ရာထူးခန့်အပ်ခြင်း
Vol. 6 Ch. 51
“မေပယ်လမ်းကြား ကင်းစခန်းမှာ မင်းတစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့ မင်းပဲ တာဝန်ယူလိုက်ပါ”
ချွီးတယိုက ပြောလိုက်သည်။ “စခန်းမှာ အသစ်ရောက်နေတဲ့ လူသစ်တွေထဲက ငါးယောက်ကို မင်းဆီလွှတ်ပေးလိုက်မယ်။ သူတို့က လူသစ်တွေဆိုတော့ မင်းကို မလေးစားမှာ ပူစရာမလိုဘူး”
ချွီးတယိုသည် အတော်လေး စဉ်းစားတွေးခေါ်တတ်ပေသည်။ အကယ်၍ သူသာ ရွှီနင်၏လက်အောက်သို့ ဝါရင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တစ်ဦးကို ထည့်ပေးလိုက်ပါက ရွှီနင်အတွက် ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။
“သဘောပေါက်ပါပြီ ခေါင်းဆောင်”
ရွှီနင်က ပြန်ဖြေလိုက်သည်။
ယာယီလက်ထောက်ရာထူးအကြောင်း ပြောဆိုပြီးနောက် ချွီးတယိုက ထပ်မေးလိုက်သည်။ “မင်းရဲ့သိုင်းပညာက သိသိသာသာ တိုးတက်လာပုံရတယ်”
စခန်း (၃) ၏ ခေါင်းဆောင်ဖြစ်သော ချွီးတယိုသည် လူတစ်ဦးချင်းစီ၏ လေ့ကျင့်မှုတိုးတက်မှုကို တိုက်ရိုက်မေးလေ့မရှိသော်လည်း ရွှီနင်မှာမူ ခြွင်းချက် ဖြစ်ပေသည်။
.
“နည်းနည်းပါးပါး တိုးတက်လာပါတယ်”
ရွှီနင်သည် တည်ငြိမ်စွာ ဖြေလိုက်သည်။
“နောက်နှစ်လနေရင်လုပ်မယ့် စစ်ဆေးမှုမှာ အဝါရောင်ပြား ရနိုင်မလား”
ချွီးတယိုက မေးလိုက်သည်။
“ကျွန်တော် ၉၀ ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိပါတယ်”
ရွှီနင်က ပြန်ဖြေသည်။
ချွီးတယို ရယ်မောလိုက်သည်။ “ကောင်းတယ်”
…
ရွှီနင် အခန်းသို့ပြန်ရောက်သောအခါ ထောင်ချင်းဖင် ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူသည် စားပွဲတွင်ထိုင်ကာ လက်ထဲ၌ စုတ်တံကိုကိုင်လျက် စာရွက်ပေါ်တွင် တစ်ခုခု ရေးနေလေသည်။
“မင်းက ငါ့ထက်စောပြီး ပြန်ရောက်နေတာ ထူးဆန်းသားပဲ”
ရွှီနင်က နောက်ပြောင်လိုက်သည်။
တယွမ်ကုန်သွယ်ရေးအဖွဲ့၏ ကိစ္စရပ်ကြောင့် ထောင်ချင်းဖင်သည် အလွန်အမင်း အလုပ်ရှုပ်နေခဲ့ခြင်း ဖြစ်သည်။
ထောင်ချင်းဖင်မှာ ခေါင်းမော့ကာ ရွှီနင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မတတ်သာသည့်အပြုံးဖြင့် ပြုံးကာ ခေါင်းခါလိုက်လေသည်။
သူသည် ရွှီနင်၏ အားလပ်ချိန်များကို မနာလို ဖြစ်နေမိသည်။
“လာထိုင်ပြီး အိမ်ကို စာရေးပါဦး”
ထောင်ချင်းဖင်က ရွှီနင်ကို ပြောလိုက်သည်။
“အိမ်ကို စာရေးဖို့ ဟုတ်လား”
ရွှီနင်သည် အပေါ်ထပ်အင်္ကျီကို ချွတ်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။
“စခန်းခေါင်းဆောင်တွေက ပြောတယ်... လူတိုင်း အိမ်နဲ့ဝေးနေတာ နှစ်လနီးပါး ရှိပြီဆိုတော့ ဒီည စာရေးကြတဲ့၊ မနက်ဖြန်ကျရင် အိမ်ကို လူလွှတ်ပြီး ပို့ပေးမယ်တဲ့”
ထောင်ချင်းဖင်သည် ရွှီနင်ကို ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှီနင် အတော်လေး အံ့အားသင့်သွားသည်။
‘မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က စာတွေ ပို့ပေးတယ်လား’
သူတို့သည် အိမ်နှင့် သိပ်မဝေးသော်လည်း ထွက်ခွာလာခဲ့သည်မှာ တစ်လခွဲကျော် ကြာမြင့်ခဲ့ချေပြီ။ ရံဖန်ရံခါ မိသားစုကို လွမ်းဆွတ်မိသော်လည်း စာရေးရလောက်သည်အထိတော့ မဟုတ်ပေ။
‘မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က တော်တော်လေး စာနာတတ်တာပဲ’
သို့သော် စာပို့ပေးမည့်သူ ရှိနေမှတော့ ရွှီနင်လည်း ရေးလိုက်မည်သာ။
သူသည် ထိုင်လိုက်ပြီး စာရွက်ကို ဖြန့်ကာ အခြားစုတ်တံတစ်ချောင်းကို ကောက်ယူလိုက်သည်။ ခေတ္တမျှ စဉ်းစားပြီးနောက် စတင်ရေးသားလေတော့သည်။
ထောင်ရွာသည် ကလေးများကို ငယ်ရွယ်စဉ်ကတည်းက စာရေးစာဖတ် သင်ကြားပေးလေ့ရှိသည်။ ရွှီနင်သည် ငယ်စဉ်က ထောင်ရွာတွင် မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကောယယ်သည် သူ့ကို သင်ကြားပေးခဲ့သည်။
ထို့ကြောင့် သူသည် အိမ်ရှိ မိသားစုထံသို့ စာတစ်စောင်ကို လွယ်ကူစွာ ရေးသားနိုင်ခြင်း ဖြစ်သည်။
စာထဲတွင် ရွှီနင်သည် သူ၏ နေထိုင်မှုအခြေအနေကို အဓိကထား ရေးသားလိုက်သည်။ လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့သည့် အတွေ့အကြုံကို တမင်ချန်လှပ်ထားခဲ့ပြီး ကောင်းကွက်များကိုသာ ရေးသားခဲ့သည်။
ထို့အပြင် ရွှီနင်သည် မိသားစုအပေါ် ထားရှိသော သံယောဇဉ်ကိုလည်း အကျဉ်းချုံး ဖော်ပြခဲ့သည်။
စာ၏အဆုံးတွင် ရွှီနင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ကောယယ်အတွက်ပါ စာအနည်းငယ် ရေးလိုက်သည်။
ကောယယ်သည် အတိတ်၌ သူ့ကို များစွာ ကူညီခဲ့ဖူးသဖြင့် ရွှီနင်က စာဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။
စာရေးပြီးသောအခါ ထောင်ချင်းဖင်သည် စာအိတ်များကို ယူလာပေးသည်။
ရွှီနင်သည် စာကို စာအိတ်ထဲသို့ ထည့်လိုက်သည်။
သူသည် စာကို ထောင်ချင်းဖင်အား ပေးလိုက်ပြီး မနက်ဖြန် စာပို့လုလင်ထံ ပေးပို့စေလိုက်သည်။
…
နောက်တစ်နေ့၌…
နေရောင်ခြည်မှာ တောက်ပလျှက်ရှိသည်။
ဖုန်ဆစ်ကွားသည် မနေ့ည၌ အလုပ်များထားလေရာ သူ နိုးလာသောအခါ၌ နောက်ကျနေမှန်း သိလိုက်ရသည်။
ဖုန်ဆစ်ကွားသည် အဝတ်အစား ကောက်ဝတ်ပြီး မျက်နှာပင် မသစ်၊ မနက်စာပင် မစားဘဲ အိမ်ထဲမှ ပြေးထွက်လာခဲ့သည်။
မေပယ်လမ်းကြား ကင်းစခန်း တံခါးဝသို့ ရောက်သည်နှင့် တံခါးစောင့်နေသော မြို့စောင့်တပ်သား နှစ်ဦးနှင့် တွေ့လေသည်။
ထိုနှစ်ယောက် ဖုန်ဆစ်ကွားကို မြင်သောအခါ ရုတ်တရက် ပြုံးလိုက်ကြသည်။
“ဆရာကွား”
ဖုန်ဆစ်ကွားသည် ရုတ်တရက် ခေါ်ဝေါ်မှုကြောင့် ကြောင်အသွားသည်။
အစ်ကိုကွားဟု အခေါ်ခံရလျှင်ပင် ဖုန်ဆစ်ကွား ပျော်နေပြီဖြစ်သည်။ ယခု ဆရာကွားဟု အခေါ်ခံရသဖြင့် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါ ဘာသဘောလဲ”
ဖုန်ဆစ်ကွား မေးလိုက်သည်။
“ခင်ဗျား မသိသေးဘူးလား”
မြို့စောင့်တပ်သားတစ်ဦးက ရှေ့တိုးလာသည်။ “ခေါင်းဆောင်ရွှီက မေပယ်လမ်းကြားရဲ့ ယာယီလက်ထောက်အဖြစ် ခန့်အပ်ခံလိုက်ရပြီလေ”
“ဘာ...”
ဖုန်ဆစ်ကွား မှင်သက်သွားသည်။
“မင်း ဘာပြောလိုက်တယ်... နောက်တစ်ခါ ပြန်ပြောစမ်း”
ဖုန်ဆစ်ကွားက မြို့စောင့်တပ်သား၏ ပခုံးကို ဆုပ်ကိုင်ကာ သေချာ နားထောင်လိုက်သည်။
“ခေါင်းဆောင်ရွှီက ယာယီလက်ထောက်အဖြစ် ခန့်အပ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်နေတယ်လေ”
နောက်ထပ် မြို့စောင့်တပ်သားတစ်ဦးက ပြုံးလျက် ပြောလိုက်သည်။
နားကြားမမှားကြောင်း သေချာသွားပြီးနောက် ဖုန်ဆစ်ကွားသည် ပေါင်ကို ပုတ်ကာ ကင်းစခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
ဖုန်ဆစ်ကွားသည် ပြေးရင်း ရယ်မောနေမိသည်။
“ဒီဖုန်ဆစ်ကွားက ခေါင်းဆောင်ရွှီနဲ့ အဆက်အသွယ်ရသွားလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး...”
မြို့စောင့်တပ်သားတစ်ဦးသည် ဖုန်ဆစ်ကွားကို ကြည့်ကာ မနာလိုသောလေသံဖြင့် ပြောလိုက်သည်။ “အဲဒီနေ့ကသာ ငါတာဝန်ကျခဲ့ရင် ငါက ခေါင်းဆောင်ရွှီရဲ့ လက်ထောက် ဖြစ်နေလောက်ပြီ”
“အဲဒီကောင် တော်တော်ကံကောင်းတာပဲ...”
အခြားမြို့စောင့်တပ်သားကလည်း သိသိသာသာ မနာလိုဖြစ်နေသည်။
ရွှီနင်သည် ယခုအခါ ယာယီလက်ထောက် ဖြစ်နေပြီဖြစ်ရာ အနာဂတ်တွင် တရားဝင်လက်ထောက် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီဖြစ်သည်။
ဖုန်ဆစ်ကွားသည် လက်ထောက်လူငယ်လေးနှင့် ဆက်ဆံရေးကောင်းမွန်လေသည်။ အရာရာ အဆင်ပြေသွားပါလျှင် ဖုန်ဆစ်ကွားသည် မြို့စောင့်တပ်သားများ၏ အထက်လူကြီး ဖြစ်လာနိုင်ပေသည်။
ဖုန်ဆစ်ကွား ကင်းစခန်းထဲသို့ ဝင်လာပြီး ကြော်ငြာသင်ပုန်းဆီသို့ ပြေးသွားလိုက်သည်။
ဖုန်ဆစ်ကွားသည် ကြော်ငြာသင်ပုန်းအလယ်ရှိ ရွှီနင်၏ ခန့်အပ်လွှာကို မြင်လိုက်ရသည်။
ဖုန်ဆစ်ကွား၏ ခေါင်းထဲသို့ သွေးများ တိုးဝင်လာသလို ခံစားလိုက်ရသည်။ သူ ဂုဏ်ယူဝင့်ကြွားနေမိသည်။
‘သူ လုပ်နိုင်ခဲ့ပြီပဲ’
ဖုန်ဆစ်ကွားသည် အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်သည်။
သူသည် ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး မျက်နှာသုတ်ကာ ရွှီနင်၏ စာကြည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
“ခေါင်းဆောင်... ဂုဏ်ယူပါတယ်ဗျာ”
ဖုန်ဆစ်ကွား အခန်းထဲဝင်လာပြီး ရွှီနင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
ဖုန်ဆစ်ကွား ပျော်ရွှင်နေသည်ကို မြင်သောအခါ ဘယ်သူကများ အမှန်တကယ် ယာယီလက်ထောက်အဖြစ် ရာထူးတိုးသွားတာလဲဟု ရွှီနင် တွေးလိုက်မိသည်။
“ကျေးဇူးပါ”
ရွှီနင်က ပြုံးလျက် လိုရင်းကို ပြောလိုက်သည်။ “ကင်းစခန်းက မြို့စောင့်တပ်သားတွေကို အရင်တာဝန်ယူခဲ့တဲ့သူက ချန်ရန့်နဲ့ ပတ်သက်နေပြီး ယွီရှင့်ဟယ့်တို့ဆီက ပိုက်ဆံတွေ ယူခဲ့တယ်လေ။ အခုတော့ သူ ထုတ်ပယ်ခံလိုက်ရပြီး စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီ”
“ငါက အခု တရားဝင် ယာယီလက်ထောက် ဖြစ်နေပြီ။ ဝန်ထမ်းခန့်အပ်ပိုင်ခွင့် အာဏာရှိတယ်ဆိုတော့ ဒီလွတ်နေတဲ့နေရာကို မင်းကို ပေးဖို့ စီစဉ်ထားတယ်”
ရွှီနင်ပြောသည်မှာ မှန်ကန်သည်။
မြို့စောင့်တပ်သားများ၏ တာဝန်ခံကို ခန့်အပ်ခြင်းသည် သူ့လုပ်ပိုင်ခွင့်ပင်။
သူသည် ဖုန်ဆစ်ကွား၏ လုပ်ရည်ကိုင်ရည်ကို သဘောကျသဖြင့် သူ့ကို ခန့်အပ်ခြင်းသည် ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
“ရာထူးတိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
ဖုန်ဆစ်ကွား ဦးညွှတ်လိုက်သည်။
ရွှီနင်နှင့် ပတ်သက်မိရုံဖြင့် ဤမျှမြန်မြန်ဆန်ဆန် အကျိုးကျေးဇူးရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။
ဖုန်ဆစ်ကွားသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ယခုအချိန်မှစ၍ ရွှီနင်နှင့် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များမှလွဲလျှင် မေပယ်လမ်းကြား ကင်းစခန်း၌ သူသည် ဩဇာအကြီးဆုံးလူ ဖြစ်လာတော့မည်ကို ဖုန်ဆစ်ကွား ကောင်းစွာ သိလေသည်။
“လောင်ဖုန်... မင်း ဘဝင်မမြင့်နဲ့နော်”
ရွှီနင်က ဖုန်ဆစ်ကွားကို ကြည့်ကာ ပြောလိုက်သည်။ “ငါ မင်းကို သင်ပေးထားတာတွေ မမေ့နဲ့ဦး”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ချန်ရန့်နှင့် အခြားသူများအကြောင်း တွေးမိလိုက်ပြီးနောက် ဖုန်ဆစ်ကွား အသိစိတ် ပြန်ကပ်သွားသည်။
သူသည်လည်း လူပါးတစ်ယောက် ဖြစ်သည်။ ရွှီနင်ကဲ့သို့ပင် နှိမ့်ချပြီး လက်တွေ့ကျကျ နေထိုင်ရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
ရွှီနင် သူ့ကို သဘောကျမှသာ သူသည် အမှန်တကယ် အားကိုးရသော လက်ထောက်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
“ခေါင်းဆောင်... စာကြည့်ခန်း ပြောင်းမလား”
ဖုန်ဆစ်ကွားက မေးလိုက်သည်။
“လောလောဆယ် မလိုသေးပါဘူး”
ရွှီနင်က လက်ကာပြလိုက်သည်။ “ဒီနေရာက ကောင်းပါတယ်”
“ဒါဆို ချန်ရန့်ရဲ့ စာကြည့်ခန်းကို ဒီအတိုင်း ထားလိုက်ရမလား”
ဖုန်ဆစ်ကွားက ထပ်မေးသည်။
“လောလောဆယ် အလွတ်ထားလိုက်ဦး။ ငါ တရားဝင်လက်ထောက် ဖြစ်လာတဲ့အခါကျမှ ပြောင်းတော့မယ်”
ခဏရပ်ပြီးနောက် ရွှီနင်က ဆက်ပြောသည်။ “နောက်သုံးရက်အတွင်း တပ်ဖွဲ့ဝင်အသစ်တွေ အကုန်ရောက်လာကြလိမ့်မယ်။ မင်း လူရှာပြီး စာကြည့်ခန်းကို ရှင်းလင်းထားလိုက်”
“ပြီးတော့ ကင်းစခန်းက စာရင်းကိုင်အသစ်ဆီသွားပြီး ချန်ရန့်ရဲ့ စာရင်းတွေကို စစ်ဆေးခိုင်းလိုက်။ စစ်ဆေးပြီးသွားရင် ငါ့ကို လာတင်ပြ”
ရွှီနင်က မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ဖုန်ဆစ်ကွား၏ ပခုံးများ ရုတ်တရက် လေးလံသွားသလို ခံစားလိုက်ရသည်။
ဖုန်ဆစ်ကွား ထွက်သွားပြီးနောက် စာကြည့်ခန်းထဲတွင် ရွှီနင်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
သူ ပြတင်းပေါက်ကို ဖွင့်လိုက်ရာ လေပြည်လေညှင်းများ ဝင်ရောက်လာသည်။
နှစ်သစ်ကူးကာလ လွန်မြောက်သွားပြီဖြစ်သော်လည်း လေထုထဲတွင် နွေးထွေးမှုအငွေ့အသက်များ ရှိနေဆဲပင်။
“ငါ မေပယ်လမ်းကြား ကင်းစခန်းကို တာဝန်ယူလိုက်ရပြီပဲ”
ရွှီနင်သည် သူ၏ ရုတ်တရက် ပြောင်းလဲသွားသော ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာမည့် ခရီးလမ်းသစ်ကို လျှောက်လှမ်းရန် အဆင်သင့် ဖြစ်နေလေပြီ။