နှစ်ပေါင်း တစ်သောင်းတိုင်အောင် ရပ်တည်ခဲ့သည့် ချင်းရွှမ်နတ်တံခါး
Vol. 2 Ch. 196
ရှန်းစန်းပြဒါး ဆေးလုံးမှာ ချင်းရွှမ်နတ်တံခါးမှ ပြဒါး ဆေးပညာကျင့်စဉ်ဖြင့် ကျင့်စဉ် အောင်မြင်ခဲ့သည့် နတ်ဘုရားတစ်ပါးမှ ဖော်စပ် ထားခဲ့သည့် ဆေးဖြစ်လေသည်။ ထိုဆေးလုံး ဖော်စပ်ရန်အတွက် အချိန်နှင့် ဝိညာဉ် စွမ်းအားများစွာ အကုန်ခံပြီး အကြိမ်ပေါင်းများစွာ ဖိုထိုးကာ ဖော်စပ်ခဲ့ရခြင်း ဖြစ်လေသည်။ ထိုဆေးမှာ လောက သဘာဝကို ဆန့်ကျင်ပြီး ပြတ်သွားသည့် ခြေလက်များကို ပြန်ထွက်လာစေကာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပေးသည့် ဆေးဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ချင်းရွှမ် နတ်တံခါးတွင် ထိုဆေးလုံး သုံးလုံးသာ ကျန်တော့သည်။
ဆန်းလျန်က ထိုဆေးများကို နှမျော တွန့်တိုခြင်း မရှိဘဲ တပည့် နှစ်ယောက်အတွက် ပေးလိုက်ခြင်းကြောင့် ဟုန်ချန်းယာ၏ ကျောရိုးထဲပင် စိမ့်သွားရလေသည်။
သူက ဆန်းလျန်ကို ထိုမျှ တန်ဖိုးရှိသော ဆေးကို အသုံးမပြုရန် တားဆီးဖို့ ကြိုးစားလိုက်သည်။ အကယ်၍ အနာဂတ်တွင် အရေးပေါ် အခြေအနေ ကြုံတွေ့ခဲ့ ရသည်ရှိသော် ထိုဆေးမရှိလျှင် ပြဿနာတက် နိုင်လေသည်။
ဆန်းလျန်က ဟုန်ချန်းယာ၏ အတွေးများကို သိနေသည့်အလား သူ့ကို တစ်ချက်ကြည့်လိုက်ရင်း…
"အဲဒီဆေးကို ကျွန်တော်သုံးတယ်လို့ပဲ စာရင်းမှတ်လိုက်ပါ ၊ နောက်ကျရင် အဲဒီလို ဆေးပြန်ရနိုင်ဖို့ ကျွန်တော် နည်းလမ်းရှာပါ့မယ် ၊ အခု ဒီအဖိုတန်ဆေးတွေ သုံးလိုက်တာကို အလကား သုံးတယ်လို့တော့ ဘိုးဘိုးဟုန်ကို မထင်စေချင်ဘူး ၊ ဘာလို့လဲ ဆိုတော့ ဆေးဆိုတာက ပစ္စည်း တစ်ခုပဲလေ ၊ သုံးဖို့ထားတာ မဟုတ်လား ၊ လူကတော့ တန်ဖိုးရှိတယ်လေ ၊ ပြီးတော့ ပစ္စည်းဆိုတာ နောက်ကျရင် ပြန်ရလာမှာပဲလေ ၊ အဲဒီဆေးကို လိုအပ်နေတဲ့ တပည့် နှစ်ယောက်အတွက် အသုံးပြုမှာကို ကျွန်တော်တို့ မနှမျော သင့်ပါဘူးဗျာ"
ဟု ဆန်းလျန်က ပြောလိုက်လေသည်။
"ဒီလိုသာ သုံးခွင့် ပြုမယ်ဆိုရင် အခြားသူတွေလည်း အလကား လိုချင်နေတော့မှာပေါ့"
ဟုန်ချန်းယာက သံသယများစွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း…
"အားလုံးက ကျင့်ကြံသူတွေပဲ ဘိုးဘိုးဟုန်ရယ် ၊ ချင်းရွှမ် နတ်တံခါး တစ်ခုလုံးမှာ စိတ်ဓာတ် မကောင်းတဲ့ လူတွေပဲ ရှိနေတာမှ မဟုတ်တာ ၊ အလကား လိုချင်တဲ့ သူရှိရင်လည်း အသိသာကြီးပဲလေ ၊ ပြီးတော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာသာ လုကျိုးယွမ်လို လူမျိုး တစ်ယောက်ပေါ် လာမယ်ဆိုရင် ကျွန်တော်တို့ကို ကူညီမယ်များ ထင်သလား ၊ ချင်းရွှမ်က တပည့်တွေ အတွက်ဆိုရင် ချင်းရွှမ်ကပဲ တည်ဆောက် ယူရမယ် ဘိုးဘိုးဟုန်"
ဟုန်ချန်းယာသည် ဆန်းလျန်မှာ ကျန်းရော့ရွှီးနှင့် လုံးဝ မတူညီသည့် အချက်ကို ချက်ချင်းပင် သဘောပေါက် သွားလေသည်။
ဆရာသခ င်ကျန်းရော့ရွှီးမှာ စိတ်ရှည်သည်းခံ တတ်သလို ရှေ့ရေးကိုလည်း ကြိုတွေးတတ်ကာ သဘောထား ကောင်းသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါး ဒုက္ခရောက်သည့် အချိန်တွင် ထိန်းထားနိုင်ခြင်း ဖြစ်လေသည်။
ဆန်းလျန်ကတော့ ထိုသို့ မဟုတ်ပေ။ ဆန်းလျန်က ဂရုဏာ တရား ကြီးမားလွန်းသူ တစ်ယောက်ဖြစ်လေသည်။ သို့သော် သူ၏ ဂရုဏာ တရားကြောင့် မဆင်မခြင် လုပ်တတ်သည့် လူတစ်ယောက်တော့ မဟုတ်ပေ။ သူက ချင်းရွှမ် နတ်တံခါး၏ အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်စွမ်း ရှိသူဖြစ်လေသည်။ သူက သြဇာတိက္ကမ ကြီးမားသူ တစ်ယောက်ဖြစ်ပြီး အလုပ်လုပ်သည့် အခါတွင်လည်း အရမ်းကာရော စိုးရိမ်မှု လွန်ကဲနေခြင်း မရှိသလို ဖြစ်နိုင်ချေများ အားလုံးကို ထည့်သွင်း စဉ်းထားတတ် လေသည်။
ဆန်းလျန်မှာ စိတ်ဓာတ် ခိုင်မာသည့် သူတစ်ယောက်ဖြစ်ပြီး အခြားသူများ၏ လွှမ်းမိုးမှုကို လွယ်လွယ်နှင့် မခံတတ်ပေ။
သူက ဟုန်ချန်းယာကို တပည့်နှစ်ယောက်ကို ကုသပေးရန် အတွက် ရှန်းစန်းပြဒါး ဆေးနှစ်လုံး အသုံးပြုရန် ပြောလိုက်ပြီး နတ်ဘုရား စိတ်စွမ်းအားဖြင့် ကျင်းချင်းကို ခန်းမထဲ ဝင်လာရန် ခေါ်လိုက်လေသည်။
ကျင်းချင်းမှာ ဆရာသခင် ကျန်းရော့ရွှီး မရှိတော့သည့် နောက်ပိုင်း သိပ်ပြီး တက်တက်ကြွကြွ မရှိလှတော့ပေ။ သို့သော် သူက အမြဲတမ်း ဂိုဏ်းချုပ် ဆရာသခင်များကို အလုပ်အကျွေး ပြုရသည့် တပည့်တစ်ယောက် ဖြစ်သည့်အတွက် ဆန်းလျန်၏ အမိန့်ကို မနာခံစရာ အကြောင်းမရှိပေ။ သူက ချင်းရွှမ်ခန်းမ ဆောင်အတွင်းသို့ ဝင်လိုက်ပြီး အရှိန်အဝါ ကြီးလှသော ဂိုဏ်းချုပ်လေးကို လှမ်းကြည့်လိုက်လေသည်။ ဆန်းလျန်၏ ငယ်ရွယ်နုပျိုသည့် မျက်နှာကို ချင်းရွှမ် ခန်းမထဲတွင် မြင်တွေ့ရသည်မှာ သူ့အတွက် အသားမကျ လှသေးပေ။
ချင်းရွှမ် နတ်တံခါး၏ ယခင် ဂိုဏ်းချုပ် ဆရာသခင်များမှာ ပြတ်သား တည်ငြိမ်သည့် အသက်အရွယ်နှင့် လူများ ဖြစ်ကြလေသည်။ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဂိုဏ်းချုပ် ဖြစ်လာသည်မှာ ချင်းရွှမ် နတ်တံခါး၏ သမိုင်းတွင် ဆန်းလျန်က ပထမဆုံး အကြိမ်ဖြစ်လေသည်။
"ဘာများ လုပ်ပေးရမလဲ ဂိုဏ်းချုပ်"
ကျင်းချင်းက လေးလေးစားစားဖြင့်ပင် မေးလိုက်လေသည်။
ဆန်းလျန်က ကျင်းချင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျင်းချင်းကို ကြည့်ပြီး ဆန်းလျန် တွေးလိုက်မိသည်။
"ကျင်းချင်းက မြွေမိစ္ဆာ တစ်ကောင်ပဲ ၊ ဒါပေမယ့် သူက လူတွေနဲ့ နီးစပ်တယ် ၊ ဒါကြောင့် ကျင့်စဉ်လမ်းအဆင့် တက်နိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ် ၊ နတ်မိစ္ဆာ ဘုရင်တွေမှာတောင်မှ တန်ခို စွမ်းအားအလိုက် အဆင့် အမျိုးမျိုး သတ်မှတ်ထားတာပဲ ၊ နတ်မိစ္ဆာတစ်ယောက် တကယ် တော်လာရင် နတ်ဘုရား တစ်ပါးထက်တော့ တန်ခိုးစွမ်းအား မလျော့နိုင်ဘူး ၊ ဒါပေမယ့် နတ်မိစ္ဆာတွေ ကျင့်စဉ်လမ်း အဆင့် တက်နိုင်ဖို့ ကျမ်းစာအုပ်တွေထဲမှာ ရေးထားတာတော့ မတွေ့မိဘူး"
တသမတည်း သွားနေသည့် ကိစ္စရပ်များမှာလည်း ပြောင်းလဲတတ်သည်ပဲ ဟုတ်လား။
ကျင့်စဉ်လမ်း အဆင့်တက်သည် ဆိုသည်မှာလည်း ပြောင်းလဲခြင်းပင် ဖြစ်လေသည်။
ဆန်းလျန် ထိုသို့ တွေးမိသည်မှာ ကျင်းချင်းသာ တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိစ္ဆာကြီး တစ်ယောက် ဖြစ်လာပါက နတ်ဘုရား တစ်ပါးကိုပင် ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။ ထိုသို့ တန်ခိုးစွမ်းအားများ ရရှိလာပါက ချင်းရွှမ်နတ် တံခါးအတွက်များစွာ အထောက်အပံ့ရမည် ဖြစ်လေသည်။ သို့သော် နတ်မိစ္ဆာဆိုသည်က ဗောဓိသကျနှင့် မိုးကောင်းကင် နတ်ဘုရားများနှင့် ယှဉ်လျှင်တော့ အလှမ်းကွာ ဝေးလွန်းလေသည်။
"ဆရာသခင် ကယ်ယွမ်းဆီကိုသွားပြီး သူ့တပည့် ကျောက်ဝူကျိကို ကျုပ်နဲ့ လာတွေ့ဖို့ သွားခေါ်ပေးနိုင်မလား ကျင်းချင်း ၊ ကျုပ် သူ့ကို ခိုင်းစရာ ကိစ္စတစ်ခု ရှိလို့"
ဟု ဆန်းလျန်က ပြောလိုက်သည်။
ကျင်းချင်းသည် စကား တစ်လုံးမှပင် ပြန်မပြောဘဲ အမိန့်ကို နာခံကာ ထွက်ခွာ သွားလေသည်။
ဆန်းလျန်က ထျန်းတိကျန်းကို ထုတ်လိုက်သည့် အခါ ကြေးမုံမှန်သည် လေထဲသို့ ပျံဝဲတက် သွားလေသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာကာ လေထဲသို့ အလင်းတန်း တစ်ခု ထုတ်လွှတ် ပေးလိုက်လေသည်။ ထိုအလင်းတန်းမှ လှိုင်းများ ထလာပြီး ပုံရိပ်များ ပေါ်လာတော့သည်။
ကောင်းကင်ပြာထက်တွင် တိမ်ဖြူများ ရွေ့လျားနေပြီး စင်ရော်ငှက်လေးများက ပျံသန်းနေကြလေသည်။
မြင်ကွင်းထဲတွင် ကျောက်ဆောင် တစ်ခုကို အနီးကပ် မြင်တွေ့ရလေသည်။ ထိုကျောက်ဆောင်ကို ပင်လယ်ရေလှိုင်းများက ရိုက်ခတ် နေလေသည်။
ဓားတစ်လက်ကိုင်ထားသည့် လူငယ်လေး တစ်ယောက်သည် ထိုကျောက်ဆောင်ထက်တွင် ထိုင်နေလေသည်။
သူ၏ ဓားပေါ်တွင် ဓားဝိညာဉ်က တစ်လက်လက် တောက်ပနေလေသည်။ ဓားဝိညာဉ်၏ အရောင်မှာ တိမ်နှင့်ပင်လယ်၏ ပြောင်းလဲမှု အတိုင်းလိုက်လံ ပြောင်းလဲနေလေသည်။ သူ၏ ပုံစံမှာ ဓားတန်ခိုးရှင် နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူလေသည်။ သူက ကောင်းကင်ထက်သို့ မကြာခဏ မော့ကြည့်နေလေသည်။ သို့သော် အပြာရောင် ကောင်းကင်နှင့် တိမ်တိုက်များသာ မြင်တွေ့ရပြီး မည်သည့် ထူးခြားချက်မှ မရှိပေ။
ဆန်းလျန်က ထျန်းတိကျန်းကို ပြန်သိမ်းလိုက်သည်။ ဓားကိုင်ထားသည့် လူငယ်လေး၏ ဝိညာဉ်စွမ်းအားမှာ အံ့သြစရာ ကောင်းလောက်အောင် မြင့်မားလေသည်။ အရည်အချင်းရှိသည့် လူငယ်လေး တစ်ယောက်ဖြစ်ပြီး အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှာ ထိုသို့သော လူငယ်လေးမျိုးကို တပည့်အဖြစ် ကျိန်းသေလိုချင်မည် ဖြစ်လေသည်။
ချင်းကျန်းဂိုဏ်းတွင် ထိုကဲ့သို့ အရည်အချင်းရှိသည့် တပည့်မျိုး ရှိနေသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။ ထိုလူငယ်လေးမှာ မုန့်ရွှင်ကျန်း၏ အချစ်ဆုံး တပည့်တစ်ယောက် ဖြစ်နိုင်လေသည်။
သုံးခါရှုံးဓားဘုရင်သည် ယခုကဲ့သို့ အရည်အချင်းရှိသည့် တပည့်လေး တစ်ယောက်ကို ဤသို့သော နေရာသို့ တစ်ယောက်တည်းတော့ လွှတ်မည် မထင်ပေ။ မုန့်ရွှင်ကျန်း ကိုယ်တိုင်လည်း အနီးပတ်ဝန်းကျင်တွင် ရှိနိုင်လေသည်။
ဤနေရာမှာ ချင်းရွှမ် နတ်တံခါး၏ ပိုင်နက်ဖြစ်လေသည်။ သို့သော် ယခုတော့ အခြားသူများက သူတို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာနေခဲ့ပြီ။
ဤသည်မှာ ချင်းရွှမ်နတ်တံခါး၏ အရိပ်အာဝါသ အောက်သို့ ဝင်ရောက်လာပြီး ချင်းရွှမ်နတ်တံခါး၏ ဂုဏ်သိက္ခာကို အလေးမထားခြင်းပင် ဖြစ်လေသည်။
ဆန်းလျန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။ သေခြင်း ရှင်ခြင်းဆိုသည်မှာ ဓားတစ်လက် အပေါ်တွင် မူတည်နေပြီး ဆန်းလျန်မှာ ယခုအချိန်တွင် ဓားတစ်လက်နှင့် တူနေလေသည်။
ဆယ်မိနစ်ခန့် အကြာတွင်တော့ ခန်းမအပြင်ဘက်တွင်တိမ်နှင့် မြူများ လှိုင်းဂယက်ထလာလေသည်။ ကျင်းချင်း ပြန်ရောက်လာခြင်း ဖြစ်ပြီး သူ့နောက်တွင် ပိန်ပိန်ပါးပါး လူငယ်လေး တစ်ယောက်ပါ လာလေသည်။ ထိုလူငယ်လေးမှာ ကျောက်ဝူကျိ ဖြစ်လေသည်။
ကျောက်ဝူကျိမှာ ချင်းရွှမ် နတ်တံခါးသို့ ဆန်းလျန်နှင့် တစ်ချိန်တည်း ဝင်ရောက်ခဲ့သည့် တပည့်တစ်ယောက် ဖြစ်လေသည်။ သို့သော် သူ၏ တည်ရှိမှုက ထင်ပေါ်ခြင်း သိပ်မရှိပေ။
ကျောက်ဝူကျိ၏ အရည်အချင်းများမှာ ထူးခြားလေသည်။ ဆရာသခင် ကယ်ယွမ်းက သူ့ကို "ပုံရိပ်မဲ့ သိဒ္ဓိကျင့်စဉ်" ကို သင်ကြားပေးထားလေသည်။ ထိုပညာက မည်သည့် ပုံသဏ္ဌာန်မဆို ဖန်ဆင်းနိုင်သည့်ပညာဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးတွင် မည်သူမျှ ရိပ်မိခြင်းမရှိအောင် သွားလာနိုင်ပြီး ကြီးမြတ်သည့် နတ်ဒေဝါများကိုပင် လှည့်စားနိုင်မည် ဖြစ်လေသည်။
ကျောက်ဝူကြည့်မှာ ထိတ်လန့်နေပြီး ဆန်းလျန်ကိုပင် မော့မကြည့်ရဲပေ။
ဆန်းလျန်က ကျောက်ဝူကျိကို အာရုံခံ ကြည့်လိုက်သည့် အခါတွင်တော့ သူ၏ အမူအရာကသာ ကြောက်ရွံ့ နေဟန်ရှိသည့်တိုင် သူ၏ အတွင်းစိတ်က လွန်စွာမှ တည်ငြိမ်နေလေသည်။ သူ့အတွက် အကျင့်တစ်ခု ဖြစ်နေသောကြောင့်သာ ကြောက်ရွံ့နေသည့် အမူအရာမှာ ဖြစ်နေရခြင်း ဖြစ်လေသည်။
“ဝူကျိ ၊ မင်းကို ခိုင်းစရာ ကိစ္စတစ်ခုရှိလို့”
ဆန်းလျန်က ပြောလိုက်သည်။
“ကျွန်တော် ဆရာ့ဆီကနေ သိထားပြီးပါပြီ ၊ ဂိုဏ်းချုပ်အတွက် ဘာတာဝန်များ ထမ်းဆောင်ပေးရမလဲ”
ကျောက်ဝူကျိက ခေါင်းငုံ့လျက်ပင် ရိုရိုသေသေဖြင့် ပြန်ပြောလေသည်။
သူ၏အသံမှာ သာမန် လူများထက် ပေါ့ပါးနေပြီး လေပြေလေး တစ်ခုအလား ဖြစ်လေသည်။
“မင်း လူတစ်ယောက်ကို သွားတိုက်ပေးရမယ်”
ဆန်းလျန်က တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။
ကျောက်ဝူကျိက ခေါင်းချက်ချင်း မော့လိုက်သည်။
“ဘယ်သူ့ကို တိုက်ရမှာလဲ”
ကျောက်ဝူကျိ၏ စကားကြောင့် ဆန်းလျန် ပြုံးလိုက်မိသည်။ ထိုလူငယ်လေးသည် သူတိုက်ခိုက် ရမည့်သူ၏ အရည်အချင်းများကို မေးမည့်အစား “ဘယ်သူလဲ” ဟုသာ တည့်ထိုး တန်းမေးလေသည်။ ချင်းရွှမ်ကို သူတို့အတူတူ စရောက်ကတည်းက ထိုလူငယ်လေးသည် ထိုကဲ့သို့ပင် စိတ်ထား ရှင်းလင်း ဖြူစင်သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် ဆရာသခင် ကယ်ယွမ်းက သူ့အပေါ်တွင် မျှော်လင့်ချက်များစွာ ထားကာ ချစ်ခင်ခြင်း ဖြစ်ဟန် တူလေသည်။
ဆန်းလျန်က အင်္ကျီ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ လက်ထဲတွင် အင်းစာရွက် တစ်ခုပေါ်လာလေသည်။ အင်းစာရွက်ပေါ်တွင် ရေးထားသည့်စာများမှာ ရှုပ်ထွေးနေပြီး အလင်းရောင်များလည်း တောက်ပနေလေသည်။ သူက ထိုအင်းစာရွက်ကို ကျောက်ဝူကျိထံသို့ ပစ်လွှတ်လိုက်ပြီး ကျောက်ဝူကျိက အင်းစာရွက်ကို ဖမ်းယူလိုက်လေသည်။ ကျောက်ဝူကျိထံမှ ဝိညာဉ်စွမ်းအား လှိုင်းများကို ဆန်းလျန် ခံစားမိ လိုက်လေသည်။ ထိုအင်းစာရွက် လေးထဲမှာပင် ကျောက်ရှောင်ယွီ ရင်ဆိုင်ရမည့် ရန်သူ၏ တည်နေရာနှင့် ပုံသဏ္ဌာန်ကိုပါ ထည့်သွင်း ဖော်ပြပေးထားလေသည်။
“မင်းအခုပဲ သွားတိုက်ခိုက်တော့ ၊ သူ့အနား တစ်နေရာရာမှာ ပုန်းနေပြီး ဒီအင်းစာရွက် လေးသုံးပြီး ရန်သွားစလာခဲ့ ၊ မင်းသူ့ကို နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြဿနာမရှိဘူး ၊ ပြီးရင် ချက်ချက်း ပြန်လာခဲ့ ၊ နောက်ဖြစ်လာမယ့် ကိစ္စကို ကျုပ်ဖြေရှင်းမယ်”
ဆန်းလျန်က ပြောလိုက်လေသည်။
ကျောက်ဝူကျိ ခေါင်းတစ်ချက်ညိတ်ကာ ချက်ချင်း ထွက်ခွာသွားလေသည်။ သူက ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ သို့သော် တိမ်ကိုစီးနှင်ကာ ထွက်ခွာသွားခြင်း မဟုတ်ပါ။ သူက တိမ်ထဲတွင် ရောနှောသွားပြီး တိမ်တိုက် တစ်ခုအဖြစ် သူ့ကိုယ်သူပြောင်းလဲ ဖန်ဆင်းကာ ထွက်ခွာသွားခြင်း ဖြစ်လေသည်။ သူမည်သည့် နေရာသို့ ရောက်သွားသည်လဲ ဆိုသည်ကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။
ပုံရိပ်မဲ့ သိဒ္ဓိကျင့်စဉ်မှာ ထိုသို့ပင် ခြေရာခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့်ပင် ထိုပညာသည် အဆင့်မြင့်မားသည့် ကျင့်စဉ် တစ်ခုအဖြစ် ရပ်တည်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်က ကျောက်ဝူကျိ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေပြီးမှ ရယ်မောလိုက်သည်။
“ဒီနေ့တော့ ချင်းရွှမ်နတ်တံခါး နှစ်ပေါင်း တစ်သောင်းကြာအောင် ရပ်တည် နေခဲ့တာဟာ အလကား မဟုတ်ဘူးဆိုတာ မင်းတို့ကို သက်သေ ပြရတော့မှာပဲ”
ချင်းရွှမ်နတ်တံခါး ဆုတ်ယုတ် ကျဆင်းနေလျှင် တောင်မှများစွာသော ထူးခြား ဆန်းကျယ်သည့် ကျင့်စဉ်များစွာကို ပိုင်ဆိုင်ထားဆဲ ဖြစ်လေသည်။
ဆန်းလျန်ပေးလိုက်သည့် အင်းစာရွက်လေး၏ အစွမ်းမှာ အလွန် အံ့သြစရာ ကောင်းလေသည်။ ထိုအင်းစာရွက်လေးကို အချက်ကျကျသာ သုံးစွဲနိုင်မည် ဆိုလျှင် ဖော့ဝမ့်အဆင့် ကျင့်ကြံသူကိုပင် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်လေသည်။ ချင်းကျန်းဂိုဏ်းမှ တပည့်ငယ် တစ်ယောက်အပေါ်တွင် ထိုကဲ့သို့သော အင်းပညာမျိုး အသုံးပြုကာ တိုက်ခိုက်လိုစိတ် ဆန်းလျန်တွင် မရှိပါ။ သို့သော် ချင်းရွှမ်နတ်တံခါး နှစ်ပေါင်း တစ်သောင်းတိုင်အောင် ရပ်တည် နေခဲ့သည်မှာ အလကား မဟုတ်ကြောင်းကို ထိုသူများကို သက်သေပြ နိုင်ရန်အတွက် ထိုသို့ ပြုလုပ် လိုက်ရခြင်း ဖြစ်လေသည်။
ဟိုးအရင်အချိန်က ဆန်းလျန်ကို တားဆီးရန် အတွက် ထိုက်စု နတ်ဘုရားဂိုဏ်းကလည်း နတ်ဒေဝါ နှောင်ကြိုးကို အသုံးပြုခဲ့သည် မဟုတ်လား။ ထိုသို့ အသုံးပြုခြင်းမှာ ဂိုဏ်း၏ အစွမ်းထက်မြက်မှုကို ပြသခြင်းပင် ဖြစ်လေသည်။ သာမန် ဂိုဏ်းလေးများသည် ထိုသို့သော ပညာမျိုးကို ပြသနိုင်ခြင်းငှာ မတတ်နိုင်ပေ။ ချင်းရွှမ် နတ်ဘုရားဂိုဏ်း သို့သော နတ်ဘုရားဂိုဏ်းကြီးများမှာ ထိုကဲ့သို့သော ပညာအဆင့် မြင့်မားမှုမျိုးကို ပြသထားကာ မိမိ၏ ဂိုဏ်းကို မိမိတို့ ကိုယ်တိုင် စောင့်ရှောက်ရမည် ဖြစ်လေသည်။ မဟုတ်ပါက မည်သည့် ဗောဓိသကျ သို့မဟုတ် နတ်ဘုရားများကမှ လာရောက် စောင့်ရှောက် ပေးကြလိမ့်မည် မဟုတ်ပေ။
***