← Chapters

ချွမ်ချီ့ကို ဆူခြင်း

Vol. 5 Ch. 47

ချွမ်ချီ့ကို ဆူခြင်း

Vol. 5 Ch. 47

"ချွမ်ချီ... မင်း မကျေနပ်ဘူးလား..."

ချိုးမင်၏ လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်သော်လည်း ရှောင်လုကျစ်ကမူ သူနှင့် နေလာသည်မှာ ကြာပြီဖြစ်၍ မျက်နှာထားကို ကြည့်ရုံနှင့် စိတ်ဆိုးနေမှန်း သိလိုက်သည်။

ချွမ်ချီ ရုတ်တရက် ခေါင်းမော့လိုက်ပြီး ချိုးမင်ကို တည့်တည့်ကြည့်ကာ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

"ချိုးကုန်းကုန်းက ရှန်ယိနန်းဆောင်ရဲ့ အကြီးအကဲ မိန်းမစိုးလေ... သခင်မလေးတောင် ဘာမှ မပြောတာ... ဒီအစေခံက ဘယ်လိုလုပ်ပြီး မကျေနပ်ရဲမှာလဲ..."

ထိုစကားမှာ ကြားလိုက်ရသည်နှင့် ရွဲ့ပြောနေမှန်း သိသာလှသည်။ ချိုးမင်က အရှင်မင်းကြီး ရှေ့တွင် အမှုထမ်းလာသူဖြစ်၍ မည်သည့် အခြေအနေမျိုးကိုမဆို တွေ့ဖူးပြီးသားပင်။

သူသည် ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး အရှေ့တွင် သဘာဝကျကျ ချထားလိုက်သည်။ ထို့နောက် ချွမ်ချီကို တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။

"မင်းက သခင်မလေး အိမ်ကနေ ပါလာတဲ့သူဆိုတော့... ပုံမှန်ဆိုရင် တခြားသူတွေထက် ပိုပြီး အကြောင်းအကျိုး နားလည်သင့်တယ်... ဒါပေမဲ့ ငါကြည့်ရတာ မင်းရဲ့ စိတ်နေစိတ်ထားက အစေခံနဲ့ မတူဘဲ... သူများအိမ်က သခင်မလေးလို ဖြစ်နေတယ်... သခင်မလေးက မင်းကို အလိုလိုက်ထားတာက မင်းရဲ့ သွက်လက် တက်ကြွတဲ့ ပုံစံလေးကို သဘောကျလို့... ဒါပေမဲ့ မင်းသိထားရမှာက နန်းတော်ထဲမှာ သွက်လက် တက်ကြွတဲ့ သခင်မလေးတွေ မရှားပေမဲ့... သွက်လက် တက်ကြွတဲ့ အစေခံမလေးတွေ ရှားတယ် ဆိုတာကိုပဲ... ဘာလို့လဲ မင်းသိလား..."

သူ့စကားကြောင့် ချွမ်ချီ ဒေါသထွက်သွားပြီး အံကိုကြိတ်ထားလိုက်သော်လည်း ပြန်ပြောစရာ စကားမရှိ ဖြစ်နေသည်။

"ဘာလို့လဲဆိုတော့ သွက်လက် တက်ကြွတဲ့ အစေခံတွေက ဇာတ်သိမ်း မကောင်းကြလို့ပဲ... တစ်ခုက အကြောင်းရှာပြီး အရိုက်ခံရလို့ သေသွားတာ... နောက်တစ်ခုက နန်းတော်အပြင်ကို မောင်းထုတ်ခံရတာ... ဘယ်လမ်းကိုပဲ ဖြစ်ဖြစ် မင်း လျှောက်ချင်မယ်လို့ ငါ‌ မထင်ဘူး..."

"ရှင်..."

ချွမ်ချီ ယခုအချိန်တွင် ဒေါသအကြီးအကျယ် ထွက်နေလေပြီ။ သူမက လင်ဝမ်ယိနှင့် ငယ်ငယ်ကတည်းက အတူ ကြီးပြင်းလာသူ ဖြစ်ပြီး အရှေ့ဆောင်က သခင်မများကလည်း သဘောကောင်းကြသဖြင့် အစေခံများကို စည်းကမ်းနှင့် ချုပ်ချယ်လေ့ မရှိကြပေ။

ထို့ကြောင့် အရှေ့ဆောင်မှ အစေခံ အများစုသည် သူတို့၏ သဘာဝအတိုင်း နေထိုင်နိုင်ကြပြီး ဖိနှိပ်ချုပ်ချယ် ခံရခြင်းမျိုး သိပ်မရှိကြပေ။ နန်းတော်ထဲ ရောက်တော့ သူမ အရာရာ သတိထားခဲ့သော်လည်း လင်ဝမ်ယိ မျက်နှာသာရတာ မြန်ဆန်လွန်းသဖြင့် ချွမ်ချီ၏ စိတ်များလည်း ပြန်လည် တက်ကြွလာခဲ့ခြင်းပင်။

ထို့ကြောင့် အခွင့်ထူး အနည်းငယ် ယူတာလောက်က ကိစ္စမရှိဘူးဟု ထင်ခဲ့မိသည်။ သို့သော် ဤအရာများသည် ချိုးမင်၏ မျက်လုံးထဲတွင်တော့ သဲတစ်ပွင့်လိုပင် လက်မခံနိုင်စရာ ဖြစ်နေသည်။

ချွမ်ချီတစ်ယောက် သူပြောလိုက်သဖြင့် မျက်ရည်ဝဲကာ ဝမ်းနည်းသွားသည်ကို မြင်လျှင် သူက ယခင်က တည်တည်တင်းတင်းပုံစံကို ပြောင်းလိုက်ကာ အသံကိုလျှော့ပြီး လေသံလေးဖြင့်ပြောလိုက်လေသည်။

"မင်း သခင်မလေးအတွက် ကြာပွတ်ဒဏ် ခံခဲ့တာကို ကြည့်ရင် မင်းဘယ်လောက် သစ္စာရှိလဲဆိုတာ သိပါတယ်... အဲဒါက တကယ်ချီးကျူးစရာပဲ... သခင်မလေးကလည်း ငါတို့ရှေ့မှာ မင်းဘယ်လောက်ကောင်းကြောင်း ခဏခဏ ပြောပြတတ်ပါတယ်... ဒါပေမဲ့ ချွမ်ချီ... ငါ မင်းကို တစ်ခုပဲ မေးမယ်... တကယ်လို့ တစ်နေ့နေ့ကျရင် မင်းရဲ့ အဲဒီ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ စိတ်ကြောင့် သခင်မလေး ဒုက္ခရောက်သွားခဲ့ရင်... မင်းရဲ့ နောင်တတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေက အသုံးဝင်ဦးမှာလား..."

ချွမ်ချီ သူ့အမေးကြောင့် ပါးစပ်ပိတ်သွားရသည်။

"ဒီနန်းတော်ထဲမှာ ငါတို့လို အစေခံတွေက တန်ဖိုးမရှိဘူး ပြောရင်လည်း မရှိဘူး... ငါတို့က ပေါင်းပင်လေး တစ်ပင်လိုပဲ... အရေးကြီးတယ် ပြောရင်လည်း အရေးကြီးတယ်... ငါတို့ရဲ့ အပြောအဆို အနေအထိုင်တွေက အပြင်လူတွေရဲ့ မျက်စိထဲမှာ ရှန်ယိနန်းဆောင်နဲ့ သခင်မလေးရဲ့ သဘောထားကို ကိုယ်စားပြုနေတာ... သတိမထားဘဲ နေမယ်ဆိုရင် ဘယ်အချိန်မှာ မင်း သခင်မလေးဆီ ပြဿနာ ခေါ်လာမိမှန်းတောင် မင်း သိလိုက်မှာ မဟုတ်ဘူး..."

"တကယ်လို့များ ကံဆိုးမိုးမှောင်ကျလာတဲ့ အချိန်ရောက်မှ မင်း ငိုယိုပြီး နောင်တရနေမှာလား... ငါ မင်းကို မေးမယ်... အသုံးဝင်ဦးမှာလားလို့..."

ချွမ်ချီ ရုတ်တရက် အသံထွက် ငိုလိုက်မိသည်။ သူမ၏ စိတ်ထဲတွင် ကြောက်လန့်လာမိလေ၏။ သူမက ဒါတွေကို ကိစ္စအသေးအမွှားလေးတွေလို့ ထင်ခဲ့မိသည်။ သို့သော် နန်းတော်ထဲတွင် ကိစ္စအသေးအမွှားဟူ၍ မရှိကြောင်းကိုတော့ မေ့နေခဲ့သည်။ အနည်းငယ်သော အားနည်းချက်က သူတစ်ပါးလက်ထဲ ရောက်သွားလျှင် လက်နက်တစ်ခု ဖြစ်လာနိုင်ပြီး လူ့နှလုံးသားကို ထိုးစိုက်နိုင်ကြောင်း သူမ မေ့နေခဲ့သည်။

သခင်မလေးက အရင်တုန်းကလည်း သူမကို မကြာခဏ သတိပေးဖူးသည်။ သို့သော် သူမက သုံးရက်လောက် မှတ်မိပြီး နှစ်ရက်လောက်ဆိုလျှင် ပြန်မေ့သွားတတ်သည်။ ယခု‌တစ်ခေါက် ချိုးမင်ကိုယ်တိုင် ဆုံးမသည်ကို ခံလိုက်ရပြီးနောက်မှာတော့ သူမဟာ သေချာနားလည်သွားခဲ့လေပြီ။

သူမက မျက်လုံးများ နီရဲနေလျက် ချက်ချင်းပင် ချိုးမင်ကို ဦးညွှတ် ဂါရဝပြုလိုက်သည်။

"ချိုးကုန်းကုန်း ဒီနေ့ ပြောတဲ့ စကားတွေကို ချွမ်ချီ မှတ်သားထားပါ့မယ်... ဆေးကောင်းက ခါးတယ်... စကားကောင်းက နားဝင်ဆိုးတယ် ဆိုပေမဲ့... ကျွန်မက အမှားအမှန် မခွဲခြားတတ်တဲ့သူ မဟုတ်ပါဘူး... ဒါကြောင့် ချိုးကုန်းကုန်းက သခင်မလေးအတွက်ရော ကျွန်မအတွက်ပါ ကောင်းစေချင်လို့ ပြောမှန်း နားလည်ပါတယ်... နောက်ဆိုရင် ရှန်ယိနန်းဆောင်က ကိစ္စမှန်သမျှ ကျွန်မ ချိုးကုန်းကုန်း ပြောတဲ့အတိုင်း နာခံပါ့မယ်... ဒီနေ့လို အမှားမျိုး နောက်ထပ်ထပ်မဖြစ်စရေပါဘူး..."

ချိုးမင် ပြုံးလိုက်ပြီး ချွမ်ချီကို ကိုယ်တိုင် တွဲထူပေးလိုက်သည်။ ထို့နောက် ရှားရှားပါးပါး ဖော်ရွေသောဟန်ဖြင့် ရှိနေသည့်သုံးယောက်ကို ပြောလိုက်လေသည်။

"ငါတို့ လေးယောက်လုံးက သခင်မလေးရဲ့ အနားမှာ ပြုစုနေကြသူတွေ... ငါတို့ အပြင်ထွက်ရင် သခင်မလေးကို ကိုယ်စားပြုတာမလို့... လုံးဝ အမှားမခံဘူးနော်... နားလည်လား..."

"ချိုးကုန်းကုန်း စိတ်ချပါ... ဒီအစေခံ မှတ်ထားပါ့မယ်..."

"ချိုးကုန်းကုန်း စိတ်ချပါ... ဒီအစေခံ မှတ်ထားပါ့မယ်..."

"ချိုးကုန်းကုန်း စိတ်ချပါ... ဒီအစေခံ မှတ်သားထားပါ့မယ်..."

လင်ဝမ်ယိသည် ပြတင်းပေါက်အောက်တွင် ထိုင်နေရင်း အပြင်ဘက်မှ ချိုးမင်၏ စကားများကို ကြားရသောအခါ မျက်လုံးများက လခြမ်းကွေးလေးသဖွယ် ဖြစ်သွားသည်အထိ ပြုံးလိုက်မိသည်။

ဒီချိုးမင်က တကယ့်ကို သုန်ကုန်းကုန်း ကိုယ်တိုင် သင်ပေးလိုက်တဲ့ တပည့်ရင်း ဖြစ်တာဆိုတော့... အရည်အချင်းက လျှော့တွက်လို့ မရဘူးပဲ...။

ရှန်ယိနန်းဆောင် ထဲမှာ အစေခံ သုံးယောက်ပဲ ရှိပေမယ့် သူတို့ကို ဆုံးမတဲ့ နည်းလမ်းတွေက လုံးဝ မတူဘူးပဲ...။

ရှအန်းကိုကျတော့ ခံစားချက်နဲ့ ဆွဲဆောင်ပြီး အကြောင်းအကျိုး ရှင်းပြတယ်...။

ရှောင်လုကျစ်ကိုကျတော့ ယုံကြည်မှု ပေးပြီး လက်တွေ့ လုပ်ခိုင်းတယ်...။

ချွမ်ချီကိုကျတော့ အရှိန်အဝါနဲ့ရော မေတ္တာနဲ့ပါ ထိန်းချုပ်ပြီး သူ့ရဲ့ အားနည်းချက်ကို တိုက်စစ်ဆင်လိုက်တယ်...။

ပြောရလျှင် လင်ဝမ်ယိ ကိုယ်တိုင်ပင် ဤမျှ ပြင်းပြင်းထန်ထန် ဦးဆောင်နိုင်မည်မထင်ပေ။ ဤနန်းတော်ကြီးထဲမှာ တကယ့်ကို လူတော်လူကောင်းတွေ ပုန်းအောင်းနေတာပင်...။ ထိုအကြောင်းကို တွေးမိရင်း ချိုးမင်ကို ပို့ပေးတုန်းက အရှင်မင်းကြီး မှာလိုက်သည့် စကားကို သတိရသွားသည်။

"မင်းက နန်းတော်ထဲမှာ အခြေမခိုင်သေးတော့... ပြဿနာ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်းတောင် မရှိသေးဘူး... ကိုယ်တော်ကပဲ ပိုပြီး ဂရုစိုက်ပေးရမှာပေါ့... မဟုတ်ရင် နောက်ဆို ဝတ်ရုံချုပ်ပေးမဲ့သူ မရှိဘဲ နေလိမ့်မယ်..."

လင်ဝမ်ယိ ခစ်ခနဲ ရယ်လိုက်မိပြီး ရင်ထဲ နွေးထွေးသွားရသည်။ ထို့ကြောင့် ချည်ထိုးသည့်အခါ သူမ ပိုပြီး အာရုံစိုက်လိုက်တော့သည်။

အချိန်များမှာ မြင်းဖြူလေး တစ်ကောင် လျှပ်တပြက် ဖြတ်ပြေးသွားသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွား‌လေသည်။

ယနေ့ နေ့လယ်ခင်းတွင် လင်ဝမ်ယိသည် ပုံမှန်အတိုင်း အရှင်မင်းကြီးအတွက် ညအိပ်ဝတ်ရုံ ချုပ်ပေးနေပြီး ရှအန်းနှင့် ချွမ်ချီတို့က ဘေးနားတွင် ချည်စများကို ကူညီ ရှင်းလင်းပေးနေကြသည်။ ထိုအချိန်တွင် အပြင်ဘက်မှ ချိုးမင်၏ အသံ ထွက်ပေါ်လာသည်။

"သခင်မလေး... လင်ကျစ်နန်းဆောင်က ကျန်းကုန်းကုန်း ရောက်နေပါတယ်... ကွေ့ဖေးမယ်မယ်က သခင်မလေးအတွက် သွမ့်ဝူပွဲတော်မှာ သုံးဖို့ ပစ္စည်းတွေ လာပို့ခိုင်းလိုက်တာလို့ ပြောပါတယ်..."

"အင်း... ကျန်းကုန်းကုန်းကို အထဲ ဖိတ်လိုက်ပါ..."

"ဟုတ်ကဲ့..."

ထို့နောက် ကန့်လန့်ကာကို မပြီး ကျန်းဟယ်ချင့်ကို အထဲသို့ ခေါ်ဆောင်လာခဲ့သည်။ သူ့အနောက်တွင် မိန်းမစိုး နှစ်ယောက် ပါလာပြီး လက်ထဲတွင် ပစ္စည်းများစွာ တင်ထားသော ဗန်းများကို ကိုင်ဆောင်ထားကြသည်။

"ကျွန်တော်မျိုး ကျန်းဟယ်ချင့် ပါ... သခင်မလေးကို ဂါရဝပြုပါတယ်... သခင်မလေး ကျန်းမာပါစေ..."

"ကျန်းကုန်းကုန်းကလည်း အားနာစရာကြီး... သည်လောက် ပူတဲ့ ရာသီဥတုမှာ ဒုက္ခခံပြီး လာရတယ်လို့..."

ပြောရရင်လည်း ထူးဆန်းသည်။ ယခုနှစ် နွေရာသီက စောစော ရောက်လာ၏။ ယခုမှ ငါးလပိုင်း အစသာ ရှိသေးသော်လည်း နေရောင်ခြည်က လူကို အရည်ပျော်မတတ် ပူပြင်းနေပြီ။ မိုးမရွာသည်မှာ ရက်အတော်ကြာပြီဖြစ်၍ နန်းတော်ထဲတွင် အိုက်စပ်နေလေသည်။

ရှန်ယိနန်းဆောင်ကတော့ တော်သေးသည်။ အရှေ့နှင့် အနောက် ခြံဝင်းထဲတွင် ပန်းပင် သစ်ပင်များ စိုက်ပျိုးထားသဖြင့် အနောက်ပြတင်းပေါက် ဖွင့်လိုက်လျှင် လေနှစ်ဖက် တိုးပြီး အနည်းငယ် အေးမြနေတတ်သည်။ သို့သော် လင်ကျစ်နန်းဆောင်မှ လမ်းလျှောက်လာရသော ကျန်းဟယ်ချင့်မှာမူ ခေါင်းဆောင်း အနားစွန်းတွင် ချွေးစေးများပင်စို့နေလေပြီ။

ရှအန်းက လက်ဖက်ရည်အေး တစ်ခွက် ယူလာပြီး ကျန်းဟယ်ချင့်ကို ကမ်းပေးလိုက်သည်။ သူက အားမနာတော့ဘဲ မော့သောက်လိုက်သည်။ ထို့နောက် ပါးစပ်သုတ်ရင်း ပြောလိုက်လေသည်။

"ဒီနန်းတော်ကြီး တစ်ခုလုံးမှာ သခင်မလေးဆီက လက်ဖက်ရည်က အကောင်းဆုံးပဲ... ဒီလို ပူတဲ့ ရာသီဥတုမှာ တစ်ခွက်လောက် သောက်လိုက်ရတာ တကယ့်ကို နေလို့ကောင်းသွားတာပဲ..."

"ကျန်းကုန်းကုန်း ကြိုက်တယ်ဆိုရင် ခဏနေ ပြန်တဲ့အခါ ချွမ်ချီကို လက်ဖက်ခြောက်မှုန့်တွေ ထည့်ပေးလိုက်ခိုင်းမယ်လေ... ရေနွေးနဲ့ ဖျော်ပြီး အအေးခံလိုက်ရင် ရပြီ..."

"ဒါဆို ကောင်းတာပေါ့... ကျွန်တော်မျိုးက သခင်မလေးကို ကျေးဇူးတင်ပါတယ်..."

လင်ဝမ်ယိ ပြုံးလိုက်သည်။ ကျန်းဟယ်ချင့်နှင့် ရင်းနှီးအောင် ပေါင်းခြင်းဟာ ကွေ့ဖေးဆီ သွယ်ဝိုက်သောနည်းဖြင့် သတင်းပို့နေခြင်းပင်။ သူမ သဘောမကျသော်လည်း အစ်ကိုဖြစ်သူ၏ အနာဂတ်က လင်ကွေ့ဖေး လက်ထဲတွင် ရှိနေသေးသည်။ ပြိုင်ပွဲ မပြီးမချင်း အစ်ကို့နာမည်က အချိန်မရွေး အဖြုတ်ခံရနိုင်သဖြင့် သူမ အနေနှင့် သတိထားပြီး ဆက်ဆံရမည်။

ကျန်းဟယ်ချင့်ကလည်း မျက်နှာချိုသွေးတတ်သူ ဖြစ်ရာ လက်ဖက်ရည် သောက်ပြီးသည်နှင့် ပြောလိုက်လေသည်။

"ဒါတွေက မယ်မယ်က ကျွန်တော်မျိုးကို သခင်မလေးအတွက် အထူးတလည် လာပို့ခိုင်းလိုက်တာပါ... အထဲမှာ မကောင်းဆိုးဝါးနဲ့ ရောဂါဘယ ကာကွယ်တဲ့ ရနံ့အိတ်တွေ ပါတယ်... လက်ကောက်ဝတ်မှာ ပတ်ဖို့ ပိုးချည်ငါးရောင်ကြိုးတွေလည်း ပါတယ်... ပြီးတော့ ဝူတုပိုးယပ်တောင် တစ်ချောင်းလည်း ပါသေးတယ်...အခု အချိန်အခါနဲ့ ညီတာပေါ့..."

All Chapters