← Chapters

နဂါးလှေပြိုင်ပွဲ လူစာရင်း

Vol. 5 Ch. 41

နဂါးလှေပြိုင်ပွဲ လူစာရင်း

Vol. 5 Ch. 41

ထို့ကြောင့် သူက နေ့တိုင်း လာစစ်ဆေးပေးသည့် သမားတော်ကို သူ ဘယ်တော့ ကုတင်ပေါ်က ဆင်းနိုင်မှာလဲ၊ ဘယ်တော့ အပြင်ထွက်နိုင်မှာလဲ၊ ဘယ်တော့ သခင်မလေးကို အရင်ကလို ခစားလို့ ရနိုင်မှာလဲဟု တတွတ်တွတ် မေးမြန်းနေတော့သည်။

သမားတော်မှာ သူ၏ မေးခွန်းပေါင်းများစွာကြောင့် စိတ်ညစ်နေရလေပြီ။ ထို့အပြင် ရှောင်လုကျစ်၏ ဒဏ်ရာမှာလည်း အလျင်အမြန် သက်သာလာသဖြင့် နောက်ထပ် နှစ်ရက်လောက် နားပြီးလျှင် အပြင်ထွက်နိုင်ကြောင်း ပြောလိုက်လေသည်။

ရှောင်လုကျစ်မှာ ဝမ်းသာအားရဖြင့် နန်းတွင်းစည်းမျဉ်းစာအုပ်ကြီးကို ကိုင်ကာ နေ့တိုင်းအလွတ်ကျက်နေလေတော့၏။

ချိုးကုန်းကုန်း သူ့ကို သဘောကျလာဖို့ ကြိုးစားရမည် မဟုတ်လား။

သူနှင့် ခေတ္တ အတူနေရသော ရှောင်ဟယ်ကျစ်မှာမူ သူ့လုပ်ရပ်များကို နားမလည်နိုင် ဖြစ်နေရှာသည်။

မိန်းမစိုး ဖြစ်ရတာတင် သနားစရာကောင်းနေပြီကို... ဘာကိစ္စ လုံ့လဝီရိယရှိတဲ့ မိန်းမစိုး ဖြစ်ချင်ရတာလဲ...။

လူတစ်ယောက်နှင့် တစ်ယောက် တွေးခေါ်ပုံကွာခြားချက်မှာ ဤကဲ့သို့ ဖြစ်ပေါ်လာရခြင်းပင် ဖြစ်ရမည်။

ချိုးမင် အနားမှာ ရှိနေသဖြင့် လင်ဝမ်ယိလည်း စိတ်အေးလက်အေးပင် အားပြန်ပြည့်လာရန် အနားယူနေလိုက်တော့၏။

ပြောရမည်ဆိုလျှင်တော့ သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်သာပင်။ ရှောင်လုကျစ်နှင့် ချွမ်ချီတို့၏ ဒဏ်ရာများမှာ သူမထက် ပိုပြင်းထန်သော်လည်း သူတို့က ထူထူထောင်ထောင်ဖြစ်နေကြလေပြီ။ သူမကတော့ နေ့စဉ်ရက်ဆက် ကုတင်ပေါ်တွင်သာ နားနေရဆဲပင်။

ခြေထောက်ပေါ်မှ ညိုမဲစွဲနေသည်များလည်း မပျောက်သွားသေးဘဲ ရက်အနည်းငယ် ကြာလာသည့်တိုင်အောင် ကြောက်စရာကောင်းလောက်အောင် ကျန်ရှိနေသေးသည်။

ဆေးကုပေးနေရသည့် တော်ဝင်သမားတော်ဖန်းမှာတော့ ခေါင်းသာတွင်တွင်ခါနေမိတော့၏။ ဆေးစာကလည်း ပြဿနာမရှိ၊ ဆေးတွေကလည်း ပြဿနာမရှိဘဲ ဘာကြောင့် မသက်သာရတာလဲဟု တွေးနေမိသည်။

လင်ဝမ်ယိကမူ စိတ်ရှည်လက်ရှည်ပင် သမားတော်ဖန်းအား နှစ်သိမ့်လိုက်လေသည်။

"ကျွန်မက ငယ်ငယ်ကတည်းက ခန္ဓာကိုယ် အားနည်းတယ်လေ... ဒါကြောင့် တခြားသူတွေထက် နှစ်ရက်လောက် ပိုကြာနေတာ နေမှာပါ... သမားတော်ဖန်း စိတ်မပူပါနဲ့... ဖြည်းဖြည်းချင်း ကုသွားရင် ရပါတယ်..."

ထို့နောက် သူမက ဒဏ်ရာကို ဖွဖွလေး ထိလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကြည့်ပါဦး... လုံးဝ မသက်သာတာတော့ မဟုတ်ပါဘူး... အခု ထိလိုက်ရင် သိပ်မနာတော့ဘူး..."

တော်ဝင်သမားတော်ဖန်းမှာ ဒေါသထွက်လွန်း၍ သူ၏ မုတ်ဆိတ်ဖြူကြီးများပင်ခါယမ်းသွားရသည်။ သို့သော် သူလည်း မတတ်နိုင်သဖြင့် လင်ဝမ်ယိ၏ စကားကိုသာ ထောက်ခံလိုက်ရတော့သည်။

"သခင်မလေး ပြောတာ ဟုတ်ပါတယ်... ကိုယ်ခန္ဓာဖွဲ့စည်းပုံချင်း မတူလို့ ဖြစ်မှာပါ..."

ပြောပြီးသည်နှင့် သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် တော်ဝင်ဆေးကုသဆောင်သို့ ပြန်သွားလေတော့သည်။

ရှအန်းက ရှေ့တိုးလာပြီး သူမကို ဆေးအသစ်လဲပေးလိုက်သည်။ သူမက ခပ်ဖွဖွလေးသာ ဆေးထည့်ပေးနေသော်လည်း လင်ဝမ်ယိကမူ သူမလက်ကို ဖမ်းဆွဲကာ အားဖြင့် ဖိချလိုက်လေသည်။

ပြီးနောက် တိုးတိုးလေး ရယ်မောကာ ပြောလိုက်၏။

"ငါ သမားတော်ဖန်းကို လိမ်လိုက်တာ... တကယ်တော့ မနာတော့ဘူး... ဒဏ်ရာက ကြည့်ရတာသာ ဆိုးနေတာ... တကယ်တမ်းကျတော့ ပျောက်ခါနီးနေပါပြီ..."

ရှအန်းက ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး လူရှင်းမှသာ လင်ဝမ်ယိကို တိုးတိုးလေး ပြန်ပြောလိုက်သည်။

"သခင်မလေးက ဘာလို့ သမားတော်ဖန်းကို လိမ်ရတာလဲ... စောစောစီးစီး ပျောက်သွားရင် ပိုကောင်းတာ မဟုတ်ဘူးလား..."

"နဂါးလှေပြိုင်ပွဲကို မသွားချင်လို့... ဒဏ်ရာမပျောက်သေးဘူးဆိုပြီး ရှောင်နေမလို့လေ..."

ရှအန်းက သိချင်စိတ်ဖြင့် မေးလာလေရာ လင်ဝမ်ယိ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ဒီရက်ပိုင်း နေရတာ သက်တောင့်သက်သာ ရှိလိုက်တာ... လက်ဝဲဆောင်က သံတံတိုင်းကာထားတဲ့ နတ်ပြည်လေးလိုပဲ... အပြင်က ငရဲခန်းထဲကို ထပ်မသွားချင်တော့ဘူး..."

သူမ၏ စကားကို ကြားပြီးနောက် ရှအန်း ရယ်ချင်သွားမိသည်။

သခင်မလေးကတော့ အရင်တုန်းကအတိုင်းပါပဲ…။

အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ခဲ့တာကလည်း သူမတို့ အစေခံတွေအတွက် လက်စားချေပေးချင်လို့သာ။

ဒါပေမဲ့ အဲဒီကိစ္စက ဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...။

ရန်ငြိုးတွေကိုခဏထား... လင်ကွေ့ဖေးက လူထည့်ဖို့ ကြိုးစားတာ မအောင်မြင်လိုက်တော့ စိတ်ဆိုးနေမှာ အသေအချာပင်။

လင်ဝမ်ယိသာ အပြင်ထွက်သွားလျှင် ကောင်းကျိုးတစ်ခုမှ ရှိလာမည် မဟုတ်ပေ။

ဒါကြောင့် လင်ဝမ်ယိက အပြင်မထွက်ချင်ဘဲ အိမ်တွင်းအောင်းနေတာလည်း မဆန်းပါဘူးလေ...။

ရှအန်းက သူမကို နားလည်သော်လည်း ဤနည်းလမ်းက အလုပ်ဖြစ်မည် မထင်ပေ။

"သခင်မလေး... ခြေထောက်ဒဏ်ရာက မပျောက်နိုင်သေးဘူးဆိုရင်... ကွေ့ဖေးမယ်မယ်က သေချာပေါက် လာကြည့်ဦးမှာ... သခင်မလေးကို မယ်မယ် မျှော်လင့်ထားတာတွေ မေ့‌သွားပြီလား…"

စကားတစ်ခွန်းက အိပ်ပျော်နေသူကို နှိုးလိုက်သကဲ့သို့ပင်။

သူမ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာမှန်း လင်ဝမ်ယိ ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။

ယခုတစ်ခေါက်က ခွေမားမားကို ထည့်ပေးလိုက်ရုံသာ ရှိသေးသည်... အကယ်၍ လင်ကွေ့ဖေးသာ စိတ်မရှည်တော့ဘဲ ကိုယ်တိုင် ရောက်လာခဲ့လျှင် သူမလည်း သေချာပေါက် အပြစ်ပေးခံရမည်သာ။

သူများအကာအကွယ်အောက် ရောက်နေမှတော့ ခေါင်းငုံ့ခံရုံမှတစ်ပါး အခြားမရှိပေ။

လင်ဝမ်ယိတစ်ယောက် အကျပ်ရိုက်နေစဉ်မှာပင် အပြင်ဘက်မှ ချိုးမင်၏ အသံ ထွက်ပေါ်လာသည်။

"သခင်မလေး"

"ဘာဖြစ်လို့လဲ..."

"သုန်ကုန်းကုန်း ရောက်လာပါတယ်"

"အမြန် ဝင်ခိုင်းလိုက်ပါ..."

သုန်ယွီကျုံးသည် အကြောင်းမရှိဘဲ ရောက်လာတတ်သူ မဟုတ်ပေ။ သို့သော် သူ့တပည့်ဖြစ်သူ လက်ဝဲဆောင်သို့ ရောက်လာပြီးနောက်ပိုင်းတွင်တော့ သူလာသည့် အကြိမ်အရေအတွက်မှာ သိသိသာသာ များပြားလာသည်။

သုန်ယွီကျုံးက ဝင်လာသည်နှင့် မျက်နှာတစ်ပြင်လုံး အပြုံးများ ဝေဆာနေလေ၏။

ပါးစပ်မှလည်း မရပ်မနား ပြောဆိုနေတော့သည်။

"သခင်မလေး... ဒဏ်ရာတွေ သက်သာရဲ့လား..."

"သက်သာပါတယ်... သမားတော်ဖန်းက သေချာ ဂရုစိုက်ပေးတယ်... ချိုးကုန်းကုန်းကလည်း လိုလေသေးမရှိ စီစဉ်ပေးတော့... ကျွန်မ စိတ်အေးလက်အေး အနားယူနေရပါတယ်..."

"ကောင်းပါတယ်... ကောင်းပါတယ်..."

ပြောရင်းဆိုရင်း သူက အနောက်တွင် ရပ်နေသော မိန်းမစိုးများကို ရှေ့တိုးခိုင်းလိုက်သည်။

"သခင်မလေး ပြီးခဲ့တဲ့တစ်ခေါက်က ချုပ်ပေးလိုက်တဲ့ ညအိပ်အတွင်းဝတ်ရုံကို အရှင်မင်းကြီးက အရမ်း သဘောကျပြီး ချီးကျူးနေတာ... ဒီရက်ပိုင်း ဝမ်ကုအဆောင်မှာဆို အဲဒါပဲ ဝတ်နေတာ... ဝတ်ရတာ သက်တောင့်သက်သာ ရှိတယ်တဲ့လေ... ဒါကြောင့် ဒီအစေခံကို လွှတ်လိုက်တာပါ... သခင်မလေး အားရင် နောက်ထပ် လေးငါးစုံလောက် ထပ်ချုပ်ပေးပါဦးတဲ့... ညအိပ်ဝတ်ရုံဖြစ်ဖြစ်၊ ခြေအိတ်ဖြစ်ဖြစ်၊ ခါးချိတ်အိတ်လေးပဲဖြစ်ဖြစ် ထပ်ချုပ်ပေးပါတဲ့..."

လင်ဝမ်ယိ၏ မျက်နှာတွင် ပြုံးနေသော်လည်း စိတ်ထဲတွင်မူ အရှင်မင်းကြီးအား မိုးမွှန်အောင် ကျိန်ဆဲနေမိတော့သည်။

အရင်တုန်းက လက်ဝဲဆောင်ကို လာပြီး သူမအတွက် တရားမျှတမှုယူလာပေးတုန်းက... အရှင်မင်းကြီးက တကယ့်ကို မျှတ မှန်ကန်သည့် မင်းကောင်းမင်းမြတ်တစ်ပါးပဲဟု သူမ ထင်ခဲ့မိသည်။

အခုကြည့်ရတာတော့... သူမကို ထမင်းစားဖော်… အစေခံ... ပြီးတော့ ကိုယ်ပိုင်အထည်ချုပ်သမားလိုတောင် သဘောထားနေတာ သေချာသလောက်ပဲ…။

အားရင် နောက်ထပ်ချုပ်ပေးပါဦး ဆိုတော့... ဘယ်လောက်ထိများ ထပ်ချုပ်ပေးရဦးမှာလဲ...။

သူမ စိတ်ထဲတွင် မကောင်းသည့် နိမိတ်တစ်ခု ခံစားလိုက်ရသည်။ နောက်နောင်များတွင် သူမ၏ ပန်းထိုးအပ်ကလေးမှာ နားရမည့်ရက် ရှိပါဦးမည်လော။

"အရှင်မင်းကြီး သဘောကျတယ်ဆိုတော့ ဝမ်းသာပါတယ်... အရောင်နဲ့ ပူံစံကို အရှင်မင်းကြီး သဘောမကျမှာ စိုးရိမ်နေတာ... အခု ကျွန်မလည်း အားနေတာဆိုတော့ မကြာခင် စပြီး ချုပ်ပေးပါ့မယ်..."

"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့... ဒီအစေခံ အရှင်မင်းကြီးဆီ ပြန်ပြီးလျှောက်တင်လိုက်ပါ့မယ်..."

သုန်ကုန်းကုန်းက ပျော်ရွှင်စွာ ရယ်မောနေသော်လည်း လင်ဝမ်ယိ၏ အပြုံးကမူ ပို၍ပင်…ပျော်ရွှင်…နေသယောင်ပင်။

"ဒါနဲ့... သွမ့်ဝူပွဲတော် ရောက်ဖို့လည်း ရက်ပိုင်းပဲ လိုတော့တယ်... သခင်မလေးသာ အပြင်သွားနိုင်ရင် ကောင်းမှာပဲ... ကြားတာတော့ ဒီနှစ် နဂါးလှေပြိုင်ပွဲ စာရင်းထဲမှာ အမတ်ချုပ်အိမ်တော်က အကြီးဆုံးသခင်လေးလည်း ပါတယ်တဲ့... အရင်နှစ်တွေတုန်းက သူ့ကိုမမြင်ခဲ့ရဘူး... ဒီနှစ်တော့ ဒီအစေခံတို့ မျက်စိပသာဒ ဖြစ်ရတော့မှာပဲ..."

အစ်ကိုကြီး...

သူက နဂါးလှေပြိုင်ပွဲ စာရင်းထဲ ဘယ်လိုလုပ် ပါလာတာလဲ...။

လင်ဝမ်ယိ အလွန်အမင်း အံ့ဩသွားမိသည်။ အရင်နှစ်များက သူတို့သည် ရုံဟယ့်ဆောင်မှ မင်းသမီးရုံခန့်အား ငွေအမြောက်အမြား ပေးခဲ့သော်လည်း ပါဝင်ခွင့်မရခဲ့ပေ။

ဒီတစ်ခါကျမှ ဘယ်လိုလုပ်ပြီး ပါသွားရတာလဲ...။

"သုန်ကုန်းကုန်း... သတင်းက သေချာရဲ့လား... ဘယ်ကနေ ကြားလာတာလဲ..."

"ကွေ့ဖေးမယ်မယ်ဆီမှာ ခစားနေတဲ့ ကျန်းဟယ်ချင့် ပြောပြတာပါ... ကွေ့ဖေးမယ်မယ်က အရှင်မင်းကြီးကို လာတွေ့တုန်းက သူက ဒီအစေခံကို စကားကြုံလို့ ပြောပြသွားတာ..."

ထင်သည့်အတိုင်းပင်... လင်ကွေ့ဖေးက သူမ၏ ချက်ကောင်းကို အသေအချာ သိနေသည်ပဲ...။

လူအတင်းထည့်ဖို့ ကြိုးစားမရတော့... သူမ၏ အစ်ကိုကြီးကို သုံးပြီး နန်းဆောင် အပြင်ထွက်အောင် ခြိမ်းခြောက်နေခြင်းပင်။

ငါးစာချလိုက်သည်မှာ ငါးမျှားချိတ်တန်းလန်းနှင့် ဖြစ်နေမှန်း သိသာလှသော်လည်း... သူမလို ငါးမျိုးမှာတော့ ထိုငါးစာကိုလည်း မဟပ်ဘဲ ရှောင်မသွားနိုင်ပေ။

"ကျွန်မ အိမ်ကလူတွေနဲ့ မတွေ့ရတာ ကြာပြီ... အခုလို အစ်ကိုကြီး ပြိုင်ပွဲဝင်တာကိုတွေ့ရမယ်ဆိုရင်... ခြေထောက်မကောင်းရင်တောင် သေချာပေါက် သွားကြည့်ရမှာပေါ့..."

သုန်ယွီကျုံးသည် သူမ၏ စကားကို ကြားသောအခါ မျက်နှာပေါ်တွင်တော့ ယခင်ကလို ပြုံးနေဆဲပင်။

သို့သော် သူ့စိတ်ထဲတွင်မူ သဘောပေါက်သွားလေပြီ။ ကြည့်ရသည်မှာ လင်ကွေ့ဖေးနှင့် လင်တာရင်တို့ အားပြိုင်နေကြပုံပင်။

လင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေက တကယ်ကို မနည်းပါလား...။

ထို့ကြောင့် သူက အကြောင်းပြချက်တစ်ခုပေးကာ ပြန်ထွက်လာခဲ့သည်။

သူ ပြန်သွားချိန်တွင် ချိုးမင်က ရိုရိုသေသေဖြင့် စည်းမျဉ်းများနှင့်အညီ နှုတ်ဆက်လာပြီး သုန်ယွီကျုံးနှင့် မည်သည့် စကားအပိုမျှ မပြောခဲ့ချေ။ ဤအချက်တွင် သူသည် ယခင်က ရှောင်လုကျစ်ထက် ပိုတော်ကြောင်း မြင်သာနေ၏။

လင်ဝမ်ယိသည် သေချာ စဉ်းစားပြီးနောက် ချိုးမင်ကို ခေါ်လိုက်သည်။

"ချိုးကုန်းကုန်း... ခဏလောက် အပင်ပန်းခံပြီး လင်ကျစ်နန်းဆောင်ကို သွားကာ ကွေ့ဖေးမယ်မယ်ကို သတင်းပို့ပေးပါ... သွမ့်ဝူပွဲတော် နဂါးလှေပြိုင်ပွဲကို ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်လို့... ကျွန်မအတွက် နေရာတစ်နေရာလောက် ချန်ထားပေးပါဦးလို့ လျှောက်တင်ပေးပါ..."

All Chapters