← Chapters

နန်ယန်ဂိုဏ်းမှ ထွက်ခွာပြီးနောက် ပထမဆုံးစားသည့် အစားအစာ

Vol. 44 Ch. 439

နန်ယန်ဂိုဏ်းမှ ထွက်ခွာပြီးနောက် ပထမဆုံးစားသည့် အစားအစာ

Vol. 44 Ch. 439

ထိုခဏခြင်းမှာပင် ဒုတိယထပ်မှထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း"

ကြောက်ရွံ့တုန်လှုပ်နေသော ဧရာမ ဇီးသီးပန်းသမင်နတ်ဆိုးကြီးတစ်ကောင်သည် ပုတီးစေ့ခန်းဆီးနောက်မှ ပြေးထွက်လာသည်။ ၎င်းသည် အောက်ထပ်မှဆူညံသံကို ကြားသည်နှင့် တစ်ပြိုင်နက် သိုလှောင်ရုံစင်္ကြံလမ်းမှနေ၍ မဆိုင်းမတွ အပြေးအလွှား ပြန်လာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ၎င်းမှာကျောက်ရုပ်ကဲ့သို့ အေးခဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

၎င်းအပင်ပန်းခံကာ ခက်ခက်ခဲခဲဖိတ်ကြားထားရသော အဖိုးတန်ဧည့်သည်တော်မှာ ယခုအခါ မြေပြင်ပေါ်တွင် သနားစဖွယ်လဲကျနေပြီး၊ မျက်နှာတစ်ခုလုံးတွင် ပြည်ပုပ်များနှင့် သွေးများဖြင့် ဖုံးလွှမ်းလျက် အသည်းအသန် ရုန်းကန်နေရသည်ကို မြင်လိုက်ရ၏။

ဒါက တကယ့်ကို အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေပဲ။ အဲဒီဖားပြုတ်ကြီးက ရုပ်ဆိုးပြီး ငါးနဂါးတွေနဲ့ မယှဉ်နိုင်ရင်တောင်မှ သူက ဟုန်ကျယ်ရေနေမျိုးနွယ်စုဝင် တစ်ယောက်လေ။

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ ကောင်လေး"

အရှင်လင်းယွင် သည် တုန်လှုပ်ချောက်ချားကာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး ရှန်းယီ၏နောက်ခံက မည်သည့်အရာဖြစ်သည်ကိုပင် ထည့်မစဉ်းစားတော့ပေ။ ဤနေရာတွင် ရေနေမျိုးနွယ်စုထက် ပိုကြီးမားသောနောက်ခံဟူ၍ မရှိပေ။

"မင်းရဲ့နတ်စွမ်းရည်တွေကို ရုပ်သိမ်းပြီး ငါ့ရဲ့လင်းယွင်လှိုဏ်ဂူထဲကနေ အခုချက်ချင်း ထွက်သွားစမ်း၊မဟုတ်ရင် မင်းရဲ့ခွေးအသက်ကို ငါ အခုပဲ နုတ်ပစ်မယ်"

ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် အရှင်လင်းယွင်သည် အထောက်တော်လျို၏ မျက်နှာကို ထောက်ထားသောအားဖြင့် နှစ်ဖက်စလုံးကို မထိခိုက်စေရန် ထိန်းသိမ်းကာ တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုဘဲ နှင်ထုတ်ရန်သာ ကြိုးစားနေဆဲဖြစ်သည်။

အရင်ဆုံး သူ့ကိုအပြင်ထုတ်လိုက်မယ်၊ ပြီးမှ စကားပြောမယ်။

နောက်ပိုင်း ဘာဖြစ်လာမည်ဆိုသည်ကိုတော့ ရေနေမျိုးနွယ်စုနှင့် နန်ဟုန်သားတော်ခုနစ်ပါးသို့သာ ငြိမ်သက်စွာဖြေရှင်းခိုင်းမည်။

"..."

ခွေးအသက်။

ယင်းစကားကိုကြားသောအခါ ကျန်းလေ့ဖူက ၎င်းကို တိတ်ဆိတ်စွာတစ်ချက်ကြည့်လိုက်၏။

"ဒါက..."

လျိုချန်းယွင်သည် အရှင်လင်းယွင်နှင့်အတူတူပင် ထွက်ပေါ်လာပြီး၊ သူမ၏အလျင်စလို ပုံစံအရ သူမ အလွန်စိုးရိမ်နေကြောင်း သိသာနေသည်။ သို့သော် ရှန်းယီ အရှက်ခွဲခံရလိမ့်မည်ဟူသော သူမ၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် လက်ရှိမြင်ကွင်းကြောင့် သူမခဏမျှ မှင်တက်သွားရသည်။

အောက်က အခြေအနေအရဆိုရင်...

ရှန်းယီကသာ ဤနတ်ဆိုးကျင့်ကြံသူတစ်စုလုံးကို လှိုဏ်ဂူထဲမှာ ပိတ်လှောင်ထားသလို ဖြစ်နေသည်။

သူမ ဘာဖြစ်တာလဲလို့ မေးချင်သော်လည်း ဘယ်ကနေ စမေးရမှန်းမသိအောင် ဖြစ်နေရ၏။

"အထောက်တော်လျို၊ ခင်ဗျားက ခင်‌ဗျားလူကို မထိန်းတော့ဘူးလား"

ဤအချိန်တွင် အရှင်လင်းယွင်သည် အရင်ကလို ဖားနေရန်မတတ်နိုင်တော့ဘဲ ချက်ချင်းပင် ရန်လိုသောအမူအရာ ပြောင်းလဲသွား၏။ နန်ဟုန်သား‌တော်ခုနစ်ပါးကို စိတ်ဆိုးအောင်လုပ်မိလျှင် အခြားတစ်နေရာတွင် ပုန်းလို့ရသေးသည်။ သို့သော် ရေနေမျိုးနွယ်စုကိ စိတ်ဆိုးအောင်လုပ်မိလျှင်တော့ ဟုန်ကျယ်နယ်မြေတစ်ခုလုံးတွင် ခိုကိုးရာရှိမှာ မဟုတ်တော့ပေ။

"သူကတော့ လူမိုက်မို့လို့ ဘာမှမသိဘူးထားပါတော့၊ အထောက်တော်လျို... ခင်ဗျားလည်း ဒါကို မသိဘူးလား"

"..."

လျိုချန်းယွင် ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ မှတ်မိသလောက်ဆိုလျှင်လမ်းတွင် ရှန်းယီကို ဤအကြောင်းအရာများ ရှင်းပြခဲ့ပြီးသားဖြစ်သည်။

သို့သော် သူမ ခဏမျှ တုံ့ဆိုင်းနေစဉ်အတွင်းမှာပင် ရှန်းယီသည် သူ့ပစ်မှတ်ကိုရွေးချယ်ပြီးပုံရကာ သူရှိနေသော နေရာမှရုတ်တရက် ပျောက်ကွယ်သွား၏။

လိမ့်တက်လာသော ရွှေရောင်မီးတောက်များက လူတိုင်း၏အမြင်အာရုံကို ဝါးတားတားဖြစ်သွားစေပြီး၊ ပူပြင်းလှသော အပူရှိန်ကြောင့် မြင်မြင်သမျှ အရာအားလုံး တုန်ခါနေသလိုခံစားရသည်။

ဗုံး

နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူတောင့်တင်းသော ခန္ဓာကိုယ်ကြီးတစ်ခုသည် ရွှေရောင်မီးတောက်များထဲမှ လွင့်ထွက်လာသည်။

နွားအိုကြီး၏မျက်နှာမှာ ရှုံ့မဲ့နေပြီး၊ ရွှေရောင်အတောင်ပံများဖြင့် မီးတောက်ထဲမှခုန်ထွက်လာသောအမည်းရောင်ပုံရိပ်က သူ့ရင်ဘတ်ကို အရှိန်ဖြင့် နင်းချလိုက်သည်ကို ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။

ဂျွတ်ခနဲ...

ထိုဖိနပ်အောက်တွင် နွားအိုကြီး၏ရင်ညွန့်ရိုးသည် ချက်ချင်းပင် အတွင်းသို့ချိုင့်ဝင်သွား၏။

ရှန်းယီက သူ့ကိုပြန်လည်ခုခံရန် အခွင့်အရေး လုံးဝမပေးပေ။

ကောင်းကင်ဘုံဖီးနစ်ထာဝရမူခန္ဓာကိုယ်၏ ကြံ့ခိုင်သောစွမ်းအားကို အသုံးပြုကာ၊ သူသည် နွားအိုကြီးကို အငိုက်ဖမ်း၍တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

သူ၏ညာဘက်လက်ဝါးကို ဆန့်ထုတ်လိုက်သည်နှင့် တာအိုနန်းတော်သည် သူ့မျက်ခုံးကြားမှ ပွင့်ထွက်လာခဲ့၏။

ကျဉ်းမြောင်းသောလှိုဏ်ဂူအတွင်းတွင် အနန္တအင်ပါယာနတ်ဆိုးနန်းတော်ကို အပြည့်အဝမဖော်ဆောင်နိုင်သော်လည်း၊ ၎င်း၏တစ်စိတ်တစ်ပိုင်းမျှပင် ကျောက်စံအိမ်တစ်ခုလုံးကို ကြက်သွေးရောင် အလင်းများဖြင့် လွှမ်းခြုံသွားစေသည်။

နတ်ဆိုးအပေါင်းအရိုအသေပေးခြင်း၊ ပုံရိပ်ယောင်ထိုးဖောက်ခြင်း။

နွားအိုကြီးတွင် မည်သည့်အသက်ကယ် လှည့်ကွက်များ ရှိသနည်းဆိုသည်ကို ရှန်းယီ မသိသဖြင့်၊ သူ၏တိုက်ခိုက်မှုသည် အသေအချာသေစေနိုင်ရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်။

သွေးနီရောင်လျှပ်စီးများက တာအိုနန်းတော်မှ တဖြောက်ဖြောက်မြည်ကာ ထွက်ပေါ်လာပြီး နွားနတ်ဆိုးကို ရစ်ပတ်လိုက်သည်။

ထိုစဉ်မှာပင် ရှန်းယီသည် သွေးနီရောင်လျှပ်စီးများထဲသို့ ထပ်မံတိုးဝင်သွားပြန်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်မီးတောက်များသည် လက်မောင်းများဆီသို့ စုစည်းသွားကာ၊ သူ၏ ကျယ်ပြန့်သောဝတ်ရုံစများမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေစဉ် သူ၏လက်ကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဖောက်ခနဲ

သူ၏လက်သီးကို လှံတစ်စင်းကဲ့သို့၊ သူ၏ ခန္ဓာကိုယ်ကိုဓားတစ်စင်းကဲ့သို့ အသုံးပြုကာ...

ရှန်းယီသည် တောက်ပသော ရွှေရောင်ကိုယ်ထည်အဖြစ်ပြောင်းလဲသွားပြီး နွားအိုကြီး၏ကိုယ်ထည်ကို အလယ်မှထိုးဖောက်သွားသည်။

ထိုသတ္တဝါကြီး၏ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပေါက်ကြီးတစ်ပေါက် ကျန်ရစ်ခဲ့၏။

နွားနတ်ဆိုးကို ဖြတ်ကျော်ပြီးနောက် သူသည် သွေးနီရောင်လျှပ်စီးများထဲမှထွက်လာကာ နတ်ဆိုးအမြုတေကို လက်စွပ်ထဲသို့ ထည့်လိုက်သည်။

သာမန်အထည်ဖြင့် ချုပ်လုပ်ထားသော သူ၏အမည်းရောင်ဝတ်ရုံမှာ ယခုအခါသွေးများဖြင့် စိုရွှဲနေသော်လည်း၊ သူ၏ဖြူဖွေးသော အသားအရေပေါ်ရှိ သွေးစွန်းမှုများကိုတော့ ရွှေရောင်မီးတောက်များက ချက်ချင်းပင် လောင်ကျွမ်းဖျောက်ပစ်လိုက်သည်။

သူ၏မျက်ခုံးများက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး၊ သူ၏အကြည့်များက ကျန်ရှိနေသော နတ်ဆိုးသုံးကောင်ဆီသို့ အေးစက်စွာ ရောက်ရှိသွားသည်။

ထိုအချိန်မှသာ နွားအိုကြီး၏အလောင်းမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ မြည်ကာ လဲကျသွားတော့သည်။

"..."

"နွား... အိုကြီး..."

အရှင်လင်းယွင်၏မျက်လုံးများ ပြူးကျယ်သွားပြီး၊ စကားအနည်းငယ် ပြောနေသည့် အချိန်အတွင်းမှာပင် သူ၏ချစ်လှစွာသော ညီအစ်ကိုတစ်ယောက် ဆုံးရှုံးသွားရသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

ဖားပြုတ်ကြီးမှာလည်း အသက်ရှူရခက်ခဲနေပြီး၊ ခွေးအိုကြီးက ၎င်း၏လက်သည်းများဖြင့် အဆက်မပြတ်ရိုက်ပုတ်နေသောကြောင့် မြေပြင်ပေါ်တွင်မြဲမြံစွာ ဖိထားခြင်း ခံနေရသည်။ ခွေးလက်သည်းများဖြင့် ပြိုင်ဘက်ကို အရိုးစုဖြစ်အောင် ကုတ်ဖဲ့ပစ်တော့မည့်အလားပင်။

လျိုချန်းယွင်သည် ဝတ်ရုံနက်ဝတ်ထားသော လူငယ်လေးကိုမှင်တက်ကာ စိုက်ကြည့်နေမိ၏။

သူ၏ချောမောသော မျက်နှာမှာ တည်ငြိမ်နေပုံရသော်လည်း၊ သူ၏အရိုးထဲအထိ စိမ့်ဝင်နေသော ပြင်းထန်လှသည့် သတ်ဖြတ်ခြင်းများက ထင်ဟပ်နေသည်။

ဒါ... ဒါက ဘာကို ဆိုလိုတာလဲ။

ဝတ်ရုံဖြူကို ဝတ်ရုံနက်နဲ့ အစားထိုးလိုက်ရုံတင်မကဘဲ လူပါပြောင်းလဲသွားတာလား။

ယခင်က ချင်းယွဲ့ဂိုဏ်းတွင် သူပြခဲ့သည့် ယဉ်ကျေးပျူငှာပြီး နူးညံ့သိမ်မွေ့သောအမူအရာများက တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသလိုဖြစ်နေ၏။

တစ်ကိုယ်လုံးနှင့်သွေးစွန်းနေသော လက်များဖြင့် သားသတ်သမားတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး၊ သူမကိုယ်တိုင်ပင် သူ့ကိုမြင်ရတာ အနည်း ငယ်ကြောက်လန့်သွားမိသည်။

ဒီလောက် ထူထပ်တဲ့သတ်ဖြတ်ခြင်းအငွေ့အသက်တွေဖြစ်လာဖို့ သူ ဘယ်နှယောက်တောင် သတ်ခဲ့ရတာလဲ။

ကြည့်ရတာ... ပျက်စီးသွားတဲ့ ချန်းယွမ်နယ်မြေရဲ့ အမွေအနှစ်တွေထဲကနေ ရုန်းထွက်လာနိုင်ပြီး၊ အဲဒီလူတွေကဂိုဏ်းချုပ်အဖြစ် တလေးတစားနာခံနေကြတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ရိုးရိုးယဉ်ကျေးတဲ့ လူကြီးလူကောင်းတစ်ယောက်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးပဲ။

"ခင်ဗျား ဝင်မတားတော့ဘူးလား"

လျိုချန်းယွင်၏နားထဲသို့ အရှင်လင်းယွင်၏ ဟိန်းဟောက်သံများ ဝင်ရောက်လာသည်။ ဇီးသီးပန်းသမင်နတ်ဆိုးကြီးသည် အရှက်မဲ့စွာဒေါသတကြီးအော်ဟစ်လိုက်၏။ "ဒါဆိုရင်လည်း ငါ့ဘာသာငါပဲ ရှင်းတော့မယ်"

သူမ အနည်းငယ် ကြောင်အမ်းသွား၏။

ရှင်းမယ်။ ဘယ်သူက ဘယ်သူ့ကိုရှင်းမှာလဲ။ ရှန်းယီက ချင်းယွဲ့ဂိုဏ်းက မဟုတ်တာကိုထားပါဦး၊ နန်ဟုန်သားတော်ခုနစ်ပါးသာ အမှန်တကယ် တစ်သားတည်းဖြစ်ခဲ့မယ်ဆိုရင်တောင် အဆင့်အတန်းနဲ့မျိုးဆက်အရ သူကစစ်မှန်တဲ့ ဂိုဏ်းချုပ် တစ်ယောက်လေ။

လျိုချန်းယွင်က ခေါင်းခါလိုက်သည်။

သူမအောက်ထပ်ရှိ သမင်နတ်ဆိုးဆီသို့ ခုန်ဆင်းသွားသည့် တစ်ခဏမှာပင်၊ သူမ၏လက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ ဓားရှည်တစ်စင်း သူမ၏လက်ထဲတွင် ပေါ်လာ၏။

သူမ မျက်ခုံးကြားရှိ တာအိုနန်းတော်မှ စွမ်းအင်အားလုံးသည် ဓားသွားဆီသို့ စီးဝင်သွားသည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဆုံးမဲ့ ဓားနယ်မြေအဖြစ် ပြောင်းလဲသွားသလို ခံစားရပြီး၊ အရာအားလုံးမှာထက်မြက်သော အဖြူရောင်အလင်းတန်းများဖြင့်ဖုံးလွှမ်းသွားကာ ဓားသံများ တညံညံထွက်ပေါ်လာသည်။

သူမ၏လက်ဝါး ရိုက်ချလိုက်သောအခါ အဖြူရောင်အလင်းအားလုံးသည် တစ်နေရာတည်းသို့ စုစည်းသွားပြီး သမင်နတ်ဆိုး၏နှလုံးသားပေါ်သို့ ကျရောက်သွားသည်။

စွပ်

အရှင်လင်းယွင်သည် သူ၏နှလုံးသားကို ထိုးဖောက်သွားသော ရုတ်တရက်နာကျင်မှုကြောင့် လန့်ဖျန့်သွားပြီး ဒုတိယထပ်မှပြုတ်ကျသွားသည်။ သူ၏ရင်ဘတ်တွင် စိုက်ဝင်နေသော ဓားရှည်ကို မယုံနိုင်စွာ ကြည့်လိုက်ပြီးနောက် လျိုချန်းယွင်ဆီသို့ အံ့သြတကြီး လှည့်ကြည့်လိုက်၏။

"မင်း... မင်း ရူးသွားပြီလား"

ဘုတ်ခနဲ မြည်ကာ အရှင်လင်းယွင်သည် ကျောက်စံအိမ်အတွင်းပြုတ်ကျသွားပြီး၊ ပါးစပ်မှသွေးများ ထွက်နေရင်းဖြင့် ဗလုံးဗထွေးပြောလိုက်၏။

"ဒီလိုမျိုး ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ မင်းက ဟုန်ကျယ်ရေနေမျိုးနွယ်စုကို ရန်စချင်တာလား"

၎င်း နားမလည်နိုင်ပေ။

ဒီမိန်းမ စိတ်လွတ်သွားတာလား။ဘယ်အရာက ပိုအရေးကြီးလဲဆိုတာ သူမ မသိဘူးလား။ ချင်းယွဲ့ဂိုဏ်းက ဘယ်လိုလုပ်ပြီး ဒီလိုအရူးမမျိုးကို အထောက်တော်ခန့်ထားပြီး နန်ဟုန်သားတော်ခုနစ်ပါးရဲ့ကိုယ်စားလှယ်အဖြစ် အပြင်လွှတ်လိုက်ရတာလဲ။

အကယ်၍ဂိုဏ်းသားအားလုံးက ယခုလိုအတွေးမျိုးရှိနေကြမည်ဆိုလျှင် နန်ဟုန်သားတော်ခုနစ်ပါးဆိုသည်မှာ အမြစ်ပြတ်သည်မှာကြာပြီဖြစ်ပေ၏။

သို့သော်လည်း အရှင်လင်းယွင်၏ အကြည့်အောက်တွင် သူမြင်လိုက်ရသည်မှာ လျိုချန်းယွင်၏အေးစက်သော မျက်နှာထားသာ ဖြစ်သည်။ သူမ၏ နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟလာပြီး သူမ၏ အသံမှာဓားတစ်စင်းကဲ့သို့ ထက်မြက်နေသည်။

"ယုတ်မာတဲ့ နတ်ဆိုးတစ်စု၊အဆင့်မရှိတဲ့ သတ္တဝါတွေကများ နန်ယန်ဂိုဏ်းချုပ်ရဲ့ အရှိန်အဝါကို ဆန့်ကျင်ရဲတယ်ပေါ့"

"ဒီလို ပြစ်မှုမျိုးက သေဒဏ်ပဲ"

သူမ လှုပ်ရှားလိုက်သောအခါ သူမကိုယ်တိုင်လည်း တခြားလူတစ်ယောက် ဖြစ်သွားသလိုပင်။ သူမ၏ အသံမှာ ဧကရီတစ်ပါး၏အမိန့်တော်ကဲ့သို့ တားဆီး၍မရသော အာဏာစက်များ ပါဝင်နေသည်။

သူမက လက်ဝါးကို ထပ်မံ ဖိချလိုက်ပြန်လေ၏။

"ခေါင်းဖြတ်စမ်း"

ပုံမှန်ဆိုလျှင် အရှင်လင်းယွင်သည် လျိုချန်းယွင်၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံရလျှင်ပင် လုံးဝ ခုခံနိုင်စွမ်းမရှိသည်အထိတော့ မဖြစ်နိုင်ပေ။

သို့သော် သူနန်ယန်ဂိုဏ်းချုပ်ဟူသော စကားလုံးကို ကြားလိုက်ရသည့် အခိုက်အတန့်မှာပင်။

ဓားရှည်ဖြင့် ထိုးဖောက်ခံထားရသော သူ၏ နှလုံးသားမှာ ရုတ်တရက်ပြင်းထန်စွာ ခုန်လာသည်။

ထိုတားမြစ်ထားသော အမည်နာမသည် သေမင်းကို ခေါ်ယူလိုက်သကဲ့သို့ပင်။

သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာ၏။

နန်ဟုန်သားတော်ခုနစ်ပါး၏ဂိုဏ်းချုပ်မှာ ပေါင်းစည်းခြင်းနယ်ပယ် အဆင့်ရှိ မြေအင်မော်တယ်တစ်ဦးဖြစ်ကြောင်း လူတိုင်းသိကြသည်။

ဟုန်ကျယ်နယ်မြေနှင့် ရေပြင်မှာပင် ထိုကဲ့သို့လူမျိုးဟာ နတ်ဘုရား သို့မဟုတ် ဗုဒ္ဓတစ်ဆူကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ဖြစ်သည်။

အထောက်တော် သို့မှမဟုတ် အကြီးအကဲများနှင့် လုံးဝ မတူပေ။

သူ့တွင် အသည်းနှလုံးပေါင်းတစ်ထောင်ရှိလျှင်ပင် နောက်ထပ်တစ်ကြိမ် လှည့်ကြည့်ရန်မပြောနှင့်၊ ထိုလိုလူမျိုး၏သိက္ခာကို စော်ကားရန် လုံးဝဝံ့ရဲမည် မဟုတ်ပေ။

သို့သော် ဂိုဏ်းချုပ်က မည်သည့်နေရာတွင်ရှိသနည်း။

အရှင်လင်းယွင်သည် ဓား၏အသက်အန္တရာယ် ခြိမ်းခြောက်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မသိစိတ်ဖြင့် ပတ်ဝန်းကျင်ကိုလိုက်ရှာမိသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။

ရေနေမျိုးနွယ်စုဝင် ဖားပြုတ်ကြီးပင်လျှင် ပြင်းထန်သော နာကျင်မှုကိုအံတုကာ၊ ရှုပ်ထွေးမှုနှင့် သံသယများဖြင့် ခေါင်းကို လှည့်ကြည့်လိုက်၏။

အဲဒီအချိန်မှာပင်။

လျိုချန်းယွင်၏ ဖိချနေသော လက်မှာ အနည်းငယ် တုံ့ဆိုင်းသွား၏။

အကြောင်းမှာ သူမပြောလိုက်သော ဂိုဏ်းချုပ်သည် မူလပစ်မှတ်ကိုစွန့်လွှတ်ပြီး လင်ယွင်းသမင်နတ်ဆိုးကို ရုတ်တရက်တိုက်ခိုက်လိုက်သည်ကို သူမ သတိပြုမိလိုက်သောကြောင့်ပင်။

ထို့နောက် သူက ဓားရိုးကိုဆုပ်ကိုင်ကာ အရှိန်ဖြင့် ဆွဲနုတ်လိုက်သည်။

ယခုလိုမျိုးအခြေအနေတွင် မည်သူက ဆက်ပြီး တိုက်ခိုက်နိုင်တော့မည်နည်း။ လျိုချန်းယွင်သည် အံ့အားသင့်စွာဖြင့် သူမ၏လက်လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရတော့သည်။

သူမ ရှန်းယီကိုတော့ ဒဏ်ရာမရစေဝံ့ပေ။

သို့သော် ဤအရာက မည်သည်ကို ဆိုလိုသနည်း။ တစ်ဖက်လူသည် ရုတ်တရက်စိတ်ပျော့သွားသည်လော။

All Chapters