အခန်း (၆၈၇-၆၈၈)
Vol. 69 Ch. 687-688
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၇ + ၆၈၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 17581
ရှန်ဟိုင်ကွမ် စစ်မြေပြင်၌ ဂျာချင်စစ်သည် အများအပြားသည် မြို့ရိုးပေါ်သို့ ပုရွက်ဆိတ်အုံသကဲ့သို့ ဒီရေအလား တက်ရောက်လာကြ၏။
၃ သောင်း... ၄ သောင်း... ၅ သောင်း... ထိုအရေအတွက်သည် တုပိုင်၏ မြို့စောင့်တပ် အင်အားထက် ကျော်လွန်သွားပြီဖြစ်ပြီး မျှခြေမျဉ်းတစ်နေရာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေ၏။ တုပိုင်၏ စစ်တပ်သည် လက်နက်ကိရိယာ အလွန် ပြည့်စုံကောင်းမွန်လွန်းသဖြင့် အသေအပျောက် အလွန် နည်းပါးခဲ့သော်လည်း မျှခြေမျဉ်းကို ကျော်လွန်သွားသည်နှင့် အခြေအနေမှာ အန္တရာယ်များလာတော့မည် ဖြစ်၏။
၆ သောင်း...။ ထို ရန်သူအရေအတွက်သည် မျှခြေမျဉ်း ဖြစ်လေသည်။ တုပိုင်၏ စစ်သည် ၄ သောင်းသည် ဂျာချင်စစ်သည် ၆ သောင်းကို ရင်ဆိုင်ရာတွင် သရေအခြေအနေကို ထိန်းထားနိုင်သေးသည်။ အကယ်၍ ဤအရေအတွက်ထက် ကျော်လွန်သွားပါက အရေးနိမ့်သွားမည်ဖြစ်ပြီး အသေအပျောက်များ တိုးပွားလာပေလိမ့်မည်။ အကယ်၍ ဂျာချင်စစ်သည်များ ထပ်မံ များပြားလာပါက ခံစစ်စည်းတစ်ခုလုံး အန္တရာယ် ကျရောက်သွားပေလိမ့်မည်။
တုပိုင်သည် သူ၏ ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့ ၅,၀၀၀ ကို အဘယ်ကြောင့် အစကတည်းက ထုတ်မသုံးခဲ့သနည်း။ အကြောင်းမှာ ရလဒ်ကို အကြီးမားဆုံး ဖြစ်စေလိုသောကြောင့် ဖြစ်၏။ တစ်ဝက်တိတိ ရောက်မှ တိုက်ခိုက်ခြင်းက အထိရောက်ဆုံး ဖြစ်ပေသည်။
တစ်ဝက်တိတိ ရောက်မှ တိုက်ခိုက်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ ဂျာချင်အင်ပါယာ၏ စစ်သည်များကို ရှန်ဟိုင်ကွမ် မြို့ရိုးပေါ်သို့ အပြည့်အဝ ဆွဲတင်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ သူတို့သည် ခေတ္တမျှ ထွက်ခွာ၍ မရ ၊ ရုန်းထွက်၍ မရ ဖြစ်သွားကြလိမ့်မည်။ ထိုအချိန်၌ တုပိုင်၏ ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့ ၅,၀၀၀ က နောက်ကျောဘက်မှ ဝင်ရောက် သတ်ဖြတ်လိုက်လျှင် ဂျာချင်စစ်တပ်သည် ဆုတ်ခွာနိုင်တော့မည် မဟုတ်ပေ။
၇ သောင်း...။ ၈ သောင်း...။
ရှန်ဟိုင်ကွမ် မြို့ရိုးပေါ်သို့ ဂျာချင်စစ်သည်များ ပိုမိုများပြားစွာ တက်ရောက်လာကြသည်။ ဖူဟုန်ပင်း ၊ လီလင်းနှင့် မင်းသမီးနင်းရွှဲ့တို့ ဦးဆောင်သော အင်အား ၄ သောင်းရှိ ခံစစ်စည်းသည် အန္တရာယ် ရှိလာပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
“နိုင်ပြီဟေ့...” လီယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သောက်ကျိုးနည်း ငါတို့နိုင်ပြီ”
မင်းသားတိုမိုဂွန် ခေါင်းညိတ်လိုက်၏။ တကယ်ပင် နိုင်ခဲ့လေပြီ။ ဟန်ချက်ညီမျှမှုသည် လုံးဝ ယိမ်းယိုင်သွားခဲ့ပြီ ဖြစ်သည်။ နှစ်ဆမျှ များပြားသော ရန်သူကို ရင်ဆိုင်ရာတွင် တုပိုင်၏ မြို့စောင့်တပ် ၄ သောင်းသည် ဆက်လက်၍ မတောင့်ခံနိုင်တော့ပေ။ အရာအားလုံးက အချိန်တစ်ခုသာ လိုအပ်တော့သည်။ အချိန်တစ်ခုသို့ ရောက်သည်နှင့် ရှန်ဟိုင်ကွမ် ခံစစ်စည်းတစ်ခုလုံးသည် အကန့်အသတ်အထိ ဆွဲဆန့်ခံလိုက်ရသော ကြိုးတစ်ချောင်းကဲ့သို့ တိုက်ရိုက် ပြတ်တောက်သွားမည်ဖြစ်ပြီး လုံးဝ ပြိုလဲသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ဂျာချင်စစ်တပ်သည် ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်လာကြလိမ့်မည်။
လီယွမ်က ရယ်မောကာ ပြောလိုက်သည်။ “အခုအချိန်မှာ နတ်ဘုရားတွေ ကမ္ဘာမြေကို ဆင်းသက်လာရင်တောင် တုပိုင်ရဲ့ ရှုံးနိမ့်မှုကို မပြောင်းလဲနိုင်တော့ဘူး ၊ ရှန်ဟိုင်ကွမ် ကျဆုံးမဲ့ ကံကြမ္မာကိုလည်း ဘယ်ကောင်မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးဟ”
“တုပိုင်က သူ ရှန်ဟိုင်ကွမ်မှာ ရှိနေသရွေ့ မြို့တော် မကျစေရဘူး ၊ တာ့နင်အင်ပါယာ မပျက်သုဉ်းစေရဘူးလို့ ပြောခဲ့သေးတယ်။ တကယ် ရယ်စရာ ကောင်းလိုက်တဲ့ သောက်ရူးပဲကွာ...” လီယွမ်က ရယ်မောလိုက်ပြန်သည်။ “အခု သူ့စစ်တပ်က ကျရှုံးပြီး ပျက်သုဉ်းဖို့ သေချာသွားပြီ။ ငါသိချင်တာလေး တစ်ခုကတော့ တုပိုင် ထွက်ပြေးမလား ၊ ဒါမှမဟုတ် တိုက်ပွဲမှာပဲ အသေခံတိုက်မလား ဆိုတာပဲ”
ထို့နောက် လီယွမ်သည် မင်းသားတိုမိုဂွန်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ “အရှင်မင်းသား... တကယ်လို့ တုပိုင် လက်နက်ချရင် လက်ခံမလား”
မင်းသားတိုမိုဂွန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။ “မလုပ်ဘူး... ဒီကောင်က ယုံရတာ မဟုတ်ဘူး”
လီယွမ်က ပြောလိုက်သည်။ “ကျုပ်လည်း ဒီလိုပဲ ထင်တယ်။ သူ့ရဲ့ ရှုံးနိမ့်မှုက သေချာသွားပါပြီ။ အရှင်မင်းသား ကိုယ်တိုင်သာ သူ့ခေါင်းကို ဖြတ်နိုင်မယ်ဆိုရင် ဒါက အရှင်မင်းသားရဲ့ ဘုန်းတန်ခိုးပါပဲ”
မင်းသားတိုမိုဂွန်က အလံကို မြှောက်ကာ အမိန့်ပေးလိုက်သည်။ “စစ်တပ်တစ်ခုလုံး အကုန် တက်... ရှိသမျှ အင်အားအကုန်သုံးပြီး တစ်နာရီအတွင်း တိုက်ပွဲကို အဆုံးသတ် ၊ ရှန်ဟိုင်ကွမ်ကို သိမ်းပိုက်ကြစမ်း”
သူ့အမိန့်အောက်တွင် ကျန်ရှိနေသော သိန်းချီသည့် စစ်သည်များသည် ရှန်ဟိုင်ကွမ် မြို့ရိုးဆီသို့ ရူးသွပ်စွာ တိုးဝင်သွားကြလေ၏။ မင်းသားတိုမိုဂွန်သည် တိုက်ခိုက်သည့်အခါ ဤကဲ့သို့ ပြုလုပ်ရခြင်းကို နှစ်သက်သည်။ အစပိုင်းတွင် အလေးချိန်ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ကာ ရန်သူကို အလွန်အမင်း စိတ်ပျက်အားငယ်သွားအောင် ဖိအားပေးပြီးနောက် ၊ နောက်ဆုံးတွင် အင်အားကုန်သုံး၍ ရန်သူကို တစ်ချက်တည်းဖြင့် အပြီးတိုင် ချေမှုန်းပစ်ခြင်း ဖြစ်သည်။
ထိုအချိန်၌ ရှန်ဟိုင်ကွမ်၏ လီ ၂၀ ခန့် ရှည်လျားသော မြို့ရိုး၏ မူလအရောင်သည် မမြင်ရသလောက် ဖြစ်နေပြီး မည်းနက်သော ဒီရေလှိုင်းကြီးဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့လေပြီ။ မြို့မကျမီမှာပင် ဂျာချင်စစ်သည် သိန်းချီသော စစ်တပ်ကြီးသည် ရူးသွပ်စွာ တွယ်တက်နေကြခြင်း ဖြစ်သည်။
မြို့ရိုးအထက်၌ ဂျာချင်စစ်သည် ၈ သောင်း ၊ ၉ သောင်းခန့်သည် တုပိုင်၏ စစ်သည် ၄ သောင်းနှင့် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ အခြေအနေမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး စိုးရိမ်ရပြီဟု ထင်မှတ်ရသည်။
ဤသည်မှာ တုပိုင်၏ ရည်မှန်းချက် ကြီးမားလွန်းသောကြောင့် ဖြစ်ပြီး တုပိုင်သည် တစ်ချီတည်းဖြင့် စစ်သည် ၃ သိန်းလုံးကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ ရှန်ဟိုင်ကွမ် မြို့ရိုးနှင့် မြို့စောင့်တပ် ၄ သောင်းကို အသုံးပြု၍ ရန်သူ့စစ်သည် ၃ သိန်းလုံးကို ဆွဲဆောင်ခဲ့သည်။ ယခုအခါ ထိုရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ပြီး ရန်သူများသည် ဂိတ်တံခါးဝသို့ တစ်ဝက်တိတိ ဝင်ရောက်လာကြပြီ ဖြစ်သဖြင့် ချောမွေ့စွာ ပြန်လည် မဆုတ်ခွာနိုင်ကြတော့ပေ။
တိုမိုဂွန်က ပြုံး၍ ပြောလိုက်သည်။ “ပြီးသွားပြီ”
လီယွမ်က ပြောလိုက်သည်။ “တုပိုင် ဂိသွားပါပြီ။ ဒီအချိန်မှာ သူ့မျက်နှာကို ငါအရမ်း မြင်ချင်နေမိတယ်။ သူ့ရဲ့ ပြိုင်ဘက်ကင်းပါတယ်ဆိုတဲ့ မျက်နှာကြီးက ငါ့ရှေ့မှာ ဘယ်လောက်တောင် ပျက်စီးနေမလဲ ဆိုတာကိုပေါ့”
ထိုအချိန်၌ပင် နောက်ကျောဘက်မှ ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်လာ၏။ တိုမိုဂွန်နှင့် ဝမ်ယန်ယင်းတို့သည် အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်ကြသဖြင့် အသက်အန္တရာယ်ရှိသော အငွေ့အသက်ကို အလိုအလျောက် ခံစားလိုက်မိကြကာ နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ ရုတ်တရက် သူတို့၏ မျက်လုံးများကို သူတို့ဘာသာ မယုံကြည်နိုင် ဖြစ်သွားကြပြီး အသက်ပြင်းပြင်း ရှူလိုက်မိကြ၏။
ဤမျှ လျင်မြန်သော မြင်းတပ်ဖွဲ့မျိုး ဤကမ္ဘာလောကတွင် ရှိပါသလော။ ဤအမည်းရောင် ဒီရေလှိုင်းကြီးကား အဘယ်နည်း။ ငရဲမှ လာသော စစ်တပ်ကြီးလော။
တုပိုင် ဦးဆောင်သော ဗီဇပြောင်း မိစ္ဆာဝံပုလွေ ၅,၀၀၀ သည် နောက်ကျောဘက်မှနေ၍ ရူးသွပ်စွာ ဝင်ရောက် တိုက်ခတ်လာခြင်း ဖြစ်သည်။ အရှိန်မှာ အလွန်အမင်း မြန်ဆန်လွန်းလှသည်။ သာမန်မြင်းတပ်ဖွဲ့၏ ဝင်ရောက်တိုက်ခိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃၀ ၊ ၄၀ ခန့်သာ ရှိသည်။ ဤဗီဇပြောင်း ဝံပုလွေကြီးများ၏ တိုက်ခိုက်နှုန်းမှာမူ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ အံ့မခန်း ရောက်ရှိနေလေသည်။
အမှန်စင်စစ် လျှပ်စီးလက်သကဲ့သို့ပင် ဖြစ်နေသည်။
တိုမိုဂွန်နှင့် ဝမ်ယန်ယင်းတို့ အသက်ရှူရန်ပင် မေ့လျော့သွားကြသည်။ ဤအရာများကား အဘယ်နည်း။ ဝံပုလွေများလော။ အရပ် ၇ ပေ ၊ ၈ ပေ မြင့်ပြီး အရှည် ၁၄ ပေ ရှိသော ဝံပုလွေကြီးများသည် ဤကမ္ဘာတွင် မရှိသင့်ချေ။
ထို့အပြင် ဤဝံပုလွေများ၌ အမွေးတစ်ပင်မျှ မရှိဘဲ အနီရောင်ရင့်ရင့် အကြေးခွံများသာ ရှိလေ၏။ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး လည်ပင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အစွယ်အတက်များ ဖုံးလွှမ်းနေသည်။
ဗီဇပြောင်း ဝံပုလွေ ၅,၀၀၀ ဝင်ရောက် တိုက်ခိုက်လာသည်မှာ ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကြီးကို တုန်ခါသွားစေသင့်သည်။ သို့သော် ထိုသို့ မဖြစ်ခဲ့ပေ။ ထိုအစား တိတ်ဆိတ်ငြိမ်သက်နေသယောင် ရှိလေ၏။
မင်းသားတိုမိုဂွန်က ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ “တပ်မကြီး နောက်လှည့်... ပိတ်ဆို့ထား... ပိတ်ဆို့ထားစမ်း”
ယခုအချိန်တွင် စစ်သည် ၂ သိန်းကျော်သည် ရှန်ဟိုင်ကွမ် မြို့ရိုးအောက်သို့ စုပ်ယူခြင်း ခံထားရပြီဖြစ်ပြီး နောက်ဘက်တွင် စစ်သည် ၄ သောင်းခန့်သာ ကျန်ရှိတော့သည်။ မင်းသားတိုမိုဂွန်၏ အမိန့်အောက်တွင်... ထိုစစ်သည် ၄ သောင်းသည် အသည်းအသန် တပ်ဖွဲ့လိုက်ကြရာ ဒိုင်းနှင့် လှံရှည် တပ်ဖွဲ့ပင် ဖြစ်လေ၏။
ဒိုင်းတစ်ခုစီသည် ဒိုင်းနံရံတစ်ခု ဖြစ်လာပြီး ဒိုင်းကြားများထဲမှ မရေမတွက်နိုင်သော လှံရှည်များ ထိုးထွက်နေသည်။ ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့၏ အရှိန်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှ၏။ ပိုမို မြန်ဆန်လာသည်... ပိုမို မြန်ဆန်လာသည်။ နောက်ဆုံး ဝင်တိုက်သည့် အရှိန်သည် တစ်စက္ကန့်လျှင် မီတာ ၃၀ နှုန်းအထိ အံ့မခန်း ရောက်ရှိသွားလေ၏။
မီတာ ၁,၀၀၀...
မီတာ ၅၀၀...
မီတာ ၀...
သောင်းနှင့်ချီသော ဂျာချင်စစ်သည်များ၏ ထိတ်လန့်တကြား မျက်လုံးများအောက်၌ပင်... ဤကြောက်မက်ဖွယ် ကောင်းသော ဗီဇပြောင်း ဝံပုလွေတပ်ကြီးသည် မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ ရောက်ရှိလာ၏။
ထို့နောက်...
ထို့နောက် ဘာမှ မရှိတော့ပေ။
အရာအားလုံး ပျက်စီးသွားရသည်။
လူ ၄ သောင်းသာ ရှိသော ဒိုင်းတပ်ဖွဲ့သည် ဗီဇပြောင်း ဝံပုလွေကြီး ၅,၀၀၀ ကို တားဆီးလိုခြင်းမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။ တစ်ကောင်လျှင် တန်ချိန် ၂ တန်နီးပါး လေးလံသော ဤဗီဇပြောင်း ဝံပုလွေကြီးများသည် တစ်စက္ကန့်လျှင် မီတာ ၃၀ နှုန်းဖြင့် ဝင်တိုက်လိုက်ခြင်း ဖြစ်သည်။ ဤဝင်တိုက်မှု၏ စွမ်းအားမှာ လုံးဝ အံ့မခန်းပင်။ ထို့အပြင် ဤဗီဇပြောင်း ဝံပုလွေကြီးများ၏ အရိုးများနှင့် အကြေးခွံများသည် အလွန် မာကျောသဖြင့် ပြင်းထန်သော တုန်ခါမှုဒဏ်ကို ခံနိုင်ရည် ရှိလေသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
သူတို့သည် ဂျာချင်စစ်သည်များကို အလွယ်တကူ တိုက်ရိုက် ဖြိုခွင်းပစ်လိုက်သည်။ လွင့်စဉ်သွားခြင်း မဟုတ်ဘဲ တိုက်ရိုက် ကြေမွသွားခြင်း ဖြစ်၏။ ထို့နောက် တိုက်ရိုက် နင်းချေပြီး ဖြတ်ကျော်သွားကြသည်။ ထွန်ယက်သွားသကဲ့သို့ပင်။ နင်းချေခံရသည်ဖြစ်စေ ၊ တိုက်မိသည်ဖြစ်စေ အလောင်းပင် အကောင်းအတိုင်း ကျန်ရစ်တော့မည် မဟုတ်ပေ။
တိုက်ခိုက်လိုစိတ် ပြည့်ဝနေသော ဗီဇပြောင်း ဝံပုလွေကြီးများသည် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သူတို့၏ ခြေသည်းလက်သည်းများသည် ပိုမို ထက်မြက်လာပြီး အံ့သြဖွယ်ကောင်းလောက်အောင် စူးရှနေ၏။ သူတို့ ပြေးလွှားပြီး ရန်သူ့ခန္ဓာကိုယ်ကို နင်းချေလိုက်သည်နှင့် ခြေသည်းများက ခန္ဓာကိုယ်ကို အလွယ်တကူ ခွဲစိတ်ပစ်နိုင်လေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင်... စစ်သည် ၄ သောင်းသည် လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရသည်။
ဗီဇပြောင်း ဝံပုလွေကြီး ၅,၀၀၀ သည် ဝင်တိုက်သည့် အရှိန်အဟုန်ကို လုံးဝ မလျှော့ချဘဲ ရှန်ဟိုင်ကွမ် မြို့အရှေ့သို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။ ထို့နောက် သူတို့၏ စစ်မှန်သော သတ်ဖြတ်ပွဲကြီး စတင်လေတော့သည်။ သူတို့၏ ပါးစပ်များ ၊ ခြေသည်းလက်သည်းများနှင့် ခန္ဓာကိုယ်များ အားလုံးသည် အံ့သြဖွယ် လက်နက်များ ဖြစ်ကြသည်။
အရှိန်မြင့်မားစွာဖြင့် ဂျာချင်စစ်သည်များကို တိုက်ရိုက် ဝင်တိုက်သည်။ ထက်ရှသော သွားများဖြငွ ရန်သူများ၏ လည်ပင်းကို အလွယ်တကူ ကိုက်ဖြတ်ပစ်လိုက်၏။ ထက်မြက်သော ခြေသည်းများဖြင့် ဝမ်းဗိုက်ကို အလွယ်တကူ ဆွဲဖောက်ကာ ကလီစာများကို ဆွဲထုတ်ပစ်လိုက်သည်။
ဂျာချင်စစ်သည်များ၏ ရဲစွမ်းသတ္တိမှာ သံသယ ဖြစ်ဖွယ် မရှိပေ။ ကနဦး တုန်လှုပ်မှုမှလွဲ၍ သူတို့သည် စစ်ဓားများကို ဆွဲထုတ်ကာ ဤဗီဇပြောင်း ဝံပုလွေကြီးများကို ခုတ်ပိုင်းကြပြီး လေးမြှားများဖြင့် ပစ်ခတ်ကြသည်။ သို့သော် ဤဗီဇပြောင်း ဝံပုလွေကြီးများ၏ အကြေးခွံများ ၊ အရိုးများနှင့် ကြွက်သားများသည် အံ့မခန်း မာကျောလွန်းလှသည်။ လေးမြှားများ ထိမှန်သွားသော်လည်း အပေါက်ငယ်လေးတစ်ခုသာ ဖြစ်ကျန်ခဲ့ပြီး သွေးအနည်းငယ်သာ ထွက်သဖြင့် ဘာမှ အရာမရောက်ပေ။
စစ်ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း အကြေးခွံကို ကွဲအက်စေပြီး အသားကို ထိခိုက်စေရုံသာ ရှိကာ အများဆုံး လက်မဝက်ခန့်သာ နက်ရှိုင်းစွာ ဝင်ရောက်လေ၏။ ထို့အပြင် စစ်သည်တိုင်းသည် ဗီဇပြောင်း ဝံပုလွေကို ပထမတစ်ကြိမ်သာ ခုတ်ပိုင်းခွင့် ရရှိကြပြီး ဒုတိယအကြိမ် ခုတ်ပိုင်းရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် ထိုဝံပုလွေ၏ ဆွဲဆုတ်ခြင်းကို ခံလိုက်ရသောကြောင့် ဖြစ်သည်။
ဤဗီဇပြောင်း ဝံပုလွေကြီးများသည် သွေးသံရဲရဲ ဖြစ်နေလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ကျဆင်းမသွားဘဲ ပိုမို ရက်စက်ကြမ်းကြုတ်လာလေ၏။ ချက်ချင်းဆိုသလိုပင် မိနစ်ပိုင်းအတွင်းမှာပင် မြို့ရိုးအောက်ရှိ ဂျာချင်စစ်သည်များသည် အစုလိုက်အပုံလိုက် သေဆုံးကုန်ကြလေ၏။
ပို၍ ကြောက်စရာ ကောင်းသည်မှာ ဤဗီဇပြောင်း ဝံပုလွေကြီးများသည် စစ်သည်တင်လှေကားများအတိုင်း ရှန်ဟိုင်ကွမ် မြို့ရိုးပေါ်သို့ စတင် တွယ်တက်သွားကြခြင်းပင်။ သူတို့သည် အင်အား ခွဲဖြန့်လိုက်ကြ၏။ ဗီဇပြောင်း ဝံပုလွေကြီး တစ်ထောင်ကျော်သည် ရှန်ဟိုင်ကွမ် မြို့ရိုးပေါ်သို့ တက်ရောက်သွားကြ၏။
ရုတ်ခြည်းပင် ရှန်ဟိုင်ကွမ်ရှိ တုပိုင်၏ မြို့စောင့်တပ်အပေါ် ကျရောက်နေသော ဖိအားများမှာ များစွာ လျော့ပါးသွားရလေသည်။
အမှန်စင်စစ် တုပိုင်၏ စစ်တပ်သည်လည်း ဤဗီဇပြောင်း ဝံပုလွေကြီးများကို မြင်လိုက်ရသောအခါ အံ့အားသင့် မှင်သက်သွားခဲ့ရသည်။ သူတို့ မြို့ရိုးပေါ် တက်လာသည်ကို မြင်သောအခါ ရန်သူ ၊ ငါးသူ မခွဲခြားနိုင်ဘဲ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဗီဇပြောင်း ဝံပုလွေကြီးများသည် သားရဲဆန်းများနှင့် ပိုမို တူညီနေပြီး ပြိုင်ဘက်ကင်း မြေအောက်ထောင်တွင် သားရဲဆန်းများနှင့် တိုက်ခိုက်ခဲ့ရသော မြင်ကွင်းများကို ပြန်လည် သတိရစေသောကြောင့် ဖြစ်သည်။
သို့သော် သူတို့ စိုးရိမ်သည်မှာ ပိုနေလေ၏။
ဤဗီဇပြောင်း ဝံပုလွေကြီးများသည် မြို့ရိုးပေါ် ရောက်ရှိလာပြီးနောက် ဂျာချင်စစ်သည်များကိုသာ သီးသန့် ရွေးချယ် သတ်ဖြတ်ကြသည်။ တုပိုင်၏ စစ်တပ်ကို မထိခိုက်စေရုံသာမက မည်သို့ ကာကွယ်ပေးရမည် ၊ မည်သို့ ပူးပေါင်းတိုက်ခိုက်ရမည် ဆိုသည်ကိုပါ သိရှိကြသည်အထိ ဉာဏ်ရည်မြင့်ကြသည်။
တုပိုင်၏ စစ်သည်များသည် သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေကြရ၏။ ဤဗီဇပြောင်း ဝံပုလွေကြီးများသည် အလွန် ဉာဏ်ကောင်းလွန်းလှသည်။ တောင်ကုန်းပေါ်ရှိ မင်းသားတိုမိုဂွန် ၊ ဝမ်ယန်ယင်းနှင့် လီယွမ်တို့သည် ဤအရာအားလုံးကို မြင်လိုက်ရသောအခါ လုံးဝ ကြောင်အမ်းသွားကြလေ၏။
တုပိုင်ဆိုသည့် အကောင် ဤဝံပုလွေတပ်ကြီးအား မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သနည်း။ ဤအရာများကား သားရဲဆန်းများသာ ဖြစ်ရမည်။
တုပိုင်သည် အဘယ်ကြောင့် သားရဲဆန်းစစ်တပ်ကို ရှာဖွေတွေ့ရှိနိုင်ပြီး ယင်းတို့၏ သစ္စာခံမှုကို ရရှိထားရပါသနည်း။ လီယွမ် မနာလိုဝန်တိုစိတ်များဖြင့် ရူးသွပ်မတတ် ဖြစ်သွားရသည်။ မင်းသားတိုမိုဂွန်မှာမူ အေးစက်သွားပြီး ခြေလက်များ တုန်ရီလာသည်။
သူတို့... ရှုံးနိမ့်တော့မည်လော။ ရှုံးနိမ့်ရတော့မည်လော။
တုပိုင်သည် အမှန်တကယ် ရက်စက်လွန်းလှသည်။ သူသည် ဤဗီဇပြောင်း ဝံပုလွေတပ်ကြီးကို အစကတည်းက ထုတ်မသုံးခဲ့ခြင်းမှာ ပိုက်ကွန်အုပ်၍ သူတို့အားလုံးကို အမြစ်ပြတ် သတ်ဖြတ်လိုသောကြောင့်ပင် ဖြစ်သည်။ ယခုအခါ စစ်တပ်အားလုံးနီးပါး ရှန်ဟိုင်ကွမ် မြို့ရိုး အထက်နှင့် အောက်တွင် ပိတ်မိနေပြီး ဆုတ်ခွာရန် လုံးဝ မဖြစ်နိုင်တော့ပေ။
လီယွမ်သည်လည်း မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်သွားရ၏။ အဘယ်ကြောင့်နည်း... တုပိုင်သည် သေချာပေါက် ရှုံးနိမ့်တော့မည် မဟုတ်ပါလော။ အဘယ်ကြောင့် မျက်စိတစ်မှိတ်အတွင်း အခြေအနေ ပြောင်းလဲသွားရသနည်း။
အဘယ်ကြောင့်နည်း... အဘယ်ကြောင့်နည်း...။ လီယွမ်သည် ကောင်းကင်ဘုံမှ ငရဲခန်းသို့ လုံးဝ ပြုတ်ကျသွားခဲ့ရပြီဖြစ်လေ၏။
တစ်ချိန်တည်းမှာပင် ပင်လယ်ပြင်၌ စစ်သင်္ဘောကြီးတစ်စင်း ရှန်ဟိုင်ကွမ်သို့ ဦးတည်လာနေ၏။ စစ်သင်္ဘာကြီး၏ နေရာအနှံ့၌ အရှေ့ဘက် ပြည်ထောင်စု၏ အလံကို လွှင့်ထူထားလေ၏။ ဤစစ်သင်္ဘောသည် အရှေ့ဘက် ပြည်ထောင်စု၏ အခြားစစ်သင်္ဘောများနှင့် မတူညီဘဲ သံချပ်ကာများ တပ်ဆင်ထားသည်။ အကွာခြားဆုံးမှာ အမြောက်များနှင့် ကျည်ဆန်များ ဖြစ်လေ၏။
ဤသည်မှာ အရှေ့ဘက် ပြည်ထောင်စု၏ နောက်ဆုံးပေါ် စစ်သင်္ဘော ဖြစ်သည်။
ကုန်းပတ်ပေါ်တွင် ရပ်နေသော ဖန်းကျိုး၏ သား ဖန်းကျန်ကျစ်က အေးစက်စွာ ပြောလိုက်သည်။ “သခင်လေးရဲ့ အစီအစဉ်က တကယ့်ကို ကမ်းကုန်တယ်ဟေ့။ သူက ရှန်ဟိုင်ကွမ်တိုက်ပွဲ အခြေအနေ ပြောင်းလဲသွားလိမ့်မယ်လို့ ပြောခဲ့တယ်။ တုပိုင်က တကယ်ကြီးကို ရွှေဧကရာဇ်ရဲ့ လျှို့ဝှက်စစ်တပ်ကို တကယ် ရှာတွေ့ခဲ့တာကိုး”
“တုပိုင်... မင်းက ပေမင်ဓားဂိုဏ်းကနေ လွတ်မြောက်လာနိုင်ခဲ့တယ်။ အခု မင်း ထပ်ပြီးတော့ အောင်ပွဲခံချင်နေပြန်ပြီ။ ရှန်ဟိုင်ကွမ်တိုက်ပွဲကို ထပ်ပြီး အနိုင်ယူမယ် ၊ အံ့ဖွယ်ရာတွေ ဖန်တီးပြီး တာ့နင်အင်ပါယာရဲ့ ကယ်တင်ရှင် ဖြစ်လာမယ်လို့ ထင်နေတာလား”
“သောက်ရူးထမနေနဲ့... မင်းရဲ့ နွေဦးနဲ့ ဆောင်းဦး အိပ်မက်တွေကို ဆက်မက်နေလိုက်။ သခင်လေးက မင်းရဲ့ အခြေအနေပြောင်းပြန်လှန်မှုကို တွက်ချက်ထားပြီးသားမို့လို့ စမ်းသပ်ဆဲ ဖြစ်တဲ့ ဒီစစ်သင်္ဘောကို စေလွှတ်လိုက်တာပဲ။ မင်း ပြီးသွားပြီ... မင်းရဲ့ စစ်တပ် ဂိသွားပြီ... မင်းရဲ့ ရှန်ဟိုင်ကွမ်လည်း သွားပြီပဲ”
ရှန်ဟိုင်ကွမ်နှင့် မီတာထောင်ချီ ကွာဝေးသော နေရာတွင်... ဖန်းကျန်ကျစ်က ရက်စက်စွာ အော်ဟစ်လိုက်သည်။ “ပစ်စမ်း...”
“ဘုန်းးး ဘုန်းးး ဘုန်းးး”
ရေတပ်အမြောက် ဒါဇင်များစွာ ပစ်ခတ်လိုက်ပြီး ကျည်ဆန် ဒါဇင်များစွာအား ရှန်ဟိုင်ကွမ်သို့ ပစ်လွှတ်လိုက်၏။
ကျည်ကျပြီးနောက်...
“ဘုန်းးး ဘုန်းးး ဘုန်းးး”
ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဤကျည်ဆန်များသည် ပေါက်ကွဲနိုင်နေ၏။ ပန်းပွင့်ဗုံးလော။ ပေါက်ကွဲအား အံ့မခန်း ကောင်းမွန်သော ပန်းပွင့်ဗုံးလော။ အရှေ့ဘက် ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ နည်းပညာသည် ခေတ်ရှေ့ပြေးနေလေ၏။
“ပစ်စမ်း...” ဖန်းကျန်ကျစ်က ဟိန်းဟောက်လိုက်သည်။
“ရှန်ဟိုင်ကွမ် မြို့ရိုးကို ဖြိုချလိုက်”
“ရွှစ်... ရွှစ်... ရွှစ်...” နောက်တစ်ကျော့ ပစ်ခတ်လိုက်ပြန်သည်။ ကျည်ဆန် ကျရောက်ပြီးနောက် ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။
တုပိုင် လုံးဝ မျက်နှာပျက်သွားရသည်။ ဂျာချင်စစ်တပ် လုံးဝ ရှုံးနိမ့်တော့မည့်ဆဲဆဲတွင် အရှေ့ဘက် ပြည်ထောင်စုက အတင်း ဝင်ရောက်စွက်ဖက်ပြီး ဤမျှ စွမ်းအားကြီးသော စစ်သင်္ဘောကို စေလွှတ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။ ထိုသို့ ဆက်တိုက် ပစ်ခတ်မှုအောက်တွင် ရှန်ဟိုင်ကွမ် မြို့ရိုးသည် အန္တရာယ် ရှိလာသည်။
“ပစ်...” ဖန်းကျန်ကျစ်က ဟိန်းဟောက်လိုက်သည်။
ရေတပ်အမြောက်များက ပြင်းထန်စွာ ပစ်ခတ်နေကြသည်။
“တုပိုင်... ပျက်စီးသွားစမ်း ၊ တုန်လှုပ်သွားစမ်း”
“ငါတို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ အမြောက်သစ်တွေ ရှေ့မှာ မင်းရဲ့ စစ်တပ်က ဘာမှ မဟုတ်ဘူး။ မင်းရဲ့ ရှန်ဟိုင်ကွမ် လုံးဝ ပျက်စီးသွားမှာကိုသာ စောင့်နေလိုက်တော့”
“မင်းရဲ့ စစ်တပ်... အမြစ်ပြတ် ချေမှုန်းခံရမှာကိုသာ စောင့်နေလိုက်”
ဖန်းကျန်ကျစ်က အော်ဟစ်လိုက်သည်။
ထိုအချိန်၌ပင် မလှမ်းမကမ်းရှိ ပင်လယ်ကြမ်းပြင် အက်ကွဲကြောင်းထဲမှ ရေဘဝဲကြီးသည် ရုတ်တရက် နိုးထလာ၏။ မသက်မသာ ဖြစ်နေပြီး ဒေါသထွက်နေသည်။ သူသည် ဤပင်လယ်ပြင်၏ အရှင်သခင် ဖြစ်သည်။ ယခု ကြီးမားသော ဘီလူးကြီးတစ်ကောင်သည် သူ၏ပိုက်နက်အတွင်းသို့ ဝင်ရောက်လာ၏။
အမှန်စင်စစ် သေလမ်းကို တိုးဝင်နေခြင်းသာ ဖြစ်ပေ၏။
ထို့အပြင် သူ၏ သခင်ကြီးသည် မနီးမဝေးတွင် ရှိနေပုံရသည်။ ပင်လယ်ပေါ်ရှိ ဤဘီလူးကြီးသည် သခင်ကြီး၏ ရန်သူလော။ ထိုသို့ဆိုလျှင် ပို၍ပင် သေသင့်လှပေသည်။
ရေဘဝဲဘီလူးကြီးသည် မျက်လုံးပေါင်းများစွာကို ဖွင့်လိုက်ပြီး ခြေလက်များ အားလုံးကို ဖြန့်ကျက်လိုက်ရာ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး အလွန် ကြီးမားလာပြီး အချင်း မီတာ ရာပေါင်းများစွာ ရှိလေ၏။ ထို့နောက် ရေအောက် ရေဘဝဲဘီလူးကြီးသည် အရှေ့ဘက် ပြည်ထောင်စုမှ လွှတ်လိုက်သော စစ်သင်္ဘောသစ်ဆီသို့ လျင်မြန်စွာ ကူးခတ်သွားလေတော့သည်။
ပန်းပွင့်ဗုံးများသည် လက်ပစ်ဗုံး အမျိုးအစားတွင် ပါဝင်သည်။ အခြားကမ္ဘာမြေ၏ သမိုင်းကြောင်းတွင် စောစီးစွာ ပေါ်ပေါက်ခဲ့သော်လည်း အမှန်တကယ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်မှာ ၁၇ ရာစု ကုန်ဆုံးချိန်တွင် ဖြစ်ပြီး ဗြိတိသျှနှင့် ဒတ်ချ်တို့က ဟောင်ဝစ်ဇာခေတ်ကို စတင်ချိန်တွင် ဖြစ်လေသည်။
သို့သော် ဤကမ္ဘာတွင်မူ ၁၇၃၀ ခုနှစ်ဝန်းကျင်သာ ရှိသေး၏။
တုပိုင်သည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ကမ္ဘာအနှံ့ ရောက်ဖူးသည်ဟု ပြော၍ ရသည်။ မကြာသေးမီကပင် သူသည် ကမ္ဘာတစ်ဝက်ကို ဖြတ်ကျော်၍ မြောက်ပိုင်း ဗိုက်ကင်းနိုင်ငံမှ တာ့နင်အင်ပါယာသို့ ပြန်လာခဲ့သည်။
သူ၏ ကျောင်းလုံစစ်သင်္ဘောတွင် ဗိုက်ကင်းနိုင်ငံ၏ စစ်သင်္ဘောများ ချိတ်ဆွဲထားသဖြင့် သူ ရောက်ရှိလေရာ ခံတပ်နှင့် ဆိပ်ကမ်းတိုင်းတွင် ဧည့်သည်တော်အဖြစ် ဆက်ဆံခံခဲ့ရသည်။ ထို့ကြောင့် သူသည် အမြောက်များ ၊ ရေတပ်အမြောက်များ ၊ ခံတပ်အမြောက်များ ၊ ရွေ့လျားအမြောက်များ စသည်တို့ကို လေ့လာခဲ့ဖူးလေသည်။
ပေါက်ကွဲကျည်ကို တစ်ခါမှ မမြင်ဖူးခဲ့ဟု ပြောနိုင်သည်။ ယခုအခါ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောပေါ်တွင် အမှန်တကယ် ပေါ်လာ၏။ ဤသည်မှာ လက်နက်သမိုင်းကြောင်းတွင် ကြီးမားသော ထိုးဖောက်အောင်မြင်မှု တစ်ခုပင်။
ကံဆိုးစွာဖြင့် ဤထိုးဖောက်အောင်မြင်မှုသည် ရန်သူ၏ အပိုင် ဖြစ်နေပြီး တုပိုင်၏ အကြီးမားဆုံး ရန်သူလည်း ဖြစ်နေသည်။
အရှေ့ဘက် ပြည်ထောင်စုမှ ထိုသခင်လေးသည် တကယ်ပင် အံ့မခန်း စွမ်းဆောင်နိုင်ပေသည်။ လက်ရှိအမြောက်များသည် မြို့သိမ်းတိုက်ပွဲများအတွက် မသင့်တော်ပေ။ အကြောင်းမှာ အခဲလိုက်ကျည်ဆန် အများစုသည် မပေါက်ကွဲနိုင်သောကြောင့် ဖြစ်သည်။ ယခုအခါတွင် ပေါက်ကွဲကျည်များကို အသုံးပြုလာသည်နှင့် အရာအားလုံး ပြောင်းလဲသွားမည်ဖြစ်ပြီး စစ်ပွဲသမိုင်းကြောင်းကို တိုက်ရိုက် ပြန်လည် ရေးသားရပေလိမ့်မည်။
ဤသခင်လေးသည် ဤကမ္ဘာ၏ စစ်ပွဲပုံစံကို ပြန်လည် ရေးသားတော့မည် ဖြစ်၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောသည် ရူးသွပ်စွာ ပစ်ခတ်နေသည်။ ပစ်ခတ်လိုက်တိုင်း တောင်တန်းများ တုန်ခါသွားရ၏။ ပင်လယ်နှင့် နီးကပ်နေသော ရှန်ဟိုင်ကွမ် မြို့ရိုးအပိုင်းသည် တုန်ခါနေပြီး ကြီးမားသော ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ကွာဟချက် ကြီးကြီးမားမား မဖြစ်ပေါ်သေးသော်လည်း... ဤပစ်ခတ်မှုသည် အလွန် အန္တရာယ် များနေဆဲပင်။
ထို့အပြင် ဤကဲ့သို့ ပစ်ခတ်မှုသည် စစ်သည်များကို အကြီးအကျယ် ထိခိုက်စေပြီး တစ်ချက်ပစ်လိုက်သည်နှင့် စစ်သည် ဒါဇင်ကျော် တိုက်ရိုက် ပေါက်ကွဲ သေဆုံးကုန်ကြသည်။
ဖန်းကျန်ကျစ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရုတ်တရက် ရယ်မောလိုက်ပြီး ပြောလေ၏။ “တုပိုင်ရဲ့ စစ်တပ်က အရမ်း စွမ်းအားကြီးပေမဲ့ ငါတို့ရဲ့ အမြောက်သစ်တွေ ရှေ့မှာတော့ လုံးဝ ပျက်စီးသွားပြီ။ ပြန်တိုက်ဖို့ လမ်းမရှိတော့ဘူး... ဟားဟားဟား”
“တုပိုင်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ငါတို့ အရှေ့ဘက် ပြည်ထောင်စု ရှေ့မှာ ဘာမှ မဟုတ်ဘူး။ သောက်ကျိုးနည်း လူပြက်တစ်ယောက် သက်သက်ပါပဲ”
“တုပိုင်... ငါတို့ရဲ့ စွမ်းအားက ဒီလောက်ပဲ ရှိတယ်လို့ မင်း ထင်နေတာလား။ နောက်ထပ် ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းတွေကို ပြလိုက်ဦးမယ်”
“ရှပ်နယ်ဗုံး ပြောင်းတပ်လိုက်” ဖန်းကျန်ကျစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရေတပ်သားများက ရေတပ်အမြောက် အားလုံးကို ကျည်ဆန် ပြောင်းလဲ တပ်ဆင်လိုက်ကြ၏။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
အမြောက် ဒါဇင်များစွာ ပြင်းထန်စွာ ပစ်ခတ်လိုက်ကြသည်။ အမြောက်ကျည်ဆန်များသည် တစ်ကီလိုမီတာကျော် အကွာအဝေးကို ဖြတ်သန်းသွားပြီးနောက် ရှန်ဟိုင်ကွမ် မြို့ရိုးပေါ် ၊ မြို့ရိုးအောက်နှင့် မြို့ရိုးအတွင်းသို့ ရုတ်တရက် ကျရောက်ပေါက်ကွဲသွားလေသည်။
“ဘုန်းးး ဘုန်းးး ဘုန်းးး”
ထပ်မံ၍ တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ မရေမတွက်နိုင်သော ကျည်စေ့များ အတူတကွ ပေါက်ကွဲထွက်လာပြီး မုန်တိုင်းကဲ့သို့ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်စဉ်သွားကြသည်။ ကျည်ဆန်တစ်ခုလုံး ပေါက်ကွဲသွားရာ မီတာ ၁၀ ကျော် ပတ်လည်သည် သေမင်းတမန် နယ်မြေတစ်ခုနီးပါး ဖြစ်သွားရလေ၏။
ယင်းမှာ လူသတ်လက်နက်တစ်ခု ဖြစ်သည့် ရှပ်နယ်ဗုံးပင် ဖြစ်ပေတော့၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၇ + ၆၈၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 17581