← Chapters

အရှင်မင်းကြီး ရောက်လာခြင်း

Vol. 5 Ch. 43

အရှင်မင်းကြီး ရောက်လာခြင်း

Vol. 5 Ch. 43

"ဒီအထဲမှာ မှတ်ထားတာတွေက ပိုးထည်ဂိုဒေါင်မှာ လက်ရှိ ရှိတဲ့ အထည်သားတွေပါ... သခင်မလေး ကြည့်ကြည့်ပေးပါဦး..."

သူမက အလုပ်လုပ်ရာတွင် စေ့စပ်သေချာပြီး စကားနည်းကာ လက်တွေ့ဆန်လှသည်။ ဖန့်မားမား၏ ဟန်ပန်က ဘေးနားမှ စကားများပြီး လိုရင်းမရောက်သော ချန်မားမားကို အသာစီးရသွားစေသည်။

လင်ဝမ်ယိသည် သေချာ ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွလေး ပြုံးလိုက်လေသည်။

"ဖန့်မားမားက အလုပ်လုပ်တာ သေချာသားပဲ... မားမား မှတ်သားထားတဲ့အတိုင်းသာ ပို့ပေးလိုက်ပါ..."

"ဟုတ်ကဲ့ပါ..."

သူတို့နှစ်ဦး အပြန်အလှန် ပြောဆိုလိုက်သည်မှာ စကားသုံးခွန်းလောက်သာ ရှိသော်လည်း ကိစ္စဝိစ္စများ ပြီးမြောက်သွားလေပြီ။

ချိုးမင်က ထိုအခြေအနေကို မြင်သောအခါ ရှောင်လုကျစ်နှင့် ရှောင်ဟယ်ကျစ်တို့ကို အခန်းထဲသို့ ခေါ်လိုက်ပြီး သူတို့နှစ်ယောက်အား သေချာ ပြောလိုက်သည်။

"မင်းတို့ မားမားနှစ်ယောက်နောက် လိုက်သွားပြီး ပစ္စည်းတွေ သွားယူချေ... သတိထားနော်... ညစ်ပေသွားတာတို့ ပျောက်သွားတာတို့ မဖြစ်စေနဲ့... ကြားလား..."

"ဟုတ်ကဲ့..."

သူတို့က အပေးအယူမျှစွာ ပြောဆိုနေကြသဖြင့် ချန်မားမားမှာ စကားဝင်ပြောချင်လျှင်တောင် ပြောခွင့်မရတော့ပေ။

ထို့ပြင် ဖန့်မားမားကလည်း ထွက်ခွာသွားပြီဖြစ်ရာ သူမအနေဖြင့် အတွင်းဆောင်ထဲတွင် ဆက်နေဖို့ မသင့်တော်တော့သဖြင့် မတတ်သာဘဲ နောက်မှ လိုက်သွားရတော့သည်။

ပြန်ထွက်သွားချိန်တွင် သူမ၏ မျက်နှာမှာ မကြည်မလင် ဖြစ်နေရှာသည်။ သူမ၏ အရည်အချင်းများကို အကုန် ထုတ်မပြလိုက်ရဟု ခံစားလိုက်ရ၏။

ဖန့်မားမားကတော့ သူမ စိတ်ညစ်နေသည်ကို ဂရုမစိုက်ဘဲ အထည်စများ ပြင်ဆင်ရန်သာ အမြန်ပြန်သွားလေသည်။

လူများ ထွက်သွားကြမှသာ ခြံဝင်းလေးမှာ ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ရှအန်းသည် ဇီးသီးချင်းလက်ဖက်ရည် တစ်ခွက်ကို ယူဆောင်လာပြီး လင်ဝမ်ယိ နွေးထွေးစေရန် ဆက်သလိုက်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"သခင်မလေး... ဒီပိုးချည်တွေက နည်းလွန်းမနေဘူးလား... ဒီအစေခံ ကြည့်ရတာ အရင်တစ်ခေါက်က ဖန့်မားမား ပို့ပေးထားတာတွေတောင် ဘာမှ မကျန်တော့ဘူး..."

"စိတ်မပူပါနဲ့... ဖန့်မားမားက ငါ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်... ငါက ပန်းထိုးဌာနကနေ ပိုးချည် သိပ်မယူလိုက်မှတော့... သူက ငါ့အတွက် အစားထိုး ပြင်ပေးလိမ့်မယ်... သူရွေးထုတ်လာတဲ့ ပိုးချည်တွေက ပန်းထိုးဌာနက ပစ္စည်းတွေထက် သေချာပေါက်ညံ့မှာမဟုတ်ဘူး..."

လင်ဝမ်ယိ ပန်းထိုးဌာနမှ တောင်းလိုက်သော ပိုးချည်များမှာ ရှာရခက်သော ပစ္စည်းများ ဖြစ်သည်။

ပုံမှန် အရောင်ရှိသော ပိုးချည်များကိုတော့ သူမအနေဖြင့် ဖန့်မားမားဆီက ယူသည်က ပိုကောင်းပေလိမ့်မည်။

ပိုးထည်ဂိုဒေါင်တွင်လည်း ပိုးချည်လက်ကျန်များ ရှိတတ်စမြဲပင်။ သို့သော် ပန်းထိုးဌာနလောက် မများပြားသဖြင့် လူတွေက တဖြည်းဖြည်း မေ့လာကြခြင်းပေ။

ယခင်တစ်ခေါက်က ဖန့်မားမားသည် တစ်ခါတည်းနှင့် အများကြီး ပို့ပေးခဲ့ဖူးရာ ယခုတစ်ခေါက်လည်း ထပ်ပို့ပေးနိုင်လိမ့်မည်ဟု သူမ တွေးလိုက်မိသည်။

ထင်သည့်အတိုင်းပင် ရှောင်လုကျစ် ပြန်ရောက်လာချိန်တွင် အထည်စ ဆယ်လိပ်ကျော် ပါလာပြီး ပိုးချည်များလည်း တစ်ပုံတစ်ပင် ပါလာလေသည်။

အရောင်အနေဖြင့်တော့ သိပ်မများလှဘဲ မတူသည့်အရောင် နှစ်ဆယ် သုံးဆယ်ခန့်သာ ရှိသည်။

သို့သော် အရောင်တိုင်းက လင်ဝမ်ယိ၏ စိတ်တိုင်းကျ ဖြစ်နေလေ၏။

အဘွား၏ တပည့်အရင်းဖြစ်ဖို့ တကယ် တန်ပါပေသည်။ အကဲခတ်တတ်သည့် မျက်လုံးနှင့် ဦးနှောက်က အခြားလူများထက် ပိုအသုံးကျပေ၏။

ပိုးထည်ဂိုဒေါင်မှာပင် အောင်းနေပြီး တာဝန်ခံ လုပ်နေရသည်မှာ နှမြောစရာကောင်းလှသည်။

"သခင်မလေး... ‌ဒါတွေ ဘယ်မှာ ထားရမလဲ..."

"ရှအန်းက ဗီရိုတစ်လုံး ရှင်းပေးထားတယ်... အဲဒီထဲမှာပဲ အရင်ထည့်ထားလိုက်... သုံးခါနီးမှ ပြန်ထုတ်ကြတာပေါ့..."

ရှောင်လုကျစ်နှင့် ရှောင်ဟယ်ကျစ်တို့သည် ဗီရိုပြည့်သွားသည်အထိ ပစ္စည်းများကို ထည့်လိုက်ကြပြီးမှ လက်စသတ်လိုက်ကြသည်။

တော်သေးသည်က ဗီရိုက အတော်လေး ကြီးသည်ပင်။ မဟုတ်လျှင် ဤမျှများသည့် ပစ္စည်းများကို ဆံ့အောင် ထည့်နိုင်မည် မဟုတ်ပေ။

ရှအန်းက လင်ဝမ်ယိအတွက် စာရေးကိရိယာများကို ယူဆောင်လာပေးရာ သူမက စဉ်းစားရင်း စာရွက်ပေါ်တွင် ပုံစံအကြမ်းထည် အချို့ကို ရေးဆွဲလိုက်လေသည်။

သူမက ဝမ်ကုအဆောင် သို့ တစ်ခေါက် ရောက်ဖူးသည်ဖြစ်၍ ယခုတစ်ကြိမ် အရှင်မင်းကြီးအတွက် အဝတ်အစား ချုပ်ရာတွင် စိတ်ကူးစိတ်သန်း အသစ်အဆန်းများ ပေါ်လာ၏။

ခဏနေတော့ ပုံစံတစ်မျိုး ပြောင်းလိုက်၊ ခဏနေတော့ မှတ်ချက်တစ်ခု ရေးလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။

သူမ ပုံကြမ်းဆွဲ၍ ပြီးခါနီးအချိန်မှာပင် ချိုးမင်က ခြေလှမ်းသွက်သွက်ဖြင့် ဝင်လာခဲ့လေသည်။

"သခင်မလေး... ချန်အန်းနန်းဆောင်က သတင်းပို့လာတယ်... အရှင်မင်းကြီး ခဏနေရင် ရောက်လာပါလိမ့်မယ်..."

လင်ဝမ်ယိ၏ မျက်ဝန်းလေးများ ပြူးကျယ်သွားပြီး အံ့ဩမှုများ ပြည့်နှက်သွားရ၏။

ယခုရက်ပိုင်းအတွင်း အရှင်မင်းကြီး ရောက်မလာသည်မှာ ကြာပြီဖြစ်ရာ ယနေ့မှ ဘယ်လိုဖြစ်ပြီး အားလပ်သွားရသနည်း။

"အာ... သိပြီ... ရှအန်း ငါ့ကို ဆံပင် နည်းနည်း ပြင်ပေးပါဦး..."

"ဟုတ်ကဲ့ပါ..."

သူမသည် နေမကောင်းဖြစ်နေဆဲမို့ ပြင်ဆင်သည်ဆိုရာတွင်လည်း ဆံပင်ကို သပ်ရပ်အောင် ပြန်စည်းပြီး အဝတ်အစားများကို ဖြောင့်အောင် ဆွဲဆန့်လိုက်ရုံမျှသာပင်။

ထို့နောက် ရှအန်း၏ တွဲကူမှုဖြင့် ကုတင်ပေါ်မှဆင်းကာ စင်္ကြံလမ်းသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

အချိန်ကိုက်ပင် ဧကရာဇ် ယွီဝမ်ဟုန်ကလည်း ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။ နေရောင်အောက်မှ သူသည် အလွန်ပင် ခန့်ညားထည်ဝါနေ၏။

"ကျွန်တော်မျိုးမ လင်တာရင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."

"မင်း ခြေထောက်မှာ ဒဏ်ရာရှိနေတာပဲ... တခမ်းတနားတွေ လုပ်မနေနဲ့တော့..."

ပြောပြီးသည်နှင့် သူက ရှေ့တိုးလာကာ သူမကို တွဲကူလိုက်သည်။ သူမ မတ်တပ်ရပ်လိုက်နိုင်သည်နှင့် လက်ကို ပြန်လွှတ်ပေးလိုက်လေ၏။

အစေခံများအရှေ့တွင် လင်ဝမ်ယိသည် အရှင်မင်းကြီးနှင့် သိပ်ပြီး ရင်းရင်းနှီးနှီး မနေချင်ပေ။

ထိုအရာများက သူများအမြင်ကောင်းအောင် ဟန်ဆောင်ပြနေရသလို ခံစားရပြီး ဟန်ဆောင်ရသည်မှာ ပင်ပန်းလှသည်။

အတွင်းခန်းထဲသို့ ရောက်သောအခါ ချိုးမင်က တာဝန်ကို လွှဲယူလိုက်လေသည်။

ကုတင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ချိုးမင် ကမ်းပေးလာသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။

သူက ရေငတ်ပြေရုံသာ သောက်လိုက်သော်လည်း မမျှော်လင့်ဘဲ အရသာ ရှိနေလေ၏။

"ဒါ ဘာလက်ဖက်ရည်လဲ..."

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဒါက သစ်သီးခြောက်လက်ဖက်ရည်ပါ... ကျွန်တော်မျိုးမက စံပယ်ပန်း လက်ဖက်ခြောက်ထဲကို စပျစ်သီး နည်းနည်း ထည့်ခိုင်းထားတာပါ... ဒါကြောင့် သောက်လိုက်ရင် စံပယ်ပန်းရနံ့ရော စပျစ်သီးရဲ့ ချိုမြမြ အရသာကိုပါ ရပါတယ်..."

"ဒီရာသီမှာ ဘယ်လိုလုပ် စပျစ်သီး ရှိနေတာလဲ..."

အရှင်မင်းကြီး စိတ်ဝင်စားသွားသည်။ ယခင်နှစ်များက စပျစ်သီးဆိုလျှင် ယခုအချိန်ထိ အထားမခံပေ။ ယခုလိုရာသီမျိုးတွင် စပျစ်သီး မရှိသင့်ပေ။

လင်ဝမ်ယိ ပြုံးလိုက်သည်။

"ဒါက ကျွန်တော်မျိုးမ အိမ်ကနေ ယူလာတဲ့ သစ်သီးယိုအိုးပါ... အထဲမှာ သစ်သီးယို ခြောက်မျိုးပါတယ်... အကုန်လုံးက ကြိုလုပ်ထားတာ... ဒီစပျစ်သီးက တောထဲကနေ ခူးလာတာမို့လို့ ဒီတိုင်းစားရင် သိပ်အဆင်မပြေပေမဲ့ ယိုထိုးလိုက်ရင်တော့ ချဉ်ပြုံးပြုံးနဲ့ စားကောင်းပါတယ်... ဒါကြောင့် ပုံမှန်ဆိုရင် ကျွန်တော်မျိုးမ ရေနွေးကြမ်းသောက်တိုင်း နည်းနည်း ထည့်သောက်တတ်တယ်..."

"မင်းက အစပ်ပဲ ကြိုက်တယ်လို့ ကိုယ်တော် ထင်နေတာ..."

"ချို ချဉ် ဖန် စပ် ငန်...လျှာမှာ အရသာ ငါးပါး ရှိတယ်လေ... ကျွန်တော်မျိုးမက အစပ်ကြိုက်ပေမဲ့ ကျန်တဲ့ လေးမျိုးကိုလည်း မငြင်းပါဘူး..."

အရှင်မင်းကြီးသည် သူမ၏ စကားကို ကြားပြီးနောက် အတွေးပေါက်သွားပြန်သည်။

ဘာကြောင့်မှန်းမသိ... သူမ ပြောလိုက်သည့် စကားတိုင်းတွင် တရားသဘောများ ပါဝင်နေတတ်ပြီး အရှင်မင်းကြီးအနေဖြင့် ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို လိုက်တွေးချင်စိတ် ပေါက်လာစေသည်။

လင်ဝမ်ယိက သူ့ကို မနှောင့်ယှက်ဘဲ စုတ်တံကိုကိုင်ကာ ဆက်လက် ပုံဖော်နေလိုက်သည်။

ထိုကဲ့သို့ အေးဆေးတည်ငြိမ်နေသော ပုံစံကြောင့် အစေခံများအားလုံး အလိုက်တသိဖြင့် အပြင်သို့ ထွက်ခွာသွားကြတော့သည်။

ပြတင်းပေါက်ဘေးတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။

"ဘာပုံ ဆွဲနေတာလဲ..."

"အရှင်မင်းကြီးအတွက် ချုပ်ပေးမဲ့ ဝတ်ရုံရဲ့ပုံစံပါ... အရှင်မင်းကြီး ကြည့်ပါဦး... သဘောကျရဲ့လား..."

အရှင်မင်းကြီးက လှမ်းယူကြည့်လိုက်ရာ လင်ဝမ်ယိက ဘေးမှနေ၍ ရှင်းပြလိုက်သည်။

"ဒီတစ်ခုကိုတော့ ခရမ်းရောင်နဲ့ ရွှေရောင် စပ်ပြီး ထိုးမလို့ပါ... ပြီးတော့ အနက်ရောင် ပိုးသားနဲ့ ရေပြာရောင်လေး နည်းနည်း ထပ်ထည့်လိုက်မယ်... နဂါးခေါင်းက ကျက်သရေရှိပြီး ခန့်ညားသွားအောင်လို့လေ... ပြီးတော့ သန္တာစေ့ပုံစံ ပန်းထိုးနည်းနဲ့ နဂါးအကြေးခွံတွေကို ပုံဖော်လိုက်ရင် ထိုးပြီးသွားတဲ့အခါ သေချာပေါက် လှနေမှာ..."

"ပြီးတော့ ဒီတစ်ခုက... ဝမ်ရှီးမုန့်ရဲ့ 'တောင်စဉ်ရေမော်လီပေါင်းတစ်ထောင်' ပန်းချီကားရဲ့ အရောင်စပ်ပုံကို တုပထားတာလေ... မြစ်ရေတွေက ကျယ်ပြောပြီး တောင်တန်းတွေက မတ်စောက်နေတဲ့ ပုံစံမျိုးပေါ့... အဲဒါကို ကြယ်သီးကွင်းတွေနားမှာ သေသေချာချာလေး ထိုးလိုက်ရင် တမျိုးလေး ဆန်းပြီး ကြည့်ကောင်းနေမှာ..."

ယွီဝမ်ဟုန်သည် ပန်းထိုးသည့်အကြောင်း နားမလည်သော်လည်း သူမ သေချာရှင်းပြနေသည်ကို ကြားရသောအခါ ခေါင်းထဲတွင် ပုံရိပ်လေးများ ပေါ်လာလေသည်။

သူမ၏ လက်ရာနှင့် စိတ်ကူးစိတ်သန်းများက ပန်းထိုးဌာနမှ လူများနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

"အရင်တုန်းက မင်း နည်းနည်းပါးပါးပဲ သင်ဖူးတယ်လို့ ပြောတုန်းက... ကိုယ်တော်က မင်း မလုပ်တတ်မှာစိုးလို့ အဲဒီလိုပြောတယ်လို့ ထင်ခဲ့တာ... မထင်မှတ်ဘဲ မင်းက တကယ့်ကို နှိမ့်ချတတ်တာပဲ... ဒီလောက်ကောင်းတဲ့ လက်ရာမျိုး ရှိနေတာ...အမတ်ချုပ်ကြီးအိမ်တော်က ဒုတိယသခင်မလေးဆိုတာ ယုံဖို့တောင် ခက်တယ်..."

ထိုစကားတစ်ခွန်းက လင်ဝမ်ယိ၏ တက်ကြွနေမှုကို ရပ်တန့်သွားစေခဲ့သည်။

မူလက တက်ကြွနေသော သူမ၏ မျက်နှာလေးမှာ အရှင်မင်းကြီး၏ စကားကြောင့် ချက်ချင်း ညှိုးငယ်သွားတော့၏။

ယွီဝမ်ဟုန်သည် သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို သေချာ ကြည့်နေမိသည်။ တစ်ချက်လေးမှ လွတ်မသွားစေခဲ့ပေ။

"မင်းက ကိုယ်တော် အမတ်ချုပ်အိမ်တော်အကြောင်း ပြောတာကို မကြိုက်ဘူးလား..."

လင်ဝမ်ယိသည် ခေါင်းမော့ကာ အရှင်မင်းကြီးကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် နားမလည်နိုင်မှုများ ရှိသလို အကဲခတ်လိုစိတ်များလည်း ပါဝင်နေ၏။

အမတ်ချုပ်အိမ်တော်မှ ကိစ္စများကို အရှင်မင်းကြီး ဘယ်လောက် သိထားသလဲ ဆိုတာ သူမ မသိပေ။

သို့သော် တရားဝင်ဇနီးသည်က မွေးဖွားလာသည့် သမီးချင်းအတူတူဖြစ်သော်လည်း လင်ကွေ့ဖေး ဝင်လာတုန်းက ဖင်အဆင့် ရာထူး ရရှိခဲ့ပြီး သူမကတော့ တာရင် အဆင့်လေးသာ ရရှိခဲ့သည်။

အရှင်မင်းကြီးအနေဖြင့် ဤကိစ္စ၏ နောက်ကွယ်မှ မူမမှန်မှုများကို မရိပ်မိဘူးဆိုလျှင် သူမ ယုံမည်မဟုတ်ပေ။

ထို့ကြောင့် လင်ဝမ်ယိက သူ့ကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်လေသည်။

"အရှင်မင်းကြီး အထင်လွဲနေပါပြီ... အမတ်ချုပ်အိမ်တော်ဆိုတာ ကျွန်တော်မျိုးမရဲ့ မိသားစုအိမ်ပါ... ဘယ်လိုလုပ်ပြီး အရှင်မင်းကြီး ပြောတာကို မကြိုက်ဘဲ နေပါ့မလဲ..."

All Chapters