ယွင်ဆွေအလင်းဓားသိုင်း
Vol. 2 Ch. 195
ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်တွင် ဆန်းလျန် တစ်လတိတိ ကျင့်စဉ်ကျင့်ကြံ နေခဲ့လေသည်။ နတ်ဒေဝါ မြေခွေး၏ ထုန်းထျန်းကျင့်စဉ်မှာ လွယ်မယောင်နှင့် ခက်လေသည်။ ကျင့်ကြံ ရသည်မှာလည်း ရှုပ်ထွေးလွန်းလေသည်။
ဆန်းလျန်မှာ ထုန်းထျန်း ကျင့်စဉ်၏ အန္တရာယ် အများဆုံး အပိုင်းကို လေ့ကျင့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ် အလယ်ရှိ "ယင်" ဝိညာဉ် စွမ်းအားထဲတွင် ပါးကွအင်းချပ် ပုံသဏ္ဌာန် တဖြည်းဖြည်း ပေါ်လာလေသည်။ ကိုယ်တွင်းမှ စွမ်းအားပေါ်ထွက်လာသည့် သင်္ကေတ ဖြစ်လေသည်။ ပါးကွ သင်္ကေတက အလှည့်အပြောင်း တစ်လှည့်စီ ပြောင်းလဲ လှည့်ပတ် နေလေသည်။ စကြဝဠာအနေအထားဖြင့် တန်ခိုးစွမ်းအား ပုံသဏ္ဌာန် ခြောက်ခု အပြန်အလှန် ပြောင်းလဲ သွားပြီးနောက် မမြင်နိုင်သည့် လောက တစ်ခုမှ နက်နဲသည့် စွမ်းအင် တစ်ခု ထွက်ပေါ်လာလေသည်။
ဆန်းလျန်၏ စိတ်အစဉ်တွင် တတိယမျက်လုံး ပေါ်ထွက်လာလေသည်။ တတိယ မျက်လုံးဟုဆိုခြင်းထက် မည်သည့် နေရာက ပေါ်ထွက်လာမှန်း မသိသည့် အမြင်အာရုံ တစ်ခုကို ရရှိလာခြင်း ဖြစ်လေသည်။ ထိုအမြင် အာရုံဖြင့် ထိုက်ဝေ့ထိုင် ခန်းမဆောင် အပြင်ဘက်ရှိ အခြေအနေများကို မြင်တွေ့ နေရလေသည်။
ထိုက်ဝေ့ထိုင် ခန်းမဆောင် အပြင်ဘက်ရှိ မြက်ခင်းလေးပေါ်တွင် လေပြေလေးက ဖြတ်သန်း တိုက်ခတ်နေပြီး ကောင်းကင်ထက်တွင် တိမ်များက မျောလွင့်နေသည်။ ဆန်းလျန်က သူ၏ စိတ်အာရုံကို ကောင်းကင်ထက်သို့ အာရုံစိုက် လိုက်ချိန်တွင် အလင်းတန်း တစ်ခုကို မြင်တွေ့ လိုက်ရသည်။ ထိုအလင်းတန်းမှာ ဟုန်ချန်းယာ ဖြစ်လေသည်။
ဆန်းလျန် ရင်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး သူက ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်မှ အပြင်ဘက်သို့ တန်းထွက် သွားလိုက်လေသည်။
ထုန်းထျန်းကျင့်စဉ်ကို ကျင့်ကြံ ပြီးသည့်နောက် သူက လူများထံမှ သတင်း အချက်အလက်များကို သိမြင်နိုင်ပြီ ဖြစ်လေသည်။ သို့သော် သူ့အတွက် သိပ်ပြီး အရေးမပါ လှပါ။ ချင်းရွှမ်နတ် တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည့် အတွက် ထျန်းတိကျန်းမှ တစ်ဆင့် အရာအားလုံးကို သိမြင်နိုင်လေသည်။ ထျန်းတိကျန်း၏ အစွမ်းများက မယုံကြည်နိုင် လောက်အောင် များပြားလွန်းလှသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများကို အသုံးပြုနိုင်လျှင် ပြုနိုင်သလောက် ထျန်းတိကျန်း၏ တန်ခိုးစွမ်းအားမှာ အတိုင်းအဆ မရှိနိုင်ပေ။
ဟုန်ချန်းယာက အနီရောင် တောက်တောက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်း ဆံထိုးကို သူ၏ ဆံပင်ထက်တွင် ထိုးစိုက်ထားလေသည်။ သူ၏ ပုံစံမှာ မီးနတ်ဘိုးဘိုးဟော်တဲ့ ရှင်းကျွင်းနှင့်ပင် ဆင်တူ နေလေသည်။ သူက ဆန်းလျန်ကို တွေ့သည်နှင့် မောပန်းနွမ်းနယ်သည့် အကြည့်များဖြင့် တစ်ချက်လှမ်း ကြည့်လိုက်သည်။
ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယပ်မှ ဆန်းလျန် မြေပြင်ထက်သို့ ဆင်းသက်လာသည်မှာ အသက်ရှူ သံလေးတစ်ချက်လေးပင် မကြားရအောင် သေသပ်ငြိမ်သက် လွန်းလေသည်။ ဟုန်ချန်းယာမှာ ဆန်းလျန်ကို မချီးကျူးဘဲ မနေနိုင်။ ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် ကိုးဆင့်ဖြင့် အောင်မြင်ထားသည် သာမက သူ၏ ဝိညာဉ်စွမ်အားမှာ မူလ ဝိညာဉ်နီးပါး အစွမ်းထက်မြက် နေပြီ ဖြစ်လေသည်။
အမှန်တော့ သူ့အထင် မှားသွားခြင်း ဖြစ်သည်။ ဆန်းလျန်သည် ပုံမှန်အတိုင်း အသက်ရှူနေပါသည်။ သို့သော် သူကျင့်ကြံထားသည့် ထုန်းထျန်း ကျင့်စဉ်ကြောင့် အသက်ရှူသံ ငြိမ်သက်နေရခြင်း ဖြစ်လေသည်။ သူ၏ တန်ခိုး စွမ်းအားများမှာလည်း အလိုအလျောက် ဖုံးကွယ် ထားပြီးသား ဖြစ်နေလေသည်။
ဆန်းလျန်က ဟုန်ချန်းယာနှင့် ဆယ်ပေ အကွက်တွင် တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ကို အသာ နောက်ပစ်လိုက်ရင်း...
"ဘိုးဘိုးဟုန် ၊ ကျွန်တော့်ကို လာရှာတာလား"
ဟုန်ချန်းယာက ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
ဆန်းလျန်မှာ သူ့ထက်များစွာ အသက်ငယ်ရွယ်သည့်တိုင် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ကိုးခုဖြင့် အောင်မြင်ခဲ့ခြင်းနှင့် တုန်လှုပ် အံ့သြစရာ တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း အပြင် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်လည်း ဖြစ်သည့်အတွက် ယဉ်ကျေးမှု အရ ဂါရဝ ပြုရမည် ဖြစ်လေသည်။
"မင်းက ချင်းရွှမ်ခန်းမဆောင်မှာ မရှိဘူးလေ ၊ ကျင်းချင်းက မင်းထိုက်ဝေ့ထိုင်ကို သွားတယ်ပြောလို့ ၊ ကျုပ်လည်း ဒီကို လိုက်လာတာ”
ဟုန်ချန်းယာက ပြောလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျင့်စဉ်လမ်းက တိုးတက်ပေမယ့် တန်ခိုးစွမ်းအားက မလုံလောက်သေးဘူးလေ ၊ ဒါကြောင့် ဒီမှာ ကျင့်စဉ်တွေ လာရှာတာ ၊ ဘိုးဘိုးဟုန် ပင်ပန်းသွားရပြီ ၊ ဒါနဲ့ ကျွန်တော့်ကို လာရှာတာ ဆိုတော့ သာမန် ကိစ္စမဖြစ်နိုင်ဘူး ၊ ဒီနေရာမှာတော့ ပြောလို့မကောင်းဘူး ၊ ချင်းရွှမ်ခန်းမဆောင်ကိုပဲ ပြန်ကြရအောင်"
ဟု ပြောလိုက်လေသည်။
"ကျင့်စဉ်လမ်းက တိုးတက်ပေမယ့် တန်ခိုးစွမ်းအားက မလုံလောက် သေးဘူးလေ"
ဟု ဆန်းလျန်ပြောလိုက်ခြင်းမှာ တမင်သက်သက် ကြွားဝါ ပြောဆိုခြင်း မဟုတ်ပါ။ သို့သော် ဟုန်ချန်းယာမှာတော့ ထိုစကားကို ကြားသည့်အခါ ငိုရမလို ရယ်ရမလို ဖြစ်သွားလေသည်။ ဟုန်ချန်းယာမှာ တစ်ချိန်လုံး ကျင့်စဉ်လမ်း တိုးတက်အောင် ကျင့်ကြံ နေရပြီး တန်ခိုးစွမ်းအား ဆိုသည်မှာလည်း ကျင့်ကြံနေသည့် ကျင့်စဉ်မှ ရရှိသည့် တန်ခိုး စွမ်းအားသာ ရှိလေသည်။ ထို့ကြောင့် ကျင့်စဉ်လမ်း အဆင့် တက်ရောက်နိုင်မှသာ တန်ခိုး စွမ်းအားလည်း မြင့်မားနိုင်မည်ဟု ခံယူထားလေသည်။
ကျင့်စဉ်လမ်း တစ်ခုတစ်ခါ အဆင့် တက်ရန်ပင်လျှင် ဆယ်နှစ်မက အနှစ်တစ်ရာ ကြာအောင် ကျင့်ကြံနေရသည် ဖြစ်ရကား အချိန်များစွာ ပေးဆပ်ထားရသည် ဖြစ်လေရာ အခြားကျင့်စဉ် ကျင့်ကြံရန်အတွက် အချိန်မရှိလှပေ။ ထို့ကြောင့် ဆန်းလျန်မှာ မည်သည့် တန်ခိုးစွမ်းအား မလုံလောက်သေးသည့် အတွက် မည်သည့် ကျင့်စဉ်ကို ထပ်မံ ကျင့်ကြံ နေရပါသနည်းဟု ဟုန်ချင်းယာ တွေးနေမိလေသည်။
ချန်ကျန့်မေသည် ပင်လျှင် သဏ္ဍန်မဲ့ ဓားပညာ တစ်ခုတည်းကို တစ်စိုက်မတ်မတ် ကျင့်ကြံသည့်တိုင် ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန် အတွက် နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံ နေခဲ့ရလေသည်။ ရုဟွ အဆင့်မှာပင် သူ၏ တန်ခိုး စွမ်းအားမှာ အခြားသော ဟိုင်သန်း အဆင့်ကျင့်ကြံ သူများကို ကောင်းကောင်း အနိုင်ယူ နိုင်လေသည်။
ချန်ကျန့်မေ ဟိုင်သန်းအဆင့် တက်ရောက်သည့် အခါတွင်တော့ သူ၏ ဓားသိုင်းမှာ ပြိုင်ဘက် မရှိတော့ပေ။ ထို့ကြောင့် ကိုယ်လျှောက်လှမ်းသည့် ကျင့်စဉ်လမ်းအပြင် အခြားသော တန်ခိုး စွမ်းအားကို ကျင့်ကြံသည်မှာ ရှားပါး ဖြစ်ရပ်ပင် ဖြစ်လေသည်။
ဆန်းလျန်ကတော့ သူ့ဟာနှင့်သူ အဆင်ပြေနေလေသည်။ သူ၏ သိုင်းစွမ်းရည်မှာ မြင့်မားသည့် အပြင် သူက ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်ကိုလည်း ရရှိထားသေးသည်။ ထို့ပြင် ထိုက်ရွှီးတန်ခိုး စွမ်းအားများကလည်း မြင့်မားလွန်းပြီး ရှိခြင်း မရှိခြင်း ဓားသိုင်းမှာလည်း အစွမ်း ထက်မြက် သည့် ဓားသိုင်းတစ်ခု ဖြစ်လေသည်။
သူကျင့်ကြံ ခဲ့သမျှ ကျင့်စဉ်တိုင်းမှာ သူ့အတွက် အကျိုးအမြတ် ရှိလေသည်။ ထို့ပြင် ကျင့်စဉ်တစ်ခုကို ကျင့်ကြံတိုင်း သူ၏ အရည်အသွေးမှာ မတူညီဘဲ ကွဲပြား သွားရလေသည်။ ယခုဆိုလျှင် ဆန်းလျန်၏ ခေါင်းထဲတွင် ကျင့်စဉ်ပေါင်းများစွာကို သိရှိထားပြီ ဖြစ်လေသည်။ သို့သော် ထိပ်ဆုံးသို့ ရောက်နိုင်သည့် တန်ခိုးစွမ်းအားကို ရရှိခြင်း မရှိသေးပေ။ ထို့ကြောင့် သူက ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ လာကာ လေ့လာမှုများ ပြုလုပ်နေခြင်း ဖြစ်လေသည်။
သူက ပြိုင်ဘက်ရန်သူကို အပြတ်အသတ် အနိုင်ရနိုင်မည့် တန်ခိုး စွမ်းအားမျိုးကို ရှာဖွေနေခြင်း ဖြစ်သော်လည်း မထင်မှတ်စွာ ထုန်းထျန်း ကျင့်စဉ်ကို တွေ့ရှိပြီး လေ့ကျင့်ခဲ့ခြင်း ဖြစ်လေသည်။
ထိုကျင့်စဉ်က လက်ရှိအချိန်တွင် သူနှင့်ပိုပြီး သင့်တော်လေသည်။ သူက ချင်းရွှမ် နတ်တံခါး၏ တာဝန်များကိုလည်း ထမ်းထားရပြီး ကျင့်စဉ်လမ်းအဆင့် တိုးတက်ရန်လည်း ကျင့်ကြံ နေရသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် အန္တရာယ် ကင်းကင်းနှင့် ငြိမ်းငြိမ်းချမ်းချမ် နေထိုင်နိုင်ရန် လိုအပ်လေသည်။
ဆန်းလျန်က အင်္ကျီလက်ကို တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် လေပွေတစ်ချက် တိုက်ခတ်သွားပြီး ထိုလေပွေက သူတို့ နှစ်ယောက်လုံးကို ကျီဖူ တောင်ထိပ်မှ နေပြီး ချင်းရွှမ်ခန်းမ ဆောင်ဆီသို့ လျှင်မြန်စွာ ပို့ဆောင် ပေးလိုက်လေသည်။ ချင်းရွှမ်ခန်းမ ဆောင်မှာ တိတ်ဆိတ်ပြီး အေးစက်နေလေသည်။
ဆန်းလျန်က …
"ဘာများ ဖြစ်လို့လဲ ဘိုးဘိုးဟုန်"
"အရှေ့တောင်ဘက် မိုင်ငါးထောင် အကွာမှာ ခေါင်းကိုးလုံး မင်းကြီး အုပ်ချုပ်တဲ့ ပင်လယ်ထဲက ပိုင်နက်နယ်မြေ တစ်ခုရှိတယ် ၊ အဲဒီ နတ်မိစ္ဆာ ဘုရင်ဟာ ကျင့်စဉ် လမ်းအောင်မြင်ပြီး တန်ခိုး စွမ်းအားလည်း ကြီးမားတယ် ၊ သူက ချင်းရွှမ် နတ်တံခါးနဲ့ သိပ်မဝေးတဲ့ နေရာမှာ နေတာ ဆိုပေမယ့် သူ့ဟာသူ အေးအေး ဆေးဆေးပဲ နေတာပါပဲ ၊ ဒါပေမယ့် အဲဒီ နတ်မိစ္ဆာ ဘုရင်ရဲ့ နတ်မိစ္ဆာ စစ်တပ်တွေနဲ့ နတ်မိစ္ဆာ စစ်သူကြီးက ပင်လယ်တစ်ဝိုက်က ပုံမှန် မဟုတ်တဲ့ ကျင့်ကြံသူတွေနဲ့ ချင်းရွှမ် နတ်တံခါးက အနွယ်တော်တွေကို အကြောင်းမရှိဘဲ ရုတ်တရက် တိုက်ခိုက်လာတယ် ၊ ကျင့်ကြံသူတွေ အများကြီး အသက် ဆုံးရှုံးခဲ့ရတယ်"
ဟုန်ချန်းယာက ဖြစ်ကြောင်း ကုန်စင်ကို ပြောပြ လိုက်လေသည်။
ဆန်းလျန်က တစ်ချက် စဉ်းစားလိုက်ရင်း…
"ချင်းရွှမ်နဲ့ အနီးတစ်ဝိုက် ပင်လယ်နားကို ကာကွယ်ပေးရမှာက ချင်းရွှမ် နတ်တံခါးရဲ့ တာဝန်ပဲ မဟုတ်လား ၊ ဘိုးဘိုးဟုန် တာဝန်ယူထားတဲ့ စန့်ကုန်းထန် အဆောင်မှာ ဒီအကြောင်း ကြေငြာလိုက်ပြီး အဲဒီ နတ်မိစ္ဆာတွေကို နှိမ်နင်းနိုင်မယ့် တပည့်ရှာပြီး လွှတ်လိုက်ပါ ၊ သူတို့လည်း မိစ္ဆာနှိမ်နင်းတဲ့ အတွေ့အကြုံ ရတာပေါ့"
ဟု ပြောလိုက်လေသည်။
"ကျုပ်လည်း ဒီလိုပဲ လုပ်လိုက်ပါတယ် ၊ အဲဒီ ကျွန်းပေါ်မှာ ပုံမှန် မဟုတ်တဲ့ ကျင့်ကြံ သူတွေလည်း ရှိသေးတာဆိုတော့ နတ်မိစ္ဆာတွေကို သုတ်သင်ဖို့ ကျင့်ကြံသူ နှစ်ယောက်ကို လွှတ်လိုက်ပါတယ် ၊ အဲဒီ ကျင့်ကြံသူ နှစ်ယောက်က ခြေထောက်တွေ လက်တွေ အဖြတ်ခံရပြီး ပြန်ရောက်လာကြတယ်"
ဆန်းလျန်၏ မျက်နှာမှာ တင်းမာ ခက်ထန်သွားလေသည်။
"ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ကျွန်တော်တို့ကို ရန်စနေပြီနဲ့ တူတယ်"
ဟု ဆန်းလျန်က ပြောလိုက်လေသည်။
ဟုန်ချန်းယာက သူ၏ မုတ်ဆိတ်မွေးများကို သပ်လိုက်ရင်း…
"ကျုပ်လည်း ဒီလိုပဲ ထင်တယ် ၊ ကျုပ်က ကျင့်ကြံသူ နှစ်ယောက် ပို့လိုက်တာ မိုက်တစ်ရာတောင် မရောက်သေးဘူး ဓားဝိညာဉ် တစ်ခုပေါ်လာပြီး သူတို့ ခြေတွေလက်တွေကို ဖြတ်ပစ်လိုက်တယ် ၊ ပြီးတော့ စက္ကူကြိုးကြာ ပေါ်တင်ပြီး ပြန်ပို့ ပေးလိုက်တယ်"
ဟု ပြောလိုက်လေသည်။
"အဲဒီ ဓားဝိညာဉ်ရဲ့ ဇစ်မြစ်ကို ဘိုးဘိုးဟုန် သိသလား"
ဆန်းလျန်က မေးလိုက်သည်။
ဟုန်ချင်းယာ၏ မျက်နှာက တည်ကြည် လေးနက်သွားပြီး…
"ကျုပ်ထင်တာ မမှားဘူး ဆိုရင်တော့ အဲဒီ ဓားဝိညာဉ်က ချင်းကျန်းဂိုဏ်းက ယွင်ဆွေအလင်းဓားဝိညာဉ်ပဲ"
ဟု ပြောလိုက်လေသည်။
ချင်းကျန်းဂိုဏ်းမှာ အလွန်ကြီးမားသည့် ဓားသိုင်းဂိုဏ်း တစ်ခု ဖြစ်လေသည်။ ဂိုဏ်းတစ်ခုလုံးမှာ ဓားသိုင်းကိုသာ လေ့ကျင့်ကြပြီး ယွင်ဆွေအလင်းဓားမှာ သူတို့ ဂိုဏ်း၏ မူပိုင် ဓားသိုင်းပညာ ဖြစ်လေသည်။ ထိုဓားသိုင်းကို ကျင့်ကြံပါက တိမ်ပေါ်တွင်ပင် သွားလာနိုင်မည် ဖြစ်လေသည်။ ထိုဓားသိုင်းမှာ နားလည်ရ ခက်ခဲလောက်အောင် အစွမ်းထက်မြက် လေသည်။ ဟိုင်သန်းအဆင့် ကျင့်ကြံသူ မဟုတ်လျှင် ထိုဓားသိုင်းကို ခုခံနိုင်မည် မဟုတ်ပေ။
ချင်းကျန်းဂိုဏ်းတွင် နတ်ဘုရား ပေါ်ထွက်ခြင်း မရှိသည်မှာ နှစ်ပေါင်းငါးရာခန့် ရှိပြီ ဖြစ်လေသည်။ ထိုဂိုဏ်းတွင် အမြင့်ဆုံး အဆင့်ကျင့်ကြံသူမှာ "သုံးခါရှုံးဓားဘုရင်" ဆိုသည့် ဓားသမား တစ်ယောက် ဖြစ်လေသည်။ သူ၏ အမည်ရင်းမှာ မုန့်ရွှင်ကျန်း ဖြစ်လေသည်။ သူ၏ ဘဝတွင် လူတစ်ယောက်ကိုသာ ရှုံးနိမ့်ခဲ့ ဖူးလေသည်။ ရှုံးနိမ့်သည်မှာလည်း သုံးကြိမ် တိုင်တိုင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ "သုံးခါရှုံးဓားဘုရင်" ဆိုသည့် ဘွဲ့ကို ရခဲ့လေသည်။ သုံးကြိမ်တိုင်တိုင် သူရှုံးနိမ့်ခဲ့သည့် သူမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တာအိုဆရာဟွမ်ကျန်းကို ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ သုံးခါးရှုံး ဓားဘုရင်မှာ တာအိုဆရာဟွမ်ကျန်းနှင့် မိတ်ဆွေများ ဖြစ်လာခဲ့လေသည်။
ချင်းရွှမ်နတ်တံခါးမှ တပည့်နှစ်ယောက်ကို တိုက်ခိုက်သည်မှာ မုန့်ရွှင်ကျန်းကိုယ်တိုင်တော့ မဖြစ်နိုင်ပေ။ သူ၏ တပည့်များပင် ဖြစ်ရပေမည်။
ဆန်းလျန်က အတန်ကြာအောင် စဉ်းစားနေပြီးမှ ရန်သူ၏ ဇာတ်ကွက်ကို နားလည် သွားလေသည်။
"သူတို့က ပုံမှန်မဟုတ်တဲ့ ကျင့်ကြံသူတွေနဲ့ ချင်းရွှမ်နတ်တံခါးရဲ့ အနွယ်တော်တွေနေတဲ့ ကျွန်းကို ချင်းရွှမ်က အကူအညီ လွှတ်မှာကို တားဆီးနေတာပဲ ၊ ခေါင်းကိုးလုံးမင်းကြီးရဲ့ လက်အောက်မှာ ခေါင်းကိုးလုံးမင်းကြီး ကိုယ်တိုင် မဟုတ်ရင် သူတို့ ကိုယ်ပိုင် တန်ခိုးစွမ်းအားနဲ့ လူယောင်ဖန်ဆင်းနိုင်တဲ့ နတ်မိစ္ဆာ လုံးဝမရှိဘူး ၊ ရုဟွ အဆင့်တပည့်တွေနဲ့တင် အဲဒီ နတ်မိစ္ဆာတွေကို နှိမ်နင်းနိုင်တယ် ၊ ဒါပေမယ့် အခြားသူတွေက ကျွန်တော်တို့ ချင်းရွှမ်နတ်တံခါးက ကိုယ်ပိုင်နက်ကိုတောင် မကာကွယ်နိုင်ဘူး ဆိုပြီး ကျွန်တော်တို့ ဂိုဏ်းကို ဂုဏ်သိက္ခာ ငြိုးနွမ်းအောင် လုပ်ချင်တာရယ် ၊ ကျွန်တော်တို့ ဆီက တပည့်တွေ အသုံးမကျဘူး ဆိုတာမျိုး ဖြစ်စေချင်တာကြောင့် ဒီလို ကြံစည်တာပဲ"
ဆန်းလျန်က ရှည်လျားစွာ ပြောလိုက်လေသည်။
"ဒီလိုဆိုမှတော့ အဲဒီလူက ဘယ်လောက် အဆင့်မြင့်တဲ့ ကျင့်ကြံသူလဲ ဆိုတာ မခန့်မှန်းနိုင်ဘူး ၊ ရှေ့ကို ဘာဆက်လုပ် ရမလဲဆိုတာ ဂိုဏ်းချုပ်ကပဲ ညွှန်ပြပေးပါတော့"
ဟုန်ချန်းယာက ပြောလိုက်သည်။
"အဲဒီ ကျင့်ကြံသူက ဘယ်လောက် အဆင့်မြင့်လဲဆိုတာ ပြောရခက်တယ် ၊ မုန့်ရွှင်ကျန်း ကိုယ်တိုင်ဖြစ်နေရင်တော့ ကျွန်တော်သူနဲ့ ရင်ဆိုင်ရမှာပဲ ၊ ဒီကိစ္စအတွက် ကျွန်တော် စီစဉ်လိုက်ပါ့မယ် ၊ ဒါနဲ့ ဘိုးဘိုးဟုန် ၊ ဒဏ်ရာရထားတဲ့ တပည့် နှစ်ယောက်ရော ဘယ်လိုနေသေးလဲ"
ဆန်းလျန်က သူ့အကျင့်အတိုင်း သိမ်မွေ့စွာပင် ဆိုလေသည်။
"တပည့်တွေရဲ့ အခြေအနေကတော့ မစိုးရိမ်ရတော့ပါဘူး ၊ ဒါပေမယ့် သူတို့ လက်တွေ ခြေတွေအကုန် အဖြတ်ခံ ထားရတယ်"
ဟုန်ချန်းယာက ပြန်ပြောလိုက်လေသည်။
ဆန်းလျန်က သက်ပြင်းချလိုက်ရင်း…
"ကျွန်တော်တို့ဆီမှာ ရှန်းစန်း ပြဒါးဆေးလုံး သုံးလုံး ရှိတယ်မလား ၊ သူတို့အတွက် နှစ်လုံးယူ သုံးလိုက်ပါ"
ဟု ပြောလိုက်လေတော့သည်။
***