← Chapters

ကောင်းကင်ဓားဂိုဏ်း၏ ကြက်သွေးရောင်မျက်လုံး အမှောင်ဖီးနစ်

Vol. 44 Ch. 434

ကောင်းကင်ဓားဂိုဏ်း၏ ကြက်သွေးရောင်မျက်လုံး အမှောင်ဖီးနစ်

Vol. 44 Ch. 434

သင်ကြားပို့ချရာခန်းမဆောင်၏အပြင်ဘက်တွင် စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များက ဝန်းရံထားသည်။

လျိုချန်းယွင်သည် ရှန်းယီ၏အနားသို့ လျှောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ "ရှင် နိုင်ခဲ့တာလား"

သူမသည် အစီအရင်ပညာရပ်အပေါ် သိပ်စိတ်မဝင်စားသလို၊ ဘယ်တုန်းကမှလည်း အလေးအနက် မလေ့လာခဲ့ဖူးပေ။

ဂိုဏ်းသားတစ်ဦးနှင့် လွတ်လပ်ကျင့်ကြံသူတစ်ဦးတို့၏အကြီးမားဆုံး ကွာခြားချက်မှာ အားကိုးရာ ဂိုဏ်းသားသောင်းနှင့်ချီ ရှိနေခြင်းဖြစ်သည်။ အရာရာတိုင်းတွင် ကျွမ်းကျင်နေရန် မလိုဘဲမိမိနှစ်သက်ရာလမ်းစဉ်တစ်ခုကိုသာ အထူးပြုလေ့လာနိုင်သဖြင့် သက်တမ်းကို ချွေတာနိုင်ပြီး ပို၍ ခရီးပေါက်နိုင်၏။

သို့သော် အကြီးအကဲယန်၏ပြောင်းလဲသွားသော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ရှန်းယီသည် ထူးခြားဆန်းပြားသောတစ်ခုခုကို လုပ်ဆောင်ခဲ့သည်မှာ သေချာသည်။

ဤအရာက ရှန်းယီတို့အဖွဲ့အပေါ် ထားရှိသည့် လျိုချန်ယွင်၏ အမြင်ကို ပြောင်းလဲသွားစေသည်။

အမှန်တကယ်တော့ မဟာမိတ်ဂိုဏ်းသားများ၏ ရှန်းယီတို့အပေါ် အမြင်မှာ မျိုးဆက်ပြတ်တောက်နေသောနေရာမှ လာသည့် တောတွင်းကျင့်ကြံသူများဟူ၍သာ ဖြစ်သည်။

စာမတတ်၊ ပေမတတ်ဟု ပြောလျှင် လွန်ရာရောက်မည် ဖြစ်သော်လည်း သဘောတရားမှာမူ ထိုအတိုင်းပင်။

ဖြစ်နိုင်သည်မှာ သူတို့သည် သင်ယူခွင့် မရရှိခဲ့ကြခြင်းသာ ဖြစ်လိမ့်မည်၊ သင်ယူနိုင်စွမ်း မရှိခြင်း မဟုတ်ပေ။

"ကျွန်မ အဖေ... အကြီးအကဲလျိုက အမိန့်ထုတ်ထားပါတယ်။ အကယ်လို့ ဂိုဏ်းချုပ်ရှန်း လိုအပ်မယ်ဆိုရင်၊ ချင်းယွဲ့ဂိုဏ်းကနေ အခြွေအရံတွေ ဒါမှမဟုတ် အကြီးအကဲတွေကို နန်ယန်ဂိုဏ်းဆီအလှည့်ကျလွှတ်ပြီး ဗဟုသုတတွေ ဟောပြောသင်ကြားပေးဖို့ စီစဉ်ပေးနိုင်ပါတယ်"

လျိုချန်ယွင်၏ မျက်နှာတွင် ပိုမို၍စိတ်ရှည်သည်းခံသော အမူအရာ ပေါ်လာသည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ရှန်းယီ၏ စိတ်အာရုံလှုပ်ရှားသွား၏။

နန်ယန်ဂိုဏ်းတွင် ကျင့်စဉ်ပညာရပ်များ အမှန်တကယ် မရှားပါးလှပေ။ ကျမ်းစာတိုက်၏ စုဆောင်းမှုများသည် အခြားမဟာမိတ်ဂိုဏ်းများနှင့်ယှဉ်လျှင် နှစ်ပေါင်းတစ်သိန်းခန့် လိုအပ်ချက် ရှိနေနိုင်သော်လည်း၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ လုံလောက်နေဆဲပင်။

သူ အလိုအပ်ဆုံးအရာမှာ အတွေ့အကြုံဖြစ်သည်။

ရှန်းယီတွင် နတ်ဆိုးသက်တမ်းများစွာ ရှိနေသော်လည်း၊ ကျင့်စဉ်တိုင်းကို သူကိုယ်တိုင် လိုက်လေ့ကျင့်နေဖို့ မဖြစ်နိုင်ပေ။

နီကျွင်း နှင့် အခြားသူများအတွက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။

အမြန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြင့် မည်သို့ တိုးတက်အောင် လုပ်ဆောင်ရမည်နည်း။

ထိုကဲ့သို့သော အတွေ့အကြုံများသည်လည်း တန်ဖိုးဖြတ်မရနိုင်သော အမွေအနှစ်များပင် ဖြစ်သည်။

"ရှန်းယီက ခင်ဗျားတို့ဂိုဏ်းရဲ့ကူညီမှုအတွက် ကြိုတင် ကျေးဇူးတင်ပါတယ်"

ရှန်းယီ၏လေးနက်သော ဦးညွှတ်မှုကြောင့် လျိုချန်ယွင် အနည်းငယ် အံ့သြသွားသည်။ တဖက်လူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းပထမအဆင့်သာ ရှိသေးသော်လည်း ဂိုဏ်းချုပ်ဟူသော ဘွဲ့ထူးကို ဆုပ်ကိုင်ထားသူ ဖြစ်သည်။

အနည်းဆုံးတော့ လက်ရှိအချိန်တွင် သူမ၏ဖခင်ကိုယ်တိုင်က ထိုအဆင့်အတန်းကို အသိအမှတ်ပြုထားသည်။

အကြီးအကဲယန်ကိုပင် အံ့အားသင့်စေခဲ့သော စွမ်းရည်ရှိသော်လည်း၊ ဤမျှ တည်ငြိမ်နှိမ့်ချနေနိုင်ခြင်းမှာ တကယ်ပင် မလွယ်ကူလှပေ။

"ဂိုဏ်းချုပ်ရှန်းက အားနာတတ်လွန်းပါတယ်၊ မဟာမိတ်ဂိုဏ်းတွေအချင်းချင်း ဒါက လုပ်သင့်လုပ်ထိုက်တာပါပဲ... ပြီးတော့ ကျွန်မက အခြွေအရံလေး တစ်ယောက်ပါ၊ ဒီလောက် စွမ်းဆောင်နိုင်ရည် မရှိပါဘူး။ အားလုံးက အကြီးအကဲလျိုရဲ့ ဆန္ဒမို့လို့ ကျွန်မက ကျေးဇူးတင်စကားကို မယူပါရစေနဲ့"

လျိုချန်းယွင်က လက်ခါပြရင်း ပြုံးလိုက်၏။

"နောက်ပိုင်း လအနည်းငယ်မှာ ကျွန်မရဲ့တာဝန်က ရှင်တို့ကိုအပြင်လောကမှာ လိုက်ပြဖို့ပါ။ သိချင်တာရှိရင် မေးလို့ရပါတယ်"

ထိုသို့ဆိုလျှင် ရှန်းယီတွင် မေးစရာများစွာ ရှိနေသည်။

လောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းကို လမ်းကြောင်းလေးခု ခွဲခြားနိုင်သည်။ ထိုအထဲတွင် အင်အားအကြီးဆုံးဖြစ်သော ခန္ဓာကိုယ်ကျင့်ကြံခြင်းအတွက် မီးစွမ်းအင်ရှိသော ငှက်နတ်ဆိုးများ၏အနှစ်သာရသွေးကို အသည်းအသန် လိုအပ်နေသည်။

နောက်တစ်ခုမှာ ယခုမှ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းသို့ တက်လှမ်းထားသော တာအိုနန်းတော်ဖြစ်ပြီး အခြားသူများ၏လမ်းညွှန်မှုကို လိုအပ်သည်။ အစီအရင်ပညာနှင့် ရွှေရောင်ခန္ဓာကိုယ် ကဲ့သို့သော အရန်ပညာရပ်များကိုလည်း မြှင့်တင်ရန် လိုသေးသည်။

"အခြွေအရံလျို... မီးစွမ်းအင်ရှိတဲ့ ငှက်နတ်ဆိုးတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ခုခု သိထားတာ ရှိလား"

ရှန်းယီသည် အပြင်လောက အခြေအနေကို အရင်သိထားရန် ကြံရွယ်ထားသည်။ နန်ယန်ဂိုဏ်းထဲမှာသာ အမြဲပုန်းနေခြင်းက အဖြေမဟုတ်ပေ။

အနည်းဆုံးတော့ ဂိုဏ်းကနေ ထွက်သွားဖို့ ဘယ်လောက်အထိ အင်အားရှိဖို့ လိုသလဲဆိုတာ သူ သိထားဖို့ လိုသည်။

"မီးစွမ်းအင်ရှိတဲ့ ငှက်နတ်ဆိုးလား"

လျိုချန်းယွင် ခေတ္တမျှစဉ်းစားလိုက်ပြီး အားနာသည့် အမူအရာ ပြလိုက်သည်။ "ဒီနေရာကို ကျွန်မတို့က နန်ဟုန်းလို့ ခေါ်ကြတယ်။ ရေနေသတ္တဝါတွေပေါများတဲ့နေရာဆိုတော့ ငှက်နတ်ဆိုးသတင်းက ရှားပါတယ်။ ဒါပေမဲ့ ကောင်းကင်ဓားဂိုဏ်းမှာတော့ သေချာပေါက်ရှိပါတယ်။ အရင်တုန်းက ရှိခဲ့တဲ့ ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ် နှစ်ကောင်ထဲက တစ်ကောင်စီကို သူတို့နဲ့နန်ယန်ဂိုဏ်းက ခွဲယူခဲ့ကြတာလေ"

ထိုစကားကြားလိုက်ရသဖြင့် ရှန်းယီ မျက်ခုံးပင့်သွား၏။

ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ် အရင်တုန်းကဆိုလား။

ဆိုလိုသည်မှာ နန်ယန်ဂိုဏ်းက ဖီးနစ်နတ်ဆိုးနှင့် ထပ်တူကျသော၊ နှစ်ပေါင်းကိုးသောင်းကျော် သက်တမ်းရှိသည့် နောက်ထပ် ဖီးနစ်နတ်ဆိုးတစ်ကောင်မှာ အကောင်းအတိုင်း ကျန်ရှိနေသေးခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီနှင့်ဆိုလျှင် ယခုအချိန်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်နေမည်နည်း။

"ဒါပေမဲ့... ကျွန်မ တခြားသူတွေကို စုံစမ်းခိုင်းပေးပါဦးမယ်။ ရှားပါးတယ်ဆိုပေမဲ့ သင့်တော်တာမျိုးကိုတော့ ရှာလို့ရမှာပါ။ တကယ်လို့ ရှာမတွေ့ရင် ကောင်းကင်ဓားဂိုဏ်းကို သွားမေးပေးပါ့မယ်"

လျိုချန်းယွင် ခဏစဉ်းစားပြီး ဤကိစ္စကို တာဝန်ယူလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် အကြီးအကဲသမီး ဖြစ်သည့်အတွက် မဟာမိတ်ဂိုဏ်းထံမှ ဖီးနစ်နတ်ဆိုး အနှစ်သာရသွေးအချို့ကို ရယူရန် ပြဿနာမရှိပေ။

တန်ဖိုးတူ တစ်ခုခုနှင့် လဲလှယ်ရုံသာ ဖြစ်သည်။ အဓိကပြဿနာမှာ အကြောင်းပြချက်ပင်။

အကယ်၍ ရှန်းယီအတွက် ဖြစ်ကြောင်း လူတွေ သိသွားလျှင်ကောင်းကင်ဓားဂိုဏ်း၏ သဘောထားအရဆိုလျှင် ဤကိစ္စကို ဟဲတာအိုရတနာနယ်မြေ နှင့် ဆက်စပ်ပြီး၊ ရှန်းယီကို သူတို့ဂိုဏ်းထဲဝင်ရန် ထပ်မံ ဖိတ်ခေါ်ဖို့ အခွင့်အရေးအဖြစ် အသုံးချလာနိုင်ပေသည်။

"ဒါပေမဲ့ ကျွန်မရဲ့စုဆောင်းထားတဲ့ ငွေကြေးနဲ့တော့ ဖီးနစ်နတ်ဆိုးအနှစ်သာရသွေးကို လဲဖို့ မလောက်ဘူးနော်။ ဂိုဏ်းချုပ်ရှန်းအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်"

လျိုချန်ယွင်က စနောက်သလို ပြုံးလိုက်၏။ သူမက လူစွမ်းကောင်းကြီးလို ဟန်မဆောင်ပေ။

ကူညီတာခြင်းဖြစ်သော်လည်း၊ သူမ အဖေကဲ့သို့ ကပ်စေးနဲသည့်အဘိုးကြီးနှင့် နေရသဖြင့် သူမတွင်လည်းပိုလျှံနေသော ငွေကြေး မရှိလှပေ။

"ကျေးဇူးတင်ပါတယ်"

ရှန်းယီ ခဏစဉ်းစားလိုက်သည်။ သူလိုအပ်သော ဖီးနစ်နတ်ဆိုး အနှစ်သာရသွေးမှာ တစ်ခုတည်း မဟုတ်ပေ။

သူ့တွင် တန်ဖိုးအရှိဆုံးဆို၍ နန်ယန်ဂိုဏ်းမှ အမွေအနှစ်အဖြစ် ကျန်ရှိခဲ့သော မှော်ရတနာ ဆယ်ခုကျော်သာ ရှိသည်။

အခြားနည်းလမ်း မရှိလျှင်တော့ အရေးပေါ်ကိစ္စအဖြစ်၎င်းတို့ကိုသာ အသုံးပြုရပေလိမ့်မည်။ "အခြွေအရံလျို... တာအိုနန်းတော်ကို ဘယ်လို ရှေ့ဆက်တိုးတက်အောင် လုပ်ရမလဲ" ရှန်းယီသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကိစ္စကို ခေတ္တဘေးဖယ်ထားပြီး ဆက်မေးလိုက်၏။

"တာအိုနန်းတော်လား"

လျိုချန်းယွင် ခေါင်းခါလျက် အလျှင်အမြန် ရှင်းပြတော့သည်။ "ဒါက ပိုပြီးဒုက္ခများပါတယ်။ ပထမဆုံးက နန်းတော်တက်လှမ်းခြင်းနည်းစနစ် လိုအပ်တယ်။ အဆင့်အတန်းအလိုက် တာအိုထောက်တိုင် ၃ တိုင်ကနေ ၆ တိုင်အထိ ကွဲပြားမှု ရှိပါတယ်။ ဂိုဏ်းချုပ်ရှန်းမှာ ဒါတွေရှိပြီးသားဆိုပေမဲ့ ကိုယ့်ရဲ့ ပါရမီနဲ့ကိုက်ညီတာကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ အဆင့်မြင့်တိုင်း အကောင်းဆုံးလို့ မဆိုလိုဘူး"

"ထောက်တိုင်လို့ ခေါ်သလို တာအိုမဏ္ဍိုင်လို့လည်း ခေါ်ကြတယ်"

"၁၂ ထပ်ရှိတဲ့ တာအိုနန်းတော် တစ်ခုလုံး တည်ဆောက်ဖို့ဆိုရင် အထပ်တိုင်းမှာ ခိုင်ခံ့တဲ့ တာအိုထောက်တိုင်တွေ လိုအပ်တယ်"

ဤနေရာသို့ ရောက်သောအခါ လျိုချန်ယွင်က အားမလိုအားမရဖြင့် အကြည့်လွှဲလိုက်၏။ "ဥပမာ ကျွန်မဆိုရင် ပါရမီကြောင့် လေးတိုင်နည်းလမ်းကို ရွေးခဲ့ရတယ်။ ဒီနေ့ထိ ၃ ထပ်ပဲ ဆောက်နိုင်သေးတယ်။ ဟင်းဟင်းပြင်လျှေက်လှမ်းခြင်းစတုတ္ထအဆင့်ကို တက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ အကုန်လုံး ပြိုလဲသွားခဲ့တာချည်းပဲ"

"ကျွန်မရဲ့ဘဝသက်တမ်းက ဒီအဆင့်မှာပဲ ကုန်ဆုံးသွားမယ် ထင်ပါတယ်"

လျိုချန်းယွင် သက်ပြင်းချလိုက်ပြီးမှ သတိပြန်ဝင်လာသည်။ သူမနှင့် ရှန်းယီသည် ဤမျှအထိ ရင်ဖွင့်စကားပြောရလောက်အောင် မရင်းနှီးကြသေးပေ။

သူမသည် ဣန္ဒြေပြန်ဆယ်ကာ ဆက်လက်ရှင်းပြ၏။ "ရိုးရိုးရှင်းရှင်း ပြောရရင် ဟင်းဟင်းပြင်လျှေက်လှမ်းခြင်းအဆင့်မှာ အထပ်တိုင်း တိုးတက်ဖို့ကအရမ်းခက်ခဲပြီး အချက် ၃ ချက် လိုအပ်တယ်"

"ပထမက မွေးရာပါပါရမီနဲ့ နားလည်နိုင်စွမ်း။ တာအိုထောက်တိုင်တွေကို စိတ်ကူးပုံဖော်ခြင်းကနေ ရရှိတာပါ။ ပါရမီ မြင့်လေ၊ ပုံဖော်ရတဲ့ တာအိုထောက်တိုင်တွေက ပိုကောင်းလေပဲ"

"ဒုတိယက တာအိုထောက်တိုင်တွေကို တကယ့်လက်တွေ့ဖြစ်လာအောင် ခိုင်မာစေဖို့ မိုးမြေရဲ့ ရတနာတွေလိုအပ်တယ်။ ဒါတွေကို အဖိုးတန်ပစ္စည်းတွေလို့ စုပေါင်းခေါ်ကြတယ်"

"တတိယက တာအိုထောက်တိုင်တွေ ခိုင်ခံ့နေပြီဆိုရင် တာအိုနန်းတော်က မိုးမြေဆီက လက်ဆောင်တွေကို လက်ခံရရှိနိုင်လိမ့်မယ်... ထားလိုက်ပါတော့၊ဂိုဏ်းချုပ်ရှန်း အရင်ဆုံး ဂိုဏ်းကိုပြန်ပြီး နန်းတော်တက်လှမ်းခြင်းနည်းစနစ် တစ်ခုကို အရင်ရွေးလိုက်ပါ။ ဒါက အရမ်းမလောပါနဲ့၊ နောက်မှ အသေးစိတ် ဆွေးနွေးကြတာပေါ့"

လျိုချန်ယွင်သည် အဝေးတွင် ကြောင်တောင်တောင် ရပ်နေကြသော လူသုံးယောက်ကိုလှမ်းကြည့်လိုက်ပြီး ရှင်းပြနေသည်ကို ရပ်တန့်လိုက်၏။

လာတုန်းကတော့ ကောင်းကောင်းပါပဲ၊ အခုမှ ဘာလို့ ဒီလို ဖြစ်သွားကြတာလဲ။

"ဟူး..."

ထိုအခါမှ ထုံရှင်းချွမ်သည် အခြားနှစ်ယောက်ကို ခေါ်ပြီး အနားသို့လျှောက်လာသည်။ သူတို့သည် ရှန်းယီကို နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ကြည်ညိုလေးစားသော အကြည့်များဖြင့် ငေးကြည့်နေကြ၏။

ရွှီချင်းအာ၏မျက်လုံးများမှာလည်း တောက်ပနေပြီး သူမ၏လက်အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည်မှာ သူတို့အတွက်တော့ နားလည်နိုင်စွမ်းထက် ကျော်လွန်သော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

နန်ယန်ဂိုဏ်းက လာသော သူတို့ကို ထားလိုက်ပါဦး... ချင်းယွဲ့ဂိုဏ်း၏မာန်တက်နေသော ကျင့်ကြံသူများနှင့် အကြီးအကဲများပင်လျှင် ထိုအစီအရင်ဗန်းကို ယခုထိ ကြောင်ငေးကြည့်နေကြဆဲပင်။

ပါရမီရှင်ဆိုတာ ဘာလဲ။

မျိုးရိုးနောက်ခံကို ဂရုမစိုက်၊ အရင်းအမြစ်တွေကို ဂရုမစိုက်ဘဲ၊ မိမိ၏မွေးရာပါ ပါရမီနှင့် နားလည်နိုင်စွမ်းတစ်ခုတည်းဖြင့် လူတိုင်းကို အလွယ်တကူ ကျော်တက်သွားနိုင်သူကို ခေါ်ခြင်း ဖြစ်သည်။

"..."

ရှန်းယီ မျက်လုံးပင့်ကြည့်လိုက်သော်လည်း သူတို့၏ စူးစိုက်နေသော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။

ဤကိစ္စအတွက် သူ နတ်ဆိုးသက်တမ်း နှစ်ပေါင်း ရှစ်ရာကျော် အကုန်ခံခဲ့ရသည်။ ရလာသည့်အရာကလည်း အဆင့်အတန်း မသိရသေးသော ချုပ်နှောင်ခြင်းအစီအရင်တစ်ခုသာ ဖြစ်ပြီး၊ သံစုတ်တံငွေချိတ်လောက်ပင် အသုံးဝင်မည်လော မသေချာပေ။

ယခုဆိုလျှင် နတ်ဆိုးများကို မည်သည့်နေရာတွင် သွားသတ်ရမှန်းပင် မသိသေးဘဲ၊ နတ်ဆိုးသက်တမ်းကတော့ တဖြည်းဖြည်းလျော့နည်းလာနေပြီဖြစ်၏။

ယခုလိုကိစ္စမျိုးများ နောက်ထပ်မဖြစ်သည်မှာ ပိုကောင်းလိမ့်မည်။

"အင်း"

လျိုချန်းယွင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ "သြော်... ဒါနဲ့ ဂိုဏ်းချုပ်ရှန်း အပြင်ထွက်ပြီး လေ့လာကြည့်ချင်လား။ ကျွန်မတို့ ဖိတ်ကြားစာတစ်ခုလက်ခံရရှိထားတယ်။ အားတယ်ဆိုရင် စားပွဲသောက်ပွဲတစ်ခုကို သွားကြည့်ရင် ကောင်းမယ်"

"အပြင်ကိုလား"

ရှန်းယီ ဘေးသို့ လှည့်ကြည့်လိုက်သည်။ ချင်းယွဲ့ဂိုဏ်းက လမ်းပြပေးမည့် တာဝန်ပါ ယူထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ မဟာမိတ်ဂိုဏ်းတစ်ခု၏အထောက်အပံ့ရှိခြင်းက တစ်ယောက်တည်း ရောင်လည်လည် လျှောက်သွားနေခြင်းထက် အများကြီး ပိုကောင်းလေ၏။

"ဒါဆိုရင်တော့ အားမနာတော့ပါဘူး"

ထုံရှင်းချွမ်းနှင့် အားချင်းတို့မှာ နားလည်မှုရှိလှသည်။ သူတို့သည် နေရာတွင် ငြိမ်သက်စွာ ရပ်နေကြသည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အပြင်လောကမှာ အန္တရာယ် များလွန်းနေသေးသည်။

ချင်းယွဲ့ဂိုဏ်းမှာပင် ဟင်းဟင်းပြင်လျှေက်လှမ်းခြင်းတတိယအဆင့် ရောက်မှသာ အခြွေအရံအဖြစ် အပြင်ထွက်အလုပ်လုပ်ခွင့်ရသည်မှာမျက်မြင်သက်ပေပင်။

"ဟင်း..."

လီချင်းဖုန်းသည် အခြေအနေကို နားလည်သော်လည်း၊ လက်ကလေးများ ပွတ်သပ်လျက် စူးစမ်းလိုစိတ်ဖြင့် ယားကျိကျိ ဖြစ်နေသည်။

သူသည် ဤကဲ့သို့သော အပြင်လောက ကိစ္စများကို အလွန်စိတ်ဝင်စားသည်။

"အဲ..." လျိုချန်းယွင်က ရှန်းယီကို လှမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။

"ဒီအနီးအနားမှာ... ဒါမှမဟုတ် နန်ဟုန်တစ်ခုလုံးမှာပေါ့၊ကျွန်မတို့က ပြဿနာမရှာပေမဲ့ ပြဿနာကိုလည်းမကြောက်ပါဘူး။ ဒါက မွေးနေ့စားပွဲတစ်ခုပဲလေ။ကျွန်မသွားတာနဲ့တင် သူတို့အတွက် မျက်နှာပွင့်နေပါပြီ၊ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"

ထိုစကားကြားမှ ရှန်းယီသည် လီချင်းဖုန်းဘက် လှည့်ကာ ခေါင်းညိတ်ပြလိုက်တော့သည်။

ရင်းနှီးသော လူတစ်ယောက် အနားမှာရှိနေခြင်းက မလိုအပ်သော လူမှုရေးကိစ္စများကို ဖြေရှင်းရာတွင် သူ့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

(နောက်အပိုင်းတွေကစပြီး အခြေအရံကို အထောက်တော်လို့ပြောင်းသွားပါမယ်၊အခြေအရံဆိုတာ သခင်နားခစားတဲ့အစေခံနဲ့တူလို့ပါ

ဥပမာ- အထောက်တော်လျို/ယခင် အခြေအရံလျို)

All Chapters