အခန်း (၆၈၉-၆၉၀)
Vol. 69 Ch. 689-690
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၉ + ၆၉၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 18813
ရှပ်နယ်ဗုံး ဆိုသည်မှာ မည်သည်နည်း။ ယင်းသည် ပေါက်ကွဲနိုင်စွမ်းရှိသော သေနတ်ကြီး တစ်လက်ကဲ့သို့ပင် ဝေးကွာသော နေရာသို့ ပစ်ခတ်နိုင်ပြီး ပေါက်ကွဲနိုင်စွမ်း ရှိသောကြောင့် ထိခိုက်သေဆုံးဒဏ်ရာရနှုန်းမှာ အံ့မခန်း ဖြစ်လေသည်။
တုပိုင်၏ ကွပ်ကဲမှုအောက်ရှိ စစ်သည်အားလုံး ကိုယ်ခန္ဓာပြည့် သံချပ်ကာများ ဝတ်ဆင်ထားကြသော်လည်း ထိုဗုံးဒဏ်ကို မခံနိုင်ကြဘဲ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြ၏။ ထိမှန်ခံလိုက်ရသော ဂျာချင်စစ်သည်များမှာမူ ပို၍ပင် ဆိုးရွားလှပေသည်။ သူတို့၏ တစ်ကိုယ်လုံး ပျားအုံကဲ့သို့ အပေါက်ဗရပွ ဖြစ်သွားရလေ၏။
ဤကဲ့သို့သော ရှပ်နယ်ဗုံးမျိုးကို ဗီဇပြောင်း ဝံပုလွေကြီးများပင် မခံနိုင်ကြပေ။ ထိမှန်ခံရပြီးနောက် သွေးသံရဲရဲဖြင့် ဒဏ်ရာဗရပွ ဖြစ်ကျန်ခဲ့ရလေသည်။ အကြိမ်ပေါင်းများစွာ ပစ်ခတ်ပြီးနောက် ပင်လယ်ဘက်သို့ စွန်းထွက်နေသော ရှန်ဟိုင်ကွမ် မြို့ရိုး၏ အပိုင်းတစ်ခုတွင် ကြီးမားသော အပိုင်းအစကြီးတစ်ခု တိုက်ရိုက် ပေါက်ကွဲလွင့်စဉ်သွားပြီး ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရချေသည်။
ဂျာချင်အင်ပါယာ၏ မင်းသားတိုမိုဂွန် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားပြီး ဟိန်းဟောက်လိုက်လေသည်။
“ပင်လယ်ကမ်းစပ်ဘက်က မြို့ရိုးကို တိုက်ခိုက်ကြစမ်း”
ရုတ်ခြည်းပင် မရေမတွက်နိုင်သော ဂျာချင်စစ်သည်များ ကျိုးပေါက်သွားသော မြို့ရိုးဆီသို့ အလုအယက် ပြေးဝင်သွားကြလေ၏။ တုပိုင်၏ တပ်ဖွဲ့များသည်လည်း အကူအညီပေးရန် ပြေးထွက်လာကြ၏။
ယခုအချိန်တွင် တုပိုင် အမှန်တကယ် ဒေါသထွက်နေပြီး သူသည် ကြီးမားသော အောင်ပွဲကို ရရှိတော့မည်ဆဲဆဲ ဖြစ်နေခဲ့သည်။ အရှေ့ဘက် ပြည်ထောင်စုသည် ဝင်ရောက်လာပြီး အမြောက်ဖြင့် ပစ်ခတ်ကာ သူ၏ ခံစစ်စည်းကိုပင် ဆွဲဖြဲပစ်လိုက်လေ၏။
အရေးအကြီးဆုံး အချက်မှာ အရှေ့ဘက် ပြည်ထောင်စု၏ ရေတပ်အမြောက်များသည် ဤကဲ့သို့ ဆက်လက်၍ ဗုံးကြဲနေ၍ မဖြစ်ပေ။ အသေအပျောက် များလွန်းလှသည်။ ဤပန်းပွင့်ဗုံးများ၏ စွမ်းအားဖြင့် မြို့ရိုးကို တိုက်ရိုက် ဖောက်ခွဲပစ်ရန် ခက်ခဲသော်လည်း ဤကဲ့သို့ ဆက်လက် ပစ်ခတ်နေပါက ရှန်ဟိုင်ကွမ် မြို့ရိုးသည် အမှန်တကယ်ပင် ကွာဟချက်တစ်ခု ပွင့်သွားပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဂျာချင်စစ်တပ်သည် ဂိတ်တံခါးအတွင်းသို့ ရူးသွပ်စွာ ဝင်ရောက်လာကြမည်ဖြစ်ပြီး ဒုက္ခရောက်ပေတော့မည်။
တုပိုင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
“ပါကျောက်... မြန်မြန်လုပ်စမ်းပါ... မြန်မြန်လုပ်စမ်းပါ”
ထိုအချိန်၌ ဖန်းကျန်ကျစ်၏ ရင်ထဲမှ ပျော်ရွှင်မှုကို မည်သည့် စကားလုံးဖြင့်မျှ ဖော်ပြ၍ မရနိုင်တော့ချေ။ သူသည် တုပိုင်ကို ကြည့်မရ ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ကွမ်ရှီးပြည်နယ် ၊ ဝူကျိုးစီရင်စုရှိ ကြာပန်းကျောင်းတော် ကဗျာရွတ်ဆိုပွဲ၌ တုပိုင်သည် သူ့ထံမှ ထင်ပေါ်ကျော်ကြားမှုကို လုယူသွားခဲ့သော်လည်း သူ မည်သည်ကိုမှ မပြောခဲ့ပေ။
ထို့နောက် တုပိုင်သည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး အင်ပါယာ၏ နယ်စားပယ်ရာနှင့် မဟာနယ်စားမင်းပင် ဖြစ်လာခဲ့သည်။ ခွင့်မလွှတ်နိုင်ဆုံး အချက်မှာ တုပိုင်သည် မင်းသမီးနင်းရွှဲ့ကို လက်ထပ်ခဲ့ခြင်းပင် ဖြစ်သည်။ သူ ဖန်းကျန်ကျစ်သည် တာ့နင်အင်ပါယာ၏ အနာဂတ်ကြယ်ပွင့် ဖြစ်ပြီး မင်းသမီးနင်းရွှဲ့သည် သူ့ဟာဖြစ်သည်ဟု ခံယူထားလေ၏။
“တုပိုင်... ငါ မင်းကို အရင်က ဘဝကိုရောက်အောင် ပြန်ရိုက်ချပစ်မယ်”
“တုပိုင်... သင်းကွပ်ထားတဲ့ ခွေးကောင် ၊ မင်း အရသာ ခံဖူးသွားပြီလား။ အတိတ်က မင်း လွှမ်းမိုးနိုင်ခဲ့ရတဲ့ အကြောင်းရင်းက ငါတို့ အရှေ့ဘက် ပြည်ထောင်စုက ဝင်မပါခဲ့လို့ပဲကွ။ ငါတို့ ဝင်ပါလိုက်တာနဲ့ မင်းက ချက်ချင်းပဲ ခွေးသေတစ်ကောင် လို ဖြစ်သွားရတာပဲ”
“ဆက်ပစ်ထား... ပစ်ထား... တုပိုင်ရဲ့ မိန်းမစိုးစစ်တပ်ကို သတ်ပစ်ကြစမ်း”
“ဘုန်းးး ဘုန်းးး ဘုန်းးး” ကျယ်လောင်သည့် အသံများနှင့်အတူ ရေတပ်အမြောက် ဒါဇင်များစွာ ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။
ထိုအချိန်၌ပင် “ဘုန်းးးး” ဟူသော ရုတ်တရက် ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ပင်လယ်ပြင်ပေါ်၌ အံ့မခန်း ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထကြွလာပြီး စစ်သင်္ဘောကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားလေ၏။
အရှေ့ဘက် ပြည်ထောင်စု ရေတပ်၏ တပ်မှူး အော်ဟစ်လိုက်သည်။
“ရန်သူလာပြီ... ရန်သူလာပြီ”
ထိုနောက် စစ်သင်္ဘောပေါ်ရှိ ခေါင်းလောင်းသံ မြည်ဟီးလာသည်။ ဖန်းကျန်ကျစ် ထိတ်လန့်သွားရ၏။ ရန်သူကား မည်သည့်နေရာတွင်နည်း။ မမြင်ရသည် မဟုတ်ပါလော။
နောက်တစ်စက္ကန့်တွင် ပင်လယ်ထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာလေ၏။ ထို့နောက် အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာ၏။
ကြီးမားသော လက်တံကြီးအချို့သည် ပင်လယ်ရေနက်ထဲမှ ရိုက်ခတ်လာပြီး စစ်သင်္ဘောကို ရစ်ပတ်လိုက်ကြသည်။ အလွန် ကြီးမားသော ရေဘဝဲဘီလူးကြီးသည် ပင်လယ်ထဲမှ ရူးသွပ်စွာ တိုးထွက်လာပြီး သူ၏ မရေမတွက်နိုင်သော မျက်လုံးများ ရုတ်တရက် ပွင့်လာကြသည်။ လက်တံများ အားလုံးတွင် မျက်လုံးများနှင့် ပါးစပ်ပေါက်များ ဖုံးလွှမ်းနေလေ၏။
လက်တံကြီး ရိုက်ခတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်းပတ်ပေါ်ရှိ စစ်သည်များ အသားစများအဖြစ် ချေမှုန်းခံလိုက်ရသည်။ ရွက်တိုင်များ အားလုံး ကျိုးပဲ့ကုန်ပြီး ရွက်များ အားလုံး စုတ်ပြဲကုန်ကြ၏။ ဤစစ်သင်္ဘောသည် အလွန် ကြီးမားပြီး မြင့်မားကာ သင်္ဘောခန်းထဲတွင် စစ်သည်အများအပြား ရှိနေသည်။
“ဝုန်းးးး” ဟူသော အသံနှင့်အတူ ရေဘဝဲဘီလူးကြီး၏ လက်တံများ ရိုက်ချလိုက်ရာ ကုန်းပတ်ပေါ်၌ ကြီးမားသော အပေါက်ကြီးတစ်ခု အလွယ်တကူ ဖြစ်ပေါ်သွားပြီးနောက် စစ်သင်္ဘော၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ ရူးသွပ်စွာ ဆက်လက် သတ်ဖြတ် ဝါးမြိုလေတော့သည်။
“အားးးးးးးးးးးးးး”
အရှေ့ဘက် ပြည်ထောင်စု၏ စစ်သည်များ ဆက်တိုက်ဆိုသလို အော်ဟစ်ညည်းညူလိုက်ကြရသည်။
သူတို့ ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဘုရားသခင်... ဤမျှ ကြီးမားသော ဘီလူးကြီး မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ လက်တံများကို ဖြန့်ကျက်လိုက်သောအခါ စစ်သင်္ဘောတစ်ခုလုံးထက်ပင် ပို၍ ကြီးမားနေသည်ကို တွေ့လိုက်ကြရသည်။
စစ်သင်္ဘောပေါ်ရှိ စစ်သည်များ အသည်းအသန် ထွက်ပြေးကြလေ၏။ သို့သော် မည်သည့်နေရာသို့ ပြေးနိုင်မည်နည်း။ စစ်သင်္ဘောတစ်ခုလုံးကို ရေဘဝဲဘီလူးကြီး ဖမ်းချုပ်ထားလိုက်ပြီဖြစ်၏။ ဤစစ်သည်များသည် ရေဘဝဲဘီလူးကြီး၏ ဝါးမြိုခြင်းကို တစ်ယောက်ပြီးတစ်ယောက် ခံလိုက်ရပြီး အသားနှစ်များအဖြစ် ပြောင်းလဲကာ ထိုကောင်ကြီး၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားကြလေသည်။
ဖန်းကျန်ကျစ်သည်လည်း ထိုမြင်ကွင်းကြောင့် လုံးဝ ကြောင်အမ်းသွားခဲ့ရ၏။ ဖန်းအုပ်စု၏ သိုင်းပညာရှင် ဒါဇင်ကျော် သူ့ကို ဝန်းရံထားပြီး ကြီးမားသော ရေဘဝဲလက်တံကြီးတစ်ခုကို ရင်ဆိုင်နေကြသည်။
ဤသိုင်းပညာရှင် ဒါဇင်ကျော်သည် ဓားများကို ဝှေ့ယမ်းကာ ရူးသွပ်စွာ ခုတ်ပိုင်းလိုက်ကြသည်။ သူတို့၏ ဓားများသည် ရေဘဝဲဘီလူးကြီး၏ လက်တံများကို အမှန်တကယ် ဖြတ်တောက်နိုင်၏။ သို့သော် တစ်ပေခန့် နက်သော ဒဏ်ရာရအောင် ခုတ်နိုင်လျှင်ပင် သိပ်ပြီးတော့ မထူးခြားသွားချေ။ ဤရေဘဝဲဘီလူးကြီး၏ လက်တံများသည် မီတာအနည်းငယ်မျှ ထူထဲလေ၏။
ဤစစ်သင်္ဘောပေါ်ရှိ စစ်သည်အားလုံးနီးပါးကို စားသောက်ပြီးသွားသောအခါ နောက်ဆုံးတွင် ရေဘဝဲဘီလူးကြီး၏ မျက်လုံးများသည် ဖန်းကျန်ကျစ်ကို စိုက်ကြည့်လိုက်သည်။ ဖန်းမိသားစု၏ မာနကြီးသော သားတော်သည် ကျောချမ်းသွားသလို ခံစားလိုက်ရ၏။ မည်သူမဆို မျက်လုံးပေါင်း ဒါဇင်များစွာဖြင့် စိုက်ကြည့်ခံရပါက ဤကဲ့သို့ ခံစားရမည်သာ ဖြစ်သည်။
ဖန်းကျန်ကျစ် အော်ပြောလိုက်သည်။
“ရေဘဝဲဘီလူးကြီး... ငါတို့ မင်းရဲ့ ပိုင်နက်ထဲကို မတော်တဆ ကျူးကျော်မိတာပါ၊ ငါတို့ ချက်ချင်း ထွက်သွားပေးပါ့မယ်။ မင်း ငါ့စကားကို နားလည်နိုင်မှန်း ငါသိတယ်။ ငါ့နောက်မှာ ပေမင်ဓားဂိုဏ်းနဲ့ အရှေ့ဘက် ပြည်ထောင်စု ရှိတယ်။ အရှေ့ဘက်ကမ္ဘာတစ်ခုလုံးရဲ့ အရှင်သခင်တွေပဲ။ မင်း ငါတို့ကို လွှတ်ပေးပြီး စစ်သင်္ဘောကို ဖျက်ဆီးခဲ့တာကို ငါတို့ ဘယ်တော့မှ အပြစ်ပြန်ယူမှာ မဟုတ်ဘူးလို့ ကတိပေးတယ်။ ဒါမှမဟုတ်ရင် အရှေ့ဘက် ပြည်ထောင်စု ပေမင်ဓားဂိုဏ်းရဲ့ အင်အားနဲ့ မင်းကို သေချာပေါက် လက်စားချေလိမ့်မယ်”
ရေဘဝဲဘီလူးကြီး၏ မျက်လုံးများသည် ဖန်းကျန်ကျစ်၏ ဓားတစ်ချောင်းပေါ်တွင် မလှုပ်မယှက် စိုက်ကြည့်နေလေ၏။
ဖန်းကျန်ကျစ် ဆက်ပြောလေသည်။
“မင်း ငါတို့ကို လွှတ်ပေးမယ်ဆိုရင် ငါ မင်းကို ကြီးမားတဲ့ အဖိုးအခ ပြန်ပေးပါ့မယ်။ စွမ်းအင်ကျောက်တုံး ပိဿာ တစ်ထောင်ကျော် ရှိတယ်၊ အဲဒါတွေ အကုန်လုံးက မင်းအကြိုက်ဆုံး အစာတွေချည်းပဲ”
ရေဘဝဲဘီလူးကြီး နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး စိတ်စွမ်းအင်ဖြင့် တိုက်ရိုက် ပြန်လည် ဖြေကြားလိုက်လေသည်။
“ပထမအချက် ၊ ငါ့ပိုင်နက်က ဒီမှာ မဟုတ်ဘူး ၊ ဒီကနေ မိုင်တစ်ရာကျော် ဝေးတယ်။ ဒုတိယအချက် ၊ မင်းတို့ ငါ့ပိုင်နက်ကို ကျူးကျော်ရင်တောင် ငါ မင်းတို့ကို လွှတ်ပေးနိုင်ပါတယ်။ တတိယအချက် ၊ ငါ မင်းတို့ကို ဖျက်ဆီးရတာက မင်းတို့ဟာ ငါ့သခင်ရဲ့ ရန်သူမို့လို့ပဲ”
ဤရေဘဝဲဘီလူးကြီးသည် အလွန် မြင့်မားသော ဉာဏ်ရည်ရှိပြီးသား ဖြစ်သည်။ ဖန်းကျန်ကျစ် တုန်ရီသွားပြီး မေးလိုက်သည်။ “မင်းရဲ့ သခင်က ဘယ်သူလဲ”
ရေဘဝဲဘီလူးကြီး ဖြေ၏။ “ရွှေဧကရာဇ်”
ဖန်းကျန်ကျစ် ရေရွတ်လိုက်သည်။ “ရွှေဧကရာဇ် ဟုတ်လား။ သူ သေသွားပြီလေ။ သူ သေသွားတာ နှစ်ပေါင်း သုံးရာလောက် ရှိပြီ”
ရေဘဝဲဘီလူးကြီး ငြင်းသည်။ “မဟုတ်ဘူး... သူ ပြန်ရောက်လာပြီ။ ဒီဘဝမှာ ရွှေဧကရာဇ်ရဲ့ နာမည်က တုပိုင်းတဲ့”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဖန်းကျန်ကျစ် ချက်ချင်း ဒေါသထွက်သွားလေတော့သည်။ “သောက်ကျိုးနည်း”
ဖန်းကျန်ကျစ် သည်းမခံနိုင်တော့ပေ။ ဤလောကကြီးတွင် အကြောင်းပြချက် ဆိုသည်မှာ ရှိသေးသလော။ ဘာကြောင့်လဲ... ဘာကြောင့်လဲကွ...။ ဤလောကကြီးက ကောင်းတဲ့အရာမှန်သမျှ အဘယ်ကြောင့် တုပိုင်၏ အပိုင် ဖြစ်နေရသည်နည်း။ ဤမျှ စွမ်းအားကြီးသော ရေဘဝဲဘီလူးကြီးကပင် တုပိုင်ကို သခင်အဖြစ် အသိအမှတ်ပြုထားသေး၏။
ဖန်းကျန်ကျစ် အော်ဟစ်လိုက်သည်။ “ရေဘဝဲဘီလူးကြီး... တုပိုင်ကို စွန့်လွှတ်လိုက်ပါ၊ သူ့ရဲ့ စစ်လက်နက်သားရဲ ဖြစ်မနေပါနဲ့တော့ ၊ ငါတို့ မင်းကို ပိုပြီး ပေးနိုင်ပါတယ်”
ရေဘဝဲဘီလူးကြီး ဆိုသည်။ “စိတ်မကောင်းပါဘူး ၊ ငါက သခင်တုပိုင်ရဲ့ စစ်လက်နက်သားရဲ မဟုတ်ပါဘူး၊ ငါက သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်ပါ”
အိမ်မွေးတိရစ္ဆာန်...။ ဖန်းကျန်ကျစ် ပါးစပ်မှ သွေးအန်ထွက်မတတ် ဖြစ်သွားပြီး သူ့ရင်ထဲမှ မနာလိုဝန်တိုစိတ်များ ပေါက်ကွဲလုနီးပါး ဖြစ်သွားရလေသည်။
“သတ်ပစ်... သတ်ပစ်... ရှိသမျှ အင်အားအကုန်သုံးပြီး အဲဒီကောင်ကို သတ်ပစ်ကြစမ်း”
ဖန်းကျန်ကျစ် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် ဓားကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်သည်။ သူသည် ပထမအဆင့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သော်လည်း သူ့ဘေးတွင် ဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် အများအပြား ရှိနေသည်။ ဆရာသခင်အဆင့် ဒါဇင်ကျော် အင်အားကုန်သုံးလိုက်လျှင် ဤရေဘဝဲဘီလူးကြီးကို အနိုင်ယူနိုင်မည်လော။ သူတို့ တွေးနေသည်မှာ လွန်လွန်းသည်ဆိုခြင်းကို သံသယ ဖြစ်ဖွယ် မရှိပေ။
နောက်တစ်စက္ကန့်တွင်ပင် လူဒါဇင်ကျော် အားလုံး တောင့်တင်းသွားကြသည်။ ရေဘဝဲဘီလူးကြီး၏ သေမင်းတမန်လက်နက် ၊ အာရုံကြောအဆိပ် ပင် ဖြစ်သည်။ မဟာဆရာသခင်အဆင့်များပင် မတောင့်ခံနိုင်သည့်အရာကို သာမန် ဆရာသခင်အဆင့်လောက်က ပြောနေစရာပင် မလိုချေ။
ထို့နောက် ရေဘဝဲဘီလူးကြီး၏ လက်တံများမှ ပါးစပ်ပေါက်များ တစ်ဖန် ပွင့်ဟလာပြီး ဖန်းကျန်ကျစ်၏ မျက်စိရှေ့မှောက်တွင်ပင် သူ့လူများကို တစ်ယောက်ပြီးတစ်ယောက် ဝါးမြိုပစ်လိုက်လေသည်။
ဤမြင်ကွင်းသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ သေခြင်းတရားက ကြောက်စရာကောင်းသော်လည်း အရှင်လတ်လတ် စားသောက်ခံရပြီး ပါးစပ်ပေါက်ထဲရှိ မရေမတွက်နိုင်သော သွားများဖြင့် အသားနှစ်ဖြစ်အောင် ဝါးခြေခံရခြင်းသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဆရာသခင် ဒါဇင်ကျော်ကို စားသောက်ပြီးနောက် နောက်ဆုံးတွင် ဖန်းကျန်ကျစ်တစ်ယောက်သာ ကျန်ရစ်တော့သည်။ သူ တောင့်တင်းနေပြီး မလှုပ်ရှားနိုင်တော့သော်လည်း အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုကြောင့် ဆီးထွက်ကျမတတ် ဖြစ်နေရ၏။
ရေဘဝဲဘီလူးကြီး ပြောသည်။
“စိတ်မပူပါနဲ့ ၊ မင်းက သခင်ကြီးရဲ့ ရန်သူပဲ ၊ ပြီးတော့ မင်းက ခေါင်းဆောင်တစ်ယောက် ဖြစ်ပုံရတယ်။ ငါ မင်းကို မသတ်ပါဘူး။ မင်းကို အကောင်းပကတိအတိုင်း သခင်ကြီးဆီ ဆက်သပေးမှာပါ။ ကောင်းပြီလေ... သူက မင်းကို ပြင်းပြင်းထန်ထန် နှိပ်စက်ချင်နေမှာပဲ။ မင်း ခဏလောက်တော့ သေခွင့်ရမှာ မဟုတ်ဘူး။ ငါ သခင်ကြီးကို ပျော်ရွှင်အောင် လုပ်ပေးလိုက်ရင် သူ ငါ့ဆီကို နောက်ထပ် အကြိမ်နည်းနည်းလောက် လာတွေ့ကောင်း လာတွေ့လိမ့်မယ်”
ထို့နောက် သူ့ရဲ့ လက်တံများသည် ဖန်းကျန်ကျစ်ကို ရုတ်တရက် ရစ်ပတ်လိုက်လေတော့သည်။
အရှေ့ဘက် ပြည်ထောင်စု ရေတပ်အမြောက်များ၏ ဗုံးကြဲတိုက်ခိုက်မှု မရှိတော့သဖြင့် တုပိုင်၏ စစ်တပ်နှင့် ဗီဇပြောင်း ဝံပုလွေကြီးများသည် ပင်လယ်ကမ်းစပ်ဘက်ရှိ မြို့ရိုးကို နောက်တစ်ကြိမ် လျင်မြန်စွာ ကာကွယ်နိုင်ခဲ့ကြသည်။ ထို့အပြင် ဤဗီဇပြောင်း ဝံပုလွေကြီးများသည် နောက်ဆုံးတွင် အာရုံမများရတော့ဘဲ သတ်ဖြတ်နိုင်ကြပြီ ဖြစ်သည်။ သူတို့သည် ရူးသွပ်စွာ ကိုက်ဖြတ်သည် ၊ ရူးသွပ်စွာ နင်းချေသည် ၊ ရူးသွပ်စွာ တိုက်ခိုက်ကြသည်။
အချိန်တိုအတွင်းမှာပင် ဂျာချင်စစ်သည်များ အစုလိုက်အပုံလိုက် လဲကျကုန်ကြ၏။ သေဆုံးဒဏ်ရာရသူ အရေအတွက်သည် ဆတိုးကိန်းနီးပါး တိုးပွားလာသည်။
ဂျာချင်အင်ပါယာ၏ မင်းသားတိုမိုဂွန် တောင်ကုန်းထိပ်ပေါ်တွင် ရပ်နေပြီး သူ့မျက်စိရှေ့မှ အရာအားလုံး မည်းမှောင်သွားသလို ခံစားလိုက်ရလေသည်။
အရှေ့ဘက် ပြည်ထောင်စု စစ်သင်္ဘောများ၏ ပေါ်ထွက်လာမှု ၊ အထူးသဖြင့် ကောင်းကင်ကို အံတုနိုင်သော ရေတပ်အမြောက်များသည် တိုမိုဂွန်အတွက် မျှော်လင့်ချက်သစ်များကို ယူဆောင်လာပေးခဲ့သည်။
တာ့ဂျင်အင်ပါယာ၏ စီမံကိန်းတွင် တာ့နင်အင်ပါယာ၏ မြို့တော်နှင့် မြောက်ပိုင်းကို သိမ်းပိုက်ပြီးသည်နှင့် အရှေ့ဘက် ပြည်ထောင်စုသည် ချက်ချင်းပင် ရန်သူ ဖြစ်လာလိမ့်မည်။ သို့သော် အနည်းဆုံးတော့ ယခုအချိန်တွင် မဟာမိတ်တစ်ဝက် ဖြစ်နေသေးပြီး နှစ်ဖက်စလုံးတွင် အပြောင်းအလဲကို ကာကွယ်ရန် ဘုံရန်သူ တစ်ယောက် ရှိနေသည်။ သို့သော် ပင်လယ်ထဲတွင် ကြီးမားသော ရေဘဝဲဘီလူးကြီးတစ်ကောင် ပေါ်လာပြီး စစ်သင်္ဘောကို ဖျက်ဆီးပစ်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် သူ၏ ခြေထောက်များ ယိုင်နဲ့သွားကာ မင်းသားတိုမိုဂွန် မတ်တတ်ပင် မရပ်နိုင်တော့ချေ။ မျက်လုံးများကို မှိတ်ပြီး ခေတ္တမျှ အနားယူလိုက်ပြီးနောက် တိုမိုဂွန် မျက်လုံးဖွင့်ကာ ညည်းတွားလိုက်သည်။
“ငါ ရှုံးသွားပြီ... ငါ ရှုံးသွားပြီ”
ဝမ်ယန်ယင်းတူသည်လည်း စကားမပြောနိုင်တော့ပေ။ လီယွမ်ကမူ ပို၍ပင် အေးစက်နေပြီး ရင်ထဲတွင် မနာလိုဝန်တိုစိတ်များဖြင့် ရူးသွပ်မတတ် ဖြစ်နေရ၏။
“စစ်သည် သုံးသိန်း။ တာ့ဂျင်အင်ပါယာ စစ်တပ်၏ တစ်ဝက်။ ဒီလိုနဲ့ပဲ ရှုံးနိမ့်သွားရပြီလား”
တိုမိုဂွန် အမိန့်ပေးလိုက်သည်။ “ဆုတ်မယ်... ဆုတ်ကြ... ဆုတ်မယ်”
သံချပ်ကာတီးခေါက်ပြီး ဆုတ်ခွာရန် အမိန့်ပေးသံကို မကြားရပေ။ စစ်မြေပြင်တစ်ခုလုံး၌ အလောင်းများသည် တောင်လိုပုံ ၊ သွေးများသည် ပင်လယ်လို ဖြစ်နေပြီး သတ်ဖြတ်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည်။ ဆုတ်ခွာရန် ခရာမှုတ်သံကိုသာ ပေးနိုင်သည်။
ထို့နောက် ဂျာချင် ဆရာသခင် တစ်ထောင်ကျော်သည် တိုမိုဂွန် ၊ ဝမ်ယန်ယင်းတူ ၊ လီယွမ်နှင့် အခြားသူများကို ကာကွယ်လျက် လျင်မြန်စွာ ဆုတ်ခွာသွားကြလေ၏။ မြို့ရိုးအောက်၌ တိုက်ခိုက်နေသော ဂျာချင်စစ်သည်များသည်လည်း အသည်းအသန် စတင် ထွက်ပြေးကြတော့သည်။
မြို့ရိုးအောက်မှ ဂျာချင်စစ်သည်များ ထွက်ပြေး၍ ရနိုင်သေးသည်။ မြို့ရိုးပေါ် ရောက်နေသော စစ်သည်များမှာမူ ပြေးမလွတ်နိုင်တော့ပေ။ သူတို့သည် တုပိုင်၏ စစ်တပ်နှင့် ဗီဇပြောင်း ဝံပုလွေကြီးများ၏ သတ်ဖြတ်ခြင်းကိုသာ ခံရတော့မည် ဖြစ်သည်။ တောင်ပြိုသကဲ့သို့ ရှုံးနိမ့်ခြင်းပင်။
ဂျာချင်စစ်သည်များ ၊ လက်နက်ချခဲ့သော ဟန်စစ်သည်များသည် အသည်းအသန် ထွက်ပြေးကြလေ၏။ ရုတ်ခြည်းပင် ရှန်ဟိုင်ကွမ် မြောက်ဘက်ရှိ တောင်တန်းများနှင့် လွင်ပြင်များသည် ဂျာချင်စစ်သည်များဖြင့် ပြည့်နှက်သွားလေ၏။
တုပိုင်သည် တိုမိုဂွန်နှင့် အခြားသူများကို လိုက်လံ မသတ်ဖြတ်ချင်၍ မဟုတ်ဘဲ သူ၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် ဖြစ်သည်။ ဗီဇပြောင်း ဝံပုလွေကြီးများသည် တိုက်ခိုက်စွမ်းရည် မြင့်မားသော်လည်း တိုမိုဂွန်နှင့် ဝမ်ယန်ယင်းတူကဲ့သို့သော ထိပ်တန်းဆရာသခင်များ ရှေ့တွင်မူ လုံလောက်မှု မရှိသေးပေ။
တစ်နာရီကြာပြီးနောက်တွင် နေဝင်သွား၏။ စစ်ပွဲ ပြီးဆုံးသွားလေပြီ။ ရှန်ဟိုင်ကွမ် စစ်မြေပြင်တစ်ခုလုံး အလောင်းများဖြင့် ပြည့်နှက်နေ၏။ အလောင်းတောင် ၊ သွေးပင်လယ်ကြီးပင် ဖြစ်တော့သည်။ မည်သည့်နေရာတွင်မျှ အသက်ရှင်နေသော ဂျာချင်စစ်သည် တစ်ယောက်မျှ မရှိတော့ချေ။
ဤတိုက်ပွဲတွင် ဂျာချင်စစ်သည် သုံးသိန်းအနက် အသေအပျောက် မည်မျှ ရှိသနည်း။ ခန့်မှန်း၍ မရနိုင်သော်လည်း သေချာပေါက် ထက်ဝက်ကျော်ပေလိမ့်မည်။ အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားသော ဂျာချင်စစ်သည်မှာ အများဆုံး တစ်သိန်းခန့်သာ ရှိလေ၏။
တုပိုင် စစ်တပ် အသေအပျောက်စာရင်းကိုလည်း လျင်မြန်စွာ ရေတွက်လိုက်သည်။ စုစုပေါင်း စစ်သည် လေးသောင်းတစ်ထောင် အနက် လေးထောင် ကျဆုံး၊ သုံးထောင် ဒဏ်ရာပြင်းထန်ရရှိပြီး တစ်သောင်းကျော် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ဗီဇပြောင်း ဝံပုလွေတပ်ဖွဲ့ ငါးထောင် အနက် လေးရာကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
ဤအသေအပျောက်စာရင်းသည် တုပိုင်ကို နှလုံးကွဲကြေမတတ် ဖြစ်စေသည်။ အထူးသဖြင့် ဤဗီဇပြောင်း ဝံပုလွေကြီးများသည် တစ်ကောင် သေဆုံးလျှင် တစ်ကောင် လျော့နည်းသွားမည်သာ ဖြစ်သည်။ တိုက်ပွဲတွင် သေဆုံးသွားသော ဗီဇပြောင်း ဝံပုလွေကြီး လေးရာ အနက် ထက်ဝက်သည် အရှေ့ဘက် ပြည်ထောင်စု၏ လက်ပစ်ဗုံးများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
တုပိုင်၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ရေဘဝဲဘီလူးကြီးသည် ပျက်စီးနေသော အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောသစ်ကြီးကို ကမ်းစပ်သို့ တိုက်ရိုက် တွန်းပို့ပေးလိုက်၏။
တုပိုင်သည် စစ်သင်္ဘောပေါ်ရှိ အမြောက်များ အားလုံးကို ဖြုတ်ယူရန်နှင့် အမြောက်ကျည်ဆန်များနှင့် ယမ်းမှုန့်များ အားလုံးကို ဖယ်ရှားရန် အမိန့်ပေးလိုက်သည်။ ဤစစ်သင်္ဘောမှာမူ ရေဘဝဲဘီလူးကြီး၏ ဖျက်ဆီးမှုကြောင့် ပြန်လည် ပြင်ဆင်၍ မရအောင် ပျက်စီးသွားပြီဖြစ်ပြီး တုပိုင်တွင်လည်း မြောက်ဘက်၌ သင်္ဘောကျင်း မရှိပေ။
ရေဘဝဲဘီလူးကြီး သူ့ရဲ့ လက်တံများကို ဖြေလျှော့လိုက်ပြီး ဖန်းကျန်ကျစ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
“အရှင်မင်းသား ဖန်းကျန်ကျစ်ပါလား” တုပိုင် ခဏလောက် ကြည့်ပြီးမှ မှတ်မိသွားသည်။
ဖန်းကျန်ကျစ် ဒေါသထွက်လွန်း၍ ရူးသွပ်မတတ် ဖြစ်သွားရ၏။ “မင်း ငါ့ကိုတောင် မမှတ်မိတော့ဘူးလား။”
တုပိုင်ကို အပြစ်တင်၍ မရပေ။ သူသည် ဖန်းကျန်ကျစ်ကို တစ်ကြိမ်သာ မြင်ဖူးပြီး တုပိုင်၏ စိတ်ထဲတွင် သူသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။
ဖန်းကျန်ကျစ် အော်ပြောလိုက်သည်။ “တုပိုင်... ငါ့ကို ချက်ချင်း လွှတ်ပေး။ ဒါမှမဟုတ်ရင် မင်း အရှေ့ဘက် ပြည်ထောင်စုရဲ့ လက်စားချေမှုကို ခံနိုင်မှာ မဟုတ်ဘူး”
တုပိုင် သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။ “ဒါက အရှေ့ဘက် ပြည်ထောင်စုရဲ့ နောက်ဆုံးပေါ် စစ်သင်္ဘော ၊ နောက်ဆုံးပေါ် အမြောက်တွေလား”
ဖန်းကျန်ကျစ် နှုတ်ဆိတ်နေလိုက်သည်။
ဤစစ်သင်္ဘောသစ်ကို ရေချပြီး မကြာမီမှာပင် ရှန်ဟိုင်ကွမ်ကို ဗုံးကြဲရန် စေလွှတ်ခဲ့ပြီး တုပိုင်ကိုလည်း ကြီးမားသော ဒုက္ခနှင့် အသေအပျောက်များ ဖြစ်စေခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ရေဘဝဲဘီလူးကြီး ရှိနေသောကြောင့်သာမဟုတ်ပါက နောက်ဆက်တွဲအကျိုးဆက်များကို တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။ သို့သော် အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောသစ်သည် ရေချပြီး မကြာမီမှာပင် တုပိုင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ သခင်လေးသာ ထိုအကြောင်းကို သိသွားလျှင် မည်သို့ ခံစားရမည်ကို မသိနိုင်ပေ။
ဖန်းကျန်ကျစ် ထပ်ပြောလိုက်သည်။ “တုပိုင်... ငါ့ကို ချက်ချင်း လွှတ်ပေး။ မင်းမှာ ဘယ်လို အခြေအနေမျိုးပဲ ရှိရှိ ပြောလို့ ရတယ်။ ငါ ထပ်ပြောလိုက်မယ်။ ငါ့ရဲ့ အရှေ့ဘက် ပြည်ထောင်စု လက်စားချေတာကို မင်း ခံနိုင်မှာ မဟုတ်ဘူး”
တုပိုင် ပြုံးလိုက်သည်။ “ဟုတ်လား”
ထို့နောက် သူသည် ဓားကို ဆွဲထုတ်လိုက်ပြီး ဖန်းကျန်ကျစ်၏ ပေါင်ကြားသို့ ကြမ်းတမ်းစွာ ထိုးစိုက်လိုက်လေသည်။ ရုတ်တရက် ဖန်းကျန်ကျစ်သည် အောက်ပိုင်းတွင် အေးခဲသွားသလို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်သောအခါ အောက်ပိုင်းတွင် ဟာလာဟင်းလင်း ဖြစ်နေပြီး သွေးများ ရူးသွပ်စွာ ပန်းထွက်နေသည်ကို တွေ့လိုက်ရလေသည်။
“အား... အား” ဖန်းမိသားစု၏ ကောင်းကင်ဘုံသားတော် ရုတ်တရက် အလွန် သနားစဖွယ်ကောင်းသော ဟစ်အော်သံကြီးကို ထုတ်ဖော်လိုက်သည်။
“တုပိုင်... မင်း လုပ်ရဲတယ်... မင်း လုပ်ရဲတယ်” ဖန်းကျန်ကျစ် မေ့လဲလုနီးပါး ဖြစ်သွားရသည်။ ယခင်က သူသည် တုပိုင်ကို သင်းကွပ်ထားသော ခွေးကောင်ဟု ဆဲဆိုခဲ့သော်လည်း ယခုအခါ သူသည် စစ်မှန်သော သင်းကွပ်ခံ ခွေးတစ်ကောင် ဖြစ်သွားလေပြီ။
ဖန်းကျန်ကျစ် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
“တုပိုင်... မင်း စောင့်နေလိုက် ၊ ငါတို့ အရှေ့ဘက် ပြည်ထောင်စုက လက်စားချေလိမ့်မယ် ၊ ငါတို့ လက်စားချေလိမ့်မယ်။ မင်းလို တွင်းအောင်းဖားကောင်က ငါတို့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ ရှိတာ ၊ မကြာခင်မှာ ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ဖျက်ဆီးမယ့် စွမ်းအားဆိုတာ ဘာလဲဆိုတာ မင်း သိရလိမ့်မယ်။ ငါတို့ မင်းတို့အားလုံးကို သတ်ပစ်မယ် ၊ မင်းတို့အားလုံးကို သတ်ပစ်မယ်”
တုပိုင် ပြန်ပြောသည်။ “ကောင်းပြီလေ ၊ ပြီးတော့ ငါလည်း မင်းရဲ့အဖေ ဖန်းကျိုးနဲ့ တုဟွေးဆီကို သတင်းပါးလိုက်မယ်။ မကြာခင်မှာ ငါ့စစ်တပ်ကို ဦးဆောင်ပြီး နန်ကျင်းကို ဝင်လာခဲ့မယ် ၊ သူတို့လည်ပင်းကို ဆေးကြောပြီး ငါ လာခုတ်မှာကို စောင့်နေကြလို့ ပြောလိုက်”
ဖန်းကျန်ကျစ် ရယ်မောကာ ဆိုသည်။ “ဟားဟားဟား... စောက်ကြီး စောက်ကျယ်နဲ့။ အရှေ့ဘက် ပြည်ထောင်စုရဲ့ အင်အားအကြောင်း မင်း ဘာမှ မသိပါဘူး။ မင်းက တွင်းအောင်းဖားကောင် သက်သက်ပါပဲ”
တုပိုင် သတိပေးလိုက်သည်။
“မှတ်ထား ၊ မင်း နန်ကျင်းကို ပြန်ရောက်ရင် ငါ့အတွက် သတင်းစကားပါးဖို့ မမေ့နဲ့ဦး”
ဖန်းကျန်ကျစ် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူ အသက်ရှင်ကျန်ရစ်ခဲ့ပြီဟု ခံစားလိုက်ရသည်။ သင်းကွပ်ခံရခြင်းက သေခြင်းထက် အနည်းငယ် ပိုဆိုးသော်လည်း သေခြင်းထက် စာလျှင် အသက်ရှင်ခြင်းက ပိုကောင်းသေးသည်ဟု ယူဆရပြီး တုပိုင် သူ့ကို မသတ်ရဲကြောင်း တွေးလိုက်မိသည်။
ဖန်းကျန်ကျစ် လှောင်ပြောင်လိုက်သည်။ “ကောင်းပြီ... ငါ ပြောလိုက်မယ် ၊ တုပိုင် စောင့်နေလိုက် ၊ အရှေ့ဘက် ပြည်ထောင်စုရဲ့ တုန်လှုပ်ဖွယ်ရာ ဒေါသကို စောင့်နေလိုက်”
တုပိုင်သည် ထက်မြက်သော ဓားတစ်လက်ကို သူ့လည်ပင်းပေါ် တင်လိုက်လေသည်။
ဖန်းကျန်ကျစ် အံ့အားသင့်စွာ မေးလိုက်သည်။ “မင်း ငါ့ကို သတင်းစကား ပါးခိုင်းတယ် မဟုတ်ဘူးလား”
တုပိုင် ပြန်ဖြေသည်။ “ဟုတ်တယ် ၊ ငါ မင်းရဲ့ ခေါင်းနဲ့ မင်းကို သင်းကွပ်ထားတဲ့ အစိတ်အပိုင်းကို နန်ကျင်းကို ပို့ပြီး မင်းအဖေဆီ ပေးလိုက်ချင်လို့လေ”
ဖန်းကျန်ကျစ် ထိတ်လန့်တကြား မေးသည်။ “ငါ့ခေါင်းကို ဖြတ်လိုက်ရင် ငါက မင်းအတွက် ဘယ်လိုလုပ် သတင်းစကား ပါးနိုင်တော့မှာလဲ”
တုပိုင် အေးစက်စွာ ပြောလိုက်သည်။ “အဲဒါ မင်း ကိစ္စလေ”
ထို့နောက် သူ့လက်ထဲရှိ ထက်မြက်သော ဓားဖြင့် အနည်းငယ် အားစိုက်လိုက်ရာ ဖန်းကျန်ကျစ်၏ ခေါင်း ပြတ်ကျသွားလေတော့၏။
“တုပိုင်... ငါ့ကို မသတ်နဲ့...” ဖန်းကျန်ကျစ် ထိုစကားများကို ပြော၍ပင် မဆုံးသေးခင် တိုက်ရိုက် အသတ်ခံလိုက်ရသည်။
တုပိုင် အမိန့်ပေးလိုက်၏။ “ဟိုသေတ္တာ ယူခဲ့စမ်း”
မကြာမီ သေတ္တာတစ်လုံး သူ့ရှေ့သို့ ရောက်လာ၏။ တုပိုင်သည် ဖန်းကျန်ကျစ်၏ ခေါင်းနှင့် ပြိုင်ဘက်၏ သင်းကွပ်ထားသော အစိတ်အပိုင်းကို သေတ္တာထဲသို့ ထည့်လိုက်လေသည်။
တုပိုင် ညွှန်ကြားလိုက်သည်။ “ထုံးနဲ့ စိမ်ထားလိုက်။ တောင်ဘက်ပိုင်းက နည်းနည်း ပူလာပြီဆိုတော့ မပုပ်သွားစေနဲ့။ နန်ကျင်းကို ပို့ပြီး ဖန်းကျိုးဆီ ပေးနိုင်မယ့် နည်းလမ်းကို ငါ ရှာချင်တယ်”
**--**--**--**--**--**--**--**
တာ့နင်အင်ပါယာ၏ မြို့တော်၌ ဧကရာဇ်ယုံတယ်သည် မင်းသားသုံးပါးကို နှုတ်ဆက်တော့မည် ဖြစ်သည်။
ဧကရာဇ် မိန့်တော်မူသည်။ “နင်ဇောင်ဝူ... ငါကိုယ်တော်ရဲ့ မင်းသားသုံးပါးကို မောင်မင်းလက်ထဲ အပ်လိုက်မယ် ၊ သူတို့ကို အနောက်တောင်ဘက်ဆီ ခေါ်သွားပေးပါ”
မဟာဆရာသခင် နင်ဇောင်ဝူ လျှောက်တင်သည်။ “အရှင်မင်းကြီး၊ ရှန်ဟိုင်ကွမ် မကျသေးပါဘူး။ မဟာနယ်စားမင်းတုပိုင်က သူ နိုင်မှာပါလို့ ပြောခဲ့ပါတယ်”
ဧကရာဇ်ယုံတယ် သက်ပြင်းချကာ မိန့်သည်။ “မဟာဆရာသခင် ၊ ဂျာချင်အင်ပါယာမှာ မဟာနယ်စားမင်းတုပိုင်ထက် ဆယ်ဆနီးပါးသာတဲ့ အင်အား ရှိပြီး အမြောက် နှစ်ရာ လောက် ရှိတယ်။ အကြောက်စရာ အကောင်းဆုံးက အရှေ့ဘက် ပြည်ထောင်စုက ကူညီဖို့ စစ်တပ် စေလွှတ်လိုက်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ နိုင်မှာ မဟုတ်ဘူး”
နင်ဇောင်ဝူ ပြန်လည် ချေပချင်သော်လည်း ပြောစရာ စကားလုံး ရှာမတွေ့တော့ပေ။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် တုပိုင်အတွက် ရှန်ဟိုင်ကွမ်တိုက်ပွဲသည် ဘယ်လိုမှ နိုင်နိုင်ခြေ မရှိတော့ပေ။
ဧကရာဇ်ယုံတယ် ဆက်လက် မိန့်ကြားသည်။ “ရှန်ဟိုင်ကွမ် ကျသွားတာနဲ့ ထွက်သွားဖို့ အရမ်း နောက်ကျသွားလိမ့်မယ်။ ငါက ဘုရင်တစ်ပါးအနေနဲ့ သေဆုံးနိုင်ပေမဲ့ တာ့နင်အင်ပါယာမှာ ဆက်ခံသူ မရှိလို့ မဖြစ်ဘူး ၊ အမြစ်ပြတ်သွားလို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး မင်းသားသုံးပါးကို အနောက်တောင်ဘက်ဆီ သေချာပေါက် ပို့ပေးပါ”
မဟာဆရာသခင် နင်ဇောင်ဝူ ဦးညွတ်လိုက်ပြီး ကတိပြုသည်။ “အမိန့်တော်အတိုင်းပါ... ဘုရား”
**--**--**--**--**--**--**--**
ထိုအချိန်တွင် မြို့တော်သည် လုံးဝ ရှုပ်ထွေးနေတော့၏။ မြို့တော်တွင် ကျန်ရှိနေသော ဖန်းအုပ်စု၏ သူလျှိုများကလည်း ကောလာဟလများကို ရူးသွပ်စွာ ဖြန့်ဝေနေကြလေသည်။
“ရှန်ဟိုင်ကွမ် ကျသွားပြီ”
“တုပိုင် သေသွားပြီ ၊ တိုမိုဂွန်က သူ့ကို လုံးဝ သင်းကွပ်ပစ်လိုက်ပြီး မြင်းငါးကောင်နဲ့ ကိုယ်တစ်ပိုင်းစီ ဆွဲဖြဲသတ်ပစ်လိုက်ပြီ”
တစ်ချိန်တည်းတွင် တုပိုင်အပေါ် မျှော်လင့်ချက် ထားရှိနေသူများစွာလည်း ရှိနေသေးသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၈၉ + ၆၉၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 18813