ပြန်လည်ဆုံစည်းခြင်း
Vol. 6 Ch. 59
နေထိုင်ရန်နေရာ အခြေကျပြီးနောက် ကောယယ်သည် ရွှီလျန်နှင့် ထောင်ထောင်တို့အား မေပယ်လမ်းကြားရှိ မဟူရာသံချပ်ကာတပ်စခန်းသို့ ခေါ်ဆောင်သွားလေသည်။
ရွှီနင်သည် အိမ်သို့စာရေးစဉ်က သူတာဝန်ထမ်းဆောင်နေသည့်နေရာကို ထည့်ရေးပေးလိုက်သဖြင့် သူတို့ လိုက်ရှာရမည့်နေရာကို သိရှိနေကြခြင်း ဖြစ်သည်။
“အခု ရွှီနင်ကို သွားရှာကြမယ်ဆို... သူ့ကို အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါဘူးနော်”
ရွှီလျန်က ရုတ်တရက် ဤအချက်ကို တွေးမိကာ စိုးရိမ်ပူပန်သွားသည်။
“မပူပါနဲ့ အစ်မလျန်”
ကောယယ်က ပြောလိုက်သည်။ “ကျွန်တော်တို့ အဲဒီနေရာရောက်ရင် ပတ်ဝန်းကျင်ကို မေးမြန်းကြည့်ကြတာပေါ့... အဆင်ပြေရင် သူ့ဆီသွားတွေ့မယ်... အဆင်မပြေရင်လည်း အလောတကြီး မလုပ်ပါဘူး... ရွှီနင်ကို စောင့်ဖို့ နေရာတစ်ခု ရှာလိုက်ရုံပါပဲ”
ကောယယ်၏စကားကို ကြားပြီးနောက် ရွှီလျန် စိတ်သက်သာရာ ရသွားလေသည်။
ကောယယ်သည် မြို့ထဲသို့ ဝင်ထွက်သွားလာဖူးသဖြင့် မေပယ်လမ်းကြား ဘယ်နေရာမှာရှိသည်ကို သိလေသည်။
သို့သော် သူတို့ မေပယ်လမ်းကြားသို့ ရောက်သောအခါ ကောယယ်သည် ကင်းစခန်း၏ တည်နေရာအတိအကျကို မသိတော့ချေ။
“ရောက်ပြီလားဟင်”
ခရီးဝေး လမ်းလျှောက်လာရသဖြင့် ထောင်ထောင်တစ်ယောက် သိသိသာသာ ပင်ပန်းနေရှာသည်။
မြို့ထဲရောက်စဉ်က ကောယယ်သည် မြင်းလှည်းငှားရန် စီစဉ်ခဲ့သော်လည်း ရွှီလျန်က ငြင်းဆန်ခဲ့သည်။
ရွှီလျန်က ပိုက်ဆံအပိုကုန်ခံစရာ မလိုဟု ယူဆခဲ့ခြင်းဖြစ်သည်။
“မပူပါနဲ့ ထောင်ထောင်ရ... ရောက်ခါနီးပါပြီ”
ကောယယ်က ထောင်ထောင်၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ဦးလေး တစ်ယောက်ယောက်ကို လမ်းမေးလိုက်ဦးမယ်”
တိုက်တိုက်ဆိုင်ဆိုင်ပင် မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဖွဲ့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအဖွဲ့တွင် လူဆယ်ယောက်မပြည့်တပြည့် ပါဝင်သည်။ ခေါင်းဆောင်လုပ်သူမှာ ပိန်ပိန်ရှည်ရှည်နှင့်ဖြစ်ပြီး ချဉ်းကပ်ရန် ခက်ခဲမည့်ပုံ ပေါက်နေလေသည်။
“ကျွန်တော် မြို့စောင့်တပ်ကို သွားမေးလိုက်မယ်”
ကောယယ်မှာ အကူအညီတောင်းရန် ပြင်လိုက်သည်။
“တခြားလူကိုပဲ သွားမေးပါလား”
ရွှီလျန်က ကောယယ်၏ အင်္ကျီလက်စကို အမြန်ဆွဲထားလိုက်သည်။ “သူတို့ကြည့်ရတာ ဖော်ရွေမယ့်ပုံ မပေါ်ဘူး”
ထိုအဖြစ်ကိုမြင်သော် ကောယယ်က ခေါင်းခါလိုက်သည်။ “အစ်မလျန်... စိတ်မပူပါနဲ့... မြို့စောင့်တပ်တွေက မဟူရာသံချပ်ကာတပ်ဖွဲ့ရဲ့ လက်အောက်ခံတွေလို့ ကျွန်တော် ကြားဖူးတယ်... ဒါကြောင့် ရွှီနင်ရဲ့ ရာထူးက သူတို့ထက် မြင့်တယ်လေ... သူတို့ကို ရွှီနင် ဘယ်မှာရှိလဲဆိုတာ မေးလို့ရပါတယ်”
“ဒါဆိုလည်း ပြီးတာပဲ”
ကောယယ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရွှီလျန် သဘောတူလိုက်သည်။
ရွှီလျန်သည် ထောင်ထောင့်လက်ကို ဆွဲကာ လမ်းဘေးတွင် ရပ်နေလိုက်ပြီး ကောယယ်က ရှေ့သို့ လျှောက်သွားလိုက်သည်။
ယခင်ကဆိုလျှင် မဟူရာသံချပ်ကာတပ်ဖွဲ့ သို့မဟုတ် မြို့စောင့်တပ်များကို မြင်ပါက ကောယယ်တစ်ယောက် အဝေးမှ ရှောင်ကွင်းသွားလေ့ရှိသည်။
သို့သော် ယခုအခါ အခြေအနေက ကွဲပြားသွားချေပြီ။ ရွှီနင်သည် မေပယ်လမ်းကြားရှိ မဟူရာသံချပ်ကာတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေသလို သူကလည်း ရွှီနင်၏ သူငယ်ချင်း ဖြစ်သည်။ ဤအချက်ကို တွေးမိကာ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
ကောယယ်သည် ခါးကိုမတ်မတ်ထားလျက် လျှောက်လှမ်းသွားသည်ကို သူ့ဘာသာပင် သတိမထားမိလိုက်ပေ။
“ဆရာတို့”
ကောယယ်က မြို့စောင့်တပ်ခေါင်းဆောင်အနားသို့ ကပ်သွားလိုက်သည်။
“ဘာလဲ”
မြို့စောင့်တပ်ဖွဲ့ဝင်၏ မျက်နှာထားမှာ အေးစက်ပြီး အလွန်အလေးအနက်ထားပုံ ပေါ်နေသည်။
ကောယယ် သူ့အနားသို့ ရောက်လာသည်ကို မြင်သောအခါ သူက မျက်လုံးကို ကျဉ်းမြောင်းကြည့်လိုက်သည်။
ထိုသို့မြင်လိုက်ရသောအခါ ကောယယ် ရုတ်တရက် ရပ်တန့်သွားသည်။
သို့သော် သူ့စိတ်က တည်ငြိမ်နေဆဲပင်။
ကောယယ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကိုယ်ကို အနည်းငယ် ကိုင်းလိုက်သည်။
“ဆရာတို့... ကျွန်တော် ကိစ္စလေးတစ်ခုလောက် မေးချင်လို့ပါ”
သူတစ်ပါး၏အချိန်ကို ဖြုန်းတီးမိမည်စိုးသဖြင့် ကောယယ်က လျင်မြန်စွာ ပြောလိုက်သည်။ “မေပယ်လမ်းကြား ကင်းစခန်းက ဘယ်နားမှာလဲ ခင်ဗျာ... ကျွန်တော်တို့ အဲဒီမှာ လူသွားရှာချင်လို့ပါ”
“လူရှာချင်လို့ ဟုတ်လား”
မြို့စောင့်တပ်ဖွဲ့ဝင်က မျက်ခုံးပင့်လိုက်သည်။ “ဘယ်သူ့ကို ရှာချင်လို့လဲ”
“ရွှီနင်ပါ”
ကောယယ်က အမှန်အတိုင်း ဖြေလိုက်သည်။
“ရွှီနင်”
မြို့စောင့်တပ်ဖွဲ့ဝင်မှာ ခေတ္တမျှ ကြောင်အသွားသည်။
ကင်းစခန်းတွင် ရွှီနင်ဟု အမည်ရသူမှာ တပ်ခွဲမှူးရွှီနင် တစ်ဦးတည်းသာ ရှိသည်။
မြို့စောင့်တပ်ခေါင်းဆောင်က ရှေ့သို့ကိုင်းကာ တိုးတိုးတိတ်တိတ် မေးလိုက်သည်။ “ခင်ဗျားတို့က ဆရာရွှီကို ဘာကိစ္စကြောင့် ရှာတာလဲ”
‘ဆရာရွှီ ဟုတ်လား’
ရွှီနင်၏ နာမည်ကို ကြားလိုက်ရသည်နှင့် မြို့စောင့်တပ်ဖွဲ့ဝင်၏ မျက်နှာထားနှင့် အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို ကောယယ် သတိထားမိလိုက်သည်။
ကောယယ်သည် နောက်ဆုံးတွင် ယုံကြည်မှု အနည်းငယ် ရရှိသွားပြီး သူ့ခါးကို မသိမသာ မတ်လိုက်သည်။ “မိသားစုဝင်ဆီ လာလည်တာပါ”
‘မိသားစုဝင်တွေက လာလည်တာလား’
ဤသူများသည် ဆရာရွှီ၏ ဆွေမျိုးများဖြစ်ကြောင်း မြို့စောင့်တပ်ဖွဲ့ဝင် သဘောပေါက်သွားလေသည်။
“ကျွန်တော်က ရွှီနင်ရဲ့ သူငယ်ချင်းပါ... နာမည်က ကောယယ်ပါ” ကောယယ်က လမ်းဘေးတွင် ရှိနေသော ရွှီလျန်နှင့် ထောင်ထောင်တို့ကို လက်ညှိုးထိုးပြလိုက်သည်။ “ဟိုမှာက ရွှီနင်ရဲ့ အစ်မနဲ့ တူမလေးပါ”
မြို့စောင့်တပ်ဖွဲ့ဝင်၏ မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာလေသည်။
“ဆရာရွှီရဲ့ ဆွေမျိုးတွေ ဖြစ်နေတာကိုး... ကျွန်တော် တောင်းပန်ပါတယ်ဗျာ”
မြို့စောင့်တပ်ဖွဲ့ဝင်က အလျင်အမြန် ပြောလိုက်သည်။ “ကျွန်တော့်နာမည် ဖုန်ဆစ်ကွား ပါ... ဆရာရွှီရဲ့ လက်ထောက်ပါ”
ဖုန်ဆစ်ကွားသည် ရွှီလျန်ရှိရာဘက်သို့ အလျင်အမြန် လက်ပြလိုက်သည်။
သူသည် သူ့အဖွဲ့နှင့်အတူ လမ်းမများပေါ်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး တပ်ခွဲမှူးရွှီ၏ မိသားစုနှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဖုန်ဆစ်ကွား၏ စိတ်ထဲတွင် ရွှီနင်၏ မိသားစုသည် ရွှီနင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မှတ်ယူထားလေသည်။
“ခင်ဗျားက ရွှီနင်ရဲ့ လက်ထောက်လား”
ကောယယ်သည် ဤကဲ့သို့ တိုက်ဆိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘ဒီကောင်လေး ရွှီနင်ကတော့... သူ့လက်ထောက်ကတောင် ဒီလောက် ဟိတ်ဟန်ရှိနေမှတော့ သူတော်တော်လေး အဆင်ပြေနေပုံရတယ်...’
ကောယယ် စိတ်ထဲမှ တွေးလိုက်မိသည်။
“လာပါ... ကျွန်တော့်နောက် လိုက်ခဲ့ကြပါ... ကျွန်တော်ကိုယ်တိုင် ကင်းစခန်းအထိ လိုက်ပို့ပေးပါ့မယ်”
ဖုန်ဆစ်ကွားက ပြောရင်း ရွှီလျန်ရှိရာသို့ လျှောက်သွားလိုက်သည်။
“ဆရာ... ကျွန်မတို့ကို လမ်းညွှန်ပေးရုံဆို ရပါပြီ... လိုက်ပို့ပေးစရာ မလိုပါဘူးရှင်”
ရွှီလျန်က ထောင်ထောင့်လက်ကို ဆွဲထားသည်။ သူမသည် မြို့စောင့်တပ်ဖွဲ့ဝင် ဖုန်ဆစ်ကွားကို လေးစားသမှု ရှိနေကြောင်း ထင်ရှားနေသည်။
ဖုန်ဆစ်ကွားက ထိုစကားကို ကြားသောအခါ လက်ကို အလျင်အမြန် ကာပြလိုက်သည်။ “ကျွန်တော့်ကို လောင်ဖုန် လို့ပဲ ခေါ်ပါဗျာ... ဆရာရွှီကလည်း ကျွန်တော့်ကို အဲဒီလိုပဲ ခေါ်တာပါ”
“မင်းတို့ကောင်တွေ ဆက်ပြီး ကင်းလှည့်နေကြ... ငါ့မှာ အရေးကြီးကိစ္စ ရှိတယ်”
ဖုန်ဆစ်ကွားက ခေါင်းလှည့်ကာ လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
ကင်းလှည့်နေသော မြို့စောင့်တပ်သားများ ထွက်ခွာသွားကြပြီးနောက် ဖုန်ဆစ်ကွား၏ မျက်နှာထားမှာ တည်ကြည်လေးနက်မှုမှ ဖော်ရွေသောပုံစံသို့ ချက်ချင်း ပြောင်းလဲသွားလေသည်။
ထောင်ထောင်တစ်ယောက် ခေါင်းကုတ်လိုက်မိသည်။
‘ဒီလူကြီးက တော်တော်ထူးဆန်းတာပဲ’
“ကျွန်တော့်နောက် လိုက်ခဲ့ကြပါ”
ဖုန်ဆစ်ကွားက ဖိတ်ခေါ်လိုက်သည်။
ကောယယ်နှင့် ရွှီလျန်တို့သည် ဖုန်ဆစ်ကွား၏ စေတနာထက်သန်မှုကို မြင်လိုက်ရသဖြင့် မငြင်းဆန်နိုင်တော့ပေ။
“လောင်ဖုန်... ရွှီနင်ဆီလာတာ သူ့အလုပ်ကို မနှောင့်ယှက်သလိုတော့ မဖြစ်ပါဘူးနော်”
“မဖြစ်ပါဘူးဗျာ... ဒီရက်ပိုင်း ကင်းစခန်းက သိပ်မရှုပ်ပါဘူး... တပ်ခွဲမှူးရဲ့ အလုပ်တာဝန်ကလည်း သိပ်မများပါဘူး... သူက ပုံမှန်ဆိုရင် အခန်းထဲမှာပဲ တံခါးပိတ်ပြီး တစ်နေကုန် လေ့ကျင့်နေတတ်တာပါ”
ဖုန်ဆစ်ကွားက ပြန်ဖြေလိုက်သည်။
“ဪ...” ကောယယ် ခေါင်းညိတ်လိုက်ပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပုံရသည်။ “တပ်ခွဲမှူး... ဘာတပ်ခွဲမှူးလဲ”
“တပ်ခွဲမှူးရွှီလေ... ဆရာရွှီက တပ်ခွဲမှူး ဖြစ်နေပြီ”
ဆရာရွှီ၏ မိသားစုသည် ရွှီနင် တပ်ခွဲမှူးအဖြစ် ရာထူးတိုးသွားသည်ကို မသိကြသေးကြောင်း ဖုန်ဆစ်ကွား ရိပ်မိသွားလေသည်။
“ဆရာရွှီက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ တပ်ခွဲမှူးအဖြစ် ရာထူးတိုးသွားတာလေ”
ဖုန်ဆစ်ကွားက ပြန်ပြောလိုက်သည်။
ကောယယ် မျက်လုံးများ ပြူးကျယ်သွားသည်။ “ဒီကောင်လေး ရွှီနင်က တပ်ခွဲမှူးတောင် ဖြစ်နေပြီလား”
ရွှီလျန်တစ်ယောက် မယုံကြည်နိုင် ဖြစ်နေသည်။
တပ်ခွဲမှူးဆိုသည်မှာ ကင်းစခန်းတစ်ခုတွင် ရရှိနိုင်သော အမြင့်ဆုံးရာထူးဖြစ်ကြောင်း ကောယယ်က သူမကို ပြောပြဖူးသည်။
ရွှီနင်သည် မဟူရာသံချပ်ကာတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာသည်မှာ သုံးလသာ ရှိသေးသော်လည်း တပ်ခွဲမှူးအဖြစ် ရာထူးတိုးခံခဲ့ရပြီတဲ့လား။
မိခင်ဖြစ်သူနှင့် ကောယယ်တို့ အံ့အားသင့်နေကြသည်ကို ကြည့်ပြီး ထောင်ထောင်တစ်ယောက် ခေါင်းကုတ်လိုက်မိပြန်သည်။
‘သူတို့ ဘာတွေ ပြောနေကြတာလဲ... ငါ ပင်ပန်းနေပြီဟာကို’
နောက်ဆုံးတွင် သူတို့ ကင်းစခန်းသို့ ရောက်ရှိလာကြသည်။
“ဆရာရွှီရဲ့ စာကြည့်ခန်းဆီ ကျွန်တော် တန်းခေါ်သွားပေးမယ်နော်”
ဖုန်ဆစ်ကွားက ခြေတစ်လှမ်းဦးဆောင်ကာ ရွှီနင်၏ စာကြည့်ခန်းရှိရာသို့ အမြန်လျှောက်သွားလေသည်။
…
ရွှီနင်သည် စာကြည့်ခန်းထဲတွင် စာအုပ်အထူကြီးတစ်အုပ်ကို ဖတ်ရှုနေသည်။
၎င်းမှာ ခန်းယွင်ခရိုင်အတွင်း မဟူရာသံချပ်ကာတပ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်လာပုံ သမိုင်းကြောင်းအကြောင်း ဖြစ်သည်။
ရွှီနင်သည် မဟူရာသံချပ်ကာတပ်ဖွဲ့နှင့် ခန်းယွင်ခရိုင်၏ အတိတ်အကြောင်းကို သိရှိထားသော်လည်း သူ့အသိပညာမှာ အပိုင်းအစများသဖွယ် ဖြစ်နေသည်။ သို့သော် ဤစာအုပ်၏ အကူအညီဖြင့် သူသည် ခန်းယွင်ခရိုင်အကြောင်းကို စနစ်တကျ နားလည်သဘောပေါက်လာနိုင်သည်။
ခေတ္တမျှ စာဖတ်ပြီးနောက် ရွှီနင် မတ်တပ်ရပ်ကာ ကိုယ်လက်လှုပ်ရှားလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ ခြံဝင်းငယ်လေးကို လှမ်းကြည့်လိုက်သည်။ သစ်ပင်များ အညှောင့်ပေါက်စပြုလာပြီဖြစ်၍ နွေဦးရာသီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ရွှီနင် သတိပြုမိလိုက်သည်။
‘နောက်ရက်နည်းနည်းနေရင် အိမ်ပြန်ပြီး သူတို့ကို သွားတွေ့လိုက်ဦးမယ်’
ရွှီနင် တိတ်တဆိတ် တွေးလိုက်မိသည်။
တပ်စခန်း (၃) ၏ စည်းမျဉ်းများအရ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ပြီးနောက် လူသစ်များသည် အိမ်ပြန်ကာ ရက်အနည်းငယ် နေထိုင်ခွင့်ရှိသည်။
ရွှီနင်သည် ထောင်ချင်းဖင်တို့အဖွဲ့နှင့်လည်း တိုင်ပင်ထားပြီးဖြစ်သည်။ သူတို့သည် ထောင်ရွာသို့ အတူတူပြန်ကာ မိသားစုနှင့်အတူ ရက်အနည်းငယ် နေထိုင်ရန် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
ရွှီနင် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ဖုန်ဆစ်ကွားကို ဦးစွာမြင်လိုက်ရပြီး သူ့နောက်တွင် ခန္ဓာကိုယ်သေးသေးလေးတစ်ခု လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
ထိုခန္ဓာကိုယ်သေးသေးလေးသည် လျှင်မြန်စွာ လျှောက်လှမ်းလာပြီး အလျင်လိုနေသည့်ပုံ ပေါက်နေသည်။
ရွှီနင် မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။
ထောင်ထောင်ပါလား။
ကောယယ်နှင့် ရွှီလျန်တို့လည်း ခြံဝင်းငယ်လေးထဲသို့ ရောက်ရှိလာကြသည်။
ရွှီနင် တံခါးကို အမြန်ဖွင့်လိုက်သည်။
“ဦးလေး”
ထောင်ထောင်သည် တံခါးဝတွင် ရပ်နေသော ရွှီနင်ကို မြင်လိုက်သည်နှင့် ပြေးလာပြီး ရွှီနင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေသည်။
ရွှီနင် ပြုံးလိုက်ပြီး ထောင်ထောင်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူမကို မြှောက်လိုက်လေသည်။
ထောင်ထောင်သည် သူမ၏ လက်သေးသေးလေးများဖြင့် ရွှီနင်၏ မဟူရာသံချပ်ကာ ခါးပတ်ကို စတင်ကလိလေတော့သည်။
ရွှီနင်က သူမကို ဂရုမစိုက်တော့ဘဲ ရွှီလျန်နှင့် ကောယယ်တို့ကို မေးလိုက်သည်။ “အစ်မ... ကောယယ်... ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ဒီရောက်နေကြတာလဲ”
“ငါ့ဦးလေးက မြို့ထဲကို ကုန်လှည်းလာပို့ရင်း အစ်မလျန်နဲ့ ထောင်ထောင်ကိုပါ တစ်ခါတည်း ခေါ်လာခဲ့တာလေ”
ရွှီနင် စိတ်ပူမည်စိုးသဖြင့် ကောယယ်က ရှင်းပြလိုက်သည်။ “ဒီရက်ပိုင်း မြင်းစီးဓားပြတွေ နည်းပါးလာသလို ဦးလေးကလည်း ချီနယ်ပယ်သိုင်းပညာရှင်တစ်ယောက်ကို ငှားလာခဲ့တော့ ခရီးလမ်းက အရမ်းဘေးကင်းပါတယ်”
“ဒါဆိုရင် ခင်ဗျားနဲ့ ဦးလေးကန်းကို ကျေးဇူးတင်ရမှာပဲ”
ရွှီနင်က ပြောလိုက်သည်။
ရွှီလျန်သည်လည်း မောင်ဖြစ်သူကို တွေ့လိုက်ရသောအခါ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားလေသည်။
“ဒါနဲ့ ယောက်ဖရော ဘယ်မှာလဲ”
ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်း ပါမလာသည်ကို ရွှီနင် ရုတ်တရက် သတိထားမိလိုက်သည်။