အခန်း (၆၈၅-၆၈၆)
Vol. 69 Ch. 685-686
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၅ + ၆၈၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 17146
ထိုခဏ၌ပင် တုပိုင်သည် နဂါးသတ်နည်းစနစ်၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်လေ၏။
ရုတ်ခြည်းပင် ကီလိုမီတာ အနည်းငယ်အတွင်းရှိ ကောင်းကင်နှင့် မြေကြီးမှ ရွှမ်းချီစွမ်းအင်များသည် တစ်နေရာတည်းသို့ စုစည်းလာကာ သိပ်သည်းသည်ထက် ပိုမိုသိပ်သည်းလာပြီး ပတ်ဝန်းကျင် အပူချိန်သည်လည်း ရေနွေးအိုးကဲ့သို့ ပွက်ပွက်ဆူလာလေတော့သည်။
ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာ၏။ ကောင်းကင်ယံ၌ နဂါးကြီးတစ်ကောင်သဖွယ် ကြောက်ခမန်းလိလိ လေဆင်နှာမောင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ ယင်းသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများ ပေးလျက် ၊ ပတ်ဝန်းကျင်တစ်ခုလုံးကို တိုက်ခတ်မွှေနှောက်ကာ သက်ရှိမှန်သမျှကို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းလေတော့၏။
“ရွှစ်... ရွှစ်... ရွှစ်...”
မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် လေထဲသို့ လွင့်ပါသွားပြီး ခန္ဓာကိုယ်များမှာ စာရွက်စုတ်များပမာ တစ်စစီ ဆုတ်ပြတ်သွားကြရသည်။ ထိုနဂါးသဏ္ဍာန် လေဆင်နှာမောင်းကြီးသည် မရပ်မနား တိုက်ခတ် မွှေနှောက် သတ်ဖြတ်နေလေတော့၏။
ထိုအချိန်၌ပင် ဂျာချင်စစ်သည်များ အားလုံး ပါးစပ်ဟကာ အော်ဟစ်လိုက်ကြသည်။ “မိစ္ဆာနဂါးကျင့်စဉ်... ဒါ မိစ္ဆာနဂါးကျင့်စဉ်ကို... အရှင်မင်းကြီးရဲ့ ရွှေနဂါးကအလွယ်တကူ ချေမှုန်းပစ်လိမ့်မယ်”
တစ်ပြိုင်နက်တည်းမှာပင် စစ်တပ်ထဲရှိ ရာပေါင်းများစွာသော ရှာမန်များက မန္တန် ရွတ်ဖတ်ကြလေ၏။ တစ်ချိန်တည်းတွင် ဂျာချင်စစ်တပ်မှ စစ်သည်များသည် တုပ်တုပ်မျှပင် မလှုပ်ကြပေ။ လေဆင်နှာမောင်းထဲ ပါသွားလျှင်ပင် ကံဆိုးသည်ဟု မှတ်ယူကြရမည်ဖြစ်သော်လည်း ပါသွားသည်မှာ အနည်းစုမျှသာ ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ဂျာချင်အင်ပါယာ၏ အမြောက် ၂၀၀ သည်လည်း ရူးသွပ်စွာ ပစ်ခတ်နေကြပြီး ရှန်ဟိုင်ကွမ်၏ ခံတပ်မြို့ရိုးများကို မြေပြင်နှင့် တစ်ပြေးညီဖြစ်အောင် ဖြိုခွင်းနေကာ မြို့ရိုးပေါ်ရှိ စစ်သည်များကို ခေါင်းမဖော်နိုင်စေရန် ဖိအားပေး တိုက်ခိုက်နေလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် နဂါးသတ်နည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော လေဆင်နှာမောင်းကြီး ပျောက်ကွယ်သွားပြီး ရန်သူ့အသက်ပေါင်း ထောင်ချီကို နှုတ်ယူသွားခဲ့လေ၏။ ၃ သိန်းနှင့်ယှဥ်လျှင် ထောင်ဂဏန်းဆိုသည့် ပမဏသည် မပြောပလောက်ပေ။
ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော စွမ်းအားဖြစ်ပြီး ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးသော မင်းသားတိုမိုဂွန်နှင့် အခြားသူများကို ကြီးစွာသော တုန်လှုပ်မှုနှင့် မနာလိုဝန်တိုမှုတို့ ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် ဤအသေအပျောက် ပမာဏသည် ဂျာချင်အင်ပါယာ၏ စစ်သည် ၃ သိန်းအတွက် ပြောပလောက်စရာ မရှိလှပေ။ မင်းသားတိုမိုဂွန်သည် လီယွမ်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
လီယွမ်သည် လူအုပ်ကြားမှ ထွက်လာပြီး အမြောက်သံများ တိတ်ဆိတ်သွားသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရယ်မော၍ လှမ်းအော်ပြောလိုက်သည်။
“ညီလေးတုပိုင်... နတ်ဘုရားက ကမ္ဘာမြေကို ဆင်းသက်လာသလိုမျိုး ဟန်လုပ်မနေပါနဲ့ကွာ။ မင်းရဲ့ နဂါးသတ်နည်းစနစ်ဆိုတာက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကို ဆွဲယူသုံးတဲ့ နဂါးနိုင်လက်ဝါး ၁၈ ကွက်ပါပဲ”
“ကြည့်ရတာ ခမ်းနားတယ် ၊ အံ့သြဖို့ ကောင်းတယ်။ ဒါပေမဲ့ မင်း သုံးလိုက်တာနဲ့ ခဏအတွင်း အတွင်းအားတွေ အကုန် ကုန်သွားမာပဲ။ ပြီးတော့ မင်းလည်း မြင်တဲ့အတိုင်းပဲ ငါတို့ဆီက အသေအပျောက်က မပြောပလောက်ပါဘူးကွ”
“ညီလေးတုပိုင်... အခု ရှန်ဟိုင်ကွမ်ကို ကယ်တင်ဖို့ မင်း ဘာကို အားကိုးဦးမလဲ။ မင်း ရှိနေသရွေ့ ရှန်ဟိုင်ကွမ် မကျဘူး ၊ မြို့တော် မကျဘူး ၊ တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူးလို့ မြို့တော်မှာ လေလုံးထွားခဲ့တယ်ဆို။ ရယ်စရာ ကောင်းလိုက်တာကွာ... တကယ့်ကို ရယ်စရာပဲ”
“နွားပေါက်က ကျားကို မကြောက်ဘူး ဆိုသလိုပေါ့လေ။ ငါတို့ တာ့ဂျင်အင်ပါယာ စစ်တပ်က လီရူဟိုင်ရဲ့ ကြောင်သူတော် ကြွက်သူခိုး စစ်တပ်နဲ့ မတူဘူးကွ။ မင်းက အနောက်တောင်ပိုင်းမှာ လီရူဟိုင်ကို သတ်နိုင်ခဲ့တာက အနူတောမှာ လူချောဖြစ်ပြီး နာမည်ကြီးလာရုံလောက်ပါပဲ”
“ညီလေးတုပိုင်... မင်းက တာ့နင်အင်ပါယာမှာတော့ ပါရမီရှင်တစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ငါတို့ တာ့ဂျင်အင်ပါယာ ရှေ့မှောက်မှာ ၊ မင်းသားနှစ်ပါး ရှေ့မှောက်မှာတော့ မင်းက ဘာမှ မဟုတ်ဘူးကွ”
“တုပိုင်... မင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သင်းကွပ်လိုက်ပါလား။ ပြီးရင် အလုပ်ဟောင်းကို ပြန်လုပ်ပြီး ငါတို့ တာ့ဂျင်ဧကရာဇ်ရဲ့ ဘေးနားမှာ အသုံးတော်ခံ မိန်းမစိုး ပြန်လုပ်ပေါ့။ ဒါဆိုရင် မင်းအတွက် ထွက်ပေါက် ရှိပါသေးတယ်။ မင်းရဲ့ ဇနီးသည် လှပတဲ့ မင်းသမီးနင်းရွှဲ့အတွက်ကတော့... ဆူးမင်းသားဆီမှာ ကိုယ်လုပ်တော် သွားလုပ်ရတာလောက် ကောင်းတဲ့အလုပ် ရှိမယ် မထင်ဘူး”
ထိုသို့ ပြောဆိုပြီးနောက် လီယွမ်သည် မင်းသားတိုမိုဂွန်ဘက်သို့ လှည့်ကြည့်ကာ ကျေနပ်မှု ရှိ ၊ မရှိ အကဲခတ်လိုက်လေ၏။
“မရသေးဘူး” မင်းသားတိုမိုဂွန်က အေးစက်စွာ ပြောလိုက်သည်။
ချက်ချင်းပင် လီယွမ်သည် လက်နက်ချ ဟန်လူမျိုးစစ်သည် သောင်းချီကို ဦးဆောင်ကာ အော်ဟစ်စေလေတော့သည်။ “သောက်သူခိုးကောင် တုပိုင်... ကိုယ့်ကိုယ်ကိုယ် သင်းကွပ် ၊ အလုပ်ဟောင်း ပြန်လုပ်ပြီး ဂုဏ်အသရေအတွက် မိန်းမကို ဆက်သလိုက်စမ်း”
သောင်းနှင့်ချီသော လက်နက်ချ ဟန်စစ်သည်များက ညီညာစွာ အော်ဟစ်လိုက်ကြသည်။ “သောက်သူခိုးကောင် တုပိုင်... ကိုယ့်ကိုယ်ကိုယ် သင်းကွပ် ၊ အလုပ်ဟောင်း ပြန်လုပ်ပြီး ဂုဏ်အသရေအတွက် မိန်းမကို ဆက်သလိုက်စမ်း”
အကြိမ်ပေါင်းများစွာ အော်ဟစ်ပြီးနောက် ထိုဟန်စစ်သည် သောင်းချီ၏ အသံများ အက်ကွဲသွားရပြီး မင်းသားတိုမိုဂွန်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်လေ၏။
“တိုက်စစ်ဖွင့်စမ်း” တိုမိုဂွန် အမိန့်ပေးလိုက်သည်။
ရုတ်ခြည်းပင် ဂျာချင်စစ်တပ်မကြီး သုံးတပ်သည် ဒီရေအလား ရှန်ဟိုင်ကွမ် မြို့ရိုးဆီသို့ တိုးဝင်လာကြလေတော့သည်။
“သတ်...”
“သတ်...”
“သတ်...”
“ရှန်ဟိုင်ကွမ်ကို နင်းချေ ၊ အလောင်းတွေကို စုတ်ပြတ်သတ်အောင် လုပ်ပြီး မင်းသမီးနင်းရွှဲ့ကို အရှင်ဖမ်းကြ”
သွေးအစွန်းဆုံးနှင့် အကြမ်းကြုတ်ဆုံး မြို့သိမ်းတိုက်ပွဲကြီး တရားဝင် စတင်လေပြီဖြစ်၏။
**--**--**--**--**--**--**--**
ထိုအချိန်၌ပင် ရှန်ဟိုင်ကွမ် မြောက်ဘက်ခြမ်းတွင် ဗီဇပြောင်း မိစ္ဆာဝံပုလွေကြီး ၅,၀၀၀ ၌ ကြောက်မက်ဖွယ် ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေလေသည်။
အပြင်ဘက်တွင် သတ်ဖြတ်သံများ ဆူညံနေကာ ကောင်းကင်ကြီး တုန်ခါနေ၏။ ထိုမိစ္ဆာဝံပုလွေကြီး ၅,၀၀၀ ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာပြီး လည်ပင်းများတွင် ထက်ရှသော အစွယ်အတက်များ ထွက်ပေါ်လာသည်။
မူလက ထိုဝံပုလွေကြီးများ၏ အကြေးခွံများမှာ မည်းနက်နေသော်လည်း ယခုအခါ အနီရောင် ရင့်ရင့်သို့ ပြောင်းလဲသွားကြပြီ ဖြစ်၏။ သူတို့၏ စစ်မှန်သော သတ်ဖြတ်လိုစိတ်များသည် မိုးထိအောင် တက်ကြွနေကြလေသည်။
သူတို့၏ ခန္ဓာကိုယ်ထဲ၌ သွေးဆာလောင်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။ မိစ္ဆာဝံပုလွေဘုရင်သည်ပင် သတ်ဖြတ်လိုစိတ်များအား မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေရ၏။
ယင်းတို့သည် သားရဲဆန်း သွေးတစ်ဝက် ပါရှိကြပြီး ယနေ့တိုက်ပွဲအတွက် ယမန်နေ့က တစ်နေ့ကုန် အစာငတ်ခံထားခဲ့ခြင်း ဖြစ်သည်။ ယခု သတ်ဖြတ်စားသောက်ရန် အချိန်ရောက်လာပြီဖြစ်ကာ တတ်ကြွလာကြသည်။
သံချပ်ကာ ဝတ်ဆင်ထားသော တုပိုင်သည် ယင်းတို့ရှေ့သို့ ရောက်ရှိလာ၏။ ရုတ်တရက် ဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅,၀၀၀ လုံး ဒူးထောက်လိုက်ကြသည်။
မိစ္ဆာဝံပုလွေဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီးနောက် တုပိုင် ရယ်မောကာ ပြောလိုက်လေ၏။ “မင်းတို့ကောင်တွေ ဗိုက်ဆာနေကြပြီလို့ ငါ ယုံကြည်တယ်။ သွားကြစို့... သတ်ဖြတ်ခြင်း စားသောက်ပွဲကြီးကို ဆင်နွှဲဖို့ ငါနဲ့အတူ လိုက်ခဲ့ကြ”
တုပိုင်က ခက်ထန်စွာ အမိန့်ပေးလိုက်၏။ တုပိုင်သည် ဗီဇပြောင်း ဝံပုလွေကြီး ၅,၀၀၀ ကို ဦးဆောင်ကာ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါဖြင့် မြောက်ဘက်ရှိ မဟာတံတိုင်းကြီးကို ဖြတ်ကျော်လိုက်၏။
မှန်ပေသည်။ ဤကောင်းကင်ဘုံကို ဆန့်ကျင်သော ဗီဇပြောင်း ဝံပုလွေစစ်တပ်ကြီးသည် ဂျာချင်စစ်တပ်၏ နောက်ကျောဘက်သို့ ကွေ့ပတ်သွားရောက်မည် ဖြစ်ပြီး ရှန်ဟိုင်ကွမ် မြို့စောင့်တပ်များနှင့် ပူးပေါင်းကာ ရှေ့နောက် ညှပ်တိုက်မည် ဖြစ်လေသည်။
မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် မည်းနက်သော ဒီရေအလား ရှန်ဟိုင်ကွမ် မြို့ရိုးဆီသို့ တိုးဝင်လာကြသည်။
အကွာအဝေး မီတာ ၈၀၀...
၅၀၀ မီတာ...
၃၀၀ မီတာ...
နီးကပ်လာသောအခါ ရှန်ဟိုင်ကွမ်၌ မင်းသမီးနင်းရွှဲ့ ၊ ဗိုလ်ချုပ်ဖူဟုန်ပင်းနှင့် လီလင်းတို့ တပြိုင်နက် အမိန့်ပေးလိုက်ကြသည်။
“ပစ်...”
“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”
ရုတ်တရက် အမြောက် ၃၀ တပြိုင်နက် ဟိန်းဟောက်သွားသည်။ ယခုတစ်ကြိမ် ပစ်ခတ်လိုက်သည်မှာလည်း ကျည်ဆန်များပင် ဖြစ်၏။
“ဝေါ... ဝေါ...”
မုန်တိုင်းကဲ့သို့သော ကျည်ဆန်မိုးများ ရွာချလိုက်ပြန်သည်။ ငှက်ပျောပင်ကို မိုးသီးမုန်တိုင်း ပစ်ခတ်သကဲ့သို့ပင် ဂျာချင်စစ်သည်များ မြေပြင်ပေါ် လဲကျ သေဆုံးကုန်ကြ၏။
သံဘောစေ့ကျည်ဆန်များ၏ သတ်ဖြတ်နိုင်စွမ်းမှာ အံ့မခန်း ကောင်းမွန်နေဆဲပင်။ ဤခေတ်ကာလ၏ အမြောက်များသည် မြို့သိမ်းတိုက်ပွဲများအတွက် မသင့်တော်လှပေ။ အကြောင်းမှာ ပေါက်ကွဲအားပြင်းထန်သော ကျည်ဆန်များ မရှိသေးဘဲ အခဲလိုက်ကျည်ဆန်များက မပေါက်ကွဲနိုင်သောကြောင့် ဖြစ်သည်။
သို့သော် မြို့ကို ကာကွယ်ရန်နှင့် ရန်သူ့စစ်တပ်ကို တိုက်ခိုက်ရန်အတွက် အမြောက်များကို အသုံးပြုမည်ဆိုလျှင်မူ သတ်ဖြတ်နိုင်စွမ်းမှာ ထိပ်တန်းအဆင့် ဖြစ်လေ၏။
သို့သော် ယခုတစ်ကြိမ် သတ်ဖြတ်နိုင်စွမ်းသည် တာ့လုံခံတပ်၌ လီရူဟိုင်၏ စစ်တပ်ကို သတ်ဖြတ်ခဲ့စဉ်ကနှင့် ယှဉ်လျှင် များစွာ လျော့နည်းနေသည်။
အကြောင်းမှာ တာ့လုံခံတပ်တိုက်ပွဲ၌ တုပိုင်တွင် အမြောက် ၇၀ ရှိခဲ့သော်လည်း ယခုအခါ အမြောက် ၃၀ သာ ရှိတော့သောကြောင့် ဖြစ်သည်။
တာ့လုံခံတပ်၏ မြို့ရိုးသည် ၇ လီ ၊ ၈ လီခန့်သာ ရှိသော်လည်း ရှန်ဟိုင်ကွမ်သည် လီ ၂၀ ၊ ၃၀ ခန့်သာ ရှည်လျားလေ၏။
ထို့အပြင် အလွန် အရေးကြီးသော အချက်တစ်ချက်လည်း ရှိသေး၏။ ဂျာချင်စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ရဲရင့်မှုသည် လီရူဟိုင်၏ စစ်တပ်ထက် အဆများစွာ သာလွန်ပေသည်။
“သတ်... သတ်... သတ်..."
မြို့တံခါးဝ၌ သံဘောစေ့ကျည်ဆန်များဖြင့် ပစ်ခတ်ခံနေရသော်လည်း ဂျာချင်စစ်သည်များသည် သေမင်းကို မကြောက်ဘဲ ရှေ့သို့ တိုးဝင်လာကြ၏။
သူတို့သည် မြို့ရိုးနှင့် မီတာ ၂၀၀ အကွာသို့ ရောက်ရှိလာသည်။ ထိုအခါ မြို့ထဲတွင် တုပိုင်၏ စစ်သည် ၄ သောင်းက လေးနှင့်မြှားများကို ပြင်ဆင်လိုက်ကြ၏။
"ရွှစ်... ရွှစ်... ရွှစ်..." မြှားမိုးများ ရွာကျလာသည်။
ဂျာချင်စစ်သည်များ မြေပြင်ပေါ်သို့ ထပ်မံ လဲကျကုန်ကြပြန်၏။ သို့သော် ကံဆိုးစွာဖြင့် ရှန်ဟိုင်ကွမ် မြို့ရိုးမှာ အလွန် ရှည်လျားလွန်းသဖြင့် ဝင်ရောက်စီးနင်းလာသော ဂျာချင်စစ်သည်များမှာ ပြန့်ကျဲနေပြီး မြှားမှန်နိုင်ခြေ အလွန် နည်းပါးသွားလေသည်။
"ဒုန်းးး ဒုန်းးး ဒုန်းးး" မြို့ရိုးပေါ်သို့ စစ်သည်တင်လှေကားများ တစ်ခုပြီးတစ်ခု ရောက်လာကြသည်။
ဒါဇင်မှ ရာပေါင်းများစွာအထိ ရောက်လာပြီးနောက် မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် ပုရွက်ဆိတ်များကဲ့သို့ တက်လာကြလေတော့သည်။
"ရွှစ်... ရွှစ်..."
ထိုအခိုက် မြို့ရိုးပေါ်မှ စစ်သည်များသည် ကျောက်တုံးများကို အသည်းအသန် ပစ်ချကြသည်။ သစ်တုံးရှည်များကို မီးရှို့ပြီးနောက် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေစဉ် ရုတ်တရက် လှိမ့်ချလိုက်ကြ၏။
ပြီးနောက် ဆီပူအိုးများကိုလည်း တစ်အိုးပြီး တစ်အိုး လောင်းချလိုက်ကြသည်။ မြို့သိမ်းတိုက်ပွဲသည် မကြာမီမှာပင် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားလေတော့သည်။
ဤနေရာရှိ ဂျာချင်စစ်သည် အများစုမှာ လူ့ယဉ်ကျေးမှုနှင့် ထိတွေ့ခါစသာ ရှိသေး၏။ သူတို့သည် ယခင်က တောတွင်းသား လူရိုင်းများ ဖြစ်ကြပြီး သားရဲစိတ်များ ပြည့်နှက်နေကာ သေမင်းကို ကြောက်ရွံ့စိတ် သိပ်မရှိကြပေ။
အချို့စစ်သည်များသည် မီးလောင်နေပြီး ၊ ဆီပူလောင်၍ တစ်ပိုင်းတစ်စ ကျက်နေပြီဖြစ်သော်လည်း သေမင်းကို မကြောက်ဘဲ ရူးသွပ်စွာ တက်လာကြဆဲပင်။
ဖူဟုန်ပင်းသည် ဤကဲ့သို့ ရူးသွပ်နေသည့် ဂျာချင်စစ်သည်များနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်ပြီး ကြက်သီးမွေးညင်းများပင် ထသွားရလေ၏။
ဂျာချင်သည် ပြိုင်ဘက်ကင်းသည်ဟူသော စကားကို သူမ ကြားဖူးသော်လည်း ယခင်က မယုံကြည်ခဲ့ပေ။ ယခု ကြည့်ရသည်မှာ ဤဂျာချင်စစ်သည်များသည် တကယ်ပင် သန်မာလွန်းလှပြီး ထိုစဉ်က လီဝမ်ဝမ် ဦးဆောင်သော မီးနတ်ဘုရားတပ်ဖွဲ့နီးပါး စွမ်းဆောင်ရည်က ကောင်းမွန်လှပေသည်။
"ဒုန်းးး ဒုန်းးး ဒုန်းးး" မြို့ရိုးပေါ်ရှိ ကျောက်တုံးများပေါ်တွင် သစ်တုံးကြီးများ ရူးသွပ်စွာ လှိမ့်ဆင်းသွားပြီး ဆီပူများကိုလည်း အောက်သို့ အဆက်မပြတ် ဆက်တိုက် လောင်းချနေလေ၏။
ထို့နောက် မီးမြှားများ တစ်စင်းပြီး တစ်စင်းကို ပစ်ခတ်လိုက်ကြ၏။ မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် မီးလူသားများ ဖြစ်သွားကြပြီး လီ ၂၀ ၊ ၃၀ ရှည်လျားသော မြို့ရိုးတစ်လျှောက် နေရာတိုင်းတွင် မီးတောက်များနှင့် မီးခိုးများ ပြည့်နှက်နေလေသည်။
"သတ်... သတ်... သတ်..."
"ရှန်ဟိုင်ကွမ်ကို နင်းချေ... သောက်နင်းခွေးမကို သတ်"
ဤကဲ့သို့ ငရဲခန်းတမျှ မြင်ကွင်းမျိုးသည် ဂျာချင်စစ်သည်များကို လုံးဝ မခြိမ်းခြောက်နိုင်ဘဲ သူတို့သည် ဆက်လက်၍ ရူးသွပ်စွာ တိုးဝင် တိုက်ခိုက်နေကြဆဲပင်။
နောက်ဆုံးတွင် သေမင်းကို မကြောက်သော ထိုးစစ်ဆင်မှုအောက်၌ ဂျာချင်စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။
"ဟားဟားဟား... တာ့နင်ခွေးတွေ... အဖိုးကြီး မြို့ရိုးပေါ် ရောက်လာပြီကွ။ အခု မင်းတို့ သေပြီသာမှတ်။ မင်းတို့ရဲ့ ဥတွေကို အရှင်လတ်လတ် ဆွဲချေပစ်မယ်။ တုပိုင်လို မိန်းမစိုး ဖြစ်သွားစေရမယ်... ဟားဟားဟား"
မြို့ရိုးပေါ် တက်လာသော ဂျာချင်စစ်သည်များသည် အောင်ပွဲရောင်ခြည်ကို မြင်တွေ့နေရပြီဟု ခံစားနေကြရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်ထားကြပြီး ထိပ်တိုက်ရင်ဆိုင်ရသည်နှင့် သေချာပေါက် နိုင်မည်ဟု တွက်ဆထားသောကြောင့် ဖြစ်သည်။
သားရဲကဲ့သို့ ဟိန်းဟောက်နေသော ဂျာချင်စစ်သည်များကို ရင်ဆိုင်ရာတွင် ပြိုင်ဘက်ကင်းစစ်သည်များ၏ မျက်နှာပေါ်၌ မည်သည့် ခံစားချက်မျှ မရှိဘဲ ဓားကို ဆွဲထုတ်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။
"ထန်းးးးး"
ကျယ်လောင်သော သတ္တုချင်းထိခေတ်သည့် အသံကြီး ထွက်ပေါ်လာ၏။ ဓားနှစ်လက် ထိပ်တိုက်တွေ့သွားသည်။
ပြိုင်ဘက်ကင်းစစ်သည်၏ မြင့်မားသော ခန္ဓာကိုယ် တုန်ခါသွားပြီး ဂျာချင်စစ်သည်မှာ နောက်သို့ ခြေလှမ်း နှစ်လှမ်း ဆုတ်သွားရသည်။
ရုတ်တရက် နှစ်ဖက်စလုံး အလွန် အံ့အားသင့်သွားကြ၏။
ဂျာချင်စစ်သည်သည် တစ်ဖက်လူကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေသည်။ သူသည် ယခင်က တာ့နင်အင်ပါယာ စစ်သည်များကို အမြဲတမ်း အထင်သေးခဲ့သူ ဖြစ်သည်။ သူတို့၏ အင်အားမှာ အလွန် နည်းပါးပြီး သေမင်းကို အလွန် ကြောက်တတ်သဖြင့် အနည်းငယ် တိုက်ခိုက်ရုံဖြင့် ထွက်ပြေးတတ်ကြသည်။
သူ့ရှေ့မှ တာ့နင်ခွေးသည် ဤမျှ ခမ်းနားသော သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် သေမင်းကို အကြောက်ဆုံး ဖြစ်ရပေမည်။ မထင်မှတ်ဘဲ တိုက်ခိုက်နိုင်စွမ်းမှာ အလွန် မြင့်မားနေပြီး ဤမျှ သန်မာသော တာ့နင်အင်ပါယာ စစ်တပ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဤပြိုင်ဘက်ကင်းစစ်သည်သည်လည်း အံ့အားသင့်သွားရလေသည်။ သူတို့သည် ပြိုင်ဘက်ကင်း နယ်မြေမှ လာသူများ ဖြစ်သည်။ မတူညီသော ကမ္ဘာတစ်ခုမှ စွမ်းအင်များကြောင့် သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ပြင်ပကမ္ဘာမှ လူများထက် များစွာ သာလွန်ပြီး အင်အား ပိုကြီးကာ အရိုးများက ပိုမိုပြီး ကျစ်လစ်ကာ သန်မာလေ၏။ ယခင်က မည်သည့် စစ်တပ်နှင့်မဆို တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် သူတို့နှင့် များစွာ ကွာခြားလှသည်။
ယခု သူ့ရှေ့မှ ဂျာချင်စစ်သည်၏ အင်အားမှာ သာမန်စစ်သည်းမျာထက် အလွန် သန်မာနေပြီး သူ့ထက် အနည်းငယ်မျှသာ နိမ့်ကျလေ၏။
ရုတ်တရက် နှစ်ဖက်စလုံး၏ တိုက်ပွဲမှာ ပေါက်ကွဲထွက်မတတ် ပြင်းထန်လာသည်။
"ရွှမ်း... ရွှမ်း... ရွှမ်း..."
သူတို့သည် လက်ထဲမှ ဓားဖြင့် ရူးသွပ်စွာ ခုတ်ပိုင်းလိုက်ကြရာ ရိုးရှင်းသော်လည်း သတ်ဖြတ်နိုင်စွမ်း အပြည့်ရှိနေသည်။ သူတို့သည် အင်အား ၊ အမြန်နှုန်းနှင့် တိုက်ပွဲအတွေ့အကြုံများကို ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။
"ထန်းးး" ဓားချက် ၅ ချက် ကစားပြီးနောက် ပြိုင်ဘက်ကင်းစစ်သည်၏ ရင်ဘတ်မှာ ပြင်းထန်စွာ အခုတ်ခံလိုက်ရပြီး သံချပ်ကာ အက်ကွဲကာ သွေးများ စိမ့်ထွက်လာသဖြင့် ဒဏ်ရာအနည်းငယ် ရရှိသွားသည်။
တစ်ဖက်မှ ဂျာချင်စစ်သည်မှာမူ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလေ၏။
"မင်းက ငါ့ထက် သန်မာတယ်... ဒါပေမဲ့ နည်းနည်းလေး ပိုသန်မာရုံပါ" ဂျာချင်စစ်သည်က ပြောလိုက်ပြီးနောက် မြေပြင်ပေါ် လဲကျ သေဆုံးသွားလေ၏။
ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် လီ ၂၀ ကျော် ရှည်လျားသော မြို့ရိုးတစ်လျှောက် နေရာတိုင်းတွင် ဖြစ်ပျက်နေလေသည်။
မြို့ရိုးအောက်၌ မင်းသားတိုမိုဂွန် ၊ ဝမ်ယန်ယင်း ၊ လီယွမ်နှင့် အခြားသူများသည်လည်း အကြီးအကျယ် တုန်လှုပ်နေကြသည်။
ဂျာချင်စစ်သည်များသည် အသက် ၄ နှစ် ၊ ၅ နှစ် အရွယ်ကပင် တိုက်ခိုက်ခြင်းကို သင်ယူခဲ့ကြရသဖြင့် အသန်မာဆုံးဟု မင်းသားတိုမိုဂွန် အမြဲ ယုံကြည်ထားခဲ့သည်။ ဆယ်ကျော်သက်အရွယ်တွင် သူတို့သည် တောင်များနှင့် တောနက်များထဲ၌ အမဲလိုက်ကာ သားရဲများနှင့် နပန်းလုံးခဲ့ကြရသည်။ ဂျာချင်စစ်သည်များနှင့် ယှဉ်လျှင် တာ့နင်အင်ပါယာ စစ်တပ်သည် ဂွေးပါသော်လည်း ဂျာချင်မိန်းမများလောက်တောင် သတ္တိမရှိဟု မှတ်ယူထားကြကာ တုပိုင်၏ စစ်တပ်သည်လည်း ခြွင်းချက် မဟုတ်ဟု ယူဆထားခဲ့သည်။
သို့သော် ခမ်းနားသော သံချပ်ကာ ဝတ်ဆင်ထားသည့် တုပိုင်၏ စစ်တပ်မှာ ဤမျှ သန်မာလိမ့်မည်ဟု ၊ သူ့၏ ဂျာချင်စစ်သည်များထက်ပင် သန်မာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
"ခွေးကုန်းကုန်းတုပိုင်က အနောက်တောင်ပိုင်းကို ရှင်းလင်းနိုင်ပြီး လီရူဟိုင်ရဲ့ စစ်သည် သိန်းချီကို အနိုင်ယူနိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး" မင်းသားတိုမိုဂွန်က ဝမ်ယန်ယင်းဘက်သို့ လှည့်ပြောလိုက်သည်။ "သူ့ရဲ့ စစ်တပ်က တကယ်ကို အရမ်း စွမ်းအားကြီးတာပဲ။ ငါ့ရဲ့ ဂျာချင်စစ်သည်တွေထက်တောင် ပိုပြီး သန်မာနေသေးတယ်"
ဝမ်ယန်ယင်းက ပြောလိုက်သည်။ "မှန်ပါတယ်... ကျွန်တော်တို့ ဂျာချင်တွေ ကမ္ဘာ့သူရဲကောင်းတွေကို လျှော့တွက်လို့ မရတော့ပါဘူး"
ဘေးနားမှ လီယွမ်က ဝင်ပြော၏။ "အရှင်မင်းသား... တုပိုင်ရဲ့ စစ်တပ်က သန်မာတယ် ဆိုရင်တောင် ၃ သောင်း ၊ ၄ သောင်းလောက်ပဲ ရှိတာပါ။ ကျွန်တော်တို့ဆီမှာ စစ်သည် ၃ သိန်း ရှိပါတယ်။ သူတို့တွေ စစ်တပ်တစ်ခုလုံး ပျက်သုဉ်းဖို့ ကံပါလာပြီးသားပါ"
ဤစကားမှာ မမှားပေ။ သို့သော် ဗီဇပြောင်း ဝံပုလွေကြီး ၅,၀၀၀ ရှိနေ၏။
ဂျာချင်စစ်သည်များမှာ အလွန် သန်မာလှသဖြင့် တုပိုင်သည် ခံစစ်ပြင်ဆင်ရာတွင် တတိယတပ်ရင်းကို မြို့ရိုး၏ နေရာတစ်ခုတည်း၌ သီးသန့် မထားရဲခဲ့ပေ။ ထို့အစား ပြိုင်ဘက်ကင်းစစ်သည် ၃ ဦးက တတိယတပ်ရင်းမှ စစ်သည် တစ်ဦးကို ဦးဆောင်စေသည့် ပုံစံဖြင့် စီစဉ်ထားခဲ့သည်။
တတိယတပ်ရင်းမှ စစ်သည်များသည် ရဲရင့်ပြီး တိုက်ခိုက်လိုစိတ် ပြည့်ဝသော်လည်း တစ်ကိုယ်ရေ တိုက်ခိုက်နိုင်စွမ်း မလုံလောက်ပေ။ သူတို့သည် ဂျာချင်စစ်သည်များ၏ ပြိုင်ဘက် မဟုတ်ကြ။ အကယ်၍ သူတို့ကို မြို့ရိုးနေရာ တစ်ခုခုတွင် တစ်ယောက်ချင်း ကာကွယ်ခိုင်းလိုက်လျှင် အခြေအနေမှာ အလွန် အန္တရာယ်များပေလိမ့်မည်။
"သတ်... သတ်... သတ်..."
"အားးးး"
"ဟားဟားဟား"
ရှန်ဟိုင်ကွမ် မြို့ရိုးပေါ်သို့ ဂျာချင်စစ်သည်များ ပိုမို များပြားစွာ တက်ရောက်လာကြသည်။ ထို့နောက် ချက်ချင်းပင် လက်နက်ချ ဟန်လူမျိုးစစ်သည်များလည်း မြို့ရိုးပေါ်သို့ တက်လာကြ၏။
လီ ၂၀ ကျော် ရှည်လျားသော ရှန်ဟိုင်ကွမ် မြို့ရိုး၏ နေရာတိုင်းတွင် အသေအကြေတိုက်ပွဲများ ဖြစ်ပွားနေပြီး သွေးများ စီးဆင်းနေ၏။ မင်းသမီးနင်းရွှဲ့သည်လည်း ခြွင်းချက် မဟုတ်ပေ။ အထိန်းတော် ဒါဇင်ကျော်၏ ကာကွယ်မှုအောက်တွင် သူမသည်လည်း ဓားတစ်လက်ဖြင့် ရန်သူများကို ဝင်ရောက် ခုတ်ပိုင်းနေ၏။
တိုက်ခိုက်နေစဉ်မှာပင် သူမ၏ စိတ်အာရုံထဲ၌ အတွေးစတစ်ခု ဖြတ်ခနဲ ဝင်ရောက်လာသည်။ မနေ့ညက ထိုမျှလောက် ရူးသွပ်ပြီး အားအင်များ မကုန်ခန်းသင့်မှန်း သူမ သိရှိခဲ့လေသည်။
တုပိုင်နှင့် လက်ထပ်ပြီးကတည်းက သူတို့နှစ်ဦးသည် ကျား ၊ မ သဘာဝကို အပြည့်အဝ နားလည်သဘောပေါက်သွားကြပြီး အချိန်ရသည်နှင့် ထိုကိစ္စများကို ပြုလုပ်ရန် လုံးထွေးနေတတ်ကြလေ၏။ တစ်ခါတစ်ရံ ရေချိုးပြီးနောက် မပြုလုပ်တော့ဟု ဆုံးဖြတ်ထားသော်လည်း မကြာမီမှာပင် ပြန်လည် လုံးထွေးသွားတတ်ကြသည်။
အထူးသဖြင့် မင်းသမီးနင်းရွှဲ့သည် လုံးဝ စွဲလမ်းနှစ်ခြိုက်နေပြီ ဖြစ်လေသည်။ သူမ၏ ခင်ပွန်းသည်၏ အဆုံးမဲ့ စွမ်းဆောင်နိုင်မှုနှင့် ကြမ်းတမ်းသော်လည်း ဆွဲဆောင်မှုရှိသော အပြုအမူများအောက်တွင် သူမသည် မိန်းမသားတစ်ယောက်၏ သာယာမှုအထွတ်အထိပ်ကို အကြိမ်ကြိမ် ခံစားခဲ့ရလေ၏။
ထို့ကြောင့် တုပိုင်က သူမအား တိုင်းပြည်တစ်ခုမှ ဘုရင်မတစ်ပါးသည် လိင်ကိစ္စ စွဲလမ်းလွန်းသဖြင့် သူမ၏ ခင်ပွန်းကို အရှင်လတ်လတ် ညှစ်ထုတ်ပစ်ခဲ့ရာ စောစောစီးစီး သေဆုံးသွားခဲ့ရသည်ဟု စနောက် ပြောဆိုလေ့ ရှိသည်။
မင်းသမီးနင်းရွှဲ့ကတော့ တုပိုင်ဆီတွင် အမျိုးသမီးများအတွက် အပြင်းထန်ဆုံး ဆေးဖြစ်သည့် ကိုယ်သင်းနံ့တစ်ခု ရှိနေပြီး လုံးဝ မထိန်းချုပ်နိုင်ကြောင်း ပြန်ပြောလေ့ ရှိလေသည်။
မှန်ပေသည်။ မင်းသမီးနင်းရွှဲ့သည် တိုက်ခိုက်နေစဉ်မှာပင် ဤကဲ့သို့သော အရာများကို တွေးတောနေမိခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ စစ်သူကြီးဖူဟုန်ပင်းသည် လုံးဝ အပျိုစင် ဖြစ်သဖြင့် တိုက်ပွဲအပေါ်၌သာ အာရုံအပြည့်အဝ စိုက်ထားလေ၏။
လက်ရှိအချိန်၌ သူမ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် သခင်ကြီးသည် ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့ကို ခေါ်ဆောင်လာခဲ့သည်။ သို့မဟုတ်ပါက ဂျာချင်အင်ပါယာသည် ၃ သိန်း မပြောနှင့် ၊ သိန်းဂဏန်းခန့်သာ ရှိလျှင်ပင် ရှန်ဟိုင်ကွမ်သည် အန္တရာယ် ရှိနေပေလိမ့်မည်။
ဤဂျာချင်စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ တကယ်ပင် သန်မာလွန်းလှသည်။
**--**--**--**--**--**--**--**
တာ့ဂျင်အင်ပါယာ၏ ရှန်းတူး ၊ ရှာမန်တို့၏ လျှို့ဝှက်ဓာတ်ခွဲခန်း၌ အသက် ၁၅၀ အရွယ်ရှိပြီဖြစ်သော ရှာမန်ဆရာသခင်ကြီးသည် စမ်းသပ်မှုပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
အားလုံး ကျရှုံးခဲ့၏။ စမ်းသပ်မှုတွင် အသုံးပြုခဲ့သော ဂျာချင်စစ်သည် ၁၀၀ လုံး သေဆုံးသွားခဲ့ရပြီး မတော်တဆမှု မဟုတ်ဘဲ ဆိုးရွားစွာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။
အချို့မှာ ရေခဲတုံးအမည်းကြီးအဖြစ် အေးခဲသွားသည်။
အချို့မှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။
ယခုအခါ ဤရှာမန်များသည် လူသားသွေးထဲသို့ အနီရောင် မိစ္ဆာအရည် ထိုးသွင်းပြီးသည့်နောက် လူသားများကို လုံးဝ ပြောင်းလဲပစ်နိုင်ပြီး သားရဲများကဲ့သို့ အကန့်အသတ်မရှိ သန်မာလာစေကာ ဖောင်းပွကြီးထွားလာစေကြောင်း ကောင်းစွာ နားလည်သွားကြပြီ ဖြစ်သည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူသည် လုံးဝ ပေါက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။
အနက်ရောင် မိစ္ဆာအရည်ကိုမူ အနီရောင်ဆေးရည်၏ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်ကို နှိမ်နှင်းရန်နှင့် ကြားခံနယ်ပြုလုပ်ရန် အသုံးပြုသည်။
မိစ္ဆာအရည် နှစ်မျိုးကို ရောစပ်ပြီးမှသာ မပေါက်ကွဲဘဲ သွေးမိစ္ဆာစစ်သည်အဖြစ် ပြောင်းလဲနိုင်သော ရလဒ်ကို ရရှိနိုင်မည် ဖြစ်၏။
သို့သော် ဤမိစ္ဆာအရည် နှစ်မျိုး၏ အချိုးအစားကို ရှာဖွေရန်မှာ တကယ်ပင် ခက်ခဲလှသည်။ ၅:၅ အချိုးအစား ဖြစ်သင့်သော်လည်း လက်တွေ့တွင် ဤအချိုးအစားအတိုင်း ဖော်စပ်ထားသော ဆေးရည်သည် လူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သောအခါ လုံးဝ အသုံးမဝင်ဖြစ်နေသည်။
ထို့ကြောင့် ဤရှာမန်ဆရာသခင်ကြီးသည် အချိုးအစား ၁၀၀ ခန့်ကို စမ်းသပ်ခဲ့သော်ငြားလည်း ခြွင်းချက်မရှိ ကျရှုံးခဲ့ပြီး ဂျာချင်စစ်သည် ၁၀၀ ကို သတ်ပစ်ခဲ့ရသည်။
သို့သော် တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် လုံးဝ အပြစ်မတင်ခဲ့ပေ။ ထိုအစား သူသည် အမြဲတမ်း နှစ်သိမ့်ပေးကာ ကိစ္စမရှိကြောင်း ၊ စိတ်မပူရန်နှင့် ဤသွေးမိစ္ဆာစစ်သည်များကို အရှေ့ဘက် ပြည်ထောင်စုနှင့် ရင်ဆိုင်ရာတွင် အသုံးပြုမည်ဖြစ်၍ အချိန်ရှိသေးကြောင်း ပြောဆိုခဲ့လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၅ + ၆၈၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters - 17146