← Chapters

နန်းဆောင်အမည်ပေးခြင်း

Vol. 5 Ch. 44

နန်းဆောင်အမည်ပေးခြင်း

Vol. 5 Ch. 44

"ဒါဆို ကောင်းတာပေါ့... အမတ်ချုပ်လင်က ကိုယ်တော်တို့ တာ့ဝေ့ပြည်ရဲ့ အားထားရတဲ့ မဏ္ဍိုင်ကြီးပဲ... သူ့ရဲ့ မြေးမလေးတွေကလည်း သူ့လိုပဲ တော်ဝင်မိသားစုအတွက် အစွမ်းကုန် ကြိုးစားပေးသင့်တာပေါ့..."

ကြိုးစားပေးရမယ်... ဟုတ်လား...။

လင်ဝမ်ယိ ထိုစကားကို ကြားသောအခါ နားမလည်သလို ဖြစ်သွားရသည်။

ဘာရယ်မဟုတ် ဘာလို့များ ကြိုးစားပေးရမယ် ဆိုတာကို ထည့်ပြောလာရတာလဲ...။

လင်ဝမ်ယိ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ အရှင်မင်းကြီးက ထပ်ပြောလာသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ကွေ့ဖေးက ကိုယ်တော့်ကို လာတွေ့ပြီး... မင်း ခြေထောက်ဒဏ်ရာ ပျောက်တာနဲ့ အမြန်ဆုံး အိပ်ဆောင်ဝင်စေချင်တဲ့အကြောင်း ပြောသွားတယ်... ကြည့်ရတာ မင်းရဲ့ အစ်မကြီးက မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားပုံရတယ်..."

အရှင်မင်းကြီးက ထိုစကားကို ပြောလိုက်သောအခါ လင်ဝမ်ယိ ရင်ထဲ ထိတ်လန့်သွားရသည်။

သို့သော် ပြန်စဉ်းစားကြည့်လိုက်တော့ လင်ကွေ့ဖေး၏ နည်းလမ်းများက တကယ်ကို ပါးနပ်လှပေသည်။

ပထမဦးဆုံး အစ်ကိုဖြစ်သူ နဂါးလှေပြိုင်ပွဲအဖွဲ့တွင် ပါဝင်ခွင့်ရသည့် ကိစ္စကို ငါးစာချပြီး သူမကို သွမ့်ဝူပွဲတော် တက်ရောက်ချင်ကြောင်း ကိုယ်တိုင် ထုတ်ပြောလာအောင် လုပ်သည်။ ထို့နောက် အရှင်မင်းကြီး ရှေ့တွင် သူမ အိပ်ဆောင်ဝင်မည့်ကိစ္စကို ထပ်ပြောပြန်သည်။

သည်လိုဆိုရင် အပြင်လူတွေ အမြင်မှာ သူမသည် မျက်နှာသာရခါစ တာရင်လေး ဖြစ်ပြီး အကြာကြီး နေမကောင်းဖြစ်နေ၍ မျက်နှာသာ အပေးမခံရတော့မှာကို စိုးရိမ်နေသည့်အတွက် ကြိုးစားပမ်းစား လှုပ်ရှားနေသည်ဟု ထင်သွားကြပေလိမ့်မည်။

ဤကဲ့သို့ ကောလဟာလများ ထွက်သွားလျှင် အပြင်လူတွေ ယုံသည် မယုံသည်က အရေးမကြီးတော့။

အရေးကြီးသည်က အရှင်မင်းကြီး သူမကို ဘယ်လို မြင်မလဲ ဆိုတာပင်။

တော်သေးသည်က ယခုရက်ပိုင်းအတွင်း သူမ ချန်အန်းနန်းဆောင်ဘက်သို့ ခြေဦးမလှည့်ခဲ့မိခြင်းပင်။ အကယ်၍သာ သူမ တစ်ခေါက်လောက် သွားခဲ့မိလျှင် ‌ဤသို့ ခေါင်းစဉ်တပ်မှုကို သူမ ငြင်းလို့ရတော့မည် မဟုတ်ပေ။

သူမ ပြန်မဖြေဘဲ တိတ်နေသည်ကို တွေ့ရသောအခါ အရှင်မင်းကြီးက ထပ်မေးလာသည်။

လင်ဝမ်ယိက ပန်းထိုး ပုံစံ ဆွဲထားသော စက္ကူကို ကောက်ကိုင်လိုက်ရင်း ပြောလိုက်လေ၏။

"ကျွန်တော်မျိုးမက လက်ရှိ ဘဝလေးကို သဘောကျပါတယ်... အရင်တုန်းက အိမ်မှာ ရှိတုန်းကဆို ဒီလိုမျိုး လုပ်ဖို့ အချိန်မရှိခဲ့ဘူး... တစ်နေ့တစ်နေ့ အမေ့ကို ကူပြီး စာရင်းတွေ စစ်ပေးရတာနဲ့... အဘွားအခန်းကိုသွားပြီး ဆုံးမစကား နားထောင်ရတာနဲ့တင် အချိန်ကုန်နေရော... တစ်နေကုန် ဘာတွေ လုပ်လိုက်မိမှန်းတောင် မသိဘူး... အခုကျတော့မှ စိတ်အေးလက်အေး နေရတော့တယ်..."

သူမက အရှင်မင်းကြီး၏ စကားကို တိုက်ရိုက် ပြန်မဖြေခဲ့သော်လည်း သူမ၏ သဘောထားကိုတော့ ပြသလိုက်ခြင်းဖြစ်သည်။

သူမသည် လင်မိသားစုက ပို့လိုက်သည့်သူ ဆိုတာ မှန်သော်လည်း သူမသည် လည်း အသွေးအသားနှင့် ခံစားတတ်သူ တစ်ယောက် ဖြစ်ပါ၏။

လင်ကွေ့ဖေး လက်ထဲက အရုပ်တစ်ရုပ် မဟုတ်သလို အလှပြ ပစ္စည်းတစ်ခုလည်း မဟုတ်ပေ။ သူမ ဘာလုပ်ခိုင်းခိုင်း လုပ်ရမည်လား။ နန်းတော်ထဲက သူမ၏ ဂုဏ်သတင်းကိုတောင် လင်ကွေ့ဖေးက ဆုံးဖြတ်ပေးရမည်လား။

ဤကဲ့သို့ ရုပ်သေးရုပ်ဘဝမျိုးကို သခင်မကြီးတို့ မိသားစု နေခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူမတို့ မိသားစုလည်း ခံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

နောက်နောင် သူမ သည်လိုဘဝမျိုးတွင် မနေချင်တော့ပေ။

"ကွေ့ဖေးမယ်မယ်က အဘွားရဲ့ မြေးအရင်း ဖြစ်လို့ ငယ်ငယ်ကတည်းက အချစ်ခံခဲ့ရသူပါ... ပြောဆိုနေထိုင်ပုံတွေကလည်း အဘွားရဲ့ ပုံစံတွေ အများကြီး ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးမက မတူဘူး... ကျွန်တော်မျိုးမရဲ့ အဘွားအရင်းက စောစောစီးစီး ဆုံးပါးသွားခဲ့ပြီး... အဘိုးတို့အိမ်ကလည်း သာမန် ကုန်သည်တွေပါ... ဒါကြောင့် ငယ်ငယ်ကတည်းက ပြောဆိုနေထိုင်တာတွေကအစ ပိုပြီး သတိထားရပါတယ်... စာကလေးက ဟင်္သာလိုမျိုး မမြင့်မြတ်ပါဘူး... ကျွန်တော်မျိုးမမှာ ထိပ်ဆုံးရောက်ချင်တဲ့ ဆန္ဒ မရှိသလို အဲဒီလောက်လည်း အင်အားမရှိဘူး... ဒါကြောင့် လက်ရှိ ပိုင်ဆိုင်ထားတာလေးကိုပဲ ထိန်းသိမ်းထားချင်တာ..."

ဒီလို စကားမျိုးကို ပုံမှန်အချိန်ဆိုလျှင် လင်ဝမ်ယိ သေချာပေါက် ပြောထွက်မည် မဟုတ်ပေ။

သူမ၏ လေသံထဲတွင် စိတ်ကောက်သည့်ဟန်လေး နည်းနည်းစွက်နေသည်ကို အရှင်မင်းကြီးသာ အရူးမဟုတ်လျှင် နားလည်ပေလိမ့်မည်။

သူမ၏ စိတ်ကောက်နေသော ပုံစံလေးကို ကြည့်ရင်း အရှင်မင်းကြီး စိတ်ထဲမှ သံသယများ ပျောက်ကွယ်သွားတော့သည်။

"ကိုယ်တော်လည်း ဒီလိုပဲ မြင်တယ်... ကိုယ်‌တော် တစ်လျှောက်လုံး လိုက်ကြည့်လာတာ ဒီလက်ဝဲဆောင်လေးက နေလို့အကောင်းဆုံးပဲ..."

သူမ ပြန်မပြောသည်ကို မြင်၍ သူက ထပ်ပြောလိုက်သည်။

"ဒီဆောင်မှာ နာမည် မရှိဘူးလား..."

"ကျွန်တော်မျိုးမ မသိဘူး... ရောက်ကတည်းက လက်ဝဲဆောင်လို့ပဲ ခေါ်ကြတာ..."

"ဒါဆို ကိုယ်တော် ဒီနေ့ နာမည်ပေးလိုက်မယ်..."

ပြောပြီးသည်နှင့် သူက တစ်ဖက်ရှိ စာကြည့်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သုန်ယွီကျုံးနှင့် ချိုးမင်တို့ အမြန် ပြေးလိုက်သွားကြပြီး တစ်ယောက်က မင်သွေးပေးကာ တစ်ယောက်က စက္ကူဖြန့်ပေးလေသည်။

အရှင်မင်းကြီးက လင်ဝမ်ယိကို မော့ကြည့်လိုက်ပြီး ပါးစပ်မှ ရေရွတ်လိုက်သည်။

"ရောင့်ရဲခြင်း၌ သုခရှိ၏... စိတ်နှလုံး အေးချမ်းပါက ကမ္ဘာလောကကြီးလည်း ကျယ်ပြောလှပေသည်... ဒီကဗျာလေးက မင်းနဲ့ လိုက်တယ်... ဒါဆိုရင် 'ရှန်ယိနန်းဆောင်' လို့ နာမည်ပေးလိုက်မယ်..."

ရှန်ယိနန်းဆောင် (အေးချမ်းသော နန်းဆောင်)... သူမ၏ စိတ်ခံစားချက်နှင့် အတော်လေး ကိုက်ညီနေသဖြင့် လင်ဝမ်ယိ ထိုနာမည်ကို စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

သူမ ရွတ်ကြည့်လေလေ ပိုသဘောကျလာလေလေပင်။

အရှင်မင်းကြီးကလည်း စာရေး၍ ပြီးသွားလေပြီ။

"နန်းတွင်းရေးရာဌာနကို ကမ္ပည်းပြားလုပ်ဖို့ ပြောလိုက်... ပြီးရင် လင်တာရင်ဆီ ချက်ချင်း လာချိတ်ပေးလိုက်... မဟုတ်ရင် ကိုယ်တော် လာတိုင်း ဟာလာဟင်းလင်းကြီး ဖြစ်နေတာ ကြည့်ရတာ ပျင်းစရာကြီး..."

"ဟုတ်ကဲ့... အမိန့်တော်အတိုင်းပါ..."

ချိုးမင်သည် အရှင်မင်းကြီး ကိုယ်တိုင် ရေးသားထားသော လက်ရေးမူကို သေချာ ထုပ်ပိုးလိုက်ပြီး နန်းတွင်းရေးရာဌာနသို့ ကိုယ်တိုင် သွားပို့လေတော့သည်။

ယခုလို ကြားဖြတ် ပြောလိုက်သဖြင့် လင်ဝမ်ယိ၏ စိတ်ကောက်နေမှုများလည်း ပျောက်သွားတော့သည်။

"မလာခင်တုန်းက ကိုယ်တော် စားဖိုဆောင်ကို ရှူဒေသဟင်း တချို့ ချက်ခိုင်းခဲ့တယ်... မင်း ကြိုက်တတ်မှန်း သိလို့လေ... ပြီးတော့ ငရုတ်သီး များများထည့်ဖို့လည်း မှာထားတယ်..."

"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

ထို့နောက် သူက သူမအရှေ့သို့ လျှောက်လာပြီး ခြေထောက်ဒဏ်ရာကို ကြည့်ရန် အောက်ခံဝတ်ရုံအနားစ ဖွဖွလေး လှန်လိုက်သည်။

လွန်ခဲ့သော နှစ်ရက်ကထက်စာရင် အညိုအမဲများ သက်သာသွားသော်လည်း လုံးဝကြီး ပျောက်ကင်းသွားခြင်း မရှိသေးပေ။

"မင်းက တကယ့်ကို အသားအရေ နုနယ်တာပဲ... ဒီလောက် ဒဏ်ရာလေးကို ဒီလောက် ကြာနေတယ်... ကိုယ်တော်သာဆိုရင် နှစ်ရက်သုံးရက်နဲ့ ပြေးလွှားနေနိုင်ပြီ..."

"အရှင်မင်းကြီးက မြင့်မြတ်တဲ့ ရွှေလိုကိုယ်ခန္ဓာပိုင်ရှင်ပါ...ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ..."

တာ့ဝေ့ပြည်သည် စစ်အင်အားဖြင့် တည်ထောင်ထားသော နိုင်ငံဖြစ်ရာ ဧကရာဇ်တိုင်း ငယ်စဉ်ကတည်းက မြင်းစီးအတတ်ကို မဖြစ်မနေ သင်ကြားရသည်။

ထိုသို့ လေ့ကျင့်ရာတွင် မြင်းပေါ်မှ ပြုတ်ကျခြင်းများ ရှိတတ်သဖြင့် ဒဏ်ရာရခြင်းမှာ မလွဲမသွေ ကြုံရတတ်သည့် ကိစ္စပင်။

အရှင်မင်းကြီး၏ အကြည့်များ မှေးမှိန်သွားသည်ကို တွေ့လိုက်ရသည်။ သူက ထိုအကြောင်းအရာကို ရှောင်လွှဲချင်သည့်ပုံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ငယ်ငယ်တုန်းက မြင်းစီးရင်း ပြုတ်ကျဖူးတာ..."

လင်ဝမ်ယိက ဆက်မမေးတော့ပေ။ သူမသည် နဂိုကတည်းက စကားအများကြီး ပြောတတ်သူ မဟုတ်သလို အရိပ်အခြေလည်း ကြည့်တတ်သူပင်။

ထို့ကြောင့် စကားလမ်းကြောင်းလွှဲကာ ပေါ့ပေါ့ပါးပါး အကြောင်းအရာများကိုသာ ပြောလိုက်တော့သည်။

အရှင်မင်းကြီးသည် ရှန်ယိနန်းဆောင် တွင် ညစာစားပြီးသည်အထိ နေပြီးမှ လက်ဖက်ရည်ဖြင့် ပလုတ်ကျင်းပြီးနောက် သူ့ လူများကို ခေါ်ကာ ပြန်ထွက်သွားလေ၏။

လင်ဝမ်ယိမှာ အရှင်မင်းကြီးကို လေးနာရီခန့် ကြာ ဂရုတစိုက် ဧည့်ခံလိုက်ရသဖြင့် အတော်လေး ပင်ပန်းသွားရှာသည်။

အရှင်မင်းကြီး ပြန်သွားမှသာ ရှအန်းက အနားလာပြီး သူမ၏ ပခုံးနှင့် လည်ပင်းများကို နှိပ်နယ်ပေးလေသည်။

လင်ဝမ်ယိသည် မျက်လုံးမှိတ်ပြီး ရှအန်း၏ နှိပ်နယ်မှုကို ခံယူရင်း စောစောက ပြောခဲ့သော စကားများကို စိတ်ထဲတွင် ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ သူမ စည်းမျဉ်းနှင့်မညီ ပြောခဲ့တာမျိုး မရှိခဲ့ကြောင်း သေချာမှသာ လုံးဝ စိတ်အေးသွားရသည်။

အရှင်မင်းကြီး ရှေ့တွင် စိတ်ကောက်ပြရခြင်းက သူမအတွက် စွန့်စားခန်းကြီး တစ်ခုပင်။

အကယ်၍သာ ယခုအချိန်တွင် အမတ်ချုပ်အိမ်တော်မှ သူမ၏ အခြေအနေကို ဖွင့်မပြောပြခဲ့လျှင် နောင်ဆို ယခုကဲ့သို့စမ်းသပ်မှုမျိုးတွေ အများအပြားထပ်လာဦးမှာ ဖြစ်သည်။

ပြဿနာ မဖြစ်ခင် တားဆီးသည်ထက် ပြဿနာ၏ အရင်းအမြစ်ကို ရှင်းပစ်လိုက်သည်က ပိုကောင်းပေသည်။

သူမသည် လင်ကွေ့ဖေးနှင့် တစ်လမ်းတည်း လျှောက်သူ မဟုတ်ကြောင်း အစကတည်းက ဖဲချပ် လှန်ပြလိုက်ခြင်းက အရှင်မင်းကြီး၏ စိုးရိမ်ပူပန်မှုများကို လျော့နည်းသွားစေနိုင်သည်။

အမတ်ချုပ် အိမ်တော်မှ မိန်းကလေးများ နန်းတွင်း ဝင်လာခြင်းက ပြောရလျှင်တော့ ဂုဏ်ယူစရာ ကောင်းသော်လည်း... အရှင်မင်းကြီး၏ ရှုထောင့်မှ ကြည့်လျှင်မူ မျက်နှာသာပေးမှုထက် သံသယဝင်မှုက ပိုများပေလိမ့်မည်။

အထူးသဖြင့် သားသမီး ရလာသည့် အခြေအနေမျိုးတွင် ဆိုလျှင်တော့ ၎င်းမှာ ဘုရင့်အာဏာကို ခြိမ်းခြောက်လာနိုင်သည့် အရာပင်။

အဘယ်ကြောင့်ဆိုသော် ဆွေတော်မျိုးတော်များ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်သည့် အဖြစ်အပျက်များက ယခင်မင်းဆက်များတွင် မကြာခဏ ဖြစ်ပွားခဲ့ဖူးသည် မဟုတ်လား။ ဘယ်သူမှ ရုပ်သေးရုပ် ဧကရာဇ် မဖြစ်ချင်ကြပေ။

ရှန်ယိနန်းဆောင် မှ ထွက်လာသောအခါ ဧကရာဇ် ယွီဝမ်ဟုန်၏ မျက်နှာထားမှာ လေးနက် တည်ကြည်နေလေသည်။

"သွား... ကန်ခိုင်းယို ကို ကိုယ်တော့်ဆီ လာခဲ့ဖို့ ပြောလိုက်..."

"ဟုတ်ကဲ့ပါ..."

ကန်ခိုင်းယို ဆိုသည်မှာ လျှို့ဝှက်စုံစမ်းရေးဌာန ၏ တပ်မှူး ဖြစ်ပြီး တော်ဝင်မိသားစုမှစ၍ သာမန်အရပ်သားအထိ သူတို့ မစုံစမ်းနိုင်သည့် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။

ဤလျှို့ဝှက် အဖွဲ့အစည်းသည် လက်ရှိ ဧကရာဇ်၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ရှိပြီး တာ့ဝေ့ပြည် ဧကရာဇ် လက်ထဲမှ ထက်ရှသည့် လက်နက်တစ်ခုလည်း ဖြစ်ပေသည်။

ချန်အန်းနန်းဆောင် အတွင်း၌ ကန်ခိုင်းယို သည် ဒူးတစ်ဖက် ထောက်ကာ ဧကရာဇ် ယွီဝမ်ဟုန်ကို ရိုရိုသေသေ ဂါရဝပြုလိုက်သည်။

သူသည် တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင်လည်း သံမျက်နှာဖုံး တစ်ခု အုပ်ထားသဖြင့် မည်သည့် အမူအရာကိုမျှ သေချာမမြင်ရပေ။

"ကျွန်တော်မျိုး ကန်ခိုင်းယို အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."

သူ ရောက်လာသည်ကို မြင်မှ အရှင်မင်းကြီးက လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း ထိုအသံထဲတွင် လေးနက်မှုများ ပါဝင်နေသည်။

"မင်း သွားပြီး အမတ်ချုပ်အိမ်တော်က အရှေ့ဆောင်အကြောင်းကို သွားစုံစမ်းချေ... ကိုယ်တော် အသေးစိတ်သိချင်တယ်..."

"အမိန့်တော်အတိုင်းပါ..."

သူ ထွက်သွားပြီးနောက် အရှင်မင်းကြီး၏ အတွေးများက လွန်ခဲ့သော နှစ်များဆီသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

All Chapters