ပန်းထိုးဌာန တာဝန်ခံ
Vol. 5 Ch. 42
ချိုးမင်က ချက်ချင်းပင် ဟုတ်ကဲ့ဟု ပြန်ဖြေကာ လင်ကျစ်နန်းဆောင်ဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားလေသည်။
ရှအန်းသည် အခန်းထဲရှိ လင်ဝမ်ယိကို ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲ၌ စိုးရိမ်စိတ်များ ပြည့်နှက်နေ၏။
"သခင်မလေး..."
"နောက်ဆုံးတော့ ငါလွယ်လွယ်ပဲတွေးလိုက်မိတာပါ... ခေါင်းငုံ့ခံနေရုံနဲ့ အေးအေးဆေးဆေး နေရမယ်လို့ ထင်ခဲ့မိတာ... ထားလိုက်တော့... ငါ့ကို တွဲပြီး လမ်းကူလျှောက်ပေးပါဦး... အိပ်ရာထဲက မဆင်းတာ ရက်အတော်ကြာပြီဆိုတော့ ဒီခြေထောက်တွေက သိပ်ပြီး စကားနားမထောင်ချင်ဘူး ဖြစ်နေတယ်..."
လက်ဝဲဆောင် အတွင်းခန်းထဲတွင် ရှအန်းသည် လင်ဝမ်ယိကို တွဲကူကာ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးနေလေသည်။
လမ်းကို ဖြေးဖြေးသာလျှောက်နေသော်ငြား ရက်အတော်ကြာ အိပ်ရာထဲ လဲနေရာမှ ယခုလို ရုတ်တရက် ထလျှောက်လိုက်သဖြင့် ခြေထောက်များမှာ ညောင်းကိုက်လာရသည်။
"သခင်မလေး... အရမ်းကြီး ဇွတ်မလုပ်ပါနဲ့ဦး... လူကြီးတွေ ပြောစကားအရဆို အရိုးအကြော ထိခိုက်တာက ရက်တစ်ရာလောက် နားရတယ်တဲ့... သတိထားမှပါ... မဟုတ်ရင် နောက်ကျ ဒဏ်ဖြစ်ကျန်ခဲ့ပြီး မိုးအေးတဲ့အချိန်ဆို အရိုးတွေ ကိုက်ခဲနေပါလိမ့်မယ်..."
"စိတ်ချပါ... ငါ့ခန္ဓာကိုယ်အကြောင်း ငါ့သိပါတယ်... သတိထားပါ့မယ်ဟာ..."
လင်ဝမ်ယိသည် ခေတ္တမျှ နားလိုက်ပြီးနောက် အကြောအခြင်များ ပြေလျော့စေရန် ရှအန်းကို ခြေထောက်ကို ဖွဖွလေး နှိပ်ပေးဖို့ ခိုင်းလိုက်လေသည်။
နောက်ရက်များတွင်တော့ လက်ဝဲဆောင် အတွင်းရှိ သခင်ရော အစေခံေတွပါ အတူတိုင်ပင်ထားကြသကဲ့သို့ အိပ်ရာထဲမှ ထပြီး ပြန်လည် လမ်းလျှောက်လာနိုင်ကြပြီ ဖြစ်သည်။
အမြန်ဆုံးနှင့် အကောင်းဆုံး ပြန်သက်သာလာသူမှာတော့ ရှောင်လုကျစ်ပင် ဖြစ်လေသည်။ သူက တော်ဝင်သမားတော်၏ ခွင့်ပြုချက် ရသည်နှင့် ချက်ချင်းပင် အဝတ်အစားကိုသပ်သပ်ရပ်ရပ်လဲကာ ချိုးမင်၏ ရှေ့သို့ ရောက်လာခဲ့သည်။
"ချိုးကုန်းကုန်း... ဒီအစေခံ အကုန် သက်သာသွားပါပြီ... နောက်ဆိုရင် ကုန်းကုန်း ဘာပဲ ခိုင်းခိုင်း ပြောသာပြောပါ..."
ရှောင်လုကျစ်၏ မျက်နှာမှာ သွေးရောင်လွှမ်းကာ ကျန်းမာနေပြီး ဤရက်ပိုင်းအတွင်း အစားကောင်း အသောက်ကောင်းများလည်း စားနေရသဖြင့် အားအင်ပြည့်ဖြိုးနေသည်ကို ချိုးမင် တွေ့လိုက်ရ၏။ ထို့ကြောင့် သူက အသာပြုံးရင်း ပြောလိုက်သည်။
"လူငယ်တွေပီပီ... ပြန်ကောင်းတာ မြန်တာပဲ..."
ရှောင်လုကျစ်က ဟီးခနဲ ရယ်လိုက်ပြီး ရိုရိုသေသေဖြင့် ပြန်မေးလိုက်သည်။
"ချိုးကုန်းကုန်း... ကျွန်တော် အသစ်ပြန်ပြင်ထားတဲ့ နန်းတွင်းစည်းကမ်းတွေကို အလွတ်ရွတ်ပြရမလား... ဒီရက်ပိုင်း ကျွန်တော် လုံးဝ အားအားယားယားမနေနေပါဘူးနော်…"
"မလိုပါဘူး... လွန်ခဲ့တဲ့ နှစ်ရက်လောက်က မင်းအခန်းရှေ့ ဖြတ်သွားတုန်းက ကြားပြီးပြီ... ဒါပေမဲ့ မင်းသိထားရမှာက... အလွတ်ရတာ တစ်ပိုင်း... စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားဖို့က အဓိကပဲ..."
"ချိုးကုန်းကုန်း စိတ်ချပါ... ကျွန်တော် သေချာ မှတ်သားထားပါတယ်..."
"ဒါဆိုရင် ပြီးတာပါပဲ..."
ချိုးမင်က ရှောင်လုကျစ်ကို ကြည့်ရင်း အနည်းငယ် သဘောကျသွားမိသည်။
အစေခံတစ်ယောက်အနေဖြင့် အဆိုးဆုံးအရာမှာ ဘဝင်မြင့်ခြင်း ဖြစ်ပြီး၊ ဒုတိယ အဆိုးဆုံးမှာမူ ကိုယ့်ဘဝကို တန်ဖိုးမထားခြင်းပင်။
သူတို့သည် သင်းကွပ်ခံထားရပြီး အနောက်ဆောင်တွင် အနိမ့်ကျဆုံး အလုပ်များကို လုပ်ကိုင်နေရသူများ ဖြစ်ကြသည်။ အကယ်၍ ကိုယ့်ကိုယ်ကိုယ်ပင် အထင်မကြီးလျှင် ဘေးလူက မည်သို့ အထင်ကြီးနိုင်မည်နည်း။
ရှောင်လုကျစ်က အရည်အချင်းရှိရှာသည်။ သေချာ ပြုစုပျိုးထောင်ပေးလျှင် နောင်တစ်ချိန်တွင် အခွင့်အလမ်းကောင်းများ ရလာနိုင်ပေသည်။
ထိုသို့ တွေးမိရင်း ချိုးမင်က ပြောလိုက်လေသည်။
"အရှင်မင်းကြီးက သခင်မလေး ချုပ်ပေးတဲ့ ညအိပ်ဝတ်ရုံကို သဘောကျလို့ နောက်ထပ် နှစ်စုံသုံးစုံလောက် ထပ်လိုချင်တယ်လို့ ပြောတယ်... မင်း နန်းတွင်းရေးရာဌာနကို သွားပြီး ပိုးထည်ဂိုဒေါင်နဲ့ ပန်းထိုးဌာနက တာဝန်ခံတွေကို သွားခေါ်ချေ... အတူတူ တိုင်ပင်ရအောင်လို့... ပြီးတော့ မင်းဆရာဆီကိုလည်း ဝင်ပြီး သတင်းပို့လိုက်ဦး... ဒီရက်ပိုင်း သူ့မှာ စိတ်ပူလွန်းလို့ နှုတ်ခမ်းမှာ အဖုတွေတောင် ပေါက်နေရှာတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်လုကျစ်၏ ရင်ထဲတွင် ဝမ်းနည်းဝမ်းသာဖြစ်သွားရ၏။
နန်းတွင်းသို့ ရောက်လာကတည်းက သူ့ကို ချင်အန်းကုန်းကုန်းက အမြဲ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။
နှစ်အနည်းငယ် ကြာလာသည်နှင့်အမျှ နှစ်ယောက်ကြားက သံယောဇဉ်များလည်း နက်ရှိုင်းလာခဲ့လေပြီ။
အမှန်တကယ်တော့ သခင်မလေးက သူ့ကို ချင်ကုန်းကုန်းနှင့် သွားတွေ့မည်ကို တစ်ခါမျှ မကန့်ကွက်ခဲ့ဖူးပေ။ လက်ဝဲဆောင်မှ စကားများကို အပြင်သို့ လျှောက်မပြောဖို့သာ တားမြစ်ခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းကို တွေးမိရင်း သူက ခေါင်းညိတ်လိုက်သည်။
"အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချိုးကုန်းကုန်း... ဒီအစေခံ သိပါပြီ..."
ပြောပြီးသည်နှင့် သူသည် နန်းတွင်းရေးရာဌာန ဘက်သို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့လေသည်။
သိပ်မကြာလိုက်ခင်မှာပင် ပိုးထည်ဂိုဒေါင်နှင့် ပန်းထိုးဌာနမှ တာဝန်ခံ မားမားနှစ်ယောက် အတူတူ ရောက်ရှိလာကြလေသည်။
ပိုးထည်ဂိုဒေါင်မှ ဖန့်မားမားသည် သူတို့နှင့် ယခင်ကတည်းက သိကျွမ်းသူတစ်ဦးဖြစ်သည်။ သူမ၏ ဘေးနားရှိ ပိန်ပိန်ပါးပါးနှင့် မျက်လုံးမျက်ဖန် စူးရှထက်မြက်ပုံရသူကတော့ ယခု လက်ရှိ ပန်းထိုးဌာန၏ တာဝန်ခံ မားမား ဖြစ်လေ၏။
"ကျွန်တော်မျိုးမ ဖန့်ပေါင်ကျူ... သခင်မလေးကို ဂါရဝပြုပါတယ်... သခင်မလေး ကျန်းမာပါစေ..."
"ကျွန်တော်မျိုးမ ချန်ဟိုင်အယ်... သခင်မလေးကို ဂါရဝပြုပါတယ်... သခင်မလေး ကျန်းမာပါစေ..."
လင်ဝမ်ယိသည် ခြေထောက်မကောင်းသေးသဖြင့် ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်တွင် ထိုင်နေကာ ခြေထောက်ပေါ်တွင် စောင်ပါးလေးတစ်ထည်ခြုံထားလေသည်။
"မားမားတို့ ထကြပါ..."
"ကျေးဇူးတင်ပါတယ် သခင်မလေး..."
"ကျေးဇူးတင်ပါတယ် သခင်မလေး..."
ပန်းထိုးဌာနမှ ချန်မားမားက ခေါင်းမော့ကာ လင်ဝမ်ယိကို အကဲခတ်ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ နူးညံ့သိမ်မွေ့နေပြီး အပြုံးလေးကလည်း မြင်ရသူအဖို့ ခင်မင်ရင်းနှီးချင်စရာ ကောင်းလှပေသည်။
နန်းတွင်း ဝင်လာတာ လဝက်လောက်ပဲ ရှိသေးတာကို အရှင်မင်းကြီးရဲ့ အချစ်တော် ဖြစ်လာတာ မဆန်းပါဘူးလေဟု သူမ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
တကယ့်ကို အဆင်းရော အချင်းရော ပြည့်စုံသူပါပေ။
ထို့ကြောင့် သူမလည်း လက်လွတ်စပယ်မနေရဲဘဲ ယဉ်ယဉ်ကျေးကျေးပင် ပြောလိုက်လေသည်။
"သခင်မလေးက ကျွန်တော်မျိုးမတို့ကို ခေါ်လိုက်တာ... အရှင်မင်းကြီးရဲ့ ညအိပ်အတွင်းဝတ်ရုံ ချုပ်ဖို့အတွက်များလား..."
ချန်မားမားကတော့ ပွင့်ပွင့်လင်းလင်းပင် စကားကို ဒဲ့ပြောတတ်သူ ဖြစ်သည်။ သို့သော် ထိုပွင့်လင်းမှုထဲတွင် ရိုးသားမှု မည်မျှပါဝင်မည်ကိုတော့ မည်သူက သိနိုင်မည်နည်း။
လင်ဝမ်ယိက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
"ချန်မားမားက စကားပြောတာ တကယ်သွက်တာပဲ... ဒါဆို ကျွန်မလည်း လေကြောမရှည်တော့ဘူး... အရှင်မင်းကြီးအတွက် ဝတ်ရုံချုပ်ပေးရမှာဆိုတော့ အထည်သားနဲ့ ပိုးချည်တွေကို သေချာ ဂရုတစိုက် ရွေးချယ်ရမယ်... ဒါပေမဲ့ နန်းတော်ထဲမှာ ဘယ်လိုပစ္စည်းမျိုးတွေ လက်ကျန်ရှိလဲဆိုတာ ကျွန်မ မသိဘူး... ဒါကြောင့် မားမားနှစ်ယောက်ကို ခေါ်မေးရတာပါ..."
ချန်မားမားက အားလုံးကို နားလည်သည့် ဟန်ဖြင့် ချက်ချင်း ပြန်ပြောလေသည်။
"သခင်မလေး မေးတာ လူမှန်သွားပြီ... ကျွန်တော်မျိုးမတို့ ပန်းထိုးဌာနရဲ့ အခြေအနေကို သခင်မလေး သိအောင် ရှင်းပြပါရစေ..."
ထို့နောက် သူမသည် ပန်းထိုးဌာန၏ အကြောင်းများကို ရေပက်မဝင်အောင် ပြောနေတော့သည်။ သူတို့ ရရှိခဲ့ဖူးသည့် ဆုတံဆိပ်များမှစ၍ ရှိသမျှ ပန်းထိုးပညာရှင်များ၏ အကြောင်းအထိ စုံလင်နေအောင် ပြောလေတော့၏။
ပန်းထိုးဌာန၏ သမိုင်းကြောင်း တစ်ခုလုံးကို ရွတ်ပြနေသကဲ့သို့ ဖြစ်နေသော်လည်း လင်ဝမ်ယိ သိချင်သည့် အကြောင်းအရာတော့ တစ်လုံးမှ မပါလာခဲ့ပေ။
ချန်မားမားက တက်တက်ကြွကြွနှင့် ရေပက်မဝင်အောင်ပြောနေဆဲမှာပင် လင်ဝမ်ယိက ချောင်းနှစ်ချက် ဟန့်လိုက်သည်။ ဘေးနားတွင် ရပ်နေသော ချိုးမင်က သူမ၏ သဘောကို ချက်ချင်း နားလည်လိုက်လေ၏။
ထို့ကြောင့် ပန်းထိုးဌာနမှ ချန်မားမားကို လှမ်းပြောလိုက်သည်။
"မားမား... လိုရင်းကိုပဲ ပြောပါ... သခင်မလေးက အခုမှ နေပြန်ကောင်းကာစ ရှိသေးတာ... မင်းတို့နဲ့ စကားအများကြီး ပြောဖို့ အချိန်မရှိဘူး..."
သူ၏ လေသံက အနည်းငယ် မာထန်နေသည်။ ချန်မားမားသည် အရှင်မင်းကြီး၏ ရှေ့တော်မှောက်တွင် ချိုးမင်ကို မကြာခဏ တွေ့ဖူးသဖြင့် သူက အေးတိအေးစက်လူတစ်ယောက်မှန်း သိထားလေသည်။ ထို့ကြောင့် သူမ ဆက်ပြီး အတင့်မရဲတော့ပေ။
ထိုအခါမှ ပိုးချည်များအကြောင်း စပြောလာတော့သည်။
"အခု ပန်းထိုးဌာနမှာ အဓိက သုံးတာက ပိုးချည်သုံးမျိုး ရှိပါတယ်... ပိုးချည်စစ်စစ်ရယ် ပိုးစာချည်နဲ့ ရေခဲပိုးချည်တွေရယ်ပါ... အရောင်အနေနဲ့ကတော့ ၃၉၄ မျိုး ရှိပြီး အကုန်လုံးက သစ်ဥသစ်ဖုတွေနဲ့ ဆေးဆိုးထားတာပါ... အရောင်တောက်ပြီး ကြာရှည်ခံပါတယ်..."
"လေ့ဖော့ပိုးချည်နဲ့ မီရန်ပိုးချည်ရော ရှိလား..."
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်မားမား၏ မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားနေမှုများ ပျောက်ကွယ်သွားတော့သည်။
တကယ်ကို ဒီလင်တာရင်က ကျွမ်းကျင်ပညာရှင်ပါပေ။ စကားစပြောလိုက်တာနှင့် ဤပိုးချည် နှစ်မျိုးကို မေးနေပြီ။ သူမက အနည်းငယ် အခက်တွေ့စွာဖြင့် ပြောလိုက်လေသည်။
"နန်းတွင်းက ပန်းထိုးချည်အများစုက အခွန်ကောက်ထားတာတွေနဲ့ လက်ဆောင်ပဏ္ဏာအဖြစ်ဆက်သလာတဲ့ ပစ္စည်းတွေပါ... လေ့ဖော့ပိုးချည်နဲ့ မီရန်ပိုးချည်က လုပ်ရတာ အချိန်အရမ်းကြာလို့ ပစ္စည်းပြတ်တတ်ပါတယ်... ရှိတော့ ရှိပါတယ်... ဒါပေမဲ့ လက်ကျန် သိပ်မများပါဘူး... သခင်မလေး လိုချင်ရင်တော့ ယူလာပေးလို့ ရပါတယ်... ဒါပေမဲ့ ဝတ်ရုံတစ်ထည်လုံး ချုပ်ဖို့ဆိုရင်တော့ လောက်မယ်မထင်ဘူး..."
"ရှိရင်ကိုရပါပြီ... ရှောင်လုကျစ်နဲ့ ရှောင်ဟယ်ကျစ်တို့ မင်းနဲ့အတူ လိုက်ခဲ့ပြီး နည်းနည်း သွားယူပေးလိမ့်မယ်... ပြီးတော့ ကျင်ပိုင်ချည်နဲ့ ထုန်ဟုန်ချည် ရှိရင်လည်း နည်းနည်းလောက် ထပ်ထည့်ပေးလိုက်ပါဦး..."
လင်ဝမ်ယိ၏ စကားကြောင့် ချန်မားမား ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သူမ တောင်းသည့် ပစ္စည်းများမှာ တန်ဖိုးကြီးသည့် အရာများ မဟုတ်သော်လည်း အသုံးပြုရ ရှုပ်ထွေးသဖြင့် ပန်းထိုးဌာနတွင် သုံးခဲလှသည်။
သူတို့က အရောင်တောက်ပြောင်ပြီး နေရောင်အောက်တွင် ဖြာထွက်နေသည့် ပိုးချည်မျိုးကိုသာ ပိုနှစ်သက်ကြသည်။ သို့မှသာ အရှင်မင်းကြီးအတွက် ရွှေနဂါးရုပ်ထိုးပေးသည်ဖြစ်စေ၊ ကိုယ်လုပ်တော်များအတွက် ပန်းပွင့်ပုံ ဖော်ပေးသည်ဖြစ်စေ မြင်သူတိုင်းကို မျက်စိကျစေမည် မဟုတ်ပါလား။
ချန်မားမားက နောက်ထပ် စကားအနည်းငယ် ထပ်ပြောချင်သေးသော်လည်း လင်ဝမ်ယိက ဖြတ်ပြောလိုက်သည်။
သူမက ဘေးနားတွင် တစ်ချိန်လုံး နှုတ်ဆိတ်နေသော ဖန့်မားမားဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ပိုးထည်ဂိုဒေါင်မှာကော လက်ကျန် ဘယ်လိုရှိလဲ..."
ဖန့်မားမားကတော့ ချန်မားမားကဲ့သို့ လိုရင်းမရောက်ဘဲ လေရှည်နေသူ မဟုတ်ပေ။ သူမက အင်္ကျီလက်ကြားထဲမှ စာရင်းစာအုပ် တစ်အုပ်ကို ချက်ချင်း ထုတ်ပေးလိုက်လေတော့သည်။