နန်းတော်တစ်ခုလုံး ရိုးရှင်းသွားခြင်း
Vol. 5 Ch. 50
"သခင်မလေး စိတ်မပူပါနဲ့... ရာထူး ထပ်တိုးပြီး ကိုယ်ဝန်ရလာရင် မိသားစုကို နန်းတော်ထဲ ခေါ်တွေ့လို့ ရပါတယ်... ဒါကလည်း ရှေးလူကြီးတွေ ချမှတ်ခဲ့တဲ့ စည်းကမ်းပါ..."
ချိုးမင်က ဝင်ရောက် နှစ်သိမ့်ပေးလိုက်သည်။
လင်ဝမ်ယိက သူ့စေတနာကို သိသော်လည်း စကားပြန်မပြောခဲ့ပေ။
ကိုယ်ဝန်ဆိုသည်မှာ ယခုအချိန်တွင် သူမအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ထို့ကြောင့် မိသားစုနှင့် တွေ့ဆုံမည့် ရက်မှာ ဝေးကွာနေဦးမည်ပင်။
နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်ရဦးမည်။ အခြေအနေတွေငြိမ်သွားပြီး ဖန့်မားမား ဆီကတစ်ဆင့် အဘွားဆီ သတင်းပို့နိုင်မည့် အခွင့်အရေး ရခဲ့လျှင် အမေတို့လည်း သိရမှာပါလေ...။
ထိုသို့ တွေးလိုက်မိပြီး သူမ၏ နဂါးလှေပြိုင်ပွဲ အတွက် မျှော်လင့်ချက်များ တစ်ဖန် ပြန်လည် ရှင်သန်လာပြန်သည်။
နေ့ရက်များ ကုန်ဆုံးသွားပြီး မကြာမီမှာပင် သွမ့်ဝူပွဲတော် နေ့သို့ ရောက်ရှိလာခဲ့သည်။
လင်ဝမ်ယိသည် မနက်စောစောကတည်းက လိုက်ပြီး ပြင်ဆင် ဖီးလိမ်းကာ မနက်စာ စားလိုက်သည်။
ချွမ်ချီက ချိုးမင် ဆူသည်ကို ခံလိုက်ရပြီးနောက် အနည်းငယ် တည်ငြိမ်လာလေ၏။
လင်ဝမ်ယိကို ဆံပင် မထုံးပေးခင် သူမက မေးလိုက်သည်။
"သခင်မလေး... ဒီနေ့ မက်မွန်သီးပုံ ဆံထုံး ထုံးပေးမယ်လေ... ပြီးတော့ မက်မွန်သား ဆံထိုးလေး ထိုးလိုက်မယ်... ဘေးနားမှာ ပုလဲလုံးလေး နည်းနည်း ကပ်လိုက်ရင်... အရမ်းလည်း မထင်ပေါ်ဘူး... အရမ်းလည်း ရိုးမနေဘူး... သခင်မလေး ဘယ်လိုသဘောရလဲ..."
ချွမ်ချီ၏ လက်ရာကို လင်ဝမ်ယိ အမြဲတမ်း သဘောကျခဲ့သည်။
"မင်း သဘောပါပဲ... ကောင်းပါတယ်..."
တစ်ချိန်တည်းမှာပင် ရှအန်းကလည်း နန်းတွင်း ဝတ်ရုံများကို ထုတ်ပြလေသည်။ ရေညှိရောင် ဖဲသား နှင်းဆီပွင့်ဖော် ဝတ်ရုံအရှည်နှင့် လနုရောင် အပေါ်ထပ် အင်္ကျီရှည် ဖြစ်လေသည်။
လင်ဝမ်ယိ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
မနေ့ညနေက ယဲ့ကွေ့ရန် နှင့် တုချန်ကျိုက် တို့ လာလည်ကြသည်ကို သူမ ရုတ်တရက် သတိရသွားသည်။
"လင်တာရင် ရဲ့ နေရာလေးက တကယ့်ကို အေးချမ်းပြီး သာယာတာပဲနော်... အပြင်မှာ ဆူညံနေပေမယ့် သည်နေရာလေးက နတ်ပြည်လေး လိုပဲ... ဘယ်သူမှ လာမနှောင့်ယှက်ကြဘူး..."
တုချန်ကျိုက် က ဝင်လာသည်နှင့် မြှောက်ပင့် ပြောဆိုတော့သည်။
ကွေ့ဖေး၏ အမိန့်အရ သွမ့်ဝူပွဲတော် ကိစ္စများကို တာဝန်ယူရကတည်းက သူမသည် ယခင်ကလို ခေါင်းငုံ့မနေတော့ဘဲ တွေ့သမျှလူကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံနေတော့သည်။
ယဲ့ကွေ့ရန် ကတော့ စကားသိပ်မပြောပေ။ လင်ဝမ်ယိကို တည်ငြိမ်စွာ ကြည့်ပြီး "ညီမလေးလင် နေကောင်းလား" ဟုသာ နှုတ်ဆက်လေသည်။
လင်ဝမ်ယိသည် နေမကောင်း ဖြစ်နေသဖြင့် အပြင်လူများကို လက်မခံဘဲ နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ယနေ့ သူတို့နှစ်ယောက်ကို လက်ခံ တွေ့ရခြင်းမှာ အရှင်မင်းကြီး၏ အမိန့်ကြောင့်ပင်။
အရှင်မင်းကြီးက မိဖုရားခေါင်ကြီးရွှီ ရှိစဉ်က ခြိုးခြံချွေတာခဲ့သည်ကို အောက်မေ့သောအားဖြင့် နန်းတော် တစ်ခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရမည်။ ပွဲတော်များကို ကြီးကြီးကျယ်ကျယ် မကျင်းပရဟု အမိန့်ထုတ်လိုက်လေသည်။
သို့သော် သွမ့်ဝူပွဲတော် က ရောက်ခါနီးနေပြီဖြစ်၍ ပြန်ပြောင်းဖို့ မလွယ်ကူတော့ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်များသည် မိမိတို့၏ အဝတ်အစားနှင့် အဆင်တန်ဆာများကိုသာ တတ်နိုင်သမျှ ရိုးရှင်းအောင် ဝတ်ဆင်ကြရတော့သည်။
"အစ်မနှစ်ယောက် ဒီရက်ပိုင်း ပင်ပန်းနေမှာပဲ... လက်ဖက်ရည် တစ်ခွက်လောက် သောက်ပြီး လည်ချောင်းရှင်းလိုက်ပါဦး..."
ပြောရင်းနှင့် သူတို့ကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
"ညီမလေးက နေမကောင်းဖြစ်နေတော့ အစ်မတို့လည်း လာမနှောင့်ယှက်ရဲပါဘူး... ဒီနေ့က ကျူကျီးပိုးယပ်တောင် လာပို့ရင်း မျက်နှာပြောင်ပြောင်နဲ့ပဲ ဝင်လာရတာပါ..."
ပြောပြီးသည်နှင့် အနောက်မှ ပါလာသော အပျိုတော်ကို ယူခိုင်းလိုက်သည်။
လင်ဝမ်ယိ ယူကြည့်လိုက်ရာ ပိုးသားမျက်နှာပြင်က ရိုးရှင်းပြီး မင်းသမီးသစ်ခွ ပန်းပွင့်အနည်းငယ်နှင့် လိပ်ပြာနှစ်ကောင် ကစားနေပုံကိုသာ ထိုးထားသည်။ ကြည့်ရတာ သာမန် ပစ္စည်းတစ်ခုလိုပင်။
လင်ဝမ်ယိက ယပ်တောင်ကို ဘယ်ပြန်ညာပြန် ကြည့်နေသည်ကို မြင်သောအခါ တုချန်ကျိုက်က စကားစပြောလာပြန်သည်။
"ဒီယပ်တောင်ကြောင့် ပန်းထိုးဌာနက လူတွေ အလုပ်ရှုပ်သွားကြတယ်... အရှင်မင်းကြီးက လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မဖြုန်းတီးရဘူးလို့ အမိန့်ချလိုက်တော့... ကွေ့ဖေးမယ်မယ်က ပန်းထိုးဌာနကို ဒီလို ပုံစံရိုးရိုးလေးနဲ့ ယပ်တောင်တွေ လုပ်ခိုင်းလိုက်တာ... မနက်ဖြန် စားပွဲမှာ သုံးဖို့လေ... ညီမလေး ကြည့်လိုက်... ဒီအပေါ်က ပန်းပွင့်ပုံစံတွေက ဟိုတစ်နေ့က မယ်မယ် ဆုချတဲ့ ပန်းတွေပုံစံပဲ..."
"မယ်မယ့်ရဲ့ စိတ်ကူးက ဆန်းသစ်တာပဲ... ကျွန်တော်မျိုးမကတော့ အရမ်း သဘောကျတာပဲ..."
ဤယပ်တောင်ဟာ တလောကပေးခဲ့သည့် အနက်ရောင် ဝူတုပိုးယပ်တောင် ထက်စလျှင် အများကြီး သာမန်ဆန်ပေသည်။ သို့သော် ယခုလို သာမန် ပစ္စည်းမျိုးကို ကိုင်ရသည်က လင်ဝမ်ယိ အတွက် ပိုပြီး စိတ်လွတ်လပ်ပေါ့ပါးစေသည်။
"ဟုတ်တာပေါ့... မယ်မယ်က ကျွန်မတို့လို ကိုယ်လုပ်တော်တွေကို အမြဲ စာနာနားလည်ပေးတယ်... ကျွန်မဖြင့် မယ်မယ့်ကို မနက်ခင်း ဂါရဝပြုဖို့တောင် မစောင့်နိုင်တော့ဘူး..."
တုချန်ကျိုက် ကတော့ လင်ကွေ့ဖေး ကို ပါးစပ်ဖျားက မချပေ။ သူမက လင်ကွေ့ဖေး မြှောက်စားထားသူ ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ပြောချင်နေသည့် ပုံပင်။
ယဲ့ကွေ့ရန် ကတော့ အစအဆုံး ပြုံးရုံသာ ပြုံးနေပြီး ဘေးကနေ ဘာမှ ဝင်မပြောပေ။
သူမက ရာထူးအရ တုချန်ကျိုက် ထက် တစ်ဆင့် မြင့်သော်လည်း ရာထူးနိမ့်သူ တစ်ယောက်လိုပင် နေနေလေသည်။
စဉ်းစားနေတုန်းမှာပင် ချွမ်ချီက သူမ မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းလိုက်ပြီး "သခင်မလေး" ဟု ခေါ်လာသည်။
လင်ဝမ်ယိသည် တွေးနေရာမှ သတိပြန်ဝင်လာပြီး ချွမ်ချီကို ဘာလဲဟု ကြည့်လိုက်သည်။
"သခင်မလေး ဘာတွေ တွေးနေတာလဲ... ကျွန်မ ပြောနေတာကိုတောင် မကြားဘူး..."
"ဘာဖြစ်လို့လဲ..."
"ကျွန်မ မေးနေတာက... နားကပ် ဘယ်ဟာ သုံးမလဲလို့..."
သူမက ပြောပြီးသည်နှင့် နားကပ်နှစ်စုံ ထုတ်ပြလာသည်။ နှစ်ခုစလုံးက ရိုးရှင်းသော ပုံစံများ ဖြစ်ပြီး သိပ်မထင်ပေါ်ပေ။
လင်ဝမ်ယိက ဘယ်ဘက်က တစ်စုံကို လက်ညှိုးထိုးပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီဟာပဲ ယူလိုက်..."
"ဟုတ်ကဲ့..."
ခေါင်းအစ ခြေအဆုံး ပြင်ဆင်ပြီးမှ လင်ဝမ်ယိ မနက်စာ စားလိုက်သည်။ ယနေ့က သူမ နေပြန်ကောင်းပြီးနောက် လင်ကွေ့ဖေးနှင့် အခြား ကိုယ်လုပ်တော်များကို ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံရမည့်နေ့ ဖြစ်သဖြင့် နောက်ကျ၍ မဖြစ်ပေ။
အိမ်မှ မထွက်ခင် လင်ကွေ့ဖေး ပေးသော ယပ်တောင်ကို ယူလိုက်ပြီး နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"သွားကြစို့..."
လင်ကျစ်နန်းဆောင် တွင် မတွေ့တာ ကြာပြီဖြစ်သော ကိုယ်လုပ်တော်များ ခြံဝင်းထဲတွင် စောစောစီးစီး ရောက်နှင့်နေကြပြီ။ လင်ဝမ်ယိ ရောက်သွားချိန်ဟာ မစောလွန်း မနောက်ကျလွန်း အချိန်ကွက်တိပါပင်။ သူမက သူမက် အဆင့်ပိုမြင့်သည့် သူများကို စည်းကမ်းနှင့်အညီ ဂါရဝပြုပြီးနောက် စင်္ကြံလမ်းတွင် ဝင်ရပ်လိုက်၏။
ထင်ထားသည့်အတိုင်းပင်... အရှင်မင်းကြီး အမိန့်ချလိုက်သည်နှင့် နဂိုက အပြိုင်အဆိုင် ဝတ်စားတတ်ကြသော ကိုယ်လုပ်တော်များသည်ပင် ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်လာကြ၏။
ယခင်တုန်းက သူငါအပြိုင် ပန်းထက်လှအောင် ပြင်ဆင်ခဲ့ကြသော်လည်း ယနေ့တွင်မူ တစ်ယောက်ထက် တစ်ယောက် ပိုရိုးရှင်းအောင် ပြိုင်နေကြသလိုပင်။
ဝတ်စုံ အရောင်တွေကလည်း တိုင်ပင်ထားသလိုပင်။ ပန်းနုရောင် မဟုတ်လျှင် ရေညှိရောင်... ဒါမှမဟုတ် ငှက်ပျောဖူးရောင်...။
ထင်ပေါ်သော အရောင်ဟူ၍ တစ်ခုမှ မရှိတော့ပေ။
လူတိုင်းက ကိုယ့်အခြေအနေကို ကိုယ်သိကြပြီး လက်ထဲတွင်လည်း ကွေ့ဖေး ပေးထားသော ကျူကျီးပိုးယပ်တောင် ကို ကိုင်ထားကြကာ ကျေးဇူးတင်ကြောင်း ပြနေကြ၏။
ခဏကြာတော့ အပြင်ဘက်မှ အစေခံက အော်ပြောလိုက်သည်။
"ယီဖေးမယ်မယ် ရောက်ပါပြီ..."
"လန်ဖေးမယ်မယ် ရောက်ပါပြီ..."
"ယင်းဖင်မယ်မယ် ရောက်ပါပြီ..."
အဆင့်မြင့် ကိုယ်လုပ်တော်များ တန်းစီပြီး ရောက်လာကြရာ လင်ကျစ်နန်းဆောင် ခန်းမကြီးမှာ ကျယ်ဝန်းသော်လည်း ယခုအခါမူ ကျပ်သိပ်နေသလို ဖြစ်သွားရသည်။
အားလုံးက ရိုရိုသေသေ ရပ်လိုက်ကြပြီး သူတို့ သုံးယောက်ကို ဂါရဝပြုလိုက်ကြသည်။
ယီဖေး နှင့် ယင်းဖင် ကို လင်ဝမ်ယိ အရင်က တွေ့ဖူးသည်။ သို့သော် ကိုယ်ဝန်ရှိနေသော လန်ဖေးမယ်မယ် ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူမက စံပယ်ပန်းနှင့် လိုတရပုံစံများ ထိုးထားသည့် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး နှင်းဖြူရောင် ပိုးသားဖြင့် အနားကွပ်ထားသည်။ အပေါ်တွင် သခွားသီးပုံစံများ ထိုးထားသဖြင့် သူမ၏ စူထွက်နေသော ဗိုက်လုံးလုံးလေးနှင့် အလွန် လိုက်ဖက်နေသည်။
မေလ၏ နံနက်ခင်း နေရောင်ခြည်က သူမအပေါ်သို့ ဖြာကျနေသဖြင့် သူမကို နူးညံ့ပြီး အေးချမ်းနေစေသည်။
လင်ဝမ်ယိမှာ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ရေကန်လို ကြည်လင်နေသော သူမ၏ မျက်ဝန်းများတွင် ဖမ်းစားခံလိုက်ရသည်။
အရှင်မင်းကြီး၏ မျက်နှာသာပေးတာကို ရတာ မဆန်းပါဘူးလေ... အနောက်ဆောင်က ကိုယ်လုပ်တော်တွေက တစ်ယောက်တစ်မျိုးစီ ထူးခြားကြတာကိုး...။
"ထကြပါ..."
ယီဖေး က သုံးယောက်ထဲတွင် ရာထူးအကြီးဆုံး ဖြစ်သဖြင့် သူမ ပြောလိုက်မှ လင်ဝမ်ယိတို့လည်း မတ်တပ်ရပ်လိုက်ကြသည်။
အချိန်ကိုက်ပင် လင်ကွေ့ဖေး ၏ အပါးတော်မြဲ အပျိုတော်ချင်ဟယ့် က ကန့်လန့်ကာကို မပြီး ထွက်လာသည်။ သူမက ရှေ့သို့ လျှောက်သွားကာ ဂါရဝပြုပြီး ရိုရိုသေသေ ပြောလိုက်သည်။
"ကွေ့ဖေးမယ်မယ် က လက်ဖက်ရည်နဲ့ မုန့်တွေ ပြင်ဆင်ထားပါတယ်... ယီဖေးမယ်မယ်…လန်ဖေးမယ်မယ်နဲ့ သခင်မလေးတို့ကို အထဲဝင်ပြီး စကားပြောဖို့ ဖိတ်ခေါ်ပါတယ်..."
ယီဖေး က ချင်ဟယ့်ကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်သည်။
သူမက အရင်ခြေစလှမ်းကာ ပင်မဆောင်ထဲသို့ ပထမဆုံး ဝင်သွားလေသည်။ ထို့နောက်မှ ကျန်လူများက နောက်ကနေ အစီအစဉ်အတိုင်း ဝင်သွားကြ၏။
လင်ဝမ်ယိသည် သူမ၏ အနောက်မှ စူးရှသော အကြည့်တစ်ချက်ကို သတိထားမိလိုက်သည်။ ထိုအကြည့်ပိုင်ရှင်မှာ အခြားလူမဟုတ်…ယခုမှ အကျယ်ချုပ်က လွတ်လာသော ချူကွေ့ရန်ပင်ဖြစ်တော့၏။