← Chapters

အခန်း (၂၈၄)

Vol. 29 Ch. 284

အခန်း (၂၈၄)

Vol. 29 Ch. 284

အချိန်နှင့်အမျှ မသေနိုင်သူ ၁ ၏ ကိုယ်ခန္ဓာဗီဇပြောင်းလဲမှုများမှာ တရိပ်ရိပ် တိုးပွားလာခဲ့သည်။

၎င်း၏ ရှေ့ခြေလက်များမှာ အေးစက်ထက်ရှပြီး ကြောက်မက်ဖွယ်ကောင်းသော တံစဉ်းရှည်ကြီးများအဖြစ် ပြောင်းလဲသွားသည့်အပြင် နောက်ခြေလက်များမှာလည်း သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ ယခင်ကထက် ပိုမိုတုတ်ခိုင်ရှည်လျားလာပြီး အထူးသဖြင့် မြေပြင်ကို ကုတ်တွယ်နိုင်သည့် နောက်လက်သည်းများမှာ ပိုမိုချွန်ထက်လာသဖြင့် မသေနိုင်သူ ၁ အနေဖြင့် နံရံများပေါ်သို့ ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်စွာ တွားတက်နိုင်တော့မည်ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ ကိုယ်ထည်တစ်ခုလုံးမှာလည်း အရွယ်ရောက်ပြီးသော ရေကျွဲတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် ရှည်လျားထွားကြိုင်းလာခဲ့သည်။ ယခင်က အကာအကွယ်မဲ့ ပေါ်ထွက်နေသော သွေးနီရောင် ကြွက်သားများအပေါ်တွင် ယခုအခါ နက်မှောင်သော အညိုရောင် အလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းမှာ သံချပ်ကာဝတ်စုံတစ်ခုအလား အလွန်ပင် မာကျောခိုင်ခံ့သည့်ပုံ ပေါ်နေတော့သည်။

ကျောပြင်ပေါ်ရှိ အသားမျှင်တန်းလေးစုံမှာလည်း ထိုနက်မှောင်သော အညိုရောင်အလွှာများ ဖုံးလွှမ်းသွားသဖြင့် ကာကွယ်ရေးစွမ်းအားမှာ အဆမတန် မြင့်တက်သွားခဲ့သည်။ ထို့ပြင် ထိုအသားမျှင်တန်းများ၏ ထိပ်ဖျားရှိ စုပ်ခွက်များမှာ သွေးနီရောင် လျှပ်စစ်အလင်းတန်းများဖြင့် လက်ကနဲ လက်ကနဲ ဖြစ်နေတော့သည်။ စုပ်ခွက်များ၏ ဘေးပတ်လည်မှ သွေးနီရောင် လျှပ်စစ်မျှင်တန်းလေးများ ထွက်ပေါ်နေပြီး တဖြောက်ဖြောက်မြည်သံနှင့်အတူ အလွန်အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ထို့အပြင် မသေနိုင်သူ ၁ ၏ ဦးခေါင်းမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ရာ မူလကပင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာမှာ ယခုအခါ ပိုမိုရွံရှာဖွယ်ကောင်းလာခဲ့သည်။ လေးခြမ်းကွဲနေသော အရုပ်ဆိုးလှသည့် ပါးစပ်ကြီးမှ သွေးနီရောင် အသားမျှင်တန်းလေးများ ထွက်ပေါ်လာပြီး ၎င်းတို့မှာ အသစ်မွေးဖွားလာသည့် သွေးရောင်မြွေငယ်လေးများအလား အလိုအလျောက် လှုပ်ရှားနေကြသဖြင့် အလွန်ပင် ထူးဆန်းချောက်ချားဖွယ် ကောင်းလှသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာလည်း သွေးနီရောင် ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေတော့သည်။

ရှူး...

ထိုအချိန်တွင် မသေနိုင်သူ ၁ သည် ၎င်း၏လျှာကို အပြင်သို့ ထုတ်လိုက်သည်။ အဆက်မပြတ် လှုပ်ရှားနေသော ထိုလျှာပေါ်တွင် သွေးနီရောင် အကြေးခွံငယ်လေးများ စိပ်စိပ်လေး ဖုံးလွှမ်းနေသဖြင့် တကယ့် သွေးရောင်မြွေတစ်ကောင်နှင့် ပို၍ပင် တူညီလာခဲ့သည်။

မသေနိုင်သူ ၁ ၏ အဆင့်တက်လှမ်းမှုမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ပြင်ပရုပ်သွင် ပြောင်းလဲမှုများမှာ ပြီးဆုံးလုနီးပါး ဖြစ်နေသော်လည်း ခန္ဓာကိုယ်အတွင်းပိုင်း အပြောင်းအလဲများမှာမူ ယခုမှ စတင်ရုံသာ ရှိပါသေးသည်။

မသေနိုင်သူ ၁ ၏ ခန္ဓာကိုယ်အတွင်း၌ မဖော်ပြနိုင်သော ဆွဲငင်အားတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့တွင် လွင့်မျောနေသော စွမ်းအင်မှုန်များကို ရေစီးကြောင်းများအလား စုစည်းကာ ၎င်း၏ကိုယ်တွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်စေတော့သည်။

တဖြည်းဖြည်းနှင့် မသေနိုင်သူ ၁ ၏ တုန်ယင်မှုများမှာ လျော့ပါးသွားပြီး ၎င်း၏ပတ်လည်ရှိ အရှိန်အဝါမှာလည်း မျက်ဝါးထင်ထင် မြင်တွေ့ရလောက်အောင်ပင် သိသိသာသာ မြင့်တက်လာခဲ့သည်။

လုချွမ်းသည် မသေနိုင်သူ ၁ နှင့် စိတ်ချင်းဆက်နွယ်ထားမှုအရ ၎င်း၏ကိုယ်တွင်းရှိ လှိုင်းထန်နေသော စွမ်းအင်များကို ပြတ်သားစွာ အာရုံခံမိနေသည်။ ထိုစွမ်းအင်များသည် အမှတ်တစ်ခုတည်းသို့ အရှိန်အဟုန်ဖြင့် စုစည်းသွားရန် ကြိုးစားနေကြပုံပင်။

ဤဖြစ်စဉ်မှာ လုချွမ်းအတွက် အလွန်ရင်းနှီးနေသည့် အခြေအနေတစ်ခု ဖြစ်သည်။ သူကိုယ်တိုင် အဆင့် ၅ သို့ တက်လှမ်းစဉ်က ဝိညာဉ်အမြုတေကို စုစည်းခဲ့ရသည့် ဖြစ်စဉ်နှင့် တစ်ထပ်တည်း တူညီနေခြင်းပင်။

ဆိုလိုသည်မှာ ဤအခိုက်အတန့်တွင် မသေနိုင်သူ ၁ သည် ဝိညာဉ်အမြုတေကို စတင်ပုံဖော်နေပြီဖြစ်ပြီး ၎င်းသာ အောင်မြင်သွားပါက အဆင့် ၅ သို့ တက်လှမ်းရန် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်တော့မည် ဖြစ်သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို မည်သူမျှ မသိနိုင်ချေ။

ဘုန်း…

မသေနိုင်သူ ၁ ၏ ခန္ဓာကိုယ်အတွင်းမှ ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ တစ်ကိုယ်လုံးမှာလည်း ရုတ်တရက် တုန်ခါသွားသည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏ အရှိန်အဝါမှာ ပေါက်ကွဲသကဲ့သို့ အဟုန်ပြင်းစွာ မြင့်တက်လာပြီး အဆင့် ၅ ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကမ္ဘာလောကသို့ ထုတ်ဖော်ပြသလိုက်တော့သည်။

တစ်ပြိုင်နက်တည်းမှာပင် လုချွမ်း၏ ဦးခေါင်းမှာ လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စိတ်စွမ်းအားအတော်များများကို အဆင့် ၅ ရောက်သွားသော မသေနိုင်သူ ၁ ကို ထိန်းချုပ်ရန်အတွက် အသုံးပြုလိုက်ရသောကြောင့်ပငါ။

သို့သော် လုချွမ်းမှာ အံ့သြခြင်းမရှိပေ။ အဆင့် ၅ ဇွန်ဘီများကို ထိန်းချုပ်ရသည်မှာ လွယ်ကူလှသည်မဟုတ်ကြောင်း သူ ကြိုတင်သိရှိထားသည်။ သူကိုယ်တိုင် အဆင့် ၅ သို့ ရောက်ရှိသွားသော်လည်း ထိန်းချုပ်နိုင်သည့် အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက်မှာ အလွန်ပင် ကန့်သတ်ချက် ရှိနေပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လုချွမ်းသည် ယခုအချိန်တွင် ထိုကိစ္စများကို ထည့်သွင်းစဉ်းစားရန် အချိန်မရှိသေးပေ။ သူ၏ အာရုံစိုက်မှုအားလုံးမှာ အဆင့် ၅ သို့ ရောက်ရှိပြီးနောက် မသေနိုင်သူ ၁ နိုးထလာမည့် စွမ်းရည်အသစ်ပေါ်သို့သာ ရောက်ရှိနေသည်။ ထိုစွမ်းရည်မှာ ဝိညာဉ်

စွမ်းအင်ကို အသုံးချ၍ တိုက်ခိုက်နိုင်သည့် စွမ်းရည်ပင်။

ယခုတစ်ကြိမ်တွင် မသေနိုင်သူ ၁ သည် ဝိညာဉ်စွမ်းအင်ကို အသုံးချနိုင်သည့် စွမ်းရည်အသစ် နှစ်မျိုးကို နိုးထလာစေခဲ့သည်။

ပထမစွမ်းရည်မှာ သွေးရောင်အသားမျှင်များဖြင့် ပြည့်နှက်နေသော ၎င်း၏ လေးခြမ်းကွဲပါးစပ်ကြီးမှ သွေးရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နိုင်ခြင်းပင်။ အကယ်၍ ထိုအလင်းတန်း အထိမှန်ခံရပါက ပစ်မှတ်၏ ခန္ဓာကိုယ်မှာ အင်အားကြီးမားသော စွမ်းအင်တစ်ခုဖြင့် ချုပ်နှောင်ခြင်းခံရမည်ဖြစ်ပြီး မသေနိုင်သူ ၁ ၏ ရှေ့မှောက်သို့ မခုခံနိုင်ဘဲ ဆွဲခေါ်ခြင်းခံရကာ စိတ်ကြိုက်စီရင်ခြင်းကို ခံရပေတော့မည်။

ဒုတိယစွမ်းရည်မှာ ၎င်း၏ကျောပေါ်ရှိ သွေးရောင်လျှပ်စီးများ လက်ကနဲဖြစ်နေသော အသားမျှင်တန်း လေးစုံပင်ဖြစ်သည်။ ၎င်းတို့သည် ရန်သူကို ကိုက်ခဲမိသည်နှင့် တစ်ပြိုင်နက် သွေးရောင်လျှပ်စစ်လှိုင်းများကို ထုတ်လွှတ်ကာ ရန်သူ၏ခန္ဓာကိုယ်ကို ထုံကျဉ်သွားစေနိုင်သည်။ ထို့ပြင် သွေးရောင်လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော မိုးကြိုးလုံးများကို စုစည်းကာ ပစ်လွှတ်တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။

လုချွမ်းသည် ထိုစွမ်းရည်နှစ်ခုကို သွေးဆာနတ်ဘုရားအလင်းနှင့် သွေးဆာမိုးကြိုးအလင်းဟု အမည်ပေးလိုက်သည်။

အမည်များမှာ ပြင်းထန်လှသော်လည်း လက်တွေ့တွင် မည်မျှအစွမ်းထက်မည်ကို လုချွမ်း မသေချာသေးသဖြင့် မသေနိုင်သူ ၁ ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ လုချွမ်းသည် မသေနိုင်သူ ၁ ကို ထိန်းချုပ်ကာ လူသူကင်းဝေးသော နေရာမှ ထွက်လာပြီး အမှတ် ၁၈ အဆောက်အအုံကို အာရုံစိုက်လျက် အမိန့်ပေးလိုက်သည်။

ရုတ်တရက် လုချွမ်း၏ဘေးတွင် ရပ်နေသော မသေနိုင်သူ ၁ သည် အသံတစ်ချက်မျှမထွက်ဘဲ ဟုန်းခနဲ ရှေ့သို့ ပြေးထွက်သွားသည်။

မိုးကြိုးတစ်စင်းအလား လျင်မြန်လှသော ၎င်း၏ ခြေလက်များနှင့် ကျောပေါ်ရှိ အသားမျှင်တန်းများသည် တစ်ပြိုင်နက်တည်း အရှိန်ယူကာ အမှတ် ၁၈ အဆောက်အအုံ၏ နံရံပေါ်သို့ မျက်စိတစ်မှိတ်အတွင်း တွားတက်သွားပြီး ခဏချင်းမှာပင် အမိုးပေါ်သို့ ရောက်ရှိသွားတော့သည်။

၎င်းကို မြင်လိုက်ရသောအခါ လုချွမ်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

မြန်လိုက်တာ... မယုံနိုင်စရာကောင်းအောင်ကို မြန်လွန်းတယ်။

ဤမျှ မြန်ဆန်သော အရှိန်မျိုးကို လျှပ်စီး ၁ ကဲ့သို့သော လျင်မြန်မှုအသားပေး ဇွန်ဘီရုပ်သေးများ အဆင့် ၅ သို့ ရောက်ရှိမှသာ ယှဉ်နိုင်လိမ့်မည်ဟု လုချွမ်း ခန့်မှန်းလိုက်သည်။ လုချွမ်း၏ အမိန့်အရ မသေနိုင်သူ ၁ သည် အဆောက်အအုံပေါ်မှ လျင်မြန်စွာ ပြန်လည်ဆင်းသက်လာပြီး သူ၏ ဘေးနားတွင် ပြန်လည်ရပ်နားလိုက်သည်။

ဆက်လက်၍ လုချွမ်းသည် သွေးဆာနတ်ဘုရားအလင်းကို စမ်းသပ်ရန် ပြင်ဆင်လိုက်တော့သည်။

လုချွမ်းသည် ၎င်း၏စွမ်းရည်ကို စမ်းသပ်ရန်အတွက် တာဖန်းကို မသေနိုင်သူ ၁ ရှေ့သို့ တိုးလာစေရန် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

ရှူး...

ရုတ်တရက်ဆိုသလို မသေနိုင်သူ ၁ ၏ လေးခြမ်းကွဲပါးစပ်ကြီး ပွင့်အာလာပြီး အတွင်းရှိ သွေးရောင်အသားမျှင်များမှ သွေးနီရောင်အလင်းတန်းများ စတင်ဖြာထွက်လာကာ တာဖန်းကို ထိမှန်သွားစေသည်။

ဝူး... ဝူး...

တာဖန်းသည် ခြေဆောင့်ကာ အဆက်မပြတ် ဟိန်းဟောက်နေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ သူ မည်မျှပင် ရုန်းကန်ပါစေ ထိုသွေးဆာနတ်ဘုရားအလင်းက သူ့ကို မြဲမြံစွာ ချုပ်ကိုင်ထားပြီး မသေနိုင်သူ ၁ ထံသို့ မရမက ဆွဲခေါ်သွားတော့သည်။ တာဖန်း တစ်ယောက် မသေနိုင်သူ ၁ ၏ ရှေ့မှောက်သို့ ရောက်ရှိသွားသောအခါမှသာ လုချွမ်းက ထိုအလင်းတန်းကို ရပ်တန့်စေလိုက်သည်။

ဆက်လက်၍ လုချွမ်း၏ အမိန့်အရ မသေနိုင်သူ ၁ ၏ ကျောပေါ်ရှိ အသားမျှင်တန်း လေးစုံမှ စူးရှသော သွေးရောင်အလင်းတန်းများ ပွင့်ထွက်လာပြီး မိုးကြိုးလုံးရှစ်လုံး စုစည်းကာ ရှေ့သို့ ပစ်လွှတ်လိုက်တော့သည်။

၎င်းမှာ သွေးဆာမိုးကြိုးအလင်းပင်။

ဒိုင်း... ဘုန်း... ဒိုင်း...

ခဏချင်းမှာပင် အမှတ် ၁၈ အဆောက်အအုံရှေ့၌ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ မြည်ဟီးသွားပြီး အင်္ဂတေစများနှင့် ဖုန်မှုန့်များ ထောင်တက်သွားသည်။ မိုးကြိုးလုံးများ အထိမှန်ခံရသော နံရံကြီးမှာ အချင်း ၂ မီတာမှ ၃ မီတာခန့်အထိ ရှိသော အပေါက်ကြီးများ ဖြစ်သွားပြီး အခန်းအတွင်းပိုင်းကိုပင် အတိုင်းသား မြင်နေရတော့သည်။

"ဒီစွမ်းအားက အမြောက်နဲ့ ပစ်တာနဲ့တောင် ဆင်တူနေပြီပဲ"

လုချွမ်းကိုယ်တိုင်ပင် အံ့အားသင့်သွားမိသည်။ အဆင့် ၅ ရောက်သွားသော မသေနိုင်သူ ၁ တစ်ကောင်တည်းနှင့်တင် အဆင့် ၄ ဇွန်ဘီ ဒါဇင်ဝက်ခန့်ကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။ လုချွမ်းသည် အလွန်ဝမ်းသာသွားပြီး ဇွန်ဘီရုပ်သေးအုပ်စုကို ခေါ်ကာ ပြန်လာခဲ့သည်။

"ဒါ... ဒါကြီးက ဆင့်ကဲပြောင်းလဲသွားပြန်ပြီလား..."

အောက်ထပ်ရှိ ကားပေါ်မှ ပစ္စည်းအချို့ သွားယူရန် ပြင်နေသော ကျောက်လင်းသည် အဆင့်မြင့်သွားသော မသေနိုင်သူ ၁ ကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားသည်။ သူမ၏ စိတ်ထဲတွင် မသိစိတ်ကပင် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ပုံမှန်အားဖြင့် ရဲရင့်ဖျတ်လတ်သော သူမသည်ပင်လျှင် ထိုသတ္တဝါကြီးကို ရင်ဆိုင်ရန် မတွေးရဲတော့ချေ။

လုချွမ်းက ဒီတစ်ခါလည်း ဘယ်လိုဘီလူးသတ္တဝါကြီးကို ဖန်တီးလိုက်ပြန်တာလဲ။

All Chapters