← Chapters

တောသားမြို့တက်

Vol. 44 Ch. 431

တောသားမြို့တက်

Vol. 44 Ch. 431

ရှန်းယီနှင့် အခြားသုံးဦးသည် နန်ယန်ရုပ်ကြွ၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့ အစီအရင်အလင်းကန့်လန့်ကာထဲမှ ထွက်လာသည်နှင့် သူတို့ရှေ့တွင် ဆိုင်းငံ့ထားသော ရတနာဝေဟင်သင်္ဘောကြီးတစ်စင်းကို တွေ့လိုက်ရသည်။ ၎င်းသည် ပေ ၁၀၀ ခန့် ရှည်လျားပြီး တစ်ကိုယ်လုံး နက်မှောင်ပြောင်လက်နေကာ ကြည်လင်သောလမင်းပုံရိပ်များဖြင့် တန်ဆာဆင်ထားသည်။

"နန်ယန်ဂိုဏ်းချုပ်၊ ကျွန်မက ချင်းယွဲ့ဂိုဏ်းရဲ့ အခြွေအရံတစ်ယောက်ပါ။ အကြီးကဲတစ်ယောက်ရဲ့စေခိုင်းချက်အရ ဂိုဏ်းချုပ်ကိုလာရောက်ကြိုဆိုတာပါ"

ဝေဟင်သင်္ဘောဦးပိုင်းတွင် အပြာရင့်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးတည်းသာ ရှိသည်။ သူမသည် အတော်လေးငယ်ရွယ်ပုံရပြီး ရုပ်ရည်လည်း အတော်လေးချောမောလှပ၏။

"ဒုက္ခပေးမိပြီ"

ရှန်းယီ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ ချင်းယွဲ့ဂိုဏ်းမှ အကြီးကဲသည် သူ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ မရောက်သေး၍ ကိုယ်တိုင်မလာနိုင်မည်ကိုပင် ကြိုတင်တွေးတောပေးထားခြင်း ဖြစ်သည်။

ကမ္ဘာသစ်ထဲကို ခြေစုံပစ်ဝင်ခါစ နန်ယန်ဂိုဏ်းသားတွေအတွက်တော့ ဒါက အတော်လေးကို ဂရုစိုက်ပေးရာ ရောက်လှသည်။

လီချင်းဖုန်းသည် ထိုအမျိုးသမီးကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေသည်။ သူမက ရှန်းယီကို ဂိုဏ်းချုပ်ဟု ခေါ်ဆိုသော်လည်း နှုတ်ဆက်ဂါရဝပြုခြင်းမျိုး မရှိဘဲ၊ လက်တစ်ဖက်ကို ဘေးမှာချကာ ခပ်တန်းတန်းအကြည့်ဖြင့်သာ ငုံ့ကြည့်နေသည်။ သူမ၏ အမူအရာက မောက်မာနေခြင်း မဟုတ်သော်လည်း အေးစက်စက်တော့ နိုင်လှ၏။

သူ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဘာမှမပြောတော့ပေ။

ရှန်းယီ ဦးဆောင်ကာ သူတို့လေးဦး ချင်းယွဲ့ ရတနာသင်္ဘောပေါ်သို့ တက်လှမ်းလိုက်ကြသည်။

"ကြွပါ"

အမျိုးသမီးက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်မှတိမ်တိုက်များနှင့် မြူခိုးများသည် ဝေဝါးသွားတော့သည်။

အမွှေးတိုင် တစ်တိုင်စာ မကုန်ဆုံးမီမှာပင်...

တိမ်တိုက်များပွင့်ထွက်သွားပြီး မြူခိုးများ ကင်းစင်သွားကာ မြင်ကွင်းက ရှင်းလင်းလာ၏။

ရှန်းယီ ဝေဟင်သင်္ဘောပေါ်မှ ငုံ့ကြည့်လိုက်သောအခါ တောင်ထိပ်ပေါ်ရှိစင်မြင့်သည် နန်ယန်ဂိုဏ်းနှင့် ပုံစံတူလှပြီး နန်ယန်ရုပ်ကြွနေရာတွင် ချင်းယွဲ့ရုပ်ကြွအစားထိုးထားခြင်းလောက်သာ ကွာခြားသည်။

ဤအရာကို ကြည့်ခြင်းအားဖြင့် နန်ဟုန်သားတော်ခုနစ်ပါးဆိုသည်မှာ နောက်မှ မဟာမိတ်ဖွဲ့ထားခြင်း မဟုတ်ဘဲ ဂိုဏ်းစတင်တည်ထောင်ကတည်းက တစ်သားတည်း ဖြစ်ခဲ့ပုံရသည်။

"ဒီဘက်က ကြွပါ"

အခြွေအရံအမျိုးသမီးက လက်ဖြင့် လမ်းညွှန်ပြသပြီးနောက် ရုပ်ကြွပေါ်သို့ဆင်းသက်လိုက်ရာ သူမ၏ ပုံရိပ်သည် အလင်းကန့်လန့်ကာထဲသို့ တိုက်ရိုက် ပေါင်းစပ်ဝင်ရောက်သွား၏။

"ဝါး သူတို့ဂိုဏ်းရဲ့မဟာအစီအရင်ကြီးက အမြဲတမ်း ပွင့်နေတာပဲ"

ရွှီချင်းအာ တစ်ယောက် တိုးတိုးလေးမအော်ဘဲ မနေနိုင်တော့ပေ။

လီချင်းဖုန်းလည်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။ "ကြည့်ရတာ နန်ဟုန်သားတော်ခုနစ်ပါးက အပြင်လောကမှာတောင် ထိပ်တန်း အင်အားစုတွေ ဖြစ်ပုံရတယ်။"

တကယ် အင်အားကြီးတဲ့ အဖွဲ့အစည်းတွေပဲ ပြင်ပကျူးကျော်မှုကို မကြောက်ဘဲတံခါးစောင့်တပည့်တောင် မထားဘဲနေနိုင်တာလေ။ ဒါကဘယ်လောက်တောင် ယုံကြည်မှု ရှိသလဲဆိုတာ ပြနေတာပဲ။

"..."

ရှန်းယီကတော့ ဒီလူအူကြောင်ကြောင် နှစ်ယောက်က သူ့ကို ခနဲ့နေသလိုမျိုး ခံစားနေရ၏။

သူ အစောပိုင်းထွက်လာစဉ်က အစီအရင်ကိုပင် သေချာပိတ်ခဲ့သည်လောဟု ပြန်စစ်ဆေးခဲ့သေူသည်။

ယခုလို အပေါ်ယံဟန်ပြနေခြင်း ဘာအဓိပ္ပာယ် ရှိမည်နည်း။

ဘေးကင်းရေးက ပထမဆိုတာ မသိကြဘူးလား။

အနည်းငယ်စိတ်စနောင့်စနင်း ဖြစ်နေသော ဂိုဏ်းချုပ်ရှန်းသည် ရှေ့သို့ တိုးကာ ရုပ်ကြွအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။

ခဏချင်းမှာပင်...

သူတို့လေးဦး ခမ်းနားထည်ဝါသော မုခ်ဦးကြီးတစ်ခု ရှေ့သို့ ရောက်ရှိသွားကြ၏။

အပြာရင့်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် တိတ်ဆိတ်စွာ စောင့်နေသည်။ သူမက ရတနာဝေဟင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသော တပည့်များကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ဒါတွေက အခြေခံချီစုစည်းခြင်း အဆင့် တပည့်တွေပါ၊ အရမ်းငယ်သေးပြီး စည်းကမ်းမသိကြသေးဘူး။ ကျွန်မနောက်ကနေ ဂိုဏ်းအတွင်းဂိုဏ်းစည်း ထဲကို လိုက်ခဲ့ပါ။"

"ငါ့အမြင်တော့ ငါတို့နေရာနဲ့ ဘာမှမထူးပါဘူး" လီချင်းဖုန်းက ထုံရှင်းချွမ်းကို တိုးတိုးလေး ကပ်ပြောလိုက်၏။

"ငါတို့ဆီမှာ ဒီလောက်များတဲ့ အခြေခံအဆင့် တပည့်တွေ မရှိဘူး" ထုံရှင်းချွမ်းက ရှန်းယီနောက်မှလိုက်လာရင်း ရှေ့ကိုပဲ တည့်တည့်ကြည့်နေသော်လည်း ဘေးပတ်ဝန်းကျင်မှ ဖြတ်သန်းသွားလာနေသူများကို သတိထားမိသည်။

ကနဦးအဆင့်မှ ကျောက်စိမ်းအဆင့်အထိ ကျင့်ကြံခြင်းများကွာခြားနေသော်လည်း အားလုံးက ဝတ်စုံတူဝတ်ထားကြပြီး အတူတူသွားလာ ရယ်မောနေကြတာက ခွဲခြားဆက်ဆံမှုကင်းမဲ့နေသလိုပင်။

ဤအရာက နန်ယန်ဂိုဏ်းထဲတွင် မြင်တွေ့ရဖို့ခက်ခဲသည့် မြင်ကွင်းမျိုးဖြစ်၏။

ချင်းယွဲ့ဂိုဏ်း၏ အဆင့်အတန်း သတ်မှတ်ချက်

အတွင်းဂိုဏ်းထဲကို ရောက်သွားတဲ့အခါမှာတော့ မြင်ကွင်းက ပိုပြီး အံ့ဩဖို့ကောင်းလာသည်။

သူတို့ ဝင်ဝင်ချင်းမှာပဲ ထိတ်လန့်စရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်နဲ့ ဆုံပေ၏။

ထို ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက သူတို့ဆရာထက် မနိမ့်သော်လည်း အခြွေအရံအမျိုးသမီးကိုတွေ့လျှင် "အခြွေအရံ လျို" ဟု ဂါရဝပြု နှုတ်ဆက်လိုက်သည်။

အမျိုးသမီး၏မျက်နှာတွင် နွေးထွေးသော အမူအရာလေး ပေါ်လာပြီး "ကျွန်မမှာ အရေးကြီးတဲ့ ကိစ္စရှိလို့၊ ဂျူနီယာညီလေးနဲ့ အကြာကြီး စကားမပြောနိုင်တော့ဘူး" လို့ ပြန်ပြောလိုက်၏။

ထိုကျင့်ကြံသူက ရှန်းယီတို့အုပ်စုကို စူးစမ်းကြည့်သွားသော်လည်း မည်သည့်အရာမှမမေးဘဲ ပျောက်ကွယ်သွားသည်။

အခြွေအရံလျိုက ရှန်းယီဘက် လှည့်ပြီး မိတ်ဆက်ပေးသည်။ "ဒါက နန်ဟုန်သားတော်ခုနစ်ပါးရဲ့ ထုံးစံပဲ။ ဂိုဏ်းချုပ်အနေနဲ့ ဒါကို မှတ်သားထားလို့ ရပါတယ်။ အခြေခံအဆင့် တပည့်တွေက များသောအားဖြင့် အပြင်စည်းမှာ နေကြရပြီး၊ နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ရောက်မှ အတွင်းစည်းကို ဝင်ခွင့်ရှိတာ။"

"တကယ်လို့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း တတိယအလွှာကိုရောက်ပြီဆိုရင် အတွင်းစည်းကနေ ထွက်ခွာခွင့် ရပြီ။"

"ကျွန်မလို ပါရမီအသင့်အတင့် ရှိတဲ့သူတွေကတော့ အခြွေအရံဖြစ်လာကြတယ်။ နောက်ပိုင်းမှာ ဟင်းလင်းပြင်ဆဋ္ဌမအလွှာ ဒါမှမဟုတ် အဲ့ဒီထက် မြင့်အောင်ချိုးဖျက်နိုင်ရင် အပြင်စည်း အကြီးကဲ ရာထူးကို ယှဉ်ပြိုင်ခွင့် ရမယ်။"

"ပါရမီထူးချွန်တဲ့သူတွေကတော့ စီနီယာတွေရဲ့ မျက်စိကျခြင်းခံရရင် တိုက်ရိုက်တပည့်ဖြစ်ခွင့် ရကြတယ်။"

အခြွေအရံလျို ပြောရင်း သူမမျက်နှာမှာ အားကျတဲ့ အရိပ်အယောင်များပေါ်လာ၏။ "သူတို့က ဂိုဏ်းအလုပ်တွေကို ပူစရာမလိုဘဲ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ရတာ။ တကယ်လို့ တစ်နေ့မှာ ဟင်းလင်းပြင် ၁၂ လွှာအထိ ချိုးဖျက်ပြီး ကျောက်စိမ်းဖြူမြို့တော်ကို တက်လှမ်းနိုင်ရင် တာအိုချပ်ပြားကို ဆက်ခံပြီး ဂိုဏ်းအကြီးကဲ ဖြစ်လာကြတာပဲ။"

"ဂိုဏ်းချုပ်နဲ့ ပတ်သက်ရင်တော့..."

သူမ စကားက ခဏရပ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး ရှက်ကိုးရှက်ကန်း ပြုံးပြကာ ထိုအကြောင်းအရာကို ကျော်သွားသည်။

ရှန်းယီကလည်း ထပ်မမေးလောက်အောင် အလိုက်သိပါသည်။

ယခုလိုဂိုဏ်းမျိုးတွင် ဂိုဏ်းချုပ်ဆိုသည်မှာ ရာထူးတစ်ခုထက် တာအို၏ကိုယ်ပွားတစ်ခု ဖြစ်နေကြောင်း ထင်ရှား၏။ တာအိုအား ရရှိထားသောကြောင့် ဂိုဏ်းချုပ်သာဖြစ်နေခြင်းပင်။

သူ၏ယခုအဆင့်နှင့်ဆိုလျှင် အစောပိုင်းက အခြွေအရံကို ဂါရဝပြုသွားသည့် ကျင့်ကြံသူနှင့် အဆင့်တူပင်။

ဟင်းလင်းပြင်အဆင့်ချင်း တူညီသော်လည်း ခွန်အားခြင်းကွာခြားချက်က သူထင်ထားသည်ထက် ပိုကြီးမားနိုင်ပုံရပေ၏။

သူတို့ ဝါးအိမ်လေးတစ်လုံး ရှေ့သို့ ရောက်သွားကြသည်။

အခြွေအရံလျိုက တံခါးဝတွင်ရပ်ပြီး တိုးတိုးလေး ပြောလိုက်၏။ "အဖေ၊ ဂိုဏ်းချုပ်ရှန်း ရောက်ပါပြီ။"

ကျွီ

ဝါးတံခါးက အလိုလို ပွင့်သွားသည်။

"တာဝန်ထမ်းဆောင်နေချိန်မှာ ငါ့ကို အကြီးကဲလို့ ခေါ်စမ်း"

ချင်းယွဲ့ တာအိုချပ်ပြားကနေ ထွက်ပေါ်လာသည့် အသံရှင်က နောက်ဆုံးတော့ လူကိုယ်တိုင်ပေါ်လာပြီဖြစ်၏။

သူက မုတ်ဆိတ်တိုနှင့် တည်ကြည်သော မျက်နှာထားရှိသည့် ခပ်ပိန်ပိန်သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး ချင်းယွဲ့ဝတ်ရုံကို ဝတ်ထားသည်။

ဤဝတ်ရုံမျိုးကို အခြားလူများထံတွင် တွေ့ဖူးသော်လည်း ဤလူကြီးဝတ်ထားသည့်အရာကတော့ တန်ခိုးကြီးဝတ်ရုံထက် သာမန်ဝတ်စုံလိုမျိုး သဘာဝကျလှသည်။

သူက အကြီးကဲဆိုတော့... ကျောက်စိမ်းဖြူ မြို့တော်ကိုတက်လှမ်းထားတဲ့ ကျင့်ကြံသူလား။

"..."

ရှန်းယီသည် သူ့ထံမှ မည်သည့် အားကောင်းသော အရှိန်အဝါကိုမျှ မခံစားရပေ။ သူက သာမန်လူတစ်ယောက်လိုပင် အရှိန်အဝါကို ထိန်းချုပ်ထား၏။

အကြီးကဲလျိုက ရှန်းယီကို ဂါရဝပြုလိုက်ပြီး။

"ဂိုဏ်းချုပ်ရှန်း၊ မကြာသေးခင်က အလုပ်များနေမယ်ဆိုတာ သိလို့စကားအပိုတွေ မပြောတော့ပါဘူး။ ခင်ဗျားကို ဒီကိုဖိတ်ရတဲ့ ရည်ရွယ်ချက်က နန်ယန်ဂိုဏ်းအနေနဲ့ မဟာမိတ်ဂိုဏ်းတွေရဲ့အခြေအနေကို နားလည်ပြီး ကိုးကားနိုင်ဖို့ပါပဲ။"

"ဒါက ကျွန်တော့်ရဲ့အခြေအရံလျိုချန်းယွင်ပါ။ နောက်လအနည်းငယ်မှာ သူမက ဂိုဏ်းချုပ်ကို လိုက်လံလမ်းညွှန်ပေးပါလိမ့်မယ်။ စည်းကမ်းမဖောက်ဖျက်သရွေ့ချင်းယွဲ့ဂိုဏ်းက တတ်နိုင်သမျှ ကူညီပေးပါ့မယ်။"

အခြွေအရံလျိုသည် ရှန်းယီတို့အုပ်စုကို သင်ကြားရေးခန်းမတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

"ဂိုဏ်းရဲ့အမွေအနှစ်အတွက် တာအိုကို သင်ကြားပြသတာထက် အရေးကြီးတာမရှိပါဘူး။ ဒါကြောင့် သင်ကြားရေးခန်းမကို အရင်ခေါ်လာတာ။ ဒါပေမဲ့ ချင်းယွဲ့ဂိုဏ်းရဲ့တာအိုကျင့်စဉ်တွေကို နားထောင်ခွင့်ပေးတာက စည်းကမ်းနဲ့ မညီညွတ်ဘူး။ဂိုဏ်းချုပ်အနေနဲ့ ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့၊ အစီအရင် ဒါမှမဟုတ် လက်နက်ဖန်တီးခြင်း... ဘယ်ဟာကို စိတ်ဝင်စားသလဲ"

ရှန်းယီက ထုံရှင်းချွမ်းနှင့် ရွှီချင်းအာကို ကြည့်ပြီး "အစီအရင်ကိုပဲ ရွေးပါရစေ"ဟု ပြန်ပြောလိုက်၏။

သူတို့ အစီအရင်ခန်းမတစ်ခုထဲ ဝင်သွားကြသည်။ ထိုနေရာတွင် အကြီးကဲယန်ဆိုသူက သင်ကြားပေးနေသည်။

ရှန်းယီတို့က အနောက်ဆုံးတွင်ဝင်ထိုင်ပြီး တိတ်တိတ်လေးနားထောင်ကြသည်။ ရွှီချင်းအာကတော့ မှတ်စုစာအုပ်လေးထုတ်ပြီး အသည်းအသန် လိုက်မှတ်နေလေ၏။

အချိန်အနည်းငယ်ကြာတဲ့အခါမှာတော့...

ဘေးနားရှိ တပည့်များဆီကနေ ရယ်သံသဲ့သဲ့လေးတွေ ထွက်လာသည်။

"တကယ်ကို အသည်းအသန် သင်ယူနေကြတာပဲ"

တစ်ယောက်က ရွှီချင်းအာ၏မှတ်စုစာအုပ်ကို လှမ်းဆွဲကြည့်ပြီး "မင်းက တကယ်ကြီး သင်နေတာလား" လို့ မေးကာ လှောင်ရယ်တော့သည်။

"အဲ..." ရွှီချင်းအာ တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

ရှန်းယီက မှတ်စုစာအုပ်ကို အသာအယာ ပြန်ဆွဲယူပြီး ရွှီချင်းအာ၏ရင်ခွင်ထဲ ထည့်ပေးလိုက်၏။ ထို့နောက် သူမနှင့် နေရာချင်းလဲလိုက်ပြီး "သူတို့ကို ဂရုမစိုက်နဲ့၊ ဆက်နားထောင်" လို့အေးအေးဆေးဆေး ပြောလိုက်သည်။

ထိုတပည့်က ရှန်းယီသည် သူ့ကို လုံးဝအရေးမလုပ်သည်ကိုမြင်လျှင် စိတ်တိုသွားပုံရပေ၏။ "ဟေ့... ငါက မင်းတို့နားမလည်မှာ စိုးလို့ကူညီမလို့ပါ။ အကြီးကဲယန်ကို ဒုက္ခပေးနေမယ့်အစား ငါ့ကို မေးလို့ရတယ်။"

ထုံရှင်းချွမ်းက ထိုလူကိုစိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "မင်းက အကြီးကဲထက် ပိုနားလည်လို့လား၊ အဲ့ဒါဆို ဘာလို့အပေါ်မှာ သွားမသင်တာလဲ"

"မင်း..." ထိုတပည့် မျက်နှာ နီမြန်းသွား၏။ ဂိုဏ်းထဲမှ တစ်ခါမှမထွက်ဖူးသည့် တပည့်လေးက ထုံရှင်းချွမ်း၏ခနဲ့စကားကို မခံနိုင်ဘဲထရပ်လိုက်သည်။

"ငါက အကြီးကဲလောက်မတော်တာ မှန်ပေမယ့် မင်းတို့လို လူအနည်းငယ်ကို သင်ပေးဖို့ကတော့ လုံလောက်တာထက် ပိုပါသေးတယ်။"

ထုံရှင်းချွမ်းက ရှန်းယီကို တစ်ချက်လှမ်းကြည့်လိုက်လေ၏။

ရှန်းယီက တားမည့်ပုံမရှိတာ မြင်လျှင်....

သူက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ "အဲ့ဒါကတော့ သေချာမှာမဟုတ်ဘူး။"

All Chapters