← Chapters

ဝူတုပိုးယပ်တောင်

Vol. 5 Ch. 48

ဝူတုပိုးယပ်တောင်

Vol. 5 Ch. 48

ကျန်းဟယ်ချင့်က ပြောပြီးသည်နှင့် အနောက်မှ လူများကို ပစ္စည်းများ ယူလာဖို့ အမိန့်ပေးလိုက်သည်။

ရနံ့အိတ်နှင့် ပိုးချည်များမှာ နန်းတွင်းသုံး ပစ္စည်းများ ဖြစ်သဖြင့် သိပ်မထူးဆန်းလှသော်လည်း ထို ဝူတုပိုးယပ်တောင် ကတော့ မတူခြားနားနေလေသည်။

အနက်ရောင် ပိုးသားပေါ်တွင် အဆိပ်ပြင်း သတ္တဝါငါးကောင်ဖြစ်သော ကင်းမြီးကောက်၊ အိမ်မြှောင်၊ ဖားပြုတ်၊ ကင်းခြေများ နှင့် မြွေ တို့ပုံကို ပိုးချည်ဖြင့် သေသပ်စွာ ထိုးထားသည်။

ဝါးရိုးတံ နေရာကို ကိုင်ကြည့်လိုက်ရာ အေးမြနေပြီး ရှားပါးသော ပစ္စည်းကောင်း တစ်ခု ဖြစ်မှန်း သိသာလှသည်။

သို့သော် သူမကဲ့သို့ ရာထူးအဆင့်နိမ့်သူ တစ်ယောက် အသုံးပြုရန် မသင့်တော်ပေ။

လင်ဝမ်ယိ အသာအယာ ပြုံးလိုက်ပြီး အနက်ရောင် ပိုးယပ်တောင်ကို ကိုင်ကာ ပြောလိုက်သည်။

"မယ်မယ့်ရဲ့ ဆုချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ ရင်ထဲမှာ မပြောပြတတ်အောင် ဝမ်းသာမိပါတယ်..."

ထို့နောက် သူမက ချိုးမင်ကို တစ်ချက် ကြည့်လိုက်ရာ သူက ရှေ့တိုးလာပြီး ပြောလိုက်လေသည်။

"ကွေ့ဖေးမယ်မယ်က တကယ့်ကို စေတနာပါတာပဲ... ဒီ ဝူတုပိုးယပ်တောင် ကို ကြည့်ရတာ မနှစ်က ရွှီကျိုးနယ်ကနေ ဆက်သလာတဲ့ ယပ်တောင်နဲ့ တူလိုက်တာ... ကျွန်တော်မျိုး မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက အရှင်မင်းကြီးက အဲဒီယပ်တောင်ဘယ်လောက် လက်ရာမြောက်လဲ ချီးကျူးပြီး ကွေ့ဖေးမယ်မယ်ကို ပေးခဲ့တာ... မထင်မှတ်ဘဲ အခု ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး..."

"အော်... တကယ်ပဲ အဲဒီလို အကြောင်းအရင်း ရှိခဲ့တာလား..."

လင်ဝမ်ယိ မျက်နှာပေါ်တွင် အံ့ဩမှုများပေါ်လာပြီး သူမက အမြန်ပြောလိုက်သည်။

"တကယ်လို့ အရှင်မင်းကြီး ပေးသနားထားတဲ့ ပစ္စည်းဆိုရင်တော့ ကျွန်တော်မျိုးမ မယူရဲပါဘူး... ကျန်းကုန်းကုန်း ပြန်ယူသွားပေးပါ..."

"သခင်မလေး စိတ်ချပါ... ဒီပစ္စည်းကို သခင်မလေးဆီ ပို့လိုက်ကတည်းက ဒါ သခင်မလေးကံကောင်းတာပါပဲ…, ကွေ့ဖေးမယ်မယ် လက်ထဲက ပစ္စည်းအများစုက အရှင်မင်းကြီး ပေးသနားထားတာတွေချည်းပါပဲ... တကယ်လို့ တစ်ခုမှ ပေးလို့မရဘူး ဆိုရင်... တော်ဝင်မိသားစုရဲ့ ရက်ရောမှုနဲ့ မေတ္တာတရားကို ဆန့်ကျင်ရာ မရောက်ဘူးလား... ဒါကြောင့် သခင်မလေး စိတ်ချလက်ချသာ လက်ခံလိုက်ပါ..."

ကျန်းဟယ်ချင့်က ထိုစကားကို ပြောပြီးနောက် ချိုးမင်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။

"ချိုးကုန်းကုန်းက အရင်တုန်းက အရှင်မင်းကြီး ရှေ့မှာ အမှုထမ်းဖူးတဲ့သူဆိုတော့... ခုနက ကျွန်တော် ပြောတဲ့ စည်းကမ်းတွေ မှန်တယ်မလား..."

ကျန်းဟယ်ချင့်က ကွေ့ဖေး နန်းဆောင်မှ ခေါင်းဆောင် မိန်းမစိုး ဖြစ်ပြီး လက်ရှိ အခြေအနေအရ သုန်ယွီကျုံး ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် ချိုးမင်လည်း သူ့ကို ထိပ်တိုက် မတွေ့ရဲပေ။

သူက လေသံအေးအေးဖြင့်သာ ပြန်ဖြေလိုက်ရသည်။

"ကျန်းကုန်းကုန်း ပြောတာ မှန်ပါတယ်..."

လင်ဝမ်ယိသည် ကျန်းဟယ်ချင့်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ ကြည့်ရတာ သည်ယပ်တောင်ကို မဖြစ်မနေ လက်ခံရတော့မည့်ပုံပင်။

"ဒီလိုဆိုရင်တော့ ကျွန်မလည်း မငြင်းတော့ပါဘူး... ကုန်းကုန်း ပြန်ရောက်ရင် ကျွန်မကျေးဇူးတင်ကြောင်း မယ်မယ့်ဆီ ပြန်ပြောပြပေးပါဦးနော်..."

"သခင်မလေး အားနာနေပါပြီ... ကျွန်တော်မျိုး သေချာပေါက် ပြောပြပေးပါ့မယ်..."

ကျန်းဟယ်ချင့်က ရိုရိုသေသေ ရောက်လာပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်ထွက်သွားလေသည်။

သူ ထွက်သွားပြီးနောက် လင်ဝမ်ယိနှင့် ချိုးမင်တို့ နှစ်ယောက်သား စိတ်ညစ်သွားကြသည်။ သခင်ရော အစေခံပါ ယပ်တောင်ကို ကြည့်ပြီး စိုးရိမ်နေကြ၏။

"သခင်မလေး... တာ့ဝေ့ပြည်မှာ အနက်ရောင် ပိုးသားဆိုတာ ဂုဏ်သရေရှိ။အဆင့်မြင့်တွေပဲ သုံးခွင့်ရှိတာပါ... အတင့်ရဲပြီး ပြောရရင် နန်းတော်ထဲမှာ ယီဖေးမယ်မယ်တောင် စိတ်ကြိုက် သုံးခွင့်မရှိပါဘူး... အကယ်၍ သွမ့်ဝူပွဲတော် ညစာစားပွဲမှာ သခင်မလေးသာ ဒီယပ်တောင်ကို သုံးလိုက်ရင်... အထက်လူကြီးကို မလေးစားရာ ရောက်သွားလိမ့်မယ်..."

ချိုးမင်က နန်းတွင်းကိစ္စများကို နှံ့စပ်သူပီပီ စကားစပြောလိုက်သည်နှင့် အသေးစိတ် အချက်အလက်များကို ထောက်ပြနိုင်လေသည်။

နေရာတွင် ရှိနေသူများ အားလုံး ထိုစကားကို ကြားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒါဆို ကွေ့ဖေးမယ်မယ်က သခင်မလေးကို တမင်သက်သက် အရှက်ခွဲချင်လို့ ပို့လိုက်တာပေါ့..."

ချွမ်ချီက စိုးရိမ်တကြီး မေးလိုက်သည်။

"အရှက်ခွဲချင်တာတော့ မဟုတ်လောက်ဘူး... ငါ့ကို ပိုပြီး ထင်ပေါ်စေချင်တာ ဖြစ်မယ်..."

လင်ဝမ်ယိသည် အနက်ရောင် ပိုးယပ်တောင်ကို သေချာ ကြည့်ရင်း လင်ကွေ့ဖေး၏ အကြံအစည်ကို အကုန်လုံး ရိပ်မိလိုက်သည်။

သို့သော် လင်ကွေ့ဖေးက သူမ ရိပ်မိမှာကို ကြောက်ပုံမရပေ။ သူမကို အခက်တွေ့စေချင်သည်မှာ သိသာလွန်းနေသည်။

လွန်ခဲ့သော ရက်ပိုင်းကမှ အရှင်မင်းကြီး ရှေ့တွင် လင်ဝမ်ယိကို တစ်ချက် တွန်းပို့လိုက်ပြီး ယခု နောက်ထပ် ပစ္စည်းကောင်း တစ်ခု ထပ်ပို့လိုက်ပြန်ပြီ။

ထို့ပြင် ချိုးမင်က ရှန်ယိနန်းဆောင် ၏ အကြီးအကဲ မိန်းမစိုး ဖြစ်နေသည်ကို သိလျက်နှင့် ကျန်းဟယ်ချင့်ကို လွှတ်ပြီး ဝူတုပိုးယပ်တောင် လာပို့ခိုင်းသည်မှာလည်း... သူမ၏ အကြံအစည်ကို သိသွားမှာ လုံးဝ မကြောက်သည့် သဘောပင်။

ဒါက လင်ဝမ်ယိကို ကျားစီးထားရသလို အခြေအနေမျိုး ဖြစ်သွားစေသည်။

အကယ်၍ ဒီယပ်တောင်ကို သုံးလိုက်လျှင် ထင်ပေါ်ကျော်ကြားမှုနှင့်အတူ နောက်ဆက်တွဲအနေဖြင့် အနောက်ဆောင်မှ လူများ၏ မနာလိုဝန်တိုမှုကို ခံရမည်။ ထို့ပြင် အရှင်မင်းကြီး ရှေ့တွင်လည်း အာဏာမက်ပြီး ဘဝင်မြင့်သူဟု အထင်ခံရနိုင်သဖြင့် အလွန် ဒုက္ခရောက်ပေလိမ့်မည်။

ယပ်တောင်ကို မသုံးလျှင်လည်း ကွေ့ဖေးကို မလေးစားရာ ရောက်သဖြင့် သူမအတွက် ကောင်းကျိုး မရှိနိုင်ပေ။

လင်ဝမ်ယိ ဘယ်လိုပဲ စဉ်းစား စဉ်းစား ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတော့သည်။

အာဏာကို သုံးပြီး ဖိနှိပ်သည့်နေရာတွင် ကွေ့ဖေးက သူမ၏ ရာထူးကို အကောင်းဆုံး အသုံးချတတ်လှပေ၏။

"ချိုးကုန်းကုန်း... ချန်အန်းနန်းဆောင်ကို တစ်ခေါက်လောက် သွားပေးပါလား... အရှင်မင်းကြီး အားရင် ရှန်ယိနန်းဆောင်ကို ညစာလာစားလို့ ရမလားလို့ မေးပေးပါ..."

ဤသည်မှာ လင်ဝမ်ယိ နန်းတွင်း ဝင်လာကတည်းက ပထမဆုံးအကြိမ် အရှင်မင်းကြီး ဆီသို့ လူလွှတ်လိုက်ခြင်းပင် ဖြစ်သည်။

ချိုးမင် လင်ဝမ်ယိကို မော့ကြည့်လိုက်ပြီး သူမ၏ သဘောထားကို ချက်ချင်း နားလည်သွားသည်။

ထို့ကြောင့် ချက်ချင်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော်မျိုး သွားစီစဉ်လိုက်ပါ့မယ်..."

ချိုးမင် ထွက်သွားပြီးနောက် လင်ဝမ်ယိက ချွမ်ချီကို မှာကြားလိုက်သည်။

"နင် သွားပြီး ရာသီစာ ဟင်းလေးနည်းနည်းလောက် သွားလုပ်ချေ... ရိုးရှင်းလေ ကောင်းလေပဲ... သာမန် ပြည်သူတွေ အိမ်မှာ စားသောက်တဲ့ ပုံစံမျိုးဆို ပိုကောင်းတယ်..."

ချွမ်ချီသည် သူမ၏ သခင်မလေး ဘာလုပ်ချင်မှန်း နားမလည်သော်လည်း စကားနားထောင်လိုက်တာ မမှားနိုင်ဟု တွေးကာ ခေါင်းညိတ်ပြီး အပြင်သို့ ထွက်သွားလေသည်။

ရှောင်လုကျစ်ကတော့ ချွမ်ချီကို ကူညီရန် လိုက်သွားပြီး ရှအန်းကတော့ အတွင်းခန်းထဲတွင် ကျန်ရစ်ခဲ့ကာ လင်ဝမ်ယိကို ပုံမှန်အတိုင်း ပြုစုပေးလေ၏။

"သခင်မလေး... ဒီအချိန်ကြီး အရှင်မင်းကြီးကို ဖိတ်လိုက်တာ... သိပ်ပြီး သိသာလွန်းမနေဘူးလား..."

"အဲဒါတွေ ဂရုစိုက်နေလို့ မရတော့ဘူး... လူအများကြီး ရှေ့မှာ အာဏာရလို့ ဘဝင်မြင့်နေတဲ့ တာရင် တစ်ယောက်အနေနဲ့ အမြင်ခံရတာထက်စာရင် တော်သေးတာပေါ့..."

ရှအန်း၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေပါ၏။

နန်းတော်ထဲက နေ့ရက်တွေက တကယ့်ကို လှိုင်းတံပိုးတွေ တစ်ခုပြီး တစ်ခု လာနေသလိုပါပဲလား။

ချိုးမင် ချန်အန်းနန်းဆောင် မှ ပြန်ရောက်လာသောအခါ သတင်းကောင်း ပါလာခဲ့သည်။

အရှင်မင်းကြီးနှင့် သုန်ယွီကျုံး တို့က လင်ဝမ်ယိ ဒီလို အရင် စတင် ဖိတ်ခေါ်သည်ကို အံ့ဩသွားကြပြီး ချက်ချင်းပင် လက်ခံလိုက်ကြသည်။

ထို့ကြောင့် နေ့လယ်ခင်း တစ်ခုလုံး ရှန်ယိနန်းဆောင် မှ လူများဟာ အရှင်မင်းကြီး လာရောက်မည့် ကိစ္စအတွက် အလုပ်ရှုပ်နေကြတော့သည်။

တော်ဝင်စားဖိုဆောင် ဘက်ကလည်း သတင်းကြိုရထားသဖြင့် ဟင်းပွဲစာရင်းကို ရှန်ယိနန်းဆောင် သို့ ပို့လာခဲ့သည်။

လင်ဝမ်ယိ အကြမ်းဖျင်း ကြည့်လိုက်ရာ အများစုမှာ အရှင်မင်းကြီး ကြိုက်နှစ်သက်သော ဟင်းပွဲများ ဖြစ်ပြီး လင်ဝမ်ယိ ကြိုက်သော ဟင်းပွဲ နှစ်ပွဲလည်း ပါဝင်နေသည်။

တော်ဝင်စားဖိုဆောင်မှ လူများက တကယ်ကို ပါးနပ်လှသည်ဟု ပြောရပေမည်ပင်။

အမြဲတမ်း သူတို့ စားသောက်ပြီး ကျန်ခဲ့သည့် အစားအစာများကို မှတ်တမ်းတင်ထားပြီး ဘာကြိုက်သည် ဘာမကြိုက်သည်ကို လေ့လာကာ နောက်ပိုင်းတွင် သူတို့ ခံတွင်းတွေ့မည့် ဟင်းပွဲများကိုသာ ချက်ပြုတ်ပေးတတ်ကြသည်။

လင်ဝမ်ယိသည် သူမနှစ်သက်သော ဟင်းပွဲများနှင့် အသားဟင်းကြီး အချို့ကို လျှော့ချလိုက်သည်။

ယနေ့ ညစာဟာ ရိုးရှင်းနေမှသာ သူမ၏ အစီအစဉ် အောင်မြင်မည် ဖြစ်သဖြင့် ထိုသို့ လုပ်လိုက်ခြင်း ဖြစ်သည်။

ချိုးမင် တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် ဘာမှ မထူးခြားသလို နေလိုက်သည်။

သို့သော် တော်ဝင်စားဖိုဆောင်မှ ဖန့်ကုန်းကုန်း က ဟင်းပွဲစာရင်းကို ရသောအခါ သူ၏ ပြည့်ဖြိုးသော မျက်နှာကြီးတွင် နားမလည်နိုင်မှုများ ပေါ်လာလေသည်။

"သခင်မလေး... ဟင်းပွဲစာရင်းက ဒီလောက်ကြီး ရိုးနေတာ... အရှင်မင်းကြီး စားပါ့မလား..."

"ဖန့်ကုန်းကုန်း... ဒီအတိုင်းသာ လုပ်ပေးပါ... ချွမ်ချီကလည်း တခြား ဟင်းပွဲလေးတွေ လုပ်ထားသေးတယ်... အရမ်း အပိုတွေ ဖြစ်ကုန်မှာစိုးလို့ပါ..."

"ကောင်းပါပြီ... ဒီအစေခံ မှတ်သားထားပါ့မယ်..."

ကြည့်ရတာ ဒီလင်တာရင်ရဲ့ နန်းဆောင်ကလည်း လက်ရာပြချင်နေပုံပဲ... ဒါဆို သူလည်း လေသင့်ရာ ရွက်လွှင့်ပေးရပေါ့လေ။

ညနေစောင်း အချိန်တွင် အရှင်မင်းကြီး စောစောစီးစီး ရောက်လာခဲ့သည်။

လင်ဝမ်ယိ၏ ခြေထောက်က လွန်ခဲ့သော နှစ်ရက်ကထက် သက်သာလာပြီ ဖြစ်သဖြင့် နန်းဆောင်တံခါးဝအထိ ယခုတစ်ကြိမ်တွင်တော့ သွားရောက် ကြိုဆိုနိုင်လေပြီ။

အရှင်မင်းကြီး၏ ဝေါယာဉ်ကို မြင်သည်နှင့် သူမက စောစောဂါရဝပြုလိုက်ကာ ရိုရိုသေသေ ပြောလိုက်သည်။

"ကျွန်တော်မျိုးမ လင်တာရင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..."

"ပြန်ထလိုက်... ခြေထောက်ဒဏ်ရာတောင် မပျောက်သေးတာကို... ဘာလို့ ဒီမှာ လာစောင့်နေရတာလဲ..."

ပြောပြီးသည်နှင့် ဝေါယာဉ်ပေါ်မှ ဆင်းကာ လင်ဝမ်ယိ ရှေ့တွင် ရပ်လိုက်သည်။

သူမက ယနေ့တွင် ပုံမှန်ပို၍ ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ သို့သော် နံ့သာမလိမ်းထားလေ သူမ၏ သဘာဝ အလှတရားက ပိုပြီး ပေါ်လွင်လေ ဖြစ်နေ၏။

အတိတ်က ကိုယ်လုပ်တော်တချို့၏ မျက်နှာ‌ေချမှုန့်များ ထူပိန်းနေသော ပုံစံများကို ပြန်တွေးမိပြီး စိတ်ပျက်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

"ဒီနေ့ ဒီလောက် တက်ကြွနေတာ... ကိစ္စ ရှိလို့လား..."

သူတို့နှစ်ဦး နန်းဆောင်တံခါးဝမှ အတွင်းခန်းထဲသို့ လျှောက်လာကြရာ အထဲတွင် လင်ကွေ့ဖေး က လူလွှတ်ပြီး ပို့လိုက်သော ရနံ့အိတ်နှင့် ပိုးချည်များက ကွက်တိရှိနေလေသည်။

_______________

All Chapters