← Chapters

အခန်း (၆၈၁-၆၈၂)

Vol. 69 Ch. 681-682

အခန်း (၆၈၁-၆၈၂)

Vol. 69 Ch. 681-682

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၁ + ၆၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters - 17451

သွေးမိစ္ဆာစစ်သည် တစ်ဦးချင်းစီသည် အလွန်အမင်း စွမ်းအားကြီးမားကြပြီး တစ်ဦးလျှင် စစ်သည်တစ်ဆယ်ကို အနိုင်ယူနိုင်စွမ်း သို့မဟုတ် ထိုထက်ပိုသော စွမ်းရည် ရှိကြ၏။

ထိုစစ်သည်များသည် အရပ် နှစ်မီတာကျော်မြင့်ကာ အလေးချိန် ပေါင် ၄၀၀ ကျော် လေးလံပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသော်လည်း ယင်းတို့အတွက် စီးနင်းစရာ စစ်မြင်းဟူ၍ မရှိခဲ့ချေ။

သာမန်မြင်းများသည် သူတို့အတွက် လုံးဝ သင့်လျော်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်သည်များသည် သန်မာထွားကျိုင်းပြီး အံ့မခန်း ကြွက်သားသိပ်သည်းဆများ ရှိကာ မူလကိုယ်အလေးချိန်ကပင် အလွန် လေးလံနေပြီ ဖြစ်သောကြောင့်ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးကို သံချပ်ကာအပြည့် ဝတ်ဆင်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်လိုက်ပါက အလေးချိန် ပေါင် ၁၅၀၀ ခန့်အထိ ကျော်လွန်သွားနိုင်သည်။

ဤကမ္ဘာလောကတွင် ပေါင် ၁၅၀၀ ကျော်လေးလံသည့် စစ်သည်တစ်ဦးကို တင်ဆောင်ကာ ဒုန်းစိုင်းပြေးနိုင်သော မြင်းဟူ၍ မရှိနိုင်ပေ။

ထို့ကြောင့် ရွှေဧကရာဇ်သည် ရာပေါင်းများစွာသော ရှာမန်များနှင့် သားရဲဆန်းထိန်းကျောင်းသူများကို အသုံးပြုကာ မရေမတွက်နိုင်သော စမ်းသပ်မှုများကို ပြုလုပ်ခဲ့သလို မရေမတွက်နိုင်သော သားရဲဆန်းများ ၊ တိရစ္ဆာန်များကိုလည်း သတ်ဖြတ်ခဲ့ရ၏။ နောက်ဆုံး၌ သူတို့သည် ဝံပုလွေမျိုးစိတ်ကို ရွေးချယ်ခဲ့ကြသည်။

သူတို့သည် မြေကမ္ဘာအက်ကွဲကြောင်းများထဲတွင် နေထိုင်သော အလွန်အစွမ်းထက်သည့် မိစ္ဆာဝံပုလွေမျိုးစိတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သို့သော် ထိုမိစ္ဆာဝံပုလွေမျိုးစိတ်သည် မြေအောက်ကမ္ဘာ၏ နက်ရှိုင်းသောအပိုင်းနှင့် လုံးဝ ခွဲခြား၍ မရပေ။ အခြားသော သားရဲဆန်းများကဲ့သို့ပင် အခြားကမ္ဘာမှ စွမ်းအင်များ ပြည့်ဝသောနေရာမှ ထွက်ခွာလာသည်နှင့် တိုက်ခိုက်နိုင်စွမ်းများ ပျောက်ဆုံးသွားကာ သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။

သို့ဖြစ်၍ ရှာမန်များသည် သာမန်မြက်ခင်းပြင်ဝံပုလွေများနှင့် ဤမြေအောက်မိစ္ဆာဝံပုလွေများကို သားစပ်ပေးမည့် နည်းလမ်းတစ်ခုကို ရှာကြံခဲ့ကြသည်။

အစပိုင်းတွင် သူတို့သည် မြက်ခင်းပြင် ဝံပုလွေအမများနှင့် မိစ္ဆာဝံပုလွေအထီးများကို ပေါင်းစပ်ပေးခဲ့သောကြောင့် အားလုံး ကျရှုံးခဲ့ရ၏။ ကိုယ်ဝန်ရပြီး မွေးဖွားလာခဲ့သော်လည်း မွေးဖွားပြီးသည်နှင့် ဝံပုလွေအမသည် ချက်ချင်း သေဆုံးသွားကာ ပေါက်ဖွားလာသော ဝံပုလွေပေါက်များသည်လည်း မကြာမီ သေဆုံးသွားကြသည်။ နောက်ပိုင်းတွင် သူတို့ စဉ်းစားပုံကို ပြောင်းလဲခဲ့ကြပြီး မြက်ခင်းပြင်ဝံပုလွေအထီးနှင့် မိစ္ဆာဝံပုလွေအမကို ပေးတွေ့ကာ မိတ်လိုက်စေခဲ့သည်။

ထိုသို့တိုင်အောင် ကျရှုံးနေဆဲပင်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဤရှာမန်များသည် ဆေးဝါးအမျိုးမျိုးကို အသုံးပြုလျက် မြက်ခင်းပြင်ဝံပုလွေအထီးများကို တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲခဲ့ကြရာ အထူးသဖြင့် ရွှေဧကရာဇ်ထယ်မူဂျင်၏ ရွှေသွေးမျိုးဆက်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးတွင် တစ်နှစ်ခန့် ကြာမြင့်ပြီးနောက် သူတို့သည် မြက်ခင်းပြင်ဝံပုလွေနှင့် မြေအောက်မိစ္ဆာဝံပုလွေတို့၏ မျိုးစပ်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ကြသည်။ ထိုအရာသည်ကား တုပိုင်၏ ရှေ့မှောက်တွင် ရှိနေသော မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများပင် ဖြစ်လေသည်။

သူတို့သည် အစွမ်းထက်သော သားရဲဆန်းများနှင့် ပိုမိုတူညီသော်လည်း မြေအောက်ကမ္ဘာ၏ နက်ရှိုင်းသော နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရန် မလိုအပ်ဘဲ အခြားကမ္ဘာမှ စွမ်းအင်နယ်ပယ်နှင့် ဝေးကွာသော နေရာများတွင်လည်း ရှင်သန်နိုင်ကြသည်။

ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများသည် ကြီးမားထွားကျိုင်းပြီး အလေးချိန် ပေါင် ၂၀၀၀ ကျော် ရှိကာ အလွန် လျင်မြန်ကြသည်။ ထို့အပြင် သူတို့၏ အရိုးများနှင့် အကြေးခွံများသည် သားရဲဆန်းများ၏ သွေးကို အမွေဆက်ခံထားသဖြင့် အလွန် မာကျောခိုင်ခံ့ပြီး သာမန်ဓားခုတ်မှုမျှဖြင့် သေစေလောက်သည့် ဒဏ်ရာရရှိရန် ခဲယဉ်းပေသည်။ ပြန်လည်သက်သာနှုန်းသည်လည်း သာမန်တိရစ္ဆာန်များထက် များစွာ ပိုမိုမြန်ဆန်သည်။

သံမဏိကဲ့သို့ မာကျောသော သူတို့၏ ခြေသည်းလက်သည်းများသည် ရန်သူကို လွယ်ကူစွာ ဆွဲဖြဲနိုင်စွမ်း ရှိ၏။ သူတို့၌ သားရဲဆန်းသွေးထက်ဝက် ပါရှိသဖြင့် သားရဲဆန်းများ၏ တိုက်ခိုက်နိုင်စွမ်း ထက်ဝက်ကို ပိုင်ဆိုင်ထားကြသည်။

သားရဲဆန်းများ၏ တိုက်ခိုက်နိုင်စွမ်းက မည်မျှ အံ့မခန်း ကောင်းမွန်သနည်း။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သားရဲဆန်းလှိုင်းလုံးများကို ကြည့်လျှင် ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

ရွှေဧကရာဇ်သည် သွေးမိစ္ဆာစစ်သည် ၄ သောင်းကို ဖန်တီးရန် ဆယ်နှစ်ကျော် အချိန်ယူခဲ့ရသော်လည်း မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅ ထောင်ကိုသာ မွေးမြူနိုင်ခဲ့သည်။ ရွှေဧကရာဇ်သည် အရေအတွက် ပိုမိုများပြားအောင် မွေးမြူလိုသော်လည်း အချိန်မရှိတော့သဖြင့် ဤသွေးမိစ္ဆာစစ်သည် ၄ သောင်းနှင့် မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅ ထောင်ကို သူ၏ ဂူသင်္ချိုင်းအတွင်း၌ ပိတ်လှောင်ထားခဲ့ရသည်။

ထို့နောက် အထူးဖော်စပ်ထားသော ဆေးဝါးများကို အသုံးပြုပြီး သွေးမိစ္ဆာစစ်သည်များနှင့် မိစ္ဆာဝံပုလွေများကို အိပ်စက်စေခဲ့၏။ ဤဂူသင်္ချိုင်းအတွင်းရှိ အပူချိန်သည် ၈၀ မှ ၉၀ ဒီဂရီဝန်းကျင် ရှိသဖြင့် နှစ်ရှည်အိပ်စက်ခြင်းအတွက် အလွန် သင့်လျော်ပေသည်။

သို့သော် သွေးမိစ္ဆာစစ်သည် ၄ သောင်းလုံး လုံးဝ သေဆုံးသွားခဲ့သောကြောင့် သူ၏ စီမံကိန်း အများစုမှာ ကျရှုံးသွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅ ထောင်မှာမူ အသက်ရှင်ကျန်ရစ်နေခဲ့သည်။

တုပိုင်သည် အလယ်ရှိ ရွှေပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီး သူ၏ ရွှေသွေးဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပြီးနောက် စက်ခလုတ်ကို နှိပ်လိုက်ရာ နိုးထဆေးများသည် ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ရလဒ်အနေဖြင့် ဤမိစ္ဆာဝံပုလွေများ ပြန်လည် သတိရလာကြသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သားရဲဆန်းများ၏ သွေးသည် လူသားများထက် များစွာ ပိုမိုသန်မာကြောင်း တွေ့မြင်နိုင်ပေသည်။ နှစ်ပေါင်း ၃၀၀ ကြာ အိပ်စက်ပြီးနောက် လူသားသွေးမိစ္ဆာစစ်သည်များသည် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများမှာမူ အသက်ရှင်နေဆဲ ဖြစ်သည်။

"ဝံပုလွေဘုရင်... မင်းတို့ ပုံမှန်ဆို ဘာစားလဲ"

တုပိုင် မေးလိုက်သည်။

သူတို့ အိပ်စက်နေစဉ်တွင် စားသောက်ရန် မလိုသော်လည်း နိုးထလာပြီးနောက်တွင်မူ စားသောက်ရမည် ဖြစ်သည်။

ဝံပုလွေဘုရင်သည် တုပိုင်ကို ခေါင်းတလားတစ်ခုရှေ့သို့ ခေါ်သွားပြီး အက်ကွဲနေသော ခေါင်းတလားအဖုံးကို ခြေသည်းဖြင့် လှန်ပြလိုက်ရာ အတွင်း၌ သေတ္တာငယ်များစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ တောက်ပသော အနီရောင်သလင်းကျောက်များ ရှိနေလေသည်။

သေတ္တာတိုင်းတွင် ဤကဲ့သို့ သလင်းကျောက်များ ရှိနေပြီး ခေါင်းတလားတိုင်းတွင် သေတ္တာများစွာ ရှိနေသည်။

ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများသည် အသားစားကြသော်လည်း ခန္ဓာကိုယ် သန်မာစေရန်အတွက် အသားထဲတွင် ဤသလင်းကျောက်အမှုန့်များကို ထည့်သွင်းစားသုံးရခြင်း ဖြစ်ပေမည်ဟု တုပိုင် နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၌ မိစ္ဆာဝံပုလွေနှင့် သားရဲဆန်းများ၏ သွေးများ ပါဝင်နေပြီး အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်နေသော အက်ကွဲကြောင်းများထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသူများ မဟုတ်ပါလော။

တုပိုင်သည် ဝံပုလွေဘုရင်၏ ခေါင်းကြီးကို ပွတ်သပ်ပေးရင်း ရေရွတ်လိုက်သည်။

"မင်းတို့ အိပ်ပျော်နေတာ အရမ်း ကြာသွားပြီ။ အခု ငါနဲ့အတူ အပြင်ထွက်ပြီး အရပ်လေးမျက်နှာကို သတ်ဖြတ်ချေမှုန်းကြရအောင်... ကောင်းပြီလား"

"အာဝူးးးးးး"

ဝံပုလွေဘုရင်သည် ခေါင်းမော့ပြီး အော်ဟစ်လိုက်ရာ ရှိသမျှ မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅ ထောင်လုံးလည်း လိုက်ပါ အော်ဟစ်ကြလေသည်။ ထို့နောက် ဝံပုလွေ ၅ ထောင်စလုံး တုပိုင်ဘက်သို့ လှည့်ကာ ဒူးထောက်လိုက်ကြပြီး တုပိုင်အား သခင်အဖြစ်အသိအမှတ်ပြုကြောင်း ပြသလိုက်ကြသည်။

ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေများ မွေးဖွားလာသည့် အခိုက်အတန့်ကတည်းက ရွှေသွေးပိုင်ရှင် ရွှေဧကရာဇ်အပေါ် သစ္စာစောင့်သိရန် ကံပါလာပြီးသား ဖြစ်ပေသည်။

နောက်ထပ် မြင်ကွင်းသည် တုပိုင်အား လုံးဝ အံ့အားသင့်သွားစေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဤမိစ္ဆာဝံပုလွေများသည် ခေါင်းတလားထဲရှိ သေတ္တာများကို ခြေသည်းများဖြင့် ထုတ်ယူပြီး သူတို့၏ အပေါင်းအဖော်များ၏ ကျောပေါ်သို့ တင်ပေးနေကြသောကြောင့် ဖြစ်သည်။ သူတို့သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ကြပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားရုံသာမက ဉာဏ်ရည်လည်း မြင့်မားကြပေသည်။

"သွားကြစို့... နောက်ထပ် ဂူသင်္ချိုင်းတစ်ခုဆီ သွားပြီး ရွှေတွေအကုန် ယူကြမယ်"

တုပိုင် အမိန့်ပေးလိုက်သည်။

ထို့နောက် တုပိုင်သည် ပထမဂူသင်္ချိုင်းကြီးကို မွှေနှောက်ရှာဖွေလိုက်သည်။ ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းတွင် ရွှေများကို တမင်တကာ ဖြည့်ဆည်းထားခြင်း မရှိသော်လည်း ကြီးမားသော ကြေးမုံမှန်ချပ်ကြီးများ အားလုံးကို ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤဧရာမဝံပုလွေကြီးများသည် ကြီးမားသော ရွှေမှန်ချပ်ကြီးများကို လွယ်ကူစွာ ဆွဲခွာလိုက်ပြီးနောက် တစ်လွှာပြီးတစ်လွှာ ထပ်ကာ ရွှေတုံးကြီးများ ဖြစ်အောင် ဖိချလိုက်ကြသည်။ ရွှေမှန်ချပ်တိုင်းသည် အလွန် ကြီးမားပြီး လေးလံသော်လည်း သူတို့၏ ခြေသည်းများဖြင့် အပိုင်းပိုင်း ဖြတ်တောက်လိုက်ကြသည်။

ပေါင် ၅၀၀ ခန့်လေးသော ရွှေတုံးတစ်တုံးကို ကုန်းနှီးပုံသဏ္ဌာန် ခွက်ဝင်အောင် ပြုလုပ်ပြီး ကျောပေါ်သို့ တင်လိုက်ရာ ပြုတ်မကျဘဲ တည်ငြိမ်စွာ ရှိနေလေသည်။

နောက်ဆုံးတွင် တုပိုင် ပြုလုပ်ထားသော ရွှေပလ္လင်သည်လည်း ချွင်းချက် မရှိပေ။ ဝံပုလွေဘုရင်သည် တုပိုင်ကို တစ်ချက် ကြည့်လိုက်ရာ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ ဤရွှေပလ္လင်သည် အလွန် လေးလံသဖြင့် ဖျက်ဆီးပြီး အပိုင်းပိုင်း ဖြတ်တောက်မှသာ သယ်ဆောင်သွားနိုင်မည် ဖြစ်သည်။

တုပိုင် ခေါင်းညိတ်ပြလိုက်၏။

ရုတ်တရက် ဝံပုလွေဘုရင်သည် အားကောင်းသော ဖျက်ဆီးနိုင်စွမ်းကို ပြသလိုက်၏။ ဤရွှေပလ္လင်ကြီးသည် ယင်း၏ ကြမ်းတမ်းသော ခွန်အားနှင့် ချွန်ထက်သော ခြေသည်းများအောက်တွင် အပိုင်းပိုင်း ကွဲထွက်သွားရလေ၏။

နောက်ဆုံးတွင် တုပိုင်သည် ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းမှ ရွှေချိန် ကျင်းပေါင်း ၂ သိန်းကျော် သို့မဟုတ် ပေါင် ၂ သန်းကျော်ခန့် ရရှိခဲ့ပြီး ငွေတုံးတန်ဖိုးအားဖြင့် သန်း ၂၀ ကျော် တန်ဖိုးရှိပေသည်။ အရှေ့ဘက်ပြည်ထောင်စုနှင့် ယှဉ်လျှင် ဆင်းရဲသားတစ်ယောက်ကဲ့သို့ ဖြစ်နေသေးသော်လည်း အနောက်တောင်ပိုင်းတစ်ခုလုံး၏ ဘဏ္ဍာရေးကို ထောက်ပံ့ရန်နှင့် စီးပွားရေး ဦးမော့လာစေရန် လုံလောက်ပေသည်။

"သွားကြမယ်"

အမိန့်သံ ဆုံးသည်နှင့် စွမ်းအင်သလင်းကျောက်များနှင့် ရွှေတုံးများ အပြည့်တင်ဆောင်ထားသော မိစ္ဆာဝံပုလွေ ၅ ထောင်သည် ရွှေဧကရာဇ်ဂူသင်္ချိုင်း၏ အခြားထွက်ပေါက်တစ်ခုမှ ထွက်ခွာလာခဲ့ကြသည်။ မှောင်မိုက်သော ဂူသင်္ချိုင်းလမ်းကြောင်းအတိုင်း နာရီဝက်ကျော် လျှောက်လှမ်းပြီးနောက် ထွက်ပေါက်၏ အဆုံးသို့ ရောက်ရှိလာကြ၏။

ဤနေရာတွင် အလွန် ခိုင်ခံ့သော တံခါးကြီးတစ်ချပ် ရှိနေဆဲပင်။ တုပိုင် ရှေ့တက်သွားလိုက်ရာ မြွေငယ်နှစ်ကောင်သည် တံခါးအတွင်းမှ တွားသွားထွက်လာပြီး တုပိုင်ကို ကြည့်လိုက်ကြသည်။ ထို့နောက် တုပိုင်၏ သွေးကို ကိုက်ခဲစုပ်ယူပြီး အတည်ပြုလိုက်ကြကာ တံခါးပေါက်ဆီသို့ သော့တံအဖြစ် ပြန်လည် ဝင်ရောက်သွားကြသည်။

"ဂျိန်းးးးး" ဟူသော အသံနှင့်အတူ တံခါးကြီး ပွင့်သွားလေသည်။

ဤနေရာသည် ပင်လယ် မဟုတ်တော့ဘဲ လူသူကင်းမဲ့သော ကုန်းမြေတစ်ခု ဖြစ်၏။ တုပိုင်သည် ဝံပုလွေဘုရင်ကို စီးနင်းကာ မျိုးဗီဇပြောင်း ဧရာမဝံပုလွေ ၅ ထောင်ကို ဦးဆောင်ပြီး ရှန်ဟိုင်ကွမ်နှင့် လီပေါင်း ၃ ထောင်ကျော် ကွာဝေးသော တောင်ဘက်သို့ ဒုန်းစိုင်း နှင်လိုက်လေတော့သည်။

ဤမျိုးဗီဇပြောင်း ဧရာမဝံပုလွေများ၏ အမြန်နှုန်းမှာ အံ့မခန်းပင်ဖြစ်ပြီး တစ်နာရီလျှင် မိုင် ၁၀၀ ကျော်အထိ လွယ်ကူစွာ ရောက်ရှိနိုင်သည်။ ဤသည်မှာ ရေတို အမြန်ပြေးခြင်း မဟုတ်ဘဲ ခရီးဝေး နှင်နှင်ခြင်းတွင် ဤအမြန်နှုန်းကို ထိန်းထားနိုင်ခြင်း ဖြစ်သည်။

လီပေါင်း ၁ ထောင်ခန့် ပြေးပြီးနောက် မျိုးဗီဇပြောင်း ဝံပုလွေတပ်မတော် ရပ်နားလိုက်သည်။ ကုန်ပစ္စည်းများကို ချလိုက်ပြီး သက်ဆိုင်ရာ ခေါင်းဆောင်များ၏ အမိန့်အောက်တွင် ခံစစ်စည်းကို တည်ဆောက်လိုက်ကြ၏။

သူတို့ကို သားရဲဆန်းစစ်တပ်တစ်ပိုင်းဟု သတ်မှတ်နိုင်သော်လည်း လူသားလက်ရွေးစင်စစ်တပ်ကဲ့သို့ စည်းကမ်းရှိပြီး အမိန့်ပေးကွပ်ကဲမှုစနစ်သည် အပြစ်ဆိုဖွယ် မရှိအောင် ကောင်းမွန်ကြလေသည်။

ထို့နောက် မျိုးဗီဇပြောင်း ဝံပုလွေ ၁ ထောင်သည် အရပ်လေးမျက်နှာသို့ ထွက်ခွာသွားပြီး သစ်တောအုပ်ကြီးထဲသို့ ဝင်ရောက်ကာ အမဲလိုက်ကြသည်။ ခဏအကြာတွင် ကြီးမားသော သစ်တောအုပ်ကြီးအတွင်းမှ သားကောင်များ၏ သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

ဤသစ်တောအုပ်ကြီးသည် လူသူအရောက်အပေါက် နည်းပါးပြီး သားရဲတိရစ္ဆာန်မျိုးစုံ ကျက်စားရာ နေရာဖြစ်သည်။

တစ်နာရီကြာသောအခါ အမဲလိုက်ထွက်သွားသော ဝံပုလွေ ၁ ထောင် ပြန်ရောက်လာကြသည်။ ဝံပုလွေတိုင်းသည် ဝက်ဝံများ ၊ သမင်များ ၊ ကျားများ ၊ ဝံပုလွေများ စသဖြင့် ကြီးမားသော သားကောင်ကြီးများ ချီလာကြ၏။ သားကောင်အားလုံး ပေါင်းလိုက်လျှင် အကောင်ရေ ၁ ထောင်ကျော်ရှိပြီး ရရှိသော အသားချိန်သည် ကျင်းပေါင်း ၁ သိန်းကျော် ရှိလေသည်။

ထို့နောက် ဤမျိုးဗီဇပြောင်း ဝံပုလွေများသည် ကျွမ်းကျင်စွာပင် သားရေခွာပြီး အသားများကို လှီးဖြတ်လိုက်ကြသည်။ မည်သည့် သားကောင်အသားဖြစ်စေ ခြေသည်းများဖြင့် အပိုင်းကြီးများ ရအောင် ဖြတ်တောက်လိုက်ကြသည်။

တုပိုင် ကောက်ယူကြည့်လိုက်ပြီး အလေးချိန်ကို ချိန်ဆကြည့်ရာ တစ်တုံးလျှင် တစ်ကျင်း သို့မဟုတ် တစ်ပေါင်ကျော်ခန့် ရှိသည်။

ထို့နောက် ဤဝံပုလွေတပ်မတော်သည် အသားများကို စတင် ခွဲဝေလိုက်ကြသည်။ ဝံပုလွေစစ်သည် တစ်ကောင်လျှင် အသား ၁၀ တုံး ၊ ခေါင်းဆောင်အဆင့်က ၁၅ ကျင်း နှင့် ဝံပုလွေဘုရင်က ၃၀ ကျင်း ရရှိကြသည်။

သူတို့သည် သေတ္တာထဲမှ အနီရောင်သလင်းကျောက်ကို ထုတ်ယူပြီး ခြေသည်းဖြင့် ညက်ညက်ကြေအောင် ချေလိုက်ကာ သလင်းကျောက်အမှုန့်များကို အသားပေါ်သို့ ညီညာစွာ ဖြူးလိုက်ကြသည်။ ဤသို့ ပြုလုပ်ပြီးသော်လည်း ချက်ချင်း မစားကြသေးပေ။

အစားထိုးအနေဖြင့် အရသာအရှိဆုံး သမင်သားကင်တစ်တုံးကို တုပိုင်ထံ လာရောက် ဆက်သကြသည်။ တုပိုင် မီးဖိုတည်လိုက်ပြီး သမင်သားကို မီးကင်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အနီရောင်သလင်းကျောက်တစ်ခုကို ယူကာ အမှုန့်ချေပြီး ကျက်နေသော အသားကင်ပေါ်သို့ ဖြူးလိုက်၏။

ပါးစပ်ဟပြီး တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အရသာက ထူးဆန်းနေ၏။ ကောင်းသည်လည်း မဟုတ်သလို ဆိုးသည်လည်း မဟုတ်ပေ။

တုပိုင် ပထမဆုံး တစ်ကိုက် စားလိုက်ပြီးနောက် ဝံပုလွေဘုရင်က ဒုတိယတစ်ကိုက် စားသည်။ နောက်ဆုံးမှ မျိုးဗီဇပြောင်း ဝံပုလွေအားလုံး အသားစတင် စားသောက်ကြလေသည်။ မြန်ဆန်သော်လည်း အလွန် ယဉ်ကျေးသိမ်မွေ့ပုံ ရသည်။ ဓားနှင့် ခရင်း မသုံးသည်မှလွဲ၍ လူကြီးလူကောင်းများ အသားကင်စားနေသကဲ့သို့ပင်။

ဤမျိုးဗီဇပြောင်း ဝံပုလွေများသည် တစ်နေ့လျှင် တစ်ကြိမ်သာ စားပြီး တစ်နပ်လျှင် အသား ၁၀ ကျင်းသာ စားသဖြင့် ပမာဏ သိပ်မများလှပေ။ ဖြစ်နိုင်သည်မှာ သူတို့အတွက် စွမ်းအင်ထောက်ပံ့ပေးသော အဓိကသော့ချက်မှာ မြေကမ္ဘာအက်ကွဲကြောင်းမှ တူးဖော်ရရှိသော အနီရောင်သလင်းကျောက်များ ဖြစ်လိမ့်မည်။

စားသောက်ပြီးနောက် ဤမျိုးဗီဇပြောင်း ဧရာမဝံပုလွေ ၅ ထောင်သည် နှင်းပြင်ပေါ်တွင် နာရီဝက်ခန့် အနားယူလိုက်ကြပြီး ရွှေများနှင့် သလင်းကျောက်သေတ္တာများကို ပြန်လည် တင်ဆောင်လိုက်ကြ၏။

တုပိုင် သတိထားမိသည်မှာ ယခုတစ်ခေါက်တွင် ပစ္စည်းသယ်ဆောင်သော ဝံပုလွေအုပ်စု ပြောင်းလဲသွားခြင်းပင်။ တစ်ကြိမ်လျှင် ဝံပုလွေ ၁ ထောင်က ပစ္စည်းသယ်ဆောင်ပြီး ကျန် ၄ ထောင်က အလယ်တွင် ထားကာ ကာကွယ်ပေးသည့် ပုံစံဖြင့် လိုက်ပါကြသည်။

ခေတ်သစ်ကမ္ဘာတွင်လည်း ဝံပုလွေများသည် အလွန် ဉာဏ်ကောင်းပြီး အချင်းချင်း မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို သိရှိကြသည်။ သို့သော် မျက်စိရှေ့မှ မျိုးဗီဇပြောင်း ဝံပုလွေအုပ်စုကမူ လွန်စွာ ဉာဏ်ကောင်းလွန်းနေသည်။ အရာအားလုံးကို လျင်မြန်စွာ ၊ စနစ်တကျ လုပ်ဆောင်ကြပြီး မည်သည့် အမိန့်ပေးမှုမျှ မလိုအပ်ပေ။

ဤသို့ဖြင့် တုပိုင်သည် အစွမ်းထက်သော မျိုးဗီဇပြောင်း ဝံပုလွေတပ်မတော်ကို ဦးဆောင်ပြီး တောင်ဘက်သို့ ချီတက်ခဲ့ရာ ခရီးမိုင် ၃ ထောင်ကျော်ကို ၃ ရက်မပြည့်ခင် ရောက်ရှိခဲ့လေ၏။ လမ်းခရီးတစ်လျှောက်တွင် ဤဝံပုလွေတပ်မတော်သည် အသားရိက္ခာ စုဆောင်းရန်အတွက် ၆ ကြိမ်တိုင်တိုင် အမဲလိုက်ခဲ့ကြသည်။

မှောင်မိုက်သော ညတစ်ညတွင် ရှန်ဟိုင်ကွမ် မြောက်ဘက်ရှိ မဟာတံတိုင်းအပိုင်းသည် အမိန့်တစ်ခု ရရှိခဲ့ပြီး ကာကွယ်ရေးစစ်သည်အားလုံး နာရီဝက်ကြာ ဆုတ်ခွာပေးလိုက်ရသည်။ ဤသည်မှာ ကျန့်ရှီးနယ်စားမင်း ၊ လျောင်တုန်းဘုရင်ခံ တုပိုင်၏ အမိန့်ဖြစ်သည်။

ရုတ်တရက် ၂ ကီလိုမီတာကျော် ရှည်လျားသော မဟာတံတိုင်းအပိုင်းသည် လုံးဝ လူသူကင်းမဲ့သွားပြီး ဂိတ်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာလေသည်။

အမိန့်ပေးလိုက်သည်နှင့် အမှောင်ထုထဲတွင် မျိုးဗီဇပြောင်း ဧရာမဝံပုလွေ ၅ ထောင်ပါဝင်သော စစ်တပ်ကြီးသည် မဟာတံတိုင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။

ယမန်နေ့ကတည်းက ရှန်ဟိုင်ကွမ်မြို့စောင့်တပ်မှူး ဖူဟုန်ပင်းသည် အမိန့်ရရှိထားပြီးဖြစ်ရာ ရှန်ဟိုင်ကွမ် မြောက်ဘက်ခြမ်းမြို့ကို လုံးဝ ရှင်းလင်းထားပြီး မည်သူမျှ နေခွင့်မပြုခဲ့ပေ။

သန်းခေါင်ယံအချိန်တွင် မျိုးဗီဇပြောင်း ဧရာမဝံပုလွေ ၅ ထောင် မြောက်ဘက်ခြမ်းမြို့သို့ ဝင်ရောက်လာကြသည်။ ဖူဟုန်ပင်းနှင့် လီလင်းတို့သည် ဤဧရာမဝံပုလွေကြီးများကို မြင်လိုက်ရသောအခါ လုံးဝ တုန်လှုပ်သွားကြသည်။

"ဒါ... ဒါက ဧရာမဝံပုလွေတွေလား"

လုံးဝ မတူပေ။ ခန္ဓာကိုယ်ပေါ်တွင် အမွှေးအမျှင် မရှိဘဲ အကြေးခွံများသာ ရှိသည်။ ထို့အပြင် အလွန် ကြီးမားပြီး ဖောင်းကြွနေသော ကြွက်သားများ ၊ အလွန် ချွန်ထက်သော ခြေသည်းလက်သည်းများ ပါရှိသည်။

တုပိုင်သည် ဧရာမဝံပုလွေတစ်ကောင်၏ အကြေးခွံများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် မီတာ ၁၀၀ အကွာသို့ သွားပြီး လေးကို ဆွဲကာ ထိုဝံပုလွေကို ချိန်ရွယ်လိုက်သည်။

မျိုးဗီဇပြောင်း ဧရာမဝံပုလွေသည် ရှောင်တိမ်းခြင်း မရှိဘဲ လူသားတစ်ယောက်ကဲ့သို့ ခြေနှစ်ချောင်းထောက်ကာ မတ်တပ်ရပ်လိုက်ရာ ရုတ်တရက် ၄ မီတာကျော် မြင့်မားသော သားရဲကြီးတစ်ကောင် ဖြစ်သွားလေသည်။ ယင်း၏ ဝမ်းဗိုက်သည်ပင် မည်းနက်သော အကြေးခွံများဖြင့် လုံးဝ ဖုံးလွှမ်းနေ၏။

"ရွှပ်"

လေးကြိုးကို လွှတ်လိုက်ရာ မြှားတံသည် လျင်မြန်စွာ ပြေးထွက်သွားသည်။

"ဒေါင်" မြှားတံသည် ဝံပုလွေ၏ ဝမ်းဗိုက်ကို ထိမှန်ပြီး ပြန်ကန်ထွက်သွားသည်။ တုပိုင် ရှေ့တက်ကြည့်လိုက်ရာ မြှားထိမှန်သော နေရာတွင် အပေါက်ငယ်တစ်ခု ဖြစ်ပြီး သွေးထွက်နေသော်လည်း ဒဏ်ရာမှာ အလွန် တိမ်ပြီး မည်သည့် ထိခိုက်မှုမျှ မရှိပေ။

လီလင်းနှင့် ဖူဟုန်ပင်းတို့ ပို၍ တုန်လှုပ်သွားကြသည်။

ဤမျိုးဗီဇပြောင်း ဧရာမဝံပုလွေများသည် အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။ ကြီးမားသော ခန္ဓာကိုယ် ၊ လျင်မြန်သော အမြန်နှုန်း ၊ သန်မာသော ခွန်အားနှင့် မာကျောသော အကြေးခွံများတို့သည် စစ်မြေပြင်တွင် လုံးဝ ပြိုင်ဘက်ကင်းပေလိမ့်မည်။

"ဒါက ရွှေဧကရာဇ်ထယ်မူဂျင် ပြန်လည် နိုးထလာပြီးရင် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အသုံးပြုမယ့် ပြိုင်ဘက်ကင်း မြင်းတပ်ဖွဲ့ပဲ"

တုပိုင် ရှင်းပြလိုက်သည်။ "ဒါပေမဲ့ သွေးမိစ္ဆာစစ်သည် ၄ သောင်းလုံး သေဆုံးသွားလို့ အခု ဒီစီးနင်းစရာကောင် ၅ ထောင်ပဲ ကျန်တော့တယ်"

ဖူဟုန်ပင်း တုန်ရီစွာ ဆိုလေသည်။ "ဒီမျိုးဗီဇပြောင်း ဝံပုလွေတွေက ကျွန်မတို့ ပြိုင်ဘက်ကင်းမြေအောက်မြို့တော်က ဝံပုလွေကြီးတွေထက် အများကြီး ပိုသန်မာတယ်။ အဲဒီမှာတုန်းက အကုန်ထုတ်သုံးတာတောင် အကောင် ၃၀၀ ပဲ ရှိတာ။ အခုက အကောင် ၅၀၀၀ တောင် ရှိတယ်"

လီလင်းလည်း ဝင်ထောက်သည်။ "ဒီမျိုးဗီဇပြောင်း ဝံပုလွေ ၅ ထောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက မြင်းတပ် ၅ သောင်း ၊ ဒါမှမဟုတ် ၁ သိန်းလောက်ကို ကျော်လွန်နိုင်တယ်"

ဖူဟုန်ပင်း ဆက်ဆိုသည်။ "ကျွန်မ တွေးကြည့်လို့တောင် မရဘူး။ ဒီဝံပုလွေအုပ်စုသာ ပြေးထွက်သွားရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာကိုလေ။ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားလိမ့်မယ်"

လီလင်း တွေးဆဆဖြင့် ရေရွတ်သည်။ "သခင်ကြီး... သူတို့က စီးနင်းစရာ သက်သက်ပဲ ရှိသေးတာ။ ကျွန်တော်တို့ စစ်တပ်ထဲမှာ သူတို့ကို စီးနင်းနိုင်တဲ့ စစ်သည် ရှိမှာ မဟုတ်ဘူး"

တုပိုင် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ သူတို့က စီးနင်းစရာ သက်သက်ပဲ။ အစွမ်းထက်တဲ့ သွေးမိစ္ဆာစစ်သည်တွေနဲ့ ပေါင်းစပ်လိုက်မှသာ တကယ့်ကို ပြိုင်ဘက်ကင်းပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မှာ။ အခု ငါတို့ဆီမှာ အဲဒီလို သွေးမိစ္ဆာစစ်သည်တွေ မရှိဘူး။ အနာဂတ်မှာ ရှိလာဖို့ မျှော်လင့်ရတာပဲ"

ဖူဟုန်ပင်း သုံးသပ်လိုက်သည်။ "ဒီရှန်ဟိုင်ကွမ်စစ်ပွဲကို ကျွန်မတို့ နိုင်ဖို့ သေချာသွားပြီ"

လီလင်းလည်း ထောက်ခံလိုက်၏။ "ဟုတ်တယ်။ သေချာသွားပြီ။ ရှန်ဟိုင်ကွမ်စစ်ပွဲက ရင်ခုန်စရာ မလိုတော့ဘူး"

အမှန်တကယ်ပင် ရင်ခုန်စရာ မလိုတော့ပေ။ ဂျာချင်အင်ပါယာတွင် ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်ရန် စစ်သည် ၃ သိန်းနှင့် အမြောက် ၂၀၀ ရှိကောင်း ရှိနိုင်သည်။ သို့သော် သူတို့၌ ခိုင်ခံ့သော မြို့ရိုး အကာအကွယ် မရှိဘဲ ကျယ်ပြန့်သော မြေပြင်ပေါ်တွင် သူတို့၏ စစ်တပ်သည် ဤမျိုးဗီဇပြောင်း ဝံပုလွေ ၅ ထောင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ကျယ်ပြန့်ပြူးသော မြေပြင်သည် မြင်းတပ်တိုက်ပွဲအတွက် အသင့်လျော်ဆုံး ဖြစ်သည်။ ဤမျိုးဗီဇပြောင်း ဝံပုလွေတပ်မတော်သည် စီးနင်းမည့်သူ မရှိဘဲ ဝံပုလွေသက်သက်သာ ဖြစ်နေသော်လည်း အနည်းဆုံး ဤစစ်မြေပြင်တွင် သူတို့သည် ပြိုင်ဘက်ကင်းနေပေလိမ့်မည်။

ဖူဟုန်ပင်း ဆက်လက် လျှောက်တင်သည်။ "သခင်ကြီး... တကယ်လို့သာ တစ်နေ့နေ့မှာ သွေးမိစ္ဆာမြင်းတပ်ဖွဲ့သာ တကယ် ပေါ်ပေါက်လာခဲ့ရင် သူ့ရဲ့ ရန်သူက အရှေ့ဘက်ပြည်ထောင်စုရဲ့ ခွန်လွန်တပ်မတော်ပဲ ဖြစ်လိမ့်မယ်။ ဂျာချင်အင်ပါယာရဲ့ မြင်းတပ်က ပြိုင်ဘက်အဖြစ် သတ်မှတ်ဖို့တောင် မတန်ဘူး"

လီလင်းလည်း ဝင်ရောက်ပြောဆိုလိုက်သည်။ "အရင်တုန်းက နင်းယွမ်မြို့မှာ ဂျာချင်စစ်တပ် စုဖွဲ့နေပြီလို့ ကြားတိုင်း ကျွန်တော် အရမ်း စိတ်လှုပ်ရှားပြီး ကြောက်ရွံ့ခဲ့မိတယ်။ အချိန်တွေ နှေးကွေးပါစေလို့ ဆုတောင်းခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ အချိန်တွေ မြန်မြန် ကုန်ပါစေလို့ပဲ မျှော်လင့်တော့တယ်"

ဖူဟုန်ပင်း ရယ်မောလိုက်၏။ "ဟုတ်တယ်။ ရှန်ဟိုင်ကွမ်စစ်ပွဲ... မြန်မြန် လာခဲ့စမ်းပါ။ ဂျာချင်အင်ပါယာရဲ့ စစ်သည် ၃ သိန်း... မြန်မြန် လာခဲ့ကြစမ်းပါ"

**--**--**--**--**--**--**--**

နှစ်ရက်ကြာပြီးနောက် နင်းယွမ်မြို့တွင် တာ့ဂျင်အင်ပါယာ၊ ဂျာချင်အင်ပါယာ၏ စစ်သည် ၃ သိန်း စုဝေးရောက်ရှိနေပြီ ဖြစ်သည်။

ဂျင်ထိုက်ဂျိ၏ ညီတော် ၊ မင်းသားတိုမိုဂွန်သည် စစ်သေနာပတိချုပ်ဖြစ်ပြီး မင်းသားဆူး ဝမ်ယန်ယင်းက ဒုတိယစစ်သေနာပတိချုပ်အဖြစ် တာဝန်ယူထားသည်။

စစ်သည် အင်အား ၃ သိန်းနှင့်အတူ ကြီးမားသော အမြောက်ကြီး ၂၀၀ ဆိုသည့် အင်အားသည် တကယ်ကို အားမနည်းချေ။

မင်းသားတိုမိုဂွန်သည် ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက်ကာ အော်ဟစ်လိုက်၏။ "ရှန်ဟိုင်ကွမ်ကို နင်းချေပြီး တာ့နင်အင်ပါယာရဲ့ မြို့တော်ထဲကို ဝင်ရောက်ကြမယ်"

"တာ့နင်ခွေးဧကရာဇ်ရဲ့ ခေါင်းနဲ့ ခွေးသူခိုးတုပိုင်ရဲ့ ခေါင်းကို ဖြတ်ပစ်ရမယ်"

"တာ့ဂျင်အင်ပါယာရဲ့ သံခွာတွေက မဟာလွင်ပြင်တစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်။ ငါတို့ မြင်တွေ့ရသမျှ နေရာတိုင်းဟာ တာ့ဂျင်အင်ပါယာရဲ့ နယ်မြေတွေ ဖြစ်စေရမယ်"

"တာ့ဂျင်အင်ပါယာကြီး အဓွန့်ရှည်တည်တံ့ပါစေ"

"တာ့ဂျင်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ"

"ချီတက်ကြမယ်"

ချီတက်ရန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဂျာချင်စစ်သည် ၃ သိန်းသည် ကမ္ဘာမြေကိုပင် တုန်လှုပ်စေနိုင်သော ကြီးမားသည့် အရှိန်အဟုန် ၊ လွှမ်းမိုးထားသော အင်အားတို့ဖြင့် ရှန်ဟိုင်ကွမ်ဆီသို့ ကြမ်းတမ်းစွာ ချီတက်သွားကြလေတော့၏။ လေပြင်းများသည်လည်း ပြင်းထန်စွာ တိုက်ခတ်နေလျက်ရှိ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၁ + ၆၈၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 17451

All Chapters