← Chapters

တာအိုမဏ္ဍိုင်တိုင်းတာခြင်းပေတံ

Vol. 44 Ch. 435

တာအိုမဏ္ဍိုင်တိုင်းတာခြင်းပေတံ

Vol. 44 Ch. 435

"ဒါဆို ဒီလိုပဲဆုံးဖြတ်လိုက်ကြတာပေါ့။ ရှင်တို့ကို အရင်ပြန်ပို့ပေးလိုက်မယ်၊ မနက်ဖြန်မွန်းတည့်ချိန်ကျမှ ခရီးစကြမယ်လေ။"

လျိုချန်းယွင်သည် လူအုပ်ကို ဦးဆောင်၍အတွင်းစည်မှ ထွက်ခွာလာခဲ့ပြီး၊ ဧည့်ဆောင်မှတဆင့် အပြင်လောကရှိ ချင်းယွဲ့ဂိုဏ်းနယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူမသည် ရတနာဝေဟင်သင်္ဘောနက်ကြီးကို ထပ်မံဆင့်ခေါ်လိုက်ပြီး လူတိုင်းကို နန်ယန်ဂိုဏ်းသို့ ပြန်ပို့ပေးလိုက်၏။

"ဂိုဏ်းချုပ်... ကြွပါရှင်။"

လျိုချန်းယွင်သည် ရတနာဝေဟင်သင်္ဘောပေါ်မှ ဆင်းသက်သွားသော လူအုပ်ကိုကြည့်နေသော်လည်း ချက်ချင်းပြန်မသွားသေးပေ။ ထိုအစား သူမသည် အပြုံးဖြင့်သူတို့ဂိုဏ်းထဲဝင်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

ထိုအရာကိုမြင်သော် လီချင်းဖုန်းသည် မေးစေ့ကို ပွတ်သပ်လိုက်မိလေ၏။

ထင်ထားသည့်အတိုင်း ဂိုဏ်းချုပ်ရှန်းဖြစ်ထိုက်ပေသည်။

ချင်းယွဲ့ဂိုဏ်းသို့ ခရီးတစ်ခေါက် လိုက်သွားလိုက်ရုံဖြင့် မိုးကျရွှေကိုယ်မဟာမိတ်ဂိုဏ်းအထောက်တော်၏သဘောထားမှာ ယခင်နှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

"အထောက်တော်အရင်ပြန်နှင့်ပါဗျာ။ ကျွန်တော်တို့ နည်းနည်းပါးပါး လှည့်ပတ်ကြည့်ရှုလိုက်ပါဦးမယ်။"

ရှန်းယီ ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ လျိုချန်းယွင် ဦးညွှတ်နှုတ်ဆက်ပြီး တိမ်တိုက်များကြား ပျောက်ကွယ်သွား၏။

ထိုအခါမှ သူသည် သက်ပြင်းချလိုက်ပြီး၊ သူ၏ တာအိုချပ်ပြားကို ထုတ်ယူကာ နန်ယန်ကျောက်စာတိုင်ပေါ်တွင် တင်လိုက်သည်။

ထို့နောက် ခြေချိတ်ထိုင်လျက် မိုးမြေ၏စွမ်းအင်များကို စတင်လောင်းထည့်လိုက်လေသည်။

"..."

ထုံရှင်းချွမ်းနှင့် အခြားနှစ်ဦးမှာ ခေတ္တမျှကြောင်အမ်းသွားပြီးမှ အချင်းချင်းကြည့်ကာ သက်ပြင်းချလိုက်မိကြ၏။

ဂိုဏ်းချုပ်ကတော့ မျက်နှာမပျက်အောင် နေနိုင်ပါပေတယ်။

တပည့်ဖြစ်သူ သူတို့၏အင်အားက နည်းပါးလွန်းလှသဖြင့်၊ တံခါးဖွင့်ခြင်း ပိတ်ခြင်း ကိစ္စလေးကိုပင် ရှန်းယီ ကိုယ်တိုင်လုပ်ဆောင်နေရခြင်း ဖြစ်သည်။

အချိန်နာရီဝက်ခန့် အကြာတွင် အလင်းအကာတစ်ခုသည် နန်ယန်ကျောက်တိုင်မှ မြင့်တက်လာခဲ့သည်။

မျက်နှာအနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေသော ရှန်းယီသည် မတ်တပ်ရပ်လိုက်ပြီး လူအုပ်ကို ဦးဆောင်ကာ နတ်ဆိုးတစ်ထောင်ဂူ၏ ပင်မခန်းမဆောင်... မဟုတ်သေး... အတွင်းစည်း၏ပင်မခန်းမဆောင်သို့ ပြန်လာခဲ့ကြသည်။

ခွေးအိုကြီး သေဆုံးသွားပြီဖြစ်ရာ ဤနေရာကို နတ်ဆိုးတစ်ထောင်ဂူဟု ခေါ်ဆိုရန် မသင့်လျော်တော့ပေ။

လူအုပ်ကြီး ရုတ်တရက်ရောက်ရှိလာခြင်းက လီရွှမ်ချင်းကို မလှုပ်ရှားစေနိုင်ခဲ့ပေ။ သူသည် ရှန်းယီထွက်သွားစဉ်ကအတိုင်း တိတ်ဆိတ်စွာ ဒူးထောက်နေဆဲပင်။

"ဒီတိုင်းကြီးပဲ ဖြစ်နေလို့တော့ မဖြစ်ဘူးလေ။"လီချင်းဖုန်း တီးတိုးရေရွတ်လိုက်သည်။

"သူက ဒီလောက်အစွမ်းထက်တာကို၊ ဒီလို စိတ်ဓာတ်ကျနေတာ နှမြောစရာကြီးဗျ။"

ယခင်က ဤသစ်သားလူသည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်၊ သို့တည်းမဟုတ် အဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့် ရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

အလယ်အလတ် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းဆဌမအဆင့် ကျင့်ကြံခြင်းရှိထားလျှင်ပင် မဟာမိတ်ဂိုဏ်းများ၌ အပြင်စည်းအကြီးအကဲ တစ်နေရာ ရနိုင်ပေသည်။

ယခုအခါ နန်ယန်ဂိုဏ်းသည် အပျက်အစီးများကြားတွင် ပြန်လည်တည်ဆောက်ရန် စောင့်ဆိုင်းနေရသည်။

အကယ်၍ အပြင်စည်းအကြီးအကဲ အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးသာ ကူညီပေးမည်ဆိုပါက ရှန်းယီအတွက် အလွန်အထောက်အကူ ဖြစ်စေလိမ့်မည်။

ဂိုဏ်းကာကွယ်ရေးအစီအရင်ထဲသို့ စွမ်းအင်လောင်းထည့်ပေးရုံ သက်သက်ဆိုလျှင်ပင် အလကား ဒူးထောက်နေသည်ထက် ပိုကောင်းပေလိမ့်မည်။

"မင်းသွားပြောမလား။"

ရှန်းယီ လီချင်းဖုန်းကို တစ်ချက်ကြည့်လိုက်၏။

နန်ယန်ဂိုဏ်းကျဆုံးရခြင်းက ဤသစ်သားလူနှင့် သေချာပေါက် ပတ်သက်နေမှန်း သိသာသော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် သူတို့နှင့် မသက်ဆိုင်ပေ။

သူ့စိတ်ထဲမှ အဖုအထစ်ကို ဖြေရှင်းပေးရန် ကြိုးစားခြင်းမှာလွယ်ကူသော ကိစ္စမဟုတ်ပါဘူး။

"ကျွန်တော် စမ်းကြည့်လိုက်မယ်လေ။"

လီချင်းဖုန်း တံတွေးမြိုချလိုက်ပြီး၊ သူ၏ သွက်လက်သော စကားပြောစွမ်းရည်ကို အသုံးပြုကာ ဤသစ်သားလူစီနီယာကြီးကို ဖျောင်းဖျရန် ပြင်လိုက်သည်။

ရှန်းယီ သူ့ကိုမတားဆီးဘဲ ခန်းမဆောင်အပြင်ဘက်သို့သာ လှမ်းထွက်လာခဲ့လိုက်၏။

ဆုပ်ကိုင်မရသော သစ်သားလူအပေါ် မျှော်လင့်ချက်ထားခြင်းထက်၊ မိမိကိုယ်ပိုင်စွမ်းအား တိုးတက်လာရေးကိုသာ သူ ပိုယုံကြည်သည်။

ထုံရှင်းချွမ်းနှင့် ရွှီချင်းအာတို့သည် ယနေ့ဖြစ်ပျက်ခဲ့သည်များမှ ဗဟုသုတအချို့ ရရှိခဲ့ပုံရပြီး ရှန်းယီကို နှုတ်ဆက်ကာ ထွက်ခွာသွားကြ၏။

"..."

အတွင်းစည်းတစ်ခုလုံးသည် သက်မဲ့ဇုန်တစ်ခုကဲ့သို့ တိတ်ဆိတ်နေသည်။

ရံဖန်ရံခါတွင် အလုပ်ရှုပ်နေသော ကျင့်ကြံသူတစ်ဦးစနှစ်ဦးစကိုသာ ရှန်းယီ တွေ့ရတတ်ပြီး၊ သူတို့သည် လိုဏ်ဂူများမှရှင်းထုတ်ရရှိလာသော ပစ္စည်းများကို သိမ်းဆည်းကာ ဂိုဏ်းချုပ်အတွက် ပင်မခန်းမဆောင်သို့ ရွှေ့ပြောင်းပေးနေကြခြင်း ဖြစ်သည်။

လူအင်အား နည်းပါးလွန်းသဖြင့် လုံးဝရှင်းလင်းပြီးစီးရန် အချိန်အတော်ကြာဦးမည်။

သို့သော်လည်း ယေဘုယျအခြေအနေမှာမူ တည်ငြိမ်လျက်ရှိသည်။

နောက်ဆုံးတိုက်ပွဲပြီးကတည်းက နတ်ဆိုးတစ်ထောင်ဂူရှိ နတ်ဆိုးများသည် သေဆုံးသူသေ၊ ထွက်ပြေးသူပြေးနှင့် အစအနပင် မကျန်တော့ပေ။

အချို့သော ကျင့်ကြံသူများသည် သိုင်းပညာသင်တန်းများတည်ထောင်ကာ အရပ်ရပ်မှ ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးပြီး၊ ထူးချွန်သော ကျင့်ကြံသူများကို ရွေးချယ်ကာ ဂိုဏ်းအပြင်စည်း၏တာဝန်များကို ယာယီ ရယူထားကြသည်။

ချင်းယွဲ့ဂိုဏ်းမှ ကျင့်ကြံခြင်းဟောကြားရန် အထောက်တော်တစ်ဦး စီစဉ်ပေးမည့်ကိစ္စသည်လည်း အတွင်းစည်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

ဂိုဏ်းတစ်ခု၏ပုံစံငယ်လေးမှာမူ တည်ငြိမ်ခါစ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိတွင် အလိုအပ်ဆုံးအရာမှာ ပြင်ပရန်သူများကို ဟန့်တားနိုင်ပြီး ဤအခြေအနေကိုထိန်းသိမ်းထားနိုင်မည့် အစွမ်းထက်ကျင့်ကြံသူများပင်။

သစ်သားလူ လီရွှမ်ချင်းကို ဖယ်ထားလိုက်လျှင်...

လက်ရှိ နန်ယန်ဂိုဏ်းတစ်ခုလုံးတွင် လူရှေ့သူရှေ့ ထုတ်ပြနိုင်သော ဟင်းလင်းပြင်လျှောက်လှမ်းခြင်းပထမအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိသည်။ တကယ့် ဝှက်ဖဲမှာ ထိုခွေးအိုကြီးသာ ဖြစ်နေဆဲပင်။

"ဟူး..."

ရှန်းယီ သက်ပြင်းချလိုက်ပြီး ကျမ်းစာတိုက်သို့ ပြန်လာခဲ့သည်။

ဤနေရာသို့ ပြန်လည် ခြေချလိုက်သည်နှင့်

လိမ်ဖယ်တက်သွားသော လှေကားထစ်များ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ စာအုပ်စင်များပေါ်မှ အစီအရင်များ ပွင့်နေသည်ကို မြင်လိုက်ရသည်။

ရှေးဟောင်းစာအုပ်များသည် သပ်ရပ်စွာ စီတန်းနေပြီး ကျောက်စိမ်းပြားများသည် နွေးထွေးသော အစိမ်းရောင်အလင်းတန်းများ ထုတ်လွှတ်နေပေ၏။

သူ အပေါ်ဆုံးထပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ထူးခြားမှုမရှိသော သစ်သားတံခါးကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။

လက်ထဲတွင် တာအိုချပ်ပြားရှိနေသည့်တိုင် ဤတံခါးကို သူဖွင့်၍မရနိုင်သေးပေ။

စစ်မှန်သောဂိုဏ်းချုပ် အမှတ်အသားတံဆိပ်ပြား လိုအပ်ခြင်းသော်လည်းကောင်း၊ သို့မဟုတ် လက်ရှိ ကျင့်ကြံခြင်းအဆင့် မလုံလောက်ခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်ဟု ရှန်းယီ ခန့်မှန်းလိုက်သည်။

"ထားလိုက်ပါတော့၊ နန်းတော်တက်လှမ်းခြင်းနည်းစနစ်ကို အရင်ရှာကြတာပေါ့။"

စားစရာမှလွဲ၍ နန်ယန်ဂိုဏ်း၏ အုတ်မြစ်သည် အလွန်ခိုင်မာကြွယ်ဝသည်ဟု ဆိုရမည်။

အကယ်၍ သူသာ မဟာမိတ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့မည်ဆိုလျှင် အဆင့်အမြင့်ဆုံး နန်းတော်တက်လှမ်းခြင်းနည်းစနစ်ကို လိုချင်ပါက ကျွဲလိုနွားလို ပြန်ပြီး အလုပ်လုပ်ရဦးမည်မှာ သေချာသည်။

သို့သော် ယခု ရှန်းယီအတွက်မူ သူ စိတ်ကြိုက် ရွေးချယ်ယူငင်လိုက်ရုံသာ။

သူသည် နဖူးကြားရှိ ခွေးအိုကြီးနှင့် ချောက်နက်ပင့်ကူဧကရာဇ်တို့ကို နှိုးလိုက်ပြီး၊ သူတို့၏ လမ်းညွှန်မှုဖြင့် တတိယထပ်ရှိစာအုပ်စင်တစ်ခုရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူ လက်လှမ်းလိုက်ပြီး ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ ဝိညာဉ်အာရုံကို လောင်းထည့်လိုက်၏။

【လက်ကျန် နတ်ဆိုးသက်တမ်း - ၆၇၂၀၀ နှစ်】

【ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (ရတနာ)။ တိုင်ခြောက်တိုင်နန်ယန်နန်းတော်တက်လှမ်းခြင်း ကျင့်စဉ် - မစတင်ရသေး】

ရှန်းယီသည် သက်တမ်းကို တန်းပြီးမလောင်းထည့်သေးဘဲ ငြိမ်သက်စွာရပ်လျက်စဉ်းစားလိုက်၏။

အထောက်‌တော်လျို ပြောပြခဲ့သည်များကို ပြန်စဉ်းစားကြည့်လျှင်...

သူ့စိတ်ထဲတွင် အလွန်ရင်းနှီးနေသော အရာတစ်ခုကို ရုတ်တရက်သွားသတိရလိုက်မိ၏။

ပထမဆုံး ပုံဖော်ကြည့်မယ်၊ ပြီးရင် အဖိုးတန်ပစ္စည်းတွေနဲ့ ပြန်လည်တည်ဆောက်မယ်

တကယ်လို့ ပုံဖော်ခြင်းနေရာမှာ နတ်ဆိုးဝိညာဉ် တွေကို အစားထိုးပြီး၊ တန်ဖိုးကြီးပစ္စည်းနေရာမှာ နတ်ဆိုးအ‌သွေးအသားတွေကို အစားထိုးလိုက်ရင်ရော... ရည်ရွယ်ချက်က တာအိုနန်းတော် ပိုခိုင်မာအောင်ထည့်သွင်းတည်ဆောက်ရမှာချင်း အတူတူပဲ မဟုတ်ဘူးလား။ ဒါ... အုတ်မြစ်ကျောက်တိုင်နဲ့ အတူတူပဲ မဟုတ်ဘူးလား။

ဒီခန့်မှန်းချက်သာ မှန်ကန်ခဲ့မယ်ဆိုရင်...

သူ အားအနည်းဆုံးဖြစ်တဲ့ ပုံဖော်ခြင်းအဆင့်ကို ကျော်သွားလို့ရပြီး၊ တခြား ပါရမီရှင်တွေနဲ့ ယှဉ်ရင် လုံးဝအားမနည်းတဲ့ တာအိုနန်းတော်တစ်ခုကို တည်ဆောက်နိုင်မှာပေါ့။

ရှန်းယီ စိတ်ကို စုစည်းလိုက်ပြီးကျင့်စဉ်ထဲသို့ နတ်ဆိုးသက်တမ်းများ လောင်းထည့်လိုက်၏။

【ပထမနှစ်၊ သင်သည် တိုင်ခြောက်တိုင်နန်ယန် နန်းတော်တက်လှမ်းခြင်းကျင့်စဉ်ကို ဖွင့်လှစ်ခဲ့ပြီး၊ ရှေ့ပိုင်းပါအကြောင်းအရာများမှာ တာအိုနန်းတော်အကြောင်း ရှင်းပြချက်များသာဖြစ်ကာ ထင်ထားသလောက်ရှုပ်ထွေးနက်နဲမှုမရှိကြောင်း တွေ့ရှိလိုက်ရသည်။ သင်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး စိတ်ပါဝင်စားစွာဖတ်ရှုလေသည်။】

တခဏအတွင်းမှာပင် သတင်းအချက်အလက် အများအပြားသည် ရှန်းယီ၏ခေါင်းထဲသို့ ဝင်ရောက်လာ၏။

သူ မျက်လုံးမှိတ်၍ အချက်အလက်များကို ချေဖျက်လိုက်ရာ မကြာမီမှာပင် တာအိုနန်းတော် ဆိုသည်ကို ပိုမိုပြည့်စုံစွာနားလည်သွားခဲ့သည်။

နန်းတော်တက်လှမ်းခြင်းနည်းစနစ်ဆိုသည်မှာ မသေမျိုးဖြစ်ရန် လမ်းခင်းခြင်းပင်။

၎င်းတွင်ပါဝင်သော တာအိုမဏ္ဍိုင်များကို တာအိုနန်းတော်အမျိုးအစားပေါ် မူတည်၍ ကွဲပြားသော တည်ငြိမ်သည့် အရာဝတ္ထုများအဖြစ် ပုံဖော်ရမည်ဖြစ်သော်လည်း၊ အားလုံးသည် တူညီသော ဦးတည်ချက်သို့သာ သွားကြပြီး ယေဘုယျအားဖြင့် အဆင့် ၄ ဆင့် ခွဲခြားနိုင်သည်။

ပထမအဆင့်က အကောင်းဆုံးဖြစ်ပြီး၊ စတုတ္ထအဆင့်က အညံ့ဆုံးဖြစ်သည်။

ပါရမီနှင့် နားလည်နိုင်စွမ်း ကောင်းမွန်သူများသည် သဘာဝကျကျပင် အဆင့်မြင့်တာအိုမဏ္ဍိုင်များကို လိုက်စားကြမည် ဖြစ်သော်လည်း၊ အဆင့်မြင့်လေလေ ပုံဖော်ရမည့်အချိန် ကြာမြင့်လေလေ ဖြစ်သည်။

ပုံဖော်ခြင်းအောင်မြင်လျှင်ပင် လိုအပ်သော အဖိုးတန်ပစ္စည်းများသည်လည်း သက်ဆိုင်ရာ အဆင့်နှင့် ကိုက်ညီသော ရတနာများ ဖြစ်ရပေမည်။

သာမန်ကျင့်ကြံသူများအတွက် ဤအရာအားလုံးသည် အဆင့်တက်ရောက်မှု အောင်မြင်နိုင်ချေကို တိုးမြှင့်ရန်ဖြစ်သော်လည်း၊ စစ်မှန်သော ပါရမီရှင်များအတွက်မူ အဆင့်တက်ရောက်ခြင်းက မလွဲမသွေဖြစ်မှာဖြစ်ပြီး မိုးမြေ၏လက်ဆောင်များကို ရယူရန်အတွက်သာ ရည်ရွယ်ကြသည်။

သာမန် တာအိုနန်းတော်အထက်တွင် မြူခိုးကဲ့သို့သောဝိညာဉ်စွမ်းအင်တစ်မျှင်ကို ထပ်ပေါင်းထည့်လိုက်ပါက ဖြူဖွေးသောမြူများအသွင် ပေါ်လာပြီး ဝိညာဉ်နန်းတော်ဟု ခေါ်ဆိုနိုင်သည်။

အကယ်၍ မိုးပြာငှက်၏ အရှိန်အဝါကို ရရှိပါက မသေမျိုးနန်းတော်ဟုပင် ခေါ်ဆိုနိုင်ပြီး၊ ၎င်းကို မျုးမြေကအသိအမှတ်ပြုထားသဖြင့် စည်းကျော်သည်ဟု သတ်မှတ်မည် မဟုတ်ပေ။

ထိုနှစ်မျိုး၏အထက်တွင် အရှေ့အရပ်မှ လာသော ခရမ်းရောင်ဟုန်မုန့်စွမ်းအင်ရှိပြီး ကောင်းကင်နန်းတော်ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။

ဤ မိုးမြေ၏လက်ဆောင်များ အောင်မြင်မှုအောက်တွင် တာအိုပညာရပ်များနှင့် ကျင့်ကြံခြင်း နှစ်ခုလုံးသည် များစွာသောအထောက်အပံ့ကို ရရှိလိမ့်မည်။ ကံတရား၏စောင့်ရှောက်မှုကိုပင် ရရှိနိုင်ပြီး မိုးမြေကို တိုက်ရိုက်ဆက်သွယ်နိုင်ကာ ကောင်းကင်ခုံရုံး၏အာရုံစိုက်မှုကိုပင် ရရှိနိုင်သည်ဟု ကောလာဟလများ ရှိသည်။

ပိုမိုကောင်းမွန်သော လက်ဆောင်များ ရရှိရန်အတွက်ပထမဆုံးအကြိမ် နန်းတော်တက်လှမ်းခြင်းသည် အလွယ်ကူဆုံးဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ မိုးမြေသည် သူတို့၏လက်ဆောင်များကို ပေးသနားရာတွင် ပိုမိုစေ့စပ်သေချာလာတတ်၏။

ထို့ကြောင့် နန်ယန်ဂိုဏ်းအတွင်း၌ များသောအားဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းကျင့်ကြံသူတစ်ဦး၏ပထမဆုံးအကြိမ် နန်းတော်တက်လှမ်းခြင်းကို ကြည့်ရှုရုံဖြင့် ထိုသူ၏ အလားအလာကို ခန့်မှန်းနိုင်သည်။

သုံးထပ်ရှိသော ဝိညာဉ်နန်းတော်ပိုင်ရှင်များကို တပည့်ရင်းအဖြစ် လက်ခံနိုင်သည်။

【သုံးရာ့နှစ်ဆယ့်ခုနစ်နှစ်တွင် သင်သည် တိုင်ခြောက်တိုင် နန်ယန်နန်းတော်တက်လှမ်းခြင်း ကျင့်စဉ် အတွင်းရှိ နည်းစနစ်အသေးစားတစ်ခုကို သင်ယူတတ်မြောက်ခဲ့ပြီး၊ ယင်းဖြင့် တပည့်များ၏ တာအိုမဏ္ဍိုင် အဆင့်အတန်းကို ကိုယ်တိုင် လေ့လာကြည့်ရှုနိုင်ပေသည်။】

【တာအိုမဏ္ဍိုင်တိုင်းတာခြင်းပေတံ - ပြီးပြည့်စုံခြင်းသို့ ရောက်ရှိ】

အုတ်မြစ်ကျောက်တိုင်သည် တာအိုမဏ္ဍိုင် ဟုတ်မဟုတ် မည်သို့ဆုံးဖြတ်ရမည်ကို ရှန်းယီ စဉ်းစားနေစဉ်မှာပင်၊ ရုတ်တရက် စာတန်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူ အနည်းငယ် ဝမ်းသာသွား၏။

ဂုဏ်သတင်းကြီးမားသော ဂိုဏ်းတစ်ခု ပီသပါပေသည်။ အထောက်အကူပြု ပစ္စည်းကိရိယာများက အစုံအလင်ရှိနေ၏။

နတ်ဆိုးသက်တမ်းကို ဆက်လက်လောင်းထည့်လိုက်ရင်း ရှန်းယီ၏စိတ်အာရုံ လှုပ်ရှားသွားပြီး၊ မိုးမြေ၏စွမ်းအင်အချို့ကို မျက်မှောင်ကြားသို့ ပို့ဆောင်လိုက်သဖြင့် ဖြောင့်တန်းသော ကျောက်စိမ်းပေတံတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏အသိစိတ်ပင်လယ်ထဲတွင် ဟင်းလင်းလျှောက်လှမ်းခြင်းအဆင့်မှ ပုံဖော်ထားပြီးဖြစ်သော တာအိုနန်းတော်သည် မတ်မတ်ရပ်တည်နေသည်။

အတွင်းဘက်တွင် အုတ်မြစ်ကျောက်တိုင် ရုပ်တု ၅ ခု ရှိသည်။

ရှန်းယီသည် ကျောက်စိမ်းပေတံကို တစ်ခုချင်းစီအနားသို့ တဖြည်းဖြည်းရွှေ့လိုက်၏။ ပထမဆုံးမှာ စတုတ္ထမြောက်ဂူမှ ရွှေတောင်ပံအစင်းကိုးခုကျား ဖြစ်သည်။

ကျောက်စိမ်းပေတံသည် ခေတ္တမျှငြိမ်သက်နေပြီးနောက် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ပေတံတစ်ခုလုံး၏လေးပုံတစ်ပုံကို နေရာယူထားလိုက်၏။

"..."

ရှန်းယီ၏စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးသွားသည်။

သူ့ခန့်မှန်းချက် မှန်ကန်သည့်အတွက် ဝမ်းသာမိသည်။

အုတ်မြစ်ကျောက်တိုင်ကို ဤပေတံနှင့် တိုင်းတာ၍ ရသည်ဖြစ်ရာ တာအိုမဏ္ဍိုင်နေရာတွင် အစားထိုးဖို့ ဖြစ်နိုင်ချေ အရမ်းများသွားပြီဖြစ်၏။

သို့သော် အဆင့်နိမ့်လွန်းနေမှာကိုတော့ စိုးရိမ်မိသည်။

နန်ယန်ဂိုဏ်းတစ်ခုလုံးတွင် ထိပ်ဆုံး ၁၀ နေရာခန့် ဝင်နိုင်သည့် မဟာနတ်ဆိုးကြီးသည် စတုတ္ထအဆင့်သာ ရှိသည်လော။

သူ သိပ်ဘဝင်မကျသဖြင့် ပေတံကို အခြား အုတ်မြစ်ကျောက်တိုင်များဆီသို့ ရွှေ့လိုက်၏။

ဘိုင်ဟုန် - စတုတ္ထအဆင့်

ရှန်းဖုန်း - စတုတ္ထအဆင့်

ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်အလှည့်ရောက်မှသာ ပေတံပေါ်ရှိရွှေရောင်အလင်းတန်း အနည်းငယ် မြင့်တက်လာပြီး ၃၀ ရာခိုင်နှုန်းကျော်ကျော်လောက် နေရာယူထားသည်ကို တွေ့ရသည်။

ရှန်းယီ ကိုယ်တိုင်ပင် သတိမထားမိဘဲ စိတ်လှုပ်ရှားနေမိသည်။ နောက်ဆုံးတွင် တတိယအဆင့်တစ်ခုကို မြင်လိုက်ရသဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဟူး..."

နောက်ဆုံး သူ၏ဝိညာဉ်အာရုံကို ခွေးအိုကြီးဆီသို့ ရွှေ့လိုက်၏။

ကျောက်စိမ်းပေတံကို ဖြည်းညှင်းစွာ နီးကပ်စေလိုက်သည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်း စတုတ္ထအဆင့်ရှိသော မဟာနတ်ဆိုးကြီးဖြစ်သည့်အတွက် ယင်းအပေါ် မျှော်လင့်ချက် အကြီးမားဆုံး ထားရှိသည်။

ရွှေရောင်အလင်းတန်း ပြန်လည်ပေါ်လာ၏။

"ကျွတ်"

ရှန်းယီ အားမလိုအားမရဖြင့် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ကျောက်စိမ်းပေတံသည် စတုတ္ထအဆင့်မျဉ်းကို သီသီလေးသာ ကျော်လွန်ပြီး၊ တတိယအဆင့် ရောက်ရန် ထက်ဝက်နီးပါး လိုနေသေးသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

နတ်ဆိုး၏ကျင့်ကြံခြင်းနှင့် အုတ်မြစ်ကျောက်တိုင်သည် ဆက်စပ်မှုရှိပုံရပေ၏။ ထိုကြောင့်လည်း ခွေးအိုကြီးက ရှန်းဖုန်းနှင့် တခြားကောင်များကို ကျော်တက်နိုင်ခဲ့သည် ဖြစ်မည်။ သို့သော် အမှောင်ဖီးနစ်ကိုကြည့်ရသည့်တော့ သွေးမျိုးဆက်ကလည်း အဓိကကျသည့် အစိတ်အပိုင်း ဖြစ်ပုံရသည်။

"ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။ အနည်းဆုံးတော့ တိုင်ခြောက်တိုင်နည်းစနစ်ကို တိုက်ရိုက်အသုံးပြုလို့ ရနေပြီပဲ၊ ဒါက တခြားသူတွေထက် အများကြီး ခြေလှမ်းသာနေပါပြီ။"

အရည်အသွေးမမီလျှင် အရေအတွက်နှင့် ဖြည့်ရမည်။

ဟို အထောက်တော်လျိုပြောတုန်းက သူမ ပါရမီညံ့လို့ လေးတိုင်နည်းစနစ်ကိုပဲ ကျင့်နိုင်တယ်၊ ကောင်းမွန်တဲ့ တာအိုမဏ္ဍိုင်တွေကိုလည်း ပုံဖော်နိုင်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့ပေမဲ့... သူမလည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းတတိယအဆင့်ကို ရောက်အောင် ချိုးဖျက်နိုင်ခဲ့တာပဲ မဟုတ်လား။

ရှန်းယီ စိတ်ကို ပြန်ညှိလိုက်သည်။

ယခုအချိန်တွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းဒုတိယအဆင့်သို့ တက်လှမ်းရန်အတွက် နောက်ထပ် အုတ်မြစ်ကျောက်တိုင် တစ်တိုင်ထပ်ထည့်ဖို့သာ လိုသည်။

အချိန်များ ကုန်ဆုံးသွား၏။

【၃၂၀ နှစ်တွင် သင်သည် ဤနည်းစနစ်ကို အောင်မြင်စွာ တတ်မြောက်ခဲ့သည်။】

【ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (ရတနာ)။ တိုင်ခြောက်တိုင် နန်ယန်နန်းတော်တက်လှမ်းခြင်း နည်းစနစ် - ပြီးပြည့်စုံခြင်းသို့ ရောက်ရှိ】

ဤအရာက ရှန်းယီ ကျင့်ကြံဖူးသမျှ အလွယ်ကူဆုံး ရတနာကျင့်စဉ် ဖြစ်လောက်သည်။ ရိုးရိုးလေး တတ်မြောက်ရုံနှင့် လုံလောက်သော်လည်း၊ ပြီးပြည့်စုံသည်အထိ ကျင့်ကြံထားခြင်းက အဆင့်တက်လှမ်းရာတွင် အမှားအယွင်းဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည်။

"မနက်ဖြန်ကျမှ အထောက်တော်လျိုကို ထပ်မေးကြည့်ရမယ်။"

ရှန်းယီ လုပ်စရာ မရှိတော့သဖြင့် ကျမ်းစာတိုက်ထဲတွင်အသုံးဝင်မည့် နည်းစနစ်များ ရှိမရှိ လိုက်လံမွှေနှောက် ရှာဖွေနေလိုက်၏။

ရှာဖွေကြည့်ခြင်းက ပြဿနာမဟုတ်သော်လည်း၊ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှင့် သက်ဆိုင်သော သုံးထပ်လုံးတွင် ကျင့်စဉ် ၈၀ ရာခိုင်နှုန်းလောက်က တာအိုနန်းတော်နှင့် သက်ဆိုင်နေပြီး၊ တာအိုပညာရပ်များနှင့် ဆင်တူသော်လည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။

အနန္တအင်ပါယာတာအိုနန်းတော်၏ ကျောက်စိမ်းပြားတွင် သတိပေးချက် ပါဝင်နေရခြင်း အကြောင်းရင်းကို ရှန်းယီ ရုတ်တရက်နားလည်သွား၏။

ဤ တာအိုနန်းတော်ကို မည်သူမှမကျင့်ကြံကြရာ သဘာဝကျစွာပင် ရှေးလူကြီးများကလည်း ၎င်းအတွက် ကျင့်စဉ်များဖန်တီးထားခဲ့ခြင်း မရှိကြပေ။

ခရမ်းရောင်ကောင်းကင်မိုးကြိုးဓားနန်းတော်ကို ကြည့်လိုက်လျှင်၊မိုးကြိုးဓားသိုင်းတစ်ခုတည်းမှာပင် ကွဲပြားသောအသုံးချပုံနည်းစနစ်ပေါင်း ဒါဇင်နှင့်ချီ ရှိနေပြီး၊ တစ်ခုစီတိုင်းသည် ကျင့်စဉ်အသစ်တစ်ခု ဖြစ်သည်။

ဗလာဖြစ်နေသော စာအုပ်စင်ကို ကြည့်ရင်း နီကျွင်းလည်း အချို့ကို ယူသွားလိမ့်မည်ဟု ခန့်မှန်းလိုက်၏။

"..."

ရှန်းယီ စိတ်မဆိုးပေ။ အနန္တအင်ပါယာတာအိုနန်းတော်သာ မရှိခဲ့လျှင် သူသည် ဝိညာဉ်ဆေးပင်ဥယျာဉ်ထဲ၌ သေဆုံးနေခဲ့ပြီ ဖြစ်သည်။

သူ အနည်းငယ် အားကျမိရုံသာဖြစ်၏။

သို့သော် ကိစ္စမရှိပေ။ ကျင့်စဉ်များ မရှိလည်း၊ နတ်ဆိုးအသွေးအသားမှတဆင့် နားလည်သဘောပေါက်ထားသည့် တာအိုပညာရပ်များကလည်း အခြားသူများထက် သိပ်မညံ့ပေ။

"တခြားဟာတွေ ကြည့်ရအောင်။"

ရှန်းယီ ပြန်ထိုင်လိုက်ပြီး ခွေးအိုကြီးနှင့် ချောက်နက်ကို ဆင့်ခေါ်လိုက်၏။ ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းကဲ့သို့ လှုပ်ရှားခြင်းနည်းစနစ်ရှိသေးရာ အခြားဆင်တူသည့် ပစ္စည်းများလည်း ရှိနိုင်သေး၏။

ဖြည်းဖြည်းချင်း ရှာဖို့သာ လိုပေသည်။

ကျင့်ကြံသူများအတွက် တစ်ရက်ဆိုသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတတ်ပေ၏။

မကြာမီ ရှန်းယီ၏လက်ချောင်းရှိ တာအိုချပ်ပြား အနည်းငယ် တုန်ခါသွားသည်။

လျိုချန်းယွင်သည် နန်ယန်ဂိုဏ်းအပြင်ဘက်သို့ နာရီဝက်စော၍ရောက်ရှိလာပြီး ယဉ်ကျေးမှုကို အပြည့်အဝပြသလျက် စောင့်ဆိုင်းနေသည်။

ရှန်းယီ သူများကို အကြာကြီး စောင့်မနေစေပါ။ သူသည် ကျမ်းစာတိုက်မှ ထွက်ခွာလာပြီး ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းကို အသုံးပြုကာ ပင်မခန်းမဆောင်သို့ ရောက်ရှိလာရာ၊ လီချင်းဖုန်းသည် သစ်တုံးတစ်တုံးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

လီချင်းဖုန်း၏မျက်လုံးများ မှေးမှိန်နေပြီး အသံများအက်ကွဲနေသည်ကို သူ မြင်လိုက်ရ၏။

ရှန်းယီ မျက်ခုံးပင့်လိုက်ပြီး သူ့ရှေ့ရှိ သစ်တုံးကို တစ်လှည့်၊ ခန်းမဆောင်ထဲမှ လီရွှမ်ချင်းကို တစ်လှည့် ကြည့်လိုက်သည်။

"မင်း လူမှားပြီး ပြောနေတာများလား။"

"ဘာများ ကွာလို့လဲဗျာ..."

လီချင်းဖုန်းသည် အက်ကွဲနေသော လည်ချောင်းကို ရှင်းလိုက်ပြီး ကြောင်တောင်တောင်ဖြင့် မတ်တပ်ရပ်လိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်လုံးက မလှုပ်သလို၊ ပြန်လည်း မပြောကြဘူးလေ။"

"..."

ရှန်းယီ ခဏတာ တိတ်ဆိတ်သွား၏။ အနည်းဆုံးတော့ ဤတပည့်ရင်းက သူ့ကိုယဉ်ကျေးနေတုန်း ရှိပါသေးသည်။

သူ လီချင်းဖုန်းကို ဆွဲမလိုက်ပြီး ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ဖွင့်ကာ ဂိုဏ်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

"ဂိုဏ်းချုပ်ရှန်း။"

လျိုချန်းယွင်သည် ယဉ်ကျေးစွာ လက်ကမ်းပေးပြီး သူတို့နှစ်ဦးကို ရတနာဝေဟင်သင်္ဘောပေါ်သို့ ဖိတ်ခေါ်လိုက်သော်လည်း ချက်ချင်း ခရီးမဆက်သေးပေ။

ထိုအစား သူမခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။

"မသွားခင် ရှင်နဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိနေသေးလို့ပါ။"

"အထောက်တော်လျို... ပွင့်ပွင့်လင်းလင်းသာ ပြောပါ။"

ရှန်းယီ ရတနာဝေဟင်သင်္ဘောပေါ်တွင် ရပ်လျက် သူမဘက်သို့ လှည့်ကြည့်လိုက်၏။

"ဒါဆို ကျွန်မ တည့်ပဲပြောလိုက်မယ်နော်။"

လျိုချန်းယွင် ပြုံးလိုက်ပြီး လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

"ရှင်လည်း သိတဲ့အတိုင်းပဲ၊ နန်ယန်ဂိုဏ်း မတော်တဆမှုဖြစ်ခဲ့တုန်းက နှစ်တွေအများကြီး ကြာခဲ့ပြီဆိုပေမဲ့၊ တချို့ပြဿနာတွေကို ရှောင်လွှဲလို့ရရင်ရှောင်လွှဲတာကောင်းပါတယ်။"

ဤနေရာရောက်တော့ သူမ စကားရပ်လိုက်ပြီး ရှန်းယီကို ကြည့်လိုက်သည်။

"..."

ရှန်းယီသည် ဤကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ရာတွင် ခေါင်းထဲ၌ရှင်းရှင်းလင်းလင်း ရှိလှ၏။

"ပြဿနာ မရှိပါဘူး။ အထောက်တော် သဘောအတိုင်း စီစဉ်နိုင်ပါတယ်။"

ပြောရင်းနှင့် သူသည် နန်ယန်ဝတ်ရုံဖြူကို ချွတ်လိုက်ပြီး သူဝတ်နေကျမင်ရောင်ဝတ်ရုံကို လဲဝတ်လိုက်၏။

ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် ရှိနေသဖြင့် အကာအကွယ်မှော်ဝတ်ရုံကို အမြဲတမ်း အားကိုးနေစရာ မလိုပေ။ အန္တရာယ်ရှိသော အခြေအနေနှင့် ကြုံမှ လဲဝတ်လိုက်လည်း နောက်မကျပါဘူး။

တဖက်လူပြောချင်သည့် အဓိပ္ပာယ်မှာ နန်ယန်ဂိုဏ်းသည် လူတွေကိုပြဿနာရှာပြီး အငြိုးအတေး ထားရှိခဲ့သဖြင့်၊ ဂိုဏ်းပြန်ပေါ်လာသည့် သတင်းပေါက်ကြားသွားပါက မလိုအပ်သော အရှုပ်အထွေးများဖြစ်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သို့သော်လည်း သူ အနည်းငယ် အံ့သြမိ၏။

နားထောင်ရတာ နှစ်ပေါင်းတစ်သိန်းတောင် ကြာခဲ့ပြီကို၊ နန်ဟုန်မှာ ရှိနေတဲ့ရန်သူဆိုသူတွေက အခုထိ ဒီကိစ္စကို လက်မလွှတ်သေးဘူးပေါ့။

ဤအရာအပြင် သူတို့ ကိုယ်ပိုင်အင်အားနည်းနေတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

"ဂိုဏ်းချုပ်ရှန်းက နားလည်ပေးနိုင်တော့ ကောင်းတာပေါ့။"

လျိုချန်းယွင်သည် ဤလူငယ်လေးအပေါ် ပို၍ပင် သဘောကျ ကျေနပ်လာမိသည်။

ပါရမီအလွန်မြင့်မားပြီး အစီအရင်ပညာ ကျွမ်းကျင်ရုံသာမက၊ မည်သည့်အချိန် ရှေ့တိုးရမည် မည်သည့်အချိန် နောက်ဆုတ်ရမည်ဆိုတာလည်း ကောင်းကောင်း နားလည်၏။

အမြော်အမြင်အနည်းငယ်နည်းသည်ကလွဲရင် ကျန်တာ အပြစ်ပြောစရာ မရှိသလောက်ပင်။

အကယ်၍သာ သူသည် ချင်းယွဲ့ဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့လျှင် သေချာပေါက် အနာဂတ် တောက်ပမည့်သူ ဖြစ်သည်။

သူမ အစောပိုင်းက ပြောခဲ့သည်များမှာ လိမ်ညာခြင်း မဟုတ်ပေ။

နန်ဟုန်တစ်ခုလုံးသည် ရေနေသတ္တဝါမျိုးနွယ်စုများ၏ထိန်းချုပ်မှုအောက်တွင် ရှိနေတာ ဖြစ်သည်။ သတင်းပေါက်ကြားသွားပါက ထိုလူကြီး၏နားထဲသို့ အလွယ်တကူ ရောက်ရှိသွားနိုင်လေ၏။

သို့သော် စီနီယာလီရွှမ်ချင်းပင် ယခုထိ အသက်ရှင်နေသေးသည်ကို ထောက်ဆလျှင်၊ တဖက်လူက နန်ယန်ဂိုဏ်းကို ဂရုမစိုက်တော့တာလည်း ဖြစ်နိုင်သည်။

အဓိက အကြောင်းရင်းကတော့... ရှန်းယီက နန်ယန်ဂိုဏ်းချုပ်ဖြစ်ကြောင်း ပြင်ပလောကကို လျိုချန်းယွင် တကယ်ပဲ ကြေညာလို့ မဖြစ်နိုင်သေးသောကြောင့်ပင်။

နန်ဟုန်သားတော်ခုနစ်ပါးထဲမှ မည်သည့်ဂိုဏ်းချုပ်ကများ တာအိုပေါင်းစည်းခြင်းအဆင့် မြေအင်မော်တယ်မဟုတ်ဘဲ နေသနည်း။

ရုတ်တရက်ကြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းပထမအဆင့် ဂိုဏ်းချုပ်တစ်ယောက် ပေါ်လာမည်ဆိုလျှင်၊ ရှန်းယီအတွက် အရှိန်အဝါမရစေမည့်အပြင် နန်ဟုန်သားတော်ခုနစ်ပါးပါ တိတ်တဆိတ် လှောင်ပြောင်ခံရမည့် ကိန်းဆိုက်သွားနိုင်ပေသည်။

All Chapters