သာမန်ပြည်သူများ၏ မိသားစု ညစာ
Vol. 5 Ch. 49
"ကိစ္စ မရှိရင် အရှင်မင်းကြီးကို ထမင်းမဖိတ်ရဘူးလား... ကျွန်တော်မျိုးမ တွေးမိတာက နောက်ရက်နည်းနည်းနေရင် သွမ့်ဝူပွဲတော် ရောက်တော့မယ်... နန်းတော်ထဲက စားပွဲတော်ကိုတော့ အရှင်မင်းကြီး နှစ်တိုင်း စားနေကျပါပဲ... ဒါပေမဲ့ သာမန် ပြည်သူတွေရဲ့ သွမ့်ဝူ မိသားစု ညစာကိုရော အရှင်မင်းကြီး စားဖူးရဲ့လား..."
သူမ ပြောလိုက်သည်နှင့် ဧကရာဇ် ယွီဝမ်ဟုန် စိတ်ဝင်စားသွားရလေ၏။
သူက အတွင်းခန်းထဲသို့ ဝင်သွားပြီး စားပွဲပေါ်တွင် တင်ထားသော ရနံ့အိတ်ကို ကောက်ကိုင်ကာ မေးလိုက်သည်။
"ဒါကရော ပြည်သူတွေ အိမ်မှာ သုံးတဲ့ဟာလား..."
"အရှင်မင်းကြီးကလည်း နောက်နေပြန်ပြီ... ဒါက ကွေ့ဖေးမယ်မယ် ညနေက လူလွှတ်ပြီး ပို့လိုက်တာပါ... နန်းတော် တစ်ခုလုံး ရကြတယ်တဲ့..."
ပြောပြီးသည်နှင့် အရောင်ငါးမျိုး ပါသော ပိုးချည်ကို ယူလိုက်ပြီး လိုတရ ကြိုးထုံး ပုံစံ လက်ကောက်ဝတ်ကြိုး တစ်ချောင်းကို ကျွမ်းကျင်စွာ ရက်လိုက်သည်။ ကြည့်ရတာ အလွန် လက်ရာမြောက်လှသည်။
"ကျွန်တော်မျိုးမ အိမ်မှာ ရှိတုန်းက... အမေက သွမ့်ဝူပွဲတော် မတိုင်ခင်ဆိုရင် ကျွန်တော်မျိုးမတို့ကို လက်ကောက်ဝတ်ကြိုးတွေ လုပ်ပေးလေ့ရှိတယ်... အဖေရော... အစ်ကိုရော... မောင်လေးရော... လူတိုင်း ရကြတယ်... တစ်မိသားစုလုံး စုံစုံလင်လင်နဲ့ ဒီကြိုးလေးတွေ ပတ်ထားကြပြီး... ခြောက်လပိုင်း ၂၄ ရက် ရောက်တဲ့အခါကျမှ မီးဖိုထဲ ထည့်ပြီး မီးရှို့ပစ်ကြတာ... တစ်နှစ်လုံး ဘေးကင်း ကျန်းမာပါစေ ဆိုပြီး ဆုတောင်းကြတာလေ..."
"အော်... ခြောက်လပိုင်း ၂၄ ရက်... အဲဒါ ဘာနေ့လဲ..."
"အဲဒါက ရှူကျိုးနယ်နားက ယီတိုင်းရင်းသားတွေရဲ့ နေ့ထူးနေ့မြတ်လေ... ကြားဖူးတာတော့ နှစ်တိုင်း ဇွန်လ ၂၄ ရက်က သူတို့ရဲ့ နှစ်သစ်ကူးနေ့တဲ့... ဒါကြောင့် အဲဒီနေ့ရဲ့ ရှေ့နောက် သုံးရက်လုံး မီးပုံပွဲတွေ လုပ်ပြီး မီးရှူးမီးပန်းတွေ ဖောက်ပြီး ဆင်နွှဲကြတာ... အဘိုးက သူတို့လူမျိုးတွေ ဒီလို လက်ကောက်ဝတ်ကြိုး မီးရှို့တာကို မြင်ဖူးတော့... အိမ်က လူတွေကိုလည်း သင်ပေးထားတာ..."
"မင်းအဘိုးက ဗဟုသုတတယ်ရှိတာပဲ..."
လင်ဝမ်ယိ ပြုံးလိုက်ပြီး လုပ်ပြီးသား လက်ကောက်ဝတ်ကြိုးကို သူမ၏ ညာဘက် လက်ကောက်ဝတ်တွင် ပတ်လိုက်သည်။ ကြိုးကိုထုံးထားသည့်ပုံစံမှာ သာမန် လက်ကောက်ဝတ်ကြိုးများထက် ပိုပြီး လက်ရာမြောက်နေ၏။
အရှင်မင်းကြီးက သူမ၏ သွက်လက်သော လှုပ်ရှားမှုများကို ကြည့်ရင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ကိုယ်တော့်အတွက် မရှိဘူးလား..."
"အရှင်မင်းကြီးကလည်း... ဒီ ဓလေ့တွေက သာမန် ပြည်သူတွေ ဘေးကင်းဖို့ လုပ်ကြတာပါ... အရှင်မင်းကြီးက ကောင်းကင်ဘုံရဲ့ သားတော်လေ... ဒါတွေ မရှိလည်း သက်တော်ရာကျော် ရှည်ပြီး ကျန်းမာချမ်းသာမှာပဲဟာ..."
သူမ၏ မြှောက်ပင့်စကားကြောင့် အရှင်မင်းကြီး ပြုံးလိုက်မိသည်။
"အရင်တုန်းက မင်းကို စကားမတတ်ဘူး ထင်နေတာ... အခုကြည့်ရတာတော့ တော်တော်လေး စကားတတ်နေပါရောလား..."
လင်ဝမ်ယိသည် ကြေးဇလုံထဲမှ ရေစိုဝတ်ကို ညှစ်ပြီး အရှင်မင်းကြီးကို ကမ်းပေးလိုက်သည်။ ထို့နောက် ပလုတ်ကျင်းရန် ရေကိုပါ ယူလာပေးလိုက်၏။
"အရှင်မင်းကြီး ခဏ ထိုင်ပါဦး... ကျွန်တော်မျိုးမ ဟင်းပွဲတွေ ယူလာခဲ့ဖို့ ပြောလိုက်ပါ့မယ်..."
"ကောင်းပြီ..."
အရှင်မင်းကြီး၏ ခွင့်ပြုချက် ရသည်နှင့် ချိုးမင်တို့က အသင့်ပြင်ထားသည့် ပစ္စည်းများကို ယူလာကြသည်။
တော်ဝင်စားဖိုဆောင်မှ ငါးရှဉ့်ကြော်နှင့် ပဲနီလေး အစာသွပ်ထားသော မုန့်လုံးများ၊ ထို့ပြင် ပဲသုံးမျိုး ဟင်းချိုကိုလည်း တစ်ခွက် ပို့လာသည်။
ချွမ်ချီ ပြင်ဆင်ထားသည်ကတော့ ပိုပြီး ရိုးရှင်းသည်။ ဘဲဥငန် တစ်ပန်းကန်နှင့် အာလူးကပ်ကြော် အနည်းငယ်သာ ဖြစ်၏။ ကြည့်ရတာ ရိုးရှင်းလွန်းသော်လည်း အရှင်မင်းကြီး၏ စိတ်ဝင်စားမှုကို နှိုးဆွလိုက်နိုင်သည်။
သူက သိချင်နေဟန်ဖြင့် လင်ဝမ်ယိကို ကြည့်လိုက်ရာ သူမက ပြုံးရင်း ရှင်းပြလိုက်သည်။
"သွမ့်ဝူပွဲတော်မှာ ကောက်ညှင်းထုပ် စားတာ... လင်ပန်းပင် ချိတ်တာ...သေရည် သောက်တာတွေကိုတော့ အရှင်မင်းကြီး ရင်းနှီးပြီးသား ဖြစ်မှာပါ... ဒါပေမဲ့ အရပ်ထဲမှာတော့ ပြည်သူတွေက ဘဲဥငန်နဲ့ အာလူးကပ်ကြော် စားတဲ့ အလေ့အထလည်း ရှိပါတယ်... ဒါတွေကို စောစောစီးစီး ပြင်ဆင်ထားကြတာပါ..."
"ဘဲဥကို ကြိုပြီး အငန်သိပ်ထားတယ်... စားခါနီးကျမှ ပေါင်းအိုးထဲ ထည့်ပြီး ပေါင်းလိုက်ရုံပဲ... ပြီးရင် လေးစိတ်ခွဲပြီး ထမင်းဖြူနဲ့ စားရင် အကောင်းဆုံးပဲ... ကောင်းတဲ့ ဘဲဥဆိုရင် အနှစ်က ဆီတွေတောင် ထွက်နေတတ်တယ်... အရှင်မင်းကြီး ကြည့်ပါဦး... ဒီတစ်ခုဆို မဆိုးဘူးနော်..."
သူမက ပြောပြီးသည်နှင့် အတုံးတစ်တုံးကို ယူကာ အရှင်မင်းကြီး ရှေ့က ပန်းကန်ပြားထဲ ထည့်ပေးလိုက်သည်။ ရွှေရောင် တောက်နေသော ဘဲဥနှစ်က တကယ်ကို စားချင်စဖွယ်ပင်။
"ပြီးတော့ ဒီအာလူးကပ်ကြော်ကလေ... အာလူးကို ဂျုံမှုန့်နဲ့ ရောနယ်ထားတာ... ကျွန်တော်မျိုးမက ချွမ်ချီကို ဝက်ဆီနဲ့ သကြား နည်းနည်း ထည့်ခိုင်းထားတယ်... ပေါက်စီ လုပ်သလိုမျိုး လုပ်ထားတော့ စားလိုက်ရင် အလွှာလိုက်လေးနဲ့ ကြွပ်ရွနေမှာ... အရှင်မင်းကြီး မြည်းကြည့်ပါလား..."
သူမက လက်ဖြင့် တစ်ဝက် ဖဲ့လိုက်ပြီး အရှင်မင်းကြီး ရှေ့သို့ ပို့ပေးလိုက်သည်။
အရှင်မင်းကြီးသည် ဤအစားအစာ နှစ်မျိုးလုံးကို သူ တစ်ခါမှ မစားဖူးပေ။ ထို့ကြောင့် သူက စိတ်ဝင်တစားဖြင့် တစ်လုပ် စားကြည့်လိုက်သည်။
ဟင်းပွဲများ၏ ထူးခြားသော အရသာကြောင့် အရှင်မင်းကြီးတစ်ယောက် မရပ်နိုင်တော့ဘဲ ပန်းကန်တစ်ဝက်လောက် ကုန်သွားမှ ရပ်လိုက်တော့သည်။
"ပြည်သူတွေ စားတဲ့ အစားအစာတွေက ရိုးရှင်းပြီး သဘာဝကျတာပါ... ဒါတွေက လွယ်ကူပြီး အဆင်ပြေလို့ ဆိုပေမဲ့... လေးစားမှုတွေလည်း ပါဝင်နေပါတယ်..."
"လေးစားမှု ဟုတ်လား... ဘယ်လို အဓိပ္ပါယ်လဲ..."
"သွမ့်ဝူပွဲတော် ဆိုတာ အစက ကွယ်လွန်သူ အမတ်ချုပ်ချွီး ကို အောက်မေ့တဲ့အခမ်းအနားလေ... မြစ်ထဲသွားတာ... နဂါးလှေ ပြိုင်တာ... ကောက်ညှင်းထုပ်နဲ့ သံယောဇဉ် ဖွဲ့တာ... ညဘက် ပျော်ပွဲရွှင်ပွဲ လုပ်တာတွေက ဒီနေ့အထိ ရှိနေတုန်းပဲ... ပြည်သူတွေအတွက်တော့ ဒါက ပွဲတော် သက်သက် မဟုတ်ဘဲ ရှေးလူကြီးတွေကို မမေ့မလျော့ ကုသိုလ်ပြုတဲ့ ပွဲပဲ... ဒါကြောင့် ရှုပ်ထွေးတာတွေကို ဖယ်ပြီး ရိုးရှင်းတာကို ဦးစားပေးတာက မူလ ရည်ရွယ်ချက်ကို ပိုပြီး ပေါ်လွင်စေတာပေါ့..."
ရှုပ်ထွေးတာတွေကို ဖယ်ပြီး ရိုးရှင်းတာကို ဦးစားပေးတာက မူလ ရည်ရွယ်ချက်ကို ပိုပြီး ပေါ်လွင်စေတယ်...။
သည်စကားကို အရှင်မင်းကြီးသည် ကွယ်လွန်သွားသော မိဖုရားခေါင်ကြီးရွှီ ဆီမှလည်း ကြားခဲ့ဖူးသည်။ မသိစိတ်ကား အတိတ်က အကြောင်းအရာများကို ပြန်လည် သတိရသွားစေ၏။
မိဖုရားခေါင်ကြီးရွှီ သည် နယ်စားမင်းရွှီ ကိုယ်တိုင် သေချာ ပြုစုပျိုးထောင်ပေးခဲ့သော မြေးဦး ဖြစ်ပြီး... သိမ်မွေ့ကျက်သရေ ရှိရုံသာမက အိမ်မှုကိစ္စတွင်လည်း ချွေတာတတ်သူ ဖြစ်သည်။
သူမ ရှိစဉ်က အနောက်ဆောင် တစ်ခုလုံး ရိုးရှင်းသော ဓလေ့ကို ကျင့်သုံးခဲ့ကြသည်။။တိုင်းသူပြည်သားများအတွက် စံပြဖြစ်စေရန်နှင့် ကိုယ့်ဦးတည်ချက်ကို မမေ့လျော့စေရန် ရည်ရွယ်ခဲ့ခြင်း။
သို့သော် မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးနောက် အနောက်ဆောင် ကိစ္စများကို လင်ကွေ့ဖေးက ဦးစီးခဲ့သည်။
ထို့ကြောင့် နှစ်စဉ် ကျင်းပသော ပွဲတော်များသည်လည်း ယခင်က ရိုးရှင်းသော ပုံစံမှ ပြောင်းလဲသွားခဲ့သည်။ ဖြုန်းတီးသည်ဟု မဆိုသာသော်လည်း အချိန်နှင့် လူအင်အား ငွေအင်အား ပိုကုန်လာခဲ့သည်။
လင်ကွေ့ဖေးက တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေကို ပြသရန်ဟု အကြောင်းပြကာ ဝေဖန်သူများ၏ ပါးစပ်ကို ပိတ်ခဲ့သည်။
တဖြည်းဖြည်းနှင့် နန်းတော်တစ်ခုလုံးလည်း ဤပုံစံကိုပင် ကျင့်သားရလာခဲ့ကြသည်။
ယနေ့တွင်မူ လင်ဝမ်ယိ၏ မရည်ရွယ်သော စကားတစ်ခွန်းက သူ့ကို အသိဝင်သွားစေခဲ့သည်။
အရှင်မင်းကြီးသည် လင်ဝမ်ယိကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူမက ယခင်ကအတိုင်းပင် အေးဆေးတည်ငြိမ်စွာ ရှိနေသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားမိသည်။
"ပြည်သူတွေတောင် လေးစားရမှန်း သိသေးတာပဲ... ကိုယ်တော် ဆိုတဲ့ ရေမြေ့အရှင်က ကလည်း စံပြအနေနဲ့ နေပြရမှာပေါ့..."
သူက စကားကို ရှင်းရှင်းလင်းလင်း မပြောသော်လည်း လင်ဝမ်ယိ၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
အရှင်မင်းကြီး သည်ခို ပြောမှတော့ သွမ့်ဝူပွဲတော် ညစာစားပွဲမှာ ဘယ်သူမှ ကြီးကြီးကျယ်ကျယ် ဝတ်စားဆင်ယင်ရဲတော့မည် မဟုတ်ပေ။
လင်ကွေ့ဖေး ပေးလိုက်သော တန်ဖိုးကြီးသည့် ဝူတုပိုးယပ်တောင်သည်လည်း သဘာဝကျကျ ပေါ်လာစရာ အကြောင်း မရှိတော့ပေ။
ထိုအကြောင်း တွေးမိရင်း သူမသည် အမှန်တကယ်ကို ပြုံးလိုက်လေ၏။
အရှင်မင်းကြီးအတွက် ဟင်းထည့်ပေးရာတွင်လည်း ပိုမို ဂရုစိုက်မိလေသည်။ အရှင်မင်းကြီးလည်း ဖီုတစ်နပ်တော့ စိတ်ကျေနပ်စွာ စားသောက်လိုက်ရပေသည်။
အရှင်မင်းကြီးသည် ကိုယ်လုပ်တော်များ၏ နန်းဆောင်တွင် ညအိပ်လေ့ မရှိပေ။ ဒါဟာ ရှေးဘိုးဘေးများ ချမှတ်ခဲ့သော စည်းကမ်း တစ်ခု ဖြစ်သည်။
ထို့ပြင် လင်ဝမ်ယိ မှာလည်း ဒဏ်ရာနှင့်မို့ ခစားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ထမင်းစားပြီးနောက် ခဏထိုင်ကာ အရှင်မင်းကြီး ပြန်ထွက်သွားလေသည်။
သူ ထွက်သွားသည်ကို မြင်မှ လင်ဝမ်ယိ သက်ပြင်းချလိုက်နိုင်ပြီး ရှအန်းနှင့် ချွမ်ချီတို့ တွဲကူမှုဖြင့် အတွင်းခန်းထဲသို့ ဝင်သွားလေသည်။
ချိုးမင်က သူမ၏ အနောက်မှ တစ်လှမ်းချင်း လိုက်ပါလာပြီး မျက်ဝန်းထဲတွင်မူ လေးစားစိတ်များ ပိုတိုးလာသည်။
ဆရာနှင့် နန်းတွင်းရေးရာဌာန ၏ အကြီးအကဲတို့က သခင်မလေးဘက်မှာ ဘာကြောင့် လောင်းကြေးထပ်ခဲ့လဲ ဆိုတာ အခုမှ သူ နားလည်သွားတော့သည်။ တကယ်ကို အတွေ့အကြုံရှိလူ တစ်ယောက်နဲ့ တူနေလို့ပါလား...။
သူသည် ကွယ်လွန်သွားသော မိဖုရားခေါင်ကြီးရွှီ ကို ပြန်သတိရသွား၏
သူမ၏ ရုပ်သွင်နှင့် အပြုံးများက ဝေဝါးနေပြီ ဖြစ်သော်လည်း သူမ၏ အေးချမ်းသော စိတ်နေစိတ်ထားနှင့် တည်ငြိမ်သော အပြုံးများကတော့ ချိုးမင်၏ ဦးနှောက်ထဲတွင် စွဲထင်နေဆဲပင်။
လင်ဝမ်ယိကတော့ သူမ ကံကောင်းပြီး တိုက်ဆိုင်သွားမှန်း မသိရှာပေ။ အခက်အခဲ တစ်ခုကို ကျော်လွှားနိုင်လိုက်ပြီဟုသာ တွေးနေမိသည်။
စိတ်နည်းနည်း လျော့သွားပြီးနောက် သူမ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
"အစ်ကိုကြီးကို တွေ့ရရင် ကောင်းမှာပဲ..."
သူမ နန်းတွင်း ဝင်လာတာ တစ်လကျော်ပြီ။ အစ်ကိုကြီးကို တွေ့ဖို့မပြောနှင့်... စာတစ်စောင်တောင် မပို့ရဲခဲ့ပေ။
အိမ်ကို ဒုက္ခပေးမိမှာ... သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်မှာ စိုးရိမ်သောကြောင့်ပင်။
ယခုတော့ အစ်ကိုဖြစ်သူကို လူပုံအလယ်တွင် တွေ့ခွင့်ရတော့မည် ဖြစ်သဖြင့် ဒီတစ်ခေါက် နဂါးလှေပြိုင်ပွဲ ကို သူမ အတော်လေး မျှော်လင့်နေမိ၏။
"သခင်မလေး... ဒဏ်ရာ မြန်မြန် သက်သာအောင် လုပ်ပါဦး... မဟုတ်ရင် အကြီးဆုံးသခင်လေး က သခင်မလေး ခြေထောက်မကောင်းတာ မြင်ရင် စိတ်ပူနေပါဦးမယ်..."
"စိတ်မပူပါနဲ့... အစ်ကိုကြီးက နဂါးလှေ ပေါ်မှာ ရှိနေမှာ... ငါနဲ့ဆို အနည်းဆုံး ပေတစ်ရာလောက် ဝေးမှာ... ငါသာ အမြန် မလျှောက်ရင် သူ သေချာ မြင်ရမှာ မဟုတ်ဘူး..."
လင်ဝမ်ယိ ပြုံးလိုက်သော်လည်း ထိုအပြုံးထဲတွင် ခါးသီးမှုများ အနည်းငယ်ပါဝင်နေသည်။
_______________