← Chapters

အခန်း (၂၈၅)

Vol. 29 Ch. 285

အခန်း (၂၈၅)

Vol. 29 Ch. 285

အခန်းအတွင်း၌ ကျိရုရွှယ်သည် မျက်လုံးများကို မှိတ်ကာ တင်ပလ္လင်ခွေ ထိုင်နေပြီး သူမ၏ ပတ်လည်တွင် စွမ်းအင်မှုန်များစွာမှာ တဝဲဝဲလည်လျက် ရှိနေသည်။

ယခုအချိန်တွင် သူမသည် ဖန်သားအသက်ရှူနည်းစနစ်ကို အာရုံစိုက် လေ့ကျင့်နေပြီး ပတ်ဝန်းကျင်မှ တိုးဝှေ့လာသော စွမ်းအင်များကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းနေခြင်း ဖြစ်သည်။ ထိုစွမ်းအင်များသည် ကောင်းကင်မှ ကျဆင်းလာသော နှင်းစက်များအလား ကျိရုရွှယ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို နူးညံ့စွာ ပြုစုပျိုးထောင်ပေးပြီး အရိုးအသားများကို ပြန်လည်ဖွဲ့စည်းကာ ကြံ့ခိုင်အောင် ပြုလုပ်ပေးနေသည်။

အချိန်ကြာလာသည်နှင့်အမျှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသော ကျိရုရွှယ်၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများမှာ ပိုမိုပြင်းထန်လာပြီး သူမ၏ အရှိန်အဝါမှာလည်း အဆင့် ၅ သို့ စနစ်တကျ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

"ဟူး..."

လေကို အားရပါးရ တစ်ချက် ရှူထုတ်လိုက်ပြီးနောက် ကျိရုရွှယ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံတွင် ထိုးထွင်းသိမြင်မှု အလင်းတန်းများ ဝင်းလက်သွားသည်။

"ငါ အဆင့် ၅ ကို ရောက်ဖို့ နီးစပ်နေပြီ။ ဖေဖေကတော့ အဆင့် ၅ ကို ရောက်သွားပြီဆိုတော့ ငါလည်း သူ့နောက်မှာ အများကြီး ကျန်မနေခဲ့ဖို့ လိုတယ်"

ဖခင်ဖြစ်သူ လုချွမ်း၏ စွမ်းအားတိုးတက်မှုနှုန်းကို တွေးတောမိရင်း ကျိရုရွှယ်၏ ရင်ထဲတွင် အလျင်စလို ဖြစ်လာမိသည်။ အမှန်စင်စစ် သူမသည် ယခင်ဘဝက ဧကရီတစ်ပါးပင်။ သူမ၏ ဖခင်ကို ရှုံးနိမ့်နေ၍ မဖြစ်ချေ။

တစ်ချိန်တည်းမှာပင် ကျိရုရွှယ်သည် သူမတို့အဖွဲ့နှင့် လူသားအာဏာပိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခများကိုလည်း မေ့လျော့မထားပေ။ လူသားများသည် သူမတို့အား မဖြစ်မနေ လိုက်လံရှာဖွေနေကြမည်ကို သူမ သိရှိထားသည်။ အန္တရာယ်ဆိုသည်မှာ အချိန်မရွေး ကျရောက်လာနိုင်သည့်အတွက် ယခု ကျိရုရွှယ် လုပ်နိုင်သည်မှာ အချိန်ကို အမိအရ ဆုပ်ကိုင်၍ စွမ်းအားများကို မြှင့်တင်ထားရန်သာ ဖြစ်သည်။ သို့မှသာ လူသားများနှင့် ထပ်မံရင်ဆိုင်ရမည့် တိုက်ပွဲတွင် အောင်နိုင်ခြေ ပိုမိုမြင့်မားမည်ပင်။

"ထမင်းစားချိန်တောင် ရောက်တော့မယ်... ကျောက်လင်းက ဘာလို့ ခုထိ ထမင်းစားဖို့ လာမခေါ်သေးတာလဲ မသိဘူး"

ကျိရုရွှယ်သည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိရှိရန် ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ ကျိရုရွှယ်သည် မည်သူ့ကိုမျှ မတွေ့ရဘဲ တံခါးဝတွင် တိတ်ဆိတ်စွာ ရပ်နေသော အဆင့် ၄ လျင်မြန်မှုအသားပေး ဆင့်ကဲဇွန်ဘီတစ်ကောင်ကိုသာ တွေ့လိုက်ရသည်။

"သတ်စမ်း"

ဒါ ဘာအသံလဲ အောက်ထပ်မှာ တိုက်ပွဲဖြစ်နေတာလား။

ထိုအသံကို ကြားလိုက်ရသည်နှင့် ကျိရုရွှယ်သည် ပြတင်းပေါက်နားသို့ အပြေးသွားကာ ခုံတစ်ခုပေါ်သို့ တက်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူမ မြင်လိုက်ရသည်မှာ ကျောက်လင်းသည် အဆင့် ၄ ဆင့်ကဲဇွန်ဘီတစ်ကောင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းပင်။ ကျောက်လင်းသည် သူမ၏ ဓားကို အားကုန်လွှဲယမ်းနေသော်လည်း အစွမ်းထက်လှသော ဆင့်ကဲဇွန်ဘီ၏ တိုက်ခိုက်မှုများအောက်တွင် အရေးနိမ့်နေဆဲပင်။

အောက်ထပ်တွင်...

ဒိုင်း... ဒိုင်း... ဒိုင်း...

လျှပ်စီး ၁ ၏ သံမဏိလက်သည်းများဖြင့် ဆက်တိုက် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော ကျောက်လင်းသည် အံကို တင်းတင်းကြိတ်ကာ အံတုနေရရှာသည်။ သူမသည် တုန်ယင်နေသော ညာလက်ဖြင့် သံမဏိဓားကို မြဲမြံစွာဆုပ်ကိုင်ရင်း ရန်သူနှင့် အဆက်မပြတ် ခုခံတိုက်ခိုက်နေရသည်။ သံချင်းရိုက်ခတ်သံများမှာ ဗျောက်အိုးဖောက်နေသကဲ့သို့ မရပ်မနား ထွက်ပေါ်နေတော့သည်။

လုချွမ်း၏ စွမ်းအားတိုးတက်လာမှုနှင့် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော မသေနိုင်သူ ၁ တို့ကို မြင်တွေ့ခဲ့ရပြီးနောက် ကျောက်လင်း၏ တိုက်ခိုက်လိုစိတ်များမှာလည်း ဟုန်းခနဲ တောက်လောင်လာခဲ့ခြင်းပငါ။

လုချွမ်းမှာ ဇွန်ဘီဘုရင်ဖြစ်သဖြင့် ပိုမိုသန်မာကာ သူ၏ဘေးတွင်နေခြင်းက ပိုမိုလုံခြုံစေသော်လည်း ကျောက်လင်းသည် သူမ၏ ရည်မှန်းချက်ကို မေ့လျော့မထားပေ။

သူမသည် လူသားများကြားတွင် ခေါင်းဆောင်တစ်ဦးဖြစ်လာရန်နှင့် လူသားမျိုးနွယ်နှင့် ဇွန်ဘီမျိုးနွယ်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ကြိုးပမ်းမည်ဟု ကတိပြုထားသူ ဖြစ်သည်။ ထိုသို့သော ရည်မှန်းချက်ရှိသူတစ်ဦးအနေဖြင့် မည်သို့လျှင် တိုးတက်မှုမရှိဘဲ လုချွမ်း၏ အကာအကွယ်အောက်တွင် အမြဲတမ်း ခိုအောင်းနေနိုင်မှာလဲ။

ကျောက်လင်းသည် ချီချီလေးရှေ့တွင် သူမကို အမြဲကာကွယ်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ သို့သော် ယခုလက်ရှိ သူမ၏ ခွန်အားမှာ ဇွန်ဘီဘုရင်၏ လက်အောက်ခံ အဆင့် ၄ ဆင့်ကဲဇွန်ဘီတစ်ကောင်ကိုပင် မနိုင်သေးရာ ၎င်းမှာ အတော်ပင် ရယ်စရာကောင်းနေသည်။

သူမ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန်အတွက် ကျောက်လင်းသည် ညဘက်တွင် အခန်းအပြင်မထွက်ဘဲ အမြဲတစေ လေ့ကျင့်ရန်နှင့် နေ့ဘက်တွင် သူမနှင့် လက်ရည်စမ်းရန် ဆင့်ကဲဇွန်ဘီတစ်ကောင် စေလွှတ်ပေးရန် လုချွမ်းကို တောင်းဆိုခဲ့သည်။

ထိုအချိန်တွင် လှေကားထိပ်၌ ထိုင်ကာ တိုက်ပွဲကို ကြည့်နေသော လုချွမ်းသည် ကျောက်

လင်း၏ တက်ကြွလှသော ချဉ်းကပ်မှုကို မငြင်းပယ်ဘဲ လျှပ်စီး ၁ ကို သူမအား ကောင်းကောင်း ဧည့်ခံပေးရန် စေလွှတ်ပေးခဲ့သည်။

တိုက်ပွဲကို ခေတ္တကြည့်ပြီးနောက် လုချွမ်းသည် ကုလားထိုင်ပေါ်တွင် မှီရင်း မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူ၏ အသိစိတ်ကို ပိုင်ချန်မြိုအတွင်းရှိ အခြားသော ဆင့်ကဲဇွန်ဘီများထံသို့ ကူးပြောင်းလိုက်တော့သည်။

ပိုင်ချန်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်ရာ လုချွမ်းသည် ဤနေရာရှိ ဇွန်ဘီစွမ်းအင်ကျောက်တုံးများကို ဖြုန်းတီးပစ်ရန် အစီအစဉ်မရှိချေ။ အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ်၍ သူ၏ ဇွန်ဘီရုပ်သေးတပ်ဖွဲ့၏ အင်အားကိုလည်း ပိုမိုချဲ့ထွင်ရန် လိုအပ်နေသည်။

ပိုင်ချန်မြို့၏ အရပ်မျက်နှာအနှံ့မှ ပြင်းထန်သော တိုက်ပွဲသံများ ထွက်ပေါ်လာပြီး လမ်းမများတစ်လျှောက် ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားတော့သည်။

ဝုန်း... ဝုန်း...

အာဖန်းသည် သူ၏ သံတုတ်ကြီးကို ကုန်တင်ကားကြီးတစ်စီးအလား ဝှေ့ယမ်းကာ လမ်းမများပေါ်တွင် သောင်းကျန်းနေသည်။ သူ၏ သံတုတ်နှင့် ထိမှန်လေရာ ဆင့်ကဲဇွန်ဘီတိုင်း၏ ဦးခေါင်းခွံများမှာ ကွဲအက်ကုန်ပြီး ဦးနှောက်နှင့် အရိုးစများမှာ အရပ်ရပ်သို့ လွင့်စင်ကုန်တော့သည်။ ၎င်း၏နောက်တွင် အဆင့် ၂ ဇွန်ဘီရုပ်သေးအချို့ လိုက်ပါလာပြီး အာဖန်း ရိုက်ခွဲသွားသော ဇွန်ဘီများထံမှ ကျောက်တုံးများကို ကောက်ယူကာ အိတ်များထဲသို့ သိမ်းဆည်းနေကြသည်။

လမ်းသုံးသွယ်အကွာတွင် တာဖန်း၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးကလည်း ဟုန်းဟုန်းတောက် သောင်းကျန်းနေပြီး လက်သီးတစ်ချက်တည်းနှင့် ဇွန်ဘီ ဒါဇင်ပေါင်းများစွာကို လွင့်ထွက်သွားစေသည်။ မနီးမဝေးတွင် မီးလျှံ ၁ သည် လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်းကာ ဥက္ကာခဲများအလား မီးတောက်များကို ဇွန်ဘီအုပ်ကြီးထဲသို့ ပစ်လွှတ်နေရာ ချက်ချင်းပင် မီးပင်လယ်ကြီး ဖြစ်သွားတော့သည်။

တစ်နေ့တာ၏ ထက်ဝက်ခန့်ကြာအောင် သတ်ဖြတ်ပြီးနောက် ပိုင်ချန်မြို့ရှိ ဆင့်ကဲဇွန်ဘီအားလုံးနီးပါးကို မျိုးတုံးစေခဲ့ပြီးမှ လုချွမ်းသည် ဇွန်ဘီရုပ်သေးအားလုံးကို မချင့်မရဲဖြင့် ပြန်လည်ခေါ်ယူလိုက်သည်။

ဤစစ်ဆင်ရေးသည် လုချွမ်းအတွက် အလွန်အကျိုးအမြတ်များခဲ့ပြီး အဆင့် ၂ နှင့် အဆင့် ၃ စွမ်းအင်ကျောက်တုံး အမြောက်အမြား ရရှိခဲ့သည်။ ထိုကျောက်တုံးများကို အသုံးပြု၍ သူ၏ အဆင့် ၃ ဇွန်ဘီရုပ်သေးများကို အဆင့် ၄ သို့ တိုက်ရိုက် အဆင့်မြှင့်တင်လိုက်တော့သည်။

ဤစစ်ဆင်ရေးအပြီးတွင် လုချွမ်း၏ လက်အောက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေးအရေအတွက်မှာ ၂၆ ကောင် အထိ ရှိလာခဲ့သည်။

ညနေခင်းတွင် မြို့မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကျောက်လင်းနှင့် ချီချီလေးကို အသိပေးပြီးနောက် သုံးဦးသားမှာ ပစ္စည်းပစ္စယများကို စတင်ထုပ်ပိုးကြတော့သည်။ လုချွမ်း၏ ဇွန်ဘီရုပ်သေးများမှာလည်း ထိုပစ္စည်းများကို အောက်ထပ်သို့ အသုတ်လိုက် သယ်ယူပို့ဆောင်ပေးနေကြသည်။

အောက်ထပ်တွင်မူ ကားတန်းကြီးမှာ အသင့်တန်းစီလျက် ရှိနေပြီး ဇွန်ဘီရုပ်သေးများမှာ အဝင်ဝတွင် ကူးချည်သန်းချည်ဖြင့် ရိက္ခာသေတ္တာများကို ကားများပေါ်သို့ တင်ဆောင်နေကြသည်။ မကြာမီမှာပင် လုချွမ်းတို့ သုံးဦးမှာလည်း လက်ဗလာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ကျောက်လင်းက ချီချီလေးကို ခေါ်ကာ နောက်ခန်းတွင် ထိုင်လိုက်ပြီး လုချွမ်းကတော့ ရှေ့ခန်း ခရီးသည်ထိုင်ခုံတွင် နေရာယူလိုက်သည်။

မကြာမီမှာပင် ဗီဇပြောင်းလိပ်ကြီးဦးဆောင်သော ကားတန်းရှည်ကြီးမှာ ဟယ်ဥယျာဉ်ရပ်ကွက်မှ စတင်ထွက်ခွာလာပြီး လမ်းမကြီးအတိုင်း ပိုင်ချန်မြို့အပြင်ဘက်သို့ ဦးတည်မောင်းနှင်တော့သည်။ လမ်းတစ်လျှောက်ရှိ ဇွန်ဘီများမှာလည်း ကားတန်းကြီး အဆင်ပြေပြေ ဖြတ်သန်းနိုင်ရန်အတွက် အလိုအလျောက်ပင် ဘေးသို့ ဖယ်ပေးနေကြသည်။

ကားရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းသည် ရှေ့မှ လိပ်ကြီး၏ အခွံပေါ်တွင် ဝပ်နေသော မသေနိုင်သူ ၁ ကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေမိသည်။

"နောက်ထပ် အဆင့် ၅ ဇွန်ဘီရုပ်သေးအတွက် ငါ ဘယ်အမျိုးအစားကို ရွေးရမလဲ"

မသေနိုင်သူ ၁ တစ်ကောင်တည်းနှင့်တင် လုချွမ်း၏ ရောင့်ရဲတင်းတိမ်နိုင်စွမ်းမှာ မရှိသေးချေ။ သူသည် နောက်ထပ် အဆင့် ၅ ဇွန်ဘီများကို လိုချင်သေးသည်။ ထို့ကြောင့် နောက်ထပ် မည်

သည့်ဇွန်ဘီကို အဆင့်မြှင့်တင်ရမလဲဆိုသည်ကို အလေးအနက် စဉ်းစားရတော့မည် ဖြစ်သည်။

လက်ရှိ မသေနိုင်သူ ၁ သည် သတ်ဖြတ်ရေးစက်ရုပ်တစ်ခုအလား လျင်မြန်ခြင်း၊ တိုက်ခိုက်အားကောင်းခြင်း၊ အဝေးပစ်နိုင်ခြင်း၊ ချုပ်နှောင်နိုင်ခြင်းနှင့် နံရံတက်နိုင်ခြင်း စသည့် အရည်အချင်းများ ပြည့်စုံနေပြီဖြစ်သည်။ လုချွမ်း၏ အမြင်တွင် ၎င်းမှာ ခန္ဓာကိုယ်ထွားကြိုင်းမှုနှင့် ပျံသန်းနိုင်စွမ်းမှလွဲ၍ ကျန်ရှိသော အစိတ်အပိုင်းအားလုံးမှာ ပြည့်စုံနေပြီ ဖြစ်သည်။

ပျံသန်းနိုင်စွမ်းနှင့် ပတ်သက်၍မူ လုချွမ်း၏ လက်အောက်တွင် ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေး လောလောဆယ် မရှိသေးချေ။

"ခန္ဓာကိုယ် ကြံ့ခိုင်မှုလား ဟုတ်တယ်... ငါ့မှာ ရှေ့တန်းကနေ ခံစစ်ကော တိုက်စစ်ကော တောင့်တောင့်တင်းတင်း လုပ်ပေးနိုင်တဲ့သူ လိုနေတာ။ ဧရာမဇွန်ဘီ ၁ ၊ တာဖန်း နဲ့ အာဖန်း တို့က သင့်တော်တဲ့သူတွေပဲ"

လုချွမ်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် သူသည် အာဖန်းကို ရွေးချယ်လိုက်သည်။ ခန္ဓာကိုယ်ထွားကြိုင်းမှုအပိုင်းတွင် ဧရာမဇွန်ဘီ ၁ သည် တာဖန်းနှင့် အာဖန်းတို့ကို မယှဉ်နိုင်ချေ။ တာဖန်းနှင့် အာဖန်း နှစ်ဦးအနက်တွင်လည်း အာဖန်းမှာ သံတုတ်ကြီးကို အသုံးပြုသဖြင့် တိုက်ခိုက်မှုစွမ်းအား အနည်းငယ် ပိုသာသည်ဟု သူ ယူဆသောကြောင့်ပင်။

All Chapters