← Chapters

အခန်း (၁၈၂)

Vol. 19 Ch. 182

အခန်း (၁၈၂)

Vol. 19 Ch. 182

အခန်း။ ၁၈၂

[ဝိညာဉ်ဝါးမြိုခြင်း: ပုဆိန်အတွင်း၌ ဝါးမြိုခြင်းစွမ်းအား ကိန်းအောင်းနေသည်။ ရန်သူကို သတ်ဖြတ်ပြီးတိုင်း ထိုသူ၏ သွေးစွမ်းအင်ကို စုပ်ယူနိုင်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်မှုအား ပိုမိုပြင်းထန်စေရန် ခန္ဓာကိုယ်အတွင်း ခဏတာ သိုလှောင်ထားနိုင်သည်။ သွေးစွမ်းအင် စုပ်ယူမှု များလေလေ၊ ခန္ဓာကိုယ်မှ ခံနိုင်ရည်ဝန်ပိလေလေဖြစ်ပြီး အကန့်အသတ်ကျော်လွန်ပါက ကိုယ်တိုင် ပေါက်ကွဲထွက်သွားနိုင်သည့် အန္တရာယ်ရှိသည်]

ဒီအဆင့်မြင့် ပုဆိန်သိုင်းက အုပ်စုလိုက်တိုက်ပွဲတွေအတွက် တကယ့်လက်နက်ကောင်းပဲ။

လုံယီ မတွေးဘဲ မနေနိုင်တော့ချေ။

ရန်သူတွေ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်လေလေ သူက သွေးစွမ်းအင်တွေ ပိုသိုလှောင်နိုင်လေလေ ဖြစ်မည်။ နောက်ဆုံး ပေါက်ကွဲထွက်လာမည့် တိုက်ကွက်က ကမ္ဘာပျက်မတတ် ပြင်းထန်

လိမ့်မည်။ ခန္ဓာကိုယ် ပေါက်ကွဲနိုင်သည့် အန္တရာယ်ကိုမူ လုံယီ သိပ်ဂရုမစိုက်ပေ။ သူ၏ စွမ်းရည်ပြမျက်နှာပြင်ကြောင့် သူ့ကိုယ်သူ မသေမျိုးခန္ဓာဟုပင် တစ်ဝက်တစ်ပျက် ခေါ်ဆိုနိုင်သည်။

သူသည် ဒိုင်ခွက်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။

အသက်ရှူကျင့်စဉ်က အောင်မြင်မှုအဆင့်ငယ်သို့ ရောက်ရှိသွားပြီဖြစ်သလို ပုဆိန်သိုင်းကလည်း အောင်မြင်မှုအဆင့်ကြီးသို့ မြင့်တက်သွားခဲ့ကာ စွမ်းအင်မှာမူ အမှတ် ၁၀၀ ကျော်သာ ကျန်ရှိတော့သဖြင့် လောလောဆယ် အင်အားထပ်တိုးရန် ခေတ္တရပ်နားရပေတော့မည်။

ယခု သူလုပ်ဆောင်ရမည့်အရာမှာ စွမ်းအင်များ ထပ်မံစုဆောင်းရန်နှင့် နီးကပ်လာသော သားရဲဒီရေလှိုင်းနှင့် ရွှီမိသားစုထံမှ ရန်လိုမှုများကို ရင်ဆိုင်နိုင်ရန် တိတ်တဆိတ် အင်အားမွေးမြူထားဖို့ပင်။

မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး လေပြင်းများက တဝူးဝူး တိုက်ခတ်နေသည်။ အစွန်းရောက်လက်သီးဂိုဏ်းအတွင်း၌ လေထုမှာ အလွန်ပင် လေးလံထိုင်းမှိုင်းနေတော့သည်။

ဂိုဏ်းတစ်ခုလုံးတွင် အဖြူရောင် ဝမ်းနည်းခြင်း အလံများကို လွှင့်ထူထားသည်။ အကြီးအကဲအဆင့်ရှိသူများအားလုံး အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တပည့်များမှာလည်း သူတို့၏ လက်မောင်းတွင် အဖြူရောင်ပိတ်စများ ပတ်ထားကာ တည်ငြိမ်လေးနက်သော မျက်နှာထားများ ရှိနေကြသည်။

သိုင်းကွင်းအတွင်း၌ လွမ်းသူ့ပန်းခွေများ နှစ်တန်းခွဲ၍ ချထားကာ အလယ်တွင် အနက်ရောင် ခေါင်းတလား ဒါဇင်ပေါင်းများစွာကို စီတန်းထားသည်။ ထိုခေါင်းတလားများထဲတွင် ဂိုဏ်းအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးသွားခဲ့ကြသော ညီနောင်များ ရှိနေသည်။

ဂိုဏ်းအတွက် နှစ်ပေါင်းများစွာ အနစ်နာခံခဲ့သော်လည်း နောက်ဆုံးတွင် စတေးခံလိုက်ရသည့် ဂိုဏ်းချုပ်ဟောင်း၊ အတွင်းစည်းတပည့်တိုင်းကို တင်းကျပ်စွာ သင်ကြားပေးခဲ့သော အကြီးအကဲကျိုး၊ အရေးကြီးသော အချိန်တွင် အစွမ်းပြခဲ့သည့် မာနခဲ ကျိုးယန်နှင့် အဆင့်မတက်သေးမီ ကြွေလွင့်သွားရသော အတွင်းစည်းတပည့်များစွာ...

အစွန်းရောက်လက်သီးဂိုဏ်းချုပ် ဝေယိုသောက်သည် အရက်အိုးကိုကိုင်ကာ အိုးဝကို ချိပ်ပိတ်ထားသော ဖယောင်းကို ခွာလိုက်သည်။ ကြည်လင်သော အရက်များ မြေကြီးပေါ်သို့ စီးကျသွားပြီး အရက်နံ့မှာ လေနှင့်အတူ လွင့်ပါးသွားတော့သည်။

မဟာအကြီးအကဲ ကျိုးပုဖုန်း၊ အကြီးအကဲကျန်း၊ အကြီးအကဲလီတို့နှင့်အတူ လုံယီနှင့် ချန်မူကျူ ဦးဆောင်သော တပည့်များမှာ တစ်ဦးချင်း ရှေ့သို့တက်ကာ သေဆုံးသူများကို အလေးအမြတ်ပြု ဂါရဝပြုကြသည်။

အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်သော ကျန်းဝေတပင်လျှင် ယခုကဲ့သို့ အချိန်မျိုး၌ မည်သည့် ပြောင်ချော်ချော် အမူအရာမျိုးကိုမျှ မပြရဲချေ။ လေထုတစ်ခုလုံးမှာ အေးစက်တင်းမာနေသည်။

ကလောက်... ကလောက်... ကလောက်...

ထိုစဉ် သိုင်းကွင်း၏ အပြင်ဘက်မှ မမျှော်လင့်ဘဲ ကြမ်းတမ်းသော ခြေသံများ ထွက်ပေါ်လာသည်။ လူတစ်စုသည်လည်း အဖြူရောင် ဝမ်းနည်းခြင်းဝတ်စုံများကို ဝတ်ဆင်ကာ ဦးခေါင်းတွင် အဖြူရောင်ပိတ်စများ ပတ်လျက် လျှောက်လှမ်းလာကြသည်။

သူတို့ကို ဦးဆောင်လာသူမှာ မျက်နှာဝိုင်းဝိုင်း၊ ဖြူဖြူဖွေးဖွေးနှင့် ဝဝဖိုင်ဖိုင် လူတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် သူ၏မျက်နှာ၌ စစ်မှန်သော ဝမ်းနည်းမှုများ ပေါ်ပေါက်

နေသည်။ ထိုသူကား အခြားသူမဟုတ်ပေ။ အစွန်းရောက်လက်သီးဂိုဏ်း အန္တရာယ်ကြုံတွေ့စဉ်က ထွက်ပြေးသွားခဲ့သော စီနီယာအစ်ကိုကြီး လီယာကွီပင်။

သူ့ထံသို့ ရောက်ရှိလာသော အံ့ဩတုန်လှုပ်မှုနှင့် အထင်အမြင်သေးသော အကြည့်များကို လျစ်လျူရှုကာ လီယာကွီသည် သိုင်းကွင်းအလယ်ရှိ ခေါင်းတလားများရှေ့သို့ လျှောက်သွားပြီး ဘုန်း ခနဲ အသံမြည်အောင် ဒူးထောက်ချလိုက်သည်။

“အကြီးအကဲကျိုး... အကြီးအကဲလီ... ကျိုးယန်... ဝမ်ဟိုင်... လူချန်းချင်း... ငါ မင်းတို့ကို အားနာလှပါတယ်”

“ငါက သေမှာကြောက်လို့ ဂိုဏ်းကို သစ္စာဖောက်ခဲ့တာ။ ငါက သေထိုက်တဲ့သူပဲ... သေထိုက်တဲ့သူ”

လီယာကွီသည် ကြမ်းပြင်နှင့် နဖူးကို ပေါင်... ပေါင်... မြည်အောင် ဆက်တိုက် ဆောင့်နေတော့သည်။ သို့သော် သူသည် ချီစွမ်းအင်ပတ်လမ်းငယ်အထွတ်အထိပ်သို့ ရောက်နေသော သိုင်းသမားတစ်ဦးဖြစ်ရာ နဖူးမှာ အလွန်မာကျောသဖြင့် မည်သည့်ဒဏ်ရာမျှ မရဘဲ အနည်းငယ် နီမြန်းရုံသာ ရှိသည်။

လီယာကွီ၏ နောက်ကွယ်ရှိ လူများမှာလည်း ထိုနေ့က ထွက်ပြေးခဲ့ကြသော တပည့်များပင်။ သူတို့အားလုံးသည် လီယာကွီ၏ လုပ်ရပ်ကို အတုယူကာ ဂိုဏ်းအတွက် အသက်ပေးသွားသူများကို ငိုကြွေးဂါရဝပြုရင်း၊ ဘေးဒုက္ခကြုံချိန်တွင် ထွက်ပြေးခဲ့သော သူတို့၏ သူရဲဘောကြောင်မှုကိုယ်စီကို အပြစ်တင်နေကြသည်။

ဝေယိုသောက်၊ ကျိုးပုဖုန်းနှင့် အခြားသူများက ထိုလုပ်ရပ်များကို မည်သို့မျှ ဝင်ရောက်မတားဆီးဘဲ အေးစက်စွာ စောင့်ကြည့်နေကြသည်။

ကျန်းဝေတက အေးစက်စွာ ပြုံးလိုက်ပြီး ဘေးနားရှိ လုံယီကို တိုးတိုးလေး ကပ်ပြောသည်။

“သူတို့က အန္တရာယ်တွေ ကုန်သွားပြီဆိုတာ သိတော့ အကျိုးအမြတ်တွေ ပြန်လာခွဲချင်လို့ အခုလို လာလုပ်ပြနေတာ”

သူထင်သည့်အတိုင်းပင်။ သေဆုံးသူများကို ဂုဏ်ပြုသည့် အခမ်းအနားပြီးဆုံးသောအခါ လီယာကွီသည် သူ၏ ဂျူနီယာ မောင်နှမများကို ဦးဆောင်ကာ ဂိုဏ်းချုပ် ဝေယိုသောက်ရှေ့သို့ သွား၍ ဦးညွှတ်ရန် ပြင်ဆင်လိုက်သည်။

“တော်တော့”

ဝေယိုသောက်က အေးစက်သော အသံဖြင့် တားဆီးလိုက်သည်။

“မင်းတို့က အစွန်းရောက်လက်သီးဂိုဏ်းရဲ့ တပည့်တွေ မဟုတ်တော့ဘူး။ ငါ့ကို ဘာလို့ ဦးညွှတ်တာလဲ ငါ အဲဒီဦးညွှတ်မှုကို လက်မခံနိုင်ဘူး”

ထို့နောက် သူသည် သိုင်းခန်းမတံခါးဝဆီသို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သူတို့ကို ဘယ်သူက အထဲကို ပေးဝင်လိုက်တာလဲ အဲဒီလူ နောက်မှ ငါ့ဆီလာပြီး ပြစ်ဒဏ်ခံဖို့ ပြင်ထားလိုက်”

လီယာကွီ၏ မျက်နှာမှာ အပြာရောင်တစ်လှည့် အဖြူရောင်တစ်လှည့် ပြောင်းလဲနေပြီး ဦးညွှတ်ရမည့်အစား မတ်တပ်ရပ်နေရန်လည်း အနေရခက်သဖြင့် လက်အုပ်ချီကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ်... တိုက်ပွဲဖြစ်နေတုန်း ထွက်ပြေးခဲ့တာက ခွင့်လွှတ်လို့မရမှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေကို ဂိုဏ်းအတွက် အမှုထမ်းရင်း အပြစ်ပေးဆပ်ခွင့်ပြုပါ။ သစ်ပင်ရေလောင်းတာ၊ တံမြက်စည်းလှည့်တာ၊ စံအိမ်စောင့်တာ ဒါမှမဟုတ် ကုန်ပစ္စည်းစောင့်ရှောက်တာပဲဖြစ်ဖြစ် ကျွန်တော် ဘာမှမငြင်းပါဘူး ဒါ့အပြင် အခု သားရဲဒီရေလှိုင်းကလည်း နီးကပ်လာပြီဆိုတော့ သားရဲတွေကို နှိမ်နင်းပြီး ဂိုဏ်းအတွက် အကျိုးပြုချင်ပါတယ် ခင်ဗျာ”

“သားရဲဒီရေလှိုင်းကြောင့် အသေမခံရအောင် ဂိုဏ်းရဲ့အကာအကွယ်ကို လာယူချင်တာပဲနေမှာပါ”

တစ်စုံတစ်ယောက်က တိုးတက်သောလေသံဖြင့် ပြောလိုက်သည်။

အသံမှာ တိုးသော်လည်း သိုင်းပညာရှင်များဖြစ်ကြသဖြင့် အကြားအာရုံမှာ သာမန်ထက် ထူးကဲနေရာ အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ လူအများ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ ပေါ်လာပြီး အချို့ကမူ အလွန်ဒေါသထွက်ကာ လီယာကွီကို ပြေးထုချင်စိတ်ပင် ပေါက်နေကြသည်။

တစ်ချိန်က အားလုံး၏ လေးစားမှုကို ခံခဲ့ရသော စီနီယာအစ်ကိုကြီးသည် ရွေးချယ်မှုတစ်ခု မှားယွင်းခဲ့ခြင်းကြောင့် ယခုအခါ အနှိမ်ခံ၊ အရှုတ်ချခံဘဝသို့ ရောက်သွားရသည်။ နတ်ပြည်နှင့် ငရဲ တစ်ဖက်စီ ဖြစ်သွားရခြင်းပင်။

လီယာကွီသည် သူသည် ဤနေရာတွင် အလိုမရှိသောသူဖြစ်မှန်း သိသော်လည်း သူ့ထံသို့ ရောက်ရှိနေသော ရန်လိုသည့်အကြည့်များနှင့် အထင်သေးမှုများကို အံတုကာ တည်ငြိမ်အောင် ကြိုးစားနေသည်။ သူသည် ဝေယိုသောက်ကို စိုက်ကြည့်ရင်း သက်ညှာမှုပေးရန် မျှော်လင့်နေတော့သည်။ သူနှင့်အတူ ထွက်ပြေးခဲ့သော ဂျူနီယာများမှာမူ ခေါင်းငုံ့ထားကြပြီး မျက်နှာနှင့် လည်ပင်းများမှာ နီရဲကာ ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

အချိန်မှာ တစ်စက္ကန့်ချင်းစီ ကုန်ဆုံးနေပြီး လီယာကွီတို့အဖွဲ့အတွက် ထိုအချိန်မှာ နှိပ်စက်မှုတစ်ခုကဲ့သို့ပင်။

“ဂိုဏ်းကို လုံယီရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကယ်တင်နိုင်ခဲ့တာ။ သူက မကြာခင်မှာ ဒုတိယဂိုဏ်းချုပ် ဖြစ်လာတော့မှာပါ။ ဒီနေ့ကစပြီး အစွန်းရောက်လက်သီးဂိုဏ်းရဲ့ ကိစ္စအဝဝကို သူပဲ စီမံခန့်ခွဲလိမ့်မယ်။ မင်းတို့ နေရမလား။ ထွက်သွားရမလားဆိုတာကို သူပဲ ဆုံးဖြတ်လိမ့်မယ်”

ဝေယိုသောက်က ထိုတာဝန်ကို လုံယီထံသို့ ရုတ်တရက် လွှဲပြောင်းပေးလိုက်သဖြင့် လုံယီမှာ အံ့ဩသွားရသည်။

ရှပ်... ရှပ်... ရှပ်...

ခဏချင်းမှာပင် လူအားလုံး၏ အကြည့်များမှာ လုံယီထံသို့ စုပြုံရောက်ရှိလာသည်။ လီယာကွီနှင့် သစ္စာဖောက်အပေါင်းအပါများ၊ ဂိုဏ်းချုပ်၊ အကြီးအကဲများနှင့် ဂိုဏ်းကို စောင့်ရှောက်ရင်း ကျန်ရစ်ခဲ့သော တပည့်များအားလုံး သူ၏အဖြေကို စောင့်စားနေကြသည်။

လုံယီက ဒုတိယဂိုဏ်းချုပ် ဖြစ်လာတော့မည်ဟူသော သတင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် လူအတော်များများ အံ့အားသင့်သွားကြသော်လည်း မည်သူမျှ မေးခွန်းထုတ်ခြင်း သို့မဟုတ် မကျေနပ်ခြင်းမျိုး မရှိကြချေ။ စွမ်းဆောင်ချက်အရဖြစ်စေ သိုင်းပညာခွန်အားအရဖြစ်စေ လုံယီသည် ဒုတိယဂိုဏ်းချုပ်ဖြစ်ရန် အလွန်ပင် ထိုက်တန်နေပြီဖြစ်သောကြောင့်ပင်။

လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော်လည်း လုံယီ၏ အမူအရာမှာ ပျက်ယွင်းသွားခြင်း မရှိပေ။ သူသည် မိမိကို အသနားခံသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် လီယာကွီကို တည်ငြိမ်စွာ ပြန်ကြည့်လိုက်သည်။

လီယာကွီ၏ နောက်ကွယ်တွင်ရှိသော မျက်နှာများမှာလည်း သူနှင့် ရင်းနှီးခဲ့ဖူးသော ဂိုဏ်းသားဟောင်းများပင် ဖြစ်သည်။ လုံယီသာ ခေါင်းညိတ်လိုက်လျှင် သူတို့အားလုံး အရင်ကလို ဂိုဏ်းထဲမှာ အတူတူနေထိုင်ပြီး သိုင်းကျင့်ခွင့် ရကြတော့မည်။ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း တကယ်တမ်း ထိုသို့လုပ်ဆောင်ရန် ဖြစ်နိုင်ပါ့မလား။

လုံယီသည် သူ့ကို သိုင်းသင်ပေးခဲ့ဖူးသော အခြားစီနီယာအစ်ကိုတစ်ဦးဖြစ်သူ ချန်မူကျူကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်မှ ဒဏ်ရာများမှာ အမာရွတ်ပင် မဖြစ်သေးချေ။ တစ်ချိန်က ဂိုဏ်း၏ အချောဆုံးဟု အမည်ကျော်ခဲ့သော ချန်မူကျူသည် ယခုအခါ ညာဘက်လက်ပြတ်နေပြီး အင်္ကျီလက်မှာ လေထဲတွင် တလွင့်လွင့်နှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရှာသည်။

ထို့နောက် ပတ်တီးဖြူများ တစ်ကိုယ်လုံးပတ်ထားရသည့် ဂိုဏ်းချုပ် ဝေယိုသောက်၊ မဟာအကြီးအကဲ ကျိုးပုဖုန်းနှင့် အကြီးအကဲကျန်း တို့ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သိုင်းကွင်းအလယ်ရှိ ခေါင်းတလား ဒါဇင်ပေါင်းများစွာဆီသို့ သူ၏ အကြည့်တို့ ရောက်ရှိသွားသည်။

လုံယီ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူသည် လီယာကွီနှင့် အခြားသူများကို ကိုယ်ချင်းစာပါသည်။ သေမှာကြောက်ခြင်းမှာ လူသားတို့၏ သဘာဝဖြစ်ပြီး ထိုသို့ရွေးချယ်ခဲ့ခြင်းမှာလည်း နားလည်ပေးနိုင်စရာ ရှိပါသည်။

သို့သော်... သူတို့ကို ပြန်လက်ခံလိုက်မည်ဆိုလျှင် ဂိုဏ်းအတွက် အသက်ပေးသွားခဲ့သူများ၊ ဒဏ်ရာရခဲ့သူများအတွက် တရားပါ့မလား နောက်နောင် ဂိုဏ်းအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်မည့်သူ ရှိပါဦးမလား ဂိုဏ်းသားတွေကြားမှာကော စည်းလုံးမှု ရှိနိုင်ပါဦးမလား။

ဤသည်တို့ကို တွေးတောပြီးနောက် လုံယီက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး စီနီယာအစ်ကို... ကျွန်တော် ခင်ဗျားတို့ကို ပြန်လက်ခံဖို့ သဘောမတူနိုင်ပါဘူး”

လီယာကွီ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး စကားပင် မဆိုနိုင်တော့ချေ။ သူ၏နောက်ကွယ်မှ လူများကြားတွင် ငိုသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

“အာယီ... ငါ အဲဒီတုန်းက သေသေချာချာ မစဉ်းစားမိလို့ပါ ငါ့ကို ကူညီပါဦး”

“အာယီ... ငါ့ကို ဂိုဏ်းထဲ ပြန်ဝင်ခွင့်ပေးပါ။ မဟုတ်ရင် ငါ့အဖေက ငါ့ကို ရိုက်သတ်လိမ့်မယ်”

ရင်းနှီးသော မျက်နှာများစွာက အသနားခံနေကြသော်လည်း လုံယီမှာမူ ကျောက်စာတိုင်တစ်ခုကဲ့သို့ ခိုင်မာစွာ ငြင်းဆိုထားပြီး မည်သို့မျှ စိတ်နှလုံး မသာယာခြင်း မရှိပေ။ နောက်ဆုံးတွင် လီယာကွီနှင့် အဖွဲ့မှာ စိတ်ပျက်အားငယ်စွာဖြင့် ဂိုဏ်းအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာသွားကြရတော့သည်။

“အနည်းဆုံးတော့ သူတို့ရဲ့ သိုင်းပညာတွေကို ဖျက်ဆီးမပစ်တာပဲ တော်လှပြီ။ ဒါကိုတောင် ပြန်လာရဲသေးတယ်”

ကျန်းဝေတက အထင်သေးစွာ ဆိုသည်။ လုံယီက တစ်ချက် စိုက်ကြည့်လိုက်သောအခါမှ သူသည် စကားဆက်မပြောရဲတော့ချေ။ သို့သော် ထိုစကားမှာ အခြားသော ဂိုဏ်းသားများ၏ စိတ်ရင်းအမှန်ပင်။

All Chapters