နန်းတွင်း စည်းမျဉ်းများ
Vol. 5 Ch. 46
ဒီနန်းတော်ထဲက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှု ဆိုတာ ဒယ်အိုးထဲက ပေါင်မုန့်ပြားလိုပဲ... တစ်ယောက်စားရင် တစ်ချပ်လုံး ရမယ်... နှစ်ယောက် ခွဲစားရင် တစ်ဝက်စီပဲ ရတော့မယ်...။
ငါ့သခင်မလေးတောင် အရှင်မင်းကြီး ရှေ့မှာ အခုမှ မျက်နှာရကာစ ရှိသေးတာကို... ဒီမုတာရင် က လာလုချင်နေပြီ...။
ချွမ်ချီမှာ ရက်အတော်ကြာ အိပ်နေခဲ့ရသဖြင့် အားအင်များ ပြည့်ဖြိုးနေကာ သုံးစရာနေရာ မရှိဖြစ်နေတာပင်။ ထို့ကြောင့် သူမ ပါးစပ်ဟပြီး မုတာရင် ကို ပြန်ပြောရန် ပြင်လိုက်၏။
သို့သော် ဘေးနားရှိ ချိုးမင်က တားလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်း နှစ်လှမ်း တိုးလိုက်ပြီး မုတာရင် ကို တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
"မုတာရင်... စကားကို ဆင်ခြင်ပါ... ကျွန်တော်မျိုးရဲ့ သခင်မလေးနဲ့ မုတာရင် က ရာထူးတူတူပါပဲ... သွမ့်ဝူပွဲတော် ကိစ္စကို ဘယ်လို စီစဉ်ပေးနိုင်မှာလဲ... မုတာရင် လူမှားပြီး လာပြောနေပြီ..."
"ချိုးကုန်းကုန်း... ကျွန်မ..."
မုလန်ချွမ်း မျက်နှာလေး ငယ်သွားပြီး ချိုးမင်၏ မျက်နှာထားကို ကြည့်ရင်း နောင်တရသွားမိ၏။ သူမသည် အရှင်မင်းကြီး ရှေ့တော်တွင် တစ်ကြိမ်သာ အိပ်ဆောင်ဝင်ဖူးပြီး ထိုအချိန်ကလည်း ကြောက်လွန်းသဖြင့် ဘာကိုမှ မမှတ်မိတော့ပေ။ ထို့ကြောင့် ဤချိုးမင်ကုန်းကုန်း ကို သိပ်ပြီး မမှတ်မိပေ။ ယခု သူက ကြားဖြတ် ပြောလိုက်သောအခါ အနည်းငယ် ကြောက်လန့်သွားရသည်။
ပြောရမည်ဆိုလျှင် ချိုးမင် ယခုလို ဝင်ပြောလိုက်ခြင်းဟာ လင်ဝမ်ယိအတွက် ပြဿနာ အများကြီးကို ဖြေရှင်းပေးလိုက်ခြင်းပင်။ အကယ်၍ လင်ဝမ်ယိက ငြင်းလိုက်လျှင် မုလန်ချွမ်း သူမကို မုန်းသွားနိုင်သည်။ အကယ်၍ လင်ဝမ်ယိက လက်ခံလိုက်လျှင်လည်း အပြင်မှာ သတင်းထွက်သွားနိုင်သည်။ လင်ဝမ်ယိက မျက်နှာသာရတာကို အခွင့်ကောင်းယူပြီး ဘဝင်မြင့်နေတယ်... သွမ့်ဝူပွဲတော် နေရာချထားတာကိုတောင် ဝင်ပါချင်နေတယ်ဟု ပြောလာကြပေလိမ့်မည်။
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် လင်ဝမ်ယိအတွက် ကောင်းကျိုး မရှိနိုင်ပေ။
ချိုးမင်ကတော့ သူ ရှအန်းကို သင်ပေးခဲ့သည့်အတိုင်း အမှန်တကယ် လက်တွေ့ လုပ်ပြလိုက်လေသည်။ ဘယ်အချိန်မဆို သခင်ဖြစ်သူ၏ ရှေ့ကနေ သူတို့က အရင် ကာကွယ်ပေးရမည်။
ချွမ်ချီနှင့် ရှအန်းတို့သည် ချိုးမင်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြပြီး လင်ဝမ်ယိ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အစောင့်အရှောက်များကဲ့သို့ ရပ်လိုက်ကြသည်။ ထိုအခြေအနေကို မြင်လိုက်ရသောအခါ မုလန်ချွမ်း ၏ မူလကတည်းက နည်းပါးလှသော သတ္တိလေးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူမက အားငယ်စွာ ပြောလိုက်ရုံသာ တတ်နိုင်တော့၏။
"မမ... ညီမ မဆင်မခြင် ဖြစ်သွားပါတယ်..."
"ကိစ္စမရှိပါဘူး... ညီမလေးလည်း စိတ်လောသွားလို့ နေမှာပါ... ဒါပေမဲ့ နန်းတွင်းစည်းမျဉ်းစည်းကမ်းတွေ ဆိုတာ ရှိနေတော့ အစ်မလည်း မလေးမစားလုပ်လို့မရဘူး...အစ်မကို နားလည်ပေးပါ..."
မုလန်ချွမ်း အနေခက်စွာ ပြုံးလိုက်ပြီး ချိုးမင်၏ အေးစက်စက် မျက်နှာကြီးကို ကြည့်ကာ ဆက်မထိုင်ရဲတော့ပေ။ ထို့ကြောင့် အကြောင်းပြချက်တစ်ခု ပေးပြီး ရှန်ယိနန်းဆောင် မှ ထွက်သွားတော့သည်။
သူမ ထွက်သွားပြီးနောက် ချိုးမင်က ချက်ချင်းပင် ရှောင်ဟယ်ကျစ်ကို ခေါ်လိုက်ပြီး ဒေါသတကြီး ဆူပူတော့လေသည်။
"ငါ မင်းကို တံခါးစောင့်ခိုင်းထားတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး လူကို အထဲ ဝင်ခွင့် ပေးလိုက်တာလဲ... ဒီလောက် ကိစ္စလေးတောင် မလုပ်နိုင်ဘူးလား... နောက်ဆို မင်းကို ဘာစိတ်ချပြီး ခိုင်းရမှာလဲ..."
ခြံဝင်းထဲတွင် ချိုးမင်က လှေကားထစ်ပေါ်တွင် ရပ်နေပြီး ရှောင်ဟယ်ကျစ်က အောက်တွင် ခေါင်းငုံ့ကာ ရပ်နေရသည်။ သူ့မှာ မူလကတည်းက အဆင့်နိမ့်သူ ဖြစ်သဖြင့် ယခုလို အဆူခံရသောအခါ ခေါင်းပင် မမော့ရဲတော့ပေ။
ရှောင်လုကျစ်က သူ့ကို ကြည့်ရင်း သနားမိသော်လည်း ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
ချိုးမင်ကုန်းကုန်း ပြောသလိုပင် သူတို့သည် ရှန်ယိနန်းဆောင် ၏ အကာအကွယ်များပင်။ အကယ်၍ လူတိုင်းကို စိတ်ကြိုက် ဝင်ထွက်ခွင့် ပေးနေမည်ဆိုလျှင် သူတို့အား ဘာကြောင့်လိုနေဦးမည်နည်း။ ယနေ့ကိစ္စတွင် ရှောင်ဟယ်ကျစ်သာ မုတာရင် ကို အပြင်မှာ တားထားလိုက်နိုင်လျှင် ပြဿနာ ဖြစ်လာစရာ အကြောင်းမရှိပေ။ ယခုလို ဖြစ်သွားတော့ သခင်မလေးကို ဒုက္ခပေးသလို ဖြစ်မသွားဘူးလား။
အနောက်ဆောင်တွင် အခြေအနေများက အချိန်မရွေး ပြောင်းလဲနိုင်သည်။ ဘယ်သူက ဘယ်အချိန်မှာ ကံကောင်းလာမလဲ ဆိုတာ မည်သူမျှ မသိနိုင်။ အကယ်၍ တစ်နေ့နေ့တွင် မုတာရင် နေရာရလာပြီး သည်ကိစ္စကို မှတ်ထားလိုက်လျှင် အခက်တွေ့ရမှာက သူတို့ ရှန်ယိနန်းဆောင် က လူတွေပဲ မဟုတ်လား။
ရှောင်ဟယ်ကျစ် ခမျာလည်း ပြောမပြတတ်အောင် ခံစားနေရရှာသည်။ သူ အပေါ့သွားဖို့ ခဏ ထွက်သွားတုန်း မုတာရင် က ရုတ်တရက် ရောက်လာခဲ့တာပင်။ သူ့ခမျာ လန့်သွားပြီး အခုချိန်ထိ ချွေးစေးများပင် ပြန်နေဆဲ။ ထို့ပြင် ချိုးမင်ကုန်းကုန်း ဆီကနေပါ အဆူခံလိုက်ရသေးတော့ တကယ့်ကို ကံဆိုးတာပင်...။
"ထားလိုက်တော့... မင်းနဲ့ ယန့်အာ နန်းတွင်းရေးရာဌာနကို ပြန်လိုက်တော့... အစကတည်းက မင်းတို့ကို လဝက်လောက်ပဲခေါ်ထားတာ... ရက်နည်းနည်းကျန်သေးပေမဲ့ ကိစ္စမရှိပါဘူး... အခု ရှောင်လုကျစ်နဲ့ ချွမ်ချီတို့လည်း ကောင်းသလောက် ရှိနေပြီဆိုတော့... သခင်မလေးဆီမှာ လူမလိုတော့ဘူး..."
ရှောင်ဟယ်ကျစ် လန့်ဖျပ်သွားပြီး မြေကြီးပေါ် ဒူးထောက်ချလိုက်ကာ ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။
"ချိုးကုန်းကုန်း... ကျွန်တော် တမင် လုပ်တာ မဟုတ်ပါဘူး... တကယ်လို့ ဒီကိစ္စကြောင့် ကျွန်တော်တို့ကို ပြန်ပို့လိုက်ရင်... နောက်ဆို နေရာကောင်း ရဖို့ ခက်သွားမှာ... ချိုးကုန်းကုန်း သဘောထားကြီးပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."
သူ့ငိုသံက ကျယ်လောင်လွန်းသဖြင့် အတွင်းခန်းထဲတွင် ရပ်နေသော လင်ဝမ်ယိတို့ပင် ကြားလိုက်ရသည်။ ယန့်အာ သည်လည်း အထဲတွင် နားထောင်နေရင်း အံကိုကြိတ်ကာ အသံမထွက်အောင် မနည်း ထိန်းထားရသည်။
နန်းတော်ထဲတွင် အစေခံ လုပ်ရသည်မှာ လူရာဝင်ဖို့အတွက် ကိုယ့်အရည်အချင်းကို ကြည့်ရသလို သခင်ဖြစ်သူ၏ ကံကိုလည်း ကြည့်ရသည်။ ရှန်ယိနန်းဆောင် ကို စရောက်တုန်းက သူမ သိပ်ပြီး မျှော်လင့်မထားခဲ့ပေ။ သို့သော် ရက်အနည်းငယ် ကြာလာပြီး မျက်နှာသာပေးမှုများကို မျက်မြင်တွေ့လိုက်ရသောအခါ သူမ၏ စိတ်ထဲတွင် အစီအစဉ်များ ရှိလာခဲ့သည်။
ယန့်အာ တွေးမိသည်မှာ ချိုးမင်ကုန်းကုန်း ကို မျက်နှာလုပ်ပြီး ရှောင်လုကျစ် တုန်းကလိုပင် အငှားစာရင်းသွင်းပြီး ရှန်ယိနန်းဆောင် မှာ ဆက်နေလို့ ရမလားဟူ၍။ အချိန်ကြာလာလျှင် ဤနေရာမှာ ဆက်နေခွင့် ရနိုင်သည် မဟုတ်လား။ အထူးသဖြင့် သခင်မလေး မျက်နှာသာရမှုကို ကြည့်ခြင်းအားဖြင့် ဘယ်အချိန် ရာထူးထတိုးမလဲ ဆိုတာ မပြောနိုင်ပေ။
ထိုအချိန်ကျလျှင် သူမလည်း တရားဝင် ဆက်နေလို့ ရသွားပြီ... သို့သော် ယခုတော့ ရှောင်ဟယ်ကျစ်၏ အမှားကြောင့် သူမပါ ပြန်ပို့ခံရတော့မည်။ မိမိ၏ အနာဂတ်လမ်းကြောင်းလေးဖြောင့်ဖြူးနေရာမှ အစနေရာသို့ ပြန်ရောက်သွားသည်ကို မြင်လိုက်ရလျှင် မည်သူမဆို စိတ်မကောင်း ဖြစ်မိကြမှာပင်။ ယန့်အာသည်လည်း ထိုနည်းလည်းကောင်းပင်။
သည်ရက်ပိုင်း ချွမ်ချီကို ယန့်အာက ပြုစုပေးခဲ့သဖြင့် သူမ၏ ပုံစံကို မြင်သောအခါ ချွမ်ချီ သနားသွားမိသည်။ သူမက လင်ဝမ်ယိကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သခင်မလေး... ဒီကိစ္စက ယန့်အာနဲ့ မဆိုင်ပါဘူး... သူ့ကို နောက်ထပ် ရက်နည်းနည်းလောက် ဆက်ထားလို့ မရဘူးလား..."
ယန့်အာ ကြားလိုက်သည်နှင့် လင်ဝမ်ယိကို ချက်ချင်း မော့ကြည့်လိုက်သည်။ သူမ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ သို့သော် ဘေးနားရှိ ရှအန်းက သူမကို ငေါက်လိုက်သည်။
"... ချိုးမင်ကုန်းကုန်းက အခု ရှန်ယိနန်းဆောင်ရဲ့ အကြီးအကဲ မိန်းမစိုးလေ... ကိစ္စတိုင်းကို သူက စီမံနေတာဆိုတော့ သူ့အစီအစဉ်အတိုင်းပဲ ဖြစ်ရမှာပေါ့... ချွမ်ချီ... နင် နေမကောင်းဖြစ်နေတာ ရက်နည်းနည်းပဲ ရှိသေးတယ်... စည်းကမ်းတွေကို မေ့ကုန်ပြီလား..."
ရှအန်းသည် ယခုအခါ ချိုးမင်၏ စကားများကို နှလုံးသွင်းထားပြီးဖြစ်၏။
ချွမ်ချီ သည်လို ဝင်ပြောလိုက်တာက လင်ဝမ်ယိကို အကျပ်ရိုက်သွားစေမည် မဟုတ်လား။
သခင်မလေးရဲ့ ရာထူးက တာရင် အဆင့်ပဲ ရှိသေးတာ... နန်းတော်ထဲမှာ အစေခံ လေးယောက် ရှိနေတာကတင် များနေပြီ။
ရှောင်ဟယ်ကျစ်နဲ့ ယန့်အာက သေချာပေါက် ပြန်ပို့ခံရမယ့်သူတွေပဲ... ဘာကိစ္စ သူတို့ကို မျှော်လင့်ချက်တွေ ပေးပြီး ထားနေရဦးမှာလဲ...။
ချွမ်ချီသည် ရှအန်း၏ စကားကိုကြောင့် သူမ စကားမှားသွားမှန်း သိလိုက်သည်။ ယန့်အာ၏ မျက်လုံးများ မျှော်လင့်ချက်မှ စိတ်ပျက်မှု၊ ထို့နောက် ဝမ်းနည်းမှုသို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း လင်ဝမ်ယိ စိတ်ထဲတွင် မခံစားရဘူး ဆိုလျှင်တော့ လိမ်ရာကျပေလိမ့်မည်။
သို့သော် သူမသည် နန်းဆောင်ကိစ္စများကို ချိုးမင်အား လွှဲအပ်ထားပြီးဖြစ်ရာ ယနေ့ပြောပြီး မနက်ဖြန်ပြန်ပြင် လုပ်၍ မရပေ။ မဟုတ်လျှင် ချိုးမင် အနေဖြင့် လေးစားခံရတော့မည် မဟုတ်သလို သူမအနေဖြင့်လည်း ကွပ်ကဲရ ခက်ခဲသွားပေလိမ့်မည်။ ထို့ပြင် ချိုးမင် လုပ်သမျှက သူမဆိုသည့် သခင်တစ်ယောက်၏ အနာဂတ်အတွက် ရည်ရွယ်တာ ဖြစ်သည်။ သူမသာ ဝင်ပြောလိုက်လျှင် ချိုးမင်၏ စေတနာကို စော်ကားရာ ရောက်သွားပေလိမ့်မည်။
ထို့ကြောင့် သူမ မလုပ်နိုင်သလို လုပ်လည်း မလုပ်သင့်ပေ။
ယန့်အာနှင့် ရှောင်ဟယ်ကျစ်တို့ ပစ္စည်းသိမ်းပြီး နှုတ်ဆက်ဖို့ အတွင်းခန်းထဲ ဝင်လာချိန်ရောက်မှ... သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်းတို့နဲ့ ငါနဲ့က သိကျွမ်းတာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ သံယောဇဉ်တော့ ရှိပါတယ်... နောက်နောင် နန်းတော်ထဲမှာ အခက်အခဲ ရှိလို့ ရှန်ယိနန်းဆောင်က ကူညီပေးနိုင်တဲ့ ကိစ္စမျိုးဆိုရင် ငါ တတ်နိုင်သလောက် ကူညီပေးမှာပါ..."
ထို့နောက် ချွမ်ချီကို သူတို့အတွက် ပိုက်ဆံအိတ်နှစ်အိပ် ပေးခိုင်းလိုက်သည်။ ရှောင်ဟယ်ကျစ်က ပိုက်ဆံအိတ်ကို ယူပြီး ကျေးဇူးတင်စကား သေချာ ပြောသော်လည်း ယန့်အာ၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းရိပ်များ ကျန်နေဆဲပင်။
(T/N အရှေ့အပိုင်းတွေမှာတုန်းက ငွေစတွေမဟုတ်ဘဲ စက္ကူရွက်တွေပါတယ်လို့ ရေးထားတာတွေ့မိလို့ ပိုက်ဆံအိတ်လို့ပဲသုံးလိုက်ပါတယ်)
သူတို့နှစ်ယောက်ကို ပြန်လွှတ်ပြီးနောက် ချိုးမင်က ကျန်ခဲ့သည့် သုံးယောက်ကို ခေါ်လိုက်ပြီး စည်းကမ်းများကို တစ်ကြိမ်ထပ်၍ပြောလိုက်လေ၏။
"ဒီတစ်ခေါက် ကိစ္စကို ငါတို့အားလုံး သင်ခန်းစာ ယူရမယ်... နောက်ဆို အလုပ်လုပ်တဲ့အခါ ပေါ့ပေါ့ဆဆ မလုပ်ကြနဲ့... နားလည်လား..."
"ဟုတ်ကဲ့..."
ရှောင်လုကျစ်နှင့် ရှအန်းတို့က ကျယ်လောင်စွာ ဖြေကြသော်လည်း ချွမ်ချီကမူ စိတ်ထဲတွင် ချိုးမင်သည် ရှေးရိုးစွဲကြီးလွန်းသည်ဟု ထင်နေမိ၏။ စည်းကမ်းကိုသာ တတွင်တွင် ပြောပြီး သံယောဇဉ်မရှိသည့် ပုံစံ ကြောက်စရာ ကောင်းလွန်းလှသည်။ ထို့ကြောင့် သူမ ပြန်ဖြေသည့် အသံမှာ အခြားနှစ်ယောက်လောက် မကျယ်ချေ။
နားပါးသူဖြစ်သည့် ချိုးမင်ကတော့ ချွမ်ချီကို ချက်ချင်း သတိထားမိလိုက်သည်။