← Chapters

အခန်း (၆၈၃-၆၈၄)

Vol. 69 Ch. 683-684

အခန်း (၆၈၃-၆၈၄)

Vol. 69 Ch. 683-684

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၃ + ၆၈၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters - ၁၅၂၄၅

မြို့တော်၌ ပထမဧကရာဇ်၏ ဂူသွင်းမြှုပ်နှံခြင်း အခမ်းအနား ပြီးစီးပြီဖြစ်သည်။ ကြီးကျယ်ခမ်းနားသော တည်ဆောက်မှုများ မရှိဘဲ တာ့နင်ဧကရာဇ်များ၏ ဂူသင်္ချိုင်းတွင် တိုက်ရိုက်သာ မြှုပ်နှံခဲ့ခြင်း ဖြစ်လေ၏။

ရွှေဧကရာဇ်၏ ဂူသင်္ချိုင်းနှင့် နှိုင်းယှဉ်ရန် မဆိုထားနှင့် ၊ နိုင်ငံငယ်လေးများ၏ ဘုရင်များနှင့် နှိုင်းယှဉ်လျှင်ပင် ဧကရာဇ်ထျန်ယွင်၏ ဂူသင်္ချိုင်းသည် အလွန် ရိုးရှင်းလွန်းလှပေသည်။ ထည့်သွင်းမြှုပ်နှံထားသော အသုံးအဆောင်များမှာ သာမန်လောက်သာ ရှိသဖြင့် ပို၍ပင် သနားစဖွယ် ကောင်းလှ၏။

ဤသည်မှာ ဧကရာဇ်သစ်က မသိတတ်၍ မဟုတ်ဘဲ နတ်ရွာစံ ဧကရာဇ်ကိုယ်တိုင်၏ သေတမ်းစာ အမိန့်တော်ကြောင့်ပင်ဖြစ်သည်။

ဘိုးဘေးကြီး လီလျန်တင်းကိုလည်း ဧကရာဇ်ထျန်ယွင်၏ ဂူသင်္ချိုင်းနှင့် မနီးမဝေးတွင် မြှုပ်နှံထားသေး၏။

ထို့နောက် ဧကရာဇ်သစ်သည် အလွန် ရိုးရှင်းသော နန်းတက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ နိုင်ငံနှစ်ခုမှ သံတမန်များသာ တက်ရောက်ခဲ့ပြီး အန်နမ်နိုင်ငံနှင့် ဂျိုဆွန်းနိုင်ငံမှ သံတမန်တို့သာ ဖြစ်သည်။

ဤအခမ်းအနားသည် ကောင်းကင်ဘုံအင်ပါယာတစ်ခု၏ အရှိန်အဝါနှင့် လုံးဝ မတူညီတော့ပေ။ ယခင် နန်းတက်ပွဲ အခမ်းအနားများနှင့် နှိုင်းယှဉ်လျှင် အဆမတန် ကွာခြားလှသည်။ ယခင်ကဆိုလျှင် အနည်းဆုံး နိုင်ငံပေါင်း ဒါဇင်နှင့်ချီသော သံတမန်များ လာရောက်ခဲ့ကြသည် မဟုတ်ပါလော။

ပထမဧကရာဇ်၏ ဈာပနဖြစ်စေ ၊ ဧကရာဇ်သစ်၏ နန်းတက်ပွဲဖြစ်စေ အရာအားလုံးသည် အလွန် ခြောက်ကပ်နေပုံ ရ၏။

အရှေ့အာရှတစ်ခုလုံး၏ အမြင်တွင် တာ့နင်အင်ပါယာသည် ဆောင်းဦးရာသီကုန်ဆုံးပြီးနောက် ကြွေကျတော့မည့် သစ်ရွက်တစ်ရွက်ကဲ့သို့ ညှိုးနွမ်းခြောက်သွေ့နေပြီ ဖြစ်လေသည်။

ဧကရာဇ်သစ်၏ ဘွဲ့တော်မှာ ယုံတယ် ဖြစ်ပြီး ယခုနှစ်ကို တာ့နင်အင်ပါယာ၏ ယုံတယ်ပထမနှစ်ဟု သတ်မှတ်လိုက်ကြလေသည်။

ဧကရာဇ်သစ်၏ မိသားစုသည် ထမင်းစားပွဲ၌ စုရုံးနေကြ၏။ ပထမဧကရာဇ်ကဲ့သို့ပင် အစားအသောက်များမှာ အလွန် ရိုးရှင်းပြီး ဟင်းပွဲ ၅ ပွဲ ၊ ၆ ပွဲခန့်သာ ပါဝင်သည်။

မယ်တော်ကြီး ၊ ဧကရာဇ်ယုံတယ် ၊ ဧကရီ ၊ မင်းသား ၃ ပါးနှင့် မင်းသမီးနင်းရွှဲ့ တို့ စုစုပေါင်း ၇ ဦး ရှိနေသည်။

ဧကရာဇ်သစ်သည် ယခုနှစ်တွင် အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး မင်းသား ၃ ပါး ထွန်းကားထားသည်။ ဧကရီသည် ကျဆင်းနေသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ကာ သိမ်မွေ့ရက်ရောသူ ဖြစ်သည်။ မိသားစု ထမင်းစားနေချိန်တွင်ပင် သူမသည် ကလေး ၃ ယောက်ကို ဂရုစိုက်နေပြီး အငယ်ဆုံးကလေးအတွက် ငါးအရိုးများကို ကိုယ်တိုင် ဖယ်ရှားပေးနေတတ်သည်။ ဤကိစ္စများကို မိန်းမစိုးများအား စေခိုင်းနိုင်သော်လည်း သူမသည် အမြဲတမ်း ကိုယ်တိုင် လုပ်ဆောင်လေ့ ရှိ၏။

ထိုအခိုက် အပြင်ဘက်မှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။ ဧကရာဇ်ယုံတယ်သည် ထမင်းကို အမြန်စား ၊ ဆားရည်ဖြင့် ပလုတ်ကျင်းကာ အပြင်သို့ ထွက်သွားလိုက်၏။

အသက်လတ်ပိုင်း မိန်းမစိုးတစ်ဦး လျှောက်တင်သည်။ “အရှင်မင်းကြီး... ဂျာချင်စစ်တပ်က တောင်ဘက်ကို ဆင်းလာပါပြီ။ အင်အား ၃ သိန်းခန့် ရှိပါတယ်။ တိုမိုဂွန်က စစ်သေနာပတိချုပ် ဖြစ်ပြီး ဝမ်ယန်ယင်းက ဒုတိယစစ်သေနာပတိချုပ်ပါ”

ဤအသက်လတ်ပိုင်း မိန်းမစိုးသည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ဒုတိယအကြီးအကဲ လီယန်နျန် ဖြစ်ပြီး လီဝမ်ဟွေ့၏ အကြီးဆုံး မွေးစားသားလည်း ဖြစ်ပေသည်။

ဧကရာဇ်ယုံတယ် ခေါင်းညိတ်ကာ မေး၏။ “ရှန်ဟိုင်ကွမ်က ကျန့်ရှီးနယ်စားမင်း ဘာများ လုပ်သလဲ”

လီယန်နျန် ပြန်လည်ဖြေကြားသည်။ “ဘာမှ မလုပ်ပါဘူး”

ဧကရာဇ်ယုံတယ် ဆက်မေးသည်။ “ကျန့်ရှီးနယ်စားမင်းက ဒီစစ်ပွဲကို နိုင်မယ်လို့ မင်း ထင်လား”

လီယန်နျန် ဖြေသည်။ “ကျွန်တော်မျိုး မပြောရဲပါဘူး”

“ပြောစမ်းပါ”

“ကျန့်ရှီးနယ်စားမင်းက မြို့တော်က ပြည်သူတွေကို ကတိပေးထားဖူးပါတယ်။ ရှန်ဟိုင်ကွမ် မကျသရွေ့ မြို့တော် မကျစေရပါဘူး ၊ တာ့နင်အင်ပါယာ မပျက်သုဉ်းစေရပါဘူးတဲ့” ဧကရာဇ်ယုံတယ် မေးခွန်းထုတ်၏။ “ဒါဆိုရင် ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်မယ်ဆိုရင် ရှန်ဟိုင်ကွမ်စစ်ပွဲကို နိုင်နိုင်မလား”

လီယန်နျန် ပြန်လျှောက်တင်သည်။ “ခက်ခဲပါတယ်။ ဂျာချင်စစ်သည်တွေက အလွန် စွမ်းအားကြီးမားပြီး ကျန့်ရှီးနယ်စားမင်းရဲ့ အင်အားထက် ၈ ဆလောက် များပါတယ်။ ပုံမှန်အမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျန့်ရှီးနယ်စားမင်းက နိုင်မယ်လို့ ပြောထားတဲ့အတွက် မြို့တော်ဘက်က ဘာမှ မလုပ်သင့်ပါဘူး”

ဘာမှ မလုပ်သင့်ဟူသည်မှာ ပြည်သူများကို ဆုတ်ခွာရန် စီစဉ်ခြင်း မပြုလုပ်ရသလို ဧကရာဇ်မင်းမြတ်လည်း ထွက်ခွာ၍ မရခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

ဧကရာဇ်ယုံတယ် ညည်းတွားသည်။ “ငါ နားလည်ပြီ”

“ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး” လီယန်နျန် ထွက်ခွာသွားလေ၏။

**--**--**--**--**--**--**--**

ဧကရာဇ်ယုံတယ် ဆိုသည်။ “နင်းရွှဲ့... မောင်တော် မင်းကို တစ်ခုလောက် မေးချင်လို့”

မင်းသမီးနင်းရွှဲ့ ပြန်ဖြေ၏။ “နောင်တော်ဘုရား... အမိန့်ရှိပါ”

“ဂျာချင်တွေက စစ်သည် ၃ သိန်းနဲ့ ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်လာပြီ။ မင်း တူတော် ၃ ယောက်ကို ခေါ်ပြီး အနောက်တောင်ဘက်ကို ခေါ်ဆောင်သွားပေးပါ။ မင်းက ကျန့်ရှီးနယ်စားမင်းရဲ့ ဇနီး ၊ အနောက်တောင်ပိုင်းရဲ့ သခင်မ ဖြစ်တဲ့အတွက် အနောက်တောင်ဘက်ကို ပြန်တာက ကျိုးကြောင်းဆီလျော်ပါတယ်”

နင်းရွှဲ့၏ လှပသော မျက်နှာလေး တုန်လှုပ်သွားရ၏။ ရှန်ဟိုင်ကွမ်စစ်ပွဲကြီး နောက်ဆုံးတော့ စတင်လာပြီ ဖြစ်သည်။ ဂျာချင်မှ ဂျင်ထိုက်ဂျိသည် တာ့နင်အင်ပါယာအား အချိန်အနည်းငယ်လေးပင် ပေးလိုစိတ် မရှိပေ။

မင်းသမီးနင်းရွှဲ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောသည်။ “နောင်တော်ဘုရား... ဒါပေမဲ့ တုပိုင်က သူ နိုင်မယ်လို့ ပြောထားတယ်လေ”

ဧကရာဇ်ယုံတယ် ရှင်းပြသည်။ “ငါက အဆိုးဆုံးအတွက် ပြင်ဆင်ထားတာပါ”

မင်းသမီးနင်းရွှဲ့ ဆက်ပြောသည်။ “စစ်ပွဲ စတော့မယ်။ ရှန်ဟိုင်ကွမ်က မူလကတည်းက နှမတော်ရဲ့ ကာကွယ်ရေးဇုန်ပါ။ ပြီးတော့ တုပိုင်က နှမတော်ရဲ့ ခင်ပွန်းလေ။ နှမတော် သူနဲ့အတူ ယှဉ်တွဲ တိုက်ပွဲဝင်သင့်တယ်။ ဒါကြောင့် ထွက်မသွားနိုင်ပါဘူး။ တုပိုင်က နိုင်မယ်လို့ ပြောရင် နိုင်မယ်လို့ နှမတော် ယုံကြည်တယ်”

ဧကရာဇ်ယုံတယ် တုန်ရီစွာ ရေရွတ်သည်။ “နင်းရွှဲ့... ဂျာချင်စစ်တပ်က လီရူဟိုင်ရဲ့ စစ်တပ် မဟုတ်ဘူး။ အများကြီး ပိုပြီး သန်မာတယ်။ ပြီးတော့ တုပိုင်တို့ထက် စစ်သည်အရေအတွက် ၁၀ ဆနီးပါးပိုများပြီး အမြောက် ၂၀၀ တောင် ပါသေးတယ်။ ဒီစစ်ပွဲက ကြမ်းတမ်းလွန်းတယ်။ အစ်ကို သေသွားရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့ရဲ့ တာ့နင်အင်ပါယာ မျိုးဆက် ပြတ်လို့ မဖြစ်ဘူး။ တာ့နင်အင်ပါယာရဲ့ အလုံးစုံသော အခြေအနေအတွက် မင်းရဲ့ တူတော် ၃ ယောက်ကို ခေါ်ပြီး အနောက်တောင်ဘက်ကို ခေါ်ဆောင်သွားပေးပါ”

တုပိုင်သည် အနောက်တောင်ပိုင်းတွင် အံ့ဖွယ်အမှုများ ဖန်တီးခဲ့ပြီး လီရူဟိုင်ကို သုတ်သင်နိုင်ခဲ့သော်လည်း ဧကရာဇ်ယုံတယ်သည် ဤစစ်ပွဲအတွက် မျှော်လင့်ချက်ထားရန် မရဲဘဲ စိတ်ထဲတွင် အဆိုးမြင်မှုများဖြင့် ပြည့်နှက်နေလေသည်။

မင်းသမီးနင်းရွှဲ့သည် ဧကရာဇ်သစ်ကို ကြည့်ကာ အံကြိတ်ပြီး ပြော၏။ “တောင်းပန်ပါတယ် နောင်တော်... နှမတော် ခင်ပွန်းနဲ့အတူ ယှဉ်တွဲ တိုက်ပွဲဝင်ရပါမယ်”

ထို့နောက် သူမသည် မယ်တော်ကြီးကို နှုတ်ဆက်ကာ မြင်းစီး၍ မြို့တော်မှ ထွက်ခွာပြီး ရှန်ဟိုင်ကွမ်သို့ တန်းတန်းမတ်မတ် ပြန်သွားလေတော့သည်။

ထိုအချိန်၌ မြို့တော်ရှိ လူဦးရေ တစ်သန်းနီးပါးမှာ အုပ်စုနှစ်ခု ကွဲပြားနေကြ၏။ မျှော်လင့်ချက်မဲ့သူများနှင့် မျှော်လင့်ချက်ထားသူများ ဟူ၍ ဖြစ်သည်။

မရေမတွက်နိုင်သော လူများက ဤစစ်ပွဲသည် မျှော်လင့်ချက် မရှိဟု ခံစားနေကြရ၏။ ရှန်ဟိုင်ကွမ် ကျိုးပေါက်သွားမည်ဖြစ်ပြီး မြို့တော်လည်း ကျဆုံးရပေလိမ့်မည်။

မျှော်လင့်ချက်ထားသူများ၏ တစ်ခုတည်းသော အားကိုးရာမှာ တုပိုင်၏ ကတိစကားပင် ဖြစ်သည်။ “နယ်စားမင်းတုပိုင်က ပြောထားတယ်။ သူ ရှိနေသရွေ့ ရှန်ဟိုင်ကွမ် မကျဘူး ၊ မြို့တော် မကျဘူး ၊ တာ့နင်အင်ပါယာ မကျဘူးတဲ့”

“ငါ မင်းကို မေးပါရစေဦး။ နယ်စားမင်းတုပိုင်ရဲ့ စစ်တပ်ထက် ၁၀ ဆနီးပါးများတဲ့ ဂျာချင်အင်ပါယာ စစ်တပ်ကို ဘယ်လို လုပ်ပြီး နိုင်မှာလဲ”

“နယ်စားမင်းတုပိုင် ပြောခဲ့တဲ့ စကားတွေက စိတ်ဓာတ်မြှင့်တင်ပေးရုံ သက်သက်ပါ။ တကယ်တမ်းကျတော့ သူလည်း နိုင်မယ်လို့ မထင်ပါဘူး”

“အဆိုးဆုံး ပြောရရင် တုပိုင် အဲဒီလို ပြောတာက မြို့တော်က လူတွေ ထွက်မပြေးအောင်လို့လေ။ နောက်ပိုင်း မြို့တော်ကို စစ်မီးကူးလာရင် သူ အသုံးချဖို့ လူအင်အား ကျန်နေအောင် ၊ ငါတို့လို သာမန်ပြည်သူတွေကို မြို့ကို ကာကွယ်ခိုင်းလို့ ရအောင်လို့ပါ”

“စောင့်ကြည့်နေလိုက်။ ၃ ရက် ၊ ၅ ရက်ထက် မပိုဘူး။ ရှန်ဟိုင်ကွမ် ကျသွားပြီဆိုတဲ့ သတင်း ကြားရလိမ့်မယ်”

“အရင်တုန်းက တာ့နင်အင်ပါယာရဲ့ စစ်သည် ၄ သိန်းနဲ့ ဂျာချင်အင်ပါယာရဲ့ စစ်သည် ၂ သိန်း တိုက်တာတောင် ရှုံးခဲ့တာ။ အခု နယ်စားမင်းတုပိုင်ဆီမှာ စစ်သည် ၄ သောင်းပဲ ရှိတယ်။ ဂျာချင်ရဲ့ ၃ သိန်းကို ရင်ဆိုင်ပြီး နိုင်ချင်သေးသတဲ့လား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ မကြားဖူးဘူးလား... ဂျာချင်က ပြိုင်ဘက်ကင်းတယ် ဆိုတာလေ”

ဤကဲ့သို့ ငြင်းခုံမှုများတွင် မျှော်လင့်ချက်ထားသူများသည် မကြာခဏဆိုသလို စကားနိုင်လုရာတွင် ရှုံးနိမ့်လေ့ရှိသည်။ သူတို့သည် တုပိုင် နိုင်မည်ဟု ယုံကြည်လိုသော်လည်း လက်တွေ့ကျကျ တွေးကြည့်လျှင် နိုင်နိုင်ခြေ ရှိသော မျှော်လင့်ချက်ကို ရှာမတွေ့ပေ။

“ငါတော့ မင်းတို့ကို ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ ပြေးမှာပဲ။ မြို့တော်မှာ နေပြီး အသေခံမယ့်အထဲ ငါ မပါဘူး”

“နယ်စားမင်းတုပိုင် ရှုံးရင်တောင် ငါ မပြေးဘူး။ ငါ ဒီမှာနေပြီး မြို့တော်ကို ကာကွယ်မယ်။ တာတာတွေနဲ့ ယှဉ်ပြီး အသေခံတိုက်မယ်”

“ဟုတ်တယ်... ဟုတ်တယ်။ အတူတူ သေကြတာပေါ့”

ကြေကွဲစရာ ကောင်းသော်လည်း မျှော်လင့်ချက်မဲ့နေပုံရသည့် ထိုလေထုကို မင်းသမီးနင်းရွှဲ့သည် ခံစားမိသဖြင့် မြောက်ဘက်သို့ ခရီးနှင်ခြင်းကို အရှိန်မြှင့်လိုက်ပြီး ရှန်ဟိုင်ကွမ်ဆီသို့ ဒုန်းစိုင်း နှင်လိုက်လေတော့သည်။

**--**--**--**--**--**--**--**

နန်ကျင်းမြို့၌ ယခင် အစိုးရအဖွဲ့ အမတ်ချုပ်ကြီးဟောင်း ဖန်းကျိုးသည် လက်ထဲမှ လျှို့ဝှက်စာကို ဖြန့်ဖတ်လိုက်ပြီးနောက် မီးတောက်ထဲသို့ ပစ်ထည့်လိုက်၏။

ဖန်းကျိုး ပြောလိုက်၏။ “ဂျာချင်အင်ပါယာရဲ့ စစ်သည် ၃ သိန်း တောင်ဘက်ကို ဆင်းလာပြီး ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်နေပြီ”

“တုပိုင်ရဲ့ စစ်သည် ၄ သောင်းက ဘာစစ်ကူမှ မရှိဘဲ ရှန်ဟိုင်ကွမ်ကို ကာကွယ်နေတာ။ ရှန်ဟိုင်ကွမ် ကျဆုံးဖို့က သေချာသလောက် ဖြစ်နေပြီ။ မြို့တော်ကိုလည်း ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ တာ့နင်အင်ပါယာ ပျက်စီးတော့မယ်။ အောင်မြင်ပြီပဲ”

တုဟွေးက သုံးသပ်လိုက်သည်။ “စစ်တပ်က အဆင်သင့် ပြင်ထားသင့်တယ်။ ဂျာချင်စစ်တပ်က မြို့တော်ကို ဆေးကြောသန့်စင်ပြီး မြောက်ပိုင်းတစ်ခုလုံးကို သုတ်သင်ပြီးတဲ့အခါ ကျွန်တော်တို့ စစ်တပ်က မြောက်ဘက်ကို တက်ပြီး တာတာတွေကို မောင်းထုတ် ၊ တာ့နင်အင်ပါယာကို ပြန်လည် ထူထောင်ရမယ်။ အဲဒီအချိန်ကျရင် နန်ကျင်းက တာ့နင်အင်ပါယာသစ် ဖြစ်လာလိမ့်မယ်”

ဖန်းကျိုး ဆက်ပြောသည်။ “ရှန်ဟိုင်ကွမ် ကျပြီးရင် ဂျာချင်စစ်တပ်က မြို့တော်ကို ရောက်လာလိမ့်မယ်။ တကယ်လို့ ဧကရာဇ်ယုံတယ်က မသေချင်ဘဲ တုပိုင်နောက်လိုက်ပြီး အနောက်တောင်ဘက်ကို ပါသွားရင် ဘယ်လိုလုပ်မလဲ”

တုဟွေး ပြန်ဖြေသည်။

“အဲဒီအချိန်ကျရင် သူ မသေလို့ မရတော့ဘူး။ သူ မသေရင် နန်ကျင်းက ယန်မင်းသား ဘယ်လိုလုပ် နန်းတက်လို့ ရမလဲ။ ကျွန်တော်တို့ ဘယ်လိုလုပ် တာ့နင်အင်ပါယာရဲ့ တရားဝင်အစိုးရ ဖြစ်လာနိုင်မှာလဲ”

ဖန်းကျိုး အကြံပြုသည်။

“သခင်လေးကို လျှောက်တင်ပြီး မြို့တော်က လူတွေကို ပြင်ဆင်ထားခိုင်းလိုက်ပါ။ ဂျာချင်စစ်တပ်က မြို့တော်ကို ဖောက်ဝင်တာနဲ့ ဧကရာဇ်ယုံတယ်ကို ချက်ချင်း သတ်ဖြတ်လိုက်ကြဖို့ပေါ့။ ဒါမှ ဧကရာဇ်က တိုင်းပြည်အတွက် အသက်ပေးသွားတယ်လို့ မှတ်တမ်းဝင်မှာ”

**--**--**--**--**--**--**--**

တာ့ဂျင်အင်ပါယာ၏ ရှန်းတူး ယာယီနန်းတော် ၊ မြေအောက်လျှို့ဝှက်ခန်း၌ ဂျင်ထိုက်ဂျိ မေးလိုက်သည်။

“သေချာလို့လား... တုပိုင် သေပြီဆိုတာ”

ရှာမန် တစ်ယောက်က ပြန်ဖြေ၏။ “ကျွန်တော်ကိုယ်တိုင် သတ်ခဲ့တာပါ။ သူ ရေခဲတုံး ဖြစ်သွားတာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပါတယ်”

ဂျင်ထိုက်ဂျိ ဆက်မေး၏။ “ရွှေဧကရာဇ်ရဲ့ လျှို့ဝှက်စစ်တပ်ကရော... အကုန်သေကုန်ပြီလို့ သေချာလား”

“အကုန် သေကုန်ပါပြီ။ ဒါပေမဲ့ ဒီလျှို့ဝှက်စစ်သည်တွေက အလွန် စွမ်းအားကြီးတာကိုတော့ တွေ့ခဲ့ရပါတယ်။ သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားရင် သူတို့တစ်ယောက်က ၁၀ ယောက်ကို နိုင်နိုင်စွမ်း ရှိပါတယ်”

ဂျင်ထိုက်ဂျိ ကြမ်းပြင်ပေါ်ရှိ သေတ္တာနှစ်လုံးကို ကြည့်လိုက်သည်။ ထိုသေတ္တာများထဲတွင် အနီရောင် မိစ္ဆာအရည်နှင့် အနက်ရောင် မိစ္ဆာအရည်များ ပါရှိနေ၏။

“နိုင်ငံတော်ဆရာ... ရွှေဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးသွားတဲ့ လျှို့ဝှက်စစ်သည်တွေက ခင်ဗျားရဲ့ ဘိုးဘေး ပြောခဲ့တဲ့ သွေးမိစ္ဆာစစ်သည်တွေလား။ ရွှေဧကရာဇ်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ အသုံးပြုမယ့် ပြိုင်ဘက်ကင်းစစ်တပ်ဆိုတာလား”

အသက် ၁၅၀ အရွယ်ရှိပြီဖြစ်သော ရှာမန်နိုင်ငံတော်ဆရာကြီးက ပြန်လျှောက်တင်သည်။

“မှန်လှပါ အရှင်မင်းကြီး... ပြီးတော့ ရှေ့မှာ ရှိနေတဲ့ သေတ္တာနှစ်လုံးကလည်း ကျွန်တော်မျိုး ဘိုးဘေးရဲ့ သေတမ်းစာထဲမှာ ပါတဲ့အရာတွေပါ။ သွေးမိစ္ဆာစစ်သည်တွေကို ဖန်တီးဖို့ အသုံးပြုရမယ့် ဆေးရည်တွေ ဖြစ်ပါလိမ့်မယ်”

“ဒီဆေးရည်တွေရဲ့ ပါဝင်ပစ္စည်းက ဘာတွေလဲဆိုတာ ခင်ဗျားရဲ့ ဘိုးဘေး ပြောခဲ့သေးလား”

“ဆေးရည်ဖော်စပ်ရာမှာ ရှာမန်ပေါင်း ရာချီ ပါဝင်ခဲ့ပါတယ်။ ရွှေဧကရာဇ်နဲ့ ဆရာသခင်အာရှီတို့ နှစ်ယောက်တည်းသာ ပြီးပြည့်စုံတဲ့ ဖော်မြူလာကို သိကြတာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး ဘိုးဘေးရဲ့ ကောက်ချက်အရဆိုရင် ဒီဆေးရည်တွေထဲမှာ ပါဝင်ပစ္စည်း အများအပြား ရှိနိုင်ပါတယ်။ သားရဲဆန်းတွေရဲ့ သွေး ၊ မြေအောက်သွေးကြောက ထွက်လာတဲ့ အရည် ၊ စွမ်းအင်သလင်းကျောက် အများအပြားနဲ့ ရွှေဧကရာဇ်ရဲ့ ရွှေသွေးတို့ ပါဝင်ပါလိမ့်မယ်”

ဂျင်ထိုက်ဂျိ သုံးသပ်ပြသည်။ “ဒါဆိုရင် ဒီ အနက်ရောင် မိစ္ဆာအရည်နဲ့ အနီရောင် မိစ္ဆာအရည် သေတ္တာနှစ်လုံးက ဒီကမ္ဘာမှာ တစ်ခုတည်းသော အရာတွေပေါ့။ တတိယမြောက် သေတ္တာဆိုတာ မရှိနိုင်တော့ဘူးပေါ့”

“မှန်ပါတယ်... အဲဒီလို ဖြစ်သင့်ပါတယ်”

ဂျင်ထိုက်ဂျိ အမိန့်ပေးလိုက်သည်။ “ရှာမန်တွေအားလုံးကို ဦးဆောင်ပြီး သွေးမိစ္ဆာစစ်သည်တွေကို ဖန်တီးဖို့ တာဝန်ယူလိုက်ပါ။ စစ်တပ်ထဲက ကြိုက်တဲ့ စစ်သည်ကို ရွေးပြီး စမ်းသပ်လို့ ရတယ်။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ စွမ်းအားကြီးတဲ့ သွေးမိစ္ဆာစစ်တပ်ကို ဖန်တီးပေးရမယ်။ ရွှေဧကရာဇ် သေသွားပေမဲ့ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့အတွက် ဒီပြိုင်ဘက်ကင်းစစ်တပ်ကို ငါ လိုချင်တယ်”

ထိုပြိုင်ဘက်ကင်းစစ်တပ်သာ ရှိလျှင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မည်ဟု ဂျင်ထိုက်ဂျိ ယုံကြည်နေသည်။ အရှေ့ဘက်ပြည်ထောင်စုနှင့် ရင်ဆိုင်ရလျှင်ပင် ကုန်းမြေပေါ်၌ ကြောက်စရာ မလိုတော့ပေ။

ရှာမန်ဆရာကြီးက ဦးညွတ်လိုက်သည်။ “အမိန့်တော်အတိုင်းပါ... ဘုရား...”

ဂျင်ထိုက်ဂျိ ဆက်ပြောသည်။ “တုပိုင် သေပြီဆိုရင် ထားလိုက်တော့။ သူ မသေရင်တောင် ရှန်ဟိုင်ကွမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်သလို တာ့နင်အင်ပါယာ ကျဆုံးမယ့် ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ တာ့နင်အင်ပါယာက သေသွားပြီ။ နဂါးသတ်နည်းစနစ်ကို အသုံးပြုရင်တောင် မြှားကို တားဆီးချင်တဲ့ နှံကောင်လိုပဲ ဖြစ်နေဦးမှာ”

“အချိန်မဆွဲနဲ့တော့... ချက်ချင်း စလုပ်​တော့။ အချိန်တိုအတွင်းမှာ သွေးမိစ္ဆာစစ်သည်တွေကို ငါ မြင်ချင်တယ်”

“အမိန့်တော်မြတ်အတိုင်းပါ”

**--**--**--**--**--**--**--**

ထို့နောက် ဂျင်ထိုက်ဂျိသည် လျှို့ဝှက်ခန်းမှ ထွက်ခွာလာသည်။ မြေပြင်ပေါ်သို့ ရောက်သည်နှင့် ယုံကြည်စိတ်ချရသော မိန်းမစိုးတစ်ဦး ရောက်လာပြီး လျှောက်တင်လေ၏။

“အရှင်မင်းကြီး... မင်းသားတိုမိုဂွန် ၊ မင်းသား ဝမ်ယန်ယင်းနဲ့ စစ်သည် ၃ သိန်းက ရှန်ဟိုင်ကွမ်နဲ့ မိုင် ၁၀၀ အကွာကို ရောက်နေပါပြီ။ ၃ ရက်အတွင်း အောင်ပွဲရတဲ့ သတင်းကို ရရှိပါတော့မယ်”

ဂျင်ထိုက်ဂျိက ထွေထွေထူးထူး တုံ့ပြန်ခြင်း မရှိပေ။

မိန်းမစိုးက ဆက်ပြောလိုက်သည်။ “တစ်လအတွင်းမှာ တာ့နင်အင်ပါယာရဲ့ မြို့တော်က ပိုင်ရှင်ပြောင်းသွားတော့မှာပါ။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးက တားမြစ်မြို့တော်ထဲကို ဝင်ရောက်နိုင်ပါပြီ။ ကျွန်တော်မျိုးက အရှင်မင်းကြီး အလယ်ပိုင်းလွင်ပြင်ကို စောစီးစွာ ဝင်ရောက်နိုင်ပြီး ခေတ်အဆက်ဆက် အကြီးမြတ်ဆုံး ဧကရာဇ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”

“ခေတ်အဆက်ဆက် အကြီးမြတ်ဆုံး ဧကရာဇ် ဟုတ်လား” ဂျင်ထိုက်ဂျိက ရေရွတ်လိုက်ပြီး သက်ပြင်းချကာ စိတ်ထဲမှ တွေးလိုက်သည်။

“ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်နိုင်တာက အရေးမကြီးဘူး။ တာ့နင်အင်ပါယာရဲ့ မြို့တော်ကို တိုက်ခိုက်နိုင်တာကလည်း အရေးမကြီးဘူး။ အဓိကက တောင်ဘက်က ဘုရင်ပဲ။ သူက မြို့တော်ကို သိမ်းလိုက်တာနဲ့ ငါတို့နှစ်ယောက်က ချက်ချင်း ရန်သူတွေ ဖြစ်လာတော့မယ်။ သူကမှ ငါ့ရဲ့ တကယ့် ပြိုင်ဘက်။ ကံကောင်းတာက စစ်သင်္ဘောတွေက ကုန်းပေါ် တက်မလာနိုင်ဘူး”

“တုပိုင်အတွက်ကတော့... တိုမိုဂွန်နဲ့ ဝမ်ယန်ယင်းက သူ့ကို အနိုင်ယူလိမ့်မယ်။ ရှန်ဟိုင်ကွမ်ကို အောင်နိုင်တာက အောင်ပွဲလို့တောင် သတ်မှတ်လို့ မရဘူး။ ဒါက လုံးဝ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စ ၊ လွယ်ကူတဲ့ ကိစ္စပဲ”

“တုပိုင်က ဘာမှ မဟုတ်ဘူး။ ငါ သူ့ကို ပြိုင်ဘက်အဖြစ် တစ်ခါမှ သဘောမထားခဲ့ဖူးဘူး”

ဘေးနားမှ မိန်းမစိုးသည် ဂျင်ထိုက်ဂျိ မည်သည်ကိုပြောနေမှန်း မကြားရသဖြင့် မြေကြီးပေါ်တွင် ခေါင်းနဲ့ကြမ်းပြင် ထိအောင် ဦးညွတ်ပြီး ရှိသမျှ အင်အားသုံးကာ လေးစားမှုကို ပြသနေလေသည်။

**--**--**--**--**--**--**--**

ရှန်ဟိုင်ကွမ်မြို့၌ အခန်းထဲတွင် မီးသွေးမီးဖို ရှိသဖြင့် နွေဦးကဲ့သို့ နွေးထွေးနေ၏။ မင်းသမီးနင်းရွှဲ့သည် တုပိုင်၏ ရင်ခွင်ထဲတွင် ဗလာကျင်းဖြင့် လှဲလျောင်းနေကာ အနည်းငယ် မောဟိုက်နေ၏။

“အရမ်း ပူတာပဲ”

အရမ်း ပူနေသည်။ လှုပ်ရှားမှု များလွန်းသောကြောင့် ဖြစ်သည်။ အဓိကကတော့ တုပိုင်၏ ခန္ဓာကိုယ်မှ အံ့မခန်း အပူချိန်များ အချိန်တိုင်း ထွက်ပေါ်နေခြင်းကြောင့် ဖြစ်၏။

“ဝူးးးး”

ရုတ်တရက် အပြင်ဘက်မှ ခရာမှုတ်သံ ထွက်ပေါ်လာ၏။ ထို့နောက် စားပွဲပေါ်ရှိ ရေခွက် စတင် တုန်ခါလာလေသည်။ ရင်းနှီးနေသော မြင်ကွင်းဖြစ်သော်လည်း မွန်းကြပ်စရာကောင်းသော ဖိစီးမှုမျိုး မရှိတော့ပေ။

တုပိုင် ပြောသည်။ “ဂျာချင်စစ်တပ်က နောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါတောင် စောင့်ရတာ နည်းနည်း စိတ်မရှည်ချင် ဖြစ်နေပြီ”

ထို့နောက် သူသည် ခုတင်ပေါ်မှ စောင်ကို ဖယ်လိုက်ပြီး အသင့်ပြင်ထားသော ရေချိုးကန်ထဲသို့ ဝင်လိုက်သည်။

မင်းသမီးနင်းရွှဲ့သည်လည်း ရေချိုးကန်ထဲသို့ ဝင်လာပြီး တုပိုင်ကို ဦးစွာ ရေချိုးပေးကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကိုလည်း မွှေးပျံ့အောင် ဆေးကြောလိုက်သည်။

ရေချိုးပြီးနောက် နှစ်ယော​က်သား စစ်ဝတ်စုံကို ဝတ်ဆင်လိုက်ကြလေ၏။ “ခင်ပွန်း... ဂရုစိုက်နော်”

မင်းသမီးနင်းရွှဲ့ ပြောပြီးနောက် တုပိုင်ကို နမ်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲတွင် သူမ၌လည်း ကိုယ်ပိုင် ကာကွယ်ရေးဇုန် ရှိနေသောကြောင့် ဖြစ်လေသည်။ တုပိုင်သည် ရှန်ဟိုင်ကွမ်မြို့ရိုးပေါ်သို့ ရောက်လာပြီး အမှောင်ထုထဲတွင် ဖိစီးလာသော ဧရာမသတ္တဝါကြီးက ရှန်ဟိုင်ကွမ်ဆီသို့ တလိမ့်လိမ့် တိုးဝင်လာသည်ကို မြင်လိုက်ရသည်။

ဤကဲ့သို့ မြင်ကွင်းမျိုးကို နောက်ဆုံးအကြိမ် မြင်ခဲ့ရသည်မှာ အတော် ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။ ထိုစဉ်က လီရူဟိုင်၏ စစ်သည် ၃ သိန်းသည် မိုးနှင့်မြေကို ဖုံးလွှမ်းထားပြီး အလွန် ကြီးမားခမ်းနားခဲ့သည်။

သို့သော် ယှဉ်ကြည့်လိုက်လျှင် ဂျာချင်အင်ပါယာ၏ စစ်သည် ၃ သိန်း တိုက်ခိုက်နိုင်စွမ်းက ပို၍ သန်မာလေသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ဂျာချင်စစ်သည် ၃ သိန်းသည် တရွေ့ရွေ့ နီးကပ်လာ၏။ တဖြည်းဖြည်း နီးကပ်လာလေသည်။ နှစ်နာရီ ကြာပြီးနောက် စစ်သည်များ မြို့နားသို့ ရောက်လာကြသည်။

ဂျာချင်စစ်သည် ၃ သိန်းသည် အပိုင်း ၃ ပိုင်း ခွဲလိုက်ပြီး ရှန်ဟိုင်ကွမ် မြို့ရိုးတစ်လျှောက် မိုင် ၂၀ ကျော်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ ပင်လယ်ရေစီးကြောင်းမည်းကြီးကဲ့သို့ အဆုံးအစ မရှိပေ။

တာ့ဂျင်အင်ပါယာ၏ မင်းသားတိုမိုဂွန်သည် မြို့ရိုးပေါ်ကို အထင်သေးစွာ လှမ်းကြည့်လိုက်သည်။ ပထမဆုံးအကြိမ် ကြည့်လိုက်သည်နှင့် တုပိုင်ကို မြင်လိုက်ရသဖြင့် ရှန်ယန်မှ ပေးပို့လိုက်သော သတင်းကြောင့် အံ့အားသင့်သွားရသည်။

‘တုပိုင် သေပြီ မဟုတ်ဘူးလား။ လူစားထိုးထားတာလား။ ဒါပေမဲ့ တုပိုင် အသက်ရှင်နေရင်ကော ဘာများထူးခြားသွားမာမလို့လဲ။’

သောင်းနှင့်ချီသော စစ်သည်များသည် အမြောက်စခန်းများကို စတင် တည်ဆောက်လိုက်ကြပြီး အမြောက် ၂၀၀ သည် ရှန်ဟိုင်ကွမ်မြို့ရိုးကို ချိန်ရွယ်လိုက်ကြသည်။

“အရှင်မင်းသား... အမြောက်တွေအားလုံး ချိန်ညှိပြီးပါပြီ။ အချိန်မရွေး ပစ်ခတ်နိုင်ပါပြီ”

မင်းသားတိုမိုဂွန် ရုတ်တရက် အမိန့်ပေးသည်။

“ပစ်လိုက်”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

အမြောက် ၂၀၀ တပြိုင်နက် ပစ်ခတ်လိုက်ကြသည်။

ရုတ်တရက် ကောင်းကင်ကြီး တုန်ခါသွားလေသည်။

ခဲယမ်းလုံး ၂၀၀ သည် လျှပ်စီးကြောင်းများကဲ့သို့ ရှန်ဟိုင်ကွမ်မြို့ရိုးဆီသို့ ပျံသန်းသွားကြလေသည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး” ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာ၏။ ရှန်ဟိုင်ကွမ် မြို့ရိုးတစ်ခုလုံး တုန်ခါသွားသယောင် ထင်ရသည်။

တာ့နင်အင်ပါယာနှင့် တာ့ဂျင်အင်ပါယာတို့၏ အစစ်အမှန် ကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲကြီးဖြစ်သည့် ရှန်ဟိုင်ကွမ် အဆုံးအဖြတ်တိုက်ပွဲကြီး တရားဝင် စတင်ပြီဖြစ်လေတော့၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၃ + ၆၈၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters - ၁၅၂၄၅

All Chapters