အခန်း (၂၈၂)
Vol. 29 Ch. 282
စာကြည့်တိုက်ခန်း အပြင်ဘက်တွင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ရင်း စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
ခုနက အသံက ဘာလဲ ပေါက်ကွဲသံလား။
"ချီချီလေး... သမီးဖေဖေ အထဲမှာ ဘာတွေလုပ်နေတာလဲ မသိဘူး။ အိမ်ကြီးကိုပဲ ဖြိုချနေသလား အောက်မေ့ရတယ်။ အသံက အကျယ်ကြီးပဲ ငါ့မှာတော့ လန့်သွားတာပဲ"
ကျောက်လင်းက သူမ၏ ရင်ဘတ်ကို လက်ဖြင့်ပုတ်ရင်း ဘေးနားရှိ ချီချီလေးကို ကြည့်ကာ စိတ်မရှည်သလို ပြောလိုက်သည်။ ခုနလေးတင်ကမှ သူမတို့နှစ်ယောက် အေးအေးဆေးဆေး စောင့်နေကြစဉ် စာကြည့်တိုက်ခန်းထဲမှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး အိမ်
တစ်အိမ်လုံး တုန်ခါသွားခဲ့ရာ သူမ တကယ့်ကို ထိတ်လန့်သွားခဲ့ရခြင်းပင်။
ဘာမှမသိတဲ့သူသာဆိုလျှင် လုချွမ်းတစ်ယောက် အထဲမှာ ဗုံးလုပ်နေတာလို့တောင် ထင်မိနိုင်တယ်။
ကျိရုရွှယ်ကတော့ စိတ်ထဲတွင် ခါးသက်သက် ပြုံးလိုက်မိပြီး အတည်ပေါက်ဖြင့်သာ ပြန်ပြောလိုက်ရသည်။
"အန်တီကျောက်လင်း... ဖေဖေ အဆင့်တက်သွားတာ သေချာပါတယ်။ ခုနက အသံက သူ့ရဲ့ စွမ်းအားအသစ်တွေကို စမ်းသပ်ကြည့်နေတာ ဖြစ်မှာပါ"
အမှန်တကယ်တော့ ကျိရုရွှယ်ကိုယ်တိုင်လည်း ဖခင်ဖြစ်သူ အထဲတွင် ဘာလုပ်နေမှန်း အတိအကျမသိသော်လည်း ခုနက ထွက်ပေါ်လာသော သွေးဆာဓားအရှိန်အဝါကို အာရုံခံမိသဖြင့် ခန့်မှန်း၍ပြောဆိုခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အဆင့်တစ်ခုသို့ တက်လှမ်းပြီးတိုင်း လူတိုင်းမှာ မိမိ၏ စွမ်းအားကို စမ်းသပ်ကြည့်လေ့ရှိကြရာ သူမကိုယ်တိုင်လည်း ထိုသို့ပင် ပြုလုပ်ခဲ့ဖူးသည်။
ထို့ကြောင့် သူမ၏ဖခင်မှာ သွေးဆာဓားသိုင်းကို လေ့ကျင့်ရင်း ဓားစွမ်းအင်များကို စမ်းသပ်ထုတ်လွှတ်ကြည့်ခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။
"သူ ဘယ်တော့များမှ ထွက်လာမလဲ မသိဘူး..."
ကျောက်လင်းက ချီချီလေး၏ စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်လည်း စကားပင်မဆုံးသေးမီမှာပင် စာကြည့်တိုက်ခန်း တံခါးကြီး ပွင့်လာခဲ့သည်။
ကျီ...
လုချွမ်းသည် မျက်နှာတွင် အပြုံးများဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးဝတွင် စောင့်နေကြသော ကျောက်လင်းနှင့် ကျိရုရွှယ်တို့၏ မျက်နှာများမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။
"ဖေဖေ"
"လုချွမ်း... နင် တကယ်ပဲ အဆင့်တက်သွားတာလား"
အခန်းအတွင်းမှ ထွက်ခွာလာသော လုချွမ်းကို ကျောက်လင်းက စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုရင်း မေးမြန်းလိုက်သည်။ သူ၏ ပုံသဏ္ဌာန်မှာ သာမန်လူတစ်ဦးနှင့် လုံးဝမတူဘဲ သိသိသာသာ ပြောင်းလဲသွားခြင်းမှာ တော်တော်လေး ထင်ရှားနေသောကြောင့်ပင်။
"တကယ်ကို အပြောင်းအလဲကြီးပဲ"
ချက်ချင်းဆိုသလိုပင် ကျောက်လင်းသည် လုချွမ်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို အာရုံခံမိသွားပြီး ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းညိတ်လိုက်သည်။
လုချွမ်းကလည်း ခေါင်းညိတ်ပြလျက် သူ၏ကိုယ်ပေါ်မှ ဘောပင်နှင့် စက္ကူကို ထုတ်ယူကာ "ဟုတ်တယ် ငါ အဆင့်တက်သွားပြီ" ဟု ရေးသား၍ အသိပေးလိုက်သည်။
"လုချွမ်း... နင့်ရဲ့ အခုလက်ရှိ စွမ်းအားက ဘယ်လောက်အထိ ရှိမလဲဆိုတာ သိရအောင် ငါနဲ့ တစ်ချက်လောက် ယှဉ်ပြိုင်ကြည့်မလား"
ကျောက်လင်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ လွန်ခဲ့သည့်ရက်က လုချွမ်း ထိန်းချုပ်ထားသော တာဖန်း ၏ အရိုက်အနှက် ခံခဲ့ရသည်ကို သူမ ကောင်းကောင်းမှတ်မိနေသည်။ အခုမူ ထိုစဉ်က အနိုင်ကျင့်ခံရမှုကို ပြန်လည်လက်စားချေရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်ဟု သူမ ထင်မှတ်နေသည်။
ငါက နင့်ရဲ့ လက်အောက်ခံ ဇွန်ဘီကို မနိုင်ရင်တောင်... ဇွန်ဘီဘုရင်ဖြစ်တဲ့ နင့်ကိုတော့ မနိုင်ဘဲ နေမလား...
ဤသို့ တွေးတောကာ ကျောက်လင်းတစ်ယောက် စိတ်အတွင်း၌ ကျိတ်၍ သဘောကျနေသည်။
ကျောက်လင်း၏ မျက်ဝန်းအတွင်းရှိ တိုက်ခိုက်လိုသော ဆန္ဒများကို မြင်တွေ့လိုက်ရသောအခါ လုချွမ်းကလည်း မငြင်းဆိုတော့ပေ။ သူ၏ ဆင့်ကဲပြောင်းလဲမှုမှာ တိုက်ခိုက်ရေးကို အဓိကထားခြင်း မဟုတ်သော်လည်း အဆင့် ၅ ၏ စွမ်းအားနှင့် သွေးဆာဓားသိုင်းသာ ရှိနေပါက ကျောက်လင်းကဲ့သို့သော သူကို ကိုင်တွယ်ရန်မှာ ပြဿနာမဟုတ်ကြောင်း သူ ကောင်းကောင်းသိရှိထားသည်။
"ကောင်းပြီလေ... အောက်ထပ်ကို မြန်မြန်သွားရအောင်"
လုချွမ်းက သဘောတူလိုက်သည်ကို မြင်သောအခါ ကျောက်လင်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ရှေ့မှနေ၍ အိမ်တံခါးဆီသို့ ဦးဆောင်ကာ ထွက်ခွာသွားသည်။ လုချွမ်းကမူ ချီချီလေးကို ခေါ်ဆောင်၍ နောက်မှ လိုက်ပါသွားခဲ့သည်။
အောက်ထပ်တွင်မူ...
ကျောက်လင်းနှင့် လုချွမ်းတို့သည် ဓားကိုယ်စီ ကိုင်ဆောင်လျက် အပြန်အလှန် ရင်ဆိုင်ရပ်
လိုက်ကြသည်။ ကျိရုရွှယ်ကမူ မီတာ ၁၀၀ ခန့် အကွာအဝေးရှိ လှေကားထစ်ပေါ်၌ ထိုင်၍ စိတ်ဝင်တစား စောင့်ကြည့်နေသည်။
"လုချွမ်း... နင် သတိထားတာ အကောင်းဆုံးပဲနော်။ ငါက တိုက်ပြီဆိုရင် အစွမ်းကုန် တိုက်တတ်လို့"
ကျောက်လင်းသည် လုချွမ်းကို စိုက်ကြည့်လျက် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေပြီး သူ့ကို သတိပေးလိုက်သည်။
လုချွမ်းကတော့ အရေးမစိုက်သလိုမျိုး ခပ်ပြုံးပြုံးသာ တုံ့ပြန်ပြီး ကျောက်လင်းကို လာစမ်းပါဆိုသည့် သဘောဖြင့် လက်ဟန်ပြကာ စိန်ခေါ်လိုက်သည်။
"သတိထားပေတော့"
လုချွမ်းက ဤမျှအထိ မောက်မာနေသည်ကို မြင်သောအခါ ကျောက်လင်း မအောင့်နိုင်တော့ချေ။ သူမက အော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စွမ်းအင်အရှိန်အဝါများက သူမ၏ပတ်လည်တွင် ဝန်းရံလာတော့သည်။
ထို့နောက် သူမသည် လျင်မြန်စွာ ရွေ့လျားနေသော အရိပ်တစ်ခုအလား ပေါ်ထွက်လာပြီး လက်ထဲရှိ သံမဏိဓားကို ဝှေ့ယမ်းကာ လုချွမ်းထံသို့ ပိုင်းဖြတ်ကာ တိုက်ခိုက်လိုက်သည်။
လုချွမ်းမှာမူ တည်ငြိမ်နေဆဲပင်။ သူသည် မလှုပ်မယှက် ရပ်နေပြီး ကျောက်လင်း ချဉ်းကပ်လာသည်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
ကျောက်လင်းသည် လုချွမ်း၏ ရှေ့သို့ ရောက်ရှိလာပြီး လက်ထဲရှိ သံမဏိဓားကို အားကုန်သုံး၍ ပိုင်းချလိုက်ရာ ထက်ရှလှသော ဓားသွားသည် လေထုကို ခွဲထွက်သွားပြီး စူးရှသော ဓားသံကို ထွက်ပေါ်စေတော့သည်။
ရှူး...
အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည့် သံမဏိဓားသည် အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
အရေးကြီးသော ထိုအခိုက်အတန့်တွင် ကျောက်တုံးတစ်တုံးအလား မတ်တပ်ရပ်နေသော လုချွမ်းသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။ သူ၏ ကိုယ်ဟန်က တစ်ချက် ယိမ်းနွဲ့သွားပြီး လက်ထဲရှိ သံမဏိဓားကို ဘေးတိုက် ဝှေ့ယမ်းလိုက်ရာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။
ဘုန်း…
နှစ်ဦးသား၏ သံမဏိဓားချင်း ရုတ်တရက် ထိတွေ့မိသွားရာ ရင်နာစရာကောင်းလောက်အောင် ပြင်းထန်သော အသံကြီး ထွက်ပေါ်လာပြီး အားကောင်းသော စွမ်းအင်လှိုင်းများက လေထုကို ရိုက်ခတ်ကာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များမှာလည်း လေနှင့်အတူ လွင့်စင်သွားကြတော့သည်။
ဤကမ္ဘာပျက်မတတ် ပြင်းထန်သော ထိပ်တိုက်တွေ့မှုတွင် ထွက်ပေါ်လာသော ပြန်ကန်အားကြောင့် ကျောက်လင်းမှာ ဓားနှင့်တကွ နောက်သို့ မီတာ ၁၀ ကျော် လွင့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်တိုင်တိုင် နောက်ဆုတ်ပြီးမှသာ အခြေအနေကို ပြန်လည်ထိန်းညှိနိုင်ခဲ့သည်။
"အား... လုချွမ်းရဲ့ ခွန်အားက တကယ်ကို ကြီးမားလွန်းတယ်"
ယခုအခါ ကျောက်လင်း၏ သံမဏိဓားကို ကိုင်ထားသော ညာလက်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေသည်။ လက်ဖဝါးနှင့် လက်မကြားနေရာတွင် အက်ကွဲရာများ ပေါ်လာပြီး သွေးအချို့ စိမ့်ထွက်လာသဖြင့် သူမ နာကျင်စွာ ညည်းတွားလိုက်မိသည်။
ကျောက်လင်း၏ ဆိုးရွားသော အခြေအနေနှင့် နှိုင်းယှဉ်ပါက လုချွမ်းမှာ များစွာ သာလွန်နေသည်။
ဤထိပ်တိုက်တွေ့မှုက သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိချေ။ သူသည် ရပ်မြဲနေရာမှပင် မရွေ့လျားဘဲ သံမဏိဓားကို တည်ငြိမ်စွာ ကိုင်ဆောင်လျက် ကျောက်လင်းကို တိတ်တဆိတ် စောင့်ကြည့်နေတော့သည်။
အဆင့် ၅ သို့ တက်လှမ်းပြီးနောက် လုချွမ်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အဆမတန် တိုးတက်လာခဲ့ရာ ကျောက်လင်းကို ကိုင်တွယ်ရသည်မှာ သူ့အတွက် လုံးဝ အားစိုက်စရာမလိုသော အလုပ်တစ်ခု ဖြစ်သွားခဲ့သည်။
"နောက်တစ်ခေါက် ထပ်လုပ်ရအောင်"
ကျောက်လင်းမှာ စိတ်ထဲမှ မကျေမနပ်ဖြစ်ကာ အော်ဟောက်လိုက်ပြီး သံမဏိဓားကို ကိုင်ဆွဲလျက် လုချွမ်းထံသို့ တစ်ကျော့ပြန် ပြေးဝင်လာပြန်သည်။
"သတ္တိရှိတာတော့ ချီးကျူးစရာပဲ။ ဒါပေမဲ့ ကံမကောင်းတာက အဲဒါက ဘာမှအသုံးမဝင်တော့တာပဲ... မိန်းကလေး ခေတ်ကာလတွေ ပြောင်းလဲသွားပြီ"
နောက်ဆက်တွဲ တိုက်ပွဲတွင် လုချွမ်းသည် ကျောက်လင်းနှင့် ခန္ဓာကိုယ်ချင်းထိတွေ့ပြီး တိုက်ခိုက်ရန် အစီအစဉ်မရှိတော့ချေ။ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များ ရှိနေပြီဖြစ်ရာ ရန်သူကို တိုက်ခိုက်ရာတွင် ၎င်းကို အသုံးချခြင်းကသာ အကောင်းဆုံးဖြစ်သည်။ သံမဏိဓားတစ်လက်ဖြင့် ပင်ပင်ပန်းပန်း အပြန်အလှန် ပိုင်းဖြတ်နေခြင်းမှာ လုံးဝ ပညာရှိရာမကျတော့ချေ။
နောက်တစ်ခဏတွင် လုချွမ်း၏ မျက်ဝန်းများမှာ တည်ကြည်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စတင်လှည့်ပတ်စေလိုက်ရာ ဘေးပတ်ဝန်းကျင်သို့ အန္တရာယ်ရှိသော အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။ ရုတ်တရက် လုချွမ်း၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး သူ၏ညာလက်သို့ လျင်မြန်စွာ စုစည်းသွားကာ သံမဏိဓားတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ချက်ချင်းဆိုသလိုပင် ယခင်က အေးစက်သော မှန်သားပြင်အလား ရှိနေသည့် သံမဏိဓားမှာ သွေးရောင်ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေတော့သည်။
ဘုန်း…
လုချွမ်းသည် ထိုသွေးရောင်ဓားကို ဝှေ့ယမ်းကာ ချဉ်းကပ်လာသော ကျောက်လင်းထံသို့ ပြင်းထန်စွာ ပိုင်းချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွေးဆာဓားအရှိန်အဝါသည် အရာအားလုံးကို ပိုင်းဖြတ်ပစ်တော့မည့် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြေးထွက်သွားသည်။
"ဒုက္ခပဲ"
သူမ၏ အရပ်အမြင့်ခန့်ရှိသော ဓားစွမ်းအင်ကြီး တိုးဝင်လာသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာပျက်သွားပြီး ကျောရိုးထဲအထိ စိမ့်တက်သွားကာ ကာကွယ်ရန်အတွက် ဓားကို အတင်းမြှောက်လိုက်ရတော့သည်။
ဘုန်း
"အား..."
ကျောက်လင်းသည် နာကျင်စွာ အော်ဟောက်လိုက်ပြီး သူမ၏ ကိုယ်ထည်နှင့် သံမဏိဓားမှာ ကန်ထုတ်ခံလိုက်ရသော ဘောလုံးတစ်ခုအလား လွင့်ထွက်သွားကာ အနီးနားရှိ ချုံနွယ်ပိတ်ပေါင်းများအတွင်းသို့ လိမ့်ဝင်သွားတော့သည်။
လှေကားထိပ်တွင်မူ...
သူမ၏ဖခင်က ကျောက်လင်းကို အလွယ်တကူ အနိုင်ယူလိုက်သည်ကို ကြည့်ရင်း ကျိရုရွှယ်မှာ အံ့သြခြင်းမရှိပေ။ အဆင့် ၅ ဆိုသည်မှာ တကယ့်ကို ကွာခြားချက်ကြီးမားသော အဆင့်အတန်းတစ်ခုဖြစ်ရာ အစွမ်းနည်းသော ကျောက်လင်းသာမက၊ ကျောက်လင်းကဲ့သို့လူ ၁၀ ယောက်၊ အယောက် ၂၀ ဆိုလျှင်ပင် လုချွမ်းအတွက် ပြိုင်ဘက်မဟုတ်ချေ။
"အခု ဖေဖေက အဆင့် ၅ ကို တက်လှမ်းနိုင်ပြီဆိုတော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက ဝိညာဉ်အမြုတေအဖြစ် စုစည်းသွားပြီ။ ဝိညာဉ်စွမ်းအင်ကို အခြေခံပြီး ငါ့ရဲ့ အရင်ဘဝက အစွမ်းထက်တဲ့ တိုက်ခိုက်ရေးပညာရပ်တွေကို ဖေဖေ့ကို သင်ပေးဖို့ အခွင့်အရေး ရှာရမယ်"
ကျိရုရွှယ်က စိတ်ထဲမှ တွေးတောနေသည်။
တစ်ဖက်တွင်မူ ကျောက်လင်းကို လွင့်ထွက်သွားအောင် လုပ်လိုက်သော လုချွမ်းမှာ အခြားကိစ္စများကို စဉ်းစားနေသည်။ အဆင့် ၅ သို့ ရောက်ရှိပြီးနောက် သူသည် ဇွန်ဘီရုပ်သေးများကို ပိုမိုထိန်းချုပ်နိုင်ပြီဖြစ်သည်။ သူ၏လက်ဝယ်ရှိ စွမ်းအင်ကျောက်တုံး အမြောက်အမြားကို သုံးစွဲပြီး အဆင့် ၄ ဇွန်ဘီရုပ်သေးများကို အလုံးအရင်းနှင့် ထုတ်လုပ်ရန် သူ ချက်ချင်းပင် စိတ်ကူးလိုက်တော့သည်။
အဆင့် ၂ နှင့် အဆင့် ၃ ကျောက်တုံးများကို အသုံးချကာ အဆင့် ၄ ဇွန်ဘီရုပ်သေး စစ်တပ်ကြီးတစ်ခုကို သူ တည်ဆောက်ပေတော့မည်။