ချီနယ်ပယ်လော
Vol. 6 Ch. 54
“ရွှီနင်က ချက်ချင်း စိန်ခေါ်ခံလိုက်ရတာပဲ”
ဝေ့ချန်ချင်းသည် အဝေးတစ်နေရာရှိ မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေရင်း ရွှီနင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်ကို ကြည့်နေလိုက်သည်။
ဝေ့ချန်ချင်းသည် ရွှီနင်၏အမည်ကို ယခင်က ကြားဖူးသော်လည်း လူချင်းမြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပေသည်။
“ခင်ဗျား ဒီလူငယ်ကို တော်တော်သဘောကျနေတာပဲ။ သူက စိမ်းပြာရောင်သတ္ထုပြားကို ဆက်ထိန်းထားနိုင်မယ့် အရည်အချင်းရှိတယ်လို့ ထင်လား”
ဝေ့ချန်ချင်းက ချွီးတယိုကို မေးလိုက်သည်။
“သေချာတာပေါ့ဗျာ... သူက အဝါရောင်ပြား ရနိုင်ခြေတောင် များနေပါသေးတယ်”
ချွီးတယို၏ အဖြေကြောင့် ဝေ့ချန်ချင်း အံ့အားသင့်သွားရသည်။
သူ့၌ ယုံကြည်မှု အပြည့်ရှိနေသည်။
တကယ်တော့ ရွှီနင် ချီနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ချွီးတယို မသိထားပေ။ သူသိထားသည်မှာ ရွှီနင် အတွင်းအားပြည့်ဝအဆင့်သို့ ရောက်ပြီးနောက်ပိုင်းတွင် ပြင်ပသိုင်းပညာများပါ သိသိသာသာ တိုးတက်လာကြောင်းကိုသာ ဖြစ်သည်။
“ဒါဆိုရင် ခင်ဗျားအထင် မှန်မမှန် စောင့်ကြည့်ကြတာပေါ့”
ဝေ့ချန်ချင်းက ပြုံးလျက် ကွင်းပြင်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများသည် တည်ငြိမ်လျက်ရှိသည်။ ဤလူငယ်များအပေါ် သူ မျှော်လင့်ချက် သိပ်မထားရှိပေ။
ဝေ့ချန်ချင်းသည် ယွင်ယင်းမြို့မှ လာခြင်းဖြစ်ပြီး သူ၏ မိသားစုသည် ယွင်ယင်းမြို့တွင် အင်အားကြီးသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူသည် စွမ်းအားကြီးသူများစွာကို မြင်ဖူးတွေ့ဖူးလေသည်။
ခန်းယွင်ခရိုင်ဆိုသည်မှာ ခရိုင်သေးတစ်ခုမျှသာ ဖြစ်ရာ သူ့ကို အထင်ကြီးစေမည့် လူငယ်မျိုး တွေ့ရရန် မလွယ်ကူလှချေ။
လူအုပ်ကြီးထဲတွင် စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေကြသော လူသစ်များသည် ရွှီနင်နှင့် ထန်ဖုန်းလုတို့ ရှိနေသည့် ပြိုင်ပွဲစင်မြင့်ကို စိုက်ကြည့်နေကြသည်။
ထန်ဖုန်းလုမှာ သိပ်နာမည်မကြီးသော်လည်း ရွှီနင်မှာမူ အလွန်နာမည်ကျော်ကြားသူ ဖြစ်သည်။
ရွှီနင်သည် တယွမ်ကုန်သွယ်ရေးအဖွဲ့ အဖြစ်အပျက်တွင် ပါဝင်ခဲ့ဖူးပြီး ချွီးတယို၏ အလေးပေးမှုကို ခံရသူဖြစ်ကြောင်း သူတို့ ကြားသိထားကြသည်။ ထို့ပြင် သူသည် လူသစ်များကြားတွင် ပထမဆုံးသော ယာယီတပ်ခွဲမှူးရာထူးကို ရထားသူလည်း ဖြစ်ပေသည်။
သူ၏ ဂုဏ်သတင်းကျော်ကြားမှုကြောင့် ရွှီနင်သည် လူအများ၏ အာရုံစိုက်မှုကို ရရှိထားခြင်း ဖြစ်သည်။
သူတို့ထဲမှ လူအတော်များများသည် ရွှီနင် မည်မျှသန်မာကြောင်း သိမြင်လိုနေကြသည်။
စင်မြင့်ပေါ်၌…
“ထန်ရွာက ထန်ဖုန်းလုပါ”
ထန်ဖုန်းလုသည် လှံရှည်ကို ကိုင်ဆောင်လျက် လက်သီးဆုပ်ကာ ရွှီနင်ကို နှုတ်ဆက်လိုက်သည်။
“ထောင်ရွာက ရွှီနင်ပါ”
ရွှီနင်ကလည်း လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
အမှန်စင်စစ် စခန်းအမှတ်သုံးတွင် တာဝန်ထမ်းဆောင်နေကြစဉ်၌ သူတို့အားလုံးသည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များဟူသော ဂုဏ်ပုဒ်တူညီကြသည်။ သို့သော် လူတိုင်း၏ ရင်ထဲတွင်မူ မိမိတို့ သက်ဆိုင်ရာ ရွာကိုသာ အသိအမှတ်ပြုထားကြစမြဲပင်။
ထန်ဖုန်းလုသည် ရွှီနင်ကို သတိကြီးကြီးထားကာ ကြည့်နေသည်။ သူ အပြည့်အဝ အာရုံစိုက်ထားလေသည်။
ရွမ့်ဖုန်းစားသောက်ဆိုင်ရှေ့တွင် ထောင်ချင်းယွမ်နှင့် ထန်ဖုန်းယင်တို့ကြား ရွှီနင် ဝင်ပါခဲ့သည်ကို သူ မြင်တွေ့ခဲ့ဖူးသဖြင့် ရွှီနင် မည်မျှသန်မာကြောင်း သူ သိထားသည်။
သို့သော် သူရှုံးနိမ့်မည်ကို သိလျက်နှင့်ပင် ထန်ဖုန်းယင်အတွက် ရွှီနင်၏ အင်အားကို စမ်းသပ်ပေးရန် ထန်ဖုန်းလုက စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
စိမ်းပြာရောင်ပြား ရရှိမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရမည် ဖြစ်သော်လည်း ထန်ဖုန်းယင်က ကမ်းလှမ်းချက်တစ်ခု ပေးထားသည်။ ရွှီနင်ကိုသာ စိန်ခေါ်ပေးလျှင် လစဉ် ပျံလွှားမြီးမြက် တစ်ပင် ပိုပေးမည်ဖြစ်သလို နောင်ပိုင်းတွင်လည်း အတူတကွ လေ့ကျင့်ပေးမည်ဟု ကတိပေးထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စတွင် ထန်ဖုန်းလုအတွက် နစ်နာစရာ မရှိပေ။
‘ဟား...’
ထန်ဖုန်းလုက ဦးစွာ စတင်လှုပ်ရှားလိုက်ပြီး ရွှီနင်ကို လှံဖြင့် ထိုးစိုက်လိုက်သည်။
ဓားကို ကျောနောက်တွင် လွယ်ထားသော ရွှီနင်မှာ အန္တရာယ်ရှိမည့်ပုံ ပေါက်နေသည်။
‘အားနည်းလွန်းတယ်...’
ထန်ဖုန်းလု တိုက်ခိုက်လိုက်သည်နှင့် ရွှီနင်က တစ်ဖက်လူ၏ အင်အားကို ချက်ချင်း သိလိုက်သည်။
ထန်ဖုန်းလု၏ လှံသိုင်းပညာမှာ အလယ်အလတ်အဆင့် ရှိသော်လည်း အတွင်းအားမှာမူ အတွင်းအားပြည့်ဝအဆင့်သာ ရှိသေးသည်။
သူ့အင်အားသည် စိမ်းပြာရောင်သတ္ထုပြား ပိုင်ရှင်များကြားတွင် ထိပ်တန်းဟု သတ်မှတ်၍ ရသည်။ အကယ်၍သာ ရွှီနင်ကို စိန်မခေါ်ခဲ့ပါက စိမ်းပြာရောင်သတ္ထုပြားကို အလွယ်တကူ ရရှိနိုင်ပေသည်။
သို့သော် ရွှီနင်ကို အနိုင်ယူရန်တော့ မလုံလောက်ချေ။
ထန်ဖုန်းလု၏ လှံသွားမှာ ရောက်ရှိလာသည်။
ရွှီနင်က ကိုယ်ကို ဘေးသို့တိမ်းကာ တိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်ရှားလိုက်သည်။
သူသည် ပြင်ပသိုင်းကွက်များကို ထုတ်မသုံးသော်လည်း ရွှီနင်၏ ကိုယ်ကာယကြံ့ခိုင်မှုကြောင့် သူ၏ ပေါ့ပါးသွက်လက်မှုမှာ အလွန်အားကောင်းနေပြီ ဖြစ်သည်။
‘မြန်လိုက်တာ...’
ထန်ဖုန်းလု လန့်ဖျပ်သွားသည်။
ရွှီနင်က ကပ်သီးကပ်သပ် ရှောင်လိုက်ပုံရသော်လည်း တကယ်တမ်းတွင် ရွှီနင်က နောက်ဆုံးစက္ကန့်မှ ရှောင်လိုက်ခြင်းဖြစ်ကြောင်း ထန်ဖုန်းလု ကောင်းစွာ သိလိုက်သည်။
မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်၏ အခြေခံအဆင့်သာရှိသော ထန်ဖုန်းယင်သည် ဤသို့ လုံးဝ လုပ်နိုင်မည် မဟုတ်ပေ။
သူ ဘာဆက်လုပ်ရမလဲဟု စဉ်းစားနေစဉ်မှာပင် ရွှီနင်က သူ့ရှေ့တည့်တည့်သို့ ရောက်ရှိလာကြောင်း ထန်ဖုန်းလု ရုတ်တရက် သတိပြုမိလိုက်သည်။
ရွှီနင်၏ အမြန်နှုန်းမှာ ယခင်ကထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
‘သူက ပြင်ပသိုင်းပညာကို လေ့ကျင့်ဖို့ အချိန်ရသေးတာလား’
ဤအတွေးက ထန်ဖုန်းလု၏ ခေါင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်။
ရွှီနင်၏ ပေါ့ပါးသွက်လက်မှုသည် အတွင်းအားပြည့်ဝအဆင့်မှ လုပ်ဆောင်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေလေပြီ။
ရွှီနင်၏ ရုတ်တရက် တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ရသောအခါ ထန်ဖုန်းလုသည် နောက်သို့ ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။
သို့သော် သူ့လှံမှာ ရှည်လွန်းနေသည်။ လက်နက်ရှည်များ၏ အားသာချက်မှာ ထင်ရှားသော်လည်း ပြိုင်ဘက်က အနီးကပ် ဝင်ရောက်လာချိန်တွင်မူ အသုံးပြုရန် အလွန်ခက်ခဲပေသည်။
ထန်ဖုန်းလုသည် တံတောင်ဖြင့် တွန်းထုတ်ကာ ရွှီနင်၏ လှုပ်ရှားမှုကို ယာယီတားဆီးရန် ကြိုးစားလိုက်ရသည်။
သို့သော် ဤလုပ်ရပ်များက အချည်းနှီးသာ ဖြစ်၏။
ရွှီနင်သည် ဓားကို လုံးဝ ထုတ်မသုံးဘဲ လက်သီးဖြင့်သာ ထိုးလိုက်သည်။
ထန်ဖုန်းလု၏ တံတောင်က မကာကွယ်နိုင်မီမှာပင် ရွှီနင်၏ လက်သီးက ကျရောက်လာခဲ့ချေပြီ။
လက်သီးချက်က ထန်ဖုန်းလု၏ ရင်ဘတ်ကို ထိမှန်သွားပြီး ကြီးမားသော အင်အားကြောင့် ထန်ဖုန်းလု ဟန်ချက်ပျက်သွားရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စင်မြင့်ပေါ်မှ ပြုတ်ကျသွားလေသည်။
ရှောင်တိမ်းမှုတစ်ခုနှင့် တိုက်ခိုက်မှုတစ်ခုသာ ပြုလုပ်လိုက်ရပြီး ပွဲပြီးဆုံးသွားလေပြီ။
ပရိသတ်များ အံ့သြမှင်သက်သွားကြသည်။
ရွှီနင် သန်မာကြောင်း လူတိုင်း စိတ်ထဲ ကြိုတင်ပြင်ဆင်ထားကြသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
ကောလာဟလများအရ ရွှီနင်သည် ဓားသိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော် ယခုလေးတင် ရွှီနင်က ဓားကိုမသုံးဘဲ လက်သီးတစ်ချက်တည်းဖြင့် ထန်ဖုန်းလုကို စင်အောက်သို့ ရောက်သွားစေခဲ့သည်။
“ရွှီနင်က ဒီလောက်တောင် သန်မာနေပြီလား...”
ထောင်ချင်းယွမ် မယုံနိုင် ဖြစ်နေသည်။ “ဒါ... သူ မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် အလယ်အလတ်အဆင့်ကို ရောက်နေတာ ဖြစ်မယ်... ဒါမှမဟုတ်... ချီနယ်ပယ်ကို ရောက်သွားတာလား”
ထောင်ချင်းယွမ် တုန်လှုပ်နေမိသည်။
ရွှီနင်သည် ထိုအချက်နှစ်ချက်စလုံးကို ပိုင်ဆိုင်ထားကြောင်း သူ ထည့်ပင် မစဉ်းစားမိပေ။
“ရွှီနင်...”
ထောင်ကျင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ရွှီနင် ဒီအဆင့်ထိ ရောက်ရှိလာလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့မိပါ။
ယာယီတပ်ခွဲမှူးရာထူး ရခြင်းမှာ ချွီးတယိုနှင့် ပတ်သက်မှုကြောင့် ဖြစ်နိုင်သော်လည်း ယခုအခါ သူ့ခွန်အားက ထင်ရှားနေလေပြီ။
ထောင်ကျင် ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်လာသည်။
နှစ်သစ်ကူးနေ့မှစ၍ သူမ၏ တိုးတက်မှုများ နှေးကွေးလာသည်ဟု ထောင်ကျင် ခံစားနေရသည်။
ချီနယ်ပယ်အကြောင်း မပြောနှင့်ဦး၊ သူမသည် မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်၏ အခြေခံအဆင့်ကိုပင် မရောက်သေးချေ။
ထို့ကြောင့် သူမ ပို၍ စိတ်တိုလာရသည်။ ထောင်ကျင် ထိတ်လန့်စပြုလာသည်။
ပါရမီရှင်တစ်ယောက် မဟုတ်တော့ဘူးဆိုရင် သူမက ဘာမှမဟုတ်တော့ဘူးဟု ထောင်ကျင် ခံစားနေရသည်။
“အနိုင်ရသူ... ရွှီနင်”
“ရွှီနင်က စိမ်းပြာရောင်သတ္ထုပြားကို ဆက်ထိန်းထားနိုင်ပြီး ထန်ဖုန်းလုကတော့ မီးခိုးရောင်ပြားပဲ ရမယ်”
စစ်ဆေးမှုကို တာဝန်ယူထားသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်က အဆုံးအဖြတ်ကို ကြေညာလိုက်သည်။
ရွှီနင်သည် လူတိုင်း၏ ရှေ့မှနေ၍ စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။
ထန်ဖုန်းလုလည်း ဖြည်းညှင်းစွာ ပြန်ထလာသည်။
သူသည် ရွှီနင် ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူ့ရင်ဘတ်ကို ကြည့်လိုက်သည်။
ရွှီနင် သူ့ကို ညှာတာလိုက်ကြောင်း ထန်ဖုန်းလု ကောင်းစွာ သိလိုက်သည်။
လက်သီးဖြင့် ထိုးသည့် နောက်ဆုံးအခိုက်အတန့်တွင် ရွှီနင် အရှိန်လျှော့လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ရွှီနင်သည် အရေးကြီးသော နေရာများကို တမင်ရှောင်ရှားပြီး သူ့ရင်ဘတ် ညာဘက်ခြမ်းကိုသာ ထိုးခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ရွှီနင် အင်အားအကုန်ထုတ်ပြီး ထိုးလိုက်ပါက သူ သတိလစ်သွားနိုင်ကြောင်း ထန်ဖုန်းလု ခံစားမိလိုက်သည်။
“အစ်ကိုယင်...”
ထန်ဖုန်းလုသည် လူအုပ်ထဲသို့ ပြန်လျှောက်လာပြီး ထန်ဖုန်းယင်ကို ပြောလိုက်သည်။ “သတိထားနော်... သူက သန်မာတယ်”
ထို့နောက် ထန်ဖုန်းလုသည် လူအုပ်၏ နောက်ဆုံးသို့ သွားရောက် နေလိုက်သည်။
ထန်ဖုန်းယင်၏ မျက်နှာထားမှာ အလွန်ဆိုးရွားနေသည်။
ထောင်ရွာဘက်မှ သူ့ကို စိန်ခေါ်မည့်သူမှာ ရွှီနင်တစ်ယောက်တည်းသာ ရှိကြောင်း သူ ကောင်းကောင်း သိထားသည်။
အဘယ်ကြောင့်ဆိုသော် ထောင်ရွာတွင် သူ့ကို ယှဉ်ပြိုင်ရဲလောက်အောင် သန်မာသူ အခြားမရှိသောကြောင့် ဖြစ်သည်။
‘မင်း ငါ့ကို တကယ် စိန်ခေါ်ချင်နေတာလား...’
ရွှီနင်၏ စောစောက လက်သီးချက်သည် ထန်ဖုန်းယင်၏ စိတ်ဓာတ်ကို ရိုက်ခတ်သွားပြီး သူ့အဝါရောင်သတ္ထုပြားကို ကာကွယ်ရန် အခြားနည်းလမ်းများကို စတင်စဉ်းစားမိစေသည်။
ထန်ရွာမှ အခြား စိမ်းပြာရောင်ပြားပိုင်ရှင်တစ်ဦးက သူ့ကို စိန်ခေါ်လာပါက သူသည် ဒီအချီအတွက် နောက်ထပ်စိန်ခေါ်မှုများကို ငြင်းပယ်နိုင်ပြီး အဝါရောင်သတ္ထုပြားကို ဆက်ထိန်းထားနိုင်မည် ဖြစ်သည်။
သို့သော် စိမ်းပြာရောင်သတ္ထုပြားပိုင်ရှင် ၃၀ ရှိပြီး အဝါရောင်သတ္ထုပြားပိုင်ရှင် ၁၀ ဦးသာ ရှိသည်။ ရွှီနင်က သူ့ကို ဘယ်အချီမှာ စိန်ခေါ်မလဲဆိုတာ သူ မသိနိုင်ပေ။ အဆိုးဆုံးအနေဖြင့် သူ သုံးကြိမ်တိုင်တိုင် စိန်ခေါ်ခံရနိုင်ချေ ရှိသည်။
တစ်နည်းအားဖြင့် သူ အဝါရောင်သတ္ထုပြားကို ဆက်ထိန်းထားချင်လျှင် စိမ်းပြာရောင်သတ္ထုပြားပိုင်ရှင် သုံးယောက်ကို အနိုင်ယူရပေမည်။
သို့သော် ထိုကဲ့သို့လုပ်ခြင်းသည် နောက်ဆုတ်လိုက်ခြင်းပင် ဖြစ်သည်။
ထန်ရွာသားများကြားတွင် မျက်နှာပျက်ရမည့်အပြင် ချွီးတယိုလည်း သူ့အပေါ် စိတ်ပျက်သွားပေလိမ့်မည်။
စခန်းအမှတ်သုံးတွင်လည်း သူ့ဂုဏ်သိက္ခာ ကျဆင်းသွားပေမည်။
ထန်ဖုန်းယင်တစ်ယောက် ဗျာများနေတော့သည်။
‘ရွှီနင်...’
ယခင်က ချွီးတယိုသည် ခုံကိုရွှေ့ပြီး ဝေ့ချန်ချင်းဘေးတွင် ဝင်ထိုင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ရွှီနင်၏ လက်သီးချက်ကြောင့် ချွီးတယို မတ်တပ်ရပ်လိုက်မိသည်။
သူသည် သာမန်လူသားနယ်ပယ် သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ရာ ရွှီနင် တိုက်ခိုက်လိုက်သည်နှင့် ရွှီနင်သည် အတွင်းအားပြည့်ဝအဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိလိုက်သည်။
မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် အလယ်အလတ်အဆင့် ရောက်နေသူပင်လျှင် ဒီလို ပေါက်ကွဲထွက်လာမည့် အင်အားမျိုး ရှိမည်မဟုတ်ပေ။
“သူ ချီနယ်ပယ်ကို ရောက်နေပြီပဲ...”
ယခင်က ဂရုမစိုက်သလို နေနေခဲ့သော ဝေ့ချန်ချင်းသည် ခေါင်းကို အနည်းငယ်လှည့်ကာ ကိုယ်ကိုမတ်လိုက်လေသည်။