အမတ်ချုပ်ကြီးများ
Vol. 5 Ch. 45
ကျန့်ဝူခေတ် ရှစ်နှစ်မြောက်…
ထိုစဉ်က ယွီဝမ်ဟုန်မှာ ခြောက်နှစ်သားအရွယ်သာ ရှိသေးသော်လည်း အိမ်ရှေ့စံမင်းသားအရာကို ရရှိထားပြီး ဖြစ်လေသည်။
မူလကတော့ သူသည် ခမည်းတော်၏ သင်ကြားပြသမှုများကို လေ့လာရင်း အရွယ်ရောက်မှသာ တိုင်းပြည်အရေးကို စဉ်းစားရမည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် ကံတရားက မျက်နှာသာမပေးခဲ့ချေ။ ရောဂါဝေဒနာဟာ တောင်ပြိုသကဲ့သို့ ရုတ်တရက် ကျရောက်လာပြီး တိုတောင်းလှသော နှစ်နှစ်တာကာလအတွင်းမှာပင်... မူလက ခန့်ညားထည်ဝါသော ဧကရာဇ် ယွီဝမ်ကျန့်သည် အရိုးပေါ်အရေတင် ဖြစ်သည်အထိ ပိန်ချုံးသွားခဲ့ရရှာသည်။
သူက နတ်ရွာစံတော့မည့်အချိန်တွင် နောက်ဆုံးထွက်သက်ကို အားယူရင်း လူလေးဦးကို ခေါ်ယူကာ အမတ်ချုပ်ကြီးများအဖြစ် ခန့်အပ်ခဲ့လေသည်။
ထိုသူများမှာ အမတ်ချုပ်လင်၊ ကျန်းမင်းသား၊ နယ်စားမင်းရွှီ နှင့် ရှီးပေမြို့စားမင်း တို့ ဖြစ်ကြသည်။
ထိုအချိန်က အမတ်ချုပ်လင်သည် အိမ်ရှေ့စံမင်းသား၏ ဆရာအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ရာ သူတို့နှစ်ဦးကြားတွင် မင်းသားနှင့် အမတ် ဆက်ဆံရေးသာမက ဆရာနှင့် တပည့် သံယောဇဉ်လည်း ရှိခဲ့ပေသည်။ လေးဦးထဲတွင် ယွီဝမ်ဟုန်နှင့် အရင်းနှီးဆုံးမှာလည်း အမတ်ချုပ်လင်ပင် ဖြစ်လေသည်။
ကျန်းမင်းသားက တော်ဝင်ဆွေမျိုးများကို ကိုယ်စားပြုပြီး ရှီးပေမြို့စားမင်းက စစ်ဘက်ဆိုင်ရာ အင်အားစုများကို ကိုယ်စားပြုသည်။ ထိုအုပ်စုနှစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သဘောထားကွဲလွဲမှုများ ရှိခဲ့ဖူးသဖြင့် သူတို့နှစ်ဦးလုံးကို တပြိုင်နက် ရာထူးတိုးပေးလိုက်ခြင်းက အာဏာကို ဟန်ချက်ညီအောင် ထိန်းညှိပေးလိုက်ခြင်းပင် ဖြစ်သည်။
နယ်စားမင်းရွှီ ကတော့ သစ္စာရှိပြီး ဖြောင့်မတ်သူ တစ်ဦး ဖြစ်၏။ တာ့ဝေ့ပြည်အတွက် တစ်သက်လုံး ကြိုးပမ်းအားထုတ်ခဲ့ပြီး သေသည်အထိ တာဝန်ကျေပွန်ခဲ့သူ ဖြစ်၏။ သူ့မြေးမအရင်းမှာ ဧကရာဇ် ကိုယ်တိုင် ရွေးချယ်ပေးထားသော အိမ်ရှေ့စံမင်းသမီး ဖြစ်လေသည်။
ကျန့်ဝူခေတ် ဆယ်နှစ်မြောက်တွင် ယခင်ဧကရာဇ် နတ်ရွာစံခဲ့ပြီး ထိုနှစ် ဇွန်လမှာပင် အိမ်ရှေ့စံမင်းသား ယွီဝမ်ဟုန်ဟာ ဧကရာဇ်အဖြစ် တရားဝင် နန်းတက်ခဲ့ပြီး သက္ကရာဇ်ကို ယွမ်ဟယ် ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ထိုအချိန်ကို ယွမ်ဟယ်ခေတ်ဦး ဟု ခေါ်တွင်လေ၏။
ထိုအချိန်မှစ၍ ယွီဝမ်ဟုန်သည် ကလေးဘဝဟူသည် မည်သို့ရှိမှန်း မသိတော့သလို ပျော်ရွှင်မှုဟူသည် မည်သို့ဖြစ်မှန်းလည်း နားမလည်နိုင်တော့ပေ။ နေ့စဉ်နေ့တိုင်း မနက်စောစောထပြီး ညီလာခံတက်ကာ သူ ကောင်းကောင်း နားမလည်သော နိုင်ငံရေးရာ ကိစ္စများကို နားထောင်ရသည်။ ညီလာခံပြီး၍ နန်းဆောင်ပြန်ရောက်လျှင်လည်း စာကို မနားမနေ ဖတ်ရှုရပြန်သည်။
ရှေ့တွင် အမတ်ချုပ်ကြီးများ၏ ကြီးကြပ်မှု ရှိသလို နောက်တွင်လည်း မယ်တော်ကြီး၏ တိုက်တွန်းမှုများ ရှိနေသဖြင့် သူသည် အသားဟင်း ငါးဟင်းများလို လူကြီးများ၏ စိတ်ကြိုက် ကြော်လှော်ချက်ပြုတ်ခြင်းကို ခံနေရသည်ဟုပင် တွေးခဲ့ဖူး၏။
ထို့ကြောင့် လင်ဝမ်ယိက အမတ်ချုပ်အိမ်တော်က သူမ၏ အတိတ်အကြောင်းကို ပြောပြသောအခါ သူ၏ စိတ်နှလုံးတို့ ထိခိုက်သွားရ၏။
လူတိုင်းက သူ ငယ်ငယ်ရွယ်ရွယ်နှင့် နန်းတက်ရပြီး ထာဝရ စည်းစိမ်ဥစ္စာများကို စံစားရသည်ဟုဆိုကာ အားကျနေကြသည်။ သို့သော် ထိုအရာများ၏ နောက်ကွယ်မှ ကြောက်ရွံ့မှုများနှင့် အရိုးထဲထိ စိမ့်ဝင်နေသော အထီးကျန်မှုများကိုမူ။မည်သူကများ သိရှိနိုင်မည်နည်း။
အပေါ်ယံ ကြည့်လျှင် သူသည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ပိုင်ဆိုင်ထားပြီး မောင်းမဆောင်တွင် ကိုယ်လုပ်တော် အယောက်သုံးထောင်နှင့် သားသမီး မြောက်မြားစွာ ရှိနေသော်လည်း ထိုအထဲတွင် သူ့ကို စစ်မှန်သော မေတ္တာဖြင့် ချစ်ခင်သူမှာမူ ဘယ်နှယောက်များ ရှိနိုင်မည်နည်း။
မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးနောက် နန်းတော်ထဲတွင် သူ့စိတ်ကို နားလည်ပေးနိုင်သူ တစ်ယောက်မှ မရှိတော့ပေ။ ယခု ရောက်လာသော လင်ဝမ်ယိကတော့ ယွီဝမ်ဟုန်ကို စိတ်အေးချမ်းမှု အနည်းငယ် ပေးစွမ်းနိုင်လေသည်။
ထို့ကြောင့် လင်ဝမ်ယိ၏ နောက်ခံအကြောင်းကို သေချာ စုံစမ်းရမည်။ သူ့ဘေးနားတွင် နောက်ထပ် ပြဿနာဖြစ်မည့်သူကို ထားဖို့ မဖြစ်နိုင်တော့ချေ။
နန်းတွင်းရေးရာဌာနကတော့ ရှန်ယိနန်းဆောင်ကမ္ပည်းပြား လုပ်ရမည်ဟူသော အမိန့်ကိုရပြီးသည်နှင့် ချက်ချင်းပင် စလုပ်ကြတော့၏။ သစ်သားရွေးချယ်ခြင်း၊ စာလုံးထွင်းခြင်း၊ ရွှေရောင်ဆေးသုတ်ခြင်း စသည့် အဆင့်တိုင်းကို တော်ဝင်လက်သမားများက ပေါ့ပေါ့ဆဆ မလုပ်ရဲကြဘဲ သေချာ ဂရုစိုက်ပြီး မြန်မြန်ဆန်ဆန် ပြီးစီးအောင် လုပ်ဆောင်ကြရသည်။
တစ်ရက်နှင့် တစ်ညလုံး အချိန်ယူပြီးနောက်မှာတော့ ကမ္ပည်းပြား ပြုလုပ်၍ ပြီးစီးသွားလေပြီ။
လက်ဝဲဆောင်သို့ ပို့ဆောင်လာသောအခါ ချွမ်ချီနှင့် လင်ဝမ်ယိတို့ ထွက်ကြည့်ကြလေ၏။ လက်ဝဲဆောင်သည် ယခင်က သာမန် နန်းဆောင်တစ်ခုသာ ဖြစ်ပြီး ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။ သို့သော် ယခု ဤကမ္ပည်းပြားကို ချိတ်ဆွဲလိုက်ပြီးနောက်မှာတော့ ၎င်းဟာ အိမ်တစ်လုံး ဖြစ်သွားခဲ့လေပြီ။
လင်ဝမ်ယိသည် ထိုကမ္ပည်းပြားကို အလွန် သဘောကျနေမိသည်။ အပြင်လူများအမြင်တွင် ဒါသည် မျက်နှာသာပေးမှု၏ ပြယုဂ်တစ်ခုသာ။ အဘယ်ကြောင့်ဆိုသော် အနောက်ဆောင်တွင် အရှင်မင်းကြီး ကိုယ်တိုင် လက်ရေးဖြင့် ရေးပေးထားသော ဆိုင်းဘုတ်ဟူ၍ အနည်းငယ်သာ ရှိသောကြောင့်ပင်။
သို့သော် လင်ဝမ်ယိ၏ စိတ်ထဲတွင်တော့ ဒါဟာ သူမပထမဆုံး ပိုင်ဆိုင်ရသော သူမ၏ကိုယ်ပိုင်နေရာတစ်ခုဟု ခံစားရလေ၏။ အမှန်အတိုင်း ပြောရလျှင် အမတ်ချုပ်အိမ်တော်တွင် ရှိစဉ်က အရှေ့ဆောင်သည် သူတို့ မိသားစုအတွက် ခေတ္တ ခိုနားရာ နေရာတစ်ခုသာ ဖြစ်ခဲ့ပြီး အိမ်တစ်အိမ်၏ နွေးထွေးမှုဟူ၍ လုံးဝ မရှိခဲ့ပေ။
အဘိုးအိမ်တွင် နေခဲ့ရသော နှစ်အနည်းငယ်အတွင်းတွင်တော့ ပိုင်ဆိုင်မှုဟူသော ခံစားချက်ကို ရခဲ့သော်လည်း ထာဝရ နေထိုင်ခွင့် မရှိခဲ့ပေ။
သို့သော် ယခု ရှန်ယိနန်းဆောင် ကတော့ မတူပေ။
သူမ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နန်းတွင်းသို့ ရောက်လာပြီးလျှင် သည်တစ်သက် ပြန်ထွက်သွားဖို့ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ဤနေရာသည် သူမ၏ ထာဝရ အိမ် ဖြစ်လာပေလိမ့်မည်။ နောင်တစ်ချိန် အဆင့်ရာထူးတိုး၍ဖြစ်စေ၊ ကျ၍ဖြစ်စေ အခြားနေရာသို့ ပြောင်းရွှေ့ရမည် ဆိုလျှင်တောင် ဤနေရာသည် သူမ၏ ရင်ထဲတွင် အလှပဆုံး အမှတ်တရများထဲမှ တစ်ခု ဖြစ်ကျန်ရစ်ခဲ့ပေလိမ့်မည်။
"အရှင်မင်းကြီးက သခင်မလေးကို အရမ်း သဘောကျတာပဲနော်... ဒါကြောင့် နန်းဆောင်နာမည်ထဲမှာ သခင်မလေးရဲ့ နာမည်တစ်လုံး ပါနေတာပေါ့..."
ချွမ်ချီက လင်ဝမ်ယိ၏ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
လင်ဝမ်ယိ ထိုစကားကို ကြားသောအခါ ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ နန်းတွင်း ဝင်လာတာ တစ်လလောက်ပဲ ရှိသေးသော်လည်း သူမသည် အရှင်မင်းကြီးနှင့် ဤမျှလောက်ထိ ပတ်သက်ခွင့် ရနေခဲ့ပြီ။ သဘောကျတယ် မကျဘူး ဆိုသည်ကိုတော့ ပြောလို့မရသေးသော်လည်း... အနည်းဆုံးတော့ တခြားလူတွေနှင့် မတူသည်ကတော့ အသေအချာပင်။
သူမက နန်းဆောင်တံခါးဝတွင် ရပ်ပြီး ခဏလောက် ကြည့်နေမိသည်။ ထို့နောက် အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက် ရောက်လာသည်ကို ကြားလိုက်ရ၏။
"မမ... ညီမလေးက မဖိတ်ဘဲ ရောက်လာတာ... မမ စိတ်မဆိုးဘူးမလား..."
ရောက်လာသူမှာ မတွေ့ရတာ ကြာပြီဖြစ်သော မုတာရင်ပင် ဖြစ်လေသည်။ သူမက အပြင်ဘက်မှ ခြေလှမ်းသွက်သွက်ဖြင့် ဝင်လာသဖြင့် ချိုးမင်နှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်မိကြသည်။
မုလန်ချွမ်း သည် လင်ဝမ်ယိ၏ ရှေ့သို့ အမြန်လျှောက်လာပြီး သူမ၏ လက်ကို ရင်းရင်းနှီးနှီး ဆွဲကိုင်ရင်း ပြုံးပြုံးရွှင်ရွှင် ပြောလာလေသည်။
"မမက တကယ်ကို ကံကောင်းတာပဲနော်... ညီမလေး လက်ယာဆောင်မှာ နေရင်း သတင်းတွေ ကြားနေရတယ်..."
ပြောပြီးသည်နှင့် အမြင့်တစ်နေရာတွင် ချိတ်ထားသည့် ကမ္ပည်းပြားကို မော့ကြည့်လိုက်ရင်း သူမ၏ မျက်ဝန်းများထဲတွင် အားကျမှုများ ဖြတ်ပြေးသွားလေသည်။
"အရင်ရက်က မမ ဒဏ်ရာရတယ်လို့ ကြားတော့ ညီမလေး လာကြည့်ချင်ပေမယ့်... မမက နေမကောင်းဖြစ်ပြီး အနားယူနေရတာဆိုတော့ လာနှောင့်ယှက်သလို ဖြစ်မှာစိုးလို့... ဒါကြောင့် ဒီနေ့မှ ရောက်လာရတာပါ... မမ ညီမလေးကို အပြစ်မတင်ဘူးမလား..."
မုလန်ချွမ်း ပြောပုံက သနားစရာ ကောင်းသော်လည်း လင်ဝမ်ယိကတော့ ဘာမှမထူးခြားဟု ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့နှစ်ယောက်က စကားလေးငါးခွန်းလောက် ပြောဖူးသည့် မိတ်ဆွေအဆင့်သာ ရှိတာမို့ စိတ်ပျက်စရာ ကောင်းသည်ဟုလည်း မဆိုသာပေ။
"ညီမလေးမှာ စေတနာရှိရင် ပြီးတာပါပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းက ညီမလေး လာရင်တောင် အစ်မက တွေ့နိုင်မှာ မဟုတ်ဘူး... နေ့တိုင်း ဆေးသောက်ပြီး အိပ်နေရတာလေ... ဒီရက်ပိုင်းမှပဲ အိပ်ရာထဲက ထပြီး လမ်းလျှောက်နိုင်တာ..."
ထိုစကားကို ကြားသောအခါ မုလန်ချွမ်းက အနောက်သို့ လှည့်ပြီး အစေခံ ယင်အာ ကို လက်ပြလိုက်သည်။
"ဒါက ညီမလေးတို့အိမ်က မျိုးရိုးစဉ်ဆက် သုံးလာတဲ့ ဒဏ်ကြေလိမ်းဆေးပါ... မမ မငြင်းဘူးဆိုရင် သုံးကြည့်ပါလား..."
"ညီမလေးကို ဒုက္ခဖြစ်စေပါပြီ..."
ပြောပြီးသည်နှင့် ရှအန်းကို လက်ခံဖို့ အချက်ပြလိုက်သည်။ မုလန်ချွမ်းက လင်ဝမ်ယိကို တွဲကူပေးလိုက်ပြီး အတွင်းခန်းထဲသို့ နှစ်ယောက်သား အတူတူ ဝင်သွားကြလေ၏။
သူတို့နှစ်ယောက် ဧည့်ခန်းမဆောင်တွင် ထိုင်လိုက်ကြပြီး ချိုးမင်က လက်ဖက်ရည် လာချပေးသည်။ မုလန်ချွမ်းက တစ်ငုံ သောက်လိုက်ပြီးနောက် အထင်ကြီးစွာ ပြောလာလေ၏။
"အရှင်မင်းကြီးက မမဆီ ခဏခဏ လာတာ မဆန်းပါဘူး... လက်ဖက်ရည်ကအစ တခြားသူတွေနဲ့ မတူဘူးကိုး..."
သည်စကားကတော့ အနည်းငယ် လွန်သွားပြီပင်။ အဘယ်ကြောင့်ဆိုသော် ချိုးမင်က မုလန်ချွမ်းကို ဧည့်ခံသည်မှာ သာမန် လက်ဖက်ရည်သာ ဖြစ်ပြီး သစ်သီးခြောက်လက်ဖက်ရည် မဟုတ်၍ပင်။ ထို့ကြောင့် လက်ဖက်ရည်က တခြားသူတွေနဲ့ မတူဘူး ဆိုသည့် စကားမှာ မျက်နှာချိုသွေးသည့် စကားမှန်း သိသာလွန်းနေ၏။
လင်ဝမ်ယိက ပြုံးရုံသာ ပြုံးနေလိုက်သည်။ မည်သူမျှ အကြောင်းမရှိဘဲ ရောက်မလာတတ်ကြပေ။ မုတာရင် တစ်ယောက် သူမကို လာကြည့်သည်မှာ စိတ်ကူးပေါက်၍တော့ မဟုတ်တန်ရာ။ နောက်ကွယ်တွင် ကိစ္စတစ်ခုခု ရှိနေမှာ သေချာသည်။ သို့သော် သူမက အရင် စမမေးဘဲ နေလိုက်သည်။
လက်ဖက်ရည် တစ်ဝက်ကျိုးလောက် သောက်ပြီး ဟိုဟိုသည်သည် စကားပြောပြီးမှ မုတာရင် က အားနာသည့်ပုံဖြင့် ပြောလာသည်။
"ညီမလေး ကြားတာတော့ မမက သွမ့်ဝူပွဲတော် ကျရင် နဂါးလှေပြိုင်ပွဲကို သွားကြည့်မယ်ဆို... ညီမလေးကိုရော အဖော်ခေါ်သွားလို့ ရမလား..."
နဂါးလှေပြိုင်ပွဲ ကြည့်ခြင်းဟာ အမှန်တကယ်တော့ အနောက်ဆောင်မှ လူတိုင်း သွားနိုင်သည့် ကိစ္စဖြစိ၏။ မုတာရင်သည်လည်း ရာထူးတစ်ခုရှိသူ တစ်ယောက် ဖြစ်သဖြင့် သဘာဝကျကျပင် သွားခွင့် ရှိပါသည်။ သို့ဖြစ်ရာ ယခုလိုတောင်းဆိုလာတော့ လင်ဝမ်ယိ နားမလည်နိုင် ဖြစ်သွားရသည်။
"အဲဒါက..."
မုလန်ချွမ်း ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှုများ ဖြတ်ပြေးသွားပြီး မကျေနပ်သော်လည်း သိပ်ပြီး ထုတ်မပြရဲသည့် ပုံစံမျိုး ဖြစ်နေသည်။
"မမက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရထားတာဆိုတော့ အနီးကပ် လိုက်ပါခွင့် ရမှာပေါ့... ဒါပေမဲ့ ညီမလေးလို သာမန် တာရင် အဆင့်လောက်ကတော့ လိုက်သွားရင်တောင် အနောက်ဆုံးမှာပဲ နေရမှာ... နဂါးလှေ မပြောနဲ့... ပြိုင်ပွဲလုပ်တဲ့ ရေကန်ကိုတောင် သေချာ မြင်ရမှာ မဟုတ်ဘူး..."
"ညီမလေးကို... မမ သနားတယ်ဆိုရင် ကူညီပေးပါနော်..."
မုလန်ချွမ်း ဆိုသူက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းသူပင်။ သူရောက်လာတိုင်း ရည်ရွယ်ချက် တစ်ခုခု ပါလာတတ်သည်။ ပြီးတော့ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောပြတတ်သည်။ သူမသည် နန်းတော်ထဲတွင် တစ်သက်လုံး အညတရ ဘဝဖြင့် မနေလိုပေ။ အချစ်တော် ကိုယ်လုပ်တော် မဖြစ်လျှင်တောင်မှ ဘယ်သူမှ အရေးမလုပ်သည့်သူမျိုးတော့ အဖြစ်မခံနိုင်။ ထို့ကြောင့် သူမက လင်ဝမ်ယိဆီသို့ အကူအညီလာတောင်းရတာဖြစ်၏။
ချွမ်ချီကတော့ သူမ၏ စည်းကျော်နေသာ တောင်းဆိုမှုကို ကြားသောအခါ မကျေမနပ် ဖြစ်သွားလေသည်။