← Chapters

တာအိုနှလုံးသားကို ရိုက်ခွဲရာတွင် ကျွမ်းကျင်သော ဂိုဏ်းချုပ်ရှန်း

Vol. 44 Ch. 433

တာအိုနှလုံးသားကို ရိုက်ခွဲရာတွင် ကျွမ်းကျင်သော ဂိုဏ်းချုပ်ရှန်း

Vol. 44 Ch. 433

"..."

လီချင်းဖုန်းသည် မသိစိတ်၏စေ့ဆော်မှုကြောင့် ထုံရှင်းချွမ်းအနားမှ ခပ်ဝေးဝေးသို့ အနည်းငယ်တိုးလိုက်မိသည်။

ဤလူ၏စကားနာထိုးသည့် ပါရမီနှင့်ဆိုလျှင်၊ သူ့အနားနေမိပါက မကြာခင် အရင်ဆုံးရိုက်သတ်ခံရမည့်ကိန်း ဆိုက်ရောက်ပေလိမ့်မည်။

ထင်သည့်အတိုင်းပင်၊ လူအုပ်ကြားထဲသို့ ပြန်လည်တိုးဝင်ရန်ပြင်နေသော ဖုန်းယန်သည် ထိုစကားကို ကြားလိုက်ရပြီးနောက်၊ နဂိုကမှ နီရဲနေသော မျက်နှာသည် သွေးရောင်လွှမ်းသွားတော့သည်။

သူသည် ခြေလှမ်းကျဲကြီးများဖြင့် စားပွဲဆီသို့ ပြန်လျှောက်လာပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

သူ၏မျက်လုံးများ ပြူးကျယ်နေပြီးအသက်ရှူသံများပြင်းထန်နေသည်။ နောက်ဆုံးတွင် အကူအညီတောင်းခံလိုသောအကြည့်ဖြင့် စီနီယာအစ်ကိုယန်ဘက်သို့လှည့်ကြည့်လိုက်၏။

"ဟူး..."

ယန်ဝမ်ချန့်သည် သူ့ကို လစ်လျူရှုလိုက်ပြီး သူ့ရှေ့ရှိ ကောင်မလေးကိုသာ တိတ်ဆိတ်စွာကြည့်နေ၏။

ရွှီချင်းအာသည် သူမ၏လက်ချောင်းလေးများကို ကစားနေပြီး၊ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်မရှိဘဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

စွမ်းရည်ပြချင်နေတယ်ပေါ့... ယန်ဝမ်ချန့်သည် တိတ်ဆိတ်နေသော အကြီးအကဲယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် အကြည့်ကို ပြန်ရုတ်သိမ်းကာ ပြုံးလျက်ခေါင်းခါလိုက်ပြီး၊ တစ်ဝက်လောက်ခင်းကျင်းထားပြီးဖြစ်သော အစီအရင်ကို လက်ဝှေ့ယမ်းကာ ဖျက်ဆီးပစ်လိုက်၏။

ထိုအစီအရင်သည် သာမန် နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ချုပ်နှောင်ခြင်းအစီအရင်တစ်ခုသာ ဖြစ်သည်။

သူ့လက်ကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။

ယခင်ကထက် ဆယ်ဆမျှပိုမိုရှုပ်ထွေးသော အစီအရင်သင်္ကေတများသည် အစီအရင်ဗန်းပေါ်သို့ တိတ်တဆိတ် ကျရောက်သွားသည်။

၎င်းသည်လည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစီအရင်တစ်ခုဖြစ်ပြီး၊ မဟာအစီအရင်ကြီးတစ်ခု၏အစိတ်အပိုင်းလည်း ဖြစ်သည်။

ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင်မှ ချန်ထားခဲ့သော စမ်းသပ်မှုနှင့် မတူသည်မှာ၊ ယန်ဝမ်ချန့်သည် သူ၏ကိုယ်ပိုင်အတွေ့အကြုံကို အသုံးပြု၍ အစီအရင်သင်္ကေတများကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။

ထုံရှင်းချွမ်း လုပ်ဆောင်ခဲ့သည်ကို အတုယူလျက် ဤအစီအရင်၏ခက်ခဲမှုကို နှစ်ဆ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

"..."

ထုံရှင်းချွမ်းသည် အစီအရင်ဗန်းကို စူးစိုက်ကြည့်နေရင်း မျက်လုံးသူငယ်အိမ်ကျဉ်းမြောင်းသွား၏။ ထို့နောက် နောင်တအနည်းငယ် ရသွားသလို ခံစားလိုက်ရသည်။

စောစောက သူ နည်းနည်းများ လွန်သွားခဲ့သည်လော။

သို့သော် ချင်းယွဲ့ဂိုဏ်းကဲ့သို့သော မဟာအင်အားကြီးတစ်ခုနှင့် ရင်ဆိုင်ရာတွင် သူတတ်ကျွမ်းထားသော ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင် သတ်ဖြတ်ခြင်းအစီအရင်ကိုသာ ထုတ်သုံးနိုင်ခဲ့သည်။

အကယ်၍သာ အခြားအစီအရင်များကို သုံးခဲ့ပါက၊ ဤမဟာမိတ်ဂိုဏ်းမှ ကျင့်ကြံသူများ၏တည်ငြိမ်ခိုင်မာသောစွမ်းအားကို သူ ယှဉ်နိုင်ခဲ့မည် မဟုတ်ပေ။

သီသီလေး ကပ်နိုင်သွားသည်ဟု ပြောခြင်းမှာ စကားနာထိုးခြင်း မဟုတ်ခဲ့ပေ။

သူ အားနာပါးနာဖြင့် အားချင်းကို လှမ်းကြည့်လိုက်သည်။ ကံကောင်းသည်မှာ ကောင်မလေး၏ စိတ်အာရုံတစ်ခုလုံးသည် အစီအရင်ဗန်းပေါ်သို့ ရောက်နေခြင်းပင်။

"ဒါ ဘယ်လို အခြေအနေမျိုးလဲ"

ခန်းမဆောင်အပြင်ဘက်မှ လျိုချန်းယွင်သည် ဆူညံသံများကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ အထဲသို့ လှမ်းကြည့်လိုက်၏။

သူမ နဖူးကို ပွတ်သပ်လိုက်ရင်း ခေါင်းအနည်းငယ် ကိုက်လာသလို ခံစားလိုက်ရသည်။

သူမက အေးအေးဆေးဆေး နေချင်ရုံသာ ဖြစ်သော်လည်း ပြဿနာတက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

သူမသည် ခန်းမဆောင်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး အကြီးအကဲယန်၏ဘေးနားသို့ကပ်ကာ စကားအနည်းငယ် တိုးတိုးလေးပြောလိုက်၏။

သို့သော် ဤတစ်ကြိမ်တွင်...

အကြီးအကဲယန်သည် အကြီးအကဲတစ်ဦး၏သမီးဖြစ်သူ၊ ချောမောလှပသော ဤအခြွေအရံကို လစ်လျူရှုကာမကြားချင်ယောင် ဆောင်နေလိုက်သည်။

သူသည် သူ၏တန်ဖိုးအထားရဆုံး တပည့်ကို ဘယ်တော့မှ စိတ်ဓာတ်ကျအောင် လုပ်မည်မဟုတ်ပေ။

နိုင်ရင်နိုင်တယ်၊ ရှုံးရင်ရှုံးတယ်ပေါ့။အလျှော့ပေးနေလို့ ဘာထူးမှာမို့လဲ။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ ဝင်ရောက်ကာစ ဂိုဏ်းချုပ်ဆိုသူ၏မျက်နှာက သူ့တပည့်ရင်း၏တာအိုနှလုံးသားထက် ပိုအရေးကြီးနေ၍လော။

"ရှင် အပြစ်ပေးခံရဖို့သာ ပြင်ထားလိုက်" လျိုချန်းယွင်သည် သူ့ကို လက်မှိုင်ချကာ စိုက်ကြည့်လိုက်သည်။

"အကြီးအကဲလျိုက စည်းကမ်းကို အလေးထားဆုံးပဲ၊ငါ ဘာမှအမှားလုပ်ထားတယ်လို့ မထင်ပါဘူး"

အကြီးအကဲယန်သည် ခြိမ်းခြောက်မှုများကို လုံးဝ ဂရုမစိုက်ပေ။ ဂိုဏ်းတစ်ခုလုံး အကြီးအကဲလျို၏ စိတ်ထားကို သိကြ၏။

သူ စကားပြောနေစဉ်မှာပင် ယန်ဝမ်ချန့်သည် လက်ကို ရပ်တန့်လိုက်ပြီး အစီအရင်ဗန်းကိုကောင်မလေးရှေ့သို့ တွန်းပို့ပေးလိုက်၏။ "ဖိတ်ခေါ်ပါတယ်"

သူ့မျက်နှာထားနှင့် အပြုအမူသည် စောစောက ထုံရှင်းချွမ်း လုပ်ပြခဲ့သည့်အတိုင်း တစ်ထပ်တည်းပင်။

သူ တမင်လုပ်တာမဟုတ်ဟုဆိုလျှင် မည်သူမှ ယုံမည်မဟုတ်ပေ။

ဖုန်းယန်၏ဝက်သည်းရောင်မျက်နှာသည် အပြုံးပန်း ပြန်လည်ဝေဆာလာ၏။ စီနီယာအစ်ကိုယန်က ယနေ့ သူ့အတွက် ကလဲ့စားချေပေးတော့မည်။

သို့သော် နောက်တစ်ခဏ၌ သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။

ကောင်မလေးသည် လေးနက်စွာခေါင်းညိတ်လိုက်ပြီး၊ စဉ်းစားမနေဘဲ သူမ၏ဝိညာဉ်အာရုံကို အစီအရင်ဗန်းထဲသို့ လောင်းထည့်လိုက်ကာ အစီအရင်ဖြိုခွင်းမည့် ပစ္စည်းအများအပြားကို လျင်မြန်စွာပုံဖော်လိုက်သည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

"..."

ယန်ဝမ်ချန့်စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

နှစ်ယောက်လုံး သူ့ရှေ့တွင် အစီအရင်လာခင်းကြတာချင်းအတူတူ... ဖုန်းယန်ကတော့ မျက်လုံးပြူးကြည့်ဖို့လောက်သာ တတ်နိုင်ခဲ့ပြီး၊ ဤကောင်မလေးကတော့ သူ အစီအရင်ခင်းနေစဉ်ကတည်းက ဘယ်လိုဖြိုခွင်းရမလဲဆိုတာ စဉ်းစားပြီးနေပြီ ဖြစ်သည်။

ကွာခြားချက်က မသေးပါလား။

သို့သော် စဉ်းစားတာက စဉ်းစားတာပင်၊ ဗဟုသုတပင်ဖြစ်စေ၊ အတွေ့အကြုံပင်ဖြစ်စေ၊ အစီအရင် ကျွမ်းကျင်ပိုင်နိုင်မှုပင်ဖြစ်စေ... ဤအရာများကို ဉာဏ်ကောင်းရုံသက်သက်ဖြင့် အစားထိုး၍မရနိုင်ပေ။

ရွှီချင်းအာသည် လျင်မြန်စွာပင် အကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရသည်။

သို့သော် သူမမျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများက ပိုမိုအားကောင်းလာပြီး၊ ရှားပါးသော အရသာထူးတစ်ခုကို တွေ့ရှိထားသကဲ့သို့ ဂရုတစိုက် မြည်းစမ်းနေသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ...

သူမ၏နဖူးပေါ်တွင် ချွေးများ ဖုံးလွှမ်းလာပြီး မျက်နှာလေးသည် တဖြည်းဖြည်းဖြူဖပ်ဖြူရော် ဖြစ်လာ၏။

အခြားဂိုဏ်းသားများသည် ဘာမှနားမလည်ဘဲ ငေးကြည့်နေကြပြီး စီနီယာအစ်ကိုယန်၏ မျက်နှာထားကိုကြည့်ကာ အခြေအနေကို ခန့်မှန်းနေရသည်။

ယန်ဝမ်ချန့်၏မျက်နှာထားသည် အာရုံစိုက်နေပုံရပြီး၊ စားပွဲပေါ်တင်ထားသော လက်ဖဝါးများကို တဖြည်းဖြည်း ဆုပ်ကိုင်လာ၏။

အကြီးအကဲယန်လည်း မတ်တပ်ရပ်ကာ အောက်သို့ဆင်းလာပြီး ရွှီချင်းအာ၏နောက်တွင် ရပ်လျက် မသိစိတ်ဖြင့် မုတ်ဆိတ်မွေးများကိုသပ်နေမိသည်။

နောက်ဆုံးတွင် လက်တစ်ဖက်သည် အားချင်း၏ ပခုံးပေါ်သို့ကျရောက်လာပြီး သူမ၏အစီအရင်ဖြိုခွင်းမှုကို ရပ်တန့်ပစ်လိုက်သည်။

"ဟင်"

ရွှီချင်းအာ ကြောင်တောင်တောင်လေး လှည့်ကြည့်လိုက်၏။

"ဒီလောက်ဆို တော်ပြီ" ရှန်းယီသည် သူမရှေ့မှ အစီအရင်ဗန်းကို တွန်းထုတ်လိုက်၏။

ယန်ဝမ်ချန့် ရုတ်တရက် မော့ကြည့်လိုက်ပြီး စူးစိုက်ကြည့်ရှုသည်။

အကြီးအကဲယန်သည်လည်း မကျေနပ်သည့်ပုံစံဖြင့် ခေါင်းခါလိုက်၏။ သူမ၏အစီအရင်ဖြိုခွင်းသည့် နည်းလမ်းမှာလုံးဝမှန်ကန်သော်လည်း၊ ကံဆိုးသည်မှာ သူမသည် ချီစုစည်းခြင်းအဆင့် သာ ရှိသေးသဖြင့် ဝိညာဉ်အာရုံအင်အားမလုံလောက်ဘဲ ဆက်လက်မတောင့်ခံနိုင်တော့ခြင်း ဖြစ်သည်။

"သြော်... ဟုတ်ကဲ့"

ရွှီချင်းအာသည် ချွေးများကို သုတ်လိုက်ပြီး မတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း၊ ခြေထောက်များ ယိုင်နဲ့သွားပြီး ရှန်းယီ၏ရင်ခွင်ထဲသို့ လဲကျသွား၏။

သူမ အလိုအလျောက် မတ်တပ်ပြန်ရပ်ချင်သော်လည်း တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက်၊ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားသလို ပုံကျသွားတော့သည်။

"ဟန်ဆောင်မနေနဲ့"

ရှန်းယီ မျက်လုံးလှန်ကြည့်လိုက်ပြီး သူမကို တွဲထူကာ ထိုင်ခိုင်းလိုက်သည်။

သူ့လက်ရှိစွမ်းအားနှင့် ကောင်မလေး အားကုန်နေသည်ကို မမြင်ဘဲနေပါ့မလား။ သူ အချိန်ကိုက် ဝင်တားလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမ၏ ဝိညာဉ်အာရုံအမှန်တကယ် ထိခိုက်သွားနိုင်၏။

"အို..."

အာချင်း နှုတ်ခမ်းဆူလိုက်ပြီး လိမ်လိမ်မ္မာမ္မာပင် ဝင်ထိုင်လိုက်သည်။

အခြားဂိုဏ်းသားများမှာမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။

ဘာလို့ ဘယ်သူမှ စကားမပြောကြတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။

ဒါပေမဲ့ အစီအရင်က မပျက်သွားဘူးဆိုတော့ စီနီယာအစ်ကိုယန် နိုင်တာပဲ မဟုတ်လား။

ထုံရှင်းချွမ်းသည် ယန်ဝမ်ချန့်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး၊ အပြုံးကို အောင့်အီးကာတည်ငြိမ်ချင်ယောင်ဆောင်လျက် ပြန်ထိုင်လိုက်သည်။

"..."

ယန်ဝမ်ချန့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။

အစီအရင်ပညာလို လေးနက်တဲ့ ကိစ္စရပ်ကြီးက ဘာလို့များ ကြည်နူးစရာအငွေ့အသက်တွေအဖြစ် ပြောင်းလဲသွားရတာလဲ။

သူ အာချင်းကို ပြန်ကြည့်လိုက်၏။ "နောက်ဆုံးအဆင့်ပဲ ကျန်တော့တာပါ၊ ကျေးဇူးပြုပြီး နည်းနည်းလောက်ထပ်တောင့်ခံကြည့်ပါဦး"

သူ့စကား မဆုံးခင်မှာပင်။

ရှန်းယီက ရုတ်တရက် လှမ်းကြည့်လိုက်၏။

အကြီးအကဲယန်သည် သူ့တပည့်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရင်း အားမလိုအားမရ ဖြစ်သွားသည်။ ကောင်မလေးက ရှောင်ယန်တမင်ထည့်ထားသောအသုံးမဝင်သည့် သင်္ကေတများကို မြင်ပြီးသား ဖြစ်သည်။ နောက်ဆုံးအဆင့်ဆိုသည်မှာ သူမ အမှန်တကယ်ဖြိုခွင်းနိုင်သည်ဟု မဆိုလိုပေ။

သို့သော် သူမဤခြေလှမ်းကို လှမ်းလိုက်သည်နှင့် ကျန်သည့်အရာက အချိန်ကိစ္စပင်။ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာကောင်းကြာနိုင်သော်လည်းရလဒ်ကတော့ သေချာနေပြီးသား ဖြစ်သည်။

ဒီလို ရိုက်ချက်မျိုးက အရမ်းရုတ်တရက်ဆန်လွန်းနေမလား။

"ထားလိုက်ပါတော့၊ ပြန်သွားထိုင်ချေ"

အကြီးအကဲယန်သည် လက်လှမ်းလိုက်ပြီး သူ့ကို ဘေးသို့ဆွဲယူကာ ယန်ဝမ်ချန့်၏ ပခုံးကို ပုတ်လိုက်၏။ "ကျင့်ကြံခြင်းအဆင့်ဆိုတာကလည်း ခွန်အားရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ မင်းရဲ့စိတ်အာရုံကလည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစီအရင်တွေအပေါ် ရောက်နေတော့ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို သေချာမလေ့လာခဲ့မိဘူးလေ။ သီသီလေးသရေကျတယ်လို့ မှတ်ယူလို့ရပါတယ်"

ထိုစကားထွက်လာသည်နှင့် ဆီပူအိုးထဲ ရေစက်ကျသလိုခန်းမဆောင်တစ်ခုလုံး ပွက်လောရိုက်သွား၏။

ဖုန်းယန်သည် အားချင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သီသီလေး သရေကျတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တနည်းအားဖြင့်ပြောရရင် အင်အားချင်းဖိနှိပ်ထားလို့သာ၊တကယ့် အစီအရင်ပညာမှာတော့ ရှုံးနိမ့်သွားတယ်ဆိုတဲ့ သဘောပေါ့။

"ကျွန်တော်..."

ယန်ဝမ်ချန့် မျက်လုံးမှိတ်လိုက်ပြီး ခဏကြာမှ ပြန်ဖွင့်ကာ အားချင်းကို လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် လှည့်စားနေစရာ မလိုပါဘူး။ ဒီယန်ရဲ့ စွမ်းရည်က နိမ့်ပါးပါတယ်"

"ဒါပေမဲ့ ကျွန်တော် အခုလုပ်ခဲ့တာက ကျွန်တော့်ရဲ့ အားသာချက်အစစ်အမှန် မဟုတ်ပါဘူး"

သူ လေသံပြောင်းလိုက်ပြီး ဘေးနားရှိ ရှန်းယီကို ကြည့်လိုက်၏။ "တာအိုမိတ်ဆွေကလည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ပဲဆိုတော့၊ ကျေးဇူးပြုပြီး ပညာပြသပေးပါဦး"

လီချင်းဖုန်း ဘာမှတုံ့ပြန်ချိန် မရလိုက်သော်လည်း ထုံရှင်းချွမ်းနှင့် ရွှီချင်းအာ၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းသွား၏။

ရှန်းယီ၏ အစီအရင်စွမ်းရည်မှာ နာမည်ကြီးလှသည်။ နန်ယန်ဂိုဏ်းအတွင်း၌ ထိပ်တန်းအဆင့် ဖြစ်သော်လည်း သူတို့နှစ်ယောက်လုံး သူ့ကို လူကိုယ်တိုင်အစီအရင်ခင်းတာမျိုး မြင်တွေ့ရခဲသည်။

"..."

ရှန်းယီသည် သူ့ဘေးနားက လူနှစ်ယောက် ဘာကိစ္စ ပျော်မြူးနေကြမှန်း သိပ်နားမလည်ပေ။

သူ့၏အစီအရင်စွမ်းရည်က အတော်လေး ထူးခြားသည်။

သူ ယခင်က မြင်ဖူးထားသည်ဖြစ်ရာ ထမင်းစားရေသောက်သလောက်ပင်။ မမြင်ဖူးဘူးဆိုလျှင်လည်း သိပ်မျှော်လင့်ချက်မရှိလှပေ။

ချင်းယွဲ့ဂိုဏ်းက အစီအရင်ပညာယှဉ်ပြိုင်ကြသည်ဖြစ်ရာ၊ ရွှီမိသားစု သို့မဟုတ် ဝိညာဉ်သန့်စင် ကောင်းကင်ပိုးမျှင်၏ ပညာရပ်တွေများ သူထုတ်သုံးလို့မရနိုင်ပေ။

"တာအိုမိတ်ဆွေ... ကျေးဇူးပြုပြီးသင်ပြပေးပါ"

ယန်ဝမ်ချန့် ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။ သူသည် သူ့ကိုယ်သူ သက်သေပြရန် အစွမ်းကုန် ကြိုးစားချင်နေသည်မှာ ထင်ရှား၏။

ထိုအချိန်တွင် အကြီးအကဲယန်သည် လျိုချန်းယွင်၏ဒေါသတကြီး စိုက်ကြည့်နေမှုကို သည်းခံရင်း သူ့လက်အင်္ကျီလက်ကြားထဲမှ အစီအရင်ပုံစံတစ်ခုကို ဖြည်းညှင်းစွာထုတ်လိုက်သည်။

"ဒါက ဒြပ်စင်ငါးပါးရတနာကြာပန်း မဟာအစီအရင်ပါ။ ရှောင်ယန်လည်း တစ်ခါမှ မလေ့လာဖူးသလို၊ ဂိုဏ်းချုပ်ရှန်းလည်း တစ်ခါမှ မမြင်ဖူးလောက်ပါဘူး။ ဒီအစီအရင်ကို ခေါင်းစဉ်အနေနဲ့ သုံးကြရင် မကောင်းဘူးလား။ ဒါဆိုရင် အမျှတဆုံးဖြစ်မှာပါ"

"ရတနာကြာပန်း အစီအရင်ကို ပုံစံ ၉ မျိုး ခွဲခြားထားပြီး၊ ပုံစံတစ်မျိုးစီမှာ ပုံသဏ္ဌာန်ပေါင်း ၁၀၈ မျိုး ထပ်ကွဲသွားပါတယ်"

"အချိန် ၃ ရက်အတွင်း... ဘယ်သူ ပိုများများ ခင်းကျင်းနိုင်လဲဆိုတာ ကြည့်ပြီး အနိုင်အရှုံး ဆုံးဖြတ်ကြတာပေါ့"

သူသည် ယန်ဝမ်ချန့်ကို သားအရင်းတစ်ယောက်လို သဘောထားကြောင်း သိသာထင်ရှားလှသည်။ အကြီးအကဲလျိုကို စိတ်အနှောင့်အယှက် ပေးရလျှင်ပင် တဖက်လူ၏ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးချင်နေ၏။

ဂိုဏ်း... ချုပ်ရှန်း

ထိုစကားလုံးသုံးလုံး ထွက်လာသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

နန်ယန်ဂိုဏ်းပြန်လည်ထွက်ပေါ်လာသည်ကို သူတို့ အကြမ်းဖျင်းသိထားကြသော်လည်း၊ ထိုအထဲတွင် ဂိုဏ်းချုပ်တစ်ယောက် ပါလာမှန်း မသိခဲ့ကြပေ။

ဖုန်းယန်လည်း ကျောချမ်းသွား၏။

ဤလူငယ်လေးသည် ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိသင့်သော အရှိန်အဝါနှင့် ကျင့်ကြံခြင်းအဆင့် မရှိပုံရသော်လည်း၊ ထိုရာထူးဂုဏ်ပုဒ်တစ်ခုတည်းဖြင့်ပင် သာမန်အတွင်းစည်းဂိုဏ်းသားဖြစ်သော သူ့အား ဖြေရှင်းပစ်ရန် စကားတစ်ခွန်းသာ လိုပေလိမ့်မည်။

"..."

ရှန်းယီသည် သူ့ပတ်ဝန်းကျင်မှ ရှုပ်ထွေးသော အကြည့်များကို ခံစားလိုက်ရသည်။

သူသည် အကြီးအကဲယန်လက်ထဲမှ အစီအရင်ပုံစံကို ပေါ့ပေါ့ပါးပါးပင်လှမ်းယူလိုက်ပြီး သေချာစစ်ဆေးကြည့်ရှုလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဤအရာကိုမြင်တော့ ယန်ဝမ်ချန့် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူလည်း အစီအရင်ပုံစံ မိတ္တူတစ်ခုကို ယူလိုက်ပြီး၊ မီးတောက်များကဲ့သို့ စူးရှသော မျက်လုံးများဖြင့် အာရုံစိုက်ကာ ပြန်ထိုင်လိုက်၏။

ဤအရာက သူအကျွမ်းကျင်ဆုံး နယ်ပယ်ပင်။

ထုံရှင်းချွမ်းနှင့် ရွှီချင်းအာတို့သည် စူးစမ်းလိုစိတ်ကို ထိန်းချုပ်ကာ ရှန်းယီ၏နောက်တွင် ငြိမ်သက်စွာရပ်နေကြပြီး သူ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်နေကြသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာ၏။

အမွှေးတိုင်တစ်တိုင်စာလောက် ကြာပြီးနောက်၊ ရှန်းယီသည် အစီအရင်ပုံစံကို ပြန်ချထားလိုက်သည်။

ယန်ဝမ်ချန့်၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားသော်လည်း၊ အနှောင့်အယှက်အတွေးများကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး တဖက်လူ၏ လုပ်ရပ်များကို ဂရုမစိုက်ဘဲ နေလိုက်သည်။

အကြီးအကဲယန်သည် ရှန်းယီကို ဇဝေဇဝါ ကြည့်လိုက်သည်။ အခြားဂိုဏ်းသားများလည်း အနည်းငယ် ကြောင်အသွားကြ၏။

သူ ဘာလုပ်မလို့လဲ။ မပြိုင်တော့ဘူးလား။

"ဒီအစီအရင်ပုံစံမှာ ပြဿနာရှိလို့လား" ထုံရှင်းချွမ်းတိုးတိုးလေး မေးလိုက်သည်။

"မရှိလောက်ပါဘူး"

ရှန်းယီလည်း သိပ်မသေချာပေ။ သူ အစီအရင်ဗန်းကို ယူလိုက်၏။ သူ့လှုပ်ရှားမှုများက ထုံရှင်းချွမ်း သို့မဟုတ် ယန်ဝမ်ချန့်တို့လောက် မသွက်လက်လှပေ။

မလျင်မမြန်၊ စေ့စပ်သေချာစွာဖြင့်။

သူ့လှုပ်ရှားမှုများသည် တိကျသေချာလွန်းလှပြီး ထောင်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ပင်။

ရှန်းယီ ပထမဆုံး စတင်ရေးဆွဲလိုက်သည့်အချိန်တွင် အကြီးအကဲယန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

၎င်းလက်ရာမှ ထွက်ပေါ်လာသော အစီအရင်ပုံစံ၏ ရှုပ်ထွေးနက်နဲမှုကို သူ့ထက် မည်သူမှပိုမသိနိုင်ပေ။

ရှောင်ယန်ကဲ့သို့ ပါရမီရှင်မျိုးပင် ဤအစီအရင်ကို အပြည့်အဝကျွမ်းကျင်ဖို့ အနည်းဆုံး ၁၀ နှစ်လောက် လေ့လာရသည်။ ၃ ရက်အတွင်း ပုံသဏ္ဌာန်တစ်ခုလောက် ပုံဖော်နိုင်ရင်တောင် တော်တော်ဟုတ်နေပြီ ဖြစ်သည်။

တကယ်လို့ မပြိုင်ချင်ဘူးဆိုရင်လည်း အစီအရင်ပုံစံကိုမယူဘဲ နေလိုက်လို့ရသားပဲ။

အခုတော့ စတင်နေပြီဖြစ်ရာ ဒီလိုလုပ်ရပ်မျိုးက တကယ်ကို မလေးမစား လုပ်ရာရောက်သည်။

သို့သော် မျက်တောင်အနည်းငယ် ခတ်သည့်အချိန်လေးအတွင်းမှာပင်...

အကြီးအကဲယန်၏မျက်နှာထား အေးခဲသွားရ၏။ အဘယ်ကြောင့်ဆိုသော် ရှန်းယီ၏ ဝိညာဉ်အာရုံ လောင်းထည့်လိုက်သည်နှင့် ပထမဆုံး ကြာပွင့်ဖတ်လေးသည်အစီအရင်ဗန်းပေါ်တွင် တိတ်တဆိတ် ပေါ်ထွက်လာသောကြောင့်ပင်။

"..."

အချိန်ဘယ်လောက် ကုန်ဆုံးသွားမှန်း မသိပေ။

ရှန်းယီသည် အစီအရင်ဗန်းကို ချလိုက်ပြီး မတ်တပ်ပြန်ရပ်ကာ အကြီးအကဲယန်အား တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့။ အကြီးအကဲရဲ့ စာသင်ချိန်ကို ဆက်မနှောင့်ယှက်တော့ပါဘူး"

သင်ကြားမှုကိုနားထောင်တာက ကိစ္စမရှိပေမဲ့၊ သူတို့အုပ်စုက တဖက်လူ၏သင်ကြားရေးခန်းမဆောင်ကို ယခုလိုအခြေအနေမျိုးဖြစ်အောင် လုပ်လိုက်မိတာက တကယ်မလိုအပ်ပေ။

"သွားခွင့်ပြုပါဦး"

ရှန်းယီ ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ လက်အင်္ကျီစများကို တမင်တကာသပ်ရပ်အောင် ပြုလုပ်မနေတော့ဘဲ လူအုပ်ကြီးကို ဖြတ်သန်းကာ ခန်းမဆောင်အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

လီချင်းဖုန်း ခဏတာ ကြောင်သွားပြီးနောက် အမြန်လိုက်သွား၏။

ရွှီချင်းအာသည် မသိစိတ်ဖြင့် လိုက်သွားချင်သော်လည်း၊ သူမ၏အကြည့်သည် အစီအရင်ဗန်းပေါ်သို့ မတော်တဆ ရောက်ရှိသွားသည်။

ထူထပ်သိပ်သည်းသော အစီအရင်သင်္ကေတများသည် တစ်ခုပေါ်တစ်ခု ထပ်ဆင့်လျက်၊ လေးထောင့်ပုံစံသဲအိုးပေါ်တွင် ခမ်းနားထည်ဝါသောရတနာကြာပန်းကြီးတစ်ပွင့်အဖြစ် ပွင့်လန်းနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

၎င်းသည် ရင်သပ်ရှုမောဖွယ် လှပနေသော်လည်း၊ ကြွယ်ဝပြီး ကျယ်ပြန့်သောအရှိန်အဝါများ ပါဝင်နေ၏။

သူမ ကြောင်ငေးရင်း ပါးစပ်အဟောင်းသားဖြစ်သွားကာ အသက်ရှူသံများ မြန်ဆန်လာသည်။

ထုံရှင်းချွမ်း၏ မျက်ခွံများ ထိန်းမရသိမ်းမရ လှုပ်ခတ်နေသည်။ နှစ်ပေါင်းများစွာ ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင်ကို ထိန်းချုပ်လာခဲ့သည့် သူ၏ တည်ငြိမ်သော လက်များသည် ယခုအခါ ပြင်းထန်စွာ တုန်ယင်နေသည်။

သူ၏နှစ်ပေါင်းများစွာ နားလည်ထားမှုများသည် ရုတ်တရက် အလျင်အမြန် ပြိုလဲပျက်စီးသွားသည်။

သူ မိုးကြိုးပစ်ခံလိုက်ရသလို နေရာမှာတင် တောင့်ခဲသွား၏။

အကြီးအကဲယန်သည် အစီအရင်ဗန်းကို ကောက်ယူလိုက်ပြီး ခန်းမဆောင်အပြင်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ရာ၊ ထိုလူငယ်လေးသည် အဝေးသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ အလျင်အမြန်ပင် တဖက်လူကို လှမ်းခေါ်ချင်စိတ် ဖြစ်ပေါ်လာ၏။ "ရှန်း..."

သို့သော် လူငယ်လေး၏ အဆင့်အတန်းကို ရုတ်တရက်သတိရလိုက်ပြီး၊ သူ ပေါ့ပေါ့တန်တန် လှမ်းခေါ်၍ရသော သူတစ်ယောက်မဟုတ်မှန်း သိလိုက်ရသည်။

အကြီးအကဲ၏ အပြုအမူများသည် အခြားဂိုဏ်းသားများကို တစ်စုံတစ်ခု ကြေညာလိုက်သလို ဖြစ်သွားသည်။ သူတို့အားလုံး ခန်းမဆောင်အပြင်ဘက်သို့တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြပြီး မျက်နှာထားများမှာ ထပ်တူနီးပါး တောင့်တင်းသွားကြ၏။

"..."

ခန်းမဆောင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ထိုမျှကြီးမားသော လှုပ်ရှားမှုကြီးက နောက်ဆုံးတွင် ယန်ဝမ်ချန့်ကို သက်ရောက်သွား၏။

သူ အားမလိုအားမရဖြင့် အစီအရင်ပုံစံကို ဖယ်ရှားလိုက်ရာ၊ သူ့ရှေ့ရှိ ရှန်းယီ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ မေးခွန်းမေးရန် ပြင်လိုက်စဉ်မှာပင် သူ၏အကြည့်သည် အကြီးအကဲယန် လက်ထဲရှိ အစီအရင်ဗန်းပေါ်သို့ ကျရောက်သွား၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်။

"ဗြိ..."

ယန်ဝမ်ချန့် လက်ထဲရှိ အစီအရင်ပုံစံသည် ရုတ်တရက် နှစ်ပိုင်းပြဲသွားသည်။ သူ ရုတ်တရက် ထရပ်လိုက်ပြီး ခြေလှမ်းလှမ်းချင်သော်လည်း၊ချက်ချင်း မူးဝေသွားကာ ထိုင်ခုံပေါ်သို့ ပြန်လည်လဲကျသွား၏။

သူ့နှုတ်ဖျားမှ ထိုင်းမှိုင်းသော မေးခွန်းတစ်ခုသာ ထွက်ပေါ်လာတော့သည်။

"သူ အခုလေးတင် ဒါကိုခင်းသွားတာလား... ဒါ ရတနာကြာပန်း မဟာအစီအရင်လား... အကြီးအကဲ... အစီအရင်ပုံစံက ဘယ်ကရလာတာလဲ"

ဆက်တိုက်မေးလိုက်သော မေးခွန်းသုံးခုသည် အခြားဖြစ်နိုင်ခြေ အားလုံးကို ဖုံးလွှမ်းသွား၏။

စောစောက အားချင်း၏ ရှေ့တွင် ရှုံးနိမ့်ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံရဲခဲ့သော ယန်ဝမ်ချန့်သည် ယခုအခါ သူ့ရှေ့မှမြင်ကွင်းကို လုံးဝ လက်မခံနိုင်တော့ဘဲ ဆင်ခြေအမျိုးမျိုးနှင့် အကြောင်းပြချက်များကို အသည်းအသန် ရှာဖွေနေတော့သည်။

"ငါ..."

အကြီးအကဲယန် ပါးစပ်ဟလိုက်သော်လည်း၊ ဤတန်ဖိုးအထားရဆုံး တပည့်ကို ရင်ဆိုင်ရင်း တဖက်လူ၏ယုံကြည်မှုကို မည်သို့ပြန်လည်တည်ဆောက်ပေးရမည်ကို အတော်ကြာအောင် စဉ်းစားမရ ဖြစ်နေသည်။

ရှောင်ယန်ကို ထားလိုက်ပါ... သူကိုယ်တိုင်ပင် ယခုအချိန်၌ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

All Chapters