်ရန် ဝန်ချီစက်ကို လှည့်သည့်အခါ သိုင်းပညာရှငတစ်ယောက်၏ ခွန်အားနှင့်ဆိုလျှင်ပင် သူတို့၏ သွေးစွမ်းအင်ကို အပြည့်အဝ အသုံးချကြရသည်။ မည်သူမျှ ပင်ပန်းသည်ဟု မညည်းညူရဲဘဲ သားရဲဒီရေလှိုင်းကို ခုခံရန်အတွက်သာ အသံတိတ် အားထုတ်နေကြသည်။

နံနက်ခင်း နေထွက်ချိန်မှ ညမှောင်သည်အထိ နှစ်ဖက်စလုံး ရပ်တန့်မည့် အရိပ်အယောင် မရှိချေ။ သန်းခေါင်ယံအချိန် ရောက်မှသာ သားရဲအုပ်ကြီး၏ နောက်ကွယ်မှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ သားရဲများ၏ သေကြောင်းပြန်တိုက်ခိုက်မှုကြီး ရပ်တန့်သွားတော့သည်။

“ဟူး... ဟူး... ဟူး...”

“ပင်ပန်းလိုက်တာဗျာ လက်ချောင်းလေးတစ်ချောင်းတောင် မလှုပ်ချင်တော့ဘူး”

“တောက်... ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာ။ တခြားမြို့တွေ ဘယ်လိုနေမလဲ မသိဘူး”

“တကယ့် အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတွေရော ငါတို့ဘက်က အဆင့်မြင့်လူတွေရော မထွက်လာသေးဘူးနော်”

မြို့ရိုးပေါ်တွင် ဂိုဏ်းသားများနှင့် မိသားစုဝင်များမှာ ချွေးများရွှဲနစ်ကာ လူရုပ်မပေါက်တော့ဘဲ ပြန့်ကျဲလဲလျောင်းနေကြသည်။

“အား... ငါတော့ တကယ် ပင်ပန်းနေပြီ”

ကျန်းဝေတသည် အမောတကောဖြင့် လုံယီ့ထံ လျှောက်လာပြီး လက်ဖြန့်ကာ ပြောလိုက်သည်။

“မင်းဆီမှာ အသက်ဓာတ်ဖြည့်ဆေးရှိလား”

အသက်ဓာတ်ဖြည့်ဆေးသည် သွေးစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးသည့် အဖိုးတန်ဆေးတစ်မျိုးဖြစ်ပြီး ဈေးနှုန်း အလွန်ကြီးမြင့်သည်။ သို့သော် ဒုတိယဂိုဏ်းချုပ်ဖြစ်သော လုံယီအတွက်မူ ဤသည်မှာ ပြောပလောက်သည့် အရာမဟုတ်ချေ။

ကျန်းဝေတသည် လုံယီပေးသော ဆေးလုံးကို လှမ်းယူရင်း လုံယီ့ကို ကြည့်လိုက်မိရာ ရုတ်တရက် ကြောင်အသွားသည်။ လုံယီသည် ကျုံးဘက်သို့ အကြည့်မခွာဘဲ စိုက်ကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။ ထိုနေရာတွင် မျောပါနေသည်မှာ သားရဲအလောင်းများ မဟုတ်ဘဲ သူ၏ အချစ်ဦးဖြစ်နေသည့်အလား လုံယီ၏ မျက်လုံးများမှာ တောက်ပနေတော့သည်။

All Chapters