နတ်ဒေဝါမြေခွေး
Vol. 2 Ch. 194
မောပန်းနွမ်းနယ်မှုများ ပြေပျောက်သွားသည်နှင့် ဆန်းလျန် ရင်ထဲရှိ ပူပန်မှုများနှင့် ဝန်ထုပ်ဝန်ပိုးများ မှာလည်း သိသိသာသာလျော့ ပါးသွားသလို ခံစားလိုက်ရလေသည်။
ကလေး တစ်ယောက် အလား စိုးရိမ်ပူပန်မှုများ အားလုံး ပျောက်ကွယ် သွားရသည်။
အပါးလေးဆယ်သော နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများက သူ၏ဝိညာဉ်စွမ်းအား အတွင်းသို့ စိမ့်ဝင်ပြီး သူ၏ စိတ်ဝိညာဉ်ကို အခက်အခဲများ အားလုံးထဲမှ ရုန်းထွက်နိုင်ရန် တွန်းအား ပေးလိုက်ခြင်း ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်၏ တင်းကျပ်နေသည့် စိတ်ဝိညာဉ်ကို ဆရာဘွားဘွားချင်းဆွေ၏ ပုံတူပန်းချီကားက တည်ငြိမ်အေးချမ်း စေလိုက်လေသည်။ အခြားသော နတ်ဘုရား ပန်းချီ ကားချပ်များကြောင့် ဖြစ်ပေါ်နေသည့် ခံစားချက် မျိုးစုံမှာ ပိန်းကြာရွက်တွင် ရေမတင်သည့် အလား လွင့်စင်သွားရလေသည်။
ထိုသို့ ဖြစ်သွားခြင်းအတွက် ဆန်းလျန်အနေဖြင့် ကျင့်စဉ်လမ်း အဆင့် တက်သွားခြင်း မရှိသော်လည်း သူ၏စိတ်ဝိညာဉ်မှာ သိမ်မွေ့စွာ ပြောင်းလဲ သွားရလေသည်။ တိတိကျကျ ပြောရလျှင် သူ၏ “ယင်” ဝိညာဉ်စွမ်းအားသည် နတ်ဘုရား တစ်ပါး ပိုင်ဆိုင်သည့် မူလဝိညာဉ်နှင့် ပတ်သက်သည့် အရည်အသွေးများ စတင် ဖြစ်တည် လာလေသည်။ သူ၏ ဝိညာဉ်စွမ်းအားများမှာ အရင်ကထက် ပိုပြီး ခိုင်မာလာလေသည်။ သူ၏ “ယင်” ဝိညာဉ်စွမ်းအားသည် မြေကြီးကို မီးနှင့်ဖုတ်ကာ ပြုလုပ်ထားသည့် အုတ်တစ်ချပ်ပမာ အသွင်ပြောင်းသွားလေသည်။ ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ အစိမ်းရောင် အုတ်တစ်ချပ်အလား သိပ်သည်း သွားရလေသည်။
သာမန် အုတ်တစ်ချပ်မှာ ကွဲကြေလွယ်သည့်တိုင် အစိမ်းရောင် အုတ်ချပ်ကတော့ ကွဲကြေလွယ်ခြင်း မရှိပေ။ နတ်ဘုရား တစ်ပါး၏ မူလဝိညာဉ်မှာ မိုးမြေစွမ်းအားနှင့် ပေါင်းစပ်ပြီး ပုံသဏ္ဌာန် ရယူနိုင်လေသည်။ ပုံသဏ္ဌာန် ဖြစ်တည်လာသည့် အခါ ဝိညာဉ်ခန္ဓာမှာ ရုပ်ခန္ဓာအလား ဖြစ်တည်လာပြီး သာမန် ဝိညာဉ်ကဲ့သို့ ထိရှလွယ်ခြင်း မရှိတော့ပေ။
ဆန်းလျန် မတ်တတ် ရပ်လိုက်ပြီး ကျောက်စိမ်းစာလိပ်များကို ပြန်ကြည့်လိုက်ပြန်သည်။ အခြားသော တာအိုကျင့်စဉ်များကို လေ့လာရင်း သူအချိန်ကုန် မခံသင့်ပေ။ သို့သော် ထူးဆန်းသည့် ဂမ္ဘီရကျင့်စဉ် အချို့ကိုတော့ သူကျင့်ကြံထား သင့်လေသည်။
အဘယ်ကြောင့် ဆိုသော် သူက သူရဲဘောကြောင်သူ တစ်ယောက်ပမာ ချင်းရွှမ် နတ်တံခါးတွင်သာ ပုန်းမနေသင့်ပေ။ ဖော့ဝမ့်အဆင့် အောင်မြင်သည်နှင့် အပြင်လောကသို့ သူထွက်ခွာ သင့်လေသည်။ ထို့ကြောင့် အရေးပေါ်တွင် အသုံးပြုရန် လျှို့ဝှက်တန်ခိုး စွမ်းအား တစ်ခုခုကိုတော့ ကျင့်ကြံထားသင့်သည်ဟု သူယူဆထားသည်။
အလွန် တန်ခိုးစွမ်းအား ကြီးမားလှသည့် နတ်ဘုရားများပင်လျှင် နတ်ဘုရား အချင်း ရင်ဆိုင် တိုက်ခိုက်ကြသည့် အခါ အရေးပေါ် အသုံးပြုရန် အတွက် ဂမ္ဘီရပညာ အချို့ကို ကျင့်ကြံ ထားကြစမြဲ ဖြစ်လေသည်။
ကျောက်စိမ်း စာလိပ်လေး တစ်ခုကို ဆန်းလျန် ငုံ့ကြည့်လိုက်သည်။ ထိုကျောက်စိမ်း စာလိပ်ထဲတွင် မှတ်တမ်း တင်ထားသည့် ကျင့်စဉ်မှာ “အလင်းဝိညာဉ် ကျင့်စဉ်” ဖြစ်လေသည်။ ထိုကျင့်စဉ် တာ့ချန်အဆင့်သို့ ရောက်လျှင် အလင်းဝိညာဉ်အဖြစ် ဖန်ဆင်းနိုင်ပြီး မိုင်ပေါင်းထောင်နှင့် ချီသည့် နေရာကို တစ်ခဏ အတွင်းပင် သွားနိုင်လေသည်။
အလင်းဝိညာဉ် ကျင့်စဉ်မှာ ထူးခြား ဆန်းကျယ်သည့်တိုင် ဆန်းလျန်အတွက် အသုံးမဝင်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုကျင့်စဉ်ကို မူလဝိညာဉ် ရရှိပြီးမှသာ ကျင့်ကြံနိုင်မည် ဖြစ်သောကြောင့်ပင်။ မူလဝိညာဉ် ရှိရုံမျှဖြင့်ပင် နတ်ဘုရား တစ်ပါးအတွက် မျက်စိတစ်မှိတ် အတွင်း ကိုယ်ထင် ပြနိုင်လေသည်။ ထို့ပြင် နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအား များကိုလည်း လိုသလို ပြောင်းလဲ အသုံးချနိုင်ပြီး အကန့်အသတ်မရှိပေ။
အလင်းဝိညာဉ်ကျင့်စဉ်မှာ မူလဝိညာဉ်ကို အလင်းစွမ်းအားအတွင်းသို့ ပေါင်းစပ် ပြောင်းလဲပြီး အသုံးချခြင်း ဖြစ်လေသည်။ မိုင်ပေါင်း ထောင်နှင့် သောင်းနှင့်ချီပြီး သဲလွန်စ တစ်စပင် မကျန်အောင် လျင်မြန်စွာ သွားလာနိုင်လေသည်။
သို့သော် နတ်ဘုရားတစ်ပါး မဟုတ်သေးသည့် ဆန်းလျန်ကတော့ သက်ပြင်းတစ်ချက် ချကာ ကျောက်စိမ်းစာလိပ်ကို ပြန်ချထားလိုက်လေသည်။ သူ့အတွက် ထိုကျင့်စဉ်ကိုကျင့်ကြံရန် တန်ခိုးစွမ်းအားလုံလောက်ခြင်းမရှိသေးပေ။
ထို့နောက် သူက ရှေ့သို့ ဆက်သွားလိုက်ပြီး လေထဲတွင် မျောနေသည့် နောက်ထပ် ကျောက်စိမ်းစာလိပ် တစ်ခုကို ယူလိုက်ပြန်သည်။ ယခုတော့ ဆန်းလျန်သည် ကျောက်စိမ်း စာလိပ်များကို တဖြည်းဖြည်း ခွဲခြားတတ်လာပြီ။ အရောင် မှိန်နေသည့် စာလိပ်များမှာ တာအိုကျင့်စဉ် လမ်းနှင့် ပတ်သက်သည့် စာလိပ်များ ဖြစ်လေသည်။ ထိုကဲ့သို့သော စာလိပ်မျိုး အခုနှစ်ရာပင် မပြည့်ပေ။ ထိုကျင့်စဉ်များမှာ ချင်းရွှမ်နတ်တံခါးရှိ ကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခု အပြင် ချင်းရွှမ်မှ ကျင့်စဉ်များနှင့်ပတ်သက်သည့် အခြားသော ဖြည့်စွက်ချက်များ ဖြစ်လေသည်။ အချို့မှာ မပြီးဆုံးသေးသည့် ကျင့်စဉ်များ ဖြစ်လေသည်။
အလင်းရောင် တောက်နေသည့် ကျောက်စိမ်း စာလိပ်များမှာ တာအိုကျင့်စဉ်နှင့် ဆက်စပ်သည့် လျှို့ဝှက် တန်ခိုးစွမ်းအား ကျင့်စဉ်များ ဖြစ်ကြလေသည်။
ကျင့်စဉ်လမ်းကို မည်ကဲ့သို့ ကျင့်ကြံရမည်ကို ဖော်ပြထားသည့် ကျင့်စဉ်များ၊ စကြဝဠာထဲမှ တရားများကို ရှာဖွေသည့် ကျင့်စဉ်များ စသည်ဖြင့် တန်ခိုးစွမ်းအားများ အကြောင်းကို အသေးစိတ် ဖော်ပြ ထားလေသည်။ ခေတ်ပေါ်ကမ္ဘာတုန်းက သူအပေါ်ယံ သိခဲ့သည့် သိုင်းပညာနှင့် ကျင့်စဉ်ပညာ ဆိုသည်မှာ ပုံသေ ဖြစ်လေသည်။ ဤသို့လာလျှင် ဤသို့ ဖြေရှင်းမည်ဟု ပုံသေ ယူဆ၍ ရလေသည်။ သို့သော် ယခု ကျင့်စဉ်လမ်းမှာတော့ထို သို့မဟုတ်ပါ။
ဆန်းလျန်မှာ လေထဲမှ ကျောက်စိမ်း စာလိပ်ကို ကိုင်လိုက်မိသည်နှင့် အံ့အားသင့် သွားရလေသည်။
ထိုစာလိပ်ထဲမှ ကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် စာများသည် သူ၏စိတ်နှင့် စိတ်ဝိညာဉ်ဆီသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်လာလေသည်။ ထိုကျင့်စဉ်သည် သူ့စိတ်ထဲတွင် စွဲထင် သွားလေသည်။ ထိုစာလိပ်မှာ တန်ခိုးစွမ်းအားကို မှတ်တမ်း တင်ထားသည် သာမက စာတမ်းရှည် တစ်ခုလည်း ဖြစ်လေသည်။
ထိုစာရှည်မှာ နတ်ဒေဝါ မြေခွေးတစ်ယောက်က ရေးခဲ့သည့် စာရှည်ဖြစ်လေသည်။ နတ်ဘုရားများနှင့် နတ်မိစ္ဆာများ၏ မှတ်တမ်းများထဲတွင် နတ်ဒေဝါ မြေခွေးအကြောင်း ရေးသား ထားလေသည်။ နတ်ဒေဝါ မြေခွေးဆိုသည်မှာ နှစ်ငါးဆယ်ပြည့်လျှင် မိန်းမပျို တစ်ယောက်အသွင် ဖန်ဆင်းနိုင်လေသည်။ နှစ်တစ်ရာပြည့်လျှင် အလွန်လှပသည့် နတ်မိမယ် တစ်ပါးအဖြစ် ဖန်ဆင်းနိုင်လေသည်။ မိုင်ပေါင်းထောင်နှင့် ချီသည့် နေရာများဆီမှ သတင်း အချက်အလက်များ ကိုလည်း သိနိုင်လေသည်။ စွဲဆောင်မှုရှိပြီး လူပေါင်းများစွာကို ရူးသွပ်သွားသည် အထိ ပြုစားနိုင်လေသည်။ နှစ်တစ်ထောင် နတ်ဒေဝါမြေခွေး ဖြစ်လာလျှင် မိုးကောင်းကင်နှင့် ဆက်သွယ် နိုင်စွမ်းပင် ရလာမည် ဖြစ်လေသည်။
ဆန်းလျန်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ချင်ပြည်နယ် မြို့တော် အပြင်ဘက်ရှိ ချယ်လန်း ဝတ်ကျောင်းတော်တွင် ဆုံတွေ့ခဲ့ရသည့် မြေခွေးနတ်မိမယ်လေး ရှင်းစစ်စစ်နန်နှင့် သူမ၏ဖခင် မြေခွေးနတ်ဘုရား ရှင်းချွိပင်းကို သွားပြီး သတိရမိလေသည်။
ထိုမြေခွေးနတ်ဘုရားရှင်းချွိပင်း၏ အကြံပေးမှုကြောင့်ပင် ချင်းရွှမ်နတ်တံခါးသို့ ဆန်းလျန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုမြေခွေးနတ်ဘုရား သားအဖသည် သူသာ ချင်းရွှမ်သို့ ရောက်သွားလျှင် တစ်ခုခုကို တောင်းဆိုချင်ပုံ ရလေသည်။
ယခုအတိုင်းဆိုလျှင် ထိုမြေခွေးနတ်ဘုရား သားအဖ လိုချင်သည်မှာ နတ်ဒေဝါမြေခွေး၏ စာရှည် ဖြစ်နိုင်လေသည်။
နတ်ဒေဝါ မြေခွေးဆိုသည်မှာ နတ်မိစ္ဆာဂိုဏ်းဝင်များ ဖြစ်သော်လည်း နတ်ဘုရားသွေးမှ မွေးဖွားလာသူများ ဖြစ်သည်ဟု အဆို ရှိကြလေသည်။ သူတို့က ကျင့်ကြံရန် မလိုပေ။ သတ်မှတ်ထားသည့် အသက် အပိုင်းအခြား အတိုင်း တန်ခိုးစွမ်းအားများ အလိုလို ရလာကြသူများ ဖြစ်လေသည်။ နှစ်တစ်ထောင် ကြာလာသည့် အခါတွင်တော့ လုံးဝ အရွယ်ရောက်သည့် နတ်ဒေဝါမြေခွေး ဖြစ်လာပြီး နတ်မိစ္ဆာဂိုဏ်း တစ်ခုလုံးကိုပင် အပြတ်ရှင်းနိုင်သည့် စွမ်းအားဖြင့် ပြည့်စုံလာမည် ဖြစ်လေသည်။
လူသားကျင့်ကြံသူများနှင့် အခြားသော သတ္တဝါများမှာ ကျင့်စဉ်လမ်းကို အပတ်တကုတ် ကြိုးစားကျင့်ကြံ လျှောက်လှမ်းနေကြရသည့်တိုင် ကျင့်စဉ်လမ်း အောင်မြင်ရန်မှာ မသေချာပေ။ သို့သော် နတ်ဒေဝါ မြေခွေးကတော့ ကံကြမ္မာ၏ မျက်နှာသာ ပေးခြင်း ခံရကာ မည်သည့် ကျင့်ကြံမှုမှ မလိုဘဲ အချိန်တန်လျှင် တန်ခိုးစွမ်းအား အလိုလို ရလာသူ ဖြစ်လေသည်။
သို့သော် နတ်ဒေဝါ မြေခွေးများမှာ ပျောက်ကွယ်သွားပြီမှာ ကြာပြီ ဖြစ်လေသည်။ နတ်ဒေဝါမြေခွေး ဤလောကသို့ ထွက်ပေါ် မလာတော့ပေ။
သို့သော် နတ်ဒေဝါ မြေခွေးမှာ မွေးရာပါ တန်ခိုးစွမ်းအား ပြည့်ဝသူ ဖြစ်သည့်အတွက် အခြားသော နေရာတစ်ခုတွင် သွားရောက်နေထိုင်သည်လည်း ဖြစ်နိုင်လေသည်။
ဆန်းလျန်လက်ထဲတွင်ကိုင်ထားသည့် နတ်ဒေဝါမြေခွေး ရေးသားခဲ့သည့် စာရှည်မှာ ကျင့်စဉ်နှစ်မျိုးနှင့် သွေးမုန်တိုင်းကို ဖန်ဆင်းနိုင်သည့် တန်ခိုးစွမ်းအား တစ်ခု ပါဝင်လေသည်။ ပထမကျင့်စဉ်မှာ “မိုးကောင်းကင်ရနံ့” ကျင့်စဉ် ဖြစ်လေသည်။ ထိုကျင့်စဉ်မှာ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်ထဲမှ စိတ်ဝိညာဉ် မြှင့်တင်ခြင်း ကျင့်စဉ်နှင့် ဆင်တူလေသည်။
သို့သော် မိုးကောင်းကင် ရနံ့ကျင့်စဉ်မှာ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်နှင့် မည်သို့မျှ ယှဉ်၍မရပေ။
မိုးကောင်းကင် ရနံ့ကျင့်စဉ်မှာ မသန့်စင်သည့် စိတ်အာရုံများကို တည်ငြိမ်အောင် သန့်စင်နိုင်ရန် မိုးကောင်းကင်မှ စွမ်းအားများကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည့် ကျင့်စဉ် ဖြစ်လေသည်။ မသန့်စင်သည့် စိတ်အာရုံများကို မိုးကောင်းကင် ရနံ့ကဲ့သို့ သန့်စင် စေနိုင်လေသည်။ သို့သော် စိတ်အာရုံများကို အပြည့်အဝတော့ သန့်စင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ညစ်နွမ်းနေသည့် စိတ်အာရုံများကို အားလုံးကို သန့်စင်စေဖို့ ဆိုသည်မှာ ခက်ခဲစွာ ကြိုးစားရမည် ဖြစ်လေသည်။
သို့သော် ဝိညာဉ်စွမ်းအား တိုးတက် လာသည်ကတော့ ကြီးမားသည့် အကျိုးအမြတ်ပင် ဖြစ်ပေမည်။
သို့သော် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ စိတ်ဝိညာဉ် မြှင့်တင်ခြင်း ကျင့်စဉ်မှာ ကိုယ်တိုင် လေ့ကျင့်ရသည့် ကျင့်စဉ်ဖြစ်ပြီး မိုးကောင်းကင် စွမ်းအား စုပ်ယူခြင်းကဲ့သို့ ပြင်ပစွမ်းအား အကူအညီများ မလိုပေ။ ထိုစာအုပ်မှာ အလွန်ထူးဆန်းသည့် ကျင့်စဉ်စာအုပ်ပင် ဖြစ်လေသည်။
ဝိညာဉ် စွမ်းအား ကြီးမားခြင်း၏ အကျိုးကျေးဇူးကို ဆန်းလျန်မှာ ကျင့်စဉ်လမ်း လျှောက်လှမ်းသည့် အချိန်တွင် ကိုယ်တွေ့ ခံစားခဲ့ရဖူးပြီ ဖြစ်သည်။ ထို့ကြောင့် မိုးကောင်းကင်ရနံ့ ကျင့်စဉ်မှာ အလွန်ထူးခြားပြီး ကျင့်စဉ်လမ်းကို အထောက်အကူ ပြုနိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်ကြေင်း ဆန်းလျန် ကောင်းကောင်း သိလေသည်။ ဝိညာဉ်စွမ်အား မြှင့်တင်ခြင်းနှင့် ကျင့်စဉ်လမ်းတွင် ကျင့်ကြံရသည့် ကျင့်စဉ်ကို တစ်ပြိုင်တည်း လေ့ကျင့်ပါက ကျင့်စဉ်နှစ်ခု ပဋိပက္ခ မဖြစ်သည့်အပြင် တစ်ခုနှင့်တစ်ခု အထောက်အကူပင် ဖြစ်သေးသည်။
စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်များကို လေ့ကျင့်ခဲ့သည့် အတွေ့အကြုံကြောင့် မိုးကောင်းကင်ရနံ့ ကျင့်စဉ်ကို ဆန်းလျန်မှာ လွယ်ကူစွာ နားလည်သွားရသည်။ ထို့ပြင် စိတ်ဝိညာဉ် မြှင့်တင်ခြင်း ကျင့်စဉ်မှာ ထူးခြားဆန်းကျယ်သည့်တိုင် နတ်ဒေဝါ မြေခွေးကတော့ သိပ်ပြီး အလေးထားပုံ မပေါ်ပါ။ အကြမ်းဖျင်းမျှသာ ဖော်ပြထားပြီး ကျောက်ရှောင်ယွီ၏ ကြာပန်းကိုးပွင့် ကျင့်စဉ်ထက်ပင် သာလွန်ခြင်း မရှိပေ။
ဆန်းလျန် အနေဖြင့်လည်း နတ်ဒေဝါ မြေခွေး၏ စာတမ်းရှည်ထဲမှ မိုးကောင်းကင်ရနံ့ ကျင့်စဉ်ကို စိတ်ဝင်စားခြင်း မရှိပါ။ ဆန်းလျန်မှာ ဒုတိယကျင့်စဉ်ကို စိတ်ဝင်စားခြင်း ဖြစ်လေသည်။ ထိုကျင့်စဉ်၏ အမည်မှာ “ထုန်းထျန်းကျင့်စဉ်” ဖြစ်လေသည်။
နတ်ဒေဝါမြေခွေးမှာ မွေးရာပါ တန်ခိုးစွမ်းအားနှင့် ပြည့်စုံသူ ဖြစ်သည့်အတွက် အခြားသောသူများက များစွာမနာလို ဖြစ်ကြလေသည်။ ထို့ပြင် နတ်ဒေဝါ မြေခွေးမှာ နှစ်တစ်ထောင် နတ်ဒေဝါမြေခွေး မဖြစ်သေးမချင်း တန်ခိုးစွမ်းအားလည်း ကြီးမားခြင်း မရှိသလို စကြဝဠာတစ်ခုလုံးကို လိုသလို လှည့်လည် သွားလာနိုင်ခြင်းလည်း မရှိသေးပါ။ ထိုအချိန်မျိုးတွင် အခြားသောသူများက ဖမ်းဆီးပြီး ဝိညာဉ်စွမ်းအား သတ္တဝါအဖြစ် အသုံးချခြင်းကို မခံရစေရန်နှင့် အခြားနည်းလမ်း တစ်ခုခုဖြင့် အသုံးချခြင်းကို မခံရစေရန် ရှောင်ရှားသည့် ကျင့်စဉ်တစ်ခု လိုအပ်လေသည်။ ရန်သူများ၏ ရန်မှ ပုန်းကွယ်ပြီး အသက်အန္တရာယ် မကျရောက်စေရန် အတွက် ကျင့်ကြံရသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ထိုကျင့်စဉ်မှာ “ထုန်းထျန်းကျင့်စဉ်” ပင်ဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံပါက မိုးကောင်းကင်၏ အာရုံခံစွမ်းအားကို ရရှိမည် ဖြစ်လေသည်။ တစ်စုံတစ်ယောက်က နာကျင်အောင် ပြုလုပ်တော့မည် ဆိုပါက ကြိုတင်ပြီး သိမြင်နိုင်လေသည်။
ထိုကျင့်စဉ်မှာ မိုးကောင်းကင်ထိတော့ ရောက်အောင် သွားနိုင်ခြင်းမရှိပါ။ သို့သော် ထိုကျင့်စဉ်မှာ အလွန်ပင် အသုံးဝင်လေသည်။ အန္တရာယ်ရှိသည့် နေရာများသို့လည်း တန်ခိုးစွမ်းအား အသုံးပြုပြီး ခိုးဝင်နိုင်သလို အန္တရာယ်ကင်းကင်းနှင့် ပြန်လည် ထွက်ခွာ လာနိုင်လေသည်။ မည်မျှ တန်ခိုးစွမ်းအား ကြီးမားသည့်သူ ဖြစ်ပါစေ “ထုန်းထျန်းကျင့်စဉ်” ကျင့်ကြံထားသူကို သိမြင်နိုင်ခြင်း မရှိပေ။
နတ်ဒေဝါမြေခွေးက ထပ်မံ ရေးသားထားသေးသည်မှာ “မည်မျှ တန်ခိုးစွမ်းအား ကြီးမားသည့်သူ ဖြစ်ပါစေ ထုန်းထျန်း ကျင့်စဉ် ကျင့်ကြံထားသူကို သိမြင်နိုင်ခြင်း မရှိ” ဆိုရာဝယ် နတ်ဘုရားများပင် ပါဝင်သည်ဟု ရေးသား ထားလေသည်။
နတ်ဒေဝါမြေခွေး အရွယ်မရောက်ခင် သူတို့တွင် ကြီးမားသည့် တန်ခိုးစွမ်းအား မရှိသေးပေ။ ထို့ကြောင့် ထုန်းထျန်း ကျင့်စဉ်မှာလည်း ကျင့်ကြံရန် ခက်ခဲခြင်းမရှိပါ။ ထို့ပြင် စာတမ်းရှည်ကို ရေးသားခဲ့သော နတ်ဒေဝါ မြေခွေးမှာလည်း အမှန်တကယ် တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် ဖြစ်လေသည်။ ထုန်းထျန်းကျင့်စဉ်မှာ ထိုနတ်ဒေဝါမြေခွေး ကိုယ်တိုင် တီထွင်ခဲ့သည့် မူပိုင်ကျင့်စဉ် ဖြစ်လေသည်။ သို့သော် လွန်စွာမှ ထူးခြားဆန်းကျယ်လှသည့် ထိုကျင့်စဉ်ကို မည်သည့် လူသား၊ သတ္တဝါမဆို ကျင့်ကြံ၍ ရနိုင်သည်ဟု ရေးသား ထားခဲ့လေသည်။
သို့သော် လူတိုင်းတော့ လေ့ကျင့်၍ ရနိုင်မည် မဟုတ်ပေ။ ဝိညာဉ်စွမ်းအား မြင့်မားသူများသာ ထုန်းထျန်းကျင့်စဉ်ကို ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် နတ်ဒေဝါ မြေခွေးသည် ထုန်းထျန်း ကျင့်စဉ်နှင့်အတူ ကောင်းကင်ရနံ့ ကျင့်စဉ်ကိုပါ ထည့်သွင်း ရေးသားထားခဲ့ခြင်း ဖြစ်လေသည်။
***