ညစာအတွက် အဆင်သင့်
Vol. 44 Ch. 436
"ဒါဆို အပြင်ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဟောင်းတွေလို့ပဲ ခေါ်ကြတာပေါ့"
ရှန်းယီက ပြောလိုက်ပြီး ရတနာဝေဟင်သင်္ဘောကို စီမံခန့်ခွဲနေရင်း သူမကို အထဲသို့ဝင်ရောက်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ရှန်းယီက မျက်နှာသာပေးလာသဖြင့် လျှိုချန်းယွမ် သည်လည်း သူ့ကိုလျစ်လျူရှုမထားဘဲ လှေဦးတွင် ယဉ်ကျေးစွာမတ်တတ်ရပ်လျက် ရှန်းယီအား ဟုန်ကျယ်ဒေသအကြောင်း စတင် မိတ်ဆက်ပေးလေသည်။
"ဝမ်ယန်မှာ ပုန်းကွယ်နေတဲ့နဂါးတွေ ရှိတယ်၊ ရေနေသတ္တဝါမျိုးနွယ်တွေက ဦးဆောင်ပြီး ဟုန်ကျယ်ဒေသရဲ့ရေမြေတွေကို ထိန်းချုပ်ထားကြတာ"
"ဒါပေမဲ့ ဒီနေရာက ကောင်းကင်ဘုံခုံရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတုန်းပဲ"
"ဒါကြောင့် ကောင်းကင်ခုံရုံးက မသေမျိုးတွေ ဆင်းသက်လာပြီး ဟုန်ကျယ်ကို စီမံအုပ်ချုပ်ဖို့ အမိန့်ပြန်တမ်းတွေ ယူလာတဲ့အခါ၊ မသေမျိုးတွေက လူ့လောကအရေးကို စိတ်မဝင်စားကြလို့ ဒီနေရာက မူလအတိုင်းဆက်ရှိနေပြီး ရေနေသတ္တဝါတွေကို အထွတ်အမြတ်ထားကြတာပေါ့"
"နန်ဟုန်သားတော်ခုနစ်ပါးဆိုတာ သူတို့ဘာသာသူတို့တော့ အင်အားကြီးတွေလို့ယူဆရတယ်။ တာအိုပေါင်းစည်းခြင်း အဆင့်ရှိတဲ့ မြေအင်မော်တယ် ခုနစ်ပါးရဲ့ကာကွယ်စောင့်ရှောက်မှုကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတာ၊ မပျက်စီးသလောက် ခိုင်မာပြီးလောကီရေးရာတွေထက် သာလွန်တယ်လို့ဆိုကြတယ်"
လျှိုချန်းယွမ်သည် ချင်းယွဲ့ဂိုဏ်း၏ အထောက်တော်တစ်ဦး ဖြစ်သည်။
သူမ၏စကားများအရ နန်ဟုန်သားတော်ခုနစ်ပါးသည် အဆင့်အတန်းမြင့်မားပြီး ဒေသတစ်ခုကို အာဏာစက် လွှမ်းမိုးထားသူများ ဖြစ်သည်။
ရှန်းယီနှင့် လီချင်းဖုန်းတို့သည် တိတ်ဆိတ်စွာ နားထောင်နေပြီး ရံဖန်ရံခါအကြည့်ချင်းဖလှယ်လိုက်ကြ၏။
နှစ်ယောက်စလုံးက လူသစ်တွေ မဟုတ်ကြပေ။
လျှိုချန်းယွမ်၏ စကားများထဲမှ ပိုမိုချဲ့ကားပြောဆိုထားမှုများကို သူတို့ အလွယ်တကူ ဖယ်ထုတ်၍နားလည်နိုင်သည်။
ဇာတ်လမ်းများကို ဘယ်လောက်ပဲ မွမ်းမံထားပါစေ၊ဤနေရာတွင် နတ်ဆိုးများအားအထွတ်အမြတ်ထားသည်ဆိုသော အချက်ကိုတော့ပြောင်းလဲ၍ မရနိုင်ပေ။
လောကီရေးရာထက် သာလွန်သည်ဟု ပြောသည်မှာ နန်ဟုန်ဒေသအတွင်းမှာသာ ဖြစ်ပြီး၊ ပိုမှန်ကန်စွာပြောရလျှင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိပေမဲ့ နယ်မြေချဲ့ထွင်နိုင်စွမ်း မရှိဘူးလို့ ပြောရပေမည်။
သို့သော် ရှန်းယီသည် အထင်သေးသည့် အရိပ်အယောင် လုံးဝမပြခဲ့ပေ။
လျှိုချန်းယွမ်က ကောင်းကင်ခုံရုံးအကြောင်း ထပ်ပြောခဲ့သလို မသေမျိုးများအကြောင်းလည်း ထည့်ပြောခဲ့သည်။
သူမသည် သာမန်အရပ်သား မဟုတ်ပေ၊ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် တတိယအလွှာသို့ ရောက်ရှိနေသောကြောက်မက်ဖွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူမ ရည်ညွှန်းပြောဆိုသော မသေမျိုးများ ဆိုသည်မှာ အစစ်အမှန်ဖြစ်လောက်သည်။
မသေမျိုးတစ်ပါးစောင့်ကြည့်နေသော နေရာမျိုးတွင် ကိုယ့်ကိုယ်ကိုယ်လုံလောက်စွာကာကွယ်နိုင်ခြင်းသည်ပင်လျှင် ထူးခြားသော စွမ်းဆောင်ရည်တစ်ခု ဖြစ်နေပြီ။
"မသေမျိုးတွေ..."
ရှန်းယီ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရတနာဝေဟင်သင်္ဘောအောက်သို့ ငုံ့ကြည့်လိုက်သည်။
ရွှေလင်းတနတ်စွမ်းရည်၏ အကူအညီဖြင့် မြူခိုးများအောက်ရှိ မြေပြင်ကို သူမြင်လိုက်ရသည်။ ရေနှင့်ကုန်းမြေ ရောထွေးနေပြီး သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေနေသော်လည်း လူနေအိမ်ခြေ အရိပ်အယောင်ကိုမူ မတွေ့ရသလောက်ပင်။
လူအများစုသည် ချင်းယွဲ့ဂိုဏ်းကဲ့သို့သော တာအိုပေါင်းစည်းခြင်း သုခဘုံများအတွင်း၌သာ နေထိုင်ကြပုံရသည်။
အပြင်ဘက်တွင် လှည့်လည်သွားလာနေသော သတ္တဝါများသည်လည်း ခိုင်မာသော အင်အားစုအဖြစ် ဖွဲ့စည်းထားခြင်းမရှိပေ။
အကယ်၍ မဟာချန်နိုင်ငံကဲ့သို့ ပွင့်လင်းစွာ နေထိုင်ပြီး အန္တရာယ်ကင်းကင်းရှိနေနိုင်သော အဖွဲ့အစည်းမျိုးရှိခဲ့လျှင်၊ သူတို့၏ကျောထောက်နောက်ခံသည် နန်ဟုန်သားတော်ခုနစ်ပါးထက် အဆင့်တစ်ဆင့် ပိုမြင့်မားရပေမည်။
"ဒီနေ့ ငါတို့တက်ရောက်မယ့် မွေးနေ့ပွဲက ဒီနားတဝိုက်မှာ နာမည်ကြီးတဲ့ လွတ်လပ်ကျင့်ကြံသူတစ်ဦးက ကျင်းပတာပါ၊ သူ့ကို အရှင်လင်းယွင်လို့ ခေါ်တယ်"
"သူ့ကျင့်ကြံခြင်းအဆင့်က ကျွန်မနဲ့ ဆင်တူပါတယ်၊သူ မွေးနေ့ပွဲ လုပ်တိုင်း ကျွန်မတို့ဆီ ဖိတ်စာ အမြဲပို့လေ့ရှိတယ်၊ ဒါပေမဲ့ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပါဘူး"
လျှိုချန်းယွမ်က ပါးစပ်ကိုအုပ်၍ ရယ်မောလိုက်ပြီး "ဒီတစ်ခါတော့ ကျွန်မလည်း အားနေတာနဲ့ မိတ်ဆွေရှန်းကို ခေါ်ပြီး သွားကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ" ဟု ပြောလေသည်။
အမှန်တကယ်တော့ သူမ ရှန်းယီကို ဖိတ်ခေါ်ရခြင်း၏အကြောင်းရင်းမှာ နန်ဟုန်သားတော်ခုနစ်ပါး၏အင်အားကို ပြသလို၍ ဖြစ်သည်။ သို့မဟုတ်ပါက ယမန်နေ့က အကြီးအကဲယန်၏ စွမ်းဆောင်ရည်ကြောင့် ဤလူများက သူတို့ကိုလျှော့တွက်သွားနိုင်သည်။
"..."
လီချင်းဖုန်းသည် ရတနာဝေဟင်သင်္ဘောထောင့်တွင် ငုံးလေးတစ်ကောင်လို ထိုင်နေပြီး ထိုစကားဝိုင်းထဲသို့ ဝင်ရောက်ပြောဆိုရဲခြင်းမရှိပေ။
သူက ပေါင်းသင်းဆက်ဆံရေး ကောင်းသူဖြစ်သော်လည်း သူ့ထင်မြင်ချက်ကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ပြောရဲသည်အထိ မမိုက်မဲပေ။
ကျင့်ကြံခြင်းအဆင့် တူညီတယ်တဲ့လား... ဒါဆိုရင် ဟင်းလင်းပြင်အဆင့် တတိယအလွှာပေါ့။
နန်ယန်ဂိုဏ်းအတွင်းမှာဆိုရင် ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသည့် ခွေးအိုကြီးတစ်ကောင်က လူသားမျိုးနွယ်ကို အနိုင်ကျင့်နေသည်မှာ နှစ်ပေါင်းတစ်သိန်းနီးပါး ရှိနေပြီဖြစ်၏။
သို့သော် လျှိုချန်းယွမ် ပြောပုံအရဆိုလျှင် အရှင်လင်းယွင်ဆိုသူက အထက်ကို တက်လှမ်းဖို့ မျက်နှာလိုမျက်နှာရလုပ်သော်လည်း တိုက်ရိုက် လျစ်လျူရှုခံရသည့် သနားစရာ လွတ်လပ်ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရသည်။
ရှန်းယီသည် ဤသတင်းအချက်အလက်ကို တိတ်တဆိတ် သုံးသပ်လိုက်၏။
ရေနေသတ္တဝါများကို အထွတ်အမြတ်ထားသည်လော။ မည်မျှပင် ကောင်းအောင်ပြောစေ၊ ၎င်းတို့သည် နတ်ဆိုးများပင် မဟုတ်လော။ ဆိုလိုသည်မှာ သူ့ခွန်အားသာတိုးတက်လာလျှင် သူဘယ်တော့မှ အစားအစာပြတ်လပ်တော့မည် မဟုတ်တော့ပေ။သို့သော် သူ သိုသိုသိပ်သိပ်နေရဦးမည်။
တိတ်တဆိတ်ချမ်းသာလာအောင် လုပ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။
သူသည် အောက်ဘက်ရှိ မြေပြင်ကိုစိုက်ကြည့်ရင်း လမ်းကြောင်းကို မှတ်ဉာဏ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်၏။ ထိုမှသာ နောင်တစ်ချိန် အမဲလိုက်ထွက်ပြီးအောင်မြင်သည့်အခါ နန်ယန်ဂိုဏ်းသို့ပြန်သွားမည့်လမ်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။
နန်ဟုန်ဒေသသည် ရှန်းယီ ထင်ထားသည်ထက် ပိုကြီးမားကြောင်း သူ ဝန်ခံရမည်။
ရတနာဝေဟင်သင်္ဘောကို စီးနင်း၍ နန်ယန်ဂိုဏ်းမှ ချင်းယွဲ့ဂိုဏ်းသို့ သွားရောက်ရာတွင် အမွှေးတိုင်တစ်တိုင်စာသာ ကြာမြင့်ခဲ့သည်။ ဤခရီးသည် ဟင်းလင်းပြင်အဆင့် စွမ်းရည်ဖြင့်သာ ဖြတ်သန်းနိုင်ခြင်း ဖြစ်သည်။ သို့သော် ယခု နှစ်နာရီခန့် ကြာမြင့်ပြီးသည့်တိုင် သူတို့ဦးတည်ရာသို့ မရောက်ရှိသေးပေ။
ဒီလောက် ဝေးကွာတဲ့ နေရာကို အနီးအနားလို့ ခေါ်တယ်ပေါ့။
ထိုအချိန်မှာပင် လျှိုချန်းယွမ်သည် ရှန်းယီ၏ အတွေးများကို ဖြတ်တောက်လိုက်ပြီး အောက်ဘက်ရှိ ပြာလဲ့နေသောရေကန်တစ်ခုကို ပြုံးလျက် ညွှန်ပြလိုက်၏။
"မိတ်ဆွေရှန်း... ဟိုနေရာကို ကြည့်လိုက်၊ အဲဒါကို ခရမ်းရောင်သစ်ခွကန်လို့ ခေါ်တယ်၊ ခရမ်းရောင် သစ်ခွနတ်သမီးရေချိုးတဲ့ နေရာလေ"
"နောက်တစ်ခါ နေ့ကောင်းရက်သာကျရင် ခရမ်းရောင်သစ်ခွနတ်သမီး ရေချိုးတာကို ကြည့်ဖို့ ရှင်တို့ကိုဖိတ်ခေါ်ပါ့မယ်၊ တကယ့်ကို ရှားပါးတဲ့ မြင်ကွင်းတစ်ခုပါပဲ"
ရှန်းယီက နန်ယန်ဂိုဏ်းမှ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး လျှိုချန်းယွမ်က အမြန် ထပ်ပြောလိုက်၏။
"ခရမ်းရောင်သစ်ခွနတ်သမီးက လူသားမျိုးနွယ် မဟုတ်ပါဘူး၊ ဟုန်ကျယ်ဒေသက ရေနေသတ္တဝါမျိုးနွယ်ပါ၊ သူမက အပြည့်အဝရင့်ကျက်နေပြီဖြစ်လို့ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ကျောက်စိမ်းဖြူမြို့တော်က ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်နေပါပြီ"
"အင်း... ကျေးဇူးပါပဲ"
ရှန်ယီ တကယ်ကို စိတ်ဝင်စားသွားသည်။ အကယ်၍ သူသာ ကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့လျှင် ကောင်းကင်ဘုံသို့နဂါးကခုန်ခြင်းအကြောင်း သူ့နားလည်မှုကို ပိုမို နက်ရှိုင်းစေနိုင်ကောင်းသည်။
သူတို့ စကားပြောနေစဉ်မှာပင် ရတနာဝေဟင်သင်္ဘောသည် အောက်ဘက် မြေပြင်သို့ ရုတ်တရက် နိမ့်ဆင်းသွား၏။
"မိတ်ဆွေရှန်း... ကျွန်မတို့ လင်းယွင်ဂူ ကို ရောက်ပါပြီ"
လျှိုချန်းယွမ်သည် သူမ၏ အဝတ်အစားများကို သပ်ရပ်အောင်ပြုလုပ်လိုက်ပြီး ရှန်းယီကို ခေါင်းညိတ်ပြကာ ဂရုမစိုက်သော အမူအရာကို ပြန်လည် ဖမ်းယူလိုက်သည်။
သူမသည် သင်္ဘောပေါ်မှ အေးဆေးစွာ ဆင်းလိုက်ပြီး လက်ထဲမှရွှေရောင်ဖိတ်စာတစ်စောင်ကို ထုတ်ယူကာ ဂူဝရှိ လူရိပ်ထံသို့ပစ်ပေးလိုက်သည်။
"ကျွန်မနဲ့ ကျွန်မမိတ်ဆွေ အလည်လာတာပါ"
လီချင်းဖုန်းက အဖြစ်အပျက်အားလုံးကို မြင်တွေ့နေရပြီး၊ သူတို့နှစ်ယောက်သာ မပါလျှင် သူမအနေဖြင့် ဤစကားအနည်းငယ်ကိုပင်ပြောလိမ့်မည် မဟုတ်ဟု ခံစားလိုက်ရသည်။
သို့သော် သူ့ကို ပို၍မှင်သက်သွားစေသည်မှာ ဂူဝရှိ လူရိပ်ပင် ဖြစ်သည်။ ထိုအရာမှာ ၃ မီတာကျော် မြင့်မားသော၊ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူနှင့် မတိမ်းမယိမ်း အရှိန်အဝါရှိသော သမင်နတ်ဆိုး တစ်ကောင် ဖြစ်နေခြင်းပင်။
"ငါတို့က... နတ်ဆိုးတစ်ကောင်ရဲ့မွေးနေ့ပွဲကို လာကြတာလား”
ရှန်းယီလည်း ခဏမျှတိတ်ဆိတ်သွားသော်လည်း စကားသိပ်မပြောပေ။
သူက နတ်ဆိုးသတ်ဖြတ်ရာတွင် ထူးချွန်သော်လည်း စိတ်လိုက်မာန်ပါမလုပ်တတ်ပေ။ နန်ယန်ဂိုဏ်း၏ပြင်ပဖြစ်သော ဤနေရာတွင် လူနှင့် နတ်ဆိုး ယှဉ်တွဲနေထိုင်ပုံက ကွဲပြားခြားနားနိုင်သည်။
သူ နည်းနည်းလောက် ဆက်ကြည့်ရဦးမည်။
ထိုအချိန်တွင် သမင်နတ်ဆိုးသည် ဖိတ်စာကို ကောက်ယူရန် ကိုးရိုးကားရားကုန်းလိုက်၏။ လီချင်းဖုန်း၏တီးတိုးရေရွတ်သံကို ကြားလိုက်ရသည့်အခါ ၎င်း၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အတွင်းစိတ်မှမုန်းတီးမှုကို ဖုံးကွယ်ရန် အသည်းအသန်ကြိုးစားလိုက်သည်။
သို့သော် ၎င်း၏မျက်နှာပေါ်တွင်မူ ဝမ်းသာအားရ ဖြစ်နေသည့် ပုံစံ ပေါ်လွင်နေဆဲပင်။